လဋုကိကဇာတ်
ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်
၇။ လဋုကိကဇာတ်
အားနည်းသောသူကို နိုင်ထက်ကလူ မမူအပ်ကြောင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဝန္ဒာမိ တံ ကုဉ္ဇရ သဋ္ဌိဟာယနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလဋုကိကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ "ငါ့ရှင်တို့ ဒေဝဒတ်သည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ ဒေဝဒတ်အား သတ္တဝါတို့၌ သနားခြင်းသည်လည်း မရှိ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ကရုဏာမရှိသည် မဟုတ်သေး၊ ရှေး၌လည်း ကရုဏာ မရှိသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကြည်ညိုဖွယ်ရှိ၏။ ကြီးသောကိုယ် ရှိ၏။ ဆင်ရှစ်သောင်း ခြံရံလျက် ဆင်မင်းဖြစ်၍ ဟိမဝန္တာ၌ နေ၏။
ငှက်မလေး တောင်းပန်၍လွတ်ပြီ
ထိုအခါ တစ်ခုသော နှံစုတ်ငှက်မသည် ဆင်တို့၏ သွားလာရာ အရပ်၌ အဥတို့ကိုထား၏။ အဥတို့သည် ရင့်ကုန်လတ်သော် ငှက်ငယ်တို့သည် ပေါက်ကုန်၏။ ထိုငှက်ငယ်တို့သည် အတောင်မရောက်ကုန်သေးသည်ဖြစ်၍ ပျံခြင်းငှာ မစွမ်းနိုင်မီလျှင် ဘုရားလောင်းသည် ဆင်ရှစ်သောင်း ခြံရံလျက် အစာရှာအံ့သောငှာ ထိုအရပ်သို့ ရောက်၏။ ထိုဘုရားအလောင်းကို နှံစုတ်ငှက်မသည် မြင်၍ ဤဆင်မင်းသည် ငါ့သားငယ်တို့ကို နင်း၍ သတ်လတ္တံ့၊ ယခု သားငယ်တို့၏ အရံအတားအကျိုးငှာ ဆင်မင်းကို တရားနှင့်ညီလျော်သော အစောင့်အရှောက်ကို တောင်းအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုနှံစုတ်ငှက်မသည် အတောင်နှစ်ဖက်တို့ကို ယှက်၍ ဆင်မင်း၏ရှေ့၌ ရပ်၍ -
အာရညကံ ယူထပတိံ ယသဿိံ။
ပက္ခေဟိ တံ ပဉ္စလိကံ ကရောမိ၊
မာ မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၃၉။ ကုဉ္ဇရ၊ ဆင်မင်း။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ်ရှိသောကာလ၌ အားယုတ်သော။ အာရညကံ၊ တော၌ကျတ်စားသော။ ယူထပတိံ၊ ဆင်အပေါင်း၏ မင်းဖြစ်သော။ ယသဿိံ၊ များသောအခြံအရံရှိသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြု၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာ ဝဓိ၊ မသတ်ပါလင့်။
ဘုရားအလောင်းသည် နှံစုတ်ငှက်မငယ်... သင် မစိုးရိမ်လင့်၊ ငါသည် သင့်သားတို့ကို စောင့်ရှောက်အံ့ ဟုဆို၍ ငှက်ငယ်တို့၏ အထက်၌ ရပ်၍ ရှစ်သောင်းသော ဆင်တို့သည် သွားကုန်ပြီးသော် နှံစုတ်ငှက်မကိုခေါ်၍ နှံစုတ်ငှက်မငယ်... ငါတို့နောက်၌ တစ်စီးတည်းသော ဆင်သည် လာလတ္တံ့၊ ထိုဆင်သည် ငါတို့စကားကို နားမထောင်လတ္တံ့၊ ထိုဆင်လာလတ်သော် ထိုဆင်ကိုလည်း တောင်းပန်၍ သားငယ်တို့၏ ချမ်းသာခြင်းကို ပြုရစ်လော့ ဟု ဆို၍ သွား၏။
တောင်းပန်သော်လည်း ဒုက္ခပေး
နှံစုတ်ငှက်မငယ်သည်လည်း ထိုဆင်မင်းအား ခရီးဦး ကြိုဆို၍ အတောင်နှစ်ဖက်တို့ဖြင့် လက်အုပ် ချီ၍-
အာရညကံ ပဗ္ဗတသာနုဂေါစရံ။
ပက္ခေဟိ တံ ပဉ္ဇလိကံ ကရောမိ၊
မာ မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၄၀။ ကုဉ္ဇရ၊ ဆင်မင်း။ ဧကစာရိံ၊ တစ်စီးတည်းသာ ကျက်စားလေ့ရှိသော။ အာရညကံ၊ တော၌နေသော ပဗ္ဗတသာနုဂေါစရံ၊ ကျောက်တောင် မြေတောင်တို့၌ အစာကိုရှာသော။ တံ၊ သင့်ကို ပက္ခေဟိ၊ အတောင်တို့ဖြင့်။ အဟံ၊ ငါသည်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြု၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာ ဝဓိ၊ မသတ်ပါလင့်။
ထိုဆင်သည် နှံစုတ်ငှက်မငယ်၏ စကားကိုကြား၍-
ကိံ မေ တုဝံ ကာဟသိ ဒုဗ္ဗလာသိ။
သတံ သဟဿာနိပိ တာဒိသီနံ၊
ဝါမေန ပါဒေန ပပေါထယေယျံ။
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
၄၁။ လဋုကိကေ၊ နှံစုတ်ငှက်မငယ်။ တေ၊ သင်၏။ ပုတ္တကာနိ၊ သားငယ်တို့ကို။ ဝဓိူာမိ၊ ငါသတ်အံ့။ တွံ၊ သင်သည်။ ဒုဗ္ဗလာ၊ အားနည်းစွာသည်။ အသိ၊ ဖြစ်၏။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ကိံ ကာဟသိ၊ အသို့ပြုနိုင်လတ္တံ့နည်း။ တာဒိသီနံ၊ သင်ကဲ့သို့ သဘောရှိကုန်သော။ သတသဟဿာနိပိ၊ တစ်သိန်းသော ငှက်မတို့ကိုလည်း။ ဝါမေန ပါဒေန၊ လက်ဝဲခြေဖြင့်သာ ပပေါထယေယျံ၊ ငါသတ်အံ့။
ဤသို့ဆို၍ ထိုဆင်သည် နှံစုတ်ငှက်မငယ်၏ သားငယ်တို့ကို ခြေဖြင့်နင်းချေ၍ ကျင်ငယ်ဖြင့် မျောစေ၍ မြည်ဟည်းလျက် ဖဲ၏။
နှံပြည်စုတ်ငှက်ကြိမ်းမောင်းသံ
နှံစုတ်ငှက်မငယ်သည် သစ်ခက်၌နား၍ ယခု သင်သည် မြည်ဟည်းလျက် သွား၏။ နှစ်ရက် သုံးရက်ဖြင့် ငါ့အမှုကို မြင်ရလတ္တံ့၊ ကိုယ်အားထက် ဉာဏ်အားကြီးသော အဖြစ်ကို သင်မသိနိုင်သည် ဖြစ်စေဦး၊ သင့်ကို သိစေအံ့ ဟု ခြိမ်းခြောက်၍လျှင်-
ဗလံ ဟိ ဗာလဿ ဝဓာယ ဟောတိ၊
ကရိဿာမိ တေ နာဂရာဇ အနတ္ထံ၊
ယော မေ ဝဓိ ပုတ္တကေ ဒုဗ္ဗလာယ။
ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။
၄၂။ နာဂရာဇ၊ ဆင်မင်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရာ၌။ ဗလေန၊ အားဖြင့်။ ကိစ္စံ၊ ပြုအပ်သည်။ န ဟေဝ၊ မဟုတ်သလျှင်တည်း။ ဟိသစ္စံ၊ မှန်၏။ ဗလံ၊ ကိုယ်အားသည်။ ဗာလဿ၊ လူမိုက်အား။ ဝဓာယ၊ သတ်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏။ ယော တွံ၊ အကြင်သင်သည်။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။ ဝဓိ၊ သတ်၏။ တေ၊ သင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ ကရိဿာမိ၊ ငါပြုအံ့။
မိတ်ဆွေဖွဲ့၍ အကူအညီတောင်းပုံ
နှံစုတ်ငှက်မငယ်သည် ဤသို့ဆို၍ နှစ်ရက်သုံးရက် တစ်ခုသောကျီးကို ခစား၍ ထိုကျီးသည် နှစ်သက်သဖြင့် သင်၏ အဘယ် အမှုကို ငါပြုရအံ့နည်း ဟု မေးလတ်သော် အရှင်... အကျွန်ုပ်အား တပါးသော ပြုဖွယ်ကိစ္စမရှိ၊ တစ်ခုသော ဧကစာရဆင်၏ မျက်စိတို့ကို အရှင်တို့သည် နှုတ်သီးဖြင့်ထိုး၍ ဖောက်ခြင်းတို့ကို အကျွန်ုပ် တောင့်တ၏ ဟု ဆို၏။ ကျီးသည် ကောင်းပြီ ဟု ဝန်ခံ၏။
တစ်ခုသော ယင်မမဲရိုင်းကို ခစား၏။ ထို ယင်မမဲရိုင်းသည်လည်း ငါသည် အဘယ်မည်သော သင့်ကိစ္စကို ပြုရအံ့နည်း ဟု မေးလတ်သော် ဤအကြောင်းကြောင့် ဧကစာရဆင်၏ မျက်စိတို့သည် ပေါက်ကုန်လတ်သော် ထိုမျက်စိတို့၌ အရှင်တို့သည် ပိုးလောက်ကို ချစိမ့်သောငှာ အကျွန်ုပ်အလိုရှိ၏ ဟု ဆို၍ ထိုယင်မမဲရိုင်းသည်လည်းကောင်းပြီဟု ဆိုလတ်သော် တစ်ခုသေ ဖားသို့ ခစား၍ ဖားသည် သင်၏ အဘယ်အမှုကို ပြုရအံ့နည်း ဟု မေးလတ်သော် အကြင်အခါ၌ ထိုဧကစာရဆင်သည် ကန်းသည်ဖြစ်၍ ရေကို ရှာလတ္တံ့။ ထိုအခါ တောင်ထိပ်၌ နေ၍ အသံပြုလော့။ ထိုဆင်သည် တောင်ထိပ်သို့ တက်လတ်သော် ဆင်းသက်၍ ချောက်ကမ်းပါးပြတ်၌ အသံပြုလော့၊ အကျွန်ုပ်သည် အရှင်တို့ထံမှ ထိုအမှုကို တောင့်တ၏ ဟု ဆို၏။ ဖားသည် ကောင်းပြီ ဟုဝန်ခံ၏။
ဆင်မိုက်ကြီးသေရပြီ
ထိုအခါ တစ်နေ့သ၌ ကျီးသည် ဆင်၏ မျက်စိနှစ်ဖက်တို့ကို နှုတ်သီးဖြင့် ဖောက်၏။ ယင်မမဲရိုင်းသည် ပိုးလောက်တို့ကို လွှတ်၏။ ဆင်သည် ပိုးလောက်ကိုက်၍ ဝေဒန၁သို့ရောက်လျက် ရေငတ်သည်ဖြစ်၍ ရေရှာသွား၏။ ထိုအခါ ဖားသည် တောင်ထိပ်၌နေ၍ အသံပြု၏။ ဆင်သည် ထိုအရပ်၌ ရေရှိသည် ဖြစ်လတ္တံ့ဟု တောင်ထိပ်သို့တက်၏။ ထိုအခါ ဖားသည် ဆင်းသက်၍ တောင်ကမ်းပါး၌ တည်၍ အသံပြု၏။ ဆင်သည် ထိုအရပ်၌ ရေရှိသည် ဖြစ်လတ္တံ့ ဟု ကမ်းပါးပြတ်သို့ ရှေးရှုလာလတ်သော် ကျ၍ သေ၏။
နှံစုတ်ငှက်မငယ်သည့် ဆင်သေသည်၏ အဖြစ်ကို သိ၍ ရန်သူ၏ ပျက်စီးခြင်းကို မြင်ရပြီ ဟု နှစ်သက်ဝမ်းသာ ဆင်ကျောက်ကုန်း၌ လူးလာသွား၍ ကံအားလျော်စွာ လား၏။
ရန်မဖြစ်ကြနှင့်
သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ... ရန်မည်သည်ကို တစ်စုံတစ်ယောက်သော သူနှင့်တကွ မပြုအပ်၊ ဤသို့လျှင် အားနှင့်ပြည့်စုံသောဆင်ကို လေးခုကုန်သော သတ္တဝါတို့သည် တစ်ပေါင်းတည်း ဖြစ်ကုန်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏ ဟု ပြတော်မူအံ့သောငှာ-
ဧတေ နာဂံ အဃာတေသုံ၊ ပဿ ဝေရဿ ဝေရိနံ။
တသ္မာ ဟိ ဝေရံ န ကယိရာထ၊ အပ္ပိယေနပိ ကေနစိ-
ဟူသော ဤဂါထာကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။
၄၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာကဉ္စ၊ ကျီးကိုလည်းကောင်း။ လဋုကိကဉ္စ၊ နှံစုတ်ငှက်မကိုလည်းကောင်း။ မဏ္ဍူကဉ္စ၊ ဖားကိုလည်းကောင်း။ နီလမက္ခိကဉ္စ၊ ယင်မမဲရိုင်းကို လည်းကောင်း။ ပဿ၊ ရှုလော့။ ဧတေ၊ ထိုလေးခုသော သတ္တဝါတို့သည်။ နာဂံ၊ ဆင်ကို။ အဃာတေသုံ၊ သတ်နိုင်ကုန်ပြီ။ ဝေရီနံ၊ ရန်သူတို့၏။ ဝေရဿ၊ ရန်၏။ ဂတိံ၊ ဖြစ်ခြင်းကို။ ပဿ၊ ရှုလော့။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ အပ္ပိယေန၊ မချစ်အပ်သော။ ကေနစိပိ၊ တစ်စုံတစ်ယောက်သော သူနှင့်လည်း။ သဒ္ဓိံ၊ တကွ ဝေရံ၊ ရန်ကို။ န ကယိရာထ၊ မပြုရာ။
ဇာတ်ပေါင်း... အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဧကစာရီဆင် ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆင်မင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
ကျီး, ယင်, ငှက်, ဖား၊ လေးဦးသား၊ စိတ်အားညီနေ ဆင်ကြီးသေ
ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော လဋုကိကဇာတ်သည်ပြီး၏။
*****