လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာ
သင်ခန်းစာ (၉) လူကောင်းလူတော်ဖြစ်ရေးမင်္ဂလာ
[ပြင်ဆင်ရန်]ကျေးဇူးသိတတ်သော မင်းကြီး
[ပြင်ဆင်ရန်]ရှေးအခါက ဘုရားအလောင်းသည် ဗာရာဏသီပြည်၌ မင်းဖြစ်ခဲ့၏။ တစ်နေ့တွင် မင်းကြီးသည် နိုင်ငံ၏ အစွန်အဖျားတစ်နေရာ၌ ခိုးဆိုးသောင်းကျန်းနေသော သူခိုးဓားပြတို့ကို နှိမ်နင်းရန် စစ်သည် ဗိုလ်ပါများ ခြံရံလျက် သွားရောက်ခဲ့၏။ အကြောင်းမလှသဖြင့် စစ်ရှုံးပြီး မြင်းစီးကာ တစ်ပါးတည်း ထွက်ပြေးခဲ့ရသည်။
ထိုသို့ထွက်ပြေးရင်း မင်းကြီးသည် ရွာတစ်ရွာသို့ ရောက်သွား၏။ ချပ်ဝတ်တန်ဆာ ဆင်ယင် ထားသော မြင်းကို စီး၍ ဝင်လာသည့် မင်းကြီးကို မြင်ကြသောအခါ ရွာသူရွာသားတို့သည် ကြောက် လန့်၍ မိမိတို့၏ အိမ်ထဲသို့ အသီးသီး ဝင်ပြေးကြသည်။ သို့သော် ရွာသားတစ်ယောက်သည်ကား အိမ် ထဲသို့ ဝင်မပြေးဘဲ မင်းကြီးကို ခရီးဦးကြိုဆို၍ အိမ်သို့ ခေါ်ဆောင်သွား၏။ အိမ်သို့ ရောက်သောအခါ ဇနီးသည်ကို ခေါ်၍ “ရှင်မရေ ... လာပါဦး၊ ဒီမိတ်ဆွေရဲ့ ခြေတို့ကို ဆေးကြောပေးပါဦး”ဟု ပြောပြီး ခြေတို့ကို ဆေးကြောပေးစေသည်။ ထို့နောက် မင်းကြီးကို သူတို့မှာ ရှိသော အစားအစာတို့ဖြင့် ဧည့်ခံ ကျွေးမွေး၏၊ အိပ်ရာခင်းပေးပြီး အိပ်စက် အနားယူစေ၏။
မင်းကြီးသည် အလွန်ရိုးသားပြီး မိမိကိုယ်ကို အလွန်နှိမ့်ချတတ်သော ရွာသားဇနီးမောင်နှံ၏ ကျေးဇူးတရားတို့ကို စဉ်းစားနေမိ၏။ ပြန်လည်ကျေးဇူးဆပ်လိုသော ဆန္ဒလည်း ပြင်းပြနေ၏။ ထို့ ကြောင့် ထိုအိမ်၌ သုံးလေးရက် အနားယူခဲ့ပြီး အင်အားများ ပြန်လည်ပြည့်ဝလာသောအခါ မင်းကြီးသည် “မိတ်ဆွေ ... ကျွန်ုပ်ဟာ မြင်းစီးကြီး ဖြစ်ပါတယ်၊ အကြောင်းတစ်စုံတစ်ခုနဲ့ မြို့ကိုလာခဲ့ရင် မြို့ရဲ့ တောင်ဘက်က တံခါးစောင့်ကို မြင်းစီးကြီးအိမ် ဘယ်မှာလဲလို့ မေးလိုက်ပါ၊ သူက မိတ်ဆွေကို ကျွန်ုပ် အိမ်သို့ လိုက်ပို့ပေးပါလိမ့်မယ်”ဟု ပြောခဲ့ပြီး နန်းတော်သို့ ပြန်လာခဲ့သည်။ မင်းကြီးသည် မြို့၏ တောင်တံခါးသို့ ရောက်သောအခါ ‘မြင်းစီးကြီး’ဟု မေးသော ရွာသားတစ်ယောက် လာခဲ့လျှင် နန်းတော် သို့ လိုက်ပို့ပေးရန် တံခါးစောင့်ကို မှာထားခဲ့သည်။ သို့သော် ရွာသားသည် မြို့သို့ မလာပေ။ မင်းကြီးသည် ရွာသားကို လာစေချင်သောကြောင့် ထိုရွာသား နေထိုင်သော ရွာကို အခွန်တောင်း၏။ နှစ်ကြိမ်၊ သုံးကြိမ် အခွန် တောင်းသော်လည်း မလာပေ။
ထိုအခါ ရွာသားတို့သည် “မိတ်ဆွေ ... သင့်ရဲ့ မိတ်ဆွေ မြင်းစီးကြီး လာတဲ့ အချိန်ကစပြီး ကျွန်ုပ်တို့ အခွန်နဲ့ နှိပ်စက်ခံနေရတယ်၊ ဒီတော့ သင် မြို့ကို သွားပြီး ကျွန်ုပ်တို့ကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ သင့်မိတ်ဆွေ မြင်းစီးကြီးအား ပြောပေးပါ”ဟု ထိုရွာသားကို ပြောဆိုကြသည်။ ရွာသားလည်း“ကောင်းပြီ အဆွေတို့၊ ကျွန်ုပ် သွားပါ့မယ်၊ ဒါပေမဲ့ လက်ချည်းဗလာ သွားလို့တော့ မကောင်းဘူး၊ ဒီတော့ ကျွန်ုပ်မိတ်ဆွေရဲ့ မိသားစုအတွက် အဝတ်အစားအချို့ လက်ဆောင်အဖြစ် ယူသွားချင်ပါတယ်”ဟု ပြန်ပြောလိုက်သည်။ ရွာသားတို့လည်း သူ့အလိုကျ စီစဉ်ပေးလိုက်ကြသည်။
ဤသို့ဖြင့် ရွာသားသည် လက်ဆောင်၊ အဝတ်အစား၊ အိမ်လုပ်မုန့်တို့ကို ယူဆောင်၍ မြင်းစီး ကြီးနှင့်တွေ့ရန် မြို့ သို့ လာခဲ့၏။ မြို့၏ တောင်ဘက်တံခါးစောင့်လည်း ရွာသားကို မင်းကြီးထံသို့ လိုက်ပို့ပေးလိုက်၏။ ရွာသားလည်း နန်းတော်ထဲ ရောက်သောအခါမှ သူ့မိတ်ဆွေသည် မင်းကြီး ဖြစ်နေမှန်း သိတော့သည်။
မင်းကြီးလည်း ရွာသားကို မြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာ နွေးနွေးထွေးထွေး ခရီး ဦးကြိုသည်။ မိဖုရားကြီးကို ခေါ်ကာ မိတ်ဆွေ၏ ခြေတို့ကို ဆေးကြောစေ၏။ မင်းကြီးကလည်း ရွှေကရား ဖြင့် ရေသွန်းလောင်းပေး၏။ ထို့နောက် မင်းကြီးသည် ရွာသားကို ရာဇပလ္လင်၌ နေစေ၏။ ရွာသား ယူလာသော မုန့်တို့ကို ရွှေခွက်ဖြင့် ထည့်၍ ကိုယ်တိုင်လည်း ချက်ချင်း စား၏၊ မိဖုရားကြီးကိုလည်း စားစေ၏။ အဝတ်တန်ဆာတို့ကိုလည်း ကိုယ်တိုင် ချက်ချင်း ဝတ်၏၊ မိဖုရားကြီးကိုလည်း ဝတ်စေ၏။ မင်းကြီးသည် ရွာသားကို ဘုရင်မင်းမြတ်တို့သာ စားတော်တည်လေ့ရှိသော ဘောဇဉ်တို့ကို ကျွေးမွေး၏။ နောက်ဆုံးတွင် မင်းစည်းစိမ် တစ်ဝက်ကို ပေး၍ တိုင်းပြည်ကို မင်းနှစ်ပါးဖြင့် အုပ်ချုပ်ကြလေသည်။
လူကောင်းလူတော်ဖြစ်ရေး မင်္ဂလာ
[ပြင်ဆင်ရန်]အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊
ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊
ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊
ကိုယ့်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊
အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊
နာကြား မပြတ်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။