မာတိကာသို့ ခုန်သွားရန်

လာဘဂရဟဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၈၇။ လာဘဂရဟဇာတ် (၃-၄-၇)
3084ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၈၇။ လာဘဂရဟဇာတ် (၃-၄-၇)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

တိကနိပါတ်-အဗ္ဘန္တရဝဂ်

၇။ လာဘဂရဟဇာတ်

လာဘ်များဘို့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက္ခသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာနုမ္မတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလာဘဂရဟဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်သည် အရှင်သာရိပုတ္တရာမထေရ်သို့ ဆည်းကပ်၍ ရှိခိုး၍ နေလျက် အရှင်ဘုရား အကျွန်ုပ် လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ဟောတော်မူပါလော့၊ အဘယ်သို့ပြုသောသူသည် သင်္ကန်းအစရှိသော လာဘ်တို့ကို ရသနည်းဟု မေး၏။ ထိုအခါ ထိုရဟန်းအား အရှင်သာရိပုတ္တရာ မထေရ်သည် ငါ့သျှင် လေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသော ရဟန်းအား လာဘသက္ကာရဖြစ်၏။ မိမိကိုယ်တွင်း၌ ဟိရိဩတ္တပ္ပကို ဖျက်၍ ရဟန်းအဖြစ်ကို စွန့်၍ မရူးသော်လည်း ရူးသကဲ့သို့ ဖြစ်ရာ၏။ ပိသုဏဝါစာကို ဆိုရာ၏။ ၊ ကချေသည်နှင့် တူသည် ဖြစ်ရာ၏။ ဖရိုဖရဲသော စကားရှိသည် ဖြစ်ရာ၏။ ဤအကျင့်သည်ကား လာဘ်ဖြစ်ခြင်း၏အကြောင်းဖြစ်သော အကျင့်တည်းဟု ဟော၏။ ထိုရဟန်းသည် ထိုအကျင့်ကိုကဲ့ရဲ့၍ ထ၍ ဖဲသွား၏။ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားသို့ ဆည်းကပ်၍ ရှိခိုး၍ ထိုအကြောင်းကို ကြား၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းသည် ယခုအခါ၌သာလျှင် လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့သည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာမထေရ်သည် တောင်းပန်လတ်သော် အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တဆယ့်ခြောက်နှစ်ကပင်လျှင် ဗေဒင်သုံးပုံ တဆယ့်ရှစ်ပါးသော အတတ်တို့၏ အဆုံးသို့ရောက်၍ ဒိသာပါမေက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကို အတတ်သင်၏။ လုလင်တို့တွင် တယောက်သော လုလင်သည် သီလအကျင့်နှင့် ပြည့်စုံ၏။ ထိုလုလင်သည် တနေ့သ၌ ဆရာသို့ ဆည်းကပ်၍ သတ္တဝါတို့အား အဘယ်အကြောင်းကြောင့် လာဘ်ဖြစ်သနည်းဟု လာဘ်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို မေး၏။ ဆရာသည် အမောင် ဤသတ္တဝါတို့အား လေးပါးကုန်သာ အကြောင်းတို့ဖြင့် လာဘ်သည် ဖြစ်၏ဟု ဆို၍-

၁၀၉။ နာနုမ္မတ္တော နာပိသုဏော၊ နာနဋော နာကုတူဟလော။
မူဠှေသု လဘတေ လာတံ၊ ဧသာ တေ အနုသာသနီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၉။ တာတ၊ အမောင်။ နာနုမ္မတ္တော၊ မရူးဘဲလျက် ရူးသောသူတို့၏ အမူအရာကို ကျင့်သော။ နာပိသုဏော၊ ချောပစ်ကုံးတိုက်တတ်သော အမျိုးမဟုတ်ဘဲလျက် ချောပစ်ကုံးတိုက်သောအကျင့်ကို ကျင့်သော။ နာနဋော၊ ကချေသည် မဟုတ်ဘဲလျက် ကချေသည်တို့၏အမူအရာကို ကျင့်သော။ နာကုတူဟလော၊ ဖရိုဖရဲပြောဆိုတတ်သော အမျိုးမဟုတ်ဘဲလျက် ဖရိုဖရဲ ပြောဆိုတတ်သောသူတို့၏ အမူအရာကို ကျင့်သော။ သတ္တော၊ သတ္တဝါသည်။ မူဠှေသု၊ မိုက်မဲ တွေဝေကုန်သော သူတို့မှ။ ဝါ၊ မိုက်မဲတွေဝေကုန်သော သူတို့ဆီက။ လာဘံ၊ လာဘ်ကို။ လဘတေ၊ ရ၏။ ဧသာ၊ ဤသည်ကား။ တေ၊ သင်အား။ ဒိန္နာ၊ ပေးအပ်သော။ အနုသာသနီ၊ အဆုံး အမတည်း။

တပည့်သည် ဆရာ၏စကားကိုကြား၍ လာဘ်ကို ကဲ့ရဲ့ လိုရကား -

၁၁၀။ ဓိရတ္ထု တံ ယသလာဘံ၊ ဓနလာဘဉ္စ ဗြာဟ္မဏ။
ယာ ဝုတ္တိ ဝိနိပါတေန၊ အဓမ္မစရဏေန ဝါ။

၁၁၁။ အပိ စေ ပတ္တမာဒါယ၊ အနဂါရော ပရိဗ္ဗဇေ။
ဧသာဝ ဇီဝိကာ သေယျော၊ ယာ စာဓမ္မေန ဧသနာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝိနိပါတေန ဝါ၊ ကိုယ်ကို ဖျက်ဆီးသဖြင့်၎င်း။ အဓမ္မစရဏေန၊ အဓမ္မကို ကျင့်သဖြင့်၎င်း။ ယာ ဝုတ္တိ၊ အကြင် စည်းစိမ်ဥစ္စာရခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တံ ယသလာဘဉ္စ၊ ထိုစည်းစိမ်ရခြင်းကို၎င်း။ တံ ဓနလာဘဉ္စ၊ ထိုဥစ္စာ ရခြင်းကို၎င်း။ ဓိရတ္ထု၊ ငါ စက်ဆုပ်၏။ အဓမ္မေန၊ အဓမ္မဖြင့်။ ယာ စ ဧသနာ၊ အကြင် ဥစ္စာရှာခြင်းသည်လည်း။ အတ္တိ၊ ရှိ၏။ တတော၊ ထိုအဓမ္မဖြင့် ဥစ္စာရှာခြင်းထက်။ အနာဂါရော၊ နေရာမရှိသည်ဖြစ်၍။ ပတ္တံ၊ သပိတ်ကို။ အာဒါယ၊ ယူ၍။ ပရိဗ္ဗဇေ အပိစေ၊ အကယ်၍ ဆွမ်းခံသွားငြားအံ့။ ဧသာဝ ဇီဝိကာ၊ ဤအသက်မွေးခြင်းသည်။ သေယျာ၊ မြတ်၏။

ဤလုလင်သည် ရဟန်းအဖြစ်၏ ကျေးဇူးကိုဆို၍ တောထွက်၍ ရသေ့ရဟန်းပြု၍ တရားသဖြင့် ဆွမ်းကိုရှာလျက် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သညု မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ လာဘ်ရခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့ သော ရဟန်းသည် ထိုအခါ လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဆရာဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အရူး, အက၊ အံ့ဘွယ်ပြ၍၊ ပြောကချောပစ်၊ ဤသနစ်၊ စင်စစ် လာဘ်များကြောင်း

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော လာဘဂရဟဇာတ်သည် ပြီး၏။

*****