ရောဟဏမိဂဇာတ်
ဝီသတိနိပါတ်
၅။ ရောဟဏမိဂဇာတ်
ဘုရားရှင်အတွက် အရှင်အာနန္ဒာ အသက်စွန့်ခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူလျက် အရှင်အာနန္ဒာ၏ အသက်ကိုစွန့်ခြင်းကို အကြောင်းပြု၍ ဧတေယူထာ ပတီယန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရောဟဏမိဂဇာတ်ကို ဟောတော်မူ၏။
ထိုအရှင်အာနန္ဒာ၏ အသက်ကို စွန့်ခြင်းသည် အသီတိနိပါတ် စူဠဟံသဇာတ် ဓနပါလဆင်ကို ဆုံးမရာ၌ ထင်စွာ ဖြစ်လတ္တံ့၊ နာဠာဂိရိဆင်သည် ဘုရားသခင်ကို နင်းသတ်စိမ့်သောငှါ ဒေဝဒတ်, အဇာတသတ်တို့ လွှတ်ရာ၌ ဤဘုရားသခင်၏ ရွှေဘုန်းတော်ကြောင့် တုပ်၍ ဦးချရာတွင် အဝတ်ပုဆိုးများစွာ ပူဇော်သည်ကိုစွဲ၍ နောက်မှ ဓနပါလဆင် တွင်သည်။
ဤသို့ ထိုအရှင်အာနန္ဒာသည် ဘုရားသခင်၏ အကျိုးငှါ အသက်ကိုစွန့်သည်ရှိသော် တရားသဘင်၌ စကားကို ဖြစ်စေ၏။ ငါ့သျှင်တို့- အရှင်အာနန္ဒာသည် သေက္ခသာဖြစ်၍ ပဋိသမ္ဘိဒါသို့ ရောက်သည်ဖြစ်လျက် ဘုရားသခင်၏ အကျိုးငှါ အသက်ကို စွန့်၏ဟု စကားကို ဖြစ်စေကုန်၏။ ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့- ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သော စကားကြောင့် စုဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားကြောင့် စုဝေးကြပါကုန်၏ဟု ရွှေနားတော် လျှောက်လတ်သော် ရဟန်းတို့- ယခုအခါ၌ သာလျှင် ငါဘုရား၏ အကျိုးငှ။ အသက်ကိုစွန့်သည် မဟုတ်သေး၊ ရှေး၌လည်း ဤအာနန္ဒာသည် ငါဘုရား၏အကျိုးငှါ အသက်ကို စွန့်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ထိုမင်း၏ မိဖုယားကြီးသည် ခေမာအမည်ရှိ၏။ ထိုအခါ၌ ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ သမင်မျိုးဝယ်ဖြစ်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ အလွန်တင့်တယ်ခြင်းသို့ ရောက်၏။ ဘုရားလောင်း၏ ညီတော်သည် စိတ္တသမင် မည်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ နှမငယ်သည်လည်း သုတနာအမည် ရှိ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ဘုရားလောင်းသည်ကား ရောဟဏ အမည်ရှိသော သမင်မင်း ဖြစ်၏။ ထိုဘုရားလောင်းသည် ဟိမဝန္တာ၌ တောင်နှစ်လုံးကိုလွန်၍ သုံးလုံးမြောက်သော တောင်၏အကြား၌ ရောဟဏ အမည်ရှိသော ရေအိုင်ကိုမှီ၍ သမင်အပေါင်း ရှစ်သောင်း ခြံရံလျက် နေ၏။ ထိုဘုရားလောင်းသည် မျက်စိ မမြင်ကုန်သော အိုမင်းကုန်သော အမိအဖတို့ကို လုပ်ကျွေးမွေးပြု၏။
ထိုအခါ၌ ဗာရာဏသီပြည်မှ မနီးမဝေးသောရွာ၌ မုဆိုးတယောက်သည် နေ၏။ ထိုမုဆိုးသားသည် ဟိမဝန္တာသို့ဝင်၍ ဘုရားလောင်းကိုမြင်၍ မိမိရွာသို့ ပြန်လာ၍ သားအားကြား၏။ ချစ်သား- ငါတို့၏ သမင်ကိုသတ်၍ ဆောင်ရာအရပ်၌ ဤမည်သော အရပ်ဝယ် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သမင်သည်နေ၏။ အကယ်၍ မင်းသည် မေးငြားအံ့၊ သင်သည် ကြားလျှောက်လေလော့ဟု မှာခဲ့၍ နောက်အဘို့၌ သေလွန်၏။ ထိုအခါ တနေ့သ၌ဝယ် ခေမာမိဖုယားသည် မိုးသောက်ထ၌ အိပ်မက်မြင်မက်၏။ မက်ဟန်ကား ဤသို့တည်း၊ ရွှေသမင်သည်လာ၍ ရွှေအင်းပျဉ်၌နေလျက် ရွှေခြူ, ရွှေဆည်းလည်းတို့ကို ထိုးခတ်ဘိသကဲ့သို့ သာယာသော အသံဖြင့် မိဖုယားအား တရားဟော၏။ မိဖုယားသည် ကောင်းချီးပေး၍။ တရားနာ၏။ ရွှေသမင်သည်လည်း တရားဟော၍ မပြီးမီလျှင် ထ၍ သွား၏။ ထိုမိဖုယားသည်လည်း ရွှေသမင်ကို ဖမ်းကြကုန်ဟု ဆိုလျက် ယောင်ယမ်း မြည်တမ်းစဉ်ပင်လျှင် နိုးလေ၏။
ကိုယ်လုပ် မောင်းမတို့သည် ထိုမိဖုယားခေါင်ကြီး၏ အသံကိုကြား၍ အရှင်မ ပိတ်အပ်သော တံခါးကြီးငယ်ရှိသော နန်းတော်သည်လေ၏သော်လည်း ဝင်ရာအခွင့်မရ၊ ဤညဉ့်အခါဝယ် သမင်ကို ဖမ်းစေဘိ၏ဟု ပြက်ရယ်မှု ပြုကြကုန်၏။ ထိုခဏဝယ် ဤသည်ကား အိပ်မက်တည်းဟုသိ၍ ကြံ၏။ ငါသည် အိပ်မက်ကိုမြင်၏ဟု အကယ်၍ ဆိုငြားအံ့၊ မင်းသည် အလေးမပြု မရိုသေသည် ဖြစ်လတ္တံ့၊ ငါ့အား ချင်ခြင်းတောင့်တခြင်းသည် ဖြစ်၏ဟု ဆိုလတ်သော် ရိုသေသဖြင့် ရှာလတ္တံ့၊ ရွှေသမင်၏ တရားစကားကို နာရလတ္တံ့ဟု ကြံ၍ ထိုမိဖုယားခေါင်ကြီးသည် ဖျားနာဟန်ပြု၍ အိပ်၏။ မင်းကြီးသည်လာ၍ မိဖုယားကြီး- သင့်အား မချမ်းသာခြင်းသည် အဘယ်နည်းဟု မေး၏။ အရှင်မင်းကြီး- တပါးသော ရောဂါ မရှိ၊ အကျွန်ုပ်ကား ချင်ခြင်း တောင့်တခြင်းသည် ဖြစ်၏ဟု ဆိုလတ်သော် အဘယ်ကို အလိုရှိသနည်းဟု မေး၏။ ရွှေသမင်၏ တရားကို နာခြင်းငှာ အလိုရှိ၏ဟု ဆိုလတ်သော် ရှင်မိဖုယားသည် မရှိသောဝတ္ထုကို ချင်ခြင်း တောင့်တခြင်းသည် ဖြစ်၏။ ရွှေသမင်မင်းသည် မရှိတကားဟု ဆိုသည်ရှိသော် ထိုမိဖုယားကြီးသည် အကယ်၍ မရသည်ဖြစ်အံ့၊ ဤအိပ်ရာ၌ပင်လျှင် အကျွန်ုပ်၏ သေခြင်းသည် ဖြစ်လတ္တံ့ဟု ဆို၍ မင်းကြီးအား ကျောကိုပေး၍ အိပ်၏။ မင်းကြီးသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ သင်မိဖုယားကြီးသည် ရလတ္တံ့ဟု ပရိသတ်အလယ်၌နေ၍ (မောရဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်) အမှူးအမတ်တို့ကို၎င်း, ပုဏ္ဏားတို့ကို၎င်း မေး၍ ရွှေသမင်သည်ရှိ၏ဟု မင်းသည် ထိုပုဏ္ဏားတို့၏ စကားကိုကြား၍ မုဆိုးတို့ကို စုဝေးစေ၍ အဘယ်သူသည် ဤသို့သဘောရှိသော ရွှေသမင်ကို မြင်ဘူးသနည်း၊ အဘယ်သူသည် ကြားဘူးနည်းဟု မေး၍ ထိုမုဆိုးသားသည် အဖ၏အထံမှ ကြားဘူးသော အမှတ်ဖြင့်သာလျှင် ကြားလျှောက်သည်ရှိသော် အဆွေ ထိုသမင်ကို ဆောင်သောအခါ၌ သင့်အား များစွာသော ပူဇော်သက္ကာရကို ငါပေးအံ့၊ သွားပါ၊ ထိုရွှေသမင်ကို ပင့်ဆောင်ခဲ့လော့ဟု ရိက္ခာစားနပ်ကို ပေး၍ ထိုမုဆိုးကိုပင် စေလိုက်၏။
ထိုမုဆိုးသည်လည်း အရှင်မင်းကြီး- အကျွန်ုပ်သည် ရွှေသမင်ကို ဆောင်ခြင်းငှာ အကယ်၍ မစွမ်းနိုင်အံ့၊ ထိုရွှေသမင်၏အရေကို ဆောင်ခဲ့ပါအံ့၊ အရေကို ဆောင်ခြင်းငှာ မတတ်နိုင်သည်ရှိသော် ထိုရွှေသမင်၏ အမွေးတို့ကိုသော်လည်း ဆောင်ခဲ့ပါအံ့၊ ထို့ကြောင့် အရှင်မင်းကြီးတို့သည် စိုးရိမ်တော်မမူကုန်လင့်ဟု မြဲမြံဝန်ခံ၍ အိမ်သို့သွား၍ သားမယားအား ဥစ္စာတို့ကို ပေးခဲ့၍ ထိုဟိမဝန္တာသို့သွား၍ ရွှေသမင်ကို မြင်လျှင် အဘယ်အရပ်က ကျော့ကွင်းကိုထောင်၍ ဤရွှေသမင်ကို ဖမ်းခြင်းငှါ စွမ်းနိုင်ပါအံ့နည်းဟု စုံစမ်းသည်ရှိသော် ရေသောက်ဆိပ်၌ အခွင့်ကိုမြင်၍ ထိုမုဆိုးသည် မြဲမြံခိုင်ခံ့သော သားရေလွန်ကိုကျစ်၍ ဘုရားလောင်း၏ ရောက်ရာဆိပ်၌ လှံတံနှင့်တကွ ကျော့ကွင်းကို ထောင်၏။ တဖန် မိုးသောက်နေ့၌ ဘုရားလောင်းသည် ရှစ်သောင်းသော သမင်အပေါင်း အခြံအရံနှင့်တကွ စားကျက်သို့ လှည့်လည်ပြီး၍ ပြကတေ့သော ဆိပ်၌သာလျှင် ရေကိုသောက်အံ့ဟု ကြံ၍ ထိုဆိပ်သို့ သွား၍ သက်သည်ရှိသော် ကျော့ကွင်း၌ ဖွဲ့မိ၏။ ထိုဘုရားလောင်း ရွှေသမင်သည် အကယ်၍ ငါကား ယခုအခါ၌လျှင် ဖွဲ့မိသောမြည်ခြင်းကို မြည်အံ့၊ ငါ၏ဆွေမျိုးအပေါင်းတို့သည် ရေကို မသောက်မူ၍လျှင် ကြောက်ကုန်သည်ဖြစ်၍ ပြေးကုန်လတ္တံ့ဟု လှံတံကိုငင်၍ အလိုသို့လိုက်စေ၍ ရေကို သောက်သကဲ့သို့ ဖြစ်၏။
ထိုအခါ၌ ရှစ်သောင်းသော သမင်အပေါင်းတို့သည် ရေကိုသောက်၍ တက်ပြီးလျှင် တည်သောအခါ၌ ကျော့ကွင်းကို ဖြတ်အံ့ဟု သုံးကြိမ်ငင်သည်ရှိသော် ပဌမအကြိမ်၌ အရေသည် ပြတ်၏။ ဒုတိယအကြိမ်၌ အသားသည်ပြတ်
၏။ တတိယအကြိမ်၌ အကြောကို ဖြတ်၍ ကျော့ကွင်းသည် အရိုးကိုထိ၍ တည်၏။ ထိုဘုရားလောင်းသည် ဖြတ်ခြင်းငှါ မစွမ်းနိုင်၍ ဖွဲ့မိသော မြည်ခြင်းကို ပြင်းစွာ မြည်၏။ သမင်တို့သည် ကြောက်၍ သုံးစုစု၍ ပြေးလေကုန်၏။ စိတ္တမိဂမည်သော ညီတော်သမင်သည် သုံးစုသော သမင်အပေါင်းတို့၏ အလယ်၌ ဘုရားလောင်းကို မမြင်၍ ဤဘေးသည် ဖြစ်သည်ရှိသော် ငါ့နောင်တော်အားသာလျှင် ဖြစ်လတ္တံ့ဟု ကြံ၍ ထိုဘုရားလောင်း၏ အထံသို့လာ၍ ဖွဲ့မိသော ဘုရားလောင်းကို မြင်၏။ ထိုအခါ၌ ညီတော်စိတ္တသမင်ကို ဘုရားလောင်းသည် မြင်၍ ငါ့ညီတော် ဤအရပ်၌ မတည်လင့်၊ ဤအရပ်သည် ဘေးရန်ရှိ၏ဟု မိန့်တော်မူ၍ ညီတော် စိတ္တသမင်ကို နှင်လိုရကား-
ဂစ္ဆ တုဝမ္ပိ မာကင်္ခိ၊ ဇီဝိဿန္တိ တယာ သဟ။
ဟူသော ရှေးဦးအစ ပဌမ ဤဂါထာကို ဆို၏။
၁၀၄။ စိတ္တက၊ ညီတော်စိတ္တက။ ဧတေ ယူထာ၊ ဤသမင်အပေါင်းတို့သည်။ မရဏာ၊ သေဘေးမှ။ ဘီတာ၊ ကြောက်သည်ဖြစ်၍။ ပတီယန္တိ၊ ပြေးသွားကုန်၏။ တုဝမ္ပိ၊ ငါ့ညီတော်သည်လည်း။ ဂစ္ဆ၊ သွားလေလော့။ မာ ကင်္ခိ၊ နေခြင်းကို အလိုမရှိလင့်။ တယာ၊ သင်နှင့်။ သဟ၊ တကွ။ ဧတေ၊ ထိုသမင်အပေါင်းတို့သည်။ ဇီဝိဿန္တိ၊ အသက်မွေးရကုန်လတ္တံ့။
ထို့နောင်မှ ညီတော် နောင်တော် နှစ်ဦးတို့သည် အချင်းချင်း စကားဆိုလိုရကား-
န တံ အဟံ ဇဟိဿာမိ၊ ဣဓ ဟိဿာမိ ဇီဝိတံ။
ဂစ္ဆ တုဝမ္ပိ မာကင်္ခိ၊ ဇီဝိဿန္တိ တယာ သဟ။
န တံ ဗဒ္ဓံ ဇဟိဿာမိ၊ ဣဓ ဟိဿာမိ ဇီဝိတံ။
ဟူသော ဤသုံးဂါထာတို့ကို ဆိုကုန်၏။
၁၀၅။ ရောဟဏ၊ နောင်တော်ရောဟဏ ရွှေသမင်မင်း။ အဟံ၊ အကျွန်ုပ်သည်။ န ဂစ္ဆာမိ၊ မသွားပါအံ့။ မေ၊ အကျွန်ုပ်၏။ ဟဒယံ၊ စိတ်နှလုံးသည်။ သောကေန၊ စိုးရိမ်ခြင်းဖြင့်။ အဝကဿတိ၊ ငင်၏။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ သင်နောင်တော်ကို။ န ဇဟိဿာမိ၊ မစွန့်ပါအံ့။ ဣဓ၊ ဤအရပ်၌။ ဇီဝိတံ၊ အသက်ကို။ ဟိဿာမိ၊ စွန့်အံ့။
၁၀၆။ ကနိဋ္ဌ၊ ညီတော်။ အန္ဓာ၊ မျက်စိမမြင်ကုန်သော။ အပရိဏာယကာ၊ ဆောင်သူမရှိကုန်သော။ ဝါ၊ လုပ်ကျွေးသူ မရှိကုန်သော။ တေ၊ ထိုမိဘတို့သည်။ နူန၊ စင်စစ်။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ မရိဿန္တိ၊ သေကုန်လတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ တုဝံ၊ သင်သည်။ ဂစ္ဆ၊ သွားသာသွားလော့။ တုဝမ္ပိ၊ ငါ့ညီသည်လည်း။ မာကင်္ခိ၊ နေခြင်းကို အလိုမရှိလင့်။ တယာ၊ သင်နှင့်။ သဟ၊ တကွ။ တေ၊ ထိုမိဘတို့သည်။ ဇီဝိဿန္တိ၊ အသက်မွေးရကုန်လတ္တံ့။
၁၀၇။ ရောဟဏ၊ နောင်တော်ရောဟဏ။ အဟံ၊ အကျွန်ုပ်သည်။ န ဂစ္ဆာမိ၊ မသွားပါအံ့။ မေ၊ အကျွန်ုပ်၏။ ဟဒယံ၊ စိတ်နှလုံးသည်။ သောကေန၊ စိုးရိမ်ခြင်းဖြင့်။ အဝကဿတိ၊ ငင်၏။ အဟံ၊ အကျွန်ုပ်သည်။ တံ ဗဒ္ဓံ၊ ထိုအနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့သော နောင်တော်ကို။ န ဇဟိဿာမိ၊ မစွန့်ပါအံ့။ ဣဓ၊ ဤအရပ်၌။ ဇီဝိတံ၊ အသက်ကို။ ဟိဿာမိ၊ စွန့်ပါအံ့။
ညီတော် စိတ္တသမင်သည် ဤသို့သောစကားကို ဆို၍ ဘုရားလောင်း၏ လကျ်ာနံပါးကိုမှီ၍ ဘုရားလောင်းကို ခိုင်ခံ့စေ၍ သက်သာရာကို ရစေလျက် ရပ်၏။ သုတနာအမည်ရှိသော နှမတော် သမင်မငယ်သည်လည်း ပြေး၍ သမင်တို့၏ အလယ်၌ မောင်တော် နှစ်ယောက်တို့ကို မမြင်သည်ဖြစ်၍ ဤဘေးသည် ငါ့မောင်တော်တို့အား ဖြစ်လတ္တံ့ဟု ပြန်၍ ထိုမောင်တော်တို့၏ အနီးသို့လာ၏။ ထိုသို့လာသော နှမတော်ကိုမြင်၍ ဘုရားလောင်းသည် ထိုနှမတော်ကိုလည်း နှင်၍ ပြေးသွားစေလိုရကား-
ဂစ္ဆ တုဝမ္ပိ မာကင်္ခိ၊ ဇီဝိဿန္တိ တယာ သဟ။
ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။
၁၀၈။ ဘီရု၊ ကြောက်တတ်သော နှမတော်။ တုဝံ၊ သင်နှမတော်သည်။ ဂစ္ဆ၊ သွားလော့။ ပလာယဿု၊ ပြေးလေတော့။ အာယသေ၊ သံတိုင်၌ ဖွဲ့၍ မြဲမြံခိုင်ခံ့သော။ ကူဋေ၊ ကောက်ကျစ် စဉ်းလဲ လျှို့ဝှက်သော ကျော့ကွင်း၌။ ဗန္ဓော၊ ဖွဲ့မိသည်။ အသ္မိ၊ ဖြစ်၏။ တုဝမ္ပိ၊ သင်နှမသည်လည်း။ ဂစ္ဆ၊ လျင်မြန်စွာ ပြေးသွားလေလော့။ မာကင်္ခိ၊ နေခြင်း၌ အလိုမရှိလင့်။ တေ၊ ထို သမင်အပေါင်းတို့သည်။ တယာ၊ သင်နှင့်။ သဟ၊ တကွ။ ဇီဝိဿန္တိ၊ အသက် ရှင်ကုန်လတ္တံ့။
ထို့နောင်မှ ရှေးနည်းဖြင့်သာလျှင် မောင်တော် နှမတော်တို့ အချင်းချင်း စကားတုံ့လှယ် ပြောဟောလိုရကား-
န တံ အဟံ ဇဟိဿာမိ၊ ဣဓ ဟိဿာမိ ဇီဝိတံ။
ဂစ္ဆ တုဝမ္ပိ မာ ကင်္ခိ၊ ဇီဝိဿန္တိ တယာ သဟ။
န တံ ဗဒ္ဓံ ဇဟိဿာမိ၊ ဣဓ ဟိဿာမိ ဇီဝိတံ။
ဟူသော ဤသုံးဂါထာတို့ကို ဆို၏။
၁၀၉။ ရောဟဏ၊ မောင်တော် ရောဟဏ။ အဟံ၊ အကျွန်ုပ်သည်။ န ဂစ္ဆာမိ၊ မသွားအံ့။ မေ၊ အကျွန်ုပ်၏။ ဟဒယံ၊ နှလုံးသည်။ အဝကဿတိ၊ မောင်တော်၌ ငြိကပ်၍ဝင်၏။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ သင်မောင်တော်ကို။ န ဇဟိဿာမိ၊ မစွန့်ပါအံ့။ ဣဓ၊ ဤအရပ်၌။ ဇီဝိတံ၊ အသက်ကို။ ဟိဿာမိ၊ စွန့်ပါအံ့။
၁၁၀။ ဘဂိနိ၊ နှမတော်။ အန္ဓာ၊ မျက်စိမမြင်ကုန်သော။ အပရိဏာယကာ၊ လုပ်ကျွေးသူ မရှိကုန်သော။ တေ၊ ထိုမိဘတို့သည်။ နူန၊ စင်စစ်လျှင်။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ မရိဿန္တိ၊ သေကုန်လတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ တုဝမ္ပိ၊ သင်နှမတော်သည်လည်း။ ဂစ္ဆ၊ သွားလေလော့။ မာ ကင်္ခိ၊ နေခြင်းကို အလိုမရှိလင့်။ တယာ၊ သင်နှင့်။ သဟ၊ တကွ။ တေ၊ ထိုမိဘတို့သည်။ ဇီဝိဿန္တိ၊ အသက်ရှည်ကုန်လတ္တံ့။
၁၁၁။ ရောဟဏ၊ မောင်တော်ရောဟဏ။ အဟံ၊ အကျွန်ုပ်သည်။ နဂစ္ဆာမိ၊ မသွားအံ့။ မေ၊ အကျွန်ုပ်၏။ ဟဒယံ၊ နှလုံးသည်။ အဝကဿတိ၊ မောင်တော်၌ စိုးရိမ်ခြင်းဖြင့် ငင်၏။ ဗဒ္ဓံ၊ ကျော့ကွင်းဖွဲ့မိသော။ တံ၊ သင်မောင်တော်ကို။ အဟံ၊ အကျွန်ုပ်သည်။ န ဇဟိဿာမိ၊ မစွန့်ပါအံ့။ ဣဓ၊ ဤအရပ်၌။ ဇီဝိတံ၊ အသက်ကို။ ဟိဿာမိ၊ စွန့်တော့အံ့။
ထိုသုတနာ အမည်ရှိသော နှမတော်သည်လည်း ရှေးအတူလျှင် ပယ်၍ ဘုရားလောင်း၏ လက်ဝဲနံပါးကိုရံ၍ မောင်တော် ရောဟဏသမင်အား သက်သာရာကို ရစေ၍ ရပ်လျက်တည်၏။ မုဆိုးသည်လည်း ပြေးသော ထိုသမင်တို့ကို မြင်၍ မိသော မြည်သံကိုလည်း ကြား၍ သမင်မင်းကို ကျော့ကွင်း မိလတ္တံ့ဟု ကြံ၍ မြဲမြံစွာ အောက်ပိုးကျိုက်၍ သမင်ထိုးလှံကိုယူ၍ လျင်မြန်စွာ လာ၏။ ဘုရားလောင်းသည် ထိုမုဆိုးလာသည်ကိုမြင်၍ ထိုညီတော် နှမတော်တို့အား ကြားလိုရကား-
ယော နော ဝဓိဿတိ အဇ္ဇ၊ ဥသုနာ သတ္တိယာ မပိ။
ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။
၁၁၂။ ကနိဋ္ဌ၊ ညီတော် နှမတော်တို့။ လုဒ္ဒရူပေါ၊ ကြမ်းကြုတ်သော သဘောရှိသော။ သဟာဝုဓော၊ လက်နက်နှင့်တကွသော။ ယော လုဒ္ဒကော၊ အကြင်မုဆိုးသည်။ ဧတိ၊ လာချေပြီ။ သော အယံ လုဒ္ဒကော၊ ထိုမုဆိုးသည်။ အဇ္ဇ၊ ယခု။ နော၊ ငါတို့ကို။ ဥသုနာ အပိ၊ မြှားဖြင့်သော်၎င်း။ သတ္တိယာ အပိ၊ လှံမဖြင့်သော်၎င်း။ ဝဓိဿတိ၊ သတ်လတ္တံ့တကား။
ထိုမုဆိုးကို မြင်သော်လည်း ညီတော် စိတ္တသမင်သည် မပြေး၊ နှမတော် သုတနာသည်ကား မိမိကိုယ်၏အဖြစ်ဖြင့် တည်တံ့ခြင်းငှါ မတတ်နိုင်၍ သေဘေးမှ ကြောက်ရကား အတန်ငယ်ပြေး၍ ငါသည် မောင်တော် နှစ်ယောက်တို့ကို
စွန့်ပစ်၍ အဘယ်အရပ်သို့ ပြေးရအံ့နည်းဟု ကြံဆင်ခြင်၍ မိမိ၏ အသက်ကိုစွန့်၍ နဖူး၌ သေစာကိုယူ၍ တဖန်လာပြန်၍ မောင်တော် ဘုရားလောင်း၏ လက်ဝဲနံပါး၌ ရပ်တည်၏။
ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-
သုဒုက္ကရံ အကရာ ဘီရု၊ မရဏာယူပနိဝတ္တထ။
ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။
၁၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘီရု၊ ကြောက်တတ်သော။ သာ၊ ထိုနှမတော် သမင်မသည်။ ဘယဋ္ဋာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍။ ဘယတဇ္ဇိတာ၊ သေဘေးမှ ကြောက်သည်ဖြစ်၍။ မုဟုတ္တံ၊ အတန်ငယ်။ ပလာယိတွာ၊ ပြေး၍။ သုဒုက္ကရံ၊ အလွန်ပြုနိုင်ခဲသော အမှုကို။ အကရာ၊ ပြုသည်ဖြစ်၍။ မရဏာယ၊ သေခြင်းငှါ။ ဥပနိဝတ္တထ၊ ပြန်လာ၏။
မုဆိုးသည်လည်းလာ၍ ထိုသုံးခုသော ရွှေသမင်တို့ကိုမြင်၍ မေတ္တာစိတ်ကို ဖြစ်စေ၍ တမိဝမ်း၌ဖြစ်သော ညီအစ်ကိုတို့ကဲ့သို့ ထိုရွှေသမင်တို့အား ထင်မှတ်၍ ကြံ၏။ ရွှေသမင်မင်းကို ကျော့ကွင်း၌ ဖွဲ့မိ၏။ ဤနှစ်ယောက်သော သူတို့သည်ကား ဟီရိဩတ္တပ္ပ ဖွဲ့ခြင်းဖြင့် ဖွဲ့မိ၏။ အဘယ့်ကြောင့် ဤသူတို့သည် ထိုရွှေသမင်အား စွန့်၍ မပြေးသနည်း၊ ရွှေသမင်မင်းနှင့် အဘယ်သို့တော်ကြသနည်း၊ ဤသို့ကြံ၍ ထိုအခါ၌ ရွှေသမင်ကို မေးလိုရကား-
န တံ ဇဟိတု မိစ္ဆန္တိ၊ ဇီဝိတဿာပိ ကာရဏာ။
ဟူသော ဤဂါထာကို ဆို၏။
၁၁၄။ မိဂရာဇ၊ ရွှေသမင်မင်း။ ဣမေ မိဂါ၊ ဤသမင်တို့သည်။ တေ၊ သင်နှင့်။ ကိံ နု ဟောန္တိ၊ အသို့တော်ကြကုန်သနည်း။ မုတ္တာ၊ လွတ်ကုန်လျက်။ ဗဒ္ဓံ၊ ကျော့ကွင်း ဖွဲ့မိသော သမင်ကို။ ဥပါသရေ၊ ကပ်ကုန်၏။ ဇီဝိတဿ၊ အသက်၏။ ကာရဏာပိ၊ အကြောင်းကြောင့်လည်း။ တံ၊ သင်ရွှေသမင်မင်းကို။ ဇဟိတုံ၊ စွန့်ခြင်းငှါ။ န ဣစ္ဆန္တိ၊ အလိုမရှိကုန်။
ထိုအခါ၌ မုဆိုးအား ဘုရားလောင်းသည် ကြားလိုရကား-
န မံ ဧဟိတု မိစ္ဆန္တိ၊ ဇီဝိတဿာပိ ကာရဏာ။
ဟူသော ဤဂါထာကို ဆို၏။
၁၁၅။ လုဒ္ဒ၊ အဆွေမုဆိုး။ သောဒရိယာ၊ တမိဝမ်းခေါင်း အောင်းကုန်သော။ ဧကမာတုကာ၊ အမိတူဖြစ်ကုန်သော။ မေ၊ ငါ၏။ ဘာတရော၊ ညီတော် နှမတော်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဇီဝိတဿ၊ အသက်၏။ ကာရဏာပိ၊ အကြောင်းကြောင့်လည်း။ မံ၊ ငါ့ကို။ ဇဟိတုံ၊ စွန့်ခြင်းငှာ။ န ဣစ္ဆန္တိ၊ အလို မရှိကုန်။
ထိုမုဆိုးသည် ဘုရားလောင်း၏ စကားကို ကြား၍ အတိုင်းထက်အလွန် နူးညံ့သော စိတ်ရှိသည်ဖြစ်၏။ ညီတော် စိတ္တ ရွှေသမင်မင်းသည် ထိုမုဆိုး၏ နူးညံ့သောစိတ်ရှိသည်၏ အဖြစ်ကို သိ၍ အဆွေမုဆိုး- သင်သည် ဤရွှေသမင်မင်းကို သမင်သာမညဟူ၍ မအောက်မေ့ပါလင့်၊ ဤရွှေသမင်မင်းသည် ရှစ်သောင်းသော သမင်တို့၏ မင်းတည်း၊ သီလအကျင့် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ အလုံးစုံသော သတ္တဝါတို့၌ နူးညံ့သော စိတ်ရှိ၏။ ကြီးသောပညာရှိ၏။ အိုမင်းကုန်သော မျက်စိမမြင်ကုန်သော မိဘတို့ကို လုပ်ကျွေးမွေးမြူ၏။ အကယ်၍ အဆွေသည် ဤသို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော တရားစောင့်သော ရွှေသမင်ကို သတ်အံ့။ ဤရွှေသမင်ကို သတ်သည်ရှိသော် မိဘတို့ကို၎င်း, အကျွန်ုပ်တို့ကို၎င်း, နှမငယ်ကို၎င်း ငါးယောက်ကုန်သော ငါတို့ကို သတ်သည် မည်၏။ အကျွန်ုပ် အစ်တို့၏ အသက်ကို ပေးလှူသည်ဖြစ်မူကား ငါးယောက်ကုန်သော သူတို့၏ အသက်အလှူကို ပေးလှူသည် မည်ကုန်၏ဟု ဆိုလိုရကား -
ပဉ္စန္နံ ဇီဝိတံ ဒေဟိ၊ ဘာတရံ မုဉ္စ လုဒ္ဒက။
ဟူသော ဤဂါထာကို ဆို၏။
၁၁၆။ လုဒ္ဒက၊ အဆွေမုဆိုး။ အန္ဓာ၊ ကန်းကုန်သော။ အပရိဏာယိကာ၊ လုပ်ကျွေးသူ မရှိကုန်သော။ တေဟိ၊ ထိုမိဘတို့သည်။ နူန၊ စင်စစ်သဖြင့်လျှင်။ မရိဿန္တိ၊ သေကုန်လတ္တံ့။ ပဉ္စန္နံ၊ ငါးယောက်ကုန်သော သူတို့ကို။ ဇီဝိတံ၊ အသက်ကို။ ဒေဟိ၊ ပေးတော်မူပါလော့။ ဘာတရံ၊ နောင်တော်ကို။ မုဉ္စ၊ လွှတ်တော်မူပါလော့။
ထိုမုဆိုးသည် ညီတော် စိတ္တရွှေသမင်၏ တရားနှင့် စပ်လျဉ်းသော စကားကိုကြား၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ အရှင်သမင်မင်း- ကြောက်တော်မမူလင့်ဟု ဆိုလိုရကား-
နန္ဒန္တု မာတာ ပိတရော၊ မုတ္တံ ဒိသွာ မဟာမိဂံ။
ဟူသော အခြားမဲ့သော ဤဂါထာကို ဆို၏။
၁၁၇။ သာမိ၊ အရှင်။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ မာတာပတ္တိဘရံ၊ မိဘကို မွေးကျွေးသော။ မိဂံ၊ သမင်ကို။ ပမောက္ခာမိ၊ လွှတ်အံ့။ မုတ္တံ၊ လွတ်သော။ မဟာမိဂံ၊ မြတ်သော ရွှေသမင်ကို။ ဒိသွာ၊ မြင်၍။ ဝေါ၊ သင်တို့၏။ မာတာပိတရော၊ အမိအဖတို့သည်။ နန္ဒန္တု၊ နှစ်သက်စေကုန်သတည်း။
ဤသို့သော စကားကို ဆိုပြီး၍ ကြံ၏။ မင်းသည် ပေးအပ်သော စည်းစိမ်သည် ငါ့အား အသို့ပြုလတ္တံ့နည်း၊ အကယ်၍ ငါသည် ရွှေသမင်မင်းကို သတ်အံ့၊ ဤမြေသည်လည်း ကွဲ၍ ငါ့အား ဟင်းလင်းကို ပေးလတ္တံ့၊ မိုဃ်းကြိုးသည်မူလည်း ငါ၏ ဦးခေါင်း၌ ကျလတ္တံ့၊ ထိုရွှေသမင်ကို ငါ လွှတ်အံ့ဟု ကြံ၍ ထိုမုဆိုးသည် ဘုရားလောင်းသို့ ကပ်၍ လှံတံကိုချ၍ သားရေလွန်ကိုဖြတ်၍ ရွှေသမင်မင်းကို လည်၌ဖက်၍ ရေအဆုံး၌ အိပ်စေ၍ နူးညံ့သော စိတ်ဖြင့် ဖြည်းဖြည်း ကျော့ကွင်းကိုဖြေ၍ အကြောတို့ဖြင့် အကြောကို။ အသားတို့ဖြင့် အသားကို။ အရေဖြင့် အရေကိုပေါင်း၍ ရေဖြင့်ဆေး၍ မေတ္တာဖြင့် အဖန်တလဲလဲ သုံးသပ်၏။ မုဆိုး၏ မေတ္တာပါရမီ အာနုဘော်ဖြင့်၎င်း, ဘုရားလောင်း၏ ပါရမီတော် အာနုဘော်ဖြင့်၎င်း, အလုံးစုံကုန်သော အကြော အသား အရေတို့သည် စပ်ဆက်မိကုန်၏။ ခြေသည် ကောင်းစွာ ဖုံးလွှမ်းသော အမွေးရှိသည်ဖြစ်၏။ ဤမည်သောအရပ်၌ ဖွဲ့သည်ဖြစ်၏ဟု မထင်၊ ဘုရားလောင်းသည် ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍ တည်၏။ ထိုဘုရားလောင်းကိုမြင်၍ စိတ္တ ရွှေသမင်သည် ဝမ်းမြောက်ဝမ်းသာဖြစ်၍ မုဆိုးအား သာဓုအနုမောဒနာကို ပြုလိုရကား-
ယထာဟမဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ မဟာမိဂံ။
ဟူသော ဤဂါထာကို ဆို၏။
၁၁၈။ လုဒ္ဒက၊ အဆွေ မုဆိုး။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယခု။ မုတ္တံ၊ လွတ်သော။ မဟာမိဂံ၊ မြတ်သော ရွှေသမင်ကို။ ဒိသွာ၊ မြင်၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ သင် အဆွေသည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်တော်မူလော့။
ထိုအခါ၌ ဘုရားလောင်းသည် အသို့နည်း၊ မုဆိုးသည် ငါ့ကို ဖမ်း၍ယူသည်ရှိသော် မိမိ၏အမှုကြောင့် ဖမ်းသလော၊ ထိုသို့မဟုတ် သူတပါးသည် စေခိုင်းခြင်းကြောင့် ဖမ်းသလောဟု ကြံ၍ ဖမ်းခြင်းအကြောင်းကို မေး၏။ မုဆိုးသည် ဆို၏။ အရှင်- အကျွန်ုပ်အား အရှင်တို့ဖြင့် အမှုကိစ္စ မရှိပါ၊ မင်း၏ ခေမာအမည်ရှိသော မိဖုယားကြီးသည် အရှင်တို့၏ တရားစကားကို ကြားနာလို၍ ထိုမိဖုယားကြီး၏ တရားနာခြင်း အကျိုးငှါ မင်းသည် စေသည်ဖြစ်၍ အရှင့်ကို အကျွန်ုပ်သည် ဖမ်းပေ၏ဟု ပြန်ဆိုလတ်သော် အဆွေ- ဤသို့ မင်းအလို့ငှာ ဖမ်းသည်ဖြစ်လျက်လည်း ငါ့ကို လွှတ်ခြင်းသည် အလွန် ပြုနိုင်ခဲ့သော အမှုကို သင် ပြုပေ၏။ လာလှည့် ငါ့ကို ဆောင်၍ မင်းအားပြလော့၊ မိဖုယားအား တရားကို ငါ ဟောအံ့၊ ဤသို့ မိန့်တော်မူလတ်သော် အရှင်- မင်းမည်သည်ကား ကြမ်းကြုတ်၏။ အဘယ်သူသည် သိနိုင်မည်နည်း၊ အဘယ်သို့ ဖြစ်လတ္တံ့နည်း၊ အကျွန်ုပ်အား မင်းသည် ပေးသော စည်းစိမ်အခြံအရံဖြင့် အလိုသည် မရှိ၊ အရှင်ရွှေသမင်မင်းသည် အလိုရှိတိုင်း ချမ်းသာရာသို့ ကြွတော်မူပါလော့ဟု ဆိုသည်ရှိသော် တဖန် ဘုရားလောင်းသည် ငါ့ကိုလွှတ်သည်ရှိသော် အလွန်ပြုနိုင်ခဲသော အမှုကို ပြုပေ၏။ ထိုမုဆိုးအား စည်းစိမ်အခြွေအရံ ရခြင်း၏ အကြောင်းကို ငါပြုအံ့ဟု ကြံ၍ အဆွေ- ငါ၏ ကျောက်ကုန်းကို လက်ဖြင့် သုံးသပ်လော့ဟု ဆို၏။
ထိုမုဆိုးသည်လည်း ဘုရားလောင်း ရွှေသမင်ဆိုတိုင်း သုံးသပ်၏။ ရွှေအဆင်းနှင့်တူသော အမွေးတို့ဖြင့် ပြည့်၏။ အရှင်- ဤအမွေးတို့ဖြင့် အဘယ်သို့ ပြုအံ့နည်းဟု မေးသည်ရှိသော် အဆွေ- ဤအမွှေးတို့ကို ဆောင်၍ မင်းအား၎င်း၊ မိဖုယားကြီးအား၎င်း ပြ၍ ဤအမွေးတို့သည် ထိုရွှေသမင်၏ အမွေးတည်းဟုဆို၍ ငါ၏အရာ၌တည်၍ ဤဂါထာတို့ဖြင့် မိဖုယားကြီးအား တရားဟောလေလော့၊ ကြားနာ၍သာလျှင် ထိုမိဖုယားကြီးအား ချင်ခြင်းသည် ငြိမ်းလတ္တံ့ဟု မိန့်တော်မူ၍ ဓမ္မဉ္စရ မဟာရာဇ အစရှိသော ဓမ္မစရိယ ဆယ်ဂါထာတို့ကို သင်စေ၍ ပဉ္စသီတို့ကို ပေး၍ အပ္ပမာဒတရားဖြင့် ဆုံးမ၍ လွှတ်လိုက်၏။ မုဆိုးသားသည် ဘုရားလောင်းကို ဆရာအရာ၌ထား၍ သုံးကြိမ်လက်ျာရစ် လှည့်သည်ကိုပြု၍ လေးပါးသော အရပ်တို့၌ ရှိခိုး၍ အမွှေးတို့ကို ပဒုမာကြာဖက်ဖြင့် ယူ၍ ပြန်သွား၏။ ထိုမင်းသုံးပါးတို့သည်လည်း အတန်ငယ် ပို့လိုက်၍ နှုတ်သီးဖြင့် ရေကို၎င်း, အစာကို၎င်း ယူ၍ မိဘတို့၏ အထံသို့ သွားကုန်၏။ မိဘတို့သည်လည်း ချစ်သားရောဟဏ- သင်သည် ကျော့ကွင်းဖြင့် ဖွဲ့မိသည်ဖြစ်လျက် အဘယ်သို့လျှင် လွတ်ခဲ့ပါသနည်းဟု မေးမြန်းလိုရကား-
ကထံ ပုတ္တ အမောစေသိ၊ ကူဋပါသမှ လုဒ္ဒကော။
ဟူသော ဤဂါထာကို ဆိုကုန်၏။
၁၁၉။ ပုတ္တ၊ ချစ်သား။ ဇီဝိတေ၊ ချစ်သားအသက်သည်။ ဥပနီတသ္မိံ၊ သေမင်း၏ အနီးသို့ ရောက်ပြီးလျှက်။ တွံ၊ သင်ချစ်သားသည်။ ကထံ၊ အဘယ်သို့။ ပမောက္ခော၊ လွတ်သည်။ အသိ၊ ဖြစ်သနည်း။ လုဒ္ဒကော၊ မုဆိုးသည်။ ကူဋပါသမှာ၊ စဉ်းလဲသော ကျော့ကွင်းမှ။ ကထံ၊ အဘယ်သို့။ အမောစေသိ၊ လွတ်စေပါသနည်း။
ထိုစကားကိုကြား၍ ဘုရားလောင်းသည် မယ်တော် ခမည်းတော်တို့အား အကြောင်းကို ဆိုလိုရကား-
သုဘာသိတာဟိ ဝါစာဟိ၊ စိတ္တကော မံ အမောစယိ။
သုဘာသိတာဟိ ဝါစာဟိ၊ သုတနာ မံ အမောစယိ။
သုဘာသိတာနိ သုတွာန၊ လုဒ္ဒကော မံ အမောစယိ။
ဟူသော ဤသုံးဂါထာတို့ကို ဆို၏။
၁၂၀။ စိတ္တကော၊ ညီတော် စိတ္တကသည်။ ကဏ္ဏသုခံ၊ နားချမ်းသာသော။ ဟဒယင်္ဂံ၊ နှလုံး၌ဝင်သော။ ဟဒယဿိတံ၊ နှလုံးကိုမှီသော။ ဝါစံ၊ စကားကို။ ဘဏံ ဘဏန္တော၊ ဆိုသည်ဖြစ်၍။ သုဘာသိတာဟိ၊ ကောင်းစွာ ဆိုအပ်ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ မံ၊ အကျွန်ုပ်ကို။ အမောစယိ၊ လွတ်စေ၏။
၁၂၁။ သုတနာ၊ နှမတော် သုတနာသည်။ ကဏ္ဏသုခံ၊ နားချမ်းသာသော။ ဟဒယင်္ဂံ၊ နှလုံး၌ဝင်သော။ ဟဒယဿိတံ၊ နှလုံးကို မှီသော။ ဝါစံ၊ စကားကို။ ဘဏံ-ဘဏမာနာ၊ ဆိုသည်ဖြစ်၍။ သုဘာသိတာဟိ၊ ကောင်းစွာဆိုအပ်ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ မံ၊ အကျွန်ုပ်ကို။ အမောစယိ၊ လွတ်စေ၏။
၁၂၂။ ကဏ္ဏသုခံ၊ နားချမ်းသာသော။ ဟဒယင်္ဂံ၊ နှလုံး၌ဝင်သော။ ဟဒယဿိတံ၊ နှလုံးကိုမှီသော။ ဝါစံ၊ စကားကို။ သုတွာ၊ ကြား၍။ သုဘာသိတာနိ၊ ကောင်းသောစကားတို့ကို။ သုတွာန၊ ကြား၍။ လုဒ္ဒကော၊ မုဆိုးသည်။ မံ၊ အကျွန်ုပ်ကို။ အမောစယိ၊ လွှတ်ပေ၏။
ထိုအခါ၌ ထိုမုဆိုးအား မိဘတို့သည် ဝမ်းမြောက်ဝမ်းသာ စကားကို ဆိုလိုရကား-
ယထာ မယဇ္ဇ နန္ဒာမ၊ ဒိသွာ ရောဟဏ မာဂတံ။
ဟူသော ဤဂါထာကို ဆို၏။
၁၂၃။ မယံ၊ ငါတို့သည်။ အာဂတံ၊ လာသော။ ရောဟဏံ၊ ငါတို့သား ရောဟဏကို။ ဒိသွာ၊ မြင်၍။ အဇ္ဇ၊ ယခု။ နန္ဒာမ ယထာ၊ ဝမ်းမြောက်ကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ လုဒ္ဒကော၊ မုဆိုးသည်။ ဒါရေဟိ၊ သားမယားတို့နှင့်။ သဟ၊ တကွ။ အာနန္ဒိတော၊ အလွန် ဝမ်းမြောက်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။
မုဆိုးသည်လည်း တောမှထွက်၍ မင်းအိမ် နန်းတော်သို့ သွား၍ မင်းကိုရှိခိုး၍ တင့်အပ်သောအရပ်၌ ရပ်တည်၏။ ထိုမုဆိုးကို မြင်၍ မင်းကြီးသည် ဆိုလိုရကား-
အထ ကေန နုဝဏ္ဏေန၊ မိဂစမ္မာနိ နာဟရိ။
ဟူသော ဤဂါထာကို ဆို၏။
၁၂၄။ လုဒ္ဒ၊ မုဆိုး။ မိဂစမ္မာနိ၊ သမင်, သမင်ရေတို့ကို။ အာဟရိံ၊ ဆောင်အံ့။ ဣတိ၊ ဤသို့။ တွံ၊ သင်သည်။ အဝစနနု၊ ဆိုသည်မဟုတ်လော။ အထ၊ ထိုသို့ဆိုလျက်။ ကေန ဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ မိဂစမ္မာနိ၊ သမင်, သမင်ရေတို့ကို။ နာဟရိံ နု၊ မဆောင်ခဲ့သနည်း။
အိုမုဆိုး- သမင်ကို ဆောင်ခြင်းငှါ မစွမ်းနိုင်သည်ရှိသော် အရေကိုဆောင် ပါအံ့၊ အရေကို ဆောင်ခြင်းငှါ မစွမ်းနိုင်သည်ရှိသော် အမွှေးတို့ကို ဆောင်ပါအံ့ဟု သင်သည် ဝန်ခံ၍ ဆိုသည်မဟုတ်လော၊ သင်သည် အဘယ်အကြောင်းကြောင့် သမင်ကို မဆောင်ခဲ့သနည်း၊ သမင်ရေကို မဆောင်ခဲ့သနည်းဟု ဆို၏။
ထိုစကားကို ကြား၍ မုဆိုးသည် မင်းအား တင်လျှောက်လိုရကား-
အဗဇ္ဈိ တံ မိဂရာဇံ၊ တဉ္စ မုတ္တာ ဥပါသရေ။
ဣမဉ္စာဟံ မိဂံ ဟညေ၊ အဇ္ဇ ဟိဿာမိ ဇီဝိတံ။
ဟူသော ဤဂါထာတို့ကို ဆို၏။
၁၂၅။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သော မိဂေါ၊ ထိုရွှေသမင်သည်။ ဟတ္ထတ္ထဉ္စေဝ၊ အကျွန်ုပ်လက်တွင်းသို့လည်း။ အာဂမံ၊ ရောက်ပြီ။ ကူဋပါသဉ္စ၊ စဉ်းလဲသော ကျော့ကွင်းသို့လည်း။ အာဂမံ၊ ရောက်ပြီ။ တံ မိဂရာဇံ၊ ထိုရွှေသမင်ကိုလျှင်။ အဗဇ္ဈိ၊ ဖွဲ့မိပြီ။ တဉ္စ၊ ထိုဖွဲ့မိသော ရွှေသမင်ကိုလျှင်။ မုတ္တာ၊ လွတ်သော သမင်နှစ်စီးတို့သည်။ ဥပါသရေ၊ ကပ်၍တည်ကုန်၏။
၁၂၆။ အဟံ၊ အကျွန်ုပ်သည်။ ဣမံ၊ ဤရွှေသမင်ကို။ ဟညေ စ၊ သတ်ချေသော်လျှင်။ အဇ္ဇ၊ ယနေ့။ ဇီဝိတံ၊ အသက်ကို။ ဟိဿာမိ၊ စွန့်ရအံ့။ ဣတိ၊ ဤသို့။ တဿ-မေ၊ ထိုအကျွန်ုပ်အား။ သံဝေဂေါ၊ ထိတ်လန့်ခြင်းသည်။ အဟု၊ ဖြစ်၏။ အဗ္ဘုတော၊ မဖြစ်ဘူးမြဲသော။ လောမဟံသနော၊ ကြက်သီးမွေးညှင်း ထခြင်းသည်။ အဟု၊ ဖြစ်၏။
ထိုစကားကိုကြား၍ မင်းကြီးသည် မုဆိုးကို မေးလိုရကား-
ကထံ ဝဏ္ဏာ ကထံ သီလာ၊ ဗာဠှံ ခေါ နေ ပသံသသိ။
ဟူသော ဤဂါထာကို ဆို၏။
၁၂၇။ လုဒ္ဒ၊ အမောင်မုဆိုး။ တေ မိဂါ၊ ထိုသမင်တို့သည်။ ကီဒိသာ၊ အဘယ်သို့ သဘောရှိကုန်သနည်း။ တေ မိဂါ၊ ထိုသမင်တို့သည်။ ကီဒိသာ ဓမ္မိကာ၊ အဘယ်သို့ တရားစောင့်ကုန်သနည်း။ ကထံ ဝဏ္ဏံ၊ အဘယ်သို့ အဆင်းရှိကုန်သနည်း။ ကထံ သီလာ၊ အဘယ်သို့ အလေ့အကျင့် သီလရှိကုန်သနည်း။ ဗာဠှံ ခေါ၊ ပြင်းစွာလျှင်။ နေ၊ ထိုသမင်တို့ကို။ ပသံသသိ၊ သင် ချီးမွမ်း၏။
ထိုမင်းသည် ဤသို့သောစကားကိုအံ့ဩဘွယ်ရှိသည်၏ အစွမ်းဖြင့် အဖန်တလဲလဲ မေး၏။ ထိုစကားကိုကြား၍ မင်းကြီးအား တင်လျှောက်လိုရကား-
ပါဒ လောဟိတကာ တေသံ၊ အဉ္စိတက္ခာ မနောရမာ။
ဟူသော ဤဂါထာကို ဆို၏။
၁၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ ထိုရွှေသမင်တို့သည်။ ဩဒါတသိင်္ဂါ၊ ငွေပန်းဆိုင်းနှင့်တူသော ဖြူသော ဦးချိုရှိကုန်၏။ သုစိဝါလာ၊ စာမရီသားမြီးကဲ့သို့စင်ကြယ်သော အမြီးရှိကုန်၏။ ဇာတရူပတစူပမာ၊ ရွှေအဆင်းနှင့်တူသော အရေရှိကုန်၏။ တေသံ၊ ထိုသမင်တို့၏။ ပါဒါ၊ ခွါတို့သည်။ လောဟိတကာ၊ ခြင်းခြင်းနီသော ချိပ်ရည်အဆင်းနှင့် တူကုန်၏။ အဉ္စိတက္ခာ၊ ငါးပါးသော ကြည်ခြင်းနှင့် ပြည့်စုံသော မျက်စိရှိကုန်၏။ မနောရမာ၊ နှလုံးမွေ့လျော်ဘွယ် တင့်တယ်ကုန်၏။
ဤသို့ မုဆိုးသည် လျှောက်ကြားပြီးသော် ဘုရားလောင်း၏ ရွှေအဆင်းနှင့် တူကုန်သော အမွေးတို့ကို မင်း၏ လက်၌ထား၍ ထိုရွှေသမင်တို့၏ ကိုယ်အဆင်း ဂုဏ်ကျေးဇူးတို့ကို ထင်ရှားစွာ ပြလိုရကား-
မာတာပေတ္တိဘရော ဒေဝ၊ န တေ သော အဘိဟာရယိံ။
ဟူသော ဤဂါထာကို ဆို၏။
၁၂၉။ ဒေဝ၊ အရှင်မင်းကြီး။ တေ မိဂါ၊ ထိုရွှေသမင်တို့သည်။ ဧဒိသာ၊ ဤသို့ သဘောရှိကုန်၏။ ဧဒိသာ၊ ဤသို့သဘောရှိကုန်သော။ မိဂါ၊ ရွှေသမင်တို့သည်။ ဓမ္မိကာ၊ တရားစောင့်ကုန်၏။ ဒေဝ၊ အရှင်မင်းကြီး။ တေ မိဂါ၊ ထိုရွှေသမင်တို့သည်။ မာတာပေတ္တိဘရာ၊ မိခင်ဖခင်တို့ကို လုပ်ကျွေးကုန်၏။ သော၊ ထိုရွှေသမင်ကို။ တေ၊ အရှင်မင်းကြီးအား။ န အဘိဟာရယိံ၊ မဆောင်ထိုက်ပေ။
ဤသို့ ထိုမုဆိုးသည် ဘုရားလောင်း၏၎င်း, ညီတော် စိတ္တရွှေသမင်၏၎င်း၊ နှမတော် သုတနာသမင်မ၏၎င်း ဂုဏ်ကျေးဇူးကို ကြား၍ အရှင်မင်းကြီး အကျွန်ုပ်ကို ထိုရွှေသမင်မင်းသည် မိမိ၏ အမွေးတို့ကိုပြ၍ ငါ၏အရာ၌ တည်၍ မင်းတို့ တရားကျင့်အပ်သော ဆယ်ဂါထာတို့ဖြင့် မိဖုယားကြီးအား တရားကို သင်သည် ဟောပါလေဟု စေခိုင်းအပ်သည်ဖြစ်၍ ကျွန်ုပ်ကို မှာလိုက်ပါသည်ဟု တင်လျှောက်၏။ မင်းကြီးသည် ထိုစကားကိုကြား၍ မင်းတို့ တရားကျင့်အပ်သော ဆယ်ဂါထာတို့ဖြင့် မိဖုယားကြီးအား တရားကို ဟောပါလော့ဟု ဆို၏။ ထိုမုဆိုးသည် တရားဟောပလ္လင်၌နေလျက် တရားကို ဟောလိုရကား-
ဣဓ ဓမ္မံ စရိတွာန၊ ရာဇာ သဂ္ဂံ ဂမိဿတိ။ ပ။
ဤသို့ အစရှိသော ဆယ်ဂါထာတို့ကို ဟော၏။
၁။ ခတ္တိယ၊ ရေမြေကို အစိုးရသော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မာတာပိတူသု၊ အမိအဖတို့၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရ၊ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၂။ ခတ္တိယ၊ ရေမြေကို အစိုးရသော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုတ္တဒါရေသု၊ သား မယားတို့၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရ၊ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၃။ ခတ္တိယ၊ ရေမြေကို အစိုးရသော။ မဟာရာဇ၊ မြတ်သော မင်းကြီး။ မိတ္တာမစ္စေသု၊ ချစ်သော အဆွေခင်ပွန်းတို့၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရ၊ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝါဟနေသု စ၊ ဆင် မြင်း အစရှိသော ယာဉ်တို့၌၎င်း။ ဗလေသု စ၊ ဗိုလ်ပါတို့၌၎င်း။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရ၊ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဂါမေသု စ၊ ရွာတို့၌၎င်း။ နိဂမေသု စ၊ နိဂုံးတို့၌၎င်း။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရ၊ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ရဋ္ဌေသု စ၊ ပြည်တိုင်းကားတို့၌၎င်း။ ဇနပဒေသု စ၊ ဇနပုဒ်တို့၌၎င်း။ ဓမ္မံ၊ ကျင့်ဝတ်တရားငါးပါးကို။ စရ၊ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ ကျင့်ဝတ်တရား ငါးပါးကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သမဏေ စ၊ ရဟန်း၌၎င်း။ ဗြာဟ္မဏေသု စ၊ ပုဏ္ဏားတို့၌၎င်း။ ဓမ္မံ၊ ပစ္စည်းလေးပါး လှူခြင်းဟူသော အကျင့်ကို။ စရ၊ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ ပစ္စည်းလေးပါးလှူခြင်းတည်းဟူသော အကျင့်ကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၈။ ခတ္တိယ၊ ရေမြေကို အစိုးရသော။ မဟာရာဇ၊ မြတ်သော မင်းကြီး။ မိဂပက္ခီသု၊ သားငှက်တို့၌။ ဓမ္မံ၊ ဘေးမဲ့ပေးခြင်း တည်းဟူသော တရားကို။ စရ။ ကျင့်တော်မူလော့။ ဣဓ၊ ဤလူ့ပြည်၌။ ဓမ္မံ၊ ဘေးမဲ့ပေးခြင်း တည်းဟူသော တရားကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
(ပါဠိတော်၌ ပေယျာလငုပ်သည်များကို ဖော်ထုတ်၍ အနက်သမ္ဗန်သည်)
၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ သုခံ၊ လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို။ အာဝဟတိ၊ ရွက်ဆောင်တတ်၏။ ဣဓ၊ ဤလူ့ရွာ၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်၍။ ရာဇာ၊ မင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿတိ၊ သွားရလတ္တံ့။
၁၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သဗြဟ္မကာ၊ ဗြဟ္မာနှင့် တကွကုန်သော။ ဣန္ဒာဒေဝါ၊ သိကြားနတ်တို့သည်။ သုစိဏ္ဏေန၊ ကောင်းသောအကျင့်ဖြင့်။ ဒိဝံ၊ နတ်ပြည် ဗြဟ္မာပြည်သို့။ ပတ္တာ၊ ရောက်ကုန်၏။ ရာဇ၊ မင်းမြတ်။ ဓမ္မံ၊ မင်းကျင့်ဝတ်တရား ဆယ်ပါးကို။ မာ ပမာဒေါ၊ မမေ့မလျော့ပါနှင့်။
ဤသိုမုဆိုးသားသည် ဘုရားလောင်း ဟောတော်မူသောနည်းဖြင့် ကောင်းကင် မြစ်ကြီးကို စီးစေသကဲ့သို့ တရားဟော၏။ လူများသည် ကောင်းချီးပေးခြင်း အထောင်တို့ကို ဖြစ်စေကုန်၏။ တရားစကားကို ကြား၍လျှင် မိဖုယားကြီးအား ချင်ခြင်းသည် ငြိမ်း၏။ မင်းသည် နှစ်သက်၍ မုဆိုးသားကို များစွာသော စည်းစိမ်အခြံအရံဖြင့် ရောင့်ရဲစေလိုရကား-
စတုရဿဉ္စ ပလ္လင်္ကံ၊ ဥမ္မာပုပ္ဖ သိရိန္နိတံ။
ဓမ္မေန ရဇ္ဇံ ကာရေဿံ၊ ဗဟုကာရော မေသိ လုဒ္ဒက။
ဧတေန ဒါရံ ပေါသေဟိ၊ မာ ပါပံ အကရီ ပုန။
ဟူကုန်သော ဤသုံးဂါထာတို့ကို ဆို၏။
၁၃၀။ လုဒ္ဒ၊ အဆွေမုဆိုး။ ထုလ္လံ၊ များစွာအဘိုးထိုက်သော။ မဏိကုဏ္ဍလဉ္စ၊ ပတ္တမြားနားဍောင်းကို၎င်း။ စတုရဿံ၊ ခေါင်းအုံးလေးလုံးရှိသော။ ဥမ္မာပုပ္ဖသိရိန္နိတံ၊ အောင်မည်းညိုပွင့် အရောင်နှင့်တူသော ကြက်သရေရှိသော အရောင်ကို ဆောင်သော။ ပလ္လင်္ကံ စ၊ ပလ္လင်ကို၎င်း။ နိက္ခသတဉ္စ၊ ရွှေစင်နိက္ခတရာကို၎င်း။ ဒမ္မိ၊ ငါပေး၏။
၁၃၁။ သာဒိသိယော၊ အဆင်း စည်းစိမ်ဥစ္စာဖြင့် တူကုန်သော။ ဒွေ စ ဘရိယာ၊ မယားနှစ်ယောက်တို့ကို၎င်း။ ဥသဘံ၊ နွားလားဥသဘနှင့် တကွသော။ ဂဝံ သတံ၊ နို့ညှစ်နွားမ တရာကို၎င်း။ ဒမ္မိ၊ ငါပေး၏။ လုဒ္ဒက၊ အဆွေမုဆိုး။ ဓမ္မေန၊ တရားနှင့်အညီ။ ရဇ္ဇံ၊ ပြည်ကို။ ကာရေဿံ၊ ငါ မင်းပြုအံ့။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ဗဟုကာရော၊ များသောကျေးဇူးရှိသည်။ အသိ၊ ဖြစ်၏။
၁၃၂။ လုဒ္ဒက၊ အဆွေမုဆိုး။ ကသိဝါဏိဇ္ဇ ဣဏဒါနံ၊ လယ်လုပ်ခြင်း, ကုန်သွယ်ခြင်း, ကြွေးမြီပေးခြင်းသည်၎င်း။ ဥဉ္ဆာစရိယာ စ၊ ကောင်းမြတ်သော အသက်မွေးခြင်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဧတေန၊ ထိုကောင်းသော အသက်မွေးခြင်းဖြင့်။ ဒါရံ၊ သားမယားကို။ ပေါသေဟိ၊ သင်ကျွေးမွေးလေလော့။ ပုန၊ တဖန်။ ပါပံ၊ မကောင်းမှုကို။ မာ အကရီ၊ သင် မပြုလေလင့်။
ထိုမုဆိုးသည် မင်း၏စကားကို ကြား၍ ငါသည် အိမ်ရာထောင်သော လူ၏ဘောင်၌ နေသဖြင့် အကျိုးမရှိပြီ၊ တောသို့ထွက်၍ ရဟန်းပြုတော့အံ့ဟု ကြံ၍ အရှင်မင်းကြီး- အကျွန်ုပ်အား ရဟန်း၏အဖြစ်ကို ခွင့်ပြုတော်မူပါဟု တောင်းပန်၍ မင်းကြီးသည် ပေးအပ်သော ဥစ္စာတို့ကို သားမယားအား ပေးခဲ့၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြု၍ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လဲလျောင်းရသည် ဖြစ်၏။ မင်းကြီးသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ နတ်ပြည်သို့ လားရ၏။ ဘုရားလောင်း ရွှေသမင်၏ အဆုံးအမ ဩဝါဒသည် အနှစ်တထောင်ပတ်လုံး တည်၏။
ဇာတ်ပေါင်း... ဘုရားသခင်သည် ဤတရား ဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့- အာနန္ဒာသည် ယခုမှသာလျှင် ငါ၏အကျိုးငှါ အသက်ကို စွန့်သည်မဟုတ်၊ ရှေး၌လည်း ငါ၏အကျိုးငှါ အသက်ကို စွန့်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ မုဆိုးသည် ယခုအခါ ဆန္နအမတ် ဖြစ်လာ၏။ ထိုအခါ မင်းကြီးသည် ယခုအခါ သာရိပုတ္တရာဖြစ်လာ၏။ ထိုအခါ ခေမာမိဖုယားကြီးသည် ယခုအခါ ခေမာဘိက္ခုနီမ ဖြစ်လာ၏။ ထိုအခါ မယ်တော် ခမည်းတော်တို့သည် မြတ်သော သာကီဝင်မင်းမျိုးတို့၌ ဖြစ်လာကုန်၏။ ထိုအခါ နှမတော် သုတနာသည် ယခုအခါ ဥပ္ပလဝဏ် ဖြစ်လာ၏။ ညီတော် စိတ္တရွှေသမင်သည် ညီတော် အာနန္ဒာဖြစ်လာ၏။ ရောဟဏ ရွှေသမင်သည်ကား သစ္စာလေးပါးတရားကို သိတော်မူသော ငါဘုရားသည်လျှင် ဖြစ်တော်မူ၏ဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
ဆွေမျိုးတို့၌၊ ဘေးရန်ဆိုက်၊ ပြုထိုက် ကူညီမှု
ငါးခုမြောက်သော ရောဟဏမိဂဇာတ်သည် ပြီး၏။
*****