လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ကုသိုလ်ရေးလုပ်ငန်းများကိုပယ်ခြင်း ဝိနိစ္ဆယ
ဆုပေး ဆုယူ ပယ်ခြင်းနှင့် စပ်သည့် ဝိနိစ္ဆယ
ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ရေးလုပ်ငန်းများ၊ သပိတ်သွတ်ခြင်းစသော ဘာသာရေးဆိုင်ရာ အမှုကိစ္စများကို အပိုသက်သက် ဖြစ်သယောင်ယောင် ဟောပြော ရေးသား ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စောဒနာ သောဓနာချက်တို့ကို ဝေဖန် သုံးသပ်ချက်။
၁။(က) ဆုတောင်း ဆုပေးသက်သက်ဖြင့် မည်သည့် အာနိသံသမျှ အကျိုးတရား ထင်ရှားနိုင်လိမ့်မည်ဟု မယုံကြည်။ (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ အယူဝါဒရေးရာ သဘောထား (၁၁-နံပါတ်)။
(ခ) အမှန်ဆိုရလျှင် ဆုတောင်းပတ္တနာပြုမှုကြောင့် အကျိုးရရှိသည်ဟူသော လူသား၏ ယုံကြည်ချက်ကား သူ၏ကြွေးကြော် အော်မြည်မှုကြောင့် မိုးဦးကျလာရသည်ဟူသော ဖားသူငယ်၏ ယုံကြည်မှုမျိုးသာ ဖြစ်လေတော့ သည်။ (လူသေလူဖြစ်စာအုပ် နှာ-၁၄၉)။
(ဂ) ဘုန်းတော်ကြီးများသည် ဆုတောင်းပတ္တနာပြုမှုကို မိမိကိုယ်တိုင် ပြုရုံမျှမကမူ၍ လူဒါယကာနှင့် ဒါယိကာမတို့အား ဆုပေးမှုကိုလည်း ပြုကြကုန်သေး၏၊ (လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ-၁၄၇)
(ဃ) ဗုဒ္ဓသည် ယခု လူအများကြီးက လက်ခံယုံကြည်နေသော တမလွန် ဆုတောင်းခြင်း၊ ဆုပေးခြင်း စသော ကမ္မဿကတာ ဒါန၊ သီလကုသိုလ်မျိုးကို မပြုလုပ်၊ အားမပေးပြန်ချေ။ (သခင်မြတ်ဆိုင်၏ ဗုဒ္ဓမိဂဒါဝုန် တရားစာအုပ် နှာ-၅၈)
(င) သေသူအတွက် သချႌုင်းကုန်းသို့ လိုက်ပြီးလျှင် တကယ်ဖြစ်ပျက်ရန် အလားအလာ မရှိသော အမြုံ ကတိများကို ပေးကြကုန်၏၊ သေ၍ သွားလေပြီးသူများ တမလွန်လောက၌ ကြည်လင်ရွှင်ပျ ချမ်းသာသုခ ရရှိရေးအတွက် ရည်မှန်း၍ ဆွမ်းသွတ်ကြကုန်၏၊ ပိဏ္ဍာ ကျွေးကြကုန်၏၊ အမျှအတမ်း ဝေကြစေကုန်၏၊ အေး-သူတို့သည် သူတို့၏ သက်ထိန်းလမ်းကို ထွင်ရာ၌ကား အထူးအချွန် အလွန်ကျွမ်းကျင်တော်မူကြ ကုန်သည်တကား။ (လူသေလူဖြစ်၊ နှာ-၃၁၅)
လူသေလူဖြစ်ဆရာနှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ အထက်ပါ အယူဝါဒ ဟောပြော ရေးသားချက်တို့ကို ကောက်နုတ်တင်ပြကြလျက် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ဆုပေး၊ ဆုယူပြုလုပ်ခြင်းစသော ဘာသာရေး ဆိုင်ရာ ကိစ္စများကို သူတို့ကိုယ်တိုင်ကလည်း ဘာတစ်ခုမျှ မပြုလုပ်ကြပါ။ ထိုလုပ်ငန်းကို လုပ်ဆောင်ကြသော ရဟန်းရှင်လူများကိုပင် အမျိုးမျိုးအဖုံဖုံ အမနာပ ကဲ့ရဲ့ရှုတ်ချ ဟောပြော ရေးသားနေကြကြောင်း၊ ၎င်းတို့၏ ဟောပြော ရေးသားချက်များသည် သာသနာတော်ကို ထိပါး ပုတ်ခတ်ရုံမျှမက ထေရဝါဒ ပိဋကတ်တော်လာ အဆိုအမိန့်များကို မျက်ကွယ်ပြုသော ဟောပြော ရေးသားချက်များ ဖြစ်နေပါသောကြောင့် တိရောကုဋ္ဋသုတ်၊ ဇာဏုဿောဏိသုတ်စသော ပိဋကတ်တော် ကျမ်းဂန်များနှင့် ဆန့်ကျင်သော အဓမ္မဝါဒ မိစ္ဆာအယူသာဖြစ်ကြောင်း စောဒကဆရာတော်များက စောဒနာကြသည်။
၂။ စောဒကဆရာတော်တို့၏ သာမညဝိသေသစောဒနာလွှာ နှစ်ရပ်လုံးကို ခြုံငုံ၍ သုံးသပ်ရသော် အမှတ်(က) ကောက်နုတ်ချက်သည် ဌာပနာပြုထိုက်သော အင်္ဂါအရည်အချင်း မပြည့်စုံသောကြောင့် လျစ်လျူရှုထိုက်သော ကောက်နုတ်ချက်ဖြစ်သည်ဟူ၍ သုံးသပ်တော်မူကြသည်။
ဝိသေသစောဒနာ၌ ချွတ်ယွင်းချက်မရှိ၊ အထောက်အကိုး သာဓက မှန်ကန်ပြည့်စုံသော စောဒနာဖြစ်ကြောင်း တွေ့ရပေသည်။
ဆုပေးဆုယူပြုခြင်း၊ သီလခံယူခြင်း၊ သပိတ်သွတ်ခြင်းတို့ကို တစ်ခုစီ တစ်ခုစီ စိစစ်သုံးသပ်ပေအံ့။
၃။ စောဒကဆရာတော်တို့၏ စောဒနာချက်ကို ဦးဆန္ဒဓိက၊ သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က ပြန်လည် ဖြေရှင်း သောဓနာပြုရာ၌ ဆုပေးဆုယူကိစ္စနှင့် ပတ်သက်၍ ဝိနယမဟာဝဂ္ဂပါဠိ၊ မြန်မာပြန် နှာ-၃၉၅-၌ ပါရှိသော ဇီဝကနှင့် ဝိသာခါတို့ လျှောက်ထားကြပုံ၊ မြတ်စွာဘုရားရှင်က ပြန်လည် မိန့်ကြားတော်မူပုံကို ထုတ်ဆောင်ပြကြလျက် ဇီဝကနှင့် ဝိသာခါတို့က တောင်းသည့်ဆုသည် အပ်လည်းအပ်ပါ၏၊ အပြစ်လည်းမရှိပါဟု လျှောက်ထားမှ ခွင့်ပြုခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည်ပင် တမလွန်ကျိုးမျှော်ဆုများ မပေးလျှင် တပည့်သာဝကများ အတွက်မူ ဆိုဖွယ်ရာ မရှိတော့ပါဟု သောဓနာကြ၏၊
ဦးဆန္ဒဓိက၊ သခင်မြတ်ဆိုင်၊ သမ္မာသိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ဇီဝက၊ ဝိသာခါတို့ တောင်းသော ဆုများမှာ တမလွန်ကျိုးမျှော်ကိုးပြီး တောင်းသော ဆုများဟု မြတ်စွာဘုရားက ထင်မြင်သောကြောင့် ဆုပေးခြင်းမှ လွန်မြောက်၏ဟု ဘုရားရှင်၏ အလိုတော်ကို သိကြသယောင် ထင်မြင်ချက်များ ရေးသားပြီး ဗုဒ္ဓရှင်တော်မြတ်ပင် တမလွန်ကျိုးမျှော်ဆုများ မပေးလျှင် တပည့်သာဝကများ အနေဖြင့် ဘာဆုမျှ ပေးနေစရာမလိုဟု ကောက်ချက်ချလိုက်ကြသည်။ ထိုထင်မြင်ချက်၊ ကောက်ချက်တို့သည် စောဒကတို့၏ စောဒနာချက်ကို ချေဖျက်ရာ၌ ခိုင်လုံမှု မရှိပေ။
၄။ ထိုပါဠိတော် မြန်မာပြန် နှာ-၁၁၇-၌ပင် သုဒ္ဓေါဒနမင်းကြီးကို မြတ်စွာဘုရားတို့သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်၏-ဟူသော စကားကို ဘုရားရှင် မိန့်ကြားခဲ့ဖူးပြီ။ ထိုသို့ မိန့်ကြားရခြင်း၏ အကြောင်းကို ဝိနည်းမဟာဝါအဋ္ဌကထာ၌-
တတ္ထ ယသ္မာ ဥဉ္ဆာစရိယာယ ဇီဝတော ပဗ္ဗဇိတဿ (ဝိ၊ဋ္ဌ၊၃၊၂၉၁)-
စသည်ဖြင့် ဖွင့်ပြလျက် ရှိ၏၊ ထိုအဖွင့်၏ မြန်မာပြန်မှာ-
“ကိုယ်တိုင်က သပိတ်ပိုက်လျက် ဆွမ်းခံလှည့်လည်ခြင်းဖြင့် အသက်မွေးရသော ရဟန်းအား အဘယ်ဆုဟူ၍ မပြောဘဲ သာမညအားဖြင့် ဆုတစ်ခုကို တောင်းလိုပါ၏-ဟု လျှောက်ထားခဲ့သော် တောင်းလိုသောဆုကို တောင်းလော့ဟူ၍ ပြောဆို ခွင့်ပြုခြင်းသည် မသင့်လျော် မလျောက်ပတ်။ မြတ်စွာဘုရားရှင်တို့၏ ထုံးစံ အလေ့အကျင့်တော်လည်း မဟုတ်သောကြောင့် အတိက္ကန္တဝရာ ခေါ ဂေါတမ တထာဂတာ-ဟူသော စကားကို ဘုရားရှင် မိန့်ကြားတော်မူပြီ”။
ဤဖွင့်ဆိုချက်အရ လောကီ ထီးနန်းစည်းစိမ် ရွှေငွေဘဏ္ဍာ မင်းအာဏာတို့ကို စွန့်ပယ်ကာ ဘုရားအဖြစ်ကို ရောက်နေပြီဖြစ်၍ ကိုယ်တော်တိုင် ဆွမ်းခံလှည့်လည်ခြင်းဖြင့် စားသောက် အသက်မွေးရသော မြတ်စွာဘုရားမှာ လူတို့ တောင်းလေ့တောင်းထရှိသော ရွှေငွေဘဏ္ဍာ အခွင့်အာဏာစသော ဆုတော် လာဘ်တော်များကို ပေးနိုင်ခြင်းမှ လွန်မြောက်ကုန်ပြီဟူသော အနေအားဖြင့် မိန့်ကြားတော်မူခြင်း ဖြစ်သည်။ သမ္မာဒိဋ္ဌိသုတေသနသမားတို့ ပြောသလို တမလွန်ကျိုးမျှော် ဆုများဖြစ်သည်ထင်၍ ဆုပေးခြင်းမှ လွန်မြောက်ကုန်၏ဟု ဘုရားရှင် မိန့်ကြားတော်မူခြင်း မဟုတ်။
၅။ သီလက္ခန္ဓဝဂ္ဂပါဠိ၊ တေဝိဇ္ဇသုတ်၌ ဝါသေဋ္ဌအား အစိရဝတီမြစ်ဟိုဘက်ကမ်းကို သည်ဘက်ကမ်း ရောက်အောင် ခေါ်ယူ၍ မရနိုင်ပုံ ဥပမာပြ၍ ဘုရားရှင် ဟောထားသည်မှာ- ဗြာဟ္မဏဖြစ်နိုင်သော ဗြဟ္မာအဖြစ်သို့ ကပ်ရောက်နိုင်သော အကျင့်သီလ မကျင့်ဘဲ ဆုတောင်းနေခြင်း၊ တောင့်တနေခြင်းစသည်ကြောင့် ဗြာဟ္မဏမဖြစ်နိုင်၊ ဗြဟ္မာအဖြစ်သို့ မကပ်ရောက်နိုင်ပုံကို ဟောထားခြင်း ဖြစ်လေသည်။ ထိုဗြာဟ္မဏတို့၏ ဆုတောင်းပုံနှင့် ယခု ဗုဒ္ဓဘာသာတို့၏ ဆုတောင်းပုံ လုံးဝ မတူပေ။ ဦးဆန္ဒာဓိကအနေဖြင့် အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ်၊ ဒါနုပပတ္တိသုတ် (၇၀၊၇၁)၌ မြတ်စွာဘုရား ဟောကြားအပ်သော “ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ” ရဟန်းတို့ ... သီလရှိသောသူအား စင်ကြယ်သောကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံ၏ဟူသော ဒေသနာတော်ကို ပစ်ပယ်ရာ ရောက်ပေသည်။
၆။ ဆက်လက်၍ ဦးဆန္ဒာဓိကကပင် အဆင်းစသော အာရုံငါးမျိုးရလိုကြောင်း ဆုတောင်းလျှင် အကပ္ပိယ သာဝဇ္ဇ-မအပ်မစပ်၊ အပြစ်မကင်းသော ဆုမျိုးဆိုနိုင်ကြောင်း သာသနာဝန်ထမ်း ရှင်ရဟန်းတို့ အကပ္ပိယ သာဝဇ္ဇဆုမျိုး မပေးမိရန် အထူးသတိပြုသင့်ကြပါသည်ဟု “ယော ရူပံ အဘိနန္ဒတိ၊ ဒုက္ခံသော အဘိနန္ဒတိ”စသော အကိုးဖြင့် ဖြေရှင်းသွားသည်ကို တွေ့ရ၏၊ ရုပ်အဆင်းစသည်ကို နှစ်သက်သောသူသည် ဆင်းရဲကို နှစ်သက်ရာ ရောက်၏ဟု ဘုရားရှင်ဟောထားသောကြောင့် ရုပ်အဆင်းစသည်ကို ဆုပေးဆုတောင်းပါက ရုပ်အဆင်းကို နှစ်သက်စေခြင်းဖြင့် ဒုက္ခကို နှစ်သက်အောင် ဆုပေးရာ ဆုတောင်းရာရောက်သောကြောင့် မအပ်၊ အပြစ်ရှိသည်ဟု မိမိလိုရာဆွဲ၍ အကိုး သာဓကပြုထားပေသည်။ သို့ရာတွင် ရှင်ရဟန်းဖြစ်စေ လူဖြစ်စေ အဆင်းစသော အာရုံကို ဆုမပေးရ၊ ဆုမတောင်းရ၊ ဆုပေးဆုတောင်းက မအပ်၊ အပြစ်ရှိ၏ဟူ၍ ဟောကြားထားသော ဒေသနာတော် မရှိပေ။
၇။ ဗုဒ္ဓဘာသာဝင်တို့ ဆုပေးဆုတောင်းကြပုံမှာ အလိုရှိအပ်သော အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ကောင်းကျိုးတရားတို့နှင့် ပြည့်စုံ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ၊ ရောက်ရပါလို၏ဟူ၍ ဆုပေးဆုတောင်းကြခြင်း ဖြစ်သည်။
ဤသို့ ဆုတောင်းရာ၌ အသက်ရှည်ခြင်း, ကျမ်းမာခြင်း, ချမ်းသာခြင်းရှိမှ ဒါန သီလ စသော ကုသိုလ်ကို ဖြည့်ကျင့်နိုင်သည်၊ ဒါန သီလ ကုသိုလ်ကို ဖြည့်ကျင့်ဆည်းပူးသော ဝါသနာရှိသော ပုဂ္ဂိုလ်သာ ဘာဝနာအလုပ်ကို အားထုတ်လိုသော စိတ်ဆန္ဒ ရှိလာနိုင်သည်၊ ဆန္ဒရှိ၍ ကျင့်ကြံအားထုတ်မှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရောက် မျက်မှောက် ပြုနိုင်မည် ဖြစ်သည်၊ သို့ဖြစ်သောကြောင့် ဦးဆန္ဒာဓိက သခင်မြတ်ဆိုင်တို့ သောဓနာကြသလို အာရုံငါးပါးဆုမျိုး, ဒုက္ခကို နှစ်သက်စေတတ်သောဆု, ကာမသုခလ္လိကာနုယောဂဆု, အာသဝနှင့် မကင်းသောဆုမျိုး တောင်းသည်ဟု မဆိုနိုင်ပေ။
၈။ မြတ်စွာဘုရားသည် လောကီကောင်းကျိုးချမ်းသာဖြစ်သော ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့နှင့် ပြည့်စုံနိုင်သော တရားတော် ဒေသနာပေါင်းများစွာကို ဟောကြားထား၏၊ ထိုသို့ ဟောကြားထားခြင်းကြောင့် မြတ်စွာဘုရားရှင်ကို အာရုံငါးပါး ဒုက္ခကို နှစ်သက်စေတတ်သောတရားကို ဟောသောဘုရား၊ ကာမသုခလ္လိကာနုယောဂတရား, အာသဝနှင့်မကင်းသော တရား, သမုဒယတဏှာ အားပေးသော တရားတို့ကို ဟောကြားသော ဘုရားဟူ၍ ဆိုနိုင်ကောင်းမည်လော၊ မဆိုနိုင်ပေ၊ ယင်းသို့ မဆိုနိုင်သောကြောင့် ဆုတောင်းခြင်း ဆုပေးခြင်းကို ဒုက္ခတွေ သမုဒယတွေဟု သောဓနာခြင်းသည် အခြေအမြစ်မရှိသော သောဓနာခြင်းသာ ဖြစ်သည်။
၉။ ဆုတောင်း ဆုပေးနှင့် ပတ်သက်၍ ယနေ့ ဗုဒ္ဓဘာသာတို့၏ ဆုတောင်းခြင်းသည် (လူသေလူဖြစ်ဆရာ ရေးသကဲ့သို့) ဘာမျှမလုပ်ဘဲ ဆုတောင်းပတ္ထနာပြုမှုသက်သက်ကြောင့် အကျိုးရရှိသည်ဟူသော ယုံကြည်ချက်ဖြင့် ဆုတောင်းကြခြင်း မဟုတ်၊ အကြောင်းကုသိုလ်ကံကို ပြုလုပ်ပြီးမှ ဆုတောင်းပတ္ထနာ ပြုလျှင် တောင့်တသည့်အတိုင်း အကျိုးရသည်ဟူသော ယုံကြည်ချက်ဖြင့်သာ ဗုဒ္ဓဘာသာဝင်တို့ ဆုတောင်ကြခြင်း ဖြစ်၏၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲချေပသကဲ့သို့ သမုဒယတဏှာအားပေးသော-ဣစ္ဆိတံ ပတ္ထိတံ, အတ္တဝါဒ (လေပေးလေယူများ) မဟုတ်မူ၍ မြတ်စွာဗုဒ္ဓလောင်းလျာနှင့်တကွ အဂ္ဂသာဝက မဟာသာဝက လောင်းလျာတို့၏ လုပ်ထုံးလုပ်နည်းကို မှီး၍ ပြုလုပ်ကြခြင်းသာ ဖြစ်၏၊ ဩကာသကန်တော့ခန်း၌ ပါသော ကုသိုလ်စေတနာတို့ကြောင့် (ရပါလို၏ အရှင်ဘုရား)ဟူသော စကား၏ အဓိပ္ပာယ်ကို နားမလည်ဘဲ ဗြာဟ္မဏဝါဒီ ထာဝရဝါဒီတို့၏ ဆုတောင်းနှင့် ဗုဒ္ဓဝါဒီတို့၏ ဆုတောင်းကို ကွဲပြားစွာ သဘောမပေါက်သောကြောင့် ယခုလို စွပ်စွဲကြခြင်း ဖြစ်ပေသည်။
ရဟန်းရှင်လူ သူ,ငါကစ လောကသားမှန်သမျှသည် အလိုအကြိုက် အမျိုးမျိုးရှိရာ မိမိတို့ လိုလားချက် ရည်မှန်းချက် ပန်းတိုင်ကို ရရှိနိုင်ရေးအတွက် ရည်ညွှန်းခြင်း, စိတ်ညွှတ်ခြင်း, စိတ်ကို ဆောက်တည်ခြင်း, စိတ်၌ ထားခြင်း, စိတ်ကို ပွာများစေခြင်း, တောင့်တခြင်း, လွန်လွန်ကဲကဲပြုခြင်းကိုပင် (အဓိကာရ ပဏိဓာန) ဆုတောင်းခြင်းဟု ဆိုရသည်။
၁၀။ ထိုသို့ ဆုတောင်းရာ၌ လူနတ်နိဗ္ဗာန်ချမ်းသာကို ရစေနိုင်ရန် အထောက်အပံ့ ပြုနိုင်သော ဒါန သီလ ဘာဝနာ အလုပ်တို့ကို ပြုလုပ်၍ ဆုတောင်းကြ၏၊ အောက်ထစ်ဆုံးအနေအားဖြင့် ရတနာသုံးပါးကို ရှိခိုးကန်တော့ခြင်း (ပဏာမ) ကုသိုလ်ကို ပြုလုပ်ပြီးမှ ဆုတောင်းကြ၏၊ ကုသိုလ်တစ်ခုခု အကျင့်တစ်ခုခု မပြုကျင့်ဘဲ မည်သည့် ဗုဒ္ဓဘာသာတို့ကမျှ လက်ဖြန့် မတောင်းကြချေ။
ဤနေရာ၌ ရည်မှန်းချက် ဆုတောင်းအတိုင်း ဖြစ်လာကြသော အဂ္ဂသာဝက မဟာသာဝကတို့၏ လုပ်ဆောင်ချက်နှင့် ဆုတောင်းခြင်းကို ထုတ်ဆောင်ပြလို၏၊
ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လာန်လောင်းလျာ သရဒရသေ့နှင့် သီရိဝဋ္ဋကသူကြွယ်တို့သည် (တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလက) အနောမဒဿီဘုရားရှင်နှင့်တကွ အဂ္ဂသာဝကနှစ်ပါး သံဃာတော်အရှင်မြတ်တို့အား ပန်းမွေ့ရာအခင်း (သီရိဝဋ္ဋကသူကြွယ်က ဆွမ်းပါ) လှူဒါန်းကြပြီး ပထမ, ဒုတိယ အဂ္ဂသာဝကဆု အသီးသီး တောင်းခဲ့ကြသောကြောင့် ဤဂေါတမဘုရားရှင်လက်ထက်၌ အဂ္ဂသာဝက လကျ်ာတော်ရံ အရှင်သာရိပုတ္တရာထေရ်, လက်ဝဲတော်ရံ အရှင်မောဂ္ဂလ္လာန်ထေရ်အဖြစ်ကို ရတော်မူခဲ့ကြပေသည်။ [ထေရဂါထာအဋ္ဌကထာ(ဒု-၃၀၇၊၃၇၅]။
၁၁။ အရှင်မဟာကဿပ လောင်းလျာဖြစ်သော ဝေဒေဟသူကြွယ်သည်လည်း ဥပုသ်နေ့တစ်နေ့၌ ဥပုသ်ဆောက်တည်၍ နံ့သာပန်း စသည်တို့ဖြင့် ပဒုမုတ္တရဘုရားရှင်အား ပူဇော်၍ ထိုင်နေစဉ် ပဒုမုတ္တရဘုရားရှင်က တတိယသာဝကဖြစ်သော မဟာနိသဘထေရ်ကို ဓုတင်္ဂဓရဧတဒဂ်အရာ၌ ထားတော်မူသည်ကို ကြားနာရ၍ ကြည်ညိုစိတ်ဖြစ်ပေါ်ကာ ပဒုမုတ္တရဘုရားရှင် အမှုးရှိသော သံဃာတော်များအား (၇)ရက်ပတ်လုံး ဆွမ်းဆက်ကပ် လှူဒါန်းပြီးလျှင် (၇)ရက်မြောက်သောနေ့၌ တိစီဝရိတ်သင်္ကန်းများပါ လှူဒါန်းပြီး အရှင်ဘုရား (၇)ရက်ပတ်လုံး ဆွမ်းသင်္ကန်း လှူဒါန်းရသော တပည့်တော်၏ မေတ္တာ ကာယကံ မနောကံသည် ဘုရားရှင်နှင့် တကွ သံဃာတော်တို့၌ ကျရောက်တည်နေခဲ့ပါပြီ၊ တပည့်တော်သည် ဤအလှူဒါနကောင်းမှုကံဖြင့် တစ်ပါးတစ်ခြားသော နတ်စည်းစိမ်ကိုလည်းကောင်း၊ သိကြားမင်း, မာရ်မင်း, ဗြဟ္မာမင်းစည်းစိမ်ချမ်းသာကိုလည်းကောင်း မတောင့်တပါ၊ တပည့်တော်၏ ဤဆွမ်းသင်္ကန်းအလှူဒါန ကောင်းမှုကံသည် အနာဂတ်ကာလ၌ ပွင့်တော်မူလတံ့သော ဘုရားရှင်၏ အထံတော်ဝယ် မဟာနိသဘထေရ် ရရောက်အပ်သော ဓုတင်္ဂဓရဧတဒဂ်အရာကို ရရောက်၍ ဓုတင်တစ်ဆယ့်သုံးပါးဆောင် ရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်ရပါလို၏ဟု ဆုတောင်းခဲ့သောကြောင့် ဤဂေါတမဘုရားရှင်၏ လက်ထက်တော်၌ တတိယမဟာသာဝက ဓုတင်ဧတဒဂ်အရာကို ရတော်မူသော အရှင်မဟာကဿပ ပထမသံဂါယနာတင် သံဃာ့မဟာထေရ်ကြီး ဖြစ်လာခဲ့ပေသည်။
၁၂။ ခေမာထေရ်ရီလောင်းလျာ အိမ်ဖော်မတစ်ဦးသည် ပဒုမုတ္တရဘုရာရှင်၏တပည့် အဂ္ဂသာဝက သုဇာတထေရ် ဆွမ်းခံကြွလာစဉ် ကတွတ်မုန့်သုံးခုလှူဒါန်းပြီး ထိုနေ့၌ပင် မိမိဆံပင်တို့ကို ရိတ်ဖြတ်၍ ထေရ်အရှင်အား လှူဒါန်းလျက် အနာဂတ်ကာလ မြတ်စွာဘုရားရှင်လက်ထက်တော်၌ ပညာကြီးသော တပည့်သာဝိကာမ ဖြစ်ရပါလို၏ဟု ဆုပတ္ထနာပြုခဲ့သောကြောင့် ဤဂေါတမမြတ်စွာဘုရားလက်ထက်၌ ပညာအရာ ဧတဒဂ်ဘွဲ့ထူးရသော ခေမာထေရီဟူ၍ ဖြစ်လာခဲ့လေသည်။ ထေရီဂါထာအဋ္ဌကထာ(၁၃၀၊၁၃၉)
၁၃။ ပါထိကဝဂ္ဂပါဠိ၊ သင်္ဂီတိသုတ် (နှာ-၂၁၄)၌ အလိုရှိရာ တောင့်တ(ဆုတောင်း)၍ သမဏ ဗြာဟ္မဏအား ထမင်း, အဖျော် စသော လှူဖွယ်ဝတ္ထုကို ပေးလှူလျှင် မိမိတို့လိုလားအပ်သော ခတ္တိယမဟာသာလ အစရှိသော အဆင့်မြင့်သော လူ၏ အဖြစ်, စတုမဟာရာဇ်စသော နတ်၏ အဖြစ်သို့ ရောက်စေနိုင်သည်သာမက ဗြဟ္မာဘဝ ရရှိရေးအတွက်ကိုပါ အထောက်အပံ့ ပေးနိုင်ကြောင်း ဟောကြားထားတော်မူပေသည်။
တတြူပပတ္တိယာ သံဝတ္တတီတိ ယံ ပတ္ထေတွာ ကုသလံ ကတံ၊ တတ္ထ တတ္ထ နိဗ္ဗတ္တနတ္ထာယ သံဝတ္တတိ။ (ဒီ၊ဋ္ဌ၊၃၊၂၂၇)
တတြူပပတ္တိယာ သံဝတ္တတိ ဟူသည်ကား အကြင် ခတ္တိယမဟာသာလ ဗြာဟ္မဏမဟာသာလ ဂဟပတိမဟာသာလ စသော အမျိုးကို တောင့်တ၍(ဆုတောင်း၍) ကုသိုလ်ကို ပြုငြားအံ့၊ ထိုထို တောင့်တအပ်သော အမျိုး၌ ဖြစ်နိုင်၏ ဟူ၍ ပါထိကဝဂ္ဂအဋ္ဌကထာ၌ ဖွင့်ပြ၏၊
၁၄။ အာကင်္ခေယျ စေ ဂဟပတတော ဓမ္မစာရီ သမစာရီ (မ၊၁၊၃၅၉) စသည်ဖြင့် မူလပဏ္ဏာသပါဠိတော်၌ တရားမျှတမှုကို ပြုလေ့ရှိသောသူတို့ သေပြီးနောက်ကာလ၌ ခတ္တိယမဟာသာလ စသော လူ့ဘဝ နတ်ဘဝတို့ကို တောင့်တပါက ရနိုင်ကြောင်း သာလရွာသား ပုဏ္ဏားသူကြွယ်တို့ကို ဘုရားရှင် ဟောကြားထားပေသည်။ (ယင်း မြန်မာပြန်-၃၆၉)
၁၅။ မိန်းမ ယောကျ်ား အမှတ်မထား တပါးပါးသော သူသည် အလှူပေးခြင်း, သီလဆောက်တည်ခြင်း, ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း, ဣန္ဒြေတို့ကို စောင့်စည်းခြင်းဟူသော ရွှေအိုးကို မြှုပ်၍လည်းကောင်း၊ စေတီ, သံဃာ, ပုဂ္ဂိုလ်ဧည့်သည် အမိ, အဖ, အစ်ကို, အစ်မကြီးတို့၌ ပေးလှူခြင်း အမှုကြီးငယ်ကို ပြုစု ဆောင်ရွက်ခြင်းဟူသော ရွှေအိုးကို မြှုပ်၍လည်းကောင်း အလိုရှိအပ်သော ချမ်းသာသုခကို တောင့်တ(ဆုတောင်း) ပါက တောင့်တရာရာ ဆုတောင်းသည့်အတိုင်း ရနိုင်ကြောင်း (ခုဒ္ဒကပါဌပါဠိ၊ ၉၊ ၁၀၊ ၎င်း မြန်မာပြန်-၈၊ ၉)၌ လာရှိပေသည်၊ ဤအထိ ရှေးသူတော်ကောင်းတို့၏ ဆုတောင်းရိုးထုံးကို ဖော်ပြအပ်ပေသည်၊ ဤတွင် ပထမ ကုသိုလ်ပြုသည်၊ ဒုတိယ ထိုကုသိုလ်ကြောင့် မိမိလိုသော အကျိုးကို ရအောင် ဆုတောင်းသည်၊ ဤကဲ့သို့ ၂-ဆင့်ရှိသည်ကို သတိပြုသင့်သည်၊ ဆုမတောင်းသော်လည်း ကုသိုလ်ကံသည် ကောင်းသော အကျိုးကိုသာ ပေးမည်သာ ဖြစ်သည်၊ သို့သော် မည်သည့်ကောင်းကျိုးဟူ၍ကား မသိနိုင်၊ စိတ်ကညွတ်၍ လိုချင်သော ဆုကို ပန်သောအခါ၌မူကား မိမိ၏ စိတ်ဓာတ်စွမ်းရည်, မိမိ၏ ကိုင်းညွတ်မှု, မိမိ၏ ဦးတည်ချက် အကျိုးတရားကို ရနိုင်ပေသည်၊ ဤသို့ ရသည်ကိုပင် ဆုတောင်းပြည့်သည်ဟု ဆိုသည်။
ဆုတောင်းရာကား နိဗ္ဗာန်ကိုသာ ဆုတောင်းလျှင် ဝဋ်ကင်းရာကို ဆုတောင်း၍ အကောင်းဆုံးပင် ဖြစ်၏၊ သို့ရာတွင် နိဗ္ဗာန်ကို မျက်မှောက်ပြုသောအခါ မည်သို့မည်ပုံ မျက်မှောက်ပြုလိုသည်၊ မျက်မှောက်မပြုမီ မည်သို့ မည်ပုံ ဖြစ်လိုသည်ဟု တောင့်တနိုင်သည်၊ ဤကဲ့သို့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်း ကုသိုလ်ကံကြောင့် ရလိုသော အကျိုးကို ဆုတောင်းခြင်း ဟူသော ယနေ့ ဗုဒ္ဓဘာသာတို့၏ ပြုလုပ်ချက်သည် ကုသိုလ်ကံကိုလည်း မလုပ် (သူတစ်ပါးလုပ်သည်ကိုလည်း လိုက်ပြီး အပြစ်ပြောနေကြ) ဆုလည်း မတောင်းကြသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားတို့ထက် သာလွန်ကြောင်း သိနိုင်ပေသည်။
ဆုပေးခြင်း
၁၆။ ဆုပေးခြင်းနှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင် သိကြားမင်းအား ဆုပေးခဲ့သောထုံး ရှိပေသည်။
“ဧဝံ သုခီ ဟောတု ပဉ္စသီခ သက္ကော ဒေဝါနမိန္ဒော သာမစ္စော သပရိဇနော” (ဒီ၊၂၊၂၁၅)
ပဉ္စသီခ. . . ကောင်းပေပြီ၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည် အမတ်နှင့်တကွ အခြံအရံ ပရိတ်သတ်နှင့် တကွ ချမ်းသာပါစေသတည်း (ဒီ၊မြန်၊၂၊၂၄၁)။
၁၇။ ဘုရားရှင်သည် မိမိထံမှောက်သို့ ကပ်ရောက်လျက် ရှိခိုးသောသူ၏ နာမည်ကို ခေါ်၍ ဆုပေးစကား မြွက်ကြားတော်မူလေ့ပုံကို မူလပဏ္ဏာသ အဋ္ဌကထာ၊ နှာ-၁၈၅-၌ မြတ်စွာဘုရားသည် တစ်စုံတစ်ယောက်သောသူ လာရောက်၍ ရှိခိုးသည်ရှိသော် ရွှေမုရိုးစည်နှင့်တူသော လည်တိုင်တော်ကို ချီးမြှောက်၍ နားချမ်းသာဖွယ်, နှစ်သက်ဖွယ်ရှိသော အမြိုက်ရေစင်ဖြင့် သွန်းလောင်းသည်နှင့် တူသော အသံတော်ကို မြွက်ဟတော်မူကာ “ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိပါစေသတည်း” ဟူ၍ ထိုပုဂ္ဂိုလ်၏ နာမည်ကို ခေါ်တော်မူလျက် ဆုပေးစကား မြွက်ကြားတော်မူ၏ဟု ဖော်ပြထားပေသည်။
ဤသို့ ထုတ်ဆောင်ပြအပ်သော သာဓကတို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း ဆုပေးခြင်းသည် ရည်ရွယ်ချက် အဓိပ္ပာယ် အပြည့်အဝ ပါရှိ၍ အကျိုးရှိသော, ရှေးရှေးဘုရားရှင်တို့ လက်ထက်မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက် ဆင်းသက်လာခဲ့သော သူတော်စင်တို့၏ အစဉ်အလာကောင်း, ဘာသာယဉ်ကျေးမှု ဓလေ့ထုံးစံကောင်းတစ်ရပ် ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
ဗြာဟ္မဏဝါဒဟု စွပ်စွဲချက်
၁၈။ တစ်ဖန် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က “နိဗ္ဗာန်မရမီစပ်ကြား တစ်ဘဝမှ တစ်ဘဝသို့ ကောင်းကျိုး ဆိုးပြစ်အနေနှင့် လှည့်လည်နေသည့်သဘော အယူအဆသည် ဗုဒ္ဓ၏ အနတ္တဒေသနာနှင့် လုံးဝဆန့်ကျင်သော အတ္တသဿတဝါဒ၏ မှားယွင်းသော အယူအဆသာ ဖြစ်ပါသည်။ စောဒကဆရာတော်များသည် မိမိတို့ သဘောကျသော သီလခံယူခြင်း, ဆုပေးဆုယူခြင်း”, သပိတ်သွတ်ခြင်းတို့ကို အတ္တသဿတဝါဒနှင့် ဆက်နွယ်၍ ဗုဒ္ဓမပွင့်မီ သာသနာပကာလက ကျင့်သုံးလျက်ရှိသော ဗြာဟ္မဏဝါဒကို အမြစ်တွယ်နိုင်အောင် ကျားကန်ပေးနေခြင်းသာ ဖြစ်ပါသည်” စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှတစ်ဘဝသို့ ပြောင်းရွှေ့ရခြင်း ကျင်လည်ရခြင်း (သံသရာ) လက်ခံချက်နှင့် ကမ္မ, ကမ္မဝိပါက-ကံ, ကံ၏ အကျိုး ယုံကြည်ချက်ကို အတ္တသဿတဝါဒဟု စွပ်စွဲ ပုတ်ခတ်လျက် များစွာ ဖြေရှင်းသွားကြ၏၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ဖြေရှင်းချေပလွှာကို သိမ်းခြုံ၍ ကောက်နှုတ်ချက်ချရသော်-
(က) တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း (သံသရာ) နှင့် ကောင်းကျိုးဆိုးပြစ် (ကံ၊ ကံ၏အကျိုး), သီလခံယူခြင်း, ဆုပေး ဆုယူ, သပိတ်သွတ်ခြင်းတို့သည် အတ္တဝါဒ ဖြစ်သည်။
(ခ) ထိုအတ္တဝါဒများ ဘုရားပွင့်ချိန်၌ ငုပ်လျှိုးနေရာ ဘာသာရေးခေါင်းဆောင်တို့ ရိုက်သွင်းမှုကြောင့်လည်းကောင်း, စောဒကဆရာတော်များ ကျားကန်ပေးမှုကြောင့်လည်းကောင်း ပြန်လည်ဝေဆာ ထွန်းကားလာသည်ဟု ဖြစ်၏၊
အထက်ပါ စုဒိတကတို့ ချေပချက် နှစ်ရပ်တို့တွင် ဘဝသံသရာ, ကံ-ကံ၏အကျိုး ယုံကြည်မှု စသည်ကို အတ္တဝါဒဟု စွပ်စွဲသော (က)အမှတ်ပြ စကားဖြင့် တစ်ဘဝမှ တစ်ဘဝ (သံသရာ)၌ ဖြစ်ရခြင်းနှင့် ကုသိုလ်ကံ၏ ကောင်းကျိုး, အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ဟောကြားထားသော မြတ်စွာဘုရား တရားဒေသနာတို့ကို အတ္တဝါဒ (သဿတဝါဒ)ဟု ထပ်မံ၍ စွပ်စွဲရာရောက်သည့်ပြင် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း, သီလခံယူခြင်း, သပိတ်သွတ်ခြင်း စသော ဘာသာရေး ကုသိုလ်လုပ်ငန်းများကို ထိပါးပုတ်ခတ် ကဲ့ရဲ့ရှုတ်ချ အမနာပ ပြောဟော ရေးသားနေကြပါသည်။ ထေရဝါဒပိဋကတ်တော်များ၏ အဆိုအမိန့်နှင့် ဆန့်ကျင်ရာ ရောက်နေပါသည်-ဟူသော စောဒကဆရာတော်တို့က ဝန်ခံရာ ရောက်နေသည်ကို တွေ့ရ၏၊
စုဒိတကတို့၏ (ခ)အမှတ်ပြ စကားဖြင့် ဆုတောင်းခြင်း စသည်ကို ပြုလုပ်ကြသော ဗုဒ္ဓဘာသာဝင်တို့ကိုလည်း ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်လျက် ရှိပါသည် ဟူသော စောဒကဆရာတော်တို့၏ စောဒနာတင်ချက်ကိုလည်း ဝန်ခံထားကြသည်ကို တွေ့ရ၏၊ အခြားသူတို့၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ဆည်းကပ်မှုကို လိုက်လံဖျက်ဆီးနေကြခြင်း ဖြစ်၏၊
၁၉။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် မိမိကိုးကွယ်ယုံကြည်သည့် တရားတော်အတိုင်း လိုက်နာကျင့်သုံးမှု မကျင့်သုံးမှုမှာ ထိုပုဂ္ဂိုလ်၏ ယုံကြည်သက်ဝင်မှု သဒ္ဓါ, စေ့ဆော်တိုက်တွန်းတတ်သော စေတနာ, ထက်သန်အားကြီးသော အလိုဆန္ဒ, ထက်သန်သော စိတ်, ကြိုးစားအားထုတ်မှု လုံ့လဝီရိယ, အသိဉာဏ် ပညာဗဟုသုတတို့၏ အင်အားအပေါ်၌သာ တည်နေသောကြောင့် ဘာသာရေးအသိဉာဏ်ရှိအောင် ဟောပြော သင်ပြ တိုက်တွန်းပေးရုံမှ တစ်ပါး အခြားနည်းလမ်း မရှိသဖြင့် လျစ်လျူရှုထားရုံသာ ရှိ၏၊ သို့သော် မြတ်စွာဘုရား တရားတော်နှင့် တရားတော်အတိုင်း ယုံကြည်မှု, ကျင့်ကြံပြုလုပ်မှုတို့နှင့် စပ်လျဉ်း၍ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့က မမှန်မကန် စွပ်စွဲခြင်းကိုမူ အသိပညာနည်းပါးကြသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်၌ မြတ်စွာဘုရား တရားတော်ကို သံသယပွား အထင်မှားစေနိုင်သောကြောင့် လျစ်လျူ မရှုသင့်ပေ။
၂၀။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က အတ္တဝါဒီဗြာဟ္မဏ ကောင်းမှု ဆိုးမှုတို့၏ အမွေကို ခံယူထွက်သွားသော တကယ်မရှိသော အတ္တအတွက် ဘုံဘဝများတို့သည် ဆုတောင်းခြင်းများ ပိဏ္ဍကျွေးခြင်းများကို ယုံကြည် ပြုလုပ်ကြ၏၊ ထို့အတူ ဗုဒ္ဓဘာသာဝင်တို့သည်လည်း တစ်ဘဝမှ တစ်ဘဝဟူသော ယုံကြည်ချက်, ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်သော ချမ်းသာဆင်းရဲ ရရှိသည်ဟူသော ယုံကြည်ချက်ဖြင့် ဆုတောင်းခြင်း သီလခံယူ ကျင့်သုံးခြင်း, သပိတ်သွတ်ခြင်းတို့ကို ပြုလုပ်ကြသည်ဟု အတ္တဝါဒနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ပြုလုပ်မှုအသွင် ပုံစံတူညီသယောင် သွားပုပ်လေလွင့် ပြောနေကြသည်၊ ဗြာဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒ, အကြောင်းရင်း အခြေခံ ယုံကြည်ချက်အားဖြင့် ကွာခြားသည် မကွာခြားသည်ကို စေ့စေ့စပ်စပ် မသုံးသပ်ကြဘဲ ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝ စသော ယုံကြည်မှု ပြုလုပ်မှုတို့ကို အတ္တဝါဒဟူ၍ တာဝန်မဲ့ အရမ်းကာရော စွပ်စွဲပြောဆိုကြခြင်းသာ ဖြစ်ပေသည်။
၂၁။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် မဟုတ်တန်းတရား စွပ်စွဲ ပြောကြား ရေးသားရာ၌ အမြင်သန်စွာဖြင့် ထင်မိထင်ရာကို လုပ်ကြံ ပြောဆိုတတ်ပုံကို သက်သေသာဓကပြရသော် မဟောသဓာဇာတ်၌ ဇာတ်ပေါင်းခန်း, စုတေခန်း မပါသောကြောင့် မဟောသဓာ စုတေပြီး ဘယ်ဘဝသို့ လားရာရောက်သည်ကို မည်သူမျှ မသိနိုင်သည်ကိုလည်းကောင်း, ဇာတ်တော်များကို အလောင်းတော်၏ တစ်ဘဝပြီး တစ်ဘဝ-ဘဝဖြစ်စဉ် အနေအားဖြင့် အစဉ်လိုက် စဉ်တန်းပြထားခြင်း မဟုတ်ဘဲ သံဂါယနာထေရ်အရှင်မြတ်တို့က ဂါထာအနည်းအများအလိုက် ဧကနိပါတ် ဒုကနိပါတ် စသည်ဖြင့် အုပ်စုဖွဲ့ပြီး စီစဉ်ထားခြင်း ဖြစ်သည်ကိုလည်းကောင်း မသိနားမလည်ကြဘဲ ဇာတ်ကြီးဆယ်ဘွဲ့၌ တေ, ဇ, သု, နေ, မ, ဘူ, စန်, နာ, ဝိ, ဝေ-ဟူ၍ ဆက်၍ ပြထားသည်ကို တွေ့ရရုံမျှဖြင့် မဟောသဓာသေပြီး ဘူရိဒတ်နဂါး ဖြစ်ရမည်ဟု မှတ်ယူကြလျက် “ကုသိုလ်ကောင်းမှုများ အပြည့်အဝရှိပြီး တရားသဖြင့် စီရင်ဆုံးဖြတ်သော သုခမိန် မဟောသဓာအမတ်သည် သေပြီးသည်၏ အခြားမဲ့၌ အပါယဒုဂ္ဂတိဖြစ်သည့် တိရစ္ဆာန်မျိုးနွယ် နဂါးဖြစ်ရခြင်း”စသည်ဖြင့် ထည့်သွင်း သောဓနာထားသည်ကို တွေ့ရခြင်းကပင် ဦးဥက္ကဋ္ဌ၏တပည့် သမ္မာဒိဋ္ဌိသုတေသန အမည်ခံကြသူတို့သည် ဗုဒ္ဓဝါဒပိဋကစာပေ၌ အလွန် ဗဟုသုတ နည်းပါးရုံမျှမက မဟုတ်မဟတ် ထင်သလို တာဝန်မဲ့ ပြောဆိုယူဆတတ်ကြသူများလည်း ဖြစ်ကြောင်း ကောင်းကောင်းကြီး ပေါ်လွင် လှပေသည်။
၂၂။ မြတ်စွာဘုရားပွင့်၍ အနတ္တဟု ကြွေးကြော်ချိန်မှစပြီး ဟိန္ဒူ ဗြာဟ္မဏတို့၏ အတ္တဝါဒ ငုပ်လျှိုးနေခဲ့သည်ဆိုသော အချက်မှာ မှန်ပေသည်၊ သို့သော် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က အတ္တဝါဒ, အတ္တအယူအဆဟု စွပ်စွဲထားသော ဘဝ(သံသရာ)ကံ ကံ၏ အကျိုးကို ယုံကြည်မှုနှင့် ဒါနပြုခြင်း, သီလခံယူခြင်း စသော ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းတို့ကား မငုပ်လျှိုး မမှေးမှိန်ခဲ့ပေ၊ ထိုသို့ မငုပ်လျှိုး မမှေးမှိန်ခဲ့ရုံမျှမက မြတ်စွာဘုရား လက်ခံခွင့်ပြုတော်မူပြီး အကျိုးအမျိုးမျိုးပြကာ ဟောတော်မူခြင်းကြောင့်ပင် ဘုရားရှင်လက်ထက်၌ ဗုဒ္ဓဘာသာသူတော်စင်တို့သည် ကံ၏အကျိုးကို ပိုမိုယုံကြည်ကြ၍ ဉာဏ်အမြင် ရှင်းလင်းပြတ်သား စေတနာထက်ထက်ထား၍ ကြိုးစားအားထုတ် ပြုလုပ်ကြသဖြင့် ဘဝသမ္ပတ္တိအကျိုး အမျိုးမျိုးနှင့် မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင်သော အကျိုးတို့ကို ရရှိခံစားကြရကြောင်း ပါဠိတော်များအရ သိနိုင်ပေသည်။
၂၃။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲအပ်သော အတ္တဝါဒနှင့် ဗုဒ္ဓဘာသာဝင်တို့ လက်ခံယုံကြည်ထားသော တစ်ဘဝမှ တစ်ဘဝ ကျင်လည်မှု (သံသရာ)နှင့် ကံ, ကံ၏ အကျိုးတို့ မည်မျှ ကွာခြားကြသည်ကို သိမြင်နိုင်ရန် အခြေခံမှ စ၍ အနည်းငယ်ပြလို၏၊
အတ္တဝါဒနှင့် သံသရာ အယူအဆ
သာသနာပ အညတိတ္ထိယ ဗြာဟ္မဏတို့သည် အမှန်တကယ် မရှိသော အတ္တကို အရှိကြံကာ အမျိုးမျိုးအဖုံဖုံ ယူဆတတ်ကြကုန်၏၊ အချို့ကား အတ္တသည် မပျက်မစီး အမြဲတည်၏၊ ခန္ဓာကိုယ်ဟောင်းကို စွန့်၍ ခန္ဓာကိုယ်အသစ် ယူကာ တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်၏ စသည်ဖြင့် သဿတဝါဒကို ယူကြကုန်၏၊ တချို့သော သူတို့က -
ကာယဿ ဘေဒါ ဥစ္ဆဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တစတာ ခေါ အယံ အတ္တာ သမ္မာ သမုစ္ဆိန္နော ဟောတိ (ဒီ၊၁၊၃၁)-
ဟု သီလက္ခန္ဓဝဂ္ဂပါဠိ၌ လာသည့်အတိုင်း ခန္ဓာကိုယ် ပျက်စီးပြီးလျှင် ဘဝပြတ်တော့၏၊ သေပြီးနောက် ဘဝအသစ် မဖြစ်တော့ဟု ဥစ္ဆေဒဝါဒကို ယူကြကုန်၏၊
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က တိတ္ထိဆရာကြီး ခြောက်ယောက်တွင် အပါအဝင်ဖြစ်သော အဇိကေသကမ္ဗလသည် လူမိုက်ရော ပညာရှိပါ သေလျှင် ဘဝပြတ်တော့၏၊ ဘဝအသစ် ထပ်မဖြစ်တော့၊ ပုခက်နှင့် ခေါင်းအကြား ကာလ၌သာ ဘဝရှိ၏ဟု ယူဆသော ဥစ္ဆေဒဝါဒီပင် ဖြစ်သည်။
မက္ခလိ နတ္ထိ ဟေတူတိ ဝဒန္တော ဥဘယံ ပဋိဇာဟတိ (သီလက္ခန်အဋ္ဌကထာ ၁၅၀) မက္ခလိဂေါသာလသည် ကုသိုလ်ကံ အကုသိုလ်ကံ မရှိ၊ ၎င်းကံတို့၏ အကျိုး မရှိဟု ယူဆသည်၊ ထိုသို့ ကံ ကံ၏အကျိုးကို ပယ်သော မက္ခလိဂေါသာလ၏ နတ္ထိကဝါဒသည် အယုတ်ညံ့ဆုံးသောဝါဒ ဖြစ်သည်၊ အတိတ် အနာဂတ်၌ ပွင့်တော်မူပြီး ပွင့်တော်မူလတ္တံ့ ဖြစ်ကြသော ဘုရားရှင်တို့သည် ကမ္မဝါဒီ ကိရိယဝါဒတို့သာ ဖြစ်ကြကြောင်း၊ မိမိ (ဂေါတမဘုရားရှင်)သည်လည်း ကမ္မဝါဒ-ကိရိယဝါဒဖြစ်ကြောင်းကို “ယေပိ တေ ဘိက္ခဝေ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေပိ ဘဂဝန္တော ကမ္မဝါဒါ စေဝ အဟေသုံ၊ ကိရိယ-ဝါဒါ စ (အံ၊၁၊၂၉၀) စသည်ဖြင့် အင်္ဂုတ္တရ တိကနိပါတပါဠိ၌ ဘုရားရှင် ဟောတော်မူ၏၊
၂၄။ အမှန်စင်စစ် ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝ (သံသရာ) အယူအဆနှင့် ကံ ကံ၏အကျိုး ယုံကြည်ချက် အယူအဆမှာ မည်သည့်အတ္တဝါဒနှင့်မျှ မရောနှော၊ တစ်သီးတစ်သန့်သာ ဖြစ်၏၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဒေသနာတော်အတိုင်း သက်ဝင်ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝ (သံသရာ) နှင့် ကံ ကံ၏အကျိုးပေး အယူအဆ၌ မည်သည့် အတ္တမျှ မရှိ၊ ရုပ်တရား နာမ်တရား (တစ်နည်းအားဖြင့်) ခန္ဓာငါးပါး, အာယတနတစ်ဆယ့်နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါးသာ ရှိ၏၊ ထို ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်အစဉ်ကို ပဋိသန္ဓေ စုတိဖြင့် ပိုင်းခြားသတ်မှတ်၍ တစ်ဘဝဟု ခေါ်ဆိုရ၏၊ ထို တစ်ဘဝအတွင်း၌ ရုပ် နာမ်တို့၏ ပျက်စီးခြင်းကို ခဏိကမရဏ-ဟု ခေါ်ဆိုရပြီး တစ်ဘဝ၏ နောက်ဆုံးဖြစ်သော ရုပ်နာမ်တို့၏ ပျက်စီးခြင်းကို စုတိ, မရဏဟု ခေါ်ဆိုရပေသည်၊ ၎င်း စုတိ, မရဏ နောက်ဆုံး ပျက်စီးသေဆုံးခါနီး၌ မရဏာ-သန္နဇော စိတ်သည် နောက်ဘဝ၌ ဖြစ်ရမည့် ကောင်း, မကောင်းသော အာရုံကို အာရုံပြု၍ ချုပ်၏၊ ထို့နောက် ဘဝတစ်ခု၏ နောက်ဆုံး စုတိစိတ် ဖြစ်၍ ချုပ်ပျက်ကာ တစ်ဘဝ အဆုံးသတ်တော့၏၊ ထိုသို့ စုတိစိတ် ချုပ်ပျက်၍ တစ်ဘဝအဆုံးသတ်သော်လည်း အဝိဇ္ဇာ ခြံရံ, တပ်မက်တွယ်တာမှုတဏှာ အရင်းခံ၍ ကံကိလေသာ မကင်းကြသေးသူတို့အဖို့ ရှေးက ပြုလုပ်ဆည်းပူးအပ်သော ကံတရားတို့၏ အစွမ်းအားကြောင့် ဘဝသစ်၌ ပဋိသန္ဓေ စိတ်သည် ရှေးဘဝ သေခါနီးကာလ မရဏာ သန္နဇောစိတ် အာရုံပြုခဲ့သော ကောင်း, မကောင်း အာရုံကိုပင် အာရုံပြု၍ ရုပ်နာမ်ခန္ဓာအသစ် ဆက်လက်ဖြစ်ကာ ဖြစ်ပျက်တစ်ဘဝတာ ခရီးဆက်ရပြန်လေသည်၊ ဤကား ဘဝကူးပုံတည်း။
ဘဝဟောင်းက မရဏာသန္နဇောစိတ် အာရုံပြုခဲ့သော ကောင်း, မကောင်း အာရုံကိုပင် အာရုံပြုလျက် ဘဝသစ် ပဋိသန္ဓေစိတ်သည် ပြီးခဲ့သော ဘဝများက ပြုလုပ်အပ်သော ကံ ကိလေသာတို့၏ အစွမ်းအားကြောင့် ဖြစ်ပေါ်ရသောစိတ် ဖြစ်ခြင်းတို့ကြောင့် ဘဝနှစ်ရပ် ကြောင်းကျိုးစပ်လျက် ဖြစ်ပေါ်ခြင်းသာ ဖြစ်၏၊ ဗြာဟ္မဏဝါဒီတို့ ယူဆသော မပျက်မစီး အမြဲတည်သည့် မည်သည့်အတ္တမျှ မပါ မရှိပေ။
၂၅။ ထိုသို့ ရုပ်နာမ် ခန္ဓာ အာယတန ဓာတ်တို့ ကြောင်းကျိုးစပ်၍ အစဉ်မပြတ် ဆက်ကာဆက်ကာ ဖြစ်နေခြင်းကိုပင် ပဋိသန္ဓေ, စုတိတို့ဖြင့် ပိုင်းခြားသတ်မှတ်ပြီး တစ်ဘဝပြီး တစ်ဘဝ ဖြစ်ရခြင်း (သံသရာ)ဟူ၍ ခေါ်ဆိုရကြောင်းကို မဟာနိဒါနသုတ် အဋ္ဌကထာ၌ အောက်ပါအတိုင်း ပြဆိုထားပေသည်။
ခန္ဓာနဉ္စ ပဋိပါဠိ၊ ဓာတုအာယတနာန စ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတိ
တံ သဗ္ဗမ္ပိ နာတိဝတ္တတိ၊ နာတိက္ကမတိ၊ အထ ခေါ စုတိတော ပဋိသန္ဓိံ
ပဋိသန္ဓိတော စုတိန္တိ ဧဝံ ပုနပ္ပုနံ စုတိပဋိသန္ဓိယော ဂဏှန္တာ တီသု
ဘဝေသု။ ပ။ အရိဗ္ဘမတိယေဝ (ဒီ၊ဋ္ဌ၊၂၊၈၆)။
ခန္ဓာတို့၏ အကြောင်းအကျိုးအားဖြင့် အဆက်ဆက် ဖြစ်ခြင်းကိုလည်းကောင်း ဓာတ် အာယတနတို့၏ မပြတ် ဖြစ်သည်ကိုလည်းကောင်း သံသရာဟူ၍ ဆိုအပ်၏၊
ဤသတ္တဝါအပေါင်းသည် ထိုအလုံးစုံသော အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲကိုလည်း မလွန်မြောက်နိုင်၊ စင်စစ်သော်ကား စုတိမှ ပဋိသန္ဓေကိုလည်းကောင်း၊ ပဋိသန္ဓေမှ စုတိကိုလည်းကောင်း ဤသို့ အဖန်တလဲလဲ စုတိ ပဋိသန္ဓေတို့ကို ယူကုန်လျက် ဘဝသုံးပါး, ယောနိလေးပါး, ဂတိငါးပါး, ဝိညာဏဋ္ဌိတိခုနစ်ပါး, သတ္တာဝါသ ကိုးပါးတို့၌ သမုဒ္ဒရာဝယ် လေအဟုန် တိုက်လွှင့်အပ်သော လှေကဲ့သို့လည်းကောင်း၊ ယန္တရားဆီဆုံ၌ ကသော နွားကဲ့သို့လည်းကောင်း အဖန်တလဲလဲ လည်ရတော့သည်သာ။
သံသရာပဥှာ (သံသရာပြဿနာ)
၂၆။ သံသရာဟူသည် အဘယ်ပါနည်းဟု မိလိန္ဒမင်းက အရှင်နာဂသေနအား မေးလျှောက်သောကြောင့် လူပြိန်း နားလည်စေရန် လွယ်လွယ် ဖြေကြားထားသည်ကို ဤသို့ တွေ့ရ၏၊
မင်းကြီး . . . ဤအရပ် ဤဘုံ၌ ဖြစ်၍ ဤအရပ် ဤဘုံ၌ပင်လျှင် သေ၏၊ ဤအရပ် ဤဘုံ၌ သေ၍ တပါးသော အရပ် တပါးသော ဘုံ၌ ဖြစ်ပြန်၏၊ ထိုအရပ် ထိုဘုံ၌ သေ၍ တပါးသော အရပ် တပါးသော ဘုံ၌ ဖြစ်ပြန်၏၊ မင်းမြတ် ဤသို့လျှင် သံသရာသည် ဖြစ်၏-ဟု အရှင်နာဂသေနက မိန့်ဆို ဖြေကြား၏၊ (မိလိန္ဒပဥှာ မြန်မာပြန်-၈၈-၈၉)
၂၇။ ကိလေသာကို ပယ်ဖျက်နိုင်သော အရဟတ္တမဂ်ဉာဏ်တော်ကို မရသေးသည်ဖြစ်၍ အသိန်းမက များစွာသော ဘဝသံသရာပတ်လုံး ကျင်လည်ခဲ့ရကြောင်းကို မြွက်ဟတော်မူသော မြတ်စွာဘုရား၏ အနေကဇာတိသံသာရံ စသော ပထမဗုဒ္ဓဝစန- ရှေးဦးသော စကားတော်ဖြင့်ပင် ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း (သံသရာ)ကို လက်ခံယုံကြည် ယူဆမှုသည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲသည့် အတ္တဝါဒလည်း မဟုတ်၊ သဿတဝါဒလည်း မဟုတ်၊ အတ္တ သဿတဝါဒလည်းမဟုတ်၊ မြတ်စွာဘုရားရှင်၏ အနတ္တဘောင်အတွင်းက ဝါဒ ဖြစ်ကြောင်း သိသာ ထင်ရှားလှ၏၊
ထို့ကြောင့်-
“အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ” (ခု၊၁၊၃၆)
ထိုအရဟတ္တမဂ်ဉာဏ်တော်ကို မရသေးသည် ဖြစ်၍ ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ ဟူ၍ ဘုရားဖြစ်လျှင် ဖြစ်ချင်း မြတ်စွာဘုရား မိန့်ကြားခဲ့လေပြီ။
၂၈။ တပ်မက်တွယ်တာ သာယာမှုတဏှာ သမုဒယသစ္စာ မကင်းသေးသမျှ ကာလပတ်လုံး ဘဝအသစ်အသစ်၌ ခန္ဓာငါးတန် ရုပ်နာမ်ဟူသော ဒုက္ခသစ္စာ ထပ်၍ ထပ်၍ ဖြစ်မည်ကိုလည်းကောင်း၊ တဏှာကင်းပြတ်သောအခါ၌ ဘဝအသစ် တစ်ဖန် ပြန်၍ မဖြစ်တော့ပုံကိုလည်းကောင်း မြတ်စွာဘုရား၏ ကိုယ်တွေ့ကျင့်စဉ် ရှေးဦးစွာ ဟောကြားအပ်သော ဓမ္မစကြာဒေသနာတော်မှ အောက်ပါ စကားတော်ဖြင့်ပင် တစ်ဘဝမှ တစ်ဘဝသံသရာမှာ အတ္တဝါဒမဟုတ် မြတ်စွာဘုရားဝါဒ ဖြစ်ကြောင်း သိသာ ထင်ရှား၏၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ=အကြင် တဏှာသည် ဘဝအသစ်၌ ဖြစ်စေတတ်၏၊
အယမန္တိမာ ဇာတိ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ=ဤကား နောက်ဆုံးဘဝတည်း၊ ယခုအခါ ဘဝအသစ်၌ ဖြစ်ရခြင်း မရှတော့ပြီ၊ တစ်ပါးသော ဘဝသစ်မည်သည် မရှိတော့ပြီ။
၂၉။ ကံ, တဏှာ, ဝိညာဏ်တို့ ဖြစ်ပေါ်တည်ရှိသောကြောင့် နောင်တဖန် ဘဝအသစ်၌ ထပ်၍ ဖြစ်ရပုံကို အင်္ဂုတ္တရပါဠိ၊ တိကနိပါတ်(၂၂၄-၂၂၅) ပထမဘဝသုတ်၊ ဒုတိယဘဝသုတ်။ ၎င်း မြန်မာပြန်-၂၄၁-၂၄၂ တို့၌ ဘုရားရှင် ဟောကြားထားသည်မှာ-
အာနန္ဒာ ကာမဓာတ်(ကာမဘုံ)၌ အကျိုးပေးတတ်သောကံ မဖြစ်ခဲ့လျှင် ကာမဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု မိန့်တော်မူ၏၊ မဖြစ်ပေါ်နိုင်ပါ အရှင်ဘုရား၊ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဏ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေးရေနှင့် တူ၏၊ အဝိဇ္ဇာ ပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ ရှိကုန်သော သတ္တဝါတို့အား ယုတ်နိမ့်သော ကာမဓာတ် (ကာမဘုံ)၌ ဝိညာဏ်သည် တည်၏၊ ဤသို့ တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏၊ (စသည်တည်း။)
ထို့ပြင်လည်း တဏှာဟူသော နောက်လိုက်အဖော်ရှိသော သတ္တဝါသည် ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်လတ္တံ့သော သံသရာကို မလွန်မြောက်နိုင်ပုံကို-
တဏှာဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါန သံသရံ။
ဣတ္ထဘာဝညထာဘာဝံ၊ သံသာရံ နာတိဝတ္တတိ (အံ၊၁၊၃၁၆)။
တဏှာလျှင် အဖော်ရှိသော သတ္တဝါသည် ရှည်စွာသော ကာလပတ်လုံး ကျင်လည်ရလျက် ဤဖြစ်ပေါ်ဆဲ ခန္ဓာကိုယ်၊ အခြားဖြစ်လတံ့ ခန္ဓာကိုယ်ဟူသော (ခန္ဓာ အာယတန ဓာတ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်း) သံသရာကို မလွန်မြောက်နိုင်ချေဟူ၍ ဟောကြားထားပေသည်။ (အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ်၊ တဏှုပ္ပါဒသုတ်)
ဘဝတဏှာ ကင်းပြတ်သောသူအား တစ်ဖန် ဘဝအသစ် မဖြစ်တော့ပုံကို “ဥစ္ဆန္နဘဝတဏှာဿ၊ နတ္ထိ တဿ ပုနဗ္ဘဝေါ” ဟူ၍ သုတ္တနိပါတ်ပါဠိတော်(၃၄၉) ဒွယတာနုပဿနာသုတ်၌ ဟောထားတော်မူ၏၊
ကံ ကံ၏အကျိုး
၃၀။ တစ်ဘဝမှ တစ်ဘဝသို့ ဖြစ်ရကျင်လည်ရခြင်း (သံသရာ)ကို ထုတ်ဆောင်ပြခြင်းဖြင့် ကံ ကံ၏အကျိုးပေးကို ပြဆိုခြင်းကိစ္စ ပြီးစီးနိုင်သော်လည်း ပို၍ ပေါ်လွင်ထင်ရှားသော ကံ၏ဖြစ်ကြောင်းနှင့် ကံ၏အကျိုးပေး အဆက်ဆက်သော ဘဝတို့၌ ကံ၏အကျိုး ခံစားရပုံကို ထုတ်ဆောင်ပြလိုသေး၏၊
ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘမုဒယံ (အံ၊၁၊၁၃၃)။ (စသည်)
“ရဟန်းတို့ . . . အကြောင်းကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်းနိဒါန်း ရှိ၏၊ လောဘလျှင် အကြောင်းသမုဒယ ရှိ၏၊ အကြင်ဘုံ၌ ထိုကံသည် အကျိုးပေး၏၊ ထိုဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌ သော်လည်းကောင်း ထိုကံ၏ အကျိုးကို ခံစားရ၏” ဟု နိဒါနသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူ၏၊
ထို့ပြင် အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်(၂၇-၂၈) သုမနသုတ်၊ ၎င်း မြန်မာပြန် ၃၅၊၃၆ ၌ လည်း --
သဒ္ဓါ, သီလ, ပညာ တူမျှသော မြတ်စွာဘုရား၏ တပည့်သာဝကနှစ်ဦးတို့တွင် တစ်ဦးသည် ပေးလှူတတ်၍ တစ်ဦးကား မပေးလှူတတ်၊ ထိုသူနှစ်ဦးတို့ သေပြီးနောက် နတ်ပြည်လောကသို့ လားရောက်ကြလျှင် နတ်ဖြစ်ချင်း တူသော်လည်း ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်းဟူသော အကြောင်းငါးမျိုးတို့ဖြင့် သာလွန်နိုင်၏၊ အသက် ပိုရှည်သည်။ အဆင်း ပိုလှသည်။ အခြံအရံ ပိုများသည်။ အစိုးရမှုအာဏာ ပိုရှိသည်ဟု ဆိုလိုပေသည်။
အကယ်၍ နတ်ပြည်မှ စုတေ၍ လူ့ဘုံလူ့အဖြစ်သို့ ရောက်လာကြမူ လူ၌ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်းဟူသော အကြောင်းငါးမျိုးတို့ဖြင့် သာလွန်နိုင်၏ စသည်ဖြင့် သုမနမင်းသမီးအား မြတ်စွာဘုရား ဟောကြားထားတော်သူလေသည်။
၃၁။ လူချင်းအတူတူ ဖြစ်ပါလျက် ပြုလုပ်အပ်သော ကံတရား မတူသောကြောင့် အယုတ်အမြတ် အကျိုးပေး ကွာခြားပုံ၊ ငရဲဘဝ ရောက်ရပုံ၊ လူ့ဘဝရောက်ပါကလည်း အသက်တိုခြင်း, အသက်ရှည်ခြင်း စသော အကျိုးပေး ကွာခြားပုံများကို ဥပရိဏ္ဏာသပါဠိတော်၊ နှာ ၂၄၃-၉၊ စူဠကမ္မဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား ဟောကြားထားသည်ကို ကြည့်က တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်ရခြင်းနှင့် ကံ ကံ၏ အကျိုးပေးတရား ဆက်သွယ်နေကြောင်း ပို၍ ထင်ရှားပေသည်။
“အရှင်ဂေါတမ . . . လူချင်း အတူတူ ဖြစ်ပါလျက် လူတို့၏ အယုတ်အမြတ်အဖြစ် (ယုတ်နိမ့်သူ၊ မြင့်မြတ်သူ) ကို တွေ့ရပါကုန်၏၊ အသက်ရှည်သူ, တိုသူ, အနာ များသူ, နည်သူ, အဆင်းလှသူ, မလှသူ, တန်ခိုးအခြံအရံ နည်းသူ, များသူ, ဥစ္စာ နည်းသူ, များသူ, အမျိုးဇာတ် ညံ့သူ, မြင့်မြတ်သူ, ပညာ မတတ်သူ, တတ်သူတို့ကို တွေ့နေရပါကုန်၏၊ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အဘယ့်ကြောင့်ပါနည်း” ဟု သုဘလုလင်က မြတ်စွာဘုရားရှင်ကို လျှေက်ထားရာ မြတ်စွာဘုရားရှင်က “သုဘလုလင် . . . သတ္တဝါတို့သည် မိမိပြုအပ်သော ကံသာလျှင် ဥစ္စာရှိကုန်၏၊ မိမိကံ၏ အမွေခံသာ ဖြစ်ကုန်၏၊ မိမိကံသာလျှင် အကြောင်းရင်း ရှိကုန်၏၊ ကံသာလျှင် အဆွေခင်ပွန်း ရှိကုန်၏၊ ကံသာလျှင် ကိုယ်စား ထောက်တည်ရာ ရှိကုန်၏” ဟု အကျဉ်းအားဖြင့် ဟောကြားရာ နားမလည်သောကြောင့် အကျယ်ဝေဖန် ဟောကြားပါရန် လျှောက်ထားသဖြင့် ဟောပြတော်မူသည်မှာ -
“သုဘလုလင် . . .ဤလောက၌ အချို့သော မိန်းမ ယောကျ်ားသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ရက်စက်ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ဖြတ်ညှင်းဆဲမှု၌ သက်ဝင်သောစိတ် ရှိ၏၊ သတ္တဝါတို့၌ မသနားတတ်၊ ထိုမိန်းမ ယောကျ်ားသည် ဤသို့ မှားယွင်းဆောက်တည်သောကံကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်၏ နောက်၌ ချမ်းသာကင်းရာ ငရဲသို့ ကျရောက်ရ၏၊ ငရဲသို့ မရောက် လူအဖြစ်သို့ ရောက်ခဲ့သော် ဖြစ်ရာဖြစ်ရာ ဘဝတိုင်း၌ အသက်တို၏၊ လုလင် . . . သူ့အသက်ကို သတ်လေ့ရှိသော ကြမ်းကြုတ်ရက်စက်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်မှု၌ စိတ်ဝင်စားသော (သတ္တဝါတို့၌ မသနားတတ်သော) သူ၏ သတ်ဖြတ်မှု ပါဏာတိပါတကံသည် အသက်တိုခြင်းကို ဖြစ်စေတတ်သောအကျင့် မည်၏၊
သုဘလုလင် . . . ဤလောက၌ အချို့သော မိန်းမယောကျ်ားသည် သူ့အသက်သတ်ခြင်းကို ပယ်စွန့်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ချထားအပ်ပြီးသော တုတ်ဓားလက်နက်ရှိ၏၊ မကောင်းမှု ပါဏာတိပါတကံကို ပြုလုပ်ခြင်းမှ ရှက်တတ်၏၊ သတ္တဝါတို့ကို သနားတတ်၏၊ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို ကိုယ်ချင်းစာတရားဖြင့် သနားစောင့်ရှောက်တတ်၏၊ ထိုသို့သဘောရှိသော မိန်းမယောကျ်ားသည် ဤသို့ ပြည့်စုံစွာ တည်အပ်သောကံကြောင့် သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ထက်နတ်ရွာသို့ ကပ်ရောက်ရ၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့သော် ဖြစ်ရာဖြစ်ရာဘဝ၌ အသက်ရှည်တတ်၏၊
သုဘလုလင် . . . သူ့အသက်သတ်ခြင်းကို ပယ်စွန့်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော ချထားအပ်ပြီးသော တုတ်ဓားလက်နက်ရှိသည် ဖြစ်၍ သတ်ဖြတ်မှုကို ရှက်တတ်သော သတ္တဝါတို့ကို သနားညှာတာတတ်သည် ဖြစ်၍ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွားကို သနားစောင့်ရှောက်တတ်သော သူ၏ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့် မည်၏” စသည်တည်း။ (အကျဉ်းချုံး၍ မြန်မာပြန်လိုက်သည်)
၃၂။ ဘဝနှင့် ကံ ကံ၏အကျိုးကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟုတ်တိုင်းမှန်စွာ သိ၍ ဘုရားအဖြစ်ကို ဝန်ခံတော်မူပုံ၊ ပရိတ်သတ်အလယ်၌ ရဲရင့်စွာ မြွက်ဆို ဟောကြားတော်မူပုံများကို အင်္ဂုတ္တိုရ်ပါဠိတော် ဒသကနိပါတ်(၂၈၃)၊ သီဟနာဒသုတ်၊ ၎င်း မြန်မာပြန်-၂၈၄ ၌ အောက်ပါအတိုင်း လာရှိပေသည်။
ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံ၏အကျိုးကို အထောက်အပံ့ အားဖြင့်လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ ခွဲခြားသိတော်မူ၏၊ (စသည်)
ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အလုံးစုံ (ဂတိငါးတန်နှင့် နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို” ဟုတ်တိုင်းမှန်စွာ ခွဲခြားသိတော်မူ၏၊ (စသည်)
ဤသို့ ထုတ်ဆောင်ပြအပ်သော ဗုဒ္ဓမြတ်စွာဘုရားဒေသနာတော် အထောက်အထားတို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့ သက်ဝင်ယုံကြည်အပ်သော တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း (သံသရာ)နှင့် ကံ ကံ၏အကျိုးတို့သည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲသကဲ့သို့ အတ္တဝါဒ မဟုတ်၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်သိ၍ ဟုတ်တိုင်းမှန်စွာ ဟောကြားတော်မူအပ်သော ဒေသနာတော်လာအတိုင်း မှန်ကန်စွာ သက်ဝင်ယုံကြည်အပ်သော ဗုဒ္ဓဝါဒစစ်စစ် ယုံကြည်လက်ခံချက်များသာ ဖြစ်သည်။
သီလခံယူခြင်း
၃၃။ သီလနှင့် ပတ်သက်၍ သောဓနာကြရာ၌ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် အယူဝါဒနှင့် စပ်၍ မြတ်စွာဘုရားရှင် မူချလမ်းညွှန်ထားသော ကေသမုတ္တိသုတ်, သာဠသုတ်လမ်းညွှန်ချက်များကို လွန်စွာ မြတ်နိုးကြသူများ ဖြစ်ပါသည်ဟု သောဓနာထားကြသော်လည်း ၎င်းတို့၏ ဖြေရှင်းချက်များမှာ လူသေလူဖြစ် အယူအဆဘောင်မှ မကျော်လွန်သည့်ပြင် လူသေလူဖြစ်ဆရာ၏ စကားလုံးများကို များစွာ သုံးနှုန်းဖြေရှင်းထားသည်ကို တွေ့ရ၏၊ ငါတို့ လေးစားသော ရဟန်း(ဦးဥက္ကဋ္ဌ)၏ စကားမှ အမှန်တရား ဖြစ်သည်ဟူသော စွဲလမ်းချက်ကြီးဖြင့် စွဲယူထားပုံမှာ ပေါ်လွင်နေပေသည်၊ ထို့ကြောင့် ကေသမုတ္တိသုတ်ကို မိမိတို့ကိုယ်တိုင် ပြန်လည်ဆန့်ကျင်နေကြပေသည်။
၃၄။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ပါဠိပျက်ကို ဘယ်ဆရာက သင်ပေးထားသော ပါဠိဟု ဝန်မခံကြဘဲ ငယ်စဉ်က လူကြီးသူမ, များက သင်ပေးလိုက်သောစာကို ယခုတိုင်ပင် သတိရမှတ်မိနေပါသည်၊ ပါဠိတော်ထဲက ပြောပါသည်၊ မည်သည့်ပါဠိတော်ထဲကဟု မသိရပါ၊ လုပ်ပါဠိတော်တော့ ဟုတ်ဟန်မတူပါ။ ပိဋကတ်ကျွမ်းကျင်လျှင် တွေ့နိုင်သော ပါဠိဟု ပြောပါသည်ဟု ရှည်စွာသော နိဒါန်းစကားခင်းပြီး ဥပရိဏ္ဏာသပါဠိ၊ ပဉ္စတ္တယသုတ် နှာ-၂၁မှ ပါဠိတော်ကို ဖျက်၍ ထုတ်ပြအနက်ပေးထားသည်ကို တွေ့ရ၏၊
ဤသို့ ပါဠိတော်ကို ဖျက်၍ ထုတ်ပြအနက်ပေးထားခြင်းသည် စစ်မှန်သော မဂ္ဂင်သီလဖြစ်သည့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကို ဆောက်တည်လျက် ရှိပါသည်ဆိုသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့၏ မဖြောင့်မှန် မရိုးသားသော သဘောထားကို အထင်အရှား ဖော်ပြသလို ဖြစ်နေပေသည်။
ပဋိဘန္တိ=ထင်ကုန်၏ ဟူသော မူရင်းပါဠိအနက်ကို ဖျက်၍ ပဋိပ္ပတိ=ကျင့်ကြကုန်၏-ဟု ဖောက်ဖောက်ပြန်ပြန်လုပ်ပြီး သီလခံယူကြသော ဗုဒ္ဓဘာသာဝင်များကို ကုန်သည်လိုကျင့်သူများ, သဿတဝါဒီများဟု စာနှင့် ပေနှင့် ထုတ်ပြ၍ စွပ်စွဲလိုက်ကြခြင်း ဖြစ်ဟန် ရှိ၏၊
မူရင်းပါဠိစာ၏ သဘောမှာ သေလျှင် မြဲ၏ဟု အယူရှိကြသော သဿတဝါဒီတို့၏ အယူကို သေလျှင်ပြတ်၏ နောက်ဘဝမရှိဟု အယူရှိသော ဥစ္ဆေဒဝါဒီတို့က နောက်၌ ကျင်လည်ခြင်းကို တွယ်တာကပ်ငြိပြီး ပြောနေကြတာပါ၊ တကယ်မြဲတာ မဟုတ်ပါဘူးဟု ဆန့်ကျင်ကန့်ကွက်ပြောဆိုခြင်း၏ အကြောင်းကိုဖော်ပြပြီး သဿတဝါဒီတို့၏ အယူကို ကုန်သည်ပမာ မြတ်စွာဘုရား ဉာဏ်တော်၌ ထင်ပုံကို ဖော်ပြသောစာပိုဒ် ဖြစ်၏၊ ထို့နောက် ဆက်၍ သေလျှင် ပြတ်၏၊ နောက်ဘဝမရှိဟုအယူရှိကြသော ဥစ္ဆေဒဝါဒီတို့၏ အယူကိုလည်း ပရမတ္ထအားဖြင့် ထင်ရှားရှိသော သက္ကာယ (ဥပါဒါနက္ခန္ဓာအပေါင်း)ကို ကြောက်ရွံ့စက်ဆုတ်ရွံရှာကြကုန်လျက် သက္ကာယသို့သာ အစဉ်ပြေးဝင် အဖန်ဖန် ကျင်လည်နေကြရကြောင်း တိုင်ငုတ်၌ ကြိုးဖြင့် ချည်ထားသော ခွေးသည် ထိုတိုင်ငုတ်ကိုသာ အဖန်ဖန် လှည့်လည်ပြေးနေရပုံမျိုး ဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်၏၊ စ-သ-ဃ-ဇ-က ဟူသော ပသာဒရုပ်ငါးပါး ရုပ်ဝါဒကို တရားသေကိုင်ထား၍ ဥစ္ဆေဒဒိဋ္ဌိ အယူဘက်သို့ ညွတ်ယိမ်းနေသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ သတိထားစဉ်းစားစရာ ဖြစ်ပေ၏၊
၃၅။ သီလခံယူဆောက်တည်ခြင်း ဥပုသ်သီတင်းစောင့်သုံးခြင်းသည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲသကဲ့သို့ အတ္တသဿတဝါဒလည်း မဟုတ်၊ အတ္တဝါဒနွယ်သော အလုပ်များလည်း မဟုတ်ဘဲ မြင့်မြတ်သော ဗုဒ္ဓဘာသာဝင် အရိယာသာဝကတို့ ကျင့်သုံးဆောက်တည်ရမည့်သီလ ဖြစ်ကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်(၇၉) သံခိတ္တူပေါသထသုတ်၊ ယင်း မြန်မာပြန် ၈-၌ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် အောက်ပါအတိုင်း ဟောဖော်ညွှန်ပြထားပေသည်။
ရဟန်းတို့ . . . အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသည့် ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်း ရှိ၏၊ ရဟန်းတို့ . . . အဘယ်သို့ ကျင့်အပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသည့် ဥပုသ်သည် အကျိုးအားနိသင်ကြီးသော တန်ခိုးကြီးသော ပျံ့နှံ့ခြင်းရှိသော ဥပုသ်မည်သနည်း။
ရဟန်းတို့ . . . ဤသာသနာတော်၌ အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏၊ ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုတ်၏၊ တုတ်ဓားလက်နက်ကို ချထားပြီး ဖြစ်ကုန်၏၊ ရှက်တတ်သနားတတ်သည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဉ့်နှင့် တစ်နေ့ပတ်လုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၍ တုတ်ဓားလက်နက်ကို ချထား၍ ရှက်ခြင်းရှိသူ, သနားခြင်းသို့ ရောက်သူ, ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားသူ ဖြစ်၍ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ဤသို့ပြုသော် ငါသည် ဥပုသ်ကျင့်သုံးသည် မည်ပေလိမ့်မည်-ဟု ဆင်ခြင်၏၊ ဤပထမ အင်္ဂါနှင့် ပြည့်စုံ၏၊ (စသည်)
သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဟောကြတော်မူအပ်သော ဒေသနာတော်တို့၌ အခြေခံအကျဆုံး အရေးအကြီးဆုံးဖြစ်သည့် သီလနှင့်ပတ်သက်၍ ဟောကြားတော်မူအပ်သော ဒေသနာတော်ပေါင်း များစွာ ရှိပေသည်၊ ထို့ကြောင့် သီလခံယူ ကျင့်သုံး ဆောက်တည်ခြင်းသည် အပိုအလုပ်လည်း မဟုတ်၊ ဗုဒ္ဓဝါဒကျင့်စဉ်အရ အမှန်လုပ်ရမည့် လုပ်သင့်လုပ်ထိုက်သည့် စရဏတရားသာ ဖြစ်ပေသည်။
သပိတ်သွတ်ခြင်း
၃၆။ သပိတ်သွတ်ခြင်းနှင့် ပတ်သက်၍ သခင်မြတ်ဆိုင်က သဠာယတနဝဂ္ဂသံယုတ်၊ အသိဗန္ဓကပုတ္တသုတ် နှာ-၄၉၃-ကို ရည်ညွှန်းပါသည်ဟူ၍ သောဓနာထား၏၊ ထိုသုတ်အရ သေသူအတွက် သပိတ်သွတ်လည်းမထူး၊ သပိတ်သွတ်လည်း မထူး၊ သို့ဖြစ်၍ သပိတ်သွတ်ခြင်းသည် အပိုအလုပ်ဟု သောဓနာလိုပုံ ရသည်၊ ထူး မထူး ၎င်းအသိဗန္ဓကပုတ္တသုတ်ကို အကျဉ်းချုပ် လေ့လာကြည့်သင့်၏၊ ထို့နောက် ဗုဒ္ဓဘာသာဝင်တို့၏ သေသူအတွက် သပိတ်သွတ်ပုံနှင့် ယှဉ်ကြည့်ရမည်၊ သို့မှ ထူးခြားချက် ပေါ်လွင်လာမည် ဖြစ်ပေသည်။
အသိဗန္ဓကပုတ္တသုတ်၌ မြတ်စွာဘုရားရှင် ဟောကြားသည်မှာ ပါဏာတိပါတစသော မကောင်းမှု အကုသိုလ်မှု ပြုလုပ်နေသော ပုဂ္ဂိုလ်ကို လူအပေါင်းက စုဝေး၍ ဤသူသေပြီးနောက် နတ်ပြည်သို့ ရောက်ပါစေဟု တောင်းပန်သည် ဖြစ်စေ စင်စစ် ထိုသူသည် ငရဲသို့ ရောက်ရာ၏၊ ပါဏာတိပါတဝိရတိ စသော ကုသိုလ်ကောင်းမှု ပြုလုပ်နေသူကို လူအပေါင်းက စုဝေး၍ ဤသူသေပြီးနောက် ငရဲသို့ ရောက်ပါစေဟု တောင်းပန်သည်ဖြစ်စေ၊ ချီးမွမ်းသည်ဖြစ်စေ၊ လက်အုပ်ချီလျက် ထက်ဝန်းကျင်မှ လိုက်သည် ဖြစ်စေ စင်စစ် ထိုသူသည် နတ်ပြည်သို့ ရောက်ရာ၏ ဟူ၍ ဖြစ်၏၊
၃၇။ ဗုဒ္ဓဘာသာဝင်တို့ သေသူအတွက် ရည်မှန်း၍ သံဃာတော်တို့အား ဆွမ်း သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး အမျှဝေ (သပိတ်သွတ်) ရာ၌ အထက်ပါ အသိဗန္ဓကပုတ္တသုတ်၌ ဟောကြားသည့်အတိုင်း လူအပေါင်း စုဝေး၍ သေသူကို နတ်ပြည်ရောက်ပါစေဟု တောင်းပန်နေခြင်း, ချီးမွမ်းနေခြင်း, လက်အုပ်ချီမိုး ရှိခိုးလျက် လိုက်ပါနေခြင်းမျိုး မဟုတ်ပေ။
၃၈။ သေဆုံးသူတစ်ယောက်သည် ပုထုဇဉ်သဘာဝ ကုသိုလ် အကုသိုလ်မှုများ ဆည်းပူးပြုလုပ်ထားမည်မှာ အမှန် ဖြစ်၏၊ သေဆုံးခါနီး၌ ကောင်းသော နှလုံးသွင်းခြင်း၊ မကောင်းသော နှလုံးသွင်းခြင်းဖြင့် ကောင်းမကောင်း အာရုံကို အာရုံပြုမိမည်မှာလည်း အမှန် ဖြစ်၏၊ ထိုကုသိုလ် အကုသိုလ်ကံ အာရုံအားလျော်စွာ နတ်, လူ, တိရစ္ဆာန်, ငရဲဂတိများသို့ ရောက်နေသူတို့ကို ရည်ညွှန်းသည် မဟုတ်ဘဲ ရည်မှန်းကုသိုလ်ပြု၍ အမျှပေးဝေခြင်း (ပတ္တိဒါန), ပြုသူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း (ပတ္တာနုမောဒန) ကုသိုလ်ယူပါက ချမ်းသာနိုင်ခွင့်ရှိသော ပေတဂတိ ရောက်နေသူ ပြိတ္တာတစ်မျိုးအတွက်ကို ရည်မှန်း၍ သံဃာတော်များအား ဆွမ်း သင်္ကန်း လှူဒါန်းပြီး အမျှပေးဝေ သပိတ်သွတ်ခြင်းဖြစ်သောကြောင့် လုပ်နည်းလုပ်ဟန်ခြင်း ရည်ရွယ်ချက်ခြင်း အလွန် ခြားနားလှပေသည်။
၃၉။ ဗုဒ္ဓဘာသာဝင်တို့ သေသူအတွက် ရည်မှန်း၍ သံဃာတော်အား ဆွမ်း သင်္ကန်း လှူဒါန်း အမျှပေးဝေသော သပိတ်သွတ်ခြင်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဒေသနာတော်အတိုင်း ပြုလုပ်ခြင်းပင် ဖြစ်၏၊
ဇာဏုေဿာဏိပုဏ္ဏားက လျှောက်ထားသဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည်မှာ-
အရှင်ဂေါတမ . . . အကျွန်ုပ်တို့ပုဏ္ဏားများသည် ဤအလှူသည် ကွယ်လွန်သော ဆွေမျိုးသားချင်းသို့ ရောက်ပါစေ၊ ဤအလှူကို ကွယ်လွန်သော ဆွေမျိုးသားချင်းတို့သည် သုံးဆောင်ကြပါစေဟု အလှူတို့ကို လှူကြပါကုန်၏၊ သေသူကို ရည်၍ ပြုအပ်သော ကုဗ္ဘီးထမင်းတို့ကို ပြုကြပါကုန်၏၊ ထိုအလှူသည် ကွယ်လွန်သော ဆွေမျိုးသားချင်းတို့ထံ ရောက်ပါသလော၊ ကွယ်လွန်သော ဆွေမျိုးသားချင်းတို့ ထိုအလှူကို သုံးဆောင်ကြရပါသလောဟု မေးလျှောက်၏၊ ပုဏ္ဏား . . . ရောက်သင့်သော အရပ်၌ ရောက်၏၊ မရောက်သင့်သော အရပ်၌ မရောက်ဟု ဘုရားရှင်က မိန့်တော်မူ၏၊ ရောက်သင့် မရောက်သင့်သော အရပ်ဟူသည် အဘယ်ပါနည်း-ဟု ပုဏ္ဏားက မေးလျှောက်သောကြောင့် ကွယ်လွန်၍ ငရဲဘုံ၌ တည်သူ, တိရစ္ဆာန်ဘုံ၌ တည်သူ, လူ့ဘုံ လူအဖြစ်၌ တည်သူ, နတ်ဘုံ နတ်အဖြစ်၌ တည်သူ ဤအရပ်တို့သည် အလှူဒါနရောက်သင့်သော အရပ်များမဟုတ်၊ ပြိတ္တာဘုံ၌ တည်သူအား ထိုဒါနသည် ရောက်၏ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏၊ (အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ်၊ ဇာဏုေဿာဏိသုတ်၊ နှာ-၄၇၈။ ယင်း မြန်မာပြန်-၄၆၉။)
၄၀။ ရောက်အပ် ရအပ်သော ကုသိုလ်အဖို့ကို အမျှပေးဝေမှုသည် ပတ္တိဒါနကုသိုလ်, ပေးဝေအပ်သော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှုသည် ပတ္တာနုမောဒနကုသိုလ် ဖြစ်သည်၊ သို့ဖြစ်၍ သပိတ်သွတ် အမျှဝေခြင်းသည် ဝမ်းမြောက်နုမော် သာဓုခေါ်သော ပေတဂတိ ရောက်နေသူအား ကောင်းမြတ်သောအကျိုး မုချရစေသည့် ပတ္တဒါနကုသိုလ်သာ ဖြစ်ပေသည်။
၄၁။ ဤသို့ ထုတ်ဆောင်ပြအပ်သော ဒေသနာတော်သာဓကတို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း, သီလခံယူခြင်း, သပိတ်သွတ်ခြင်း, တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း, ချမ်းသာခြင်း, ဆင်းရဲခြင်းတို့သည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲ ကဲ့ရဲ့ ရှုတ်ချသကဲ့သို့ အပိုသက်သက်ကိစ္စများ, အမြုံကတိပေးမှုများ, အဓိပ္ပာယ်မဲ့ ယုံကြည်လုပ်ကိုင်မှုများ, အတ္တဝါဒများ မဟုတ်သည်မှာ ထင်ရှားလှ၏၊ ကမ္မဿကတာ ဒါန သီလများကို ဘုရားရှင် အားမပေးဟူသည်မှာ ကိုယ်လိုရာကိုယ် ဆွဲယူပြောသော အယူမှား မိစ္ဆာစကားသာ ဖြစ်သည်။
၄၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ခေါင်းဆောင်တို့သည် ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ၊ ဝိပါကံ ပဋိဗာဟန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ-သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ ၁၅၀-၌ မိန့်အပ်သကဲ့သို့ အကြောင်းကံကို ပစ်ပယ်ခြင်းဖြင့် အကျိုးကို ပစ်ပယ်ရာ ရောက်၏၊ အကျိုးကို ပစ်ပယ်ပါကလည်း အကြောင်းကို ပစ်ပယ်ပြီး ဖြစ်တော့၏၊ ပူရဏကဿပတိတ္ထိဆရာကြီးသည် ကံကို ပယ်၏၊ အဇိတဆရာကြီးသည် ကံ၏ အကျိုးကို ပယ်၏၊ မက္ခလိဂေါသာလဆရာကြီးသည် ကံ ကံ၏အကျိုးကို ပယ်၏၊ အထက်ပါ စကားအရ သူတို့သုံးဦး အားလုံး အတူတူပင် ဖြစ်၏ဟု ဆိုလိုသည်။
ဦးဥက္ကဋ္ဌ တပည့်ကြီး သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင်တို့သည် ဆုတောင်း ဆုယူ သပိတ်သွတ်သော ကမ္မဿကတာ ဒါန သီလအမျိုးမျိုး ဗုဒ္ဓဘာသာတို့ ပြုလုပ်ကြခြင်းကို ဗြာဟ္မဏဝါဒ ပြန်လည် အသက်သွင်းနေကြသည်ဟု လက်ညှိုးထိုး စွပ်စွဲကြ၏၊ သို့သော် ဦးဥက္ကဋ္ဌနှင့် တပည့်သားတို့သည်ကား ကမ္မဿကတာ ဒါန သီလ ကံ ကံ၏အကျိုးတို့ကို ချိုးနှိမ် ပယ်ရှားကြခြင်းအားဖြင့် ပူရဏကဿပ, အဇိတကေသကမ္ဗလ, မက္ခလိဂေါသာလ-ဟူသော တိတ္ထိဆရာကြီး သုံးဆူတို့၏ ဝါဒကို ပြန်လည် အသက်သွင်းနေကြသူများဖြစ်ကြောင်း ၎င်းတို့စကားအရ မပြေးသာ မရှောင်သာ ကိုယ့်စကားနှင့်ကိုယ် ပိတ်မိနေကြလေပြီ။
ဦးဥက္ကဋ္ဌနှင့်တကွ သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ အနေဖြင့် ယခုလို တိတ္ထိဆရာကြီးတို့၏ မိစ္ဆာဝါဒကို အဘယ့်ကြောင့် ပြန်လည်အသက်သွင်းနေကြသနည်းဟူမူ ၎င်းတို့၏ လက်ကိုင်ဝါဒဖြစ်သော ရုပ်ဝါဒ (စ-သ-ဃ-ဇ-က ပဉ္စပသာဒဝါဒနှင့် ကိုက်ညီနေသောကြောင့် ဖြစ်လေသည်၊ မှန်၏၊ ရုပ်ဝါဒအရ ကံ ကံ၏အကျိုးကို မည်သို့ လက်ခံနိုင်ကြလိမ့်မည်နည်း။
ထို့ပြင် ဓမ္မစကြာဒေသနာတော်၌ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ၊ အကြင် တဏှာသည် ဘဝအသစ်ကို ဖြစ်စေတတ်၏”ဟု ဟောတော်မူအပ်သည့်အတိုင်း တဏှာသည် ဘဝအသစ်ဖြစ်မှုဟုဆိုအပ်သော ဒုက္ခသစ္စာ ရုပ် နာမ်ခန္ဓာတို့ကို ဖြစ်စေနိုင်၏၊ ၎င်းဒုက္ခသစ္စာ ရုပ်, နာမ်ခန္ဓာ အဆက်ဆက်ဖြစ်မှု တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်းကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က အတ္တဝါဒဟု စွပ်စွဲပြီး ပစ်ပယ်ထားကြ၏၊ ထိုသို့ အကျိုးဖြစ်သော ဘဝအသစ် ရုပ်, နာမ်ခန္ဓာအစဉ်ဖြစ်မှု ဒုက္ခသစ္စာကို ပစ်ပယ်ခြင်းဖြင့် အကြောင်းဖြစ်သော တဏှာ သမုဒယသစ္စာမရှိဟု ပစ်ပယ်ရာ ရောက်၏၊
ဒုက္ခသစ္စာနှင့် သမုဒယသစ္စာကို မရှိဟု ပစ်ပယ်ခြင်းဖြင့် တဏှာ သမုဒယသစ္စာကို ပယ်သတ်ကြောင်းဖြစ်သော ဘဝအသစ် ရုပ်, နာမ်ခန္ဓာအစဉ်ဖြစ်မှုတည်းဟူသော ဒုက္ခသစ္စာမှ ထွက်မြောက်ကြောင်းဖြစ်သော မဂ္ဂင်အကျင့် မဂ္ဂသစ္စကိုလည်း ပစ်ပယ်ရာ ရောက်၏၊
ဘဝအသစ် ရုပ်, နာမ်ခန္ဓာအစဉ်ဖြစ်မှု ဒုက္ခသစ္စာကို ဖြစ်စေတတ်သော တဏှာသမုဒယသစ္စာ၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာကိုလည်း ပစ်ပယ်ရာ ရောက်၏၊
ထို့ကြောင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ အယူအဆသည် ဗုဒ္ဓသာသနာတော်၌ အရေးအကြီးဆုံး အထွတ်အထိပ်အကျဆုံးဖြစ်သော သစ္စာလေးပါးလုံးကို ပစ်ပယ်ထားသော သာသနာပ အယူအဆဖြစ်နေပေသည်၊ ထိုကဲ့သို့ အယူအဆ ရှိနေကြသူများသည် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း သီလခံယူခြင်း သပိတ်သွတ်ခြင်း စသော ဗုဒ္ဓဘာသာရေးဆိုင်ရာ အခြေခံလုပ်ငန်းကိစ္စများကို အပိုသက်သက် အလုပ်များဟူ၍ ကဲ့ရဲ့ရှုတ်ချပြောဆိုကြခြင်းမှာ အံ့ကြဖွယ်ရာ မရှိတော့ပေ။
၄၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ သောဓနာနိဂုံး၌ ဒီပင်္ကဘုရားက ဖြစ်စေသတည်းဟု အမိန့်ပေးခြင်းသည် ရှည်ဝေးသော ၉၁-ကမ္ဘာထက်က ကိစ္စ ဖြစ်သည် စသည်ဖြင့် ထေရဝါဒပိဋကတ်တော်တို့ကို ထင်သလို ပုတ်ခတ်ဝေဖန်ထားကြသည်ကို တွေ့ရ၏၊ စင်စစ် ဒီပင်္ကရာဘုရားက အမိန့်ပေးခြင်းလည်း မဟုတ်၊ ၉၁-ကမ္ဘာထက်က ကိစ္စလည်း မဟုတ်၊ မဟောသဓာအမတ်က ဘူရိဒတ်နဂါးဖြစ်ရသည်ဟု မည်သည့်ကျမ်းဂန်၌မျှ မလာရှိ၊ သို့ပါလျက် ထင်မိထင်ရာ ကယောင်ကတမ်း ပြောဆိုကြခြင်းသာ ဖြစ်၏၊ သည်မျှသာမက ပိဋကတ်များကို “အတ္တနယ် ကျယ်နေသည့် ထေရဝါဒ ပိဋကတ်တော်များ”ဟုပင် ပုတ်ခတ်သွားကြသေး၏၊ ပိဋကတ်တော်များကို လုပ်ကြံပုတ်ခတ်ခြင်းကား ဝန်လေးပေစွ။
၄၃။ တိတ္ထိကြီး ပုရဏကဿပကဲ့သို့ ကံကို ပယ်သော အကိရိယ အယူ, တိတ္ထိကြီး အဇိတကေသကမ္ဗလကဲ့သို့ ကံ၏ အကျိုးကို ပယ်သော နတ္ထိက အယူ, သေလျှင် ပြတ်၏ဟူသော ဥစ္ဆေဒအယူ ဤသို့ သာသနာပ အယူရှိကုန်သော သူတို့သည် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုသည် မမည်။ ကံ ကံ၏ အကျိုး မရှိ၊ သေလျှင် ပြတ်၏”ဟု အဖန်ဖန် ဆင်ခြင်နှလုံးသွင်း ယူဆခြင်း ပြုဖန်များသော် ထိုအာရုံ၌ မိစ္ဆာသတိသက်ဝင်ပြီး စိတ်တည်ငြိမ်လျက် ဇောစိတ်များဖြစ်ပေါ်ကာ သတ္တမဇောရောက်ပါက ဘုရားရှင်တို့ ကိုယ်တိုင်ပင် ကုစားဟောပြာ ချေချွတ်၍ မရနိုင်လောက်အောင် မိစ္ဆာဝါဒစွဲမြဲနေကြသူများ ဖြစ်ကြ၏၊ ထိုပုဂ္ဂိုလ်များသည် အများအားဖြင့် ဘဝမှ မကျွတ်လွတ်နိုင်သော သံသရာ သစ်ငုတ်များ ဖြစ်ကြ၏၊ ထိုပုဂ္ဂိုလ်မျိုးကို အဆိပ်ပြင်းထန်သော မြွေဆိုးကဲ့သို့ (ကောင်းကျိုးလိုလားသူတို့) ဝေးဝေးကရှောင်သင့်ကြောင်းကို သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ ၁၅၀-၌ ပြဆိုထားပေသည်။
မန်လည်ဆရာတော် ဘုရားကြီးကလည်း မဃဒေဝလင်္ကာသစ် အပိုဒ်(၃၁၉)၌ “သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ မှန်သောအားဖြင့်၊ ဟောကြား ခြေချွတ်၊ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီးမျိုလည်း၊ ယူကို စွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့်မည်သောကြောင့်”ဟု သတိပေးစကား မိန့်ကြားတော်မူခဲ့ပေသည်။
၄၄။ ထို့ပြင် မြတ်စွာဘုရား အဆုံးအမတော်အတိုင်း အမှန်တကယ် ဖြောင့်ဖြောင့် မှန်မှန် လိုက်နာကျင့်ကြံ လိုသည်မဟုတ်ဘဲ လိုက်နာကျင့်ကြံလိုသကဲ့သို့ ကောက်ကျစ်စဉ်းလဲစွာ ဧဝံ ပသန္နော အဟံ ဘဂဝတိ= အကျွန်ုပ် မြတ်စွာဘုရားကို ကြည်ညိုပါသည် စသည်ဖြင့် ပြောဆိုလာသော ဘဂ္ဂဝပရိဗိုဇ်အား ဒုက္ကရံ ခေါ ဧတံ ဘဂ္ဂဝ တယာ အညဒိဋ္ဌိကေန စသည်ဖြင့် “ဘဂ္ဂဝ သင့်လို အယူဝါဒတစ်ပါးရှိနေသူသည် သုဘဝိမောက္ခသို့ ကပ်ရောက်၍ နေဖို့ရန် ခဲယဉ်းလှပေသည်”ဟု မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပါထိကဝဂ္ဂပါဠိ၊ ပါထိကသုတ်၊ ၂၈-၌ ဟောဖူးသော ထုံးအရ အမှန်တကယ် လက်ခံကျင့်သုံးလိုကြသည် မဟုတ်ဘဲ တပည့်တော်များ လက်ခံကျင့်သုံးနိုင်ရန် ညွှန်ကြားပေးပါဟု လျှောက်ထားကြသော (လူသေလူဖြစ်ဝါဒ ရုပ်ဝါဒ) အယူတစ်ပါး စွဲဝင်နေကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ကို ကျင့်သုံးနိုင်ဖို့ ညွှန်ကြားရန်မှာ ဗုဒ္ဓရှင်တော်မြတ်ပင် တတ်နိုင်မည့်ကိစ္စ ဟုတ်ပေ။
ဤမျှသော စကားအစဉ်ဖြင့် ဦးဥက္ကဋ္ဌ, သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ယူဆချက်များ စွပ်စွဲချက်များသည် ဘုရားရှင်ဒေသနာတော် ထေရဝါဒ ပိဋကတ်တော်တို့နှင့် ဆန့်ကျင်သော မှားယွင်းစွာယူဆထား စွပ်စွဲထားသည့် စော်ကား ပုတ်ခတ်ချက်များသာ ဖြစ်၍ အဓမ္မဝါဒများသော ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော်မူကြသည်။