မာတိကာသို့ ခုန်သွားရန်

ရွှေနန်းကလျှင်-ချီ ရတု

ဝီကီရင်းမြစ် မှ
ရွှေနန်းကလျှင်-ချီ ရတု
by ရဝေရှင်ထွေး
3030ရွှေနန်းကလျှင်-ချီ ရတုရဝေရှင်ထွေး

ရွှေနန်းကလျှင်၊ ဂိမ္မခေါ်မှန်း၊ နွေသစ်ဆန်းက၊ ပြည့်ဝန်းပေါ်မြင်၊ လလယ်တွင်၌၊ ကျိုင်းစင်မြရည်၊ ချီမည်မူးမူး၊ သောခါဦးဝယ်၊ ရွှင်မြူးစိတ်ကြည်၊ မိန့်ခဲ့သည်မူ၊ နှစ်မည်မကြံ၊ ဆံစွန်မယွင်း၊ သက်လုံးနှင်း၍၊ လည်ချင်းဆွဲလျက်၊ မြဘယက်သို့၊ တင်ထင်၌တွင်၊ ပါအောင်လျှင်တည်း၊ ဆင်ခဲ့ဘိဟု၊ မွေးမိတူတော်၊ ရွှေလှော်စံတည်၊ မတ်မြောက်မည်လျှင်၊ စိတ်ကြည်ရွှင်လန်း၊ မှာ-နှုတ်ခွန်းကြောင့်၊ ပတ်ဝန်းဝေ့လည်၊ ထစ်အုန်းမြည်သည်။ ။ မိုးစည်ကျူးတို့ ခဲ့မည်လော။

နွေစွန်းလတွင်၊ ထက်ကောင်းကင်က၊ မင်းလွင်မှေးလို၊ မှိုင်းမြညိုလျက်၊ လေချိုပျံ့လှောင်း၊ ပင်တိုင်းပျောင်းသော်၊ ရွက်ညောင်းဖူးငုံ၊ ပေါ်တုံလှုလှု၊ ရတုသရစ်၊ ချိန်အသစ်ဝယ်၊ ကျွမ်းချစ်တင့်ဖျော်၊ ယောင်းမတော်မောင်၊ စံခေါင်မှတ်ရည်၊ မြောက်တန်သည်မူ၊ မွေးဘတူကို၊ စိတ်ဖြူကြည်မော၊ ပန်စိမ့်သောဟု၊ ချပ်ကြောညီအောင်၊ စီမြောင်ကုံးသွယ်၊ ရွေးချယ်သင့်ငြား၊ လက်ရွှေသားနှင့်၊ ထိပ်နားလည်တွင်၊ ပန်ဆင်ကာမှန်၊ သို့ချိန်တန်ကို၊ ကျွမ်းရန်မဲ့သည်၊ သန်သို့လည်သည်။ ။ ရိုးရှည်ဖူးတို့ ခဲ့မည်လော။

လေဝန်းထလွင်၊ စုံတောခွင်ဝယ်၊ ညိုစင်မြမြ၊ ကာလအလျောက်၊ ဖြည်းလေရောက်က၊ ကြွေခြောက်ရွှေဝင်း၊ ပင်ခြေကျင်းလျက်၊ ဖူးကင်းငုံပြန်၊ သည်ခါတန်ကို၊ ကျွမ်းရန်သက်နှင့်၊ ဆွယ်နှိုင်းမြင့်ခဲ့၊ လွမ်းခွင့်စုံဖြိုး၊ ခေါင်အမိုးသို့၊ ရှုဖြိုးမျက်ခြည်၊ ဆီကိုရည်၍၊ ပတ်လည်မိုးပန်း၊ လျှပ်ရောင်သန်းလျက်၊ ဖူးကင်းငုံပြန်၊ ဆိုင်ဝန်းခြိမ်းမဲ၊ ဆီးကိုရှဲသော်၊ လွမ်းမြဲတုံးနှင့်၊ တိုးမြင်သည်ပ၊ ဖြေဖြော်မှလည်း၊ ခဏမတည်၊ နည်းများသည်မျှ၊ သို့သည်မပြား၊ လွန်ဆပွားလိမ့်၊ စံထားမှတ်ရည်၊ မြတ်မျိုးမည်သည်။ ။ တိုးတည်ကူးတို့ ခဲ့မည်လော။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.