လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ကံ ကံ၏အကျိုးကို ပယ်ခြင်းနှင့်စပ်သော ဝိနိစ္ဆယ
ကံ-ကံ၏ အကျိုးကိုပယ်ခြင်းနှင့် စပ်သောဝိနိစ္ဆယ
၁။ စောဒကဆရာတော်များက-
(က) ကောင်းမှု ကောင်းတာကို နေ့မကွာ ညမလပ် ဒလစပ်အားထုတ်၍ ပြုလုပ်ကြိုးပမ်းသူ လူသားအတွက် အနင်္ဂီအဖိုးတန် အမျိုးမှန် ဆုလာဘ်များနှင့် ဘုံနန်းများကို တစ်ခမ်းတနား စီမံ၍ ထားခဲ့ကြကုန်၏၊ ပ။ စင်စစ် လိုရင်းမှာ စိတ်ကူးသက်သက်ဖြင့် လူသားစိတ်ကို ဖြားယောင်းသွေးဆောင် ခံကြကုန်၏၊ ခြောက်လှန့်ခဲ့ကြကုန်၏၊ (လူသေလူဖြစ်စာအုပ်၊ ဒုတိယနှိပ်၊ နှာ-၁၄)
(ခ) “အနို့အခု ဒီဘဝ ကောင်းစားချမ်းသာ နေတာတွေဟာ ရှေးဘဝက ပရံပရ ဘဝဘဝက ကုသိုလ် မဟုတ်ရဘူးပေါ့” “ဟ-ဒါက ဘယ်ရှေးရှေးက ကံမှမဟုတ်ဘူး။ ပ။ ဘုရားအလိုတော့ အဓမ္မတဲ့ တရားမဟုတ် လို့ ဆိုတာပဲ”။ (လူသေလူဖြစ် ပြဿနာ နှာ-၁၅၈-၁၅၉)
(ဂ) ကုသိုလ် အကုသိုလ် အကျိုးတရားဟူသည်ကား အကြောင်းကြောင့် အကျိုး မပြတ်ဆက်သည်ဟု ကမ္မဿကတလမ်းဂိုဏ်းမှ ယုံကြည်သော တရား ဖြစ်၏၊ ထိုတရားသည် ဗြာဟ္မဏဝေဒ ဒေသနာမှ မြစ်ဖျားခံ စီးဆင်းလာသော တရားဖြစ်လေရာ သံသရာလည်နေရေးကိုသာ အားပေးနေသော တရားဖြစ်သည်။ (ဗုဒ္ဓဝိပဿနာ ၁-နှာ-၁၄၆)
(ဃ) ဗုဒ္ဓ၏ မူရင်းဒေသနာများ၌ အတိတ်ကံကို အစွဲပြုသော ပရံပရ ကမ္မာဝစရကုသိုလ် အကုသိုလ်မျိုးအား စွဲသူလက်ခံ ယုံကြည်ရန် မပါမရှိပေ။ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား နှာ-၅၇)
(င) အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရ ဟူသော အတိတ်ဘဝ အကြောင်းကံကြောင့် ယခု ပစ္စက္ခဘဝမှာ ဝိဉာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဟူသော အကျိုးတရားများ ဖြစ်လာရသည် စသည်ဖြင့် အတိတ်ဘဝ အကြောင်းကြောင့် ယခုဘဝ အကျိုးတရား လာ၍ဖြစ်ရသည် ဟူသောအယူအဆမှာ အတ္တလမ်းစဉ် ဝိဉာဉ်စွဲ အမှားတရားများသာ ဖြစ်သည်။ (ဝိမုတ္တရသအရကောက်ကျမ်း နှာ-၂၂-၂၃)
ဤသို့သော စုဒိတကတို့၏ ရေးသားချက်များကို ထုတ်ပြ၍ ဦးဥက္ကဋ္ဌနှင့်နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် ဗုဒ္ဓသာသနာတော်၏ အခြေခံမူလဖြစ်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိကိုပင် ပုဗ္ဗေကတဟေတုဒိဋ္ဌိနှင့် ရောထွေးကာ လွဲမှားစွာ ပြောဆို ယူဆကြကြောင်း၊ ကံနှင့်ကံ၏အကျိုးကို ပယ်လိုက်လျှင် လူသေလူဖြစ်ဝါဒနှင့် အံဝင်ဂွင်ကျ ဖြစ်မည်ဟုတွက်ဆ၍ ကံနှင့်ကံ၏အကျိုးတို့ကို ပယ်ရှားသော စကားတို့ကို ပြောမှား ရေးမှားကြကြောင်းဟု သာမညစောဒနာ တင်သွင်းကြသည်။
၂။ တဖန်၊ ဥပရိပဏ္ဏာသပါဠိ၊ စူဠကမ္မဝိဘင်္ဂသုတ် နှာ-၂၄၄-၌လာသော “ကမ္မဿကာ မဏဝ သတ္တာ” လုလင် သတ္တဝါတို့သည် မိမိတို့ ပြုလုပ်သော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏စသော သာဓက၊ ဣတိဝုတ္တကပါဠိ၊ တပနိယသုတ် နှာ-၂၁၂-၌လာသော “မနောဒုစ္စရိတံ ကတွာ” စသော သာဓက၊ ယင်းပါဠိတော် အတပနိယသုတ် နှာ-၂၁၃-၌လာသော “ကာယဒုစ္စရိတံ ဟိတွာ” စသော သာဓကတို့ကို ထုတ်ပြ၍-
ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် သတ္တဝါတို့ အယုတ်အမြတ် ကွဲပြားရပုံ၊ သုဂတိဒုဂ္ဂတိလားရပုံ စသည်တို့ကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့ကြောင်း။
အင်္ဂုတ္တရပါဠိ၊ တိကနိပါတ် နှာ-၁၃၃-၌ “ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ” စသော သာဓကကို ထုတ်ပြ၍ မျက်မှောက်ဘဝ၌ အကျိုးပေးသောကံ၊ ဒုတိယဘဝ၌ အကျိုးပေးသောကံ၊ တတိယဘဝမှစ၍ တစ်ချိန်ချိန်၌ အကျိုးပေးသောကံဟူ၍ မြတ်စွာဘုရား ဟောတော်မူပါလျက် လူသေလူဖြစ် ဦးဥက္ကဋ္ဌတို့က ထုံးအိုးထဲ နှိုက်သောလက်သည် ချက်ချင်းဖြူသလို၊ ကတ္တရာစေးပုန်းထဲ နှိုက်သောလက်သည် ချက်ချင်းနက်သလို၊ ငရုပ်သီးကိုစားလျှင် ချက်ချင်းစပ်သလို၊ ဗုဒ္ဓ၏ကမ္မဝါဒသည် ပုခက်နှင့်ခေါင်းကြားသာ ဖြစ်လေဟန် လုပ်ကြံ ရေးသားကြကြောင်း။
သီလက္ခန္ဓဝဂ္ဂပါဠိ၊ နှာ-၅၆၊ ၅၉တို့၌ လာသော “ဒါနေန ဒမေန သံယမေန” စသောသာဓကနှင့် “နတ္ထိ မဟာရာဇ ဒိန္နံ” စသော သာဓက၊ ယင်း၏ အဋ္ဌကထာ နှာ-၁၅၀ ၌လာသော “တတ္တ ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ” စသော သာဓကတို့ကို ထုတ်ပြ၍ ဦးဥက္ကဋ္ဌနှင့် နောက်လိုက် ပုဂ္ဂိုလ်တို့၏ ဝါဒသည် ယခုခေတ်မှ ပေါ်လာသည့် အသစ်အဆန်းမဟုတ်ဘဲ၊ ဘုရားရှင်လက်ထက်ကပင် ပေါ်နေပြီးဖြစ်သော ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလခေါ် ကမ္ဘာကျော် တိတ္ထိဆရာကြီးတို့၏ ဝါဒသာဖြစ်၍ အဓမ္မဝါဒသာဖြစ်ကြောင်းဟူ၍ ဝိသေသစောဒနာတင်သွင်းကြသည်။
၃။ ထိုစောဒနာကို စုဒိတက သခင်မြတ်ဆိုင်ကချေပရာ၌-
(က) သဠာယတနဝဂ္ဂသံယုတ်၊ ကမ္မနိရောဓသုတ် ၃၄၀-တွင် နိဗ္ဗာန်ကို ကံချုပ်ရာဟု ဆိုအပ်၏ဟူ၍ ဟောကြားကြောင်း၊
(ခ) မဟာဝဂ္ဂသံယုတ်၊ ပပါတသုတ်-၃၉၉ တွင် ကံသည် ပယ်ရန်တရားဖြစ်ကြောင်း၊ ကံပျော်သူသည် ဆင်းရဲမှ မလွတ်နိုင်ကြောင်းကို ဟောထားပါကြောင်း၊
(ဂ) မဟာဝဂ္ဂသံယုတ်၊ အန္ဓကာရသုတ် ၄၀၂-တွင် ကံပျော်သူတို့သည် အမှောင်တွင်းကျနေသူသာ ဖြစ်ကြောင်းကို ဟောတော်မူကြောင်း၊
(ဃ) အင်္ဂုတ္တိုရ်၊ ဧကနိပါတ်၊ ကောဋ္ဌိကသုတ် ၁၈၈-တွင် “ရှင်သာရိပုတ္တရာက ထိုကဲ့သို့ ကံတို့ကို ခံစားရန် မဟုတ်၊ မသိရသေးသော သစ္စာလေးပါး၌လည်းကောင်း၊ ထိုသစ္စာလေးပါးကို သိပြီး၍ ထိုးထွင်းနားလည် သိရန်လည်းကောင်း၊ မြတ်စွာဘုရားထံ၌ ကျင့်သုံးပါ၏ဟု ဖြေ၏”ဟူ၍ ဟောကြားထားကြောင်း၊
(င) ပညာမဲ့များသာလျှင် ကံကိုယုံ၏ဟု သုတ္တနိပါတ်၊ ဒွဟတာနုပဿနာသုတ် ၃၈၀-တွင် ကံပယ်ရေးဆိုင်ရာ များကိုလည်း ဟောထားကြောင်း၊
(စ) မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ်၊ တဏှာက္ခယသုတ် ၁၂၈-တွင် “တဏှာကုန်ခြင်းကြောင့် ကံကုန်၏၊ သူ့ကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ ကုန်ဆုံးခြင်းသို့ ရောက်၏”ဟု ဟောကြားထားကြောင်း၊
(ဆ) မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ် ၄၁-တွင် “ဗုဒ္ဓရှင်တော်က တပသီ မကောင်းမှုပြုခြင်း, ကောင်းမှုပြုခြင်းတို့၌ ကံသုံးပါးကိုသာ ငါဘုရား ပညတ်၏၊ အဘယ် ကံသုံးပါးနည်းဟူမူ ကာယကံ၊ ဝစီကံ၊ မနောကံတို့တည်း”ဟူ၍ မိန့်တော်မူကြောင်း၊
(ဇ) မကောင်းမှု အကုသိုလ်ပြုသူတိုင်း အပါယ်သို့ကျ၏ဆိုသော စကားသည် ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်းကို သဠာယတနသံယုတ်၊ သင်္ခဓမ္မသုတ် ၄၉၉-တွင် ဟောကြားထားကြောင်း၊
(စျ) ကံအားလုံးမှ စွန့်သူသည်သာလျှင် ဆင်းရဲအပေါင်းမှ လွတ်ကြောင်းကို သုတ္တနိပါတ်၊ သဘိယသုတ် ၃၄၀-တွင် တွေ့ရကြောင်း၊
(ည) ဖဿကြောင့် ကံမြောက်၏ဟု အင်္ဂုတ္တိုရ် သတ္တကနိပါတ်၊ နိဗ္ဗေဓိကသုတ် ၄၅၆-တွင် ဟောထားကြောင်း၊
(ဋ) သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ် ၃၇၃-တွင် ကံပြတ်မှ သံသရာပြတ်ကြောင်းကို ဗုဒ္ဓဘုရား ဟောကြားထားကြောင်း၊
(ဌ) ဥဒါန်း အာယုသင်္ခါရောဿဇ္ဇနသုတ် ၁၃၉-တွင် ဗုဒ္ဓဘုရားရှင်သည် ကံအားလုံးကို ပယ်စွန့်ပုံကို ဟောကြားထားကြောင်း၊
အထက်ပါသုတ္တန် အထောက်အထားများကြောင့် ကုသိုလ် အကုသိုလ်တို့၏ အကြောင်းအကျိုးကို ဆက်ခါမပြတ် ကျင်လည်တတ်သော ဘဝသံသရာ၏ အထောက်အကူ ကံတရားတို့ကို စွန့်ပယ်တော်မူကြောင်း တင်ပြ အပ်ပါသည်ဘုရားဟု ချေပလေသည်။
စုဒိတကတို့၏ သောဓနာကို သုံးသပ်ချက်
(က) ပဌမသောဓနာကို သုံးသပ်ချက်
၄။ စုဒိတကသခင်မြတ်ဆိုင်က “သဠာယတနဝဂ္ဂသံယုတ်၊ ကမ္မနိရောဓသုတ် ၃၄၀-တွင် “ရဟန်းတို့ နိဗ္ဗာန်သည် ကာယကံ၊ ဝစီကံ၊ မနောကံတို့၏ ချုပ်ခြင်းကြောင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်အာရုံ ဖြစ်၏၊ ရဟန်းတို့ ဤနိဗ္ဗာန်ကို ကံချုပ်ရာဟု ဆိုအပ်၏”ဟူ၍ ဟောကြားထားပါသည် ဘုရား”ဟု သောဓနာလေသည်။
ဤ သာဓက စကားရပ်၌ “အရဟတ္တဖိုလ် အာရုံ ဖြစ်၏”ဟူသော စကားသည် မှားယွင်း နေသည်၊ “အရဟတ္တ ဖိုလ်သို့ အာရုံ၏အဖြစ်ဖြင့် ရောက်၏”ဟုသာ မြတ်စွာဘုရား ဟောတော်မူသည်။ ဤသုတ်၌ “နိဗ္ဗာန်ကို ကံချုပ်ရာ”ဟု ဟောတော်မူသည်ကား မှန်၏၊ နိဗ္ဗာန်သည် ကံသာမက ရုပ်ခန္ဓာအားလုံး ချုပ်ငြိမ်းသည့် အသင်္ခတဓာတ်သာ ဖြစ်၏၊ သို့သော် ရှေးအတိတ်ကံ မရှိ ဟူ၍ကား ဟောတော် မမူပေ။ ရှေးအတိတ်ကံ ရှိကြောင်းကို ဤသုတ်၏ အစ၌ပင်-
“ရဟန်းတို့ အသစ်အဟောင်း ဖြစ်သောကံတို့ကို လည်းကောင်း၊ ကံ၏ချုပ်ရာကို လည်းကောင်း၊ ကံချုပ်ရာသို့ ရောက်သောအကျင့်ကို လည်းကောင်း ဟောပေအံ့”ဟု ဝန်ခံတော်မူပြီးလျှင် “ရဟန်းတို့ မျက်စိသည် ကံဟောင်းမည်၏(အကြောင်းအရာတို့က) ပြုပြင်အပ်၏၊ (စေတနာ ဟူသော အတိတ်ကံက) စီမံအပ်၏၊ ခံစားမှု ဝေဒနာ၏ အကြောင်းဟု ရှုရမည်”ဟုဟောတော်မူသည်။ (သဠာယတနသံယုတ္တပါဠိ-၃၄၆၊ အဋ္ဌကထာ-၄၆၊ မြန်မာပြန်-၃၄၀)
ဤသုတ်၌ “မျက်စိသည် ကံဟောင်းမည်၏”ဟူသော စကားရပ်ဝယ် မျက်စိသည် အဟောင်းမဟုတ်၊ ကံသာလျှင် အဟောင်းဖြစ်သည်။ ကံဟောင်းကြောင့် ဖြစ်ရသည့်အတွက် အကြောင်းကံ၏အမည်ကို အကျိုးမျက်စိ၌ တင်စား၍ ဥပစာရအားဖြင့် “မျက်စိသည် ကံဟောင်းမည်၏”ဟုဟောတော်မူသည်။ (ယင်း အဋ္ဌကထာ-၄၆)
ဤသုတ်ဖြင့် စုဒိတကပုဂ္ဂိုလ်ဆိုလိုသော “ကံ ကံ၏အကျိုးမရှိ”ဟူသော အနက်ကို မပြနိုင်၊ စောဒက ဆရာတော်များ ဆိုလိုသော “ကံ ကံ၏အကျိုး ရှိ၏”ဟူသော အနက်ကိုသာ ပြသောကြောင့် စုဒိတကပုဂ္ဂိုလ်အတွက် သာဓက မမြောက်ရုံမျှမက၊ စောဒကဆရာတော်များ၏ အဆိုကိုပါ ထောက်ခံရာ ရောက်ပေသည်။ စုဒိတကသခင်မြတ်ဆိုင်သည် ဤကမ္မနိရောဓသုတ်၏ လေးနက်သော ဓမ္မရေးရာကို မသိရ၍သာ အားကိုးခုခံ မိခြင်းဖြစ်ပေသည်။
(ခ) (ဂ) ဒုတိယ၊ တတိယသောဓနာတို့ကို သုံးသပ်ချက်
၅။ ၎င်းနောက် ကံသည် ပယ်ရန်တရား ဖြစ်ကြောင်းကို လည်းကောင်း၊ ကံပျော်သူသည် ဆင်းရဲမှ မလွတ်နိုင်ကြောင်းကို လည်းကောင်း၊ ၎င်းနောက် ကံပျော်သူတို့သည် အမှောင်တွင်း ကျနေသူသာ ဖြစ်ကြောင်းကို လည်းကောင်း ဒုတိယ၊ တတိယ ချေပချက်များအဖြစ် လျှောက်ထားလေသည်။
၆။ စုဒိတကတင်ပြသော ဤပပါတသုတ်၊ အန္ဓကာရသုတ်တို့၌ ဘုရားရှင်၏ ဟောတော်မူလိုရင်း အဓိပ္ပါယ် အကျဉ်းချုပ်မှာ “သစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာမသိကြသူ သမဏဗြာဟ္မဏတို့သည် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့ကို ဖြစ်စေတတ်သော ကံသင်္ခါရတို့ကို ပြုကြကုန်၏၊ ထိုသို့ ပြုကြသောကြောင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတည်းဟူသော ချောက်ကမ်းပါး အမှောင်ထု၌ ကျရောက်ကြရကုန်၏၊ ထိုသူတို့သည် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဟူသောဆင်းရဲမှ မလွတ်ကုန်”ဟူ၍ဖြစ်ပေသည်။
၇။ ရှင်းလင်းချက်- ဤသုတ်တို့၌ “ဤကား ဆင်းရဲတည်းဟု မသိကြကုန်” စသော စကားတော်ဖြင့် သစ္စာလေးပါးတို့ကို မသိအောင်ဖုံးလွှမ်းတတ်သော အဝိဇ္ဇာကိုပြတော်မူသည်။ “ကံ သင်္ခါရတို့၌ မွေ့လျော် ကုန်၏”ဟူသော စကားတော်ဖြင့် တဏှာနုသယကို ပြတော်မူသည်။ ဤ အချက်နှစ်ရပ်သည် အရေးကြီးလှသော သော့ချက် စကားတို့ပေတည်း။ အဝိဇ္ဇာနှင့် တဏှာနုသယ မကင်းကြသေးသော ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့သည် ကုသိုလ်ကံ၊ အကုသိုလ်ကံတည်းဟူသော သင်္ခါရတို့ကိုပြုကြ၍ ဇာတိစသည်ဖြစ်ကာ ဒုက္ခမှ မလွတ်ကြကုန်၏ဟုဆိုလိုသည်။
ဤဒေသနာတော်ဖြင့် စုဒိတကတို့ ဆိုသကဲ့သို့ “ယခုဘဝ အကျိုးတရားသည် ရှေးကံ အကြောင်းကြောင့် မဟုတ်”ဟူသောအနက်ကို မပြ၊ “ကံ ကံ၏အကျိုးမရှိ”ဟူသော အနက်ကိုလည်း မပြချေ။ ပါဠိတော်၏ ဆိုလိုရင်းကား တခြား၊ သခင်မြတ်ဆိုင် ဆွဲယူသော အဓိပ္ပါယ်ကား တခြားပေတည်း။ အမှန်စင်စစ် ကံ-ကံ၏ အကျိုး ရှိ၏၊ ကံသင်္ခါရကြောင့် ဇာတိစသော အကျိုးဖြစ်ရ၏ ဟူသော အနက်ကိုသာ ပြပေသည်။ ထို့ကြောင့် ဤသာဓကဖြင့် စောဒကဆရာတော်များ၏ စွဲဆိုလိုရင်း အချက်ကို မပယ်ဖျက် မချေပနိုင်ချေ။ အကိုးမှားခြင်းသာ ဖြစ်ပေသည်။
ဗုဒ္ဓဝိပဿနာ (၁)နှာ-၁၄၆၌လာသော “သံသရာလည်နေရေးကိုသာ အားပေးနေသောတရား ဖြစ်သည်”ဟူသော ရေးသားချက်အတွက် ဖြေရှင်းချေပသည့် သာဓကဖြစ်ပါသည်ဟုဆိုလျှင်လည်း သာသနာပ တိတ္ထိတို့၏ကမ္မဝါဒသည် သံသရာလည်ရေး အားပေးနေသောတရား ဟုတ်ပေလိမ့်မည်။ သာသနိကဗုဒ္ဓဘာသာဝင် တို့သည်ကား မဂ်ဉာဏ်၏အကြောင်း အထောက်အပံ့ ဖြစ်ရန်ရည်သန်၍ ကုသိုလ်ကံကို ပြုကြသောကြောင့် မဂ်ဉာဏ်၏ ပကတူပနိဿယ ပစ္စည်းသာဖြစ်၍ သံသရာလည်ရေး အားမပေးကြောင်းကို ရှင်းပြခဲ့ပြီး ဖြစ်သည်။ တိတ္ထိဝါဒနှင့် ဗုဒ္ဓဝါဒကို ကွဲပြား ခြားနားစွာ နားမလည်၍သော် လည်းကောင်း၊ ဗုဒ္ဓဝါဒကို တိတ္ထိဝါဒဖြစ်အောင် ဖျက်ဆီးလို၍သော် လည်းကောင်း ဤသို့ မမှန်မကန် ရေးသားပြောဆိုနေခြင်း ဖြစ်ဟန်ရှိလေသည်။
(ဃ) စတုတ္ထသောဓနာကို သုံးသပ်ချက်
၈။ ထို့ပြင် အင်္ဂုတ္တိုရ်-ဧကနိပါတ်-ကောဋ္ဌိက သုတ်အရ ကောဋ္ဌိကရဟန်းက လျှောက်၍ “သာရိပုတ္တရာက ထိုကဲ့သို့ ကံတို့ကို ခံစားရန် မဟုတ်ပါ၊ မသိရသေးသော သစ္စာလေးပါး၌လည်းကောင်း၊ ထိုသစ္စာလေးပါးတို့သိပြီး၍ ထိုးထွင်းနားလည်သိရန် လည်းကောင်း၊ မြတ်စွာဘုရားထံ၌ ကျင့်သုံးပါ၏ဟု ဖြေ၏”ဟူ၍ ဟောကြားထား ကြောင်းပါဘုရားဟု စတုတ္ထသောဓနာကို လျှောက်ထားလေသည်။
ဤကောဋ္ဌိကသုတ်သည် ဧကနိပါတ်၌ မလာ၊ နဝကနိပါတ်(၁၈၈)၌သာ လာသည်။ ကောဋ္ဌိကသုတ်ကို ချုံး၍ဆိုသော်လည်း စုဒိတကသခင်မြတ်ဆိုင်သည် မချုံးတတ်သောကြောင့် အဓိပ္ပါယ် ပျက်ယွင်းနေသည်။ “အမှန်မှာ မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ချမ်းချမ်းသာသာ ခံစားရမည့် အကျိုးရှိသော ကံသည် ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုးရှိသောကံသည် ချမ်းချမ်းသာသာ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသောကံသည် မရင့်ကျက်မီ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ မရင့်ကျက်မီ ခံစားရမည့် အကျိုးရှိသောကံသည် ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ များစွာ ခံစားရမည့် အကျိုးရှိသောကံသည် အနည်းငယ် ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ အနည်းငယ် ခံစားရမည့် အကျိုးရှိသောကံသည် များစွာ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ခံစားရမည့် အကျိုးရှိသောကံသည် ခံစားရမည့် အကျိုးမရှိသောကံ ဖြစ်ပါစေ ဟူသော အကျိုးငှာ မြတ်စွာဘုရားထံတော်၌ အကျင့်မြတ်ကို ကျင့်သုံး နေပါသလော”ဟု အသျှင်မဟာကောဋ္ဌိက က မေးမြန်းလေရာ အရှင်သာရိပုတ္တရာက “ဤသို့မဟုတ်ပါ၊ မသိရ သေးသော သစ္စာလေးပါးကို သိရန် မြတ်စွာဘုရားထံတော်၌ အကျင့်မြတ်ကို ကျင့်သုံးနေပါသည်”ဟု ဖြေကြားသော သုတ်ဖြစ်သည်။
ဤသုတ်၌လည်း စုဒိတကတို့ ဆိုသကဲ့သို့ “ယခုဘဝ ကောင်းကျိုး မကောင်းကျိုးသည် ရှေးရှေးကံကြောင့် မဟုတ်”ဟူသော အနက်အဓိပ္ပါယ် မပါချေ။ စောဒကတို့၏ စွဲချက်ကိုချေပရန် သာဓကမဟုတ်၊ ပါဠိတော် များလျှင်ပြီးရောဟူသော သဘောမျိုးဖြင့် မဆီမဆိုင် သုတ်တရားတော်များကို ဆွဲထည့်ခြင်းသာ ဖြစ်ပေသည်။
(င) ပဉ္စမသောဓနာကို သုံးသပ်ချက်
၉။ “ပညာမဲ့များ သာလျှင် ကံကို ယုံ၏ဟု အောက်ပါ သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ်-၃၇၀ တွင် လောက၌ များစွာကုန်သော ဆင်းရဲဒုက္ခ ဟူသမျှသည် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကြောင့် ဖြစ်ရကုန်၏၊ ပညာနုံ့သူတို့သည် မသိနားမလည်သည်ဖြစ်၍ လောကီကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို ပြုရကား ပုထုဇဉ်သည် အဖန်ဖန် ဆင်းရဲခြင်းသို့ ကပ်ရောက်ရ၏၊ ပိုင်းခြားသိသူသည် ထိုဝဋ်ဆင်းရဲဖြစ်ကြောင်း လောကီကုသိုလ် အကုသိုလ်ကံကို မပြုလုပ်ရာဟု ဟောပါသည်ဘုရား”ဟု ပဉ္စမသောဓနာကို လျှောက်ထားလေသည်။
ဤသုတ်ဖြင့် မြတ်စွာဘုရားသည် ကံ-ကံ၏ အကျိုးမရှိဟု ပယ်တော်မူသည် မဟုတ်ဘဲ၊ နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာ ရှုမှတ်မှု “ဒွယတာနုပဿနာ” ၁၆-မျိုးတို့ကိုသာ ဟောတော်မူ၏၊ ထို ၁၆-မျိုး တို့တွင် စုဒိတကပုဂ္ဂိုလ် ထုတ်ပြသော သာဓကစကားရပ်ကား ဒုတိယဝါရ၌ လာသောစကားရပ်ဖြစ်သည်။ သိသာထင်ရှားအောင် ထိုဒုတိယဝါရကို အပြည့်အစုံ ထုတ်ပြဦးမည်။
(က) ရဟန်းတို့ အခြားတပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာ ရှုမှတ်မှုသည် ဖြစ်ရာအံ့လောဟု ဤသို့မေးသူတို့ ရှိကြကုန်မူ ဖြစ်ရာ၏ဟု ဖြေဆိုထိုက် ကုန်၏၊ အဘယ်သို့ ဖြစ်ရာသနည်း ဟူမူ ဖြစ်ပေါ်လာသမျှ ဆင်းရဲဟူသမျှ အားလုံးသည် ဘဝဆင်းရဲ၏ တည်ရာအကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ်ကံဟူသော (ဥပဓိ) အကြောင်းကြောင့် ဖြစ်၏၊ ဤကား တစ်မျိုးသော ရှုမှတ်မှုတည်း။ ဘဝဆင်းရဲ၏ တည်ရာအကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ် ကံတို့၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်းမရှိ၊ ဤကား ဒုတိယ ရှုမှတ်မှုတည်း။ ရဟန်းတို့ ဤသို့ နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာ ရှုမှတ်သည်ဖြစ်၍ မမေ့မလျော့ အပြင်းအထန် အားထုတ်လျက် နိဗ္ဗာန်သို့ စိတ်ကို စေလွှတ်နေသော ရဟန်းအား ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ဖြစ်စေ၊ ဥပါဒါနက္ခန္ဓာ ကြွင်းကျန်သေးလျှင် အနာဂါမိဖိုလ်သို့ ဖြစ်စေ၊ ထိုနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော ဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်နိုင်၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ ပြီးနောက် ဤဂါထာကို ဟောတော်မူ၏၊
(ခ) လောက၌ များသောသဘောရှိကုန်သော ဆင်းရဲဒုက္ခ ဟူသမျှတို့သည် ဘဝဆင်းရဲ၏ တည်ရာအကြောင်း ဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော (ဥပဓိ)အကြောင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိသော အကြင် ပုထုဇဉ်သည် စင်စစ် ဘဝဆင်းရဲ၏ တည်ရာ အကြောင်းဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော (ဥပဓိ)ကို ပြု၏၊ ပညာနုံ့သော ပုထုဇဉ်သည် အဖန်တလဲလဲ ဆင်းရဲသို့ ကပ်ရောက်ရ၏၊ ထို့ကြောင့် ပိုင်းခြား၍ သိတတ်သူသည် ဝဋ်ဆင်းရဲ၏ ဇာတိဟူသော အမွန်အစကို ရှုမှတ်ဆင်ခြင်လျက် ဘဝဆင်းရဲ၏ တည်ရာ အကြောင်းဖြစ်သော လောကီကုသိုလ်၊ အကုသိုလ် ဟူသော(ဥပဓိ)ကို မပြုရာဟု ဟောတော်မူ၏၊ (ခု၊မြန်၊၁၊၃၉၁-၂။) (သုတ္တနိပါတပါဠိ၊ ဒွယတာနုပဿနာသုတ်)
ဤစကား နှစ်ရပ်တွင် (က)သည် အကျယ်စုဏ္ဏိယ ပဓာန စကားရပ် ဖြစ်၏၊ (ခ)သည် အကျဉ်းဆောင်ပုဒ် ဂါထာ ဖြစ်၏၊ ဤဝါဒသည်လည်း ပထမဝါရကဲ့သို့ပင် သစ္စာလေးပါးကိုပြလျက် အရဟတ္တဖိုလ် အထွတ်တပ်ကာ ဟောအပ်သော ဝါရဖြစ်သည်။ ကျန်ဝါရအားလုံးသည် အလားတူချည်းဖြစ်သည်။ (ယင်း အဋ္ဌကထာ-၂၂၂)
ဤသုတ်သည် ဒုက္ခနှင့်သမုဒယ နှစ်ပါးကို ရှုမှတ်၍ နိရောဓနှင့်မဂ္ဂ နှစ်ပါးကို ထိုးထွင်းသိမြင်ပြီးလျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ဘဝဒုက္ခ၏ အကြောင်းဖြစ်သော လောကီကုသိုလ်ကံ၊ အကုသိုလ်ကံကို ပယ်စွန့်ပုံကိုသာ ဟောတော်မူသော သုတ်ဖြစ်သည်။ ပယ်စွန့်ရန် ဟောခြင်းသည် ရှိခြင်းကို ထင်ရှားစေသည်။ ထို့ကြောင့် စုဒိတကပုဂ္ဂိုလ်တို့ ဆိုသကဲ့သို့ ကံ-ကံ၏ အကျိုး မရှိဟု ဟောတော်မူသောသုတ် မဟုတ်ပေ။
၁၀။ “ဥပဓိ န ကယိရာ” ဘဝဆင်းရဲ၏ တည်ရာဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံကို မပြုရာဟူသော စကားရပ်လည်း ဘဝဆင်းရဲ၊ ဝဋ်ဆင်းရဲ၏ အကြောင်းဖြစ်သော ဝဋ္ဋနိဿိတ(ဝဋ်ကိုမှီသော) ကုသိုလ်နှင့် အကုသိုလ်ကံကိုသာ မပြုရာဟု ဆိုသည်။ ဝိဝဋ္ဋနိဿိတ (ဝဋ်ကို မမှီ၊ နိဗ္ဗာန်ကို ရည်သော) ကုသိုလ်ကံကိုကား မပြုရာဟု မဆိုချေ။ ဝိဝဋ္ဋနိဿိတ ကုသိုလ်ကံကိုလည်း မပြုရာဟု ဆိုလျှင် မဂ်ဖိုလ်၏ နီးကပ်သောအကြောင်း ပဒဋ္ဌာန်ဖြစ်သည့် (ဝါ) မဂ်ဖိုလ်ရအောင် လုပ်ရသည့် ဝိပဿနာကုသိုလ်ကိုပင် မပြုရာဟု ဆိုရာရောက်ချိမ့်မည်။ ဝိဝဋ္ဋနိဿိတ ကုသိုလ်ကို မပြုလုပ်လျှင်လည်း မည်သည့်အခါမျှ မဂ်ဖိုလ်ကို မရနိုင်တော့ဘဲ ဝဋ္ဋခါဏုက သံသရာဝဋ် သစ်ငုတ်သာဖြစ်၍ နေတော့မည်။ ထို့ကြောင့် မဂ်ဉာဏ်ကို ရအောင်လုပ်၍ မဂ်ကုသိုလ်ဖြင့် လောကီကုသိုလ်ကံ၊ အကုသိုလ်ကံကို ပယ်စွန့်ရန်ကိုသာ ဟောတော်မူသည်ဟု မှတ်ရာ၏၊ ဤအဓိပ္ပါယ်ကို သိနားလည် နိုင်ကြစေရန် မဇ္ဈိမပဏ္ဏာသပါဠိတော်(၅၂-၅၃) ကုက္ကုရဝတိကသုတ်၌လာသော ကံလေးမျိုးတို့ကို အကျဉ်းချုံး၍ ပြဦးအံ့။
ကံသည်-
(၁) မည်းညစ်၍ မည်းညစ်သောအကျိုးရှိသည့် “ကဏှကဏှဝိပါက” ကံ၊
(၂) ဖြူစင်၍ ဖြူစင်သောအကျိုးရှိသည့် “သုက္ကသုက္ကဝိပါက” ကံ၊
(၃) မည်းညစ်ဖြူစင်၍ မည်းညစ်ဖြူစင်သောအကျိုးရှိသည့် “ကဏှသုက္က ကဏှသုက္ကဝိပါက” ကံ၊
(၄) မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သောအကျိုးရှိသည့် အခြားကံကိုကုန်စေတတ်သော “အကဏှအသုက္က အကဏှအသုက္က ဝိပါက ကမ္မက္ခယ” ကံဟူ၍လေးမျိုး ရှိ၏၊
ထိုလေးမျိုးတို့တွင်-
(၁) မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံဟူသည် အပြစ်ရှိသော ကာယကံ၊ ဝစီကံ၊ မနောကံဟု ဆိုအပ်သော အကုသိုလ်ကံဖြစ်သည်။
(၂) ဖြူစင်၍ ဖြူစင်သော အကျိုးရှိသောကံဟူသည် အပြစ်မရှိသော ကာယကံ၊ ဝစီကံ၊ မနောကံဟုဆိုအပ်သော လောကီကုသိုလ်ကံဖြစ်သည်။
(၃) မည်းညစ်ဖြူစင်၍ မည်းညစ်ဖြူစင်သော အကျိုးရှိသော ကံဟူသည် အပြစ်ရှိ မရှိ ရောနှောသော လောကီ ကုသိုလ် အကုသိုလ်ကံဖြစ်သည်။
(၄) မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် အခြားကံကို ကုန်စေတတ်သော ကံဟူသည် လောကုတ္တရာကုသိုလ်ဟု ဆိုအပ်သော မဂ်စေတနာဖြစ်သည်။
ထိုပြဆိုအပ်ပြီးသော ကံလေးမျိုးတို့တွင် စတုတ္ထဖြစ်သော မဂ်လေးပါး စေတနာတည်းဟူသော လောကုတ္တရာကံ ဖြစ်ပေါ်အောင် ပွားများအားထုတ်၍ ရှေးကံသုံးမျိုးတို့ကို ကုန်ဆုံးစေရန် ရည်ရွယ်တော်မူကာ ဤသုတ်ကို မြတ်စွာဘုရား ဟောတော်မူသည်။ ဤအဓိပ္ပါယ်ကို အင်္ဂုတ္တရပါဠိ၊ စတုက္ကနိပါတ် နှာ-၅၅၃ မှ ၅၅၉၊ သံခိတ္တသုတ်၊ ဝိတ္တာရသုတ်၊ သောဏကာယနသုတ်၊ ပဌမသိက္ခာပဒသုတ်၊ ဒုတိယသိက္ခာပဒသုတ်၊ အရိယမဂ္ဂသုတ် တို့၌လည်း ဟောတော်မူ၏၊
၁၁။ ယင်းစကားရပ်၏ အဆက်၌ သခင်မြတ်ဆိုင်က “ဗုဒ္ဓဝါဒီ အနေနှင့်ယူသော ကုသိုလ်ကား ဒုစရိုက်ကို ရှောင်ရန်သာဖြစ်သည်”ဟုဆိုပြန်၏၊ ဒုစရိုက်ကို ရှောင်ကြဉ်မှုသည် ဝိရတီသီလကုသိုလ်ကံ ဖြစ်၏၊ ထိုဝိရတီသီလ ကုသိုလ်ကိုသာယူသဖြင့် ဒါနကုသိုလ်ကံ၊ သမထဘာဝနာကုသိုလ်ကံ၊ ဝိပဿနာဘာဝနာကုသိုလ် ကံတို့ကို ပယ်ရှားရာ ရောက်၏၊ “ကာမာဝစရ ကုသိုလ် အကုသိုလ်မှာ ဗုဒ္ဓနှင့်မဆိုင်သည်ကို အထူးဂရုပြုရန်လို၏”ဟူသော သူ၏ နောက်စကားဖြင့် မူကား ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ကုသိုလ်ကံ အားလုံးကိုပင် သခင်မြတ်ဆိုင် ပယ်ပြန်၏၊ မှန်လှ၏- ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ကုသိုလ်ကံဟူသည် ကာမာဝစရကုသိုလ်စိတ် ၈-ပါးတို့၌ ယှဉ်သော ကာမာဝစရ ကုသိုလ်ကံချည်း ဖြစ်လေသည်။ ထိုကာမာဝစရ ကုသိုလ်ကံကို ပယ်လိုက်ခြင်းဖြင့် မြတ်စွာဘုရား ဟောတော်မူသော ဒါန၊ သီလ၊ သမထ၊ ဝိပဿနာစသော ကုသိုလ်ကံတို့ကို ပယ်ရာရောက် သည့်အပြင် မိမိ၏ ရှေ့စကားကိုလည်း ပယ်ရှားပြီး ဖြစ်နေပေသည်။ ကိုယ့်စကားချင်းပင် မညီပေ၊ ထို့ကြောင့် စုဒိတကတို့သည် စောဒကဆရာတော်များ စွဲဆိုသည့်အတိုင်း ပူရဏကဿပစသော တိတ္ထိများကဲ့သို့ ကံ-ကံ၏ အကျိုးတရားကို ပယ်ရှားကြသည်မှာ လွန်စွာ ထင်ရှားလေသည်။
(စ) ဆဋ္ဌသောဓနာကို သုံးသပ်ချက်
၁၂။ ကံပယ်ရေးဆိုင်ရာများကိုလည်း ဟောထားကြောင်း မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ်၊ တဏှက္ခယသုတ် ၁၈၂-တွင် “ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွားများသော ထိုရဟန်းသည် တပ်မက်မှု တဏှာကို ပယ်၏၊ တပ်မက်မှု တဏှာကို ပယ်ခြင်းကြောင့် ကံကိုပယ်၏၊ ကံကိုပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲကို ပယ်၏၊ ဥဒါယီ ဤသို့လျှင် တဏှာကုန်ခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ ကုန်ဆုံးခြင်းသို့ ရောက်၏ဟု ဟောကြား ထားပါသည်ဘုရား”ဟူ၍ ဆဋ္ဌသောဓနာကို လျှောက်ထားလေသည်။ နှာ-၁၈၂ ၌ ဤသုတ်မပါ၊ ၈၂-၌သာပါသည်။
သို့သော် ဤသုတ်ဖြင့် ကံမရှိဟု ကံကိုပယ်ခြင်းမဟုတ်၊ ဤသုတ်ဖြင့် ဗောဇ္ဈင် ခုနှစ်ပါးကို ပွားများအားထုတ်၍ လောကုတ္တရာ မဂ်လေးပါးတို့ကို ဖြစ်ပေါ်စေခြင်းဖြင့် တဏှာကုန်ရန်၊ ကံကုန်ရန်၊ ဝဋ်ဆင်းရဲကုန်ရန်ကိုသာ ဟောတော်မူသည်။ ဤအဓိပ္ပါယ်ကိုလည်း အင်္ဂုတ္တရပါဠိ၊ စတုက္ကနိပါတ် နှာ ၅၅၉-၌လာသော ဗောဇ္ဈင်သုတ်ဖြင့် သိနိုင်ပေသည်။
ထိုဗောဇ္ဈင်သုတ်ဝယ် ပဉ္စမသောဓနာကို သုံးသပ်ချက်၌ ပြခဲ့သည့်နည်းတူ ကဏှကဏှဝိပါက စသော ကံလေးမျိုးကို ဟောတော်မူ၍ စတုတ္ထကံ၏ အရ ဗောဇ္ဈင်ခုနှစ်ပါးကို ဖော်ပြတော်မူလေသည်။
ဤသုတ်သည် စုဒိတကပုဂ္ဂိုလ် ဆိုလိုသကဲ့သို့ ကံ-ကံ၏ အကျိုးတရားမရှိဟူသော အနက်ကို မပြ၊ ကံ-ကံ၏ အကျိုး ရှိ၏၊ ထိုကံကုန်ဆုံး၍ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ပွားများရမည် ဟူသော အနက်ကိုသာ ပြသောသုတ် ဖြစ်ရကား စုဒိတက၏စကားကို အထောက်အကူ မပြုဘဲ၊ စောဒကဆရာတော်တို့၏ စကားကိုသာ အထောက်အကူပြုပေသည်။
(ဆ) သတ္တမသောဓနာကို သုံးသပ်ချက်
၁၃။ “ကံနှင့်ဆိုင်ရာ ပညတ်ကို ဗုဒ္ဓဘုရားရှင်သည် မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ် ၄၁-တွင် “ငါ့ရှင်ဂေါတမ မကောင်းမှုပြုခြင်း၌ ထိုမကောင်းမှု ပြုခြင်းဖြစ်သော ကံကို အဘယ်မျှ ပညတ်ပါသနည်း”ဟု တပဿီနိဂဏ္ဌက မေးလျှောက်၏၊ ဗုဒ္ဓရှင်တော်က “တပဿီ မကောင်းမှုပြုခြင်း, ကောင်းမှုပြုခြင်းတို့၌ ကံသုံးပါးကိုသာ ငါဘုရား ပညတ်၏၊ အဘယ် ကံသုံးပါးနည်းဟူမူ ကာယကံ၊ ဝစီကံ၊ မနောကံတို့တည်း”ဟူ၍ မိန့်တော်မူပါသည်ဘုရား”ဟု သတ္တမသောဓနာကို လျှောက်ထားလေသည်။
ဤသောဓနာလာ သာဓကသည်ကား စောဒနာစကားရပ်နှင့် မည်သို့မျှ မသက်ဆိုင်ချေ။ ကာမာဝစရ ကုသိုလ်ကံ၊ အကုသိုလ်ကံဟူသည် ဤကံသုံးပါးတို့ပင် ဖြစ်သည်။ ရူပါဝစရ အရူပါဝစရကုသိုလ်ကံ ဟူသည် မနောကံပင်ဖြစ်သည်။ ဗုဒ္ဓသာသနာ့နွယ်ဝင် သူတော်စင်အားလုံးတို့ လက်ခံယုံကြည်သော ကံဟူသည် ဤကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးတို့ပင် ဖြစ်သည်။ စုဒိတကတို့ မရှိပါဟု ပယ်နေသော ကံသည်လည်း ဤကံသုံးပါးတို့ပင် ဖြစ်သည်။ ဤကံသုံးပါးတို့မှ တစ်ပါး အခြားလက်ခံယုံကြည်ရန် သို့မဟုတ် ပယ်ရန် ကံမရှိတော့ချေ။
သခင်မြတ်ဆိုင်သည် သုတ္တန်ဒေသနာတော်၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်နိုင်သောဉာဏ် လုံးဝကင်းမဲ့သောသူ ဖြစ်ရကား မိမိချေပမည့်စကားနှင့် သက်ဆိုင်သည် မသက်ဆိုင်သည်ကို မဆင်ခြင်မိဘဲ “ကံ”ဟူသော စကားလုံး ပါရှိရုံမျှဖြင့် သာဓကအဖြစ် ထုတ်ဆောင် တင်ပြထားခြင်းသာ ဖြစ်ကြောင်း တွေ့ရပေသည်။
(ဇ) အဋ္ဌမသောဓနာကို သုံးသပ်ချက်
၁၄။ မကောင်းမှု အကုသိုလ်ပြုသူတိုင်း အပါယ်သို့ကျ၏ ဆိုသောစကားသည် ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်းကို သဠာယတနသံယုတ်၊ သင်္ခဓမသုတ် ၄၉၉-တွင် “ဗုဒ္ဓရှင်၏ အလိုကား ထိုမကောင်းမှု ကောင်းမှု ကုသိုလ်ကံတို့ကို မစွဲလမ်း၊ ပြန်လည်မစဉ်းစားသော် ထိုမကောင်းမှုမှ လွတ်၏၊ ကာမတို့မှ မှားမှန်းသိ၍ နောင်မပြုလုပ်တော့ပါဟု ရှောင်ကြဉ်သော်၊ ပယ်စွန့်သော် မကောင်းမှုဟု သိသဖြင့် ထိုကံမှလွတ်၏၊ သို့ရာတွင် ငါသည် မကောင်းမှုကို ပြုခဲ့မိ၏တကားဟု စွဲလမ်း၍ နှလုံးမသာဖြစ်နေသော် ထိုမကောင်းမှုကံကို စွဲလမ်းခြင်းဖြင့်ပင် ထိုအကုသိုလ် မကောင်းမှုမှ မလွတ်နိုင်ကြောင်း ဟောကြားထားပါသည်ဘုရား”ဟု အဋ္ဌမသောဓနာကို လျှောက်ထား ပြန်လေသည်။
စောဒကဆရာတော်များက “မကောင်းမှု အကုသိုလ် ပြုသူတိုင်း အပါယ်ကျ၏”ဟု မဆိုသောကြောင့် ဤသောဓနာသည် စောဒနာနှင့် မသက်ဆိုင်ချေ။ “ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်း” ကိုလည်း ထိုသုတ်၌ မပြဆိုချေ။ ထိုသုတ်၏ ဆိုလိုရင်း အကျဉ်းချုပ် အဓိပ္ပါယ် ဤသို့ဖြစ်သည်။
နိဂဏ္ဌနာဋပုတ္တခေါ် ဂျိန်းဆရာကြီး၏ တပည့်ဖြစ်သူ အသိဗန္ဓက၏သား ရွာသူကြီးအား မြတ်စွာဘုရားက “နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား အဘယ်သို့ တရားဟောသနည်း”ဟုမေးတော်မူလေရာ “အသက်သတ်သူ ဟူသမျှ၊ မပေးသည်ကို ခိုးယူသူ ဟူသမျှ၊ ကာမတို့၌ မှားယွင်းစွာကျင့်သူ ဟူသမျှ၊ မဟုတ်မမှန် ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏၊ များသော ထိုထိုကံက ဆောင်သွား၏ ဟူ၍ တရားဟောပါသည်”ဟု ရွာသူကြီးက ဖြေဆိုလေသည်။
ထိုအခါ မြတ်စွာဘုရားက “အသက်သတ်သူသည် သတ်သောအချိန်နှင့် မသတ်သောအချိန်တို့တွင် ဘယ်အချိန်က များသနည်း၊ မပေးသည်ကို ခိုးယူသူသည် ခိုးယူသောအချိန်နှင့် မခိုးယူသော အချိန်တို့တွင် ဘယ်အချိန်က များသနည်း၊ ကာမတို့၌ မှားယွင်းစွာကျင့်သူသည် မှားယွင်းစွာကျင့်သောအချိန်နှင့် မကျင့်သော အချိန်တို့တွင် ဘယ်အချိန်က များသနည်း၊ မဟုတ်မမှန် ပြောသူသည် မဟုတ်မမှန် ပြောသောအချိန်နှင့် မပြောသော အချိန်တို့တွင် ဘယ်အချိန်က များသနည်း”ဟု မေးတော်မူပြန်ရာ “အသက်မသတ်သောအချိန်၊ မခိုးယူသောအချိန်၊ ကာမတို့၌ မှားယွင်းစွာ မကျင့်သောအချိန်၊ မဟုတ်မမှန် မပြောသောအချိန်က များပါသည်”ဟု ရွာသူကြီးက ဖြေဆို လေသည်။ “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့လျှင် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ၊ ငရဲကျသူဟူ၍ ဖြစ်နိုင်တော့မည် မဟုတ်”ဟုနိဂဏ္ဌ၏ အယူဝါဒကို ပယ်တော်မူပြီးလျှင် အသက်သတ်မှု စသောအကုသိုလ်ကံကြောင့် အပါယ်ငရဲကျရပုံကို ဤသို့ ပြတော်မူလေသည်။
အသက်သတ်သူ ဟူသမျှ၊ မပေးသည်ကို ခိုးယူသူ ဟူသမျှ၊ ကာမတို့၌ မှားယွင်းစွာကျင့်သူ ဟူသမျှ၊ မဟုတ်မမှန် ပြောသူဟူသမျှသည် အပါယ်ကျ၏ဟု ဟောလေ့ယူလေ့ရှိသောဆရာ၏ တပည့်အား “အသက်သတ်သူ ဟူသမျှသည် အပါယ်ငရဲကျ၏ဟု ငါ့ဆရာသည် ဟောလေ့ယူလေ့ ရှိ၏၊ ငါသည် အသက်သတ်မိ၏၊ ငါသည်လည်း အပါယ်ငရဲကျသူ ဖြစ်၏”ဟု အယူမှားကိုရ၏၊ “ထိုစကား၊ ထိုစိတ်၊ ထိုအယူကို မစွန့်လျှင် ငရဲကျရ၏”ဟု ဟောတော်မူ၏၊ အဒိန္နဒါန စသော အကုသိုလ်ကံတို့ကိုလည်း ဤနည်းအတူပင် ဟောတော်မူ၏၊
ထို့နောက် အကုသိုလ်ကံကို ပယ်စွန့်နိုင်ရန် အယူမှန်ကိုလည်း ဤသို့ဟောတော်မူပြန်သည်။ “ရွာသူကြီး မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် ပါဏာတိပါတာ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ အကုသိုလ်ကို ကဲ့ရဲ့တော်မူ၏၊ ရှောင်ကြဉ်ရန်လည်း ဟောတော်မူ၏၊ ထိုမြတ်စွာဘုရား၏ တပည့်သည် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ ရှောင်ကြဉ်ရန်လည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤရွေ့ ဤမျှ ငါသတ်မိ၏၊ သူ့အသက်ကို ဤရွေ့ ဤမျှသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအသက်သတ်မိခြင်း အကြောင်းကြောင့် နှလုံးမသာဖြစ်နေလျှင် ထိုပြုပြီးသော မကောင်းမှုသည် မပြုရာလည်း ရောက်မည်မဟုတ်ဟု ဆင်ခြင်ကာ ထိုအသက်သတ်မှုတို့ကို စွန့်၍ နောင်အခါ၌ လည်း အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက် မကောင်းမှုကို စွန့်၏၊ မကောင်းမှုမှ လွန်မြောက်၏” (သံမြန်၊၂။ ၄၉၈။) ဟု ပါဏာတိပါတကို ပယ်စွန့်ပုံကို လည်းကောင်း၊ ထို့အတူ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒတို့ကို ပယ်စွန့်ပုံကို လည်းကောင်း ဟောပြတော်မူပြီးလျှင် သုစရိုက်ဆယ်ပါးနှင့် ပြည့်စုံစေကာ ဗြဟ္မဝိဟာရလေးပါးတို့ကို ပွားများ၍ ရူပါဝစရအပ္ပနာစျာန် မဟဂ္ဂုတ်ကံဖြစ်ပုံကိုလည်းကောင်း၊ ထိုမဟဂ္ဂုတ်ဂရုကကံက အသက်သတ်ခြင်း ပါဏာတိပါတကံစသော ကာမာဝစရကံကို လွှမ်းမိုးသွား၍ ကာမာဝစရကံ အကျိုးမပေးနိုင်တော့ပုံကိုလည်းကောင်း ဟောပြတော်မူသည်။
ဤသုတ်သည် ပြုမိသော အကုသိုလ်ကံကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်မှုကို မဖြစ်စေဘဲ ထိုအကုသိုလ်ကို နောင်တစ်ဖန် မပြုမိအောင် ရှောင်ကြဉ်ရန်နှင့် အကုသိုလ်ကို ပယ်နိုင်သော ဂရုကကံကို အားထုတ်ရန်ကိုသာ ဟောပြသော သုတ်ဖြစ်သည်။ သခင်မြတ်ဆိုင် ပြောသကဲ့သို့ မကောင်းမှု အကုသိုလ်ပြုသူတိုင်း အပါယ်ကျ၏ ဟူသော စကားသည် ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်းကိုလည်း မြတ်စွာဘုရား ဟောတော်မမူ၊ စောဒကဆရာတော်များကလည်း ဤသို့ စောဒနာမှု မပြုကြပေ။ ဗုဒ္ဓရှင်တော်၏ အလိုကား ထိုမကောင်းမှု အကုသိုလ်တို့ကို မစွဲလမ်း၊ ပြန်လည်မစဉ်းစားသော် ထိုအကုသိုလ်မှလွတ်၏ ဟူသောစကားသည် ဗုဒ္ဓရှင်တော်၏ အလိုမဟုတ်၊ သခင်မြတ်ဆိုင်၏ အလိုသာဖြစ်သည်။ မိမိအလိုကို ဗုဒ္ဓဘုရားအလိုဖြစ်အောင် လုပ်ခြင်းသာဖြစ်သည်။ သခင်မြတ်ဆိုင် အလိုအားဖြင့်ကား အကုသိုလ်ကို လုပ်ချင်သလောက်လုပ် မစွဲလမ်းလျှင် ပြီးရော၊ မစွဲလမ်းလျှင် ထိုကံမှလွတ်၏ဟု ဆိုလို၏၊ ဤအယူသည်ကား “နတ္တိ သုကတဒုက္ကတာနံ ကမ္မာနံ ဖလံ ဝိပါကော”စသော ကံ-ကံ၏ အကျိုးကို ပယ်သော တိတ္ထိတို့၏ အလိုနှင့် ကိုက်ညီပေသည်။ ထို့ကြောင့် ဤသုတ်သည် စုဒိတက၏ အထောက်အကူ မဖြစ်နိုင်ချေ။
(စျ) နဝမသောဓနာကို သုံးသပ်ချက်
၁၅။ ကံအားလုံးမှ စွန့်သူသည်သာလျှင် ဆင်းရဲအပေါင်းမှ လွတ်ကြောင်းကို သုတ္တနိပါတ်၊ သဘိယသုတ် ၃၄၀-တွင် “အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးဒုက္ခကို ဖြစ်စေတတ်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပုန်ကံဟူသမျှတို့ကို မဂ်ဉာဏ်ဖြင့် လွှင့်မှုတ်ထုတ်ပစ်၍ လှည့်ပတ်မှု မာယာ၊ မောက်မာမှု မာန၊ အမျက်ထွက်မှု ဒေါသတို့ကို ပိုင်းခြား သိလျက် (ဖြစ်ကြောင်း၊ ဖြစ်ခြင်း, ချုပ်ခြင်း, ချုပ်ကြောင်း) ရုပ်နမ်တို့၏ အဆုံးကို ပြုအံ့ဟု ကျင့်သော ပရိဗ္ဗာဇက အဖြစ်သို့ ရောက်၏၊ ပရိဗ္ဗာဇက ဆိုသည်မှာ ကံကို လွှင့်မှုတ် ထုတ်ပစ်သူဖြစ်ကြောင်း တွေ့ရပါသည်ဘုရား”ဟု နဝမသောဓနာကို လျှောက်ထားလေသည်။
ဤသောဓနာလာ သာဓကစကားရပ်သည် သုတ္တနိပါတ်၌လာသော-
ဒုက္ခဝေပက္ကံ ယဒတ္ထိ ကမ္မံ၊
ဥဒ္ဓမဓော တိရိယံ ဝါပိ မဇ္ဈေ။
ပရိဗ္ဗာဇယိတွာ ပရိညာစာရီ၊
မာယံ မာနမထောပိ လောဘကောဓံ။
ပရိယန္တမကာသိ နာမရူပံ၊
တံ ပရိဗ္ဗာဇကမာဟု ပတ္တိပတ္တံ။ (ခု၊၁၊၃၆၁။)
ဟူသော ဂါထာ၏ မြန်မာပြန် ဖြစ်သော်လည်း သခင်မြတ်ဆိုင် တင်ပြသည့် အဓိပ္ပါယ်သည် လွဲမှားနေသည်။ အမှန်မှာ “အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပုန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု မာယာကိုလည်းကောင်း၊ ထောင်လွှားမှု မာနတို့ကိုလည်းကောင်း၊ လောဘဒေါသ တို့ကိုလည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီး အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇကဟု ဆိုကြကုန်၏” (ခုမြန်၊၁၊၃၄၀။) ဟူ၍သာဖြစ်သည်။
ဤသုတ်သည်လည်း ကုသိုလ်ကံ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးမရှိဟု ပယ်သော သုတ်မဟုတ်၊ စုဒိတကတို့ ဆိုသကဲ့သို့ ယခုဘဝ ကောင်းစားချမ်းသာခြင်းသည် ရှေးအတိတ်ကံကြောင့် မဟုတ်ဟုလည်း မပြချေ။ ပဉ္စမသောဓနာကို သုံးသပ်ရာ၌ ပြခဲ့သော ကံလေးမျိုးတို့တွင် မဂ်ဉာဏ်ဖြင့် (ဝါ မဂ်ဉာဏ်နှင့် ယှဉ်သော စတုတ္ထကံဖြင့်) ရှေးကံသုံးပါးတို့ကို ပယ်ထုတ် လွှင့်မှုတ်၍ မာယာ၊ မာန၊ လောဘ၊ ဒေါသတို့ကို ပဟာနပရိညာဖြင့် ပိုင်းခြားသိလျက် ကျင့်သုံးသော နာမ်ရုပ်၏အဆုံးကို ပြုပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်သူသည် ပရိဗ္ဗာဇက မည်၏ဟုသာ ပြသောသုတ်ဖြစ်သည်။ ထို့ကြောင့် စုဒိတက၏စကားကို အထောက်အကူ မပြုနိုင်ချေ။
(ည) ဒသမသောဓနာကို သုံးသပ်ချက်
ဖဿကြောင့် ကံမြောက်ကြောင်းကို ဟောတော်မူပုံမှာ-
၁၆။ အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ နိဗ္ဗေဓိကသုတ် ၄၅၆-တွင် “ရဟန်းတို့ စေ့ဆော်မှု စေတနာဖြင့် ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုပြုရကား စေတနာကို ကံဟူ၍ ငါဆို၏၊ ရဟန်းတို့ တွေ့ထိမှု ဖဿသည် ကံတို့၏ ဖြစ်ကြောင်းတည်း။ ဖဿချုပ်ငြိမ်းမှုသည် ကံချုပ်ငြိမ်းမှုမည်၏၊ အင်္ဂါရှစ်ပါးရှိရာ မဂ်သည် ဖဿချုပ်ငြိမ်းရာ အကျင့်တည်းဟု ဟောကြား ထားပါသည်ဘုရား”ဟု ဒသမသောဓနာကို လျှောက်ထားပြန်လေသည်။
ဤသောဓနာလာ သာဓကစကားရပ်သည် မှန်ကန်မှု မရှိချေ။ အပြည့်အစုံ ဖော်ပြဦးအံ့။
“ရဟန်းတို့ ကံကို သိရမည်၊ ကံဖြစ်ကြောင်းကို သိရမည်၊ ကံတို့၏ ထူးသည့်အဖြစ်ကို သိရမည်၊ ကံတို့၏ အကျိုးကို သိရမည်၊ ကံချုပ်ငြိမ်းမှုကို သိရမည်၊ ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိရမည်”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် အဘယ်ကိုစွဲ၍ ဟောကြားအပ်သော စကားဖြစ်သနည်း။ ရဟန်းတို့ စေ့ဆော် တိုက်တွန်း၍ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ (ကုသိုလ် အကုသိုလ်) ကံကိုပြုရကား စေတနာကို ကံဟူ၍ ငါဆို၏၊
ရဟန်းတို့ ကံဖြစ်ကြောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှု ဖဿသည် ကံဖြစ်ကြောင်းတည်း။ ရဟန်းတို့ ကံတို့၏ ထူးသည့်အဖြစ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ငရဲ၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ တိရစ္ဆာန်ဘုံ၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ ပြိတ္တာဘုံ၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ လူ့ဘုံလောက၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ နတ်ဘုံလောက၌ ခံစားအပ်သော အကျိုးရှိသော ကံသည် ရှိ၏၊ ရဟန်းတို့ ဤသည်ကို ကံတို့၏ထူးသည့်အဖြစ်ဟူ၍ ဆိုအပ်၏၊
ရဟန်းတို့ ကံတို့၏ အကျိုးဟူသည် အဘယ်နည်း။ ရဟန်းတို့ ယခုဘဝ၌ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ အခြား အလှည့်ကြုံရာဘဝ၌ဖြစ်စေ ခံစားအပ်သော ကံတို့၏အကျိုးကို သုံးမျိုး ရှိ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤသည်ကို ကံတို့၏ အကျိုးဟူ၍ဆိုအပ်၏၊
ရဟန်းတို့ ကံချုပ်ငြိမ်းမှု ဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှုဖဿ ချုပ်ငြိမ်းမှုသည် ကံချုပ်ငြိမ်းမှု ဖြစ်၏၊
မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည် သာလျှင် ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့် ဖြစ်၏၊ ဤကား အဘယ်နည်း။ မှန်ကန်စွာ သိမြင်မှု။ ပ။ မှန်ကန်စွာ တည်ကြည်မှုတည်း။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ကံကိုသိ၏၊ ပ။ ဤသို့ ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအခါ၌ ထိုအရိယာတပည့်သည် ကံတို့ကို ချုပ်ငြိမ်းစေတတ်သော ကိလေသာ ကို ဖောက်ခွဲနိုင်သည့် ဤမြတ်သောအကျင့်ကို သိ၏၊
“ရဟန်းတို့ ကံကိုသိရမည်။ ပ။ ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိရမည်”ဟူ၍ ငါဟောကြား အပ်သော ထိုစကားသည် ဤသည်ကို စွဲ၍ ဟောကြားအပ်သော စကား ဖြစ်၏ (အင် မြန်၊၂၊၄၅၆-၇။)။ (ဤကားအပြည့်အစုံဖြစ်သည်)
သခင်မြတ်ဆိုင်သည် မိမိတို့၏ ရုပ်ဝါဒနှင့် မကိုက်ညီသော စကားရပ်များကို ချန်လှပ်၍ မပြည့်မစုံ ဖော်ပြ ကိုးကားထားလေသည်။ ဤသုတ်သည် စုဒိတကပုဂ္ဂိုလ်တို့၏ နတ်နှင့်ငရဲ၊ ပြိတ္တာမရှိဟူသော ဝါဒကိုလည်းကောင်း၊ အကြောင်းကံကြောင့် အကျိုးဆက်ဖြစ်သည် မဟုတ်ဟူသော ဝါဒကိုလည်းကောင်း၊ ထုံးအိုးထဲ နှိုက်သောလက်သည် ချက်ချင်းဖြူသလို ဒိဋ္ဌလက်တွေ့ မျက်တွေ့ ကမ္မဝါဒကိုလည်းကောင်း၊ အတိအလင်း ပယ်ရှားလျက် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူသောသုတ် ဖြစ်သည်။ ထို့ကြောင့် ဤသုတ်သည် စုဒိတကတို့၏ ဝါဒကို ပယ်ရှားလျက် စောဒကဆရာတော်များ၏ စကားကိုသာ လေးလေးနက်နက် ထောက်ခံသော သုတ်ဖြစ်ပေသည်။
(ဋ) ဧကာဒသမသေဓနာကို သုံးသပ်ချက်
၁၇။ ကံပြတ်မှ သံသရာပြတ်ကြောင်းကို ဗုဒ္ဓဘုရားသည် သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ် ၃၇၃-တွင် “ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခအားလုံးဟူသည် အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့် ဖြစ်ပွားရ၏၊ ဒုက္ခသည် အားထုတ်အပ်သော ကံကြောင့် ဖြစ်ရခြင်းတည်းဟု ဤသို့သိ၍ ကံအားလုံးကို စွန့်ပယ်ပြီးလျှင် ကံကင်းရာ နိဗ္ဗာန်၌ လွတ်မြောက်သော၊ ဘဝတဏှာ ပြတ်ပြီးသော ငြိမ်းအေးသော ရဟန္တာအား သံသရာကုန်ပြီ၊ တစ်ဖန် ဘဝသစ်ဖြစ်ရေး မရှိပြီဟူ၍ ဟောကြားထားပါသည်ဘုရား”ဟု ဧကာဒသမသောဓနာကို လျှောက်ထားလေသည်။
ဤသောဓနာလာ သာဓကသည် သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ်၌လာသော-
ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ သဗ္ဗံ အာရမ္တ ပစ္စယော။
အာရမ္တာနံ နိရောဓေန နတ္ထိ၊ ဒုက္ခဿ သမ္ဘဝေါဓ။
ဧတမာဒီနဝံ ဉတွာ၊ ဒုက္ခံ အာရမ္တပစ္စယာ။
သဗ္ဗာရမ္တံ ပဋိနိဿဇ္ဇ၊ အနာရမ္ဘေ ဝိမုတ္တိနော။
ဥစ္ဆိန္နဘဝတဏှဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
ဝိက္ခီဏော ဇာတိသံသာရော၊ နတ္ထိ တဿ ပုနဗ္ဘဝေါ။ (ခု၊၁၊၃၉၄။)
ဟူသော ဂါထာတို့၏ မြန်မာပြန် ဖြစ်သည်။ သို့သော် သခင်မြတ်ဆိုင် လျှောက်ထားချက်သည် မှန်ကန်ခြင်း မရှိသောကြောင့် အပြည့်အစုံ ဖော်ပြဦးအံ့။
“ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှ အားလုံးသည် အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယဟူသော အကြောင်းကြောင့် ဖြစ်၏၊ အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲခြင်း မရှိ တော့ပေ။
ဆင်းရဲသည် အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယကြောင့် ဖြစ်၏ဟု ဤသို့သော အပြစ်ကို သိ၍ အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယအားလုံးကို စွန့်ပြီးလျှင် အားထုတ်မှုကင်းသော နိဗ္ဗာန်၌ လွတ်မြောက်မှု ရှိသော၊ ဘဝတဏှာပြတ်ပြီးသော၊ ငြိမ်းအေးသည့် စိတ်ရှိသော ရဟန်းအား ဇာတိဟူသော သံသရာကုန်ပြီ၊ တစ်ဖန် ဘဝသစ်မရှိတော့ပြီ (ခု၊မြန်၊၁၊၃၇၃။)။” (ဤကားမြန်မာပြန် အပြည့်အစုံတည်း)
“ဒသနဝါရေ အာရမ္တပစ္စယာတိ ကမ္မသမ္ပယုတ္တဝီရိယပစ္စယာ”ဟူသော အဋ္ဌကထာ ၂၂၄-နှင့်အညီ “အာရမ္ဘ” အရ အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယကို ယူရသည်။
ဤသောဓနာသည် ပဉ္စမသောဓနာနှင့် အလားတူဖြစ်၍ ပဉ္စမသောဓနာကို သုံးသပ်ရာ၌ အကျယ်ပြပြီး ဖြစ်ရကား ထပ်မံသုံးသပ်ဖွယ် မလိုပြီ။
(ဌ) ဒွါဒသမသောဓနာကို သုံးသပ်ချက်
၁၈။ ဗုဒ္ဓဘုရားရှင်သည် ကံအားလုံးကို ပယ်စွန့်ကြောင်း ဥဒါန်း အာယုသင်္ခါရောဿဇ္ဇနသုတ်-၁၃၉-တွင် “မြတ်စွာဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန် ဘဝဖြစ်မှုတို့ကို နှိုင်းချိန်လျက် ဘဝဖြစ်ရန်ကံကို စွန့်ပယ်ခဲ့လေပြီ၊ အဇ္ဈတ္တ၌ ကောင်းစွာ စင်ကြယ်သော သတိဖြင့် မွေ့လျော်ကာ ချပ်ဝတ်နှင့်တူသော မိမိသန္တာန်မှ ကိလေသာကို ဖျက်ဆီးပြီးလေပြီဟု ဟောကြားထားပါသည်ဘုရား”ဟု ဒွါဒသမသောဓနာကို လျှောက်ထား ပြန်လေသည်။
ဤသောဓနာလာ သာဓကသည် ဥဒါနပါဠိ၊ အာယုသင်္ခါရောဿဇ္ဇနသုတ်၌လာသော-
တုလမတုလဉ္စ သမ္ဘဝံ၊ ဘဝသင်္ခါရမဝဿဇိ မုနိ။
အဇ္ဈတ္တရတော သမာဟိတော၊ အဘိန္ဒိ ကဝစမိဝတ္တသမ္ဘဝံ။ (ခု၊၁၊၁၅၅။)
ဟူသော ဂါထာ၏ မြန်မာပြန်ဖြစ်သည်။ သို့သော် မှန်ကန်မှုမရှိ၊ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
မြတ်စွာဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန်ဖြစ်မှုဘဝကို နှိုင်းချိန်လျက် ဘဝကိုဖြစ်ရန် ပြုပြင်တတ်သော ကံကို စွန့်ပယ်ခဲ့လေပြီ။ အဇ္ဈတ္တတရား၌ မွေ့လျော်ကာ ကောင်းစွာ တည်ကြည်သောစိတ် ရှိသည်ဖြစ်၍ ချပ်ဝတ်နှင့် တူသော မိမိသန္တာန်ရှိ ကိလေသာကွန်ရက်ကို ဖျက်ဆီးခဲ့လေပြီ (ခု၊မြန်၊၁၊၁၃၉)။ (ဤကား ပြည့်စုံမှန်ကန်သော မြန်မာပြန် အဓိပ္ပါယ်တည်း။)
ဤဥဒါန်း ဂါထာသည်လည်း ပဉ္စမသောဓနာကို သုံးသပ်ရာ၌ ပြခဲ့သည့်အတိုင်း အရိယာမဂ်ဖြင့် ကိလေသာကို ပယ်စွန့်ခြင်းအားဖြင့် ဘဝကိုစီမံတတ်သော လောကီကံကို ဘုရားရှင် စွန့်ပယ်ပြီး ဖြစ်ပုံကို ပြသောဂါထာဖြစ်သည်။ ထို့ကြောင့် -
“အဝဿဇိ မုနီတိ။ ပ။ ကမ္မက္ခယကရေန အရိယမဂ္ဂေန အဝဿဇိ (ဥဒါန၊ဋ္ဌ၊၂၉၉။)”ဟူ၍ အဋ္ဌကထာ ဆရာတော် ဖွင့်ပြတော်မူသည်။
အဓိပ္ပါယ်-မြတ်စွာဘုရားသည် စွန့်ပယ်ခဲ့လေပြီဟူသည်မှာ ခန္ဓာငါးပါးတို့သည် အမြဲမရှိကုန်၊ ခန္ဓာငါးပါးတို့၏ ချုပ်ရာ နိဗ္ဗာန်သည် မြဲ၏စသောနည်းဖြင့် နှိုင်းချိန်လျက် မြတ်စွာဘုရားသည် ဘဝ၌ အပြစ်၊ နိဗ္ဗာန်၌ အကျိုးကို ရှုမြင်၍ ထိုခန္ဓာတို့၏ မူလဖြစ်သော ဘဝကိုစီမံတတ်သည့် ကံကို (ကံကုန်ခြင်းငှာ ဖြစ်၏ဟု ကုက္ကုရဝတိကသုတ်၌ ဟောတော်မူခဲ့သော) ကံကုန်ခြင်းကို ပြုတတ်သည့် အရိယမဂ်ဖြင့် စွန့်ပယ်ခဲ့လေပြီ။
၁၉။ ဤသို့ အရိယမဂ်ဖြင့် ကံကိလေသာတို့ကို ပယ်စွန့်ခြင်းသည်လည်း ပုဗ္ဗဘာဂပဋိပဒါခေါ်သော သမထ ဝိပဿနာတည်းဟူသော ကာမာဝစရကံနှင့် ကင်း၍ အလျှင်းပင် မဖြစ်နိုင်ချေ။ သမထဝိပဿနာတည်း ဟူသော ကာမာဝစရကံဖြင့် အဆင့်ဆင့်တတ်ကာ အရိယမဂ်ကို ရရှိလျက် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ပယ်စွန့်တော်မူသည်။ ဤအဓိပ္ပါယ်ကို ထိုဂါထာ၌ “အဇ္ဈတ္တရတော သမာဟိတော”ဟူသောပါဠိဖြင့် ပြတော်မူသည်။ အဋ္ဌကထာ၌လည်း-
“သော ဟိ ဝိပဿန ဝသေန အဇ္ဈတ္တရတော၊ သမထဝသေန သမာဟိတောတိ ဧဝံ ပုဗ္ဗဘာဂတော ပဋ္ဌာယ။ ပ။ ဧဝံ ကိလေသပ္ပဟာနေန ကမ္မံ ပဇဟိ” (ဥဒါန၊ဋ္ဌ၊၂၉၉-၃၀၀။)
ဟု ဖွင့်ပြတော်မူသည်။
အဓိပ္ပါယ်ချဲ့၍ ပြအံ့။ ထိုမြတ်စွာဘုရားသည် ဝိပဿနာဖြင့် အဇ္ဈတ္တ၌ မွေ့လျော်ကာ သမထဖြင့် တည်ကြည်သော စိတ်ရှိလျက် ဤသို့ဤပုံ ရှေ့အဖို့မှစ၍ သမထဝိပဿနာ အစွမ်းဖြင့် ချပ်ဝတ်ကဲ့သို့ အတ္တဘောကို ဖွဲ့ယှက်၍ တည်သော မိမိ၌ဖြစ်သည့်အတွက် “အတ္တသမ္ဘဝ”ဟု အမည်ရသော ကိလေသာအားလုံးကို ဖျက်ဆီးတော် မူလေပြီ။ ကိလေသာ မရှိခြင်းကြောင့်ပင် ကံသည် ပဋိသန္ဓေကို မဖြစ်စေနိုင်တော့ရကား ပယ်စွန့်ပြီး မည်တော့၏၊ ဤသို့ဤပုံ ကိလေသာကို ပယ်စွန့်ခြင်းဖြင့် ကံကို ပယ်စွန့်ပြီ။ ဤကား မြတ်စွာဘုရား၏ ကံကို ပယ်စွန့်တော်မူပုံ ဖြစ်သည်။
သခင်မြတ်ဆိုင်သည် ပိဋက မြန်မာပြန်များကို ဖတ်တတ်ကာမျှဖြင့် အဓိပ္ပါယတ္ထကို ကျနသေချာ မသိပါ ဘဲလျက် “ကံကိုပယ်စွန့်ပြီ”ဟူသော စကားလုံးမျှကို ယူ၍ အမြွက်ထောင်ကာ အကိရိယဝါဒ တိတ္ထိယတံခွန်အလံကို လွှင့်ထူသူသာ ဖြစ်ပေသည်။
(ဍ) သောဓနာနိဂုံးကို သုံးသပ်ချက်
၂၀။ “အထက်ပါ သုတ္တန် အထောက်အထားများကြောင့် ကုသိုလ်၊ အကုသိုလ်တို့၏ အကြောင်းအကျိုးကို ဆက်ကာမပြတ် ကျင်လည်တတ်သော ဘဝသံသရာ၏ အထောက်အကူ ကံတရားတို့ကို ပယ်စွန့်တော်မူကြောင်း တင်ပြအပ်ပါသည်ဘုရား”ဟု နိဂုံးစကားကို သခင်မြတ်ဆိုင်က လျှောက်ထားလေသည်။
ဘဝသံသရာ၏ အထောက်အကူ ကံတရားတို့ကို မြတ်စွာဘုရား ပယ်စွန့်တော်မူသည်ကား မှန်၏၊ ဗုဒ္ဓသာသနာနွယ်ဝင် သူတော်စင် ဟူသမျှတို့သည်လည်း ဘုရားရဟန္တာအရှင်မြတ်တို့ ကံပယ်ပြီးဖြစ်သည်ကို သိကြကုန်၏၊ “ကုသလံ ကုသလံ ဇဟံ”ဟူသော နမက္ကာရသင်ဦးစ ကျောင်သားသူငယ်ကလေးများပင် သိမြင်ကြ ကုန်၏၊ ကံပယ်ရန် နည်းမှန်လမ်းမှန်ကိုလည်း ဆရာစဉ်ဆက် ဟောမြွက်ပြသ ဩဝါဒဖြင့် သိကြရကား အရိယ မဂ်ဉာဏ်ဖြင့် ကံကိုပယ်နိုင်ရန် ရည်သန်လျက် သဒ္ဓါ ဆန္ဒ ဝီရိယအလျောက် မကောက်မကွေ့ ချမ်းမြေ့ ဖြောင့်တန်းသည့် လမ်းရိုးလမ်းဟောင်းသို့ မစောင်းမသွေ လျောက်၍ နေကြကုန်၏၊
သခင်မြတ်ဆိုင်တို့သည် ကံမရှိ၊ ကံ၏အကျိုးမရှိဟူ၍ ကံ-ကံ၏အကျိုးကို ပယ်ကာ တိတ္ထိဝါဒနှင့် ကံ-ကံ၏ အကျိုးပေးကို ပယ်စွန့်သော ဗုဒ္ဓဝါဒကို ကွဲပြားစွာ နားမလည်ချေ။ ဗုဒ္ဓဝါဒသည်ကား ကံ ရှိ၏၊ ကံ၏အကျိုး ရှိ၏၊ သို့သော် အရဟတ္တမဂ်ဉာဏ်ကိုရ၍ ရဟန္တာဖြစ်သောအခါ ထိုကံ-ကံ၏အကျိုးကို ပယ်စွန့်သည်ဟု ဆိုလိုသည်။
ဝိနည်းဓိုရ်ဆရာတော်တို့၏ သုံးသပ်ချက်
၂၁။ စောဒက၊ စုဒိတကတို့၏ အဆိုနှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြရာ စုဒိတကတို့၏ ရေးသားချက်များ၌-
(က) ကောင်းမှုပြုသူအတွက် ကောင်းကျိုးတရားနှင့် ဘုံနန်းများ၊ မကောင်းမှုပြုသူအတွက် အပြစ်ဒဏ်များသည် စိတ်ကူးသက်သက်ဖြင့် လူသား၏စိတ်ကို ဖြားယောင်းသွေးဆောင်ခြင်း, ခြောက်လှန့်ခြင်းသာ ဖြစ်သည်။ (အမှန်စင်စစ် မရှိဟုဆိုလိုသည်။)
(ခ) ယခုဘဝ၌ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့် မဟုတ်၊ ယခုဘဝအလုပ်၏ ကျေးဇူးသက်သက်သာ ဖြစ်သည်။ ယခုဘဝ၌ ချမ်းသာခြင်းကို ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်ဟု ယုံကြည်လျှင် ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်၊ အဓမ္မဖြစ်သည်။
(ဂ) ကုသိုလ်၊ အကုသိုလ် အကြောင်းကြောင့် အကျိုးဆက်ဖြစ်သည်ဟူသော ကမ္မဿကတ လမ်းစဉ်သည် ဗြာဟ္မဏဝေဒမှ မြစ်ဖျားခံလာသည်။ သံသရာလည်နေရေးကိုသာ အားပေးသော တရားဖြစ်သည်။
(ဃ) ဗုဒ္ဓ၏ မူရင်းဒေသနာ၌ အတိတ်ကံကို အစွဲပြုသော ပရမ္ပရ ကာမာဝစရကုသိုလ်၊ အကုသိုလ်မျိုးကို စွဲယူလက်ခံ ယုံကြည်ရန် မပါမရှိ။
(င) ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ အတိတ်ဘဝအကြောင်းကြောင့် ယခုဘဝ၌ အကျိုးတရားဖြစ်လာရသည် ဟူသော အယူအဆသည် အတ္တလမ်းစဉ် ဝိညာဏ်စွဲ အမှားတရားများ ဖြစ်သည်ဟူသော ကောက်နုတ်ချက်တို့ကို တွေ့ရသည်။
(က)အမှတ်သောဓနာကို သုံးသပ်ချက်
၂၂။ (က) ဤကောက်နုတ်ချက်များကို ခြုံငုံသုံးသပ်သော် စုဒိတကပုဂ္ဂိုလ်တို့သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားကို ပယ်ရှားကြသူများ ဖြစ်သည်ကို တွေ့ရသည်။ ထိုစုဒိတကတို့၏ ကံ-ကံ၏အကျိုးကို ပယ်သော အယူဝါဒသည် စောဒကဆရာတော်များ တင်ပြသော စူဠကမ္မဝိဘင်္ဂသုတ်၊ တပနီယသုတ်၊ အတပနီယသုတ်စသော ဘုရားဟောဒေသနာတော်များနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်လေသည်။ တိတ္ထိတို့၏ အယူဝါဒသာ ဖြစ်လေသည်။ ကံ၏အကျိုး၊ ဘုံနန်းနှင့် အပြစ်ဒဏ်တို့ကို စိတ်ကူးသက်သက် ဖြားယောင်းချက်ဟု စွပ်စွဲချက်သည် အောက်ပါ ဘုရားဟောပါဠိတော်များနှင့် လုံဝဆန့်ကျင်ပေသည်။
အခါတစ်ပါး၌ သုဘလုလင်သည် မြတ်စွာဘုရားထံမှောက်သို့ လာရောက်၍ “အရှင်ဂေါတမ လူဖြစ်ကြသူတို့မှာ လူအချင်းချင်းတူပါလျက် အယုတ်၊ အမြတ်ကွဲပြားနေကြရသည်ကို တွေ့မြင်နေရပါသည်။ အချို့က အသက်တို၍ အချို့က အသက်ရှည်ကြပါသည်။ အချို့က အနာရောဂါများ၍ အချို့က အနာရောဂါ ကင်းကြပါသည်။ အချို့က အရုပ်ဆိုး အကျည်းတန်၍ အချို့က အဆင်းလှ ကြပါသည်။ အချို့က အခြံအရံမဲ့၍ အချို့က အခြံအရံများ ကြပါသည်။ အချို့က စည်းစိမ်ဥစ္စာ နည်းပါး၍ အချို့က စည်းစိမ်ဥစ္စာ ပေါများကြပါသည်။ အချို့က အမျိုးယုတ်၍ အချို့က အမျိုးမြတ်ကြပါသည်။ အချို့က ပညာမဲ့၍ အချို့က ပညာရှိကြပါသည်။ ဤသို့ကွဲပြားရခြင်း၏အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း”ဟုလျှောက်ထားရာ မြတ်စွာဘုရားရှင်က “လုလင် သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏အမွေခံတို့သာ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် ကိုးစားထောက်တည်ရာ ရှိကုန်၏၊ ကံသာလျှင် သတ္တဝါတို့ကို အယုတ်အမြတ် ဖြစ်အောင် ဝေဖန်၏”ဟု မိန့်တော်မူလေသည်။
“အရှင်ဂေါတမ ဤအကျဉ်းဟောထားသော တရားစကား၏ အနက်သဘောကို မသိနားမလည်ပါ၊ အကျယ် ဝေဖန်၍ ဟောတော်မူပါ”ဟု သုဘလုလင်က တောင်းပန်ခြင်းကြောင့် မြတ်စွာဘုရားသည် အကျယ်ဝေဖန်၍ ဟောတော်မူသည်။ ထိုဝေဖန်ချက်ကို အနည်းငယ်ချုံး၍ ပြလိုပေသည်။
ဤလောက၌ သူတစ်ပါးအသက်ကို သတ်လေ့ရှိသူသည် သေသည်မှ နောက်၌ ငရဲသို့ ရောက်ရတတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် အသက်တိုရ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ ရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် အသက်ရှည်ရ၏၊
ဤလောက၌ သတ္တဝါကို ညှဉ်းဆဲလေ့ရှိသူသည် သေသည်မှနောက်၌ ငရဲသို့ ရောက်ရတတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အနာရောဂါများ၏၊ သတ္တဝါကို ညှဉ်းဆဲလေ့မရှိဘဲ သနား ကြင်နာလေ့ရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အနာရောဂါကင်းရှင်း၍ ကျန်းမာရေးကောင်းတတ်၏၊
ဤလောက၌ အမျက်ဒေါသ ကြီးသောသူသည် သေသည်မှနောက်၌ ငရဲသို့ ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အရုပ်ဆိုး အကျည်းတန်တတ်၏၊ ဒေါသမကြီးသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အဆင်းလှပ၏၊
ဤလောက၌ သူတစ်ပါးကောင်းစားသည်ကို မနာလိုငြူစူခြင်း “ဣဿာ”တရား အားကြီးသူသည် သေသည်မှ နောက်၌ ငရဲသို့ ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အခြံအရံနည်းပါးရ၏၊ သူတစ်ပါးတို့ကောင်းစားသည်ကို မနာလိုငြူစူခြင်း ကင်းသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့သော် အခြံအရံပေါများ၏၊
ဤလောက၌ ဒါနမပြုဘဲ မစ္ဆရိယအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာနည်းပါး၏၊ ဒါနပြုလေ့ရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာ ပေါများ ကြွယ်ဝ၏၊
ဤလောက၌ ခက်ထန်ထောင်လွှား မာနတရားအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အမျိုးယုတ်ညံ့၏၊ မခက်ထန် မထောင်လွှားဘဲ နိဝါတ တရားရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အမျိုးမြတ်သူဖြစ်ရ၏၊
ဤလောက၌ “အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း” စသည်ဖြင့် သမဏ ဗြာဟ္မဏတို့ထံ မမေးမမြန်းသူသည် ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုမိခြင်းကြောင့် သေသည်မှ နောက်၌ ငရဲသို့ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့သော် ပညာမဲ့သူဖြစ်ရ၏၊ ကုသိုလ်၊ အကုသိုလ် စသည်တို့ကို မေးမြန်းလေ့ရှိသူသည် မပြုသင့်သည်ကို ရှောင်ကြဉ်၍၊ ပြုသင့်သည်ကို ပြုခြင်းကြောင့် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် ပညာကြီးသူဖြစ်ရ၏ဟု အကျယ်ဝေဖန်၍ ဟောကြားတော်မူလေသည်။
ဥပရိပဏ္ဏာသပါဠိတော်(၂၄၃-မှ-၂၄၉၊ မြန်မာ ၂၄၆-မှ-၂၅၂၊ ယင်းအဋ္ဌကထာ ၁၇၅-၁၈၀)
၂၃။ ဣတိဝုတ္တကပါဠိတော်(၂၁၂)၊ တပနိယသုတ်၌ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကို များစွာ ပြုခြင်းကြောင့် ငရဲသို့ ရောက်ရပုံကိုလည်းကောင်း၊ ယင်းပါဠိ အတပနိယသုတ်၊ နှာ ၂၁၃-၌လည်း အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကို များစွာပြုခြင်းကြောင့် နတ်ပြည်သို့ ရောက်ရပုံကိုလည်းကောင်း၊ မြတ်စွာဘုရား ဟောတော်မူသည်။ စောဒနာလွှာ၌ အကျယ်ပါပြီးဖြစ်၍ မချဲ့တော့ပြီ။
၂၄။ ထို့ပြင်လည်း အသက်သတ်မှု “ပါဏာတိပါတ”၊ မပေးသည်ကိုခိုးယူမှု “အဒိန္နဒါန”၊ ကာမတို့၌ မှားယွင်းစွာကျင့်မှု “ကာမေသုမိစ္ဆာစာရ”၊ မဟုတ်မမှန်ပြောဆိုမှု “မုသာဝါဒ”၊ ကုန်းတိုက်မှု “ပိသုဏဝါစာ”၊ ရုန့်ရင်း ကြမ်းတမ်းသော စကားကိုပြောမှု “ဖရုသဝါစာ”၊ ပြိန်ဖျင်းသောစကားကိုပြောမှု “သမ္ဖပ္ပလာပ”၊ သူတစ်ပါး စည်းစိမ် ကို မိမိစည်းစိမ်ဖြစ်လျှင် ကောင်းလေစွဟု မတရားလိုချင်မှု “အဘိဇ္ဈာ”၊ သူတစ်ပါး သေကြေပျက်စီးစေလိုမှု “ဗျာပါဒ”၊ လှူရကျိုးမရှိ၊ ပူဇော်ရကျိုးမရှိ၊ ဧည့်ဝတ်ပြုရကျိုးမရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဝိပါက်မရှိ၊ ဤလောကမရှိ၊ တစ်ပါးသောလောကမရှိ စသည်ဖြင့် ဖောက်ပြန်စွာ သိမြင်ယူဆမှု “မိစ္ဆာဒိဋ္ဌိ”၊ ဤအကုသလ ကမ္မပထတရား ဆယ်ပါးတို့ကို အသာဓု=မကောင်းသောတရား၊ ဒုက္ခဝိပါက=ဆင်းရဲကျိုးရှိသောတရားစသော ၂၁-ပါးသောအမည်တို့ဖြင့် ဟောတော်မူသည်။ ထိုမှအပြန်ဖြစ်သော အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုစသော ကုသလ ကမ္မပထတရားဆယ်ပါးတို့ကို သာဓု=ကောင်းသောတရား၊ သုခဝိပါက=ချမ်းသာကျိုးရှိသောတရားစသော ၂၁-ပါး သောအမည်တို့ဖြင့် ဟောတော်မူသည်။ (အင်္ဂုတ္တိုရ်၊ ဒသကနိပါတ် ၄၁၂-မှ ၄၈၈) ဤသုတ်ပေါင်း ၂၁-သုတ်တို့ဖြင့် အကုသိုလ်ကံနှင့် ကုသိုလ်ကံတို့ကို ဘုရားရှင်ဟောကြား ညွှန်ပြတော်မူသည်။
၂၅။ ယင်းပါဠိတော် ၄၉၀-မှ-၄၉၇၊ ပဌမနိရယသဂ္ဂသုတ်၊ ဒုတိယနိရယသဂ္ဂသုတ်၊ မာတုဂါမသုတ်၊ ဥပါသိကာသုတ်၊ သံသပ္ပနီယသုတ်တို့၌-
“ဒသဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ” စသည်ဖြင့် ပါဏာတိပါတစသော အကုသလကမ္မပထတရားဆယ်ပါးနှင့် ပြည့်စုံသူသည် ငရဲ၌ ဖြစ်ရ၏ ဟူ၍လည်းကောင်း၊
“ဒသဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ယထာဘတံ နိက္ခိတ္တော ဧဝံ သဂ္ဂေ” စသည်ဖြင့် ပါဏာတိပါတ ဝိရတီစသော ကုသလကမ္မပထတရားဆယ်ပါးနှင့် ပြည့်စုံသူသည် နတ်ပြည်၌ ဖြစ်ရ၏ ဟူ၍လည်းကောင်း၊
ကံ-ကံ၏ အကျိုးများကို ဟောကြားတော်မူသည်။
၂၆။ အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်(၇၀-၇၂၊ ဒါနူပပတ္တိသုတ်၌ သမဏ ဗြာဟ္မဏအား ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးအလှူကို ပေးလှူခြင်းကြောင့် စိတ်တောင့်တသည့်အတိုင်း လူ့ပြည်နတ်ပြည်တို့၌ ဖြစ်ရ၏၊ စျာန်ရလျှင် ဗြဟ္မာ့ပြည်၌ ဖြစ်ရ၏ဟု ဟောတော် မူသည်။
၂၇။ ယင်းပါဠိတော် ၇၂-၇၄၊ ပုညကိရိယဝတ္ထုသုတ်၌ ဒါန, သီလကို အနည်းငယ်မျှပြု၍ ဘာဝနာကို မပြီးစေသူသည် ဘုန်းကံနည်းသော အောက်တန်းစားလူ ဖြစ်ရ၏၊ ဒါန, သီလကို အတိုင်းအရှည်အားဖြင့်ပြု၍ ဘာဝနာကို မပြီးစေသူသည် ဘုန်းကံကြီးမားသည့် အထက်တန်းစားလူ ဖြစ်ရ၏၊ ဒါန, သီလကို အလွန်အကဲပြု၍ ဘာဝနာကို မပြီးစေသူသည် နတ်ပြည်ခြောက်ထပ်၌ဖြစ်၍ အသက်ရှည်ခြင်းစသော ဆယ်မျိုးသောအကြောင်းတို့ဖြင့် အခြားနတ်တို့ထက် သာလွန်နိုင်၏ဟု ဟောတော်မူသည်။
၂၈။ ယင်းပါဠိတော် ၇၆-၇၇ အဘိသန္ဒသုတ်၌ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည် အကျိုးငှာဖြစ်သော၊ ချမ်းသာသောအကျိုးကို ပေးတတ်သော နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်သော (သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ဆောက်တည်ခြင်းဟူသော) ကောင်းမှုအထု ကုသိုလ်အလျဉ်ရှစ်မျိုးတို့သည် အလိုရှိခြင်း, နှစ်သက်ခြင်း, စိတ်နှလုံးကို ပွားစေခြင်း, အကျိုးစီးပွားဖြစ်ခြင်း, ချမ်းသာခြင်းအကျိုးငှာ ဖြစ်ကုန်၏ဟု ဟောတော်မူသည်။
၂၉။ ယင်းပါဠိတော် ၇၇-၇၈ ဒုစ္စရိတဝိပါကသုတ်၌ ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါးနှင့် သုရာမေရယပါန ဒုစရိုက်တို့ကို မှီဝဲပွားများ အကြိမ်များစွာ ပြုအပ်သော် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံ၌ ဖြစ်ရ၏၊ ပါဏာတိပါတ၏ အပေါ့ဆုံးအကျိုးကား အသက်တိုတတ်၏၊ အဒိန္နာဒါန၏ အပေါ့ဆုံးအကျိုးကား စည်းစိမ်ဥစ္စာ ပျက်စီးတတ်၏၊ ကာမေသုမိစ္ဆာစာရ၏ အပေါ့ဆုံးအကျိုးကား ရန်သူများ၏၊ မုသာဝါဒ၏ အပေါ့ဆုံးအကျိုးကား မဟုတ်မမှန် စွပ်စွဲခံရတတ်၏၊ ပိသုဏဝါစာ၏ အပေါ့ဆုံးအကျိုးကား အဆွေခင်ပွန်းတို့နှင့် ကွဲပြားတတ်၏၊ ဖရုသဝါစာ၏ အပေါ့ဆုံးအကျိုးကား မနှစ်သက်ဖွယ်သောအသံကို ဖြစ်စေတတ်၏ (အသံမကောင်းသူဖြစ်တတ်၏)။ သမ္ဖပ္ပလာပ၏ အပေါ့ဆုံးအကျိုးကား မနာယူအပ်သောစကားရှိသူ ဖြစ်တတ်၏ (မိမိစကားကို သူတစ်ပါးတို့က မနာယူ၊ မလေးစား၊ မယုံမကြည်ဖြစ်တတ်၏)။ သေရည်သေရက်သောက်ခြင်း၏ အပေါ့ဆုံးအကျိုးကား အရူးအနှမ်းဖြစ်တတ်၏ဟု ဟောတော်မူသည်။
၃၀။ အင်္ဂုတ္တိရ်၊ ပဉ္စကနိပါတ်(၂၇-၂၈ သုမနာသုတ်၌ သဒ္ဓါ၊ သီလ၊ ပညာတို့ တူမျှကြစေကာမူ ဒါနရှင်ဖြစ်သော နတ်လူတို့က ဒါနရှင်မဟုတ်သော နတ်လူတို့ကို အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာခြင်း, အခြံအရံများခြင်း, အကြီးအကဲဖြစ်ရခြင်းဟူသော ငါးမျိုးသော အကြောင်းတို့ဖြင့် သာလွန်၏၊ ရဟန်းချင်းသော်မှ မတူကြပဲ ဒါနရှင်ရဟန်းက ဒါနရှင်မဟုတ်သောရဟန်းကို သင်္ကန်း, ဆွမ်း, ကျောင်း, ဆေးပစ္စည်းလေးပါးနှင့် သီတင်းသုံးဖော်တို့က နှစ်ခြိုက်ဖွယ် ကိုယ်နှုတ်စိတ်တို့ဖြင့် ဆက်ဆံ၍ နှစ်ခြိုက်ဖွယ် အပူဇော်ခံရခြင်းဟူသော ငါးမျိုးသော အကြောင်းတို့ဖြင့် သာလွန်၏ဟု ဟောတော်မူသည်။
၃၁။ ထိုမှတစ်ပါး နိဂဏ္ဌနာဋပုတ္တ၏တပည့်၊ အသိဗန္ဓက၏သား ရွာသူကြီးအား ယခုဘဝ၌ ကြီးပွားချမ်းသာ နေခြင်းသည် ကုသိုလ်ကံ အကြောင်းကြောင့်ဖြစ်သည်ဟု ဟောတော်မူပုံကို သဠာယတနဝဂ္ဂသံယုတ်၌ အောက်ပါအတိုင်း တွေ့နိုင်ပေသည်။
“ရွာသူကြီး ဤကမ္ဘာမှ (နောက်)ကိုးဆယ့်တစ်ကမ္ဘာတို့တိုင်အောင် ငါအောက်မေ့သည်ရှိသော် ချက်ပြီးဆွမ်းကို လောင်းလှူရုံမျှဖြင့် ပျက်စီးဖူးသော အမျိုးသား တစ်ဦးတစ်ယောက်ကိုမျှ ငါမသိ၊ စင်စစ်သော်ကား ကြွယ်ဝကုန်၊ များသောဥစ္စာရှိကုန်၊ များသောရွှေငွေရှိကုန်၊ များသောအသုံးအဆောင်ရှိကုန်၊ များသော ဥစ္စာစပါးရှိကုန်သော အမျိုးကောင်းသား အားလုံးတို့သည် ပေးလှူခြင်းကြောင့်လည်း ကြီးပွားကုန်၏၊ မှန်ကန်မှု သစ္စာကြောင့်လည်း ကြီးပွားကုန်၏၊ အကျင့်သီလကြောင့်လည်း ကြီးပွားကုန်၏၊ (သံ မြန် ၂။ ၅၀၁။)”
ဤသို့ ကံ-ကံ၏အကျိုးတရားကို ဟောကြားရာ ဒေသနာတော်တို့ကား ဘုရားဟောဖော် ပိဋကတ်တော်၌ ရာပေါင်းများစွာ ရှိပေသည်။
၃၂။ ဤလောက၌လည်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ ပြည့်စုံအောင် ကြိုးစား အားထုတ်နေကြသူချင်း တူပါလျက် ကံတည်းဟူသော အကြောင်းကြောင့် အကျိုးပေးကွာခြားလျက် အဆင့်အတန်း ကွဲပြားနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရပေသည်။
ထို့ကြောင့် ကံ-ကံ၏ အကျိုးတရားတို့သည် စိတ်ကူးသက်သက် မဟုတ်၊ လူသား၏စိတ်ကို ဖြားယောင်း သွေးဆောင်ခြင်း, ခြောက်လှန့်ခြင်းလည်းမဟုတ်ဘဲ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားခဲ့သော သဘာဝ အမှန်တရားများသာ ဖြစ်ကြပေသည်။
၃၃။ “ယခုဘဝ၌ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့် မဟုတ်၊ ယခုဘဝ အလုပ်၏ ကျေးဇူးသက်သက်သာဖြစ်သည်”ဟူသော ရေးသားချက်သည် မပြည့်စုံသော အမြင်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ပစ္စုပ္ပန်တစ်ဘဝကိုသာ ကျဉ်းမြောင်းစွာမြင်သော ရုပ်ဝါဒအမြင်သာ ဖြစ်သည်။ စောဒကဆရာတော်များ တင်ပြသည့် နိဒါနသုတ်နှင့် လည်းကောင်း၊ သေဉ္စတနိကသုတ် စသည်တို့နှင့် လည်းကောင်း ဆန့်ကျင်၏၊
အနည်းငယ်ရှင်းပြဦးအံ့ “ယခုဘဝ၌ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့် မဟုတ်” စသောစကားသည် ကုသိုလ်ကံအတွက် ရေးသားချက်ဖြစ်သည်။ “ထုံးအိုးထဲ နှိုက်သောလက်သည် ချက်ချင်းဖြူသလို၊ ကတ္တရာစေးပုန်းထဲ နှိုက်သောလက်သည် ချက်ချင်းနက်သလို၊ ငရုတ်သီးကို စားလျှင် ချက်ချင်း စပ်သလို၊ ဗုဒ္ဓ၏ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းကြားသာ ဖြစ်သည်”ဟူသော ရေးသားချက်ဖြစ်သည်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံ နှစ်မျိုးလုံးအတွက် ရေးသားချက်ဖြစ်သည်။ ထိုရေးသားချက်ဖြင့် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ ပုခက်နှင့်ခေါင်းကြား မျက်မှောက်ဘဝ၌သာ အကျိုးပေးသည်ဟု အယူရှိသူများ ဖြစ်ကြသည်။ ထိုသူတို့၏အယူသည် ဗုဒ္ဓ၏ကမ္မဝါဒလုံးဝမဟုတ်၊ ဗုဒ္ဓမဟောဘဲ ဗုဒ္ဓအဟောလုပ်၍ မိမိတို့ဝါဒကိုသာ ရေးသားခြင်းဖြစ်သည်။ ကံ၏အကျိုးပေးပုံကို ငရုတ်သီးစပ်သလို ချက်ချင်းဟူ၍ ရေးသားချက်သည်လည်း သဘာဝလုံးဝမကျ။ ကံ၏ အကျိုးပေးရာကာလကိုလည်း ပုခက်နှင့်ခေါင်းကြားဟု ထင်မှတ်ခြင်းသည်လည်း အနာဂတ်ဘဝမရှိသည့် ဥစ္ဆေဒဝါဒဖြစ်သော ရုပ်ဝါဒအမြင်အရ ဘောင်ခတ်ခြင်း ဖြစ်ကြောင်း အလွန်ထင်ရှားလေသည်။
အစိန္တေယျတရား ၄-ပါးရှိရာတွင် ကမ္မဝိပါကော အစိန္တေယျော=ကံ-ကံ၏အကျိုးပေးပုံကို စိတ်ကူးဖြင့် ကြံဆ၍ အမှန်မရကြောင်း သိနိုင်ပေသည်။ ကံအရာသည် လူသာမန်တို့ တွေးခေါ် မြော်မြင်နိုင်သောအရာ မဟုတ်ချေ။ ဤအချက်ကို အလေးအနက်မထားဘဲ မိမိကိုယ်မိမိ ပညာရှိကြီး ထင်မှတ်ပြီး ကံအကျိုးပေးပုံသည် ငရုတ်သီး စပ်သလိုပဲဟု ယူဆလျက် ဗုဒ္ဓ၏ကမ္မဝါဒပါဟု ဗမာပြည်လူထုအား တင်ပြခြင်းသည် မျက်လှည့်ပြခြင်းသာ ဖြစ်ကြောင်း သိနိုင်ကြပေသည်။
စင်စစ် ကံ-ကံ၏ အကျိုးပေးပုံနှင့် စပ်လျဉ်း၍ ပစ္စတိ=ရင့်ကျက်၏ဟူသော ပါဠိတော်သည် အချုပ် ဖြစ်၏၊ ကံသည် ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ ရင့်ကျက်မှ(ဝါ) အချိန်ကျမှ အကျိုးပေးသည်။ မရင့်ကျက်သေး လျှင် အကျိုးမပေးချေ။ ဥပမာ-သရက်သီးတစ်လုံးသည် ရင့်ကျက်မှ(ဝါ) အချိန်ကျမှ မှည့်မှ ချိုသည်။ မမှည့်ခင် မချိုပေ။ ဤဥပမာကဲ့သို့ပင် ရင့်ကျက်မှ ကံသည် အကျိုးပေးသည်။ ကံ၏အကျိုးပေးပုံသည် ငရုတ်သီးနှင့်မတူ၊ သရက်သီးနှင့်သာ တူသည်။
ထို့ကြောင့် အခုကုသိုလ်ပြု အခုမချမ်းသာကြ၊ အခုအကုသိုလ်ပြု အခုမဆင်းရဲကြ။ ဤလိုဖြစ်နေမှုနှင့် ပတ်သက်၍ မကျေနပ်သူတို့က မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက ဓမ္မပဒပါဠိတော်တွင် အောက်ပါအတိုင်းဖြေရှင်းချက် ထုတ်ပြန်ခဲ့လေသည်-
(က) မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ တွေ့မြင်ရတော့၏၊
(ခ) ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုးမပေးသရွေ့ ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှု အကျိုးပေးသောအခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏၊ (ခု၊မြန်၊၁၊၃၀။)
ဤကဲ့သို့ အလွန်ခိုင်မာလှသော ဘုရားဟော ဒေသနာအရ ကံသည် ရင့်ကျက်မှ အကျိုးပေးသည်ဟူသော ဝါဒသည်သာ ဗုဒ္ဓ၏ကမ္မဝါဒ ဖြစ်၏၊ ငရုတ်သီးစပ်သလိုဆိုသည်မှာ ဗုဒ္ဓ၏ကမ္မဝါဒမဟုတ်၊ တစ်နည်းအားဖြင့် အထက်ပါဘုရားဟောပါဠိ အထင်အရှားရှိနေ၍ ငရုတ်သီးကမ္မဝါဒကို ဗုဒ္ဓ၏ကမ္မဝါဒဖြစ်အောင်လှည့်စားသော်လည်း အောင်မြင်မည်မဟုတ်ပေ။
အကာလိကော-ဟူသော တရားဂုဏ်တော်အရ ချက်ချင်း အကျိုးပေးသည် ဆိုသည်ကား ဒါန၊ သီလစသော ကုသိုလ်ကံမျိုး၊ ပါဏာတိပါတ, အဒိန္နာဒါနစသော အကုသိုလ်ကံမျိုးနှင့် လုံးဝမသက်ဆိုင်၊ လောကုတ္တရာခန်း ဖွင့်သောအခါ မဂ်ကုသိုလ်ဖြစ်ပြီး ချက်ချင်း ဖိုလ်အကျိုးပေးသည်ကိုသာ ဆိုခြင်းဖြစ်သည်။ မဂ်ပြီး ဖိုလ်လာသည်ကိုသာ အကာလိက ကိန်းသေ အခါမလင့်ဖြစ်ပေ၏၊
လောကီကုသိုလ် အကုသိုလ်ခန်း၌ကား အခါမလင့်မဟုတ်၊ အခါလင့်သည်သာဖြစ်သည်။ ရင့်ကျက်မှသာ အကျိုးပေါ်သည်။ ဤကား ဗုဒ္ဓ၏ကမ္မဝါဒ စစ်စစ်ပေတည်း။
ဦးဥက္ကဋ္ဌ၏ကံအယူအဆသည် အောက်ပါ ဘုရားဟောပါဠိတော်များနှင့် အဘယ်မျှလောက် ဆန့်ကျင်ပုံကို ဆက်လက်ပြီးဆိုဦးအံ့။
အကျိုးပေးရာကာလကို ပုခက်နှင့်ခေါင်းကြားဟု သတ်မှတ်ခြင်းသည် အကျိုးပေးရာ ကာလအားဖြင့် အကုသိုလ် ကံသုံးပါးကို ဝေဖန်ဟောပြသော နိဒါနသုတ်ဒေသနာတော်နှင့် ဆန့်ကျင်နေသည်။ စုဒိတကတို့၏ ရေးသားချက်များသည် စောဒကဆရာတော်များ တင်ပြစွဲဆိုသည့်အတိုင်း ဘုရားဟောဒေသနာတော်နှင့် ဆန့်ကျင်သည်မှာ မငြင်းသာပေ။
၃၄။ ပိုမိုထင်ရှားစေရန် အင်္ဂုတ္တရပါဠိ၊ ဒသကနိပါတ်၌လာသော သေဉ္စတနိကသုတ်နှင့် ကရဇကာယသုတ်တို့ကို အကျဉ်းချုံး၍ပြလိုပေသည်။ ထိုသုတ်တို့၌-
“နာဟံ ဘိက္ခဝေ သေဉ္စတနိကာနံ ကမ္မာနံ ကတာနံ ဥပစိတာနံ အပ္ပဋိသံဝေဒိတွာ ဗျန္တီဘာဝံ ဝဒါမိ၊ တဉ္စ ခေါ ဒိဋ္ဌေဝ ဓမ္မော ဥပပဇ္ဇေဝါ အပရေ ဝါ ပရိယာယေ” (အံ၊၃၊၄၉၇၊ ၅၀၃။)
စသည်ဖြင့် ဟောတော်မူသည်။
အဓိပ္ပါယ်မှာ “ရဟန်းတို့ စေ့ဆော်၊ အားထုတ်၊ ပြုလုပ်၊ ဆည်းပူးအပ်ကုန်သော ကံတို့၏အကျိုးကို မခံစားရဘဲ ကင်းပျောက်ခြင်းကို ငါမဆို၊ ထိုအကျိုးကိုလည်း မျက်မှောက်ဘဝ၌ဖြစ်စေ၊ အခြားမဲ့(ဒုတိယ) ဘဝ၌ဖြစ်စေ၊ နောက်ဘဝ အဆက်ဆက်၌ဖြစ်စေ ခံစားရ၏ (အင် မြန်၊၃၊၄၈၇၊၄၉၃။ ဟုစကားချီတော်မူပြီးလျှင် အသတ်သက်ခြင်းစသော ကာယကံ ပျက်စီးမှုသုံးမျိုး၊ မဟုတ်မမှန်ပြောခြင်းစသော ဝစီကံ ပျက်စီးမှုလေးမျိုး၊ သူတစ်ပါးစည်းစိမ်ကို မတရားလိုချင်မှု အဘိဇ္ဈာစသော မနောကံပျက်စီးမှုသုံးမျိုး၊ ဤအကုသိုလ်ကံ ဆယ်မျိုးကို စေ့ဆော်အားထုတ်မှု ဟူသောအကြောင်းကြောင့် သတ္တဝါတို့သည် သေသည်မှနောက်၌ ငရဲသို့ ရောက်ရကုန်၏၊
သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းစသော ကာယကံပြည့်စုံမှုသုံးမျိုး၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းစသော ဝစီကံပြည့်စုံမှုလေးမျိုး၊ အဘိဇ္ဈာမရှိခြင်းစသော မနောကံပြည့်စုံမှုသုံးမျိုး၊ ဤကုသိုလ်ကံဆယ်မျိုးကို စေ့ဆော်အားထုတ်မှု ဟူသောအကြောင်းကြောင့် သတ္တဝါတို့သည် သေသည်မှနောက်၌ နတ်ပြည်သို့ရောက်ရကုန်၏ ဟုဟောတော်မူသည်။
ဤဒေသနာတော်တို့ဖြင့် မျက်မှောက်ဘဝ၌ အကျိုးပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဒုတိယဘဝ၌ အကျိုးပေးသော ဥပပဇ္ဇဝေဒနီယကံ၊ တတိယဘဝမှစ၍ အဆက်ဆက်သောဘဝတို့၌ အကျိုးပေးသော အပရာပရိယဝေဒနီယကံ ဟူ၍ ဤကံသုံးမျိုးတို့ကို တိုက်ရိုက်ဝေဖန်၍ ပြတော်မူသည်။ ထို့ကြောင့် ပုခက်နှင့်ခေါင်းကြားမှာ အကျိုးပေးသည် ဟူသောအယူသည် ဗုဒ္ဓ၏ကမ္မဝါဒမဟုတ်ကြောင်း သိသာပေသည်။
၃၅။ အရှင်သာရိပုတ္တရာမဟာထေရ်မြတ်သည်လည်း-
(၁) အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ အတိတ်ဘဝ၌ အကျိုးပေးပြီးသောကံ၊
(၂) အဟောသိ ကမ္မံ နဟောသိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ အတိတ်ဘဝ၌ အကျိုးပေးပြီးမဟုတ်သောကံ၊
(၃) အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ဖြစ်ပြီး၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ၊
(၄) အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးမပေးသောကံ၊
(၅) အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သောကံ။
(၆) အဟောသိ ကမ္မံ နဘဝိဿတိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ဖြစ်ပြီး၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ မဟုတ်သောကံဟူ၍ အတိတ်ကံ ၆-မျိုး။
(၇) အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ၊
(၈) အတ္ထိ ကမ္မံ နတ္ထိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးမပေးသောကံ၊
(၉) အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သောကံ၊
(၁၀) အတ္ထိ ကမ္မံ နဘဝိဿတိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့မဟုတ်သောကံဟူ၍ ပစ္စုပ္ပန်ကံ ၄-မျိုး။
(၁၁) ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော။
အနာဂတ်ဘဝ၌ ဖြစ်လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သောကံ၊
(၁၂) ဘဝိဿတိ ကမ္မံ နဘဝိဿတိ ကမ္မဝိပါကော။
အနာဂတ်ဘဝ၌ ဖြစ်လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့ မဟုတ်သော ကံဟူ၍ အနာဂတ်ကံ ၂-မျိုး တို့ကို ဝေဖန်ပိုင်းခြား၍ ဟောကြားတော်မူခဲ့ပေသည်။ (ခု၊၉၊ ၂၇၁။) (ပဋိသမ္ဘိဒါမဂ် ပါဠိတော်။)
ဤပဋိသမ္ဘိဒါမဂ် ပါဠိတော်ကလည်း ငရုတ်သီးကမ္မဝါဒ၊ ပုခက်နှင့် ခေါင်းကြားကမ္မဝါဒသည် ဗုဒ္ဓ၏ကမ္မဝါဒ မဟုတ် ပယ်ချလျက် ရှိပေသည်။
၃၆။ ဤအရာ၌ မြတ်စွာဘုရားဝေဖန်ဟောကြားသည့် ဥပရိပဏ္ဏာသပါဠိတော်၊ မဟာကမ္မဝိဘင်္ဂ ဒေသနာတော်ကို အကျဉ်းမျှဖော်ပြလိုပေသေးသည်။
ပေါတလိပုတ္တပရိဗိုဇ်၏ အမေးကို အရှင်သမိဒ္ဓိသည် ခွဲခြားဝေဖန်၍ ဖြေဆိုသင့်လျက် တစ်ဖက်သတ် ဖြေဆိုမိခြင်းနှင့် စပ်လျဉ်း၍ ကံအမျိုးမျိုးကို ဝေဖန် ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည်-
(၁) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုစသော ဒုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ ငရဲသို့ရောက်ရသောပုဂ္ဂိုလ်၊
(၂) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုစသော ဒုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ နတ်ပြည်သို့ရောက်ရသောပုဂ္ဂိုလ်၊
(၃) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုမှရှောင်ကြဉ်ခြင်းစသော သုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ နတ်ပြည်သို့ရောက်ရသောပုဂ္ဂိုလ်၊
(၄) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုမှရှောင်ကြဉ်ခြင်းစသော သုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ ငရဲသို့ရောက်ရသောပုဂ္ဂိုလ်၊
ဤလေးမျိုးတို့ကို မာတိကာ(ခေါင်းစဉ်)ထား၍ တစ်ပါးသော သမဏ ဗြာဟ္မဏတို့၏ အယူတို့တွင် ခွင့်ပြုနိုင်သောအယူ၊ ခွင့်မပြုနိုင်သောအယူတို့ကို ဝေဖန်တော်မူပြီးလျှင် အချုပ်အားဖြင့် ဤသို့ဟောတော်မူသည်။
(၁) ပဌမပုဂ္ဂိုလ်သည် ထိုဒုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ယုတ်မာသောကံကို ပြု၏၊ သေခါနီး ကာလ၌လည်း မိစ္ဆာအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုယုတ်မာသော ကံကြောင့် ငရဲသို့ ရောက်ရသည်။ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊
(၂) ဒုတိယပုဂ္ဂိုလ်သည် ထိုဒုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ သုခဝေဒနာ၏ အကြောင်းဖြစ်သော ကောင်းသောကံကို ပြု၏၊ သေခါနီး ကာလ၌လည်း သမ္မာအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုကောင်းသော ကံကြောင့် နတ်ပြည်သို့ ရောက်ရ၏၊ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊
(၃) တတိယပုဂ္ဂိုလ်သည် ထိုသုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ သုခဝေဒနာ၏ အကြောင်းဖြစ်သော ကောင်းသောကံကြောင့် နတ်ပြည်သို့ ရောက်ရသည်။ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်းစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊
(၄) စတုတ္ထပုဂ္ဂိုလ်သည် ထိုသုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ယုတ်မာသောကံကို ပြု၏၊ သေခါနီး ကာလ၌လည်း မိစ္ဆာအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုယုတ်မာသော ကံကြောင့် ငရဲသို့ ရောက်ရသည်။ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်းစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊ (မ၊မြန်၊၃၊၂၅-မှ-၂၆၀။)
ဤဥပရိပဏ္ဏာသပါဠိတော်၊ မဟာကမ္မဝိဘင်္ဂသုတ်အရလည်း ငရုတ်သီးကမ္မဝါဒနှင့် ပုခက်နှင့်ခေါင်းကြား ကမ္မဝါဒသည် ဘုရားတရားနှင့် မသက်ဆိုင်သော ဦးဥက္ကဋ္ဌ၏ သာသနာပြင်ပဝါဒသာဖြစ်ကြောင်း သိသာပေသည်။
၃၇။ ထို့ပြင်-
(၁) ဂတိသမ္ပတ္တိ = လူနတ်ဗြဟ္မာဟူသော ကောင်းသောဘဝ၊
(၂) ဥပဓိသမ္ပတ္တိ = လှပပြည့်စုံသော ရုပ်ဆင်းအင်္ဂါ၊
(၃) ကာလသမ္ပတ္တိ = မင်းကောင်း၊ လူကောင်းတို့ဖြစ်ရာ ခေတ်ကာလကောင်း၊
(၄) ပယောဂသမ္ပတ္တိ = ကောင်းသောလုံ့လပယောဂ အသိအလိမ္မာ၊
ဤလေးပါးတို့သည် ကုသိုလ်ကံအကျိုးပေးခွင့်ရရန် အကြောင်းများဖြစ်ကုန်၏၊
(၁) ဂတိဝိပတ္တိ = အပါယ်လေးပါးဟူသော မကောင်းသောဘဝ၊
(၂) ဥပဓိဝိပတ္တိ = မလှပ၊ မပြည့်စုံသော ရုပ်ဆင်းအင်္ဂါ၊
(၃) ကာလဝိပတ္တိ = မင်းဆိုး၊ လူဆိုးတို့ဖြစ်ရာ ခေတ်ဆိုးခေတ်ပျက်၊
(၄) ပယောဂဝိပတ္တိ = မှားယွင်းသောလုံ့လပယောဂနှင့် အသိအလိမ္မာမရှိခြင်း,
ဤလေးပါးတို့သည် အကုသိုလ်ကံအကျိုးပေးခွင့်ရရန်အကြောင်းများဖြစ်ကုန်၏၊
အချို့ အကုသိုလ်တို့သည် သမ္ပတ္တိနှင့် ကြုံကြိုက်သည့်အခါ အကျိုးပေးခွင့် မရကြဘဲ၊ ဝိပတ္တိနှင့် ကြုံကြိုက် သည့်အခါ အကျိုးပေးကြကုန်၏၊ အချို့ ကုသိုလ်ကံတို့သည် ဝိပတ္တိနှင့် ကြုံကြိုက်သည့်အခါ အကျိုးပေးခွင့် မရကြဘဲ၊ သမ္ပတ္တိနှင့် ကြုံကြိုက်သည့်အခါ အကျိုးပေးကြကုန်၏ ဟူ၍လည်း ကံတို့၏ အကျိုးပေးဟန်၊ မပေးဟန်တို့ကို ဝိဘင်းပါဠိတော်ကြီး၌ အကျယ်ဝေဖန် ဟောကြားတော်မူသည် (အဘိ၊၂၊၃၅၁။)။ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်သည် -
တဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အကြောင်း ဖြစ်စေတတ်သော အကြောင်းအားဖြင့် ဟုတ်မှန်စွာ သိတော်မူ၏၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အကြောင်း ဖြစ်စေတတ်သော အကြောင်းအားဖြင့် ဟုတ်မှန်စွာ သိကြောင်းဖြစ်သော ဤဉာဏ်တော်သည် ဘုရားရှင်၏ ဉာဏ်တော်အားပေတည်း။ ယင်း အားတော်သို့ရောက်၍ (ယင်း အားတော်ကို အကြောင်းပြု၍) ဘုရားရှင်သည် မြတ်သော သဗ္ဗညုတဉာဏ်အရာကို ဝန်ခံတော်မူ၏၊ ပရိတ်သတ်တို့၌ မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက် မိန့်မြွက်တော်မူ၏၊ မြတ်သောဓမ္မစက်ကို လည်စေတော်မူ၏”ဟု ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက် ကြုံးဝါးတော်မူခဲ့လေသည်။ (ဝိဘင်းပါဠိတော်-၃၂၉)
၃၈။ ဤသို့ မြတ်စွာဘုရား ကိုယ်တော်တိုင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကံနှင့် ထိုကံတို့၏ အကျိုးတရားတို့ကို ခွဲခြားပိုင်ပိုင် သိမြင်နိုင်သည့် သဗ္ဗညုတဉာဏ်တည်းဟူသော တထာဂတ၏ အားတော်မြတ်ကို ပုတ်ခတ်စော်ကား၊ ပယ်ရှားတားမြစ်လျက် “ကုသိုလ်၊ အကုသိုလ်ကံတို့၏ အကျိုးတရားနှင့် နတ်ဘုံ၊ ငရဲဘုံများသည် စိတ်ကူး သက်သက်ဖြင့် လူသား၏စိတ်ကို ဖြားယောင်းသွေးဆောင်ခြင်း, ခြောက်လှန့်ခြင်းသာဖြစ်သည်”ဟူ၍လည်းကောင်း၊ “ယခုဘဝ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်မဟုတ်၊ ယခုဘဝအလုပ်၏ ကျေးဇူးသက်သက်ဖြစ်သည်”ဟူ၍လည်းကောင်း၊ ဗုဒ္ဓ၏ ကမ္မဝါဒကား ပုခက်နှင့်ခေါင်းကြားသာ ဖြစ်သည်”ဟူ၍ လည်းကောင်း၊ “ကမ္မဿကတလမ်းစဉ်သည် ဗြာဟ္မဏဝေဒမှ မြစ်ဖျားခံလာသည်” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓ၏ မူရင်းဒေသနာ၌ အတိတ်ကံကို အစွဲပြုသော ပရမ္ပရကာမာဝစရကုသိုလ်၊ အကုသိုလ်ကျိုးကို လက်ခံယုံကြည်ရန် မပါမရှိ”ဟူ၍လည်းကောင်း ရေးသား ဟောပြောနေကြသော ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တစ်စုတို့၏ အယူသည် ကံ-ကံ၏ အကျိုးကိုပယ်ရှားသော မက္ခလိဂေါသာလ တိတ္ထိဆရာကြီး၏ မိစ္ဆာအယူမျိုးသာ ဖြစ်သည်မှာ ယုံမှားဖွယ် မရှိချေ။
၃၉။ ထိုကံ-ကံ၏အကျိုးကို ပယ်သောတိတ္ထိအယူဝါဒကို အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ ကေသကမ္ဗလ သုတ်၌ ဤသို့ မြတ်စွာဘုရား ရှုတ်ချတော်မူ၏၊
ရဟန်းတို့ ချည်မျှင်ဖြင့် ရက်အပ်သော အဝတ်ဟူသမျှတို့တွင် လူဆံချည်မျှင်ဖြင့် ရက်ထားအပ်သော ကမ္ဗလာကို အယုတ်ညံ့ဆုံးအဝတ်ဟု ဆိုထိုက်၏၊ ရဟန်းတို့ လူဆံချည်မျှင်ဖြင့် ရက်အပ်သော ကမ္ဗလာသည် အေးသောရာသီ၌ အလွန်အေး၏၊ ပူအိုက်သောရာသီ၌ အလွန်ပူအိုက်၏၊ အဆင်းလည်းမလှ၊ အနံ့လည်းမကောင်း၊ ကြမ်းတမ်းသောအတွေ့လည်း ရှိ၏၊ ရဟန်းတို့ ဤတူသာလျှင် များစွာကုန်သော သမဏ ဗြာဟ္မဏတို့၏ အယူဝါဒဟူသမျှတို့တွင် မက္ခလိဂေါသာလ၏ အယူဝါဒကို အယုတ်ညံ့ဆုံးဟု ဆိုထိုက်၏၊
ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးယောက်ျားဖြစ်သည့် မက္ခလိဂေါသာလသည် ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သော ဝီရိယမရှိဟု ပြောဆိုလေ့ ရှိ၏၊ ဤသို့ယူလေ့ ရှိ၏၊ ရဟန်းတို့ ရှေးလွန်လေပြီးသော ကာလ၌ ပွင့်တော်မူကုန်ပြီးသော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ တရားအားလုံးကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားရှင်တို့သည်လည်း ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏”ဟု ဟောတော်မူကုန်ပြီ။ ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား မက္ခလိဂေါသာလသည် ထိုပွင့်တော်မူကုန်ပြီးသော ဘုရားရှင်တို့ကိုလည်း ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သောဝီရိယ မရှိဟု တားမြစ်၏၊
ရဟန်းတို့ နောင်အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ တရား အလုံးစုံကို ကိုယ်တိုင်မှန်စွာ သိတော်မူသောဘုရားရှင်တို့သည်လည်း “ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏”ဟု ဟောတော်မူကုန်လတ္တံ့။ ရဟန်းတို့ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ တရားအလုံးစုံကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါဘုရားသည်လည်း “ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏”ဟု ဟောတော်မူ၏၊
ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးယောက်ျားဖြစ်သည့် မက္ခလိဂေါသာလသည် ပွင့်တော်မူပြီး၊ ပွင့်တော်မူလတ္တံ့ ဘုရားရှင်တို့ကိုလည်းကောင်း၊ ငါဘုရားကိုလည်းကောင်း “ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သောဝီရိယ မရှိ”ဟု တားမြစ်ဘိ၏၊
ရဟန်းတို့ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါဘုရားသည်လည်း ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏ဟု ဟောတော်မူ၏၊ ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား မက္ခလိဂေါသာလသည် ငါ့ကိုလည်း ကုသိုလ်ကံ၊ အကုသိုလ်ကံသည်မရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သောဝီရိယ မရှိဟု တားမြစ်၏၊
ရဟန်းတို့ မြစ်ဆုံမြစ်ဝ၌ ထောင်ထားအပ်သောမြှုံးသည် များစွာကုန်သော ငါးတို့၏ အစီးအပွားမဲ့ရန်၊ ဆင်းရဲရန်၊ အကျိုးမဲ့ပျက်စီးရန်ဖြစ်သကဲ့သို့၊ ဤအတူသာလျှင် လူထောင်မြှုံးပမာ လောက၌ ဖြစ်ပေါ်လာသော အချည်းနှီးယောက်ျား မက္ခလိဂေါသာလသည် များစွာသောသတ္တဝါတို့ အစီးအပွားမဲ့ရန်၊ ဆင်းရဲရန်၊ အကျိုးမဲ့ ပျက်စီးရန်ဖြစ်ပေသည်”ဟု မိန့်တော်မူလေသည်။ (အင် မြန်၊၁၊၃၀၇-၃၀၈။)
ဤဘုရားရှင်၏ မိန့်ခွန်းတော်နှင့်အညီ ဦးဥက္ကဋ္ဌသည်လည်း တိတ္ထိကြီးမက္ခလိဂေါသာလပမာ ဖြစ်၏၊ စုဒိတကတပည့်ကြီး သခင်မြတ်ဆိုင်မှအစ သမ္မာဒိဋ္ဌိသုတေသနသမားများ အစရှိသော သတ္တဝါအများ အစီးအပွားမဲ့ရန်၊ ဆင်းရဲရန်၊ အကျိုးမဲ့ပျက်စီးရန် ဖြစ်ပေါ်လာသော လူထောင်မြှုံးကြီးဖြစ်သည်ဟုသာ ဆိုသင့်ပေတော့သည်။ ဂေါတမ ဘုရားတစ်ဆူကိုသာမက၊ ဘုရားအဆူဆူကို ဆန့်ကျင်သူ၊ တားမြစ်သူ ဖြစ်ပေသည်။
(ခ)အမှတ်သောဓနာကို သုံးသပ်ချက်
၄၀။ (ခ) “ယခုဘဝ၌ ချမ်းသာခြင်းကို ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်ဟု ယုံကြည်လျှင် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ ဖြစ်သည်။ အဓမ္မဖြစ်သည်။”ဟူသောစကားရပ်ကိုလည်း ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိကို ကွဲပြားစွာ မသိနားမလည်ခြင်းကြောင့် ဆိုမိခြင်းဖြစ်ပေသည်။ ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိတို့ကား အနည်းငယ်မျှမတူပေ။
ကံ-ကံ၏အကျိုးသည် ရှိ၏၊ ကုသိုလ်ကံကြောင့် ကောင်းသောအကျိုး ဖြစ်သည်။ အကုသိုလ်ကံကြောင့် မကောင်းသောအကျိုး ဖြစ်သည်ဟု သိသောဉာဏ်သည် ကမ္မဿကတဉာဏ် မည်၏၊ အလှူ၏အကျိုးသည် ရှိ၏စသည်ဖြင့် ဖြစ်သောဉာဏ်၊ သစ္စာနုလောမိကခေါ် ဝိပဿနာဉာဏ်ကိုထား၍ အားလုံးသော လောကီ ကုသိုလ်ဉာဏ်သည် ကမ္မဿကတဉာဏ်မည်၏ဟု ဝိဘင်းပါဠိတော် ၃၄၁-၌လာသည်။
ချမ်းသာခံစားရခြင်း အားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်သည်။ ဆင်းရဲခံစားရခြင်း အားလုံးသည်လည်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်သည်။ မဆင်းရဲ၊ မချမ်းသာ ဥပေက္ခာခံစားရခြင်း အားလုံးသည်လည်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်သည်။ သူ့အသက်သတ်ခြင်း, သူ့ဥစ္စာခိုးခြင်း တို့သည်လည်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြသည်။ မည်သည့်အရာမဆို ဖြစ်ဖြစ်သမျှသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြသည်ဟု ရှေးကပြုခဲ့ဖူးသော အကြောင်းကိုချည်း အမြတ်တနိုး ယုံကြည်စွဲလမ်းမှုသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သည်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိကို သိနားလည်ကြစေရန် မြတ်စွာဘုရား ဟောတော်မူသည့်စကားရပ်မှ အဓိပ္ပါယ်မပျက် အကျဉ်းချုံး၍ ပြလိုပေသည်။
“ရဟန်းတို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာမှုသုခကို လည်းကောင်း၊ ဆင်းရဲမှုဒုက္ခကို လည်းကောင်း၊ မဆင်းရဲ၊ မချမ်းသာ(လျစ်လျူရှုမှု) ဥပေက္ခာကို လည်းကောင်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ခံစားရ၏”ဟု ပြောလေ့ယူလေရရှိသော သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သို့ ချဉ်းကပ်၍ အရှင်တို့ ဤသတ္တဝါသည် အလုံးစုံသော သုခ၊ ဒုက္ခ၊ ဥပေက္ခာကို ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ခံစားရ၏ဟု သင်တို့ ပြောလေ့ယူလေ့ရှိကြ၏ဟူသည် မှန်သလောဟု ငါမေး၏၊ မှန်၏ဟု ထိုသူတို့ကလည်း ဝန်ခံကြ၏၊ အရှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ မမြတ်သောအကျင့်ကို ကျင့်သူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ မုသားပြောသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ရလိမ့်မည်။ ကုန်းတိုက်စကား၊ ကြမ်းတမ်း သောစကား၊ ပြိန်ဖျင်ေးသာစကားကို ပြောသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ သူတစ်ပါးစည်းစိမ်ကို မက်မောလေရရှိသူ၊ ပျက်စီးစေလိုစိတ်ရှိသူ၊ မှားသောအယူရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်ဟု ငါဆို၏၊
ရဟန်းတို့ ရှေးကပြုခဲ့ဖူးသော အကြောင်းကိုသာလျှင် အမြတ်တနိုး ယုံကြည်စွဲလမ်းကြသူတို့အား ဤအမှုကိစ္စကို ပြုရန်၊ မပြုရန် အလိုဆန္ဒ၊ အားထုတ်မှု ဝီရိယသည် မဖြစ်နိုင်တော့ချေ။ ဤသို့ ပြုသင့်သည်၊ မပြုသင့်သည်ကို အမှန်အကန်၊ အခိုင်အမြဲမရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူတို့အတွက် အသီးအခြား အကြောင်းနှင့်တကွဖြစ်သော သမဏဝါဒ မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ပြောလေ့ယူလေရရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ပဌမနှိပ်ခြင်းတည်း” (အင် မြန်၊၁၊၁၉၂၊၁၉၃။)
ဤတိတ္ထယတနသုတ်လာ ဘုရားဟောတရားကို နားလည်သူမှန်သမျှသည် ယခုဘဝ၌ ချမ်းသာခြင်းသည် ရှေးကုသိုလ်ကံကြောင့်ဟု ယူဆချက်ကို အဓမ္မဟုမဆိုခဲ့ကြပေ။
၄၁။ ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိတို့၏ ထူးခြားပုံကို နားလည်ခဲ့ကြသည့်အတွက် အဋ္ဌကထာဆရာကြီးက ဤသို့ ဆက်လက်ရှင်းပြထား၏၊ ခံစားမှု ဝေဒနာသည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့်ယှဉ်သော ကမ္မဝေဒနာ၊ ကိရိယာစိတ်၌ယှဉ်သော ကိရိယဝေဒနာ၊ ဝိပါက်စိတ်၌ယှဉ်သော ဝိပါကဝေဒနာဟူ၍ သုံးမျိုး ရှိ၏၊ ထိုသုံးမျိုးတို့တွင် ကမ္မဝေဒနာ၊ ကိရိယဝေဒနာတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်ဖြစ်သည် မဟုတ်၊ လက်ရှိတွေ့ကြုံလာသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သည်။ ဝိပါကဝေဒနာသည်သာလျှင် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်ဖြစ်သည်ဟု သိမြင်ယူဆခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိဖြစ်သည်။ ကမ္မဝေဒနာ၊ ကိရိယဝေဒနာ၊ ဝိပါကဝေဒနာသုံးမျိုးလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်၏ဟု လက်ခံယုံကြည်ခြင်းသည်သာ ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်။
အနာရောဂါတို့သည် သည်းခြေကြောင့်ဖြစ်သော အနာရောဂါ၊ သလိပ်ကြောင့်ဖြစ်သော အနာရောဂါ၊ လေကြောင့်ဖြစ်သော အနာရောဂါ၊ ထိုသုံးမျိုးပေါင်းဆုံ ကျရောက်မှု သန္နိပါတ်ကြောင့်ဖြစ်သော အနာရောဂါ၊ ဥတုဖောက်ပြန်မှုကြောင့်ဖြစ်သော အနာရောဂါ၊ ခန္ဓာကိုယ်ကို မညီမညွတ်၊ မမျှမတ ဆောင်ရွက်ခြင်းကြောင့် ဖြစ်သော အနာရောဂါ၊ လုံလအားထုတ် ပြုလုပ်ခြင်းကြောင့်ဖြစ်သော အနာရောဂါ၊ ကံ၏အကျိုးကြောင့်ဖြစ်သော အနာရောဂါဟူ၍ ရှစ်မျိုးရှိကြ၏၊
ထိုရောဂါ ရှစ်မျိုးတို့ကို သက်ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဖြစ်သည်ဟု သိမြင်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ “အနာရောဂါ မှန်သမျှ ရှေးကံကြောင့်သာ ဖြစ်သည်ဟု ယူဆခြင်းသည်” ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်၏၊
မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိသော (မျက်မှောက်ဘဝ၌ အကျိုးပေးသော) ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဒုတိယဘဝ၌ ကပ်ရောက်၍ ခံစားအပ်သော အကျိုးရှိသော (ဒုတိယဘဝ၌ အကျိုးပေးသော) ဥပပဇ္ဇဝေဒနီယကံ၊ အဆက်ဆက်သော ဘဝ၌ ခံစားအပ်သော အကျိုးရှိသော (အဆက်ဆက်သောဘဝ၌ အကျိုးပေးသော) အပရာပရိယဝေဒနီယကံဟူ၍ ကံသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည်။ ထိုကံသုံးမျိုးလုံးကို သိမြင် ယုံကြည်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ ရှေ့နှစ်မျိုးတို့ကို ပယ်၍ အပရာပရိယဝေဒနီယကံ တစ်မျိုးကိုသာ လက်ခံ ယုံကြည်ခြင်းသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်။
မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ ဒုတိယဘဝ၌ ခံစားရသောအကျိုး၊ အဆက်ဆက်ဘဝ၌ ခံစားရသော အကျိုးဟူ၍ ကံ၏အကျိုးသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည်။ ထိုသုံးမျိုးတို့ကို သိမြင် ယုံကြည်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ ရှေ့နှစ်မျိုးတို့ကို ပယ်၍ အပရာပရိယ အဆက်ဆက်အကျိုး တစ်မျိုးကိုသာ လက်ခံ ယုံကြည်ခြင်းသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်။
ကုသိုလ်စေတနာ၊ အကုသိုလ်စေတနာ၊ ဝိပါကစေတနာ၊ ကိရိယစေတနာ လေးမျိုးတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည်။ ထိုလေးမျိုးလုံးကို သိမြင်ယုံကြည်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ ဝိပါက စေတနာမှ တစ်ပါးသော စေတနာသုံးမျိုးတို့ကို ပယ်၍ ဝိပါကစေတနာ တစ်မျိုးကိုသာ လက်ခံယုံကြည်ခြင်းသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်၏၊ (အံ၊ဋ္ဌ၊၂၊၁၅၆။)
၄၂။ ဤသို့လျှင် ကမ္မဿကတသမ္မာဒိဋ္ဌိနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိသည် တွင်းထွက်စိန်နှင့် ချက်ကျောက်ပမာ လွန်စွာ ကွဲပြားခြားနားလှပေသည်။ ယင်းသို့ လွန်စွာကွဲပြားခြားနားသည်၏ အဖြစ်ကိုလည်း အဋ္ဌကထာအဆိုကို မကြည့်ရှုမိစေကာမူ မြတ်စွာဘုရား၏ ဒုတိယဝါကျစကားတော်ဖြင့်ပင် ပေါ်လွင်ထင်ရှားစွာ သိနိုင်ပေသည်။ ယင်းသို့ သိနိုင်ပါလျက် နောက်ဝါကျ စကားရပ်ကို ချန်လှပ်ဝှက်ထား၍ တစ်ပါးသူများ ယုံမှားသံသယ ဖြစ်လေအောင် ကြံဆောင်လျက် “ယခုဘဝ ချမ်းသာကြွယ်ဝခြင်းသည် ရှေးကံကြောင့်ဖြစ်သည်ဟု ယုံကြည်လျှင် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ ဖြစ်သည်။ ဘုရားက အဓမ္မဟုဟောသည်”ဟုရေးသား ဟောပြောခြင်းသည် ဦးဥက္ကဋ္ဌအနေဖြင့် ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ခြားနားချက်ကို အမှန်တကယ် မသိ၍ ရေးသားဟောပြောမိခြင်းလောဟု ထင်မှတ်ဖွယ်မရှိ၊ သာသနာတော်ကို အခြေအမြစ်မှလှန်၍ တူးဖြိုဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသား ဟောပြောခြင်းသာ ဖြစ်သည်။
အမှန်စင်စစ် ဦးဥက္ကဋ္ဌသည် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဟူသော ပသာဒရုပ် ငါးပါးကိုသာ အသုံးချသည့် ရုပ်ဝါဒီတစ်ဦးဖြစ်ကြောင်း နေရာများစွာ၌ ရေးသားဟောပြော ဆုံးမနေသည်ကို တွေ့ကြရသည်ဖြစ်၍ ဗုဒ္ဓဝါဒကို ရုပ်ဝါဒအမြင်ဖြင့် ကြည့်ပြီး ရေးသားနေခြင်းသာ ဖြစ်သည်။ သို့တည်းမဟုတ် သူ၏ရုပ်ဝါဒကို ဗုဒ္ဓဓမ္မ အကူအညီယူပြီး ထူထောင်ခြင်းဖြစ်သည်။ သို့တည်းမဟုတ် ဗုဒ္ဓဓမ္မများကို ရုပ်ဝါဒများဖြစ်အောင် ပက်ပက်စက်စက် သာသနာထဲဝင်ပြီး ဖျက်ဆီးခြင်းဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ် ယူဆတော်မူကြသည်။
(ဂ) အမှတ်ပြသောဓနာကို သုံးသပ်ချက်
၄၃။ (ဂ) “ကုသိုလ်၊ အကုသိုလ်အကြောင်းကြောင့် အကျိုးဆက်ဖြစ်သည်ဟူသော ကမ္မဿကတာလမ်းစဉ်သည် ဗြာဟ္မဏဝေဒမှ မြစ်ဖျားခံလာသည်။ သံသရာ လည်နေရေးကိုသာ အားပေးသောတရား ဖြစ်သည်”ဟူသော ရေးသားချက်လည်း မြတ်စွာဘုရားဒေသနာနှင့် ဖီလာဖြစ်သော ရေးသားချက်ဖြစ်သည်။ ဗုဒ္ဓဓမ္မ အစစ်များကို ဗြာဟ္မဏဝါဒဟုသမုတ်ပြီး ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခြင်းသာ ဖြစ်လေသည်။ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ကုသိုလ်တရား အားလုံးတို့၏ အခြေခံအရင်းအမြစ်ဖြစ်သည်။ ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိမှသာလျှင် အကုသိုလ်ကိုလည်း ရှောင်ကြဉ်နိုင်သည်။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတို့ကိုလည်း ဖြစ်ပွား စေနိုင်သည်။ ထို့ကြောင့် ဤကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် သီလကို ကုသိုလ်တရားတို့၏ အစဟူ၍ မြတ်စွာဘုရား ဤသို့ ဟောတော်မူသည်။
တသ္မာတိဟ တွံ ဘိက္ခု အာဒိမေဝ ဝိသောဓေဟိ ကုသလေသု ဓမ္မေသု။ ကော စာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သု ဝိသုဒ္ဓံ ဒိဋ္ဌိ စ ဥဇုကာ။ (သံ၊၃၊၁၂၄။)
မြန်မာပြန်
ရဟန်း သင် တရားတောင်းပန်ခြင်း အကြောင်းကြောင့် သင်သည် ကုသိုလ်တရားတို့၌ အစပိုင်းကိုသာ သုတ်သင် စင်ကြယ်စေဦးလော့။ ကုသိုလ်တရားတို့၏ အစပိုင်းဟူသည် အဘယ်နည်း၊ စင်ကြယ်သောသီလနှင့် ဖြောင့်မတ်သောအယူပင်တည်း။
ရဟန်း သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း။ ကောင်းစွာ စင်ကြယ်သောသီလနှင့် ဖြောင့်မတ်သောအယူပင်တည်း။ (သံ၊မြန်၊၃၊၁၂၉။)
၄၄။ ဤကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော သူသည်သာလျှင် အယူမှန်ရှိသူ၊ ဖြောင့်မတ်သောအယူရှိသူ၊ တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုသူဖြစ်၍ သူတော်ကောင်းတရားဟူသော သာသနာတော်သို့ ရောက်လာသူ (သာသနာ့နွယ်ဝင်) ဖြစ်ကြောင်းကို သမ္မာဒိဋ္ဌိသုတ်၌ ဤသို့ ဟောတော်မူသည်။
ငါ့ရှင်...အရိယာတပည့်သည် အကုသိုလ် အကုသိုလ်၏ အကြောင်းရင်း၊ ကုသိုလ် ကုသိုလ်၏ အကြောင်းရင်းကို ခွဲခြား၍ သိ၏၊ ငါ့ရှင်တို့ ဤမျှဖြင့်လည်း အရိယာတပည့်သည် အယူမှန်ရှိသူ ဖြစ်၏၊ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုမှုနှင့် ပြည့်စုံလျက် သူတော်ကောင်းတရားတည်းဟူသော သာသနာတော်သို့ ရောက်လာသူ ဖြစ်၏၊ (မူလပဏ္ဏာသပါဠိ-၅၇)
၄၅။ ဤတရားဒေသနာတော်များကို ထောက်ထား၍ ကမ္မဿကတဉာဏ် (ကမ္မဿကတသမ္မာဒိဋ္ဌိ)သည် ဗြာဟ္မဏဝေဒမှ သွင်းယူထားသော တရားမဟုတ်၊ ဘုရားရှင် ကိုယ်တော်တိုင် ဟောတော်မူထားသော တရား ဖြစ်သည်ကို သံသယ ကင်းကင်းရှင်းရှင်း မှတ်ယူရာ၏၊
“လောကသည် ကံကြောင့် ဖြစ်၏၊ သတ္တဝါအပေါင်းသည် ကံကြောင့် ဖြစ်၏၊ သွားနေသော ရထား၏ နားပန်းစွန်းကဲ့သို့ သတ္တဝါတို့ကို ကံက ဖွဲ့စပ်ထား၏၊” (မ၊မြန်၊၂၊၄၁၈။)
(သတ္တဝါသည်) ကံကြောင့် ကျော်စောခြင်းကိုလည်းကောင်း၊ ချီးမွမ်းခြင်းကိုလည်းကောင်း ရ၏၊ ကံကြောင့် ဆုံးရှုံးခြင်းကိုလည်းကောင်း၊ သတ်ဖြတ်ခြင်းကိုလည်းကောင်း၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း ရ၏၊ အထူးထူးပြုတတ်သော ထိုကံကို သိလတ်သော် လောက၌ ကံသည် မရှိဟူ၍ အဘယ့်ကြောင့် ပြောဆိုရာအံ့နည်း” (အဘိ၊မြန် ၄-ဒု။ ၂၉၂။) (ကထာဝတ္ထုပါဠိတော် မြန်မာပြန်)
(ဃ)အမှတ်ပြသောဓနာကို သုံးသပ်ချက်
၄၆။ (ဃ) ကမ္မဿကတာလမ်းစဉ်ကို သံသရာလည်ရေးလမ်းစဉ်ဟု ဦးဥက္ကဋ္ဌက စွပ်စွဲပြန်သည်။ ကမ္မဿကတဉာဏ်ဟု ဆိုအပ်သော ဒိဋ္ဌိဇုကမ္မပုညကိရိယဝတ္ထုသည် သံသရာလည်ရေးကို အားပေးသောတရား ဟုတ်-မဟုတ်ကို စိစစ်ကြကုန်အံ့။
ကမ္မဿကတဉာဏ်ဟူသည် “ဒုစရိုက်ဆယ်ပါးသည် အကျိုးစီးပွားတို့ကို ဖျက်ဆီးတတ်၊ အကျိုးမဲ့ကို ဖြစ်စေတတ်သောကြောင့် ကိုယ်ပိုင်ဥစ္စာဖြစ်သော ကံမဟုတ်၊ သုစရိုက်သည် အကျိုးမဲ့တို့ကို ဖျက်ဆီးတတ်၊ အကျိုးစီးပွားတို့ကို ဖြစ်စေတတ်သောကြောင့် ကိုယ်ပိုင်ဥစ္စာဖြစ်သော ကံမည်၏”ဟု သိတတ်သောဉာဏ်ပင်တည်း။ ထိုဉာဏ်၌ တည်၍ ဒါန၊ သီလ၊ ဥပေါသထစသော ကောင်းမှုတို့ကိုပြုလျက် ချမ်းသာစည်းစိမ် အဆင့်ဆင့် ခံစားပြီးလျှင် နိဗ္ဗာန်သို့ ရောက်ကြသူတို့မှာ ဂဏန်းချ၍ မပြနိုင်အောင် များပြားလှသည်ကို သမ္မောဟဝိနောဒနီအဋ္ဌကထာ(၃၉၇)- ၌ ဤသို့ ပြဆိုထားပေသည်။
“ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝသော ယောက်ျားသည် လှည်းပေါင်းငါးရာတို့၌ ထောပတ်၊ ပျားရည်၊ တင်လဲ၊ ဆား၊ နှမ်း၊ ဆန်စသော ရိက္ခာများကိုတင်၍ ကန္တာရခရီးခဲကို သွားသည်ရှိသော် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာပါက အသုံးအဆောင်အားလုံး ယူခဲ့ပြီးဖြစ်သောကြောင့် တောင်တောင်ဤဤ ကြံစည်ထိတ်လန့်မှု မရှိဘဲ ဘေးမရှိရာ အရပ်သို့ ရောက်နိုင်သကဲ့သို့၊ ဤအတူ(ဒုစရိုက်ဆယ်ပါးသည် ကိုယ်ပိုင်ဥစ္စာမဟုတ်၊ သုစရိုက်ဆယ်ပါးသည် ကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟု သိစွမ်းနိုင်သော) ကမ္မဿကတဉာဏ်၌ တည်လျက် များစွာသောအလှူကို ပေးလှူ၊ သီလကိုဖြည့်ကျင့်၊ ဥပုသ်ကို ဆောက်တည်၍ ချမ်းသာအဆင့်ဆင့်၊ စည်းစိမ်အဆင့်ဆင့် ခံစားပြီးလျှင် နိဗ္ဗာန်သို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ အရေအတွက်ကား အပိုင်းအခြားမရှိနိုင်၊ ဂဏန်းမပြနိုင်”။ (အဘိ၊ဋ္ဌ၊၂၊၄၉၇။)
၄၇။ အခါတစ်ပါး ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်ကို မိမိအိမ်သို့ပင့်ဖိတ်၍ နှစ်ခြိုက်ဖွယ်ဖြစ်သော လှူဖွယ်ဝတ္ထုတို့ကို စီမံပြီးလျှင် “အရှင်ဘုရား နှစ်ခြိုက်ဖွယ်ပစ္စည်း ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏”ဟု မြတ်စွာဘုရား မျက်မှောက်တော်မှ တပည့်တော် ကြားနာရဖူးပါသည်။ တပည့်တော်၏ ဤအင်ကြင်းပွင့်နှင့်တူသော ခဲဖွယ်စသည်များသည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ မြတ်စွာဘုရားသည် တပည့်တော်အား သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ထိုလှူဖွယ်ဝတ္ထုတို့ကို အလှူခံ တော်မူပါ”ဟု လျှောက်ထား၍ လှူဒါန်းလေသည်။ မြတ်စွာဘုရားသည် အလှူခံတော်မူပြီး “မနာပဒါယီ လဘတေ မနာပံ”စသော နှစ်ဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူသည်။
အဓိပ္ပါယ်မှာ- “နှစ်ခြိုက်ဖွယ်ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရနိုင်၏၊ အကြင်သူသည် ဖြောင့်မတ်သော အလှူခံပုဂ္ဂိုလ်တို့၌ လိုလိုချင်ချင် အဝတ်သင်္ကန်း၊ အိပ်ရာနေရာ၊ ဆွမ်းဘောဇဉ်၊ အဖျော်ယမကာနှင့် အမျိုးမျိုးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ၏၊
လယ်ယာမြေကောင်းနှင့်တူသော ရဟန္တာတို့ကိုသိ၍ စွန့်လွှတ်ချီးမြှောက်အပ်၏၊ နှစ်ခြိုက်ဖွယ်ကို ပေးလှူသော ထိုသူတော်ကောင်းသည် စွန့်နိုင်ခဲသည်ကို စွန့်၍ နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏၊
နောင်အခါ ဥဂ္ဂသူကြွယ်သည် စုတေပြီးလျှင် သုဒ္ဓါဝါသဗြဟ္မဘုံ၌ဖြစ်၍ အရဟတ္တဖိုလ်သို့ ရောက်ကာ မြတ်စွာဘုရားထံတော်သို့ အဖူးအမြော် လာရောက်လေသည်။ ထိုအခါ မြတ်စွာဘုရားက “ဥဂ္ဂ...အသို့နည်း (ဘယ့်နှယ်လဲ) သင့်အား အလိုအတိုင်း ပြည့်စုံ၏လော”ဟု မေးတော်မူလေရာ “အရှင်ဘုရား တပည့်တော်အား အလိုအတိုင်း စင်စစ် ပြည့်စုံပါ၏”ဟု လျှောက်လေသည်။ ဥဂ္ဂသူကြွယ် အလိုရှိသော အကျိုးကား အရဟတ္တဖိုလ် ဖြစ်သည်။ ထိုအရဟတ္တဖိုလ်ကိုရ၍ အလိုအတိုင်း ပြည့်စုံပါ၏ဟု လျှောက်လေသည်။ (အင်္ဂုတ္တရပါဠိတော် ပဉ္စကနိပါတ်(၄၂-၄၅၊ ယင်းအဋ္ဌကထာ ၂၃ မှ ၂၅)
ဦးဥက္ကဋ္ဌ၏ စွပ်စွဲချက်အတိုင်း ကံပြုလျှင် သံသရာလည်သည်ဆိုပါက ဥဂ္ဂသူကြွယ် ရဟန္တာဖြစ်မည် မဟုတ်။ ယခုမူ ကုသိုလ်ကံကို ပြုလုပ်သော ဥဂ္ဂသူကြွယ် ရဟန္တာဖြစ်၍ သံသရာပြတ်လေပြီ။ ဤတရားတော် ဖြစ်ရပ်မှန်ကို ထောက်၍ ဦးဥက္ကဋ္ဌသည် စည်းလွတ်ဝါးလွတ် တာဝန်မဲ့ ရေးသားဟောပြောသော၊ သာသနာကို ဖျက်ဆီးသူသာ ဖြစ်ကြောင်း ထင်ရှားပေသည်။
၄၈။ ထို့ပြင် ကမ္မဿကတာလမ်းစဉ်နှင့် စပ်လျဉ်း၍ ဟောကြားချက်များစွာ ရှိပေသေး၏၊ အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၌ ဤသို့ဟောတော်မူ၏၊
“အကြင်သူတို့သည်ကား ပညာရှိတို့ ချီးမွမ်းအပ်သော ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ကုန်၏၊ ထိုသူတို့၏ သဒ္ဓါတရားသည်ကား မြတ်စွာဘုရား၌ အမြစ်သဖွယ် ဖြစ်၍ တည်၏၊ ထိုပညာရှိတို့သည် နတ်ပြည်သို့လည်း လားရောက်ရကုန်၏၊ ဤလူ့ပြည်ဝယ် မြတ်သောအမျိုး၌လည်း ဖြစ်ရကုန်၏၊ အစဉ်သဖြင့် နိဗ္ဗာန်သို့ ရောက်ရကုန်၏” (အင် မြန်၊၁၊၁၀၈။)
၄၉။ ခုဒ္ဒကပါဌပါဠိတော်၊ နိဓိကဏ္ဍသုတ်၌လည်း ဤသို့ဟောကြား၏၊ “လူ့ပြည်ရှိ စည်းစိမ်ဥစ္စာကို လည်းကောင်း နတ်ပြည်၌ မွေ့လျော်ဖွယ်ကိုလည်းကောင်း နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏” (ခု၊မြန်၊၁၊၉။)
၅၀။ ပဋ္ဌာန်းပါဠိတော်ကြီး၌ ကမ္မဿကတဉာဏ် ကုသိုလ်ကံကို အခြေပြု၍ သံသရာပြတ်ပြီး နိဗ္ဗာန်ရပ်အထိ ရောက်ပုံကို ဤသို့ ဟောကြားထား၏၊
သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိ ဥပ္ပါဒေတိ။
ရတနာသုံးပါး ကံ-ကံ၏ အကျိုးတရားအပေါ် သက်ဝင်ယုံကြည်မှုကို အမှီပြု၍ (အကြောင်းပြု၍) အလှူပေးလှူ၏၊ သီလ ဆောက်တည်၏၊ ဥပုသ်စောင့်၏၊ စျာန်ရအောင် အားထုတ်၍ စျာန်ရ၏၊ ဝိပဿနာ ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်၏၊ သောတာပတ္တိမဂ်စသော မဂ်ဉာဏ်လေးပါးကို ဖြစ်ပေါ်ရရှိစေ၏၊ အဘိညာဉ်ကို ဖြစ်ပေါ်ရရှိစေ၏၊ သမာပတ်ကို ဖြစ်ပေါ်ရရှိစေ၏၊ (ဤကောင်းကျိုး အဆက်ဆက်ကား ကံ-ကံ၏ အကျိုးအပေါ် သက်ဝင်ယုံကြည်မှုမှ မြစ်ဖျားခံခဲ့၏၊ ကံ-ကံ၏ အကျိုးကို မယုံကြည်လျှင် သဒ္ဓါမဲ့လျှင် ဤသို့သော အကျိုးထူး မရနိုင် မရပေ)။
ဤသုတ္တန်အဘိဓမ္မာ ဒေသနာတော်တို့ကို ထောက်၍ ကာမာဝစရ ကုသိုလ်ကံသည် မဂ်ဖိုလ်တို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုကာ သံသရာဝဋ်မှ ကျွတ်လွတ်ထွက်မြောက် စေနိုင်သော တရားဖြစ်သည်။ သံသရာ၌ လည်စေတတ်သော တရားမဟုတ်ဟု သိသာပေသည်။
သံသရာ၌ လည်စေတတ်သော တရားကား ကမ္မဿကတာလမ်းစဉ် မဟုတ်၊ အဝိဇ္ဇာနှင့် တဏှာသာ ဖြစ်သည်ကို အနမတဂ္ဂသံယုတ် ပါဠိတော်၌ ဤသို့ ဟောတော်မူလေသည်။
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝိတံ သံသရိတံ။ (သံ၊၁၊၃၈၇။)
အဓိပ္ပာယ်မှာ - “ရဟန်းတို့ ဤ သံသရာ၏ အစကို မသိနိုင်၊ မသိမှုအဝိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည်။ တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ၊ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည် ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်”။ (သံ၊မြန်၊၁၊၃၇၅။)
ထို့ကြောင့် ဗုဒ္ဓဝိပဿနာ (၁)၌ ရေးသားထားသော ကမ္မဿကတာလမ်းစဉ်သည် ဖော်ပြပါ ဘုရားဟောဒေသနာတို့နှင့် လုံးဝဆန့်ကျင်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
(င) အမှတ်ပြ သောဓနာကို သုံးသပ်ချက်
၅၁။ (၁) “အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ သင်္ခါရဟူသော အတိတ်ဘဝအကြောင်းကံကြောင့် ယခုပစ္စက္ခဘဝမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာဟူသော အကျိုးတရားများလာ၍ ဖြစ်ရသည် စသည်ဖြင့် အတိတ်ဘဝက အကြောင်းကြောင့် ယခုဘဝတွင် အကျိုးတရားများလာ၍ ဖြစ်ရသူဟူသော အယူအဆများမှာ အတ္တလမ်းစဉ် ဝိညာဉ်စွဲ အမှားတရားများသာ ဖြစ်သည်”ဟူသော ဝိမုတ္တိရသအရကောက်ကျမ်း နှာ-၂၂၊ ၂၃ တို့၌ပါသော ရေးသားချက်သည် မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အတ္တလမ်းစဉ်ဝိညာဉ်စွဲ အမှားတရားဟု စွပ်စွဲထားသော ရေးသားချက်သာ ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်တရားကို လက်ခံသယောင်ယောက် တစ်နေရာ၌ ဟန်ပြထား၍ ဤနေရာ၌ ပက်ပက်စက်စက် ဖျက်ဆီးထားခြင်းသာ ဖြစ်ပေသည်။
မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့် သာသနပတိတ္ထိတို့၏ အတ္တဝါဒတို့ မတူကွဲပြား ခြားနားပုံကို အမှန်အတိုင်း သဘောပေါက် နားလည်းနိုင်ရန် အတ္တဝါဒကို ရှေးဦးစွာ ပြဆိုကြကုန်အံ့၊ သာသနာပတိတ္ထိတို့ စွဲလမ်းထင်မှားသော အတ္တသည် ပရမတ္တ (ပရ + အတ္တ)၊ ဇီဝအတ္တဟူ၍ ၂ မျိုး ရှိ၏၊
ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို စီမံဖန်ဆင်းနိုင်သူ မဟာဗြဟ္မာရှိသည် ထာဝရဘုရားရှိသည်ဟု စွဲလမ်းထင်မှားမှုသည် ပရမတ္တစွဲဖြစ်သည်။ ထိုပရမတ္တစွဲလမ်းပုံကို သီလက္ခန် ပါဠိတော် နှာ- ၁၉-၂၀ ၌ ပြဆိုထားပေသည်။ သတ္တဝါတစ်ယောက်တစ်ယောက်၏ အသက်ကောင် လိပ်ပြာကောင် ဝိညာဉ်ကောင် ရှိသည်ဟု စွဲလမ်းထင်မှားမှုသည် ဇီဝအတ္တစွဲဖြစ်သည်။
၅၂။ ဇီဝအတ္တစွဲလမ်းပုံကား သတ္တဝါတို့၏ ခန္ဓာကိုယ်အတွင်း၌ အသက်ကောင်၊ လိပ်ပြာကောင်၊ ဝိညာဉ်ကောင်ဟု ဆိုရသော အတ္တရှိသည်။ ထိုအတ္တသည် လွန်စွာ အစွမ်းထက်မြက်သည်။
ကာရက - ပြုလုပ်ဖွယ်ဟူသမျှကို အတ္တကပြုလုပ်သည်။ ကောင်းမှု မကောင်းမှုဟူသမျှကို အတ္တ၏ သတ္တိကြောင့် ပြုမိကြသည်၊ သွားလာလုပ်ကိုင်မှု ဟူသမျှ အတ္တ၏ သတ္တိကြောင့်သာ ဖြစ်ရသည်။
ဝေဒက - ကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်း အတ္တက ခံစားသည်။ ချမ်းသာမှု ဆင်းရဲမှု စသော ခံစားဖွယ်ဟူသမျှကို အတ္တကချည်း ခံစားသည်၊ ယခုလို ဘဝက ကောင်းမှု မကောင်းမှုတို့ကို ပြုခဲ့လျှင် နောင်အခါ မိမိပြုခဲ့သော ကောင်းမှု မကောင်းမှု၏ ကောင်းကျိုးဆိုးပြစ်တို့ကို အတ္တကပင် ခံစားရလိမ့်မည်။
သာမိ - ခန္ဓာအိမ်ဆိုင်ရာဝယ် ပိုင်သအုပ်စိုးနိုင်သော အတ္တသည် ခန္ဓာအိမ်၏ အရှင်သခင်ဖြစ်သည်။
နိဝါသီ - ခန္ဓာအိမ်ဟောင်း ပျက်စီးသောအခါ ခန္ဓာအိမ်သစ်ကို စီမံဖန်တီးလျက် ခန္ဓာအိမ်သစ်သို့ ရွေ့ပြောင်း နေထိုင်သည်၊ ခန္ဓာအိမ်သာ ပျက်စီးသည်၊ အတ္တကောင်ကား ဘယ်အခါမျှ မပျက်မစီးဘဲ အမြဲတည်သည်။
သယံဝသီ - ခန္ဓာကိုယ်နှင့် ဆိုင်ရာဝယ် မိမိအလိုသို့ လိုက်ပါစေနိုင်သည်။
ဤကာရက၊ ဝေဒက၊ သာမိ၊ နိဝါသီ၊ သယံဝသီဟူသော အခြင်းအရာ ငါးမျိုးဖြင့် အတ္တရှိကြောင်း စွဲလမ်းထင်ရှားနေမှုသည် အတ္တဝါဒကို ဖြစ်စေသည် (ဝါ) ဇီဝအတ္တစွဲ ဖြစ်ပေသည်။ ခန္ဓာကိုယ်ထဲမှာ အတ္တသက်သက်ရှိသည်ဟူသော မိစ္ဆာအမြင်ပေတည်း။
အချို့ကမူ ခန္ဓာ ၅-ပါးထဲက ခန္ဓာတစ်ပါးပါးကို အတ္တဟု စွဲကြ၏၊ ခန္ဓာငါးပါးတို့တွင် အချို့က ရူပက္ခန္ဓာကို အတ္တဟု စွဲလမ်းကြသည်။ အချို့က ဝိညာဏက္ခန္ဓာ (စိတ်)ကို အတ္တဟုစွဲလမ်းကြသည်။ အချို့က ဝေဒနာက္ခန္ဓာကို အချို့က သညာက္ခန္ဓာကို အချို့က သင်္ခါရက္ခန္ဓာကို အတ္တဟု စွဲလမ်းကြသည်။
မှတ်ချက်။ ။ သေသောသူ၏ ဥသ္မာဓာတ်ပျက် ဂန္ဓဗ္ဗဓာတ်သည် နှလုံးအိမ်မှ နောက်ဆုံးပျက်ပြီး နှာခေါင်းက ထွက်လာတဲ့လေထဲမှာ ပါလာပြီးလျှင် ဗဟိဒ္ဓလေထုထဲမှာ ပျံ့နှံ့သွားလျက် ထိုလေကို ရှုမိသော မိဘလောင်းတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ကာ သွေးထဲမှာ ရောစပ်သွားပြီးနောက် ထိုဂန္ဓဗ္ဗဓာတ်မှ လူပြန်ဖြစ်လာသည်ဟူသော ဦးဥက္ကဌ သခင်မြတ်ဆိုင်နှင့် သူ၏နောက်လိုက် နောက်ပါတို့၏ အယူသည် ရုပ်ကို အတ္တစွဲလမ်းသော အတ္တဝါဒသာ ဖြစ်ပေသည်၊ မိစ္ဆာဝါဒစစ်စစ်သာ ဖြစ်တော့သည်။ ဗုဒ္ဓဝါဒ လုံးဝမဟုတ်ပေ။
၅၃။ ရှေးဘဝက ရုပ်ဖြစ်စေ၊ နာမ်ဖြစ်စေ တစ်ခုခုသည် သို့မဟုတ် ရုပ်နာမ်နှစ်မျိုးလုံးသည် ဘဝသစ်၌ ပါလာသည်ဟုယူလျှင် သဿတဒိဋ္ဌိဖြစ်သည်။ ရှေးဘဝက ရုပ်နာမ်ဟူသမျှနှင့် လုံးဝအဆက်အသွယ်မရှိ နောက်ဘဝ၌ နောက်ရုပ် နောက်နာမ် အသစ်ဖြစ်သည်ဟု ယူလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်။
မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကား မည်သည့်အတ္တ မည်သည့်ရုပ်နာမ်မျှ တိုက်ရိုက် ကူးပြောင်းလာခြင်း မရှိဘဲ အကြောင်းကြောင့် အကျိုးဖြစ်ပုံမျှကိုသာ ပြသောကြောင့် ဆိုခဲ့ပါ အတ္တဝါဒနှင့် လားလားမျှ မသက်ဆိုင်၊ ထိုသဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်၍ အနတ္တအဖြစ်ကို ထင်ရှားစွာ ဖော်ပြသော ဒေသနာတော်သာ ဖြစ်သည်။
ရုပ်နာမ်တရားတို့သည် ဤပစ္စက္ခဘဝ ပကတိကာလ၌ပင် တစ်နေရာမှ တစ်နေရာသို့လည်းကောင်း၊ တစ်ခဏမှ တစ်ခဏသို့လည်းကောင်း မပြောင်းမရွေ့ နိုင်ကြကုန်၊ ဥပါဒ် ဌီ ဘင်=ဖြစ် တည် ပျက်စနစ်ဖြင့်သာ ဖြစ်ရှိနေကြပေသည်။ ထို့ကြောင့် ဘဝဟောင်းမှ စုတေ၍ ဘဝသစ်ဝယ် ဖြစ်ရာအခါ၌ “ဘဝဟောင်းမှ ရုပ်နာမ်များ ပြောင်းရွေ့ပါလေသလား”ဟု အဘယ်မှာလျှင် ယုံမှားဖွယ် ရှိချိမ့်မည်နည်း။
ဘဝအသစ် ပဋိသန္ဓေ ရုပ်နာမ်ခန္ဓာသည် ဘဝဟောင်းမှ ရုပ်နာမ်ခန္ဓာများ ပြောင်းရွေ့လာခြင်း မဟုတ်၊ သို့သော် အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့က ဝိုင်းဝန်းစီမံလိုကြသဖြင့်သာ ဘဝသစ် ပဋိသန္ဓေ ရုပ်နာမ် ခန္ဓာ ဖြစ်ပေါ်လာရခြင်းကြောင့် ဘဝဟောင်းမှ အကြောင်းများနှင့်လည်း မကင်းချေ။ ဤသို့သာ ကြောင်းကျိုးကွင်းဆက် ရှုမြင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ် သဘောဖြစ်ပေသည်။
၅၄။ ထင်ရှားအောင် ပြဦးအံ့၊ အတိတ်ဘဝ၌ သေခါနီး သတ္တဝါ၏ သန္တာန်ဝယ် နောက်ဘဝ၌ ပဋိသန္ဓေကျိုးကို ပေးမည့်ကံ အာရုံဖြစ်စေ၊ ထိုကံကိုပြုစဉ် တွေ့ကြုံခဲ့ရသော အခြေအနေ (ကမ္မနိမိတ်) အာရုံဖြစ်စေ ဖြစ်ရမည့်ဘဝ၌ အခြေအနေ (ဂတိနိမိတ်) အာရုံဖြစ်စေ၊ တစ်မျိုးမျိုး ထင်လာမြဲ ဖြစ်သည်။ ထိုသေခါနီး သတ္တဝါသည် အဝိဇ္ဇာနုသယ မကင်းသေးသောကြောင့် ထိုအာရုံ၌ အပြစ်ကို မမြင်နိုင် တဏှာနုသယ မကင်းသေးသောကြောင့် ထိုအာရုံကို စွဲလမ်းညွတ်ကိုင်းနေလေသည်။ ညနေချမ်းအခါ၌ တောင်ရိပ်ကြီးများသည် မြေပြင်ပေါ်၌ အရိပ်ထိုး၍ ဖုံးလွှမ်းလာသကဲ့သို့ ထိုကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံတစ်ခုခုသည် စိတ်အစဉ်၌ လွှမ်းမိုး၍ ထင်နေလေသည်။ ထိုထင်ပေါ်နေသော အာရုံကို မရဏာသန္နဇော ဝိညာဏ်က ဆုပ်ကိုင်ထားသကဲ့သို့ အာရုံပြုလေသည်။ ထိုအခါဘဝ၏ နောက်ဆုံးဖြစ်သော မရဏာသန္နဇောဝိညာဏ် အာရုံပြုခဲ့သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်၊ အာရုံတစ်ခုခုကိုပင် အာရုံပြုလျက် ဘဝသစ်ဝယ် ပဋိသန္ဓေစိတ် ဖြစ်ပေါ်လေသည်။ ပဋိသန္ဓေနှင့်အတူ စိတ် စေတသိတ် နာမ်တရားနှင့်တကွ ကမ္မဇရုပ်များလည်း ဖြစ်လေသည်။ အရူပဘုံ၌မူကား ရုပ်တရားမပါဘဲ နာမ်တရားသက်သက်သာ ဖြစ်လေသည်။
ယင်းသို့ ဘဝအသစ်ဖြစ်ရာ၌ ဘဝဟောင်းက အဝိဇ္ဇာ တဏှာနုသယနှင့် ကံ သင်္ခါရဟူသော အကြောင်းကြောင့် ဘဝသစ်၌ ရုပ်နာမ်မျှသာ ဖြစ်လာရသည်။ သတ္တဝါကောင်၊ အသက်ကောင်၊ အတ္တကောင်ဖြစ်လာသည် မဟုတ်၊ ထိုရုပ်နာမ်တရားသည်လည်း ဘဝဟောင်းမှ ပြောင်းရွေ့လာသည် မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ၊ တဏှာနုသယ ကံ သင်္ခါရဟူသော အကြောင်းနှင့်ကင်း၍လည်း ဖြစ်လာသည် မဟုတ်၊ ဥပမာ တောင်၏အနီး၌ ဟစ်အောင်လိုက်သော အသံသည် တောင်နံရံကို ရိုက်၍ ပဲ့တင်သံခေါ်သော အသံတစ်မျိုး ပေါ်ထွက်လာ၏၊ ထိုပဲ့တင်သံသည် မူလအော်သံ မဟုတ်၊ မူလအော်သံနှင့် ကင်းလျက် အလွတ်သက်သက်လည်း မဖြစ်နိုင်သကဲ့သို့လည်းကောင်၊ ဆီမီးတစ်ခုမှ မီးကူးရာ၌ ဒုတိယမီးသည် ပထမမီးလည်း မဟုတ်၊ ပထမမီးနှင့်ကင်း၍ အလွတ်သက်သက်လည်း မဖြစ်နိုင်သကဲ့သို့လည်းကောင်း၊ တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်လည်းမဟုတ်၊ မူလတံဆိပ်နှင့်လည်း ကင်း၍လည်း မဖြစ်သကဲ့သို့လည်းကောင်း၊ မှန်ကြည့်ရာ၌ မှန်ထဲက အရိပ်သည် ပကတိလူလည်းမဟုတ်၊ ပကတိလူနှင့်ကင်း၍ အလွတ်သက်သက်လည်း မဖြစ်သကဲ့သို့လည်းကောင်း၊ ပဋိသန္ဓေ ရုပ်နာမ်ခန္ဓာသည် ဘဝဟောင်းက ရုပ်နာမ်လည်း မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ တဏှာ ကံ သင်္ခါရအကြောင်းတို့နှင့်လည်း မကင်းနိုင်ချေ။
၅၅။ ရှေးရှေးဘဝက အဝိဇ္ဇာ တဏှာ ကံ သင်္ခါရအကြောင်းကြောင့် ဘဝသစ်၌ ရုပ်နာမ် ဖြစ်၏ဟု ယူခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်၏၊ ရှေးရှေးဘဝမှ ရုပ်နာမ်များ ပြောင်းရွေ့လာသည် မဟုတ်ဟု ယူခြင်းကြောင့် သဿတဒိဋ္ဌိမှလည်း လွတ်၏၊ ရှေးရှေးဘဝက အကြောင်းနှင့် မကင်းဟုယူခြင်းကြောင့် (ထာဝရဘုရား စသူက ဖန်ဆင်းမှုကြောင့် သတ္တဝါအသစ် ဖြစ်လာ၏)ဟူသော နဝသတ္တပါတုဘာဝဒိဋ္ဌိမှလည်း လွတ်၏၊ ဤကား အတိတ်ဘဝအကြောင်းကြောင့် ပစ္စုပ္ပန်ဘဝ၌ အကျိုးဖြစ်ပုံ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တည်း။
အကယ်၍ အဝိဇ္ဇာ တဏှာကင်းပြီးပါလျှင် သေသောအခါ နောက်ဘဝမဖြစ်နိုင်တော့ပေ၊ ဤဘဝကူးပုံအတိုင်း ပဋိစ္စသမုပ္ပါဒ် ဒေသနာခန်းသည် လွန်စွာ နက်နဲလှ၏၊ စာပေကျမ်းဂန် သင်အံလေ့ကျင်ဖူးသူများသော်လည်း နားလည်ရန်ခက်၏၊ ထို့ကြောင့် ဘုရားသာသနာတော်အပေါ် ကြည်ညိုသော စိတ်ဖြင့် ကြိုးစားဖတ်ရှု လေ့လာရန်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၅၄-၁၅၅၊ (ဝိသုဒ္ဓိ၊၂၊၁၈၆-၁၈၇)
လူသေလူဖြစ် ပြဿနာ ၁၄၆ -၌ “အေး အဲဒါပေါ့ကွ၊ ဒို့လူတွေက အဲဒီ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုတဲ့ အဲဒီသင်္ဂြိုလ် ဘုံပိုင်းကဟာနဲ့ အလှည့်အပတ် အလိမ်ခံနေရတာ ကြာပကောကွာ”ဟူသော ရေးသားချက်ကို တွေ့ရ၏၊ ဦးဥက္ကဌဆိုလိုတာက ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ်ဆိုတာတွေဟာ သင်္ဂြိုလ်ကျမ်းကလာတဲ့ စကား အရှင်အနုရုဒ္ဓါ၏လှည့်ကွက် ဤသို့ ဆိုလိုပေသည်။ ဤစကားအရ ဦးဥက္ကဌသည် သင်္ဂြိုလ်ကျမ်းကို ဘယ်လိုပြုထားသည်ဟု ကိုရင်ကလေးများလောက်ပင် မသိရာရောက်နေသည်။ သင်္ဂြိုလ်ကျမ်းသည် အဘိဓမ္မာ ခုနှစ်ကျမ်း ဘုရားဟောပါဠိတော်များ၏ အကျဉ်းချုပ်မျှသာ ဖြစ်သည်ဆိုသော အချက်ကို သဘောမပေါက်ကြောင်း ပေါ်လွင်သည်။ သင်္ဂြိုလ်ကျမ်း၏ အခြေခံဖြစ်သော ဘုရားဟောပါဠိတော်များကို မကြည့်တတ်ရာ ရောက်သည်။ ကြည့်ဖူးသော်လည်း ထိုဘုရားဟော ပါဠိတော်များကို အလကားဟာတွေဟု ပစ်ပယ်ထားကြောင်း ထင်ရှားနေပေသည်။
သင်္ဂြိုလ်ကျမ်းဆရာသည် ထိုထိုကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ်စသည့်တို့ကို ဥပရိပဏ္ဏာသပါဠိတော်(၂၀၃)၌ လာသော ဘုရားဟော ပါဠိတော်မှ ယူ၍ ပြဆိုခြင်း ဖြစ်ပေသည်။
“ရဟန်းတို့ နောက်တစ်မျိုးကား သေရာ အင်းပျဉ်၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာညောင်စောင်း၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာမြေအရပ်၌ မထဘဲ လျောင်းအိပ်သည်လည်း ဖြစ်သော ထိုလူမိုက်၏ ရှေးကပြုခဲ့သော ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်ဟူကုန်သော ယုတ်မာသော အပြုအမူတို့သည် သေခါနီးအခါ၌ ထင်ကုန်၏၊ ပေါ်ကုန်၏၊ လွှမ်းကုန်လာကုန်၏၊ ရဟန်းတို့ ဥပမာအားဖြင့် ကြီးစွာသော တောင်ထွတ်တို့၏ အရိပ်တို့သည် ညနေချမ်းအခါ မြေပြင်၌ ထင်ကုန် ပေါ်ကုန် လွှမ်းမိုးလာကုန်သကဲ့သို့ ရဟန်းတို့ ဤအတူ သေရာအင်းပျဉ်၌။ ပ။ လွှမ်းမိုးလာကုန်၏၊” (မ၊၃၊၂၀၈။)
အထက်တွင် ဆိုခဲ့ပြီးသော ဘုရားဟောပါဠိ အဋ္ဌကထာတို့အရ “အတိတ် ဘဝအကြောင်းကြောင်းကြောင့် ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်သည်”ဟူသော အယူသည် မြတ်စွာဘုရား၏ အလိုတော်ကျ အနတ္တလမ်းစဉ် အမှန်ဖြစ်သည်။ ဝိမုတ္တိရသအရကောက် ကျမ်းလာ ပဋိစ္စသမုပ္ပါဒ်ကို ပုတ်ခတ်ရေးသားချက်သည် မြတ်စွာဘုရား၏ ဒေသနာတော်ကို ဖျက်ဆီးသော စကားဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
ဝိနည်းဓိုရ်ဆရာတော်များသည် ကံ-ကံ၏အကျိုးရှိပုံနှင့် အရဟတ္တမဂ်ဉာဏ်ဖြင့် ကံပယ်စွန့်ပုံစသော မှန်ကန်သော နည်းလမ်းများကို ဘုရားဟော ဒေသနာတော်အရ ရှင်းလင်းသုံးသပ်၍ ပြတော်မူခဲ့ကြပြီ၊ ဤသို့ ပြခဲ့ပြီးသော ကံကို ပယ်ရန် (ဝါ) ကမ္မဝဋ် ကိလေသဝဋ်ကင်းရန် နည်းလမ်းမှန်ကို ဦးဥက္ကဌနှင့်တကွ သူ၏နောက်လိုက်ဟူသမျှတို့သည် ကျနစွာ မသိကြ၍သော်လည်းကောင်း၊ အချို့သိကြစေကာမူ သာသနာကို အမြစ်ပါမကျန် ပယ်လှန်ဖျက်ဆီးလို၍လည်းကောင်း၊ ကံ၏အကျိုးများကို စိတ်ကူးသက်သက်ဟူ၍လည်းကောင်၊ ယခုဘဝချမ်းသာမှုသည် ရှေးကံကြောင့် မဟုတ် လိမ်လည်သွေးစုတ် အမြတ်ထုတ်ဖို့ သို့မဟုတ် ကောင်းအောင် မှန်အောင်လုပ်ဖို့ဟူ၍လည်းကောင်း၊ ကမ္မဿကတာလမ်းစဉ်သည် ဗြာဟ္မဏဝါဒဟူ၍လည်းကောင်း၊ အတိတ်ဘဝ အကြောင်းကြောင့် ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်သူဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကိုပင် အတ္တလမ်းစဉ်ဟူ၍ လည်းကောင်း၊ တွင်တွင်ကြီး ပုတ်ခတ်ကြ၍ ကုသိုလ်ဟူသမျှတို့၏ မူလအုတ်မြစ် အခြေခံဖြစ်သော ကမ္မဿကတာသမ္မာဒိဋ္ဌိကို ဖျက်ဆီးလျက် သာသနာတော်ကြီး ကွယ်ပအောင် ကြံဆောင်ကြိုးကုတ် အားထုတ်နေကြသည့် “အကိရိယတိတ္ထိယဝါဒီ” များသာ ဖြစ်ကြ၏၊
အထူးအားဖြင့် ယုတ်မာဆိုးဝါးသော အချက်မှာ မိမိတို့ပြောချင်သည့် အချက်ကို “ဗုဒ္ဓရှင်တော်၏ အလိုကား” “ဗုဒ္ဓနှင့်မဆိုင်” “ဗုဒ္ဓ၏ ဝါဒမဟုတ်” စသည်ဖြင့် ဗုဒ္ဓကို မတရား အသုံးချ၍ ရေးသားပြောဟောကြခြင်း ဖြစ်ပေသည်။ ဤသို့ “ဗုဒ္ဓသံ” လှိုင်လှိုင်ပေးပြီး စည်းရုံးကြသဖြင့် ရိုးရိုးမကဘဲ အဆန်းထွင်၍ က,ချင်ကြသော ဗုဒ္ဓဘာသာဝင်တို့သည် နဝေတိမ်တောင် ယောင်ယောင်မှားမှားဖြစ်ပြီး သူတို့လှည့်စားမှုအောက်မှာ ကျဆုံးရှာကြပြီ၊ အိမ်ဦးက ဘုရားစင်ကို ဖြုတ်ချသူ ဖြုတ်ချကြလေပြီ၊ ဆုံးရှုံးကြလေစွတကား။
အမှန်စင်စစ် ကံမရှိ၊ ကံ၏ အကျိုးအပြစ်မရှိစသော နတ္ထိကဝါဒကို ရှေးခေတ်ကမ္ဘာ့လူသားတို့ ယောင်ယောင်မှားမှား ကျင့်သုံးခဲ့ကြလေပြီ၊ ဗုဒ္ဓဘုရားမပွင့်ခင် ခေတ်အခါက အဆိုပါ နတ္ထိကဝါဒစသည်ဖြင့် လူပေါ်လူဇော်လုပ်ပြီး ထားခဲ့ကြ၏၊ တပည့်မွေးခဲ့ကြ၏၊
သို့ရာတွင် ဂေါတမဗုဒ္ဓပွင့်ပေါ်တော်မူလာသောအခါ ရှေးဟောင်းကမ္မဝါဒထဲမှ အတ္တကို ပယ်နုတ်ပြီး အတ္ထိကဝါဒကို အားပေးခဲ့သည်။ အတ္ထိကဝါဒကို ဘဝသံသရာမှ လွတ်မြောက်မှုအဆင့်အတွက် အခြေခံအဖြစ် သတ်မှတ်တော်မူခဲ့၏၊ နတ္ထိကဝါဒကို လုံးဝမှားယွင်းကြောင်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။
သို့ဖြစ်လေသောကြောင့် ဂေါတမဗုဒ္ဓဘုရား ပွင့်ပေါ်တော်မူချိန်မှစ၍ ကမ္ဘာ့လူသား ခပ်များများသည် နတ္ထိကဝါဒ မှားမှန်းသိ၍ စွန့်ပစ်ခဲ့ကြ၏၊ အတ္ထိကဝါဒမှန်ကို လက်ခံကျင့်သုံး လာကြ၏၊ ထို့ကြောင့်ပင် တရားမှန်ကို ကျင့်ကြံအားထုတ် ကြပြီး တရားထူးရခဲ့ကြလေပြီ။
ဤသို့ ဗုဒ္ဓသာသနာ့ရောင်ခြင် ပေါ်လာသည့်အတွက် ရှေးလူတို့ စွန့်ပစ်ခဲ့သည် နတ္ထိကဝါဒ အဆွေးအဟောင်းကြီးကို တောင်တွင်းကြီးမှ ဦးဥက္ကဌက ပြန်လည် အသက်သွင်းပြီး ပွဲထုတ်ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့် နတ္ထိကဝါဒကို ဦးဥက္ကဌ ပြန်ကောက်သနည်းဆိုသော နတ္ထိကဝါဒ (ကံမရှိ၊ ကံ၏ အကျိုးမရှိဝါဒ)သည် ဦးဥက္ကဌကိုင်စွဲထားသော ရုပ်ဝါဒ (စ သ ဃ ဇ က ပဉ္စပသာဝါဒ)နှင့် ကိုက်ညီနေသောကြောင့် ဖြစ်ပေသည်။ မှန်၏- နတ္ထိကဝါဒသည် တစ်ဘဝစာမျှသာ ဖြစ်၏၊ ဦးဥက္ကဌ၏ ရုပ်ဝါဒသည်လည်း တစ်ဘဝစာမျှသာ ဖြစ်၏၊ ဤသို့ ဝါဒချင်း နှီးနှောမိ၍ ဦးဥက္ကဌ၏ ခေတ်ဟောင်းဝါဒကို ပြန်လည်ဆန်းသစ်ခြင်း ဖြစ်၏၊
ရှေးခေတ် တိတ္ထိကြီးများနှင့် ယခုခေတ် ဦးဥက္ကဌ ထူးသောအချက်မှာ ရှေးခေတ်တိတ္ထိတို့က ထိုနတ္ထိကဝါဒကို မိမိတို့ဝါဒအဖြစ် ပြောင်ပြောင်ရှင်းရှင်းဝန်ခံဟောကြား၏၊ ဦးဥက္ကဌကမူ ဗုဒ္ဓပိဋကတ်ထဲ ဝင်ရှုပ်ပြီး ဗုဒ္ဓတရားတော်များသည်ပင် ကံ-ကံ၏ အကျိုးကို ပယ်သယောင်ဆောင်လှည့်ပြီး ဗုဒ္ဓ၏ မျက်နှာဖုံးကိုစွပ်ကာ သူ့ဝါဒကို ဖြန့်၏၊ ဤသို့ထူးပေသည်။ ထို့ကြောင့် ဘာသာရေးမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံမဟုတ်ဘဲ အဆန်းလိုက်ချင်သူတို့ အနေဖြင့် ဦးဥက္ကဌ၏ စက်ကွင်းမိကာ ငရဲဆေးဖော်၍ မှီဝဲနေကြခြင်း ဖြစ်လေသည်။
ဦးဥက္ကဋ္ဌ၏ လုပ်ရပ်ကို သရုပ်ပေါ်အောင် ဥပမာဆောင်ရသော် ရှေးလူတို့ဝတ်ပြီး စွန့်ပစ်ထားသည့် ပုဆိုးစုတ်ကို ပြန်ကောက်၍ ပြုပြင်ပြီး ဗုဒ္ဓတံဆိပ်ကပ်ကာ ပြန်လည်ဝတ်ဆင်ခြင်း ဝတ်ဆင်စေခြင်းသာ ဖြစ်လေသည်။
ဤသို့ သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းအရပ်ရပ်ကြောင့် ဦးဥက္ကဌနှင့်တကွ သူ၏နောက်လိုက် ဟူသမျှတို့၏ ကံ-ကံ၏အကျိုးကို ပယ်သောဝါဒသည် ဗုဒ္ဓမြတ်စွာဒေသနာနှင့် ဖီလာကန့်လန့်ဖြစ်၍ အဓမ္မဝါဒသာ ဖြစ်သည်။ ဘုရားရှင်လက်ထက်ကလည်း ပူရာဏကဿပ၊ မက္ခလိဂေါသာလ စသော တိတ္ထိဆရာကြီးများ၏ ဝါဒကို ပြန်လည်အသက်သွင်းထားသော မိစ္ဆာဝါဒများမျိုးသာ ဖြစ်သည်ဟု အမှတ်(၂) နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ဝင် ဆရာတော်တို့ တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။