လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ပရိတ်ရွတ်ခြင်းကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ
ပရိတ်ရွတ်ခြင်းကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ
ပရိတ်ရွတ်မှုကို ရှုတ်ချပြောဆိုခြင်းနှင့် ပတ်သက်၍ စောဒနာ သောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ် ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်
၁။ စောဒနာအမှတ်(၁၁)တွင် စောဒကဆရာတော်များက ပရိတ်ဟု ခေါ်ဆိုသော ဘုရားဟော ပါဠိတော်များကို ဦးဥက္ကဋ္ဌဝါဒီတို့က မရွတ်ကောင်းဟု ဆိုပြီးလျှင် ပရိတ်ရွတ်မှုကို ဆန့်ကျင်၍ ဗုဒ္ဓဘာသာဆရာစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော လမ်းစဉ်ကို ဖျက်ဆီးနေပါကြောင်းနှင့် ဦးဥက္ကဋ္ဌဟောပြောသော တိတ်ခွေများမှ ကောက်နှုတ်ချက်များ, လူသေလူဖြစ် စသော စာအုပ်များမှ ထုတ်နှုတ်ချက်များကို ဖော်ပြ၍ စွဲဆိုလာသည်။ စုဒိတကတို့ဘက်မှလည်း ပရိတ်ရွတ်ဆိုခြင်းဖြင့် အကျိုးမရှိကြောင်း အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတော် ဣဋ္ဌသုတ်စသော သုတ်များကို ထုတ်၍ ကာကွယ်ချေပသည်တို့ကို တွေ့ရပေသည်။
၂။ ယင်းအချက်တို့နှင့် ပတ်သက်၍ ဝိနည်းဓိုရ်ဆရာတော်များသည် စောဒနာ သောဓနာ နှစ်ဖြာသော စကားရပ်တို့ကို အထပ်ထပ် နှိုင်းယှဉ်လေ့လာ၍ ဖြစ်သင့်ရာရာ စိတ်ဖြာ ဝေဖန်တော်မူကြသည်။
ဦးဥက္ကဋ္ဌဟော တိတ်ခွေ ၁၂-ဘီမျက်နှာပါ “ပရိတ်ကြီး ၁၂-သုတ်သည် အရည်းကြီးလက်ကျန်” ဟူသော စကားနှင့်ပတ်သက်၍ ဗုဒ္ဓသာသနာတော်ရှိ ပရိတ်တော်များနှင့် ပုဂံအရည်းကြီးတို့၏ ပရိတ်များ တူမတူကို မဟာရာဇဝင်ကြီး ပထမအုပ် ၁၇၂-နှင့် သာသနာလင်္ကာရစာတမ်း ၈၁-လာ-
ပုဂံပြည်၌ သမုဒ္ဒရာဇ်မင်းကစပြီး အနော်ရထာမင်းစောတိုင်အောင်သော မင်းအဆက်ဆက်တို့သည် သမထီးအရပ်၌ နေစမှတ်ပြုသော အရည်းကြီး သုံးကျိပ်နှင့် တပည့် အရည်းခြောက်သောင်းတို့ အဆုံးအမကို ခံ၍ ယူမှားကြကုန်၏၊ ထိုအရည်းတို့ အယူကား -
(၁) သူ့အသက်ကို သတ်မိသောသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏၊
(၂) မိဘကို သတ်မိသောသူသည် ဤပရိတ်တော်ကို ရွတ်သော် ပဉ္စာနန္တရိကကံမှ လွတ်၏-ဟု ပါရှိသည်ကို ဆင်ခြင် စဉ်းစားကြပြီးလျှင် ဗုဒ္ဓဘာသာ ရဟန်း ရှင် လူတို့ ယနေ့ ရွတ်ဆိုနေကြသော ပရိတ်တော်များတွင် ဤသို့ ပရိတ်ရွတ်ရုံမျှဖြင့် ပါဏာတိပါတ စသော အကုသိုလ်ကမ္မပထမှ လွတ်မြောက်နိုင်ခြင်း, မိဘကိုသတ်ခြင်းစသော ပဉ္စနန္တရိကကံဟူသော အကုသိုလ် ဂရုကံကြီးများမှ လွန်မြောက်နိုင်ခြင်း လုံးဝမရှိ၊ ပရိတ်ကြောင့် ဤအကုသိုလ်ကံကြီးမျိုးကို မဆိုထားဘိ၊ ကာယကံမှု ဝစီကံမှု ပျောက်ရှင်းကင်းကွာ သွားနိုင်သည်ဟု မဆို အများအားဖြင့် ဘုရားဟော ပါဠိတော်များဖြစ်သော ပရိတ်တရားကို ရွတ်ဆိုပွားများ၍ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ကြည်ညိုမှု စေတနာ သဒ္ဓါနှင့် မေတ္တာ သစ္စာစသော ကုသိုလ်တရားတို့၏ အစွမ်းအားကြောင့် ဖြစ်ပွား ငြိတွယ်လာသည့် အန္တရာယ်တို့ကို ပျောက်ကွယ်ကင်းရှင်းနိုင်သည်ဟုသာ ဆိုပေသည်။
ပရိတ်ရွတ်သူ၏ စိတ်ထား
ဤ၌ စေတနာ မေတ္တာ သစ္စာစသော ပရိတ်ရွတ်ဆိုရာ၌ ဖြစ်ပေါ်လာသည့် နာမ်တရားတို့၏ အစွမ်းသတ္တိကို ထင်ရှားအောင် ထုတ်ပြဦးမည်။ နာမ်တရား တို့သည် အသုံးပြုတတ်က အလွန်အစွမ်းသတ္တိ ရှိကြသည်။ လောကသားတို့၏ အားထားရာဖြစ်သော မြတ်စွာဘုရားသည် ကိုယ်တော်တိုင်လည်း နာမ်တရား၏ စွမ်းအားကို အသုံးပြုတော်မူသည်။ မဟာပရိနိဗ္ဗာနသုတ်တော်ကို ကြည့်ရှုလျှင် အားတော်ကုန်ခမ်း၍ မလှမ်း မကြွနိုင်လောက်အောင် ဖြစ်နေသော ကိုယ်တော်ကို ဖလသမာပတ်ဟူသော သမာဓိနာမ်တရားဖြင့် ဖာထေးဖွဲ့စပ်ပေးသဖြင့် ဆယ်လတိုင်တိုင် ကြံ့ခိုင်စွာ တည်နေတော်မူနိုင်၍ ခရီးဒေသစာရီ ကြွချီတော်မူလျက် တရားဒေသနာများစွာ ဟောကြားတော် မူနိုင်ခဲ့ပေသည်။
“အာနန္ဒာ လှည်းအိုကြီးသည် ဖာထေးဖွဲ့စပ်မှု အပြုအပြင်များ ဖက်တွဲပေးသဖြင့် တည်နေရသလို ငါဘုရားကိုယ်တော်မှာလည်း ဖာထေးဖွဲ့စပ်မှု အပြုအပြင်များ ဖက်တွဲပေးမှုဖြင့် မျှတနေရပေသည်။ အကြင်အခါ ငါဘုရားသည် ရုပ်နိမိတ်စသော နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် အချို့ဝေဒနာများ ချုပ်ငြိမ်းခြင်းကြောင့် အနိမိတ္တ စေတောသမာဓိ (ဖလသမာပတ်)နှင့် ပြည့်စုံစေ၍ နေ၏၊ ထိုအခါ ငါဘုရား၏ ကိုယ်တော်မှာ အလွန့်အလွန် ချမ်းသာလှ၏၊ ထို့ကြောင့် သင်တို့လည်း မိမိကိုယ်သာ မှီခိုရာ ပြုနေကြ၊ သတိပဌာန် လေးပါး ပွားများကြ” (မဟာပရိနိဗ္ဗာနသုတ်)။
ထို့ပြင်လည်း ဆန္ဒ စိတ္တ ဝီရိယ ပညာဟူသော နာမ်တရားတို့ကို ပွားများနေလျှင် ဘုရားကိုယ်တော်မြတ်သည် အာယုကပ်ကုန်ဆုံးအောင်ပင် တည်နေတော်မူနိုင်ကြောင်း ဟောတော်မူ၏၊ ယင်းဆန္ဒ စိတ္တ ဝီရိယ ပညာဟူသော နာမ်တရားတို့ကို ဣဒ္ဓိပါဒ်ဟု ဆိုရသည်။ ဣဒ္ဓိပါဒ်ဟု ဆိုသဖြင့် တန်ခိုးပြာဋိကာဟု မမှတ်ရာ၊ နာမ်တရားတို့၏ အစွမ်းသတ္တိကြီးမားပုံကို မြတ်စွာဘုရားသည် အခါများစွာ ဟောကြားတော်မူလေ့ရှိသည်။ ဤပရိတ်ရွတ်ခြင်း ဟူသည်မှာလည်း ဖော်ပြပါ စေတနာ သဒ္ဒါ မေတ္တာ သစ္စာ နာမ်တရားများဖြစ်၍ ယင်းနာမ်တရားတို့သည် ဘာဝနာသို့ မရောက်သေးသည့်တိုင်အောင် ကြိမ်ဖန်များစွာ ပွားများ၍နေလျှင် ထူးခြားသော စွမ်းရည် သတ္တိရှိကြောင်း ထင်ရှားလှသည်။
၃။ ထို့ကြောင့် စောဒက ရဟန်းတော်များ၏ ဝိသေသစောဒနာတွင် -
ဒီဃနိကာယ် ပါထိကဝဂ် အဋာနာဋိယသုတ်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား သင်ယူဆောင်ရန် တိုက်တွန်း ညွှန်ကြားထားသည်ကို -
ဥဂ္ဂဏှာထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ။ ပ။ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံ သာယ ဖာသု ဝိဟာရာယာတိ။
ရဟန်းတို့ အာဋာနာဋိယမည်သော အရံအတားကို သင်ယူကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော အရံအတားကို အဖန်ဖန် လေ့လာကြကုန်လော့။ ပ။ အာဋာနာဋိယမည်သော အရံအတားသည် ရဟန်း ယောကျ်ား၊ ရဟန်းမိန်းမ၊ ဥပါသကာ ယောကျ်ား၊ ဥပါသိကာ မိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှာ ချမ်းသာစွာ နေရာခြင်းငှာ ဖြစ်၏၊
ဝိနည်းပိဋကတ် ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း တိရစ္ဆာနကထာသိက္ခာပုဒ်နှစ်ခု၏ အနာပတ္တိဝါရတို့၌ လိုရင်းမျှ ကောက်နုတ်၍-
အနာပတ္တိဂုတ္တတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ၊
အနာပတ္တိဂုတ္တတ္ထာယ ပရိတ္တံ ဝါစေတိ (ဝိ၊၂၊၄၀၂-၃)
ဟု ဘေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်းမအား အာပတ်မှ ကင်းလွတ်ခွင့်ပေးသော ပညတ်ချက်ကို တွေ့ရပါသည်။ ဤသိက္ခာပုဒ်၌ ခွင့်ပြုအပ်သော ပရိတ်ဟူသည်-
ပရိတ္တန္တိ ယက္ခပရိတ္တနာဂမဏ္ဍလာဒိဘေဒံ သဗ္ဗမ္ပိ ဝဋ္ဋတိ (ဝိ၊ဋ္ဌ၊၃၊၂၁၅)
ဟူသော အဋ္ဌကထာနှင့်အညီ တစ္ဆေသရဲနိုင်မန္တန်၊ မြွေနိုင်မန္တန် စသည်တို့ကို ဖြစ်ပါသည်။ ဘုရားဟောမဟုတ်သော ဤမန္တန်မျိုးကိုပင် သင်ယူပို့ချခွင့်ပြုတော်မူသည်ဆိုလျှင် ဘုရားဟောဖြစ်သည့် ပရိတ်တို့ကိုမူကား အထူးဆိုဖွယ်မရှိ၊ ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည်။ ထို့ပြင် ရဟန်းမိန်းမတို့အား ခွင့်ပြုသည်ဆိုထားသဖြင့် ရဟန်းယောက်ျားတို့နှင့်တကွ လူဒကာ ဒကာမတို့အားလည်း ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည်” ဟု တင်ပြထားကြသည်မှာ အလွန်ပင်သင့်လျော်၍ ပါဠိတော် အဋ္ဌကထာ များစွာသော ဗုဒ္ဓတရားတော်တို့နှင့် အညီအညွတ်ပင် ဖြစ်ပေသည်။
စုဒိတကချေပချက်
၄။ ထိုပရိတ်ရွတ်ခြင်းနှင့် ပတ်သက်၍ သခင်မြတ်ဆိုင်၏ ထုချေရှင်းလင်းချက်သောဓနာတွင် အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ဣဠသုတ်လာ-
“အသက်ရှည်ခြင်း အဆင်းလှခြင်း အခြံအရံများခြင်း ဘဝကောင်းရခြင်းတို့ကို အလိုရှိပါက စိတ်ဖြင့်နှစ်သက်ရုံမျှဖြင့် လည်းကောင်း၊ နှုတ်ဖြင့် တောင့်တရုံမျှဖြင့်လည်းကောင်း ထိုအကျိုးငါးပါးတို့ကို မရနိုင်၊ အကယ်၍ ရနိုင်ကုန်အံ့၊ ဤလောက၌ မည်သူမျှ ယုတ်လျော့သူဟု မရှိနိုင်ရာ။ ဒါယကာ ထိုအလိုရှိရာတို့သည် ကိုယ်တိုင်ကျင့်သုံးသူသာလျှင် ရရာ၏ဟူ၍ ဟောထားကြောင်းပါ တွေ့ရသည်” ဟူ၍ ကိုးကား ထုတ်ပြထားလေသည်။
ယင်း၏ အထိရောက်ဆုံး ထုတ်နုတ်ချက်ဖြစ်သော ဣဋ္ဌသုတ်လာ စကားရပ်သည်လည်း ပရိတ်ရွတ်ဆိုခြင်းနှင့် မည်သို့မျှ မသက်ဆိုင်၊ အသက်ရှည်ခြင်း စသည်ကို အလိုရှိသူသည် အသက်ရှည်မှုကို စိတ်ဖြင့် နှစ်သက်ရုံမျှ နှုတ်ဖြင့် တောင့်တရုံမျှဖြင့် မရနိုင်ကြောင်း အသက်ရှည်ကြောင်းအကျင့်ကိုကျင့်မှသာ ရနိုင်ကြောင်းသာ ဟောတော်မူလိုရင်းဖြစ်သည်။ အသက်ရှည်ကြောင်း အကျင့်ဟူသည်မှာလည်း ကုသိုလ်တရားများ ပြုလုပ်ရန်ပင်ဖြစ်ကြောင်း ယင်းကို ဖွင့်ဆိုရာ၌-
“အာယုသံဝတ္တနိကာ ပဋိပဒါတိ ဒါနသီလာဒိကာ ပုညပဋိပဒါ” (အံ၊ဋ္ဌ၊၃၊၂၃)
ဟု ဖော်ပြထားလေသည်။
ဆိုလိုသည်မှာ အသက်ရှည်ကြောင်း အကျင့်ဆိုသည်ကား ဒါနသီလအစရှိသော ကုသိုလ်ကောင်းမှု အကျင့်တရားများပင်ဖြစ်ရာ အထက်ဖော်ပြပါ စေတနာ သဒ္ဓါ မေတ္တာ သစ္စာတရားများပင် ပါဝင်လာပေသည်။ ထို့ကြောင့် သခင်မြတ်ဆိုင် ကိုးကားဖော်ပြသော ဣဋ္ဌသုတ်လာ စကားရပ်တို့သည် ၎င်းတို့အတွက် သက်သေမဖြစ်ဘဲ ရှိနေသည်ကို တွေ့ရပေသည်။
ထို့ပြင် ပရိတ်ရွတ်ခြင်းကို သီလက္ခန်သာမညဖလသုတ်လာ မန္တန်ရွတ်ခြင်း၊ နတ်ကိုးခြင်း၊ ြုဂိဟ်နတ်ပူဇော်ခြင်း၊ ဗေဒင်အတတ် နိမိတ်ဟောအတတ်၊ ဆေးဝါးအတတ်တို့ကို ပြုစီရင်ခြင်းတို့နှင့်လည်းကောင်း သုတ္တနိပါတ် သမ္မာပရိဗ္ဗာဇနိယသုတ်လာ အိပ်မက်ကျမ်း လက္ခဏာကျမ်းတို့ကို ယုံကြည်ခြင်းတို့နှင့်လည်းကောင်း ထပ်တူပြ၍ ကိုးကားချေဆိုပြန်လေသည်။ ယင်းတို့မှာလည်း ပရိတ်မေတ္တာဘာဝနာပွားများမှုနှင့် မည်သို့မျှ မသက်ဆိုင်ချေ။ ပရိတ်တော်များသည် ဘုရားဟောပါဠိတော်များပင် ဖြစ်သည်။ ပရိတ်တော် ၁၁-သုတ်တို့ကို တစ်သုတ်စီ စိစစ်ကြည့်ရှူလျှင် သစ္စာပြုခြင်း၊ မေတ္တာပွားများခြင်း၊ ဂုဏ်တော်စီးဖြန်းခြင်းများသာ ပါရှိသည်။ ယင်းသစ္စာပြုခြင်း စသည်သည် ဆေးကုခြင်း ဗေဒင်ဟောခြင်း နတ်ကိုးကွယ်ခြင်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သဖြင့် ဤကိုးကားချက်များသည်လည်း ၎င်းတို့အတွက် အကာအကွယ်မဖြစ်တော့ချေ။ နောက်ကိုးကားချက်များမှာလည်း ဤနည်းအတူသာ ဖြစ်ချေသည်။
၅။ နောက်ဆုံး သခင်မြတ်ဆိုင်က “သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ ဆိုသော စကားလုံးမှ စလိုက်ရာ နတ်ကိုးခြင်းကို တားမြစ်ထားသော သာမညဖလသုတ်ပါ အဆိုအမိန့်များကိုလည်းကောင်း” စသည်ဖြင့် အထက်စကားများ အတိုင်းပင် ပရိတ်ရွတ်သူတို့သည် နတ်ကိုးခြင်း ဆုတောင်းခြင်း တိုးလျှိုးတောင်းပန်ခြင်းများကို ပြုနေခြင်းဖြစ်ကြောင်း စွပ်စွဲ တင်ပြလာပြန်၏၊
အမှန်မှာ “သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ” ဟူသော စကားမှာ ၎င်းဆိုလိုသကဲ့သို့ နတ်ကိုးခြင်း နတ်တို့ကို ရှေ့တန်းတင်ခြင်းမဟုတ်၊ နတ်ကောင်း နတ်ဆိုး အမျိုးမျိုးတို့သည် ပရိတ်တော်ကို လာရောက်နာကြားကြပြီး ထိုက်သင့်သော ကောင်းကျိုးများရရှိစေရန် လူများကို ပရိတ်နာ ဖိတ်ကြားသည့်နည်းတူ ဖိတ်ခေါ်ချက်စကားမျှသာဖြစ်သည်။” ဤသို့ ပရိတ် မရွတ်မီ နတ်တို့အား ဖိတ်ခေါ်ရခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ပရိတ်တည်းဟူသော မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားတော်တို့ကို နတ်တို့နာကြားရ၍ ကြည်နူးဝမ်းသာ သဒ္ဓါကြည်ညိုစိတ်ဖြစ်လျှင် ဆင်းရဲလွတ်ကင်း ချမ်းသာခြင်းတို့ လက်ငင်းရောက်ရကြောင်း ထုံးဟောင်းရှိသဖြင့် ရှေးဦးစွာ မရွတ်ဆိုမီ ဖိတ်ကြားခြင်း ဖြစ်ပေသည်။ ဤစကား၏ သာဓကအဖြစ် သံယုတ်ပါဠိတော်လာ ပိယင်္ကရသုတ်ကို ထုတ်ပြလိုပေသည်။
၆။ ပိယင်္ကရသုတ်မှာ သဂါထာဝဂ္ဂသံယုတ်” ပါဠိတော်၌ “ဧတံ သမယံ အာယသ္မာ အနုရုဒ္ဓေါ” စသည်ဖြင့် ပါရှိသည်။
အခါတစ်ပါး၌ အရှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် တညဉ့် မိုးသောက်ယံ အချိန်၌ စောစောထ၍ ဓမ္မအစု (တရားတော်) တို့ကို ရွတ်ဆိုနေသည်။ ထိုအခါ ပိယင်္ကရဟူသော သားငယ်ရှိ၍ ပိယင်္ကရမာတာမည်သော ဘီလူးမသည် သားငယ်နှင့်အတူ ထိုနေရာသို့ရောက်လာ၍ တရားသံကို နာယူစဉ် သားငယ်က အသံပြုသဖြင့် “မာသဒ္ဒံ ကရိ ပိယင်္ကရ=ပိယင်္ကရ အသံမပြုလင့်၊ ရဟန်းသည် ဓမ္မအစု (တရားတော်) တို့ကို ရွတ်ဆိုနေ၏၊ (မာ သဒ္ဒံ ကရိ ပိယင်္ကရ၊ ဘိက္ခု ဓမ္မပဒါနိ ဘာသတီ။ အပိ စ ဓမ္မပဒံ ဝိဇာနိယ၊ ပဋိပဇ္ဇေမ ဟိတာယ နော သိယာ။ ပါဏေသု စ သံယမာမသေ၊ သမ္ပဇာနမုသာ န ဘဏာမသေ။ သိက္ခေမ သုသီလျမတ္တနော၊ အပိ မုစ္စေမ ပိသာစယောနိယာ။ (သံ၊၁၊၂၁၁)
“ ငါတို့သည် တရားအစုတို့ကိုသိ၍ ကျင့်နိုင်ကုန်ငြားအံ့လည်း မသိ။ ငါတို့အား စီးပွားခြင်းငှာ ဖြစ်တန်ရာ၏။ မြေဘုတ်ဘီလူးဘဝမှ လွှတ်တန်ရာ၏” ဟု နှစ်သိမ့်၏။ တရားတော်အဆုံး၌ ပိယင်္ကရမာတာသည် သောတာပတ္တိဖိုလ်သို့ ရောက်၍ ဆင်းရဲမှ လွတ်မြောက်လေသည်။
ဤပိယင်္ကရမာတာအတူ ဥတ္တရမာတာ စသည်တို့သည်လည်း ရဟန္တာအရှင်မြတ်တို့၏ ည နံနက် ရွတ်ဆိုသောတရားတော်သံ မြတ်စွာဘုရား၏ တရားတော်သံတို့ကို သွားယင်းလာယင်း အစားအစာ ရှာဖွေယင်း ကြားလိုက်ရ နာလိုက်ရသဖြင့် မကောင်းသောဘဝတို့မှ လွတ်မြောက်၍ သွားကြကုန်သော သာဓကများ အမြောက်အမြား ရှိကြလေသည်။ ထိုသာဓကများကို အာရုံရှေးရှု နှလုံးပြု၍ ယခုခေတ် ရဟန်းရှင်လူတို့သည် ပရိတ်ရွတ်ခါနီးတိုင်း ထိုပိယင်္ကရမာတာတို့ကဲ့သို့သော ဖုတ်ပြိတ္တာ ဘီလူးများနှင့် နတ်ကောင်းနတ်မြတ်များပါ လာရောက်နာကြား၍ စိတ်ထားရွှင်ပြ အနုမောဒနာပြုရကာ သုခစီးပွား အကျိုးများကြစေခြင်းငှာ ဖိတ်ကြားဂါထာ “သမန္တာ စက္ကဝါဠေသု” ကို ပရိတ်ရွတ်မှု၏ ရှေးဦးစွာ ရွတ်ဆိုကြခြင်း ဖြစ်ပေသည်။ ၎င်းဂါထာ၌ နတ်တို့ကို ကိုးခြင်း ဆုတောင်းခြင်း လုံးဝမပါပေ။
“ဤ စကြာဝဠာ၏ ပတ်ဝန်းကျင်စကြာဝဠာတသောင်းရှိ နတ်ဗြဟ္မာတို့သည် ဤပရိတ်တရား ဟောကြားရာဌာနသို့ လာရောက် ကြကုန်လော့။ မြတ်စွာဘုရား၏ နတ်ပြည် နိဗ္ဗာန်အကျိုးကို ပေးတတ်သော ပရိတ်တရားတော်ကို နာယူလှည့်ကြပါကုန်လော့” ဟူ၍ ဖိတ်ကြားတိုက်တွန်းသော အဓိပ္ပာယ်သာ ပါရှိပေသည်။
၇။ ဤစကားလာ “မြတ်စွာဘုရား၏ နတ်ပြည်နိဗ္ဗာန်အကျိုးကို ပေးတတ်သော ပရိတ်တရားတော်ကို” ဟူသောအပိုဒ် “သဒ္ဓမ္မံ မုနိရာဇတ်သ၊ သုဏန္တု သဂ္ဂမောက္ခဒံ”အရ ပရိတ်တော်များသည် သတံ ဓမ္မော=သူတော်ကောင်းတို့ တရား၊ သန္တော ဓမ္မော=ချီးမွမ်းအပ် ကောင်းမြတ်သော တရား၊ ဤအနက်များအရ သဒ္ဓမ္မ မည်၏။ ထိုသဒ္ဓမ္မမှာ-
ပရိယတ္တိ သဒ္ဓမ္မ (ပိဋကသုံးပုံ)၊
ပဋိပတ္တိ သဒ္ဓမ္မ (မဂ်ဖိုလ်ရကြောင်း အကျင့်များ)၊
အဓိဂမ သဒ္ဓမ္မ (မဂ်ဖိုလ်နိဗ္ဗာန်) ဟု သုံးမျိုးရှိသည်။
ဤသုံးမျိုးလုံးပင် သဒ္ဓမ္မ မည်သောကြောင့် ထိုထိုပါဠိ၌ သဒ္ဓမ္မသဒ္ဒါသည် သုံးပါးလုံးကိုလည်းကောင်း၊ နှစ်ပါးကိုလည်းကောင်း၊ တစ်ပါးကိုလည်းကောင်း တစ်ပါးထဲက အစိတ်စိတ်တရားကိုလည်းကောင်း အရာအားလျော်စွာ ဟော၏၊ ထို့ကြောင့် ဤ၌လည်း ပရိယတ္တိ၏ အစိတ်ဖြစ်သော ပရိတ်တရားတော်ကို ဟောသည်။ ထိုပရိတ်တရားတော် သဒ္ဓမ္မကို ဂုဏ်တင်လို၍ “သဂ္ဂမောက္ခဒံ=နတ်ပြည် နိဗ္ဗာန်အကျိုးကို ပေးတတ်သော” ဟု ဆို၏၊ ဤပရိတ်တော်များသည် မည်မျှနတ်ပြည် နိဗ္ဗာန်အကျိုးကို ပေးသည်ဟု ချဲ့ထွင်ပြောဆိုနေဖွယ်ပင် မလို၊ ပရိတ်တော်အားလုံးကို မဆိုထားဘိ မင်္ဂလသုတ်တရားတော် အတိုင်းမျှ လိုက်နာကျင့်ကြံရလျှင်ပင် ထိုအကျိုးတရားများ တိုးပွားလာနိုင်သည်ဟု စဉ်းစားဉာဏ်ရှိသူတိုင်း သိသာနိုင်ပေသည်။
၈။ “ပရိတ်ရွတ်ခြင်းသည် ကောင်းကျိုးဧကန်မှန်ပါက အဘယ်ကြောင့် ဆေးရုံများ ဆောက်လုပ်နေကြသည်ကို တပည့်တော်များ နားမလည်ပါဘုရား” ဟု သခင်မြတ်ဆိုင်၏ သောဓနာချေဆိုချက်တွင် ပါရှိ၏၊
ဤစကားမှာ တပည့်တော်များ နားမလည်ပါဟု ဆိုသော်လည်း တကယ်နားမလည်၍ ပြောဆိုသည့် စကားမဟုတ်၊ ပရိတ်တရားတော်များကို သရော်ပြက်ချော် မတော်မတရား ပြောဆိုသည့်အသံသာ ဖြစ်သည်။ တကယ်နားမလည်ဟု ဆိုလျှင်လည်း သဘာဝကျပေသည်။ အဘယ့်ကြောင့်ဆိုသော် အမှန်တရားကို သိမြင်ရန် သခင်မြတ်ဆိုင်၌ အကြောင်းအင်္ဂါ မစုံသောကြောင့် ဖြစ်ပေသည်။ လူ၌အရေးကြီးသော မနောဝိညာဏ်နာမ်တရား၏ အခန်းကဏ္ဍကို ပစ်ပယ်၍ (စ-သ-ဃ-ဇ-က) ဟူသော ပသာဒရုပ်ငါးပါးကိုသာ စဉ်းစားတွေးခေါ်မှု၏ အဓိကမဏ္ဍိုင်အဖြစ် ထားရှိသူမှန်သမျှ သိမ်မွေ့နက်နဲသော ဗုဒ္ဓဓမ္မဆိုင်ရာ ကိစ္စရပ်များကို နားလည်နိုင်ကြမည် မဟုတ်ပေ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပရိတ်တရားတော်များသည် စေတနာ သဒ္ဓါ သစ္စာ မေတ္တာ ဟူသော နာမ်တရားများဖြစ်၍ ယင်းနာမ်တရားများကို အဇ္ဈတ္တသဘာဝသို့ ထိခိုက် စိမ့်ထုံသွားအောင် စူးစူး စိုက်စိုက်ရွတ်ပွားခြင်းသည်ပင် ဆန္ဒစိတ္တ ဝီရိယ ဝီမံသ ဟူသော ဣဒ္ဓိပါဒ အဖြစ်သို့ရောက်ကာ အကျိုးပြီးမြောက်ရခြင်းမျိုးပင် ဖြစ်သည်။ ဥပမာ-ရောဂါတစ်ခုဖြစ်လျှင် ပျောက်ကင်းစေလိုသော ဆန္ဒကလည်း အားကြီးသည်။ ပျောက်ကင်းရေး၌ စိတ်လည်း အလွန်ထက်သန်နေသည်။ ပျောက်ကင်းရန် စိတ်စွဲပြီး ဇွဲဖြင့် ကြိုးစားသည်။ သင့် မသင့် ချင့်ချိန်တတ်သော စဉ်းစားဉာဏ်လည်း လွန်ကဲနေသည်။ ထိုအတွင်းစိတ်ကို ကြည်လင်စေသော ဗောဇ္ဈင်သုတ်တရားများကို ကြားနာရွတ်ပွား စေတနာသဒ္ဓါ တိုးပွားမှုအရှိန်နှင့် ထိတွေ့လိုက်ရလျှင် ထိုအရှိန်ဓာတ်၏ ရိုက်ခတ်မှုကြောင့် ခက်မာမှု ပူလောင်မှုများ လျော့ပါးသွားရသည်။ သို့ဖြင့် ပရိတ်တရားတော်၌ဖြစ်သော စေတနာ သဒ္ဓါ မေတ္တာ သစ္စာများမှာ အရှိန်နှင့်တကွဖြစ်၍ အဇ္ဈတ္တဗဟိဒ္ဓနှစ်ရပ်လုံးမှာပင် စိမ့်ထုံ စူးဝင်လျက်ရှိသဖြင့် အဇ္ဈတ္တ၌ ရောဂါပျောက်ကင်းခြင်းအကျိုး ဗဟိဒ္ဓ၌ အန္တရာယ်ကင်းခြင်း အကျိုးများကို ပြီးမြောက် စေနိုင်ခြင်းပင် ဖြစ်သည်။
၉။ ထို့ကြောင့် သံယုတ္တနိကာယ် ဂိလာနသုတ်တို့တွင် အပြင်းအထန် မကျန်းမမာဖြစ်နေသော အရှင်မဟာကဿပ၊ အရှင်မဟာမောဂ္ဂလ္လာန်တို့အား ဗောဇ္ဈ ၇-ပါးတရားတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားရွတ်ဆိုပြသဖြင့် ထိုအရှင်နှစ်ပါးတို့သည် ဗောဇ္ဈင် ၇-ပါး တရားကို နာရလျင်ပင် ချက်ချင်းယူပစ်သလို ရောဂါများ ပျောက်ကင်းသွားရသည်။ တစ်ခါတွင် ဘုရားရှင်ကိုယ်တော်တိုင် ကိုယ်လက်မအီမသာ မကျန်းမမာဖြစ်လာ၍ အရှင်စုန္ဒအား ဗောဇ္ဈင် ၇-ပါး တရားတော်ကို အရွတ်ခိုင်းပြီးလျှင် မြတ်စွာဘုရား နာကြားတော်မူကာ ဝေဒနာမှ လွတ်ကင်းတော်မူရသည် (သံ၊၃၊၇၁-၇၃)။ (မဟာဝဂ္ဂသံယုတ်ပါဠိတော်) ဤသည်တို့ကို အကြောင်းပြု၍ ယင်းဂိလာနသုတ် ၃-သုတ်ကို ဗောဇ္ဈင်္ဂပရိတ်ပြု၍ ယခုခေတ်အထိ ရွတ်ဆိုလျက်ရှိကြသည်။ ပါဠိတော်မူရင်းမှာ စုဏ္ဏိယဖြစ်၍ ပိုမိုရွတ်ဆိုလွယ်ကူစေရန် ဂါထာစီကုံးလျက် ပရိတ် (၁၁) သုတ်တွင် ဗောဇ္ဈင်သုတ်ကို ထည့်သွင်းထားပေသည်။
၁၀။ ဗောဇ္ဈင် ၇-ပါး တရားတော်ကဲ့သို့ပင် မြတ်စွာဘုရား ဟောကြားတော်မူသော သုတ္တန်ပါဠိတော်များ ရောဂါပျောက်ကင်းကြကြောင်းမှာ အရှင်ဂိရိမာနန္ဒ အပြင်းအထန် မကျန်းမာသောအခါ မြတ်စွာဘုရားက အရှင်အာနန္ဒာအား သညာဆယ်ပါး တရားတော်ကို ဟောကြားစေသဖြင့် အရှင်ဂိရိမာနန္ဒ ရောဂါလုံးဝကင်းရှင်းသွားရကြောင်း အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် အရှင်ဂိရိမာနန္ဒသုတ် (အံ၊၃၊၃၄၂) တွင်လည်းကောင်း နကုလပိတာသူကြွယ် ရောဂါဝေဒနာဖြစ်ရာ နကုလမာတာက ငဲ့ကွက် တွယ်တာ ကင်းကွာရေး ဘုရားရှင် အဆုံးအမတော်ကို ဟောပြသဖြင့် လုံးဝ ရောဂါကင်းသွားကြောင်း အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ် နကုလပိတုသုတ် (အံ၊၂၊၂၆၁) တွင်လည်းကောင်း ဟောတော်မူထားပေသည်။
ဤမြတ်စွာဘုရား၏ သုတ္တန်တရားတော်များသည် နာကြားသူ၏ နှလုံးအိမ်တွင် တရှိန်ရှိန် တစိမ့်စိမ့် ကြည်နူး၍ လာစေကာ သဒ္ဓါ ပီတိ ပဿဒ္ဓိ သုခတို့ တခုမှတခု ကူးစက်ဝင်ရောက်၍ နောက်ဆုံး သမာဓိစခန်းသို့ ပေါက်ရောက်သွားနိုင်ပေသည်။ ထို တရားအဆင့်ဆင့် နာမ်ဓာတ်တို့ကား အေးမြငြိမ်းချမ်းသော နာမ်ဓာတ်များဖြစ်ပေရာ ရောဂါဝေဒနာ အပူအလောင်တို့ ခွာရှောင် ကြဉ်ဖယ်၍ သွားရောက်သွားသည်မှာ ထင်ရှားသော တရားသဘောပင် ဖြစ်ပေသည်။
၁၁။ “န ဟိ သစ္စကိရိယာ ဝေဇ္ဇကမ္မံ ဟောတိ” ဟု မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ(၂၃၄) မိန့်ဆိုချက်အရ သစ္စာပြုခြင်း စသည်များသည် အမှန်မှာ ဆေးဝါးကုစားခြင်း ကိစ္စမျိုးကား မဟုတ်၊ သို့သော် “သစ္စာလေးနက်၊ ပေါ်ဆီတက်က၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏” ဟူသော မြန်မာစကားအတိုင်းပင် သစ္စာကြောင့် အသက်ရှင်ရခြင်း အောင်မြင်မှုရရှိခြင်း စသည်တို့သည် အထင် အရှားပင် ဖြစ်သည်။
အမှန်အတိုင်း ပြောဆိုသောစကားကို သစ္စာဟု ဆို၏။ ထိုသစ္စာကို ဝစီသစ္စာဟု ဆိုရသည်။ မုသားပြောဆိုမှုမှ ရှောင်ကြဉ်မှု သည် ဝိရတီသစ္စာဖြစ်၏။ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဤလေးပါးသည် အရိယသစ္စာဖြစ်၏။ တကယ် ထင်ရှားရှိ၍ မပျက်စီးတတ် ကောင်းမြတ်သောသဘောရှိသော နိဗ္ဗာန်ကို ပရမတ္တသစ္စာဟု ဆိုသည်။ အမှန်မဟုတ်သော်လည်း မိမိက အမှန်ဟု စွဲချက်အရ ဆိုနေသော သစ္စာကား မိစ္ဆာသစ္စာမျိုး ဖြစ်သည်။ “ဤသစ္စာတို့တွင် ပရိတ်တော်လာ “ဧတေန သစ္စဝဇ္ဇေန” ဟူသော သစ္စာမှာ ဝစီသစ္စာဖြစ်လေသည်။ ဝစီသစ္စာမှာ အဖြစ်အပျက်အမှန်ကို အမှန်အတိုင်း ပြောဆိုသော သဘာဝဓမ္မမျိုးဖြစ်၍ အလွန်စူးရှဖြောင့်မှန်၍ အမြန်ဆုံးစူးရှ ထိရောက်စေနိုင်သဖြင့် ရောဂါပျောက်ကင်းခြင်း အဆိပ်အတောက်ကင်းကွာခြင်း မီးကို ငြိမ်းစေခြင်း မိုးကိုရွာစေခြင်း စသော အံ့ဩဖွယ်ရာ ကောင်းကျိုးချမ်းသာများကို ရရှိစေနိုင်ပေသည်။
သို့သော် ဤနေရာ၌ အထူးသိဖွယ်ရှိသည်မှ “တီဟိ မဟာရာဇ ကာရဏေဟိ ပရိတ္တံ န ရက္ခတိ ကမ္မာဝရဏေန ကိလေသာဝရဏေန အသဒ္ဓဟနတာယ” ဟူသော မိလိန္ဒပဥှာပါဠိတော်လာအတိုင်း ပဉ္စာနန္တရိယကံသင့်သူ နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်နေသူ ပရိတ်တန်ခိုးကို မယုံကြည်သူတို့အဖို့ကား မည်သည့်အကျိုးကိုမျှ မရနိုင်သည်ကို သတိပြုရပေမည်။
၁၂။ စုဒိတကပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးဆန္ဒာဓိက၏ သောဓနာတင်သွင်းလွှာတွင် ပရိတ်နှင့်ပတ်သက်၍ စာ နှစ်မျက်နှာခန့် ပါရှိ၏။ အခြားအချက်များစွာအတွက် အထက်ပါ စိစစ်ချက်များ၌ ပါဝင်၍သွားပြီးဖြစ်သဖြင့် ထပ်မံမဆိုလိုတော့ပေ။ ၎င်း၏ တင်သွင်းလွှာအဆုံးတွင် “မိစ္ဆာဇီဝများကို သမ္မာအာဇီဝထင်မှတ်နေကြလျှင် ပရိတ်အကျိုးရမည်ထက် သာသနာတွင်း၌ လူဖြစ်ကျိုး ရှုံးမည်ကို ပိုမိုကြောက်သင့်ပါသည်” ဟူ၍ ပါရှိ၏။ ယင်းနှင့် ပတ်သက်၍ အနည်းငယ် စိစစ်ရန် လိုအပ်ပေသည်။
ပရိတ်ရွတ်ခြင်းသည် ရဟန်းတို့၏ အာဇီဝပါရိသုဒ္ဓိသီလနှင့် မည်သို့မျှ မပတ်သက်ချေ။ ရဟန်းတော်တို့၏ စတုပါရိသုဒ္ဓိသီလ၌ ပါဝင်သော အာဇီဝပါရိသုဒ္ဓိသီလမှာ အနေသနတို့မှ ကြဉ်ဖယ်၍ စင်ကြယ်စွာခံယူ သုံးဆောင်မှုမျိုးသာဖြစ်သည်။ ပရိတ်ရွတ်ခြင်းသည် မိမိ၏ကျောင်းသင်္ခမ်း၌ ဝတ်တက် ဝတ်ကပ်ပြုလုပ်ရာ၌ ရွတ်ဆိုခြင်း၊ ဒါယကာ ဒါယိကာမတို့၏ ပင့်လျှောက်ချက်အရ သွားရောက်ရွတ်ဆိုခြင်း ဟူ၍ နှစ်မျိုးရှိရာ ဒါယကာ ဒါယိကာမတို့အတွက် ရွတ်ဆိုခြင်း၌ ပါထိကဝဂ္ဂဋ္ဌ ကထာ အာဋာနာဋိယသုတ်အဖွင့် ၁၄၉-အရ-
အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာ သင်ယူထားခြင်း၊
ပုဒ်ဗျည်းတို့ကို မယုတ်စေရ၊ ပြည့်စုံအောင် လေ့လာ ကျက်မှတ်ထားခြင်းနှင့်၊
လာဘ်လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်း၊
ဤသို့ အင်္ဂါသုံးပါးရှိရာ နောက်ဆုံးအင်္ဂါဖြစ်သော လာဘ်လာဘကို မငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းကို အလေးအနက် ထားကြရမြဲပင် ဖြစ်သည်။ ထို့ကြောင့် “လာဘဟေတု ဥဂ္ဂဟေတွာ ဘဏန္တဿာပိ အတ္ထံ န သာဓေတိ” ဟု ယင်းအဋ္ဌကထာ၌ အထူးဆိုထားပေသည်။ ထို့ကြောင့် ရံဖန်ရံခါ ဒါယကာ ဒါယိကာမတို့က ပင့်ဖိတ်၍ ပရိတ်တရားတောင်းဆိုလျှင် လာဘ်လာဘကိစ္စ ပါဝင်လာပါက ပရိတ်အကျိုးတရားကို တိုးပွားပြီးစီးခြင်း မရှိနိုင်သဖြင့် ပရိတ်ရွတ်မှုကို ရှေ့တန်းတင်၍ ရဟန်းတို့ အာဇီဝကိစ္စကို မဆောင်ရွက်ကြရသည်မှာ သာသနာ့ထုံးတမ်းစဉ်လာတရပ်သာ ဖြစ်လေသည်။ ရှင်းရှင်းဆိုရလျှင် ရဟန်းတို့သည် ပရိတ်ရွတ်၍ စားသောက်နေခြင်းမျိုး မရှိ၊ ရံဖန်ရံခါ အကြောင်းအားလျော်စွာ ပရိတ်ရွတ်ရသည်ရှိသော် လာဘ်လာဘကို မငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုကြခြင်းသည်သာ ရဟန်းကောင်း ရဟန်းမြတ်တို့၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ပရိတ်တော်များကို သင်ကြားရွတ်ဆိုခြင်းနှင့် သာမညဖလသုတ်လာ မြွေအတတ် အဆိပ်အတတ် ကင်းမြီးကောက် အတတ်တို့နှင့် တစ်ထပ်တည်း ထား၍ ရေးသားစွပ်စွဲထားခြင်းသည် သဘောရိုး သဘောဖြောင့်မဟုတ်၊ ရှုတ်ချကဲ့ရဲ့ တရွဲ့တစောင်း မကောင်းသော သဘောသာ ပေါလောပေါ် ထင်ရှား၍ နေပေသည်။
၁၃။ ဤမျှသော အကြောင်းအကျိုးတို့ကို ထောက်ရှု၍ ပရိတ်ရွတ် ပရိတ်နာခြင်း၌ အကျိုးမရှိဟု ဝေဖန်ရှုတ်ချနေကြသော လူသေလူဖြစ် ဝါဒါနုဝါဒပုဂ္ဂိုလ်တို့သည် ပရိတ်ကို ဘုရားဟောမဟုတ်၊ အရည်းကြီးလက်ကျန် ဟူ၍လည်းကောင်း၊ ဘာအကျိုးမျှ မပြုဟူ၍လည်းကောင်း၊ သာသနာတော် ယိုယွင်းဆုတ်ယုတ်ကြောင်း ဟူ၍လည်းကောင်း၊ လူဖြစ်ကျိုး မနပ်ဟူ၍လည်းကောင်း ရေးသားပြောဆိုယူစွဲနေခြင်းတို့အတွက် မြတ်စွာဘုရား၏ ထေရဝါဒသံဂါယနာခြောက်တန်တင် သုတ္တန်ပိဋကတော် ပါဝစနတို့ကို တားဆီးပယ်ဖျက် နှောက်ယှက် သွေဖီနေကြသူများ ဖြစ်ကြပေသည်။ ၎င်းပြင်-
သုတ္တေ ဒုပ္ပဋိပန္နော စတ္တာရော မေ ပုဂ္ဂလာ။ပ။ အတ္တာနဉ္စ ခနတိ၊ ဗဟုဉ္စ အပုညံ ပသဝတီတိ၊ တတော မိစ္ဆာဒိဋ္ဌိကံ ပါပုဏာတိ (ဒီ၊ဋ္ဌ၊၁၊၂၃)-
ဟူသော သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာပါ စကားအရ သုတ္တန်တရားတော်၌ မကောင်းသဖြင့် ကျင့်သော ပုဂ္ဂိုလ်များသည် အဓိပ္ပာယ် အယူအဆ အကောက်လွဲမှားပြီးလျှင် အမှန်ကို မသိဘဲ မှားသော အယူကိုသာ ယူစွဲ၏ဟု ယင်းမိစ္ဆာအယူမှားများကို ရည်ညွှန်း၍ မြတ်စွာဘုရား ဟောတော်မူခဲ့သည်။ မိမိကိုယ်တိုင် အယူမှားကို ယူသဖြင့် ဘုရားရှင်ကို စွပ်စွဲရာရောက်၊ မိမိကိုယ်ကိုလည်း တူးဖြိုရာ ရောက်၍ များစွာသော အကုသိုလ်တရားဆိုးတို့သာ ပွားတိုး၍ နေလေသည်။
ထို့ကြောင့် ဘုရားဟောပါဠိတော် ပရိတ်တရားများကို ဆန့်ကျင်ဖျက်ဆီး၍ နေကြသော လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသနဝါဒသမားတို့သည် မိစ္ဆာဝါဒ အဓမ္မသဘောသို့ ရွေ့လျောပြေးဝင်နေကြသူများသာ ဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များက စိစစ်သုံးသပ်၍ ဆုံးဖြတ်တော်မူကြသည်။