မာတိကာသို့ ခုန်သွားရန်

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ပုံနှိပ်ထုတ်ဝေရခြင်းအကြောင်း

ဝီကီရင်းမြစ် မှ
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၁-၁။ ပုံနှိပ်ထုတ်ဝေရခြင်းအကြောင်း
3123လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၁-၁။ ပုံနှိပ်ထုတ်ဝေရခြင်းအကြောင်းသာသနာရေးဝန်ကြီးဌာန

လူသေလူဖြစ် ဝါဒါနုဝါဒ

သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်၏

ဒုလ္လဘဓမ္မဒါန

သာဓုအနုမောဒနာ ဝမ်းမြောက်ဖွယ်စကား

ဤဓမ္မဒါနကုသိုလ်ရှင် စာဒါယကာကြီး ဦးကျော်ညွန့်သည် ဗုဒ္ဓဘာသာမျိုးရိုးမှ ရတနာသုံးပါး ဦးထိပ်ထား၍ မွေးဖွားလာသူဖြစ်သည့်အတိုင်း မိဘတို့၏သွန်သင်မှုဖြင့် လူမှန်းသိစကပင် ရတနာသုံးပါးနှင့် အစဉ်မပြတ်ထိတွေ့ခဲ့ရပေသည်၊ ကျောင်းစာသင်ချိန်များမှာလည်း ဆရာကောင်းများနှင့် ဘာသာစာပေများကို သင်ကြားခဲ့ရသည်၊ ယင်းဘာသာရေးစာပေများကို ဖတ်ရှု လေ့လာရတိုင်း ကြည်နူးဝမ်းသာဖြစ်ခဲ့ရသည်၊ တာဝန်များထမ်းဆောင်ချိန်တွင် ဆရာတော်သံဃာတော်များနှင့် အခါမပြတ် ကြုံကြိုက်ဖူးမြင်ခွင့်ရပြီး ဘာသာရေး အသိဉာဏ်များ ကြွယ်ဝခဲ့ရသည်။

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်ဆည်းပူး၍ ဘုရားအဖြစ် ရတော်မူပုံကို အာရုံပြုကာ အကြိမ်ကြိမ် အဖန်ဖန် ဗုဒ္ဓပူဇာပြုခဲ့သည်၊ စေတီဘုရားကျောင်းကန်များ တည်ဆောက်ပြုပြင် မွမ်းမံရာဌာနများတွင် ကိုယ်အား ငွေအား စွမ်းအားရှိသမျှ ပါဝင်ကုသိုလ်ပြုခဲ့သည်၊ ရှင်တော်ဘုရား ဟောကြားထားတော်မူသော အပူခပ်သိမ်း ငြိမ်းအေးကြောင်း ဓမ္မရတနာ တည်တံ့ပြန့်ပွားစေရန် စာအုပ်စာပေကျမ်းဂန်များကို အခွင့်ရသလို ရိုက်နှိပ်လှူဒါန်း ခဲ့သည်။

လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဆည်းပူး၍ အလုံးစုံသိမြင်တော်မူသော ဘုရားအဖြစ်သို့ ရောက်ပါမှ ဟောကြားတော်မူသော ဓမ္မရတနာများကို ဆန့်ကျင်သောအားဖြင့် ထိခိုက်စွပ်စွဲ ပြောဆိုသံကြားရလျှင် စိတ်နှလုံး တုန်လှုပ်ပြီး တင်းကြပ်စွာ ခံစားခဲ့ရသည်၊ ယင်းမှားယွင်းချက်များကို တတ်အားသမျှ သိသမျှ ဖြေရှင်းပေးခဲ့သည်။

လောကသည် အလွန်ဆန်းကြယ်လှသည်၊ ဤမျှမွန်မြတ်သော တရားတော်များကို ပင်ကိုယ်သဒ္ဓါတရား နည်းပါးသူများသည် ရှုထောင့်ဘက်ပေါင်းစုံမှ နည်းအမျိုးမျိုးဖြင့် ထိပါးပုတ်ခတ် စွပ်စွဲလာတတ်ကြသည်၊ လူသေလူဖြစ်လို ဝါဒမျိုးမှာ အထောက် အထားအမျိုးမျိုးပြ၍ ပေါ်ပေါက်လာသည်ဖြစ်ရာ စာဒါယကာကြီးသည် မဟုတ်မမှန်မှန်း ဧကန်တိတိ သိရှိသည်၊ သို့ရာတွင် ယင်းဘက်ဆိုင်ရာ ပညာရှင်မဟုတ်သည့်အတွက် စနစ်တကျ အကျယ်တဝင့် တစ်ချက်ခြင်း ဖြေရှင်းနိုင်စွမ်း မရှိပေ။

ကံအားလျှော်စွာ သီးခြားနိုင်ငံတော်ဝိနိစ္ဆယ အမှတ်(၂)အဖွဲ့ ဆုံးဖြတ်ထားသော လူသေလူဖြစ် ဝါဒါနုဝါဒ (ထေရဝါဒ စွယ်စုံကျမ်း) ကို ဖတ်ရှုလေ့လာခွင့် ရရှိခဲ့သည်၊ ဝိနိစ္ဆယဆရာတော်များက မှန်ကန်စွာ အောင်အောင်မြင်မြင် ပိုင်ပိုင်နိုင်နိုင် ဝိနိစ္ဆယ ချနိုင်ခဲ့သည်ကို ကြည်ညိုခဲ့ရပေသည်၊ သို့သော်လည်း ဤကျမ်းစာမှာ ယခုအခါ လေ့လာသူများ အတွက် ထပ်မံပုံနှိပ်ရန် လိုအပ်လျက် ရှိပေသည်။

သို့ဖြစ်ရာ ဒါယကာတို့၏အကျိုးကို အစဉ်အမြဲ နည်းပေးလမ်းညွှန် ပြုတော်မူလေ့ရှိသော ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းဆရာတော် ဘဒ္ဒန္တသဒ္ဓိယ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) နှင့်တိုင်ပင်၍ ဤဝိနိစ္ဆယကျမ်းစာကို ပုံနှိပ်လှူဒါန်းလိုကြောင်း၊ ဤကျမ်းစာပုံနှိပ်ပြီးပါက ရောင်းရငွေကို ပဒေသာရန်ပုံငွေအဖြစ်သတ်မှတ်လျက် ဤကျမ်းစာကုန်သွားတိုင်း နောက်အကြိမ်များ အဆက်မပြတ်အောင် ဆက်လက်ပုံနှိပ်နိုင်ရန် ရည်ရွယ်ပါကြောင်း မိမိအား အဆိုပြု တင်ပြပါသည်၊ သာသနာတော် တည်တံ့ပြန့်ပွားရေးသို့ ရှေးရှုလျက် ဤဝိနိစ္ဆယကျမ်းကို မူမပျက်စေဘဲ ပုံနှိပ်လှူဒါန်းလိုသည့် စာဒါယကာကြီး ဦးကျော်ညွန့်၏ အကြံအစည် သမ္မာသင်္ကပ္ပမှာ အနှစ်သာရပြည့်ဝ၍ ကောင်းမြတ်လှကြောင်း တွေ့ရှိရပါသည်။ စာဒါယကာကြီး ဦးကျော်ညွန့်၏အလှူသည် ပညာသံဝတ္တနိကဓမ္မဒါန ပဒေသာပင်အဖြစ် တည်ရှိနေမည်ဖြစ်ပြီး သာသနာတည်နေသရွေ့ ထာဝရကုသိုလ် အစဉ်ရှင်သန်နေမည့် အစီအစဉ်ပင် ဖြစ်ပါသည်။

လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)ကြီးသည် စာမျက်နှာပေါင်း ၁၂၀၀-ခန့်ရှိ၍ ဆိုက်ကြီးဆိုက်ခန့် ဖြစ်ပါသည်။ စက္ကူကောင်း၊ မင်ကျမင်နကောင်း၊ ချုပ်လုပ်မှုကောင်းဖြင့် အကောင်းသုံးချက်ညီစွာ အုပ်ရေ (၁၀၀၀)အတွက် စာဒါယကာကြီး ဦးကျော်ညွန့်မိသားစုက ငွေကျပ်သိန်း(၅၀)ကျော် မတည်လှူဒါန်းထားပါသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီရပ်ကွက်၊ ပါရမီလမ်း၊ ငွေကြာရံရိပ်သာနေ ပြည့်စုံညွန့် ကုမ္ပဏီပိုင်ရှင်၊ အလှူရှင် ဦးကျော်ညွန့်+ဒေါ်သန်းမြင့် နှင့် သားသမီးမြေးတစ်စု တို့၏ အခြားသာသနာပြု အလှူတော်ဖြစ်သော ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် စာသင်တိုက်အလှူနှင့် တိပိဋကပါဠိမြန်မာ အဘိဓာန် အတွဲ(၁)၊ အတွဲ (၂)၊ အတွဲ (၃) ပုံနှိပ်အလှူ စသည်တို့နှင့်တကွ အထူးသဖြင့် ဤလူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) အတွက် ပုံနှိပ်လှူဒါန်းခြင်း ပညာသံဝတ္တနိက ဓမ္မဒါန မြတ်ကောင်းမှု ကုသိုလ်အစုစုတို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုလျက် ဤအနုမောဒနာစာတမ်းဖြင့် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသတည်း။

ဒေါက်တာမျိုးမြင့်
ညွှန်ကြားရေးမှူးချုပ်
သာသနာရေး ဦးစီးဌာန

ပုံနှိပ်ထုတ်ဝေရခြင်းအကြောင်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အတွင်း လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိဝါဒ၊ ရွှေအဘိဓမ္မာဝါဒတို့နှင့် ပတ်သက်၍ ဝိဝါဒါဓိကရုဏ်းကြီးဖြစ်ပွားလျက်ရှိရာ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ တာဝန်‎ပေးချက်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ယင်းဝိဝါဒါဓိကရုဏ်းကြီးကို ဆုံးဖြတ်ပေးရန်အတွက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ကို ၁၃၄၃-ခုနှစ်၊ နယုန်လဆုတ် (၉)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပေသည်။

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ (၂)သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ပေးချက်အရ ၁၃၄၃-ခုနှစ်၊ နယုန်လဆုတ် (၁၂)ရက်နေ့တွင် စတင်၍ ရုံးဖွင့် စစ်ဆေးခဲ့ပြီး စောဒကနှင့် စုဒိတကတို့ နှစ်ဦးနှစ်ဘက် တင်ပြ လျှောက်ထားကြသော စောဒနာ သောဓနာတင်လွှာတို့ကို လေးလကြာမျှ အချိန်ယူ သုံးသပ်စစ်ဆေးလျက် ၁၃၄၃-ခုနှစ်၊ သီတင်းကျွတ်လဆုတ် (၁၁)ရက်နေ့မှစ၍ ၆-ရက်တိုင်တိုင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပေသည်။ ယင်း ဆုံးဖြတ်ချက် ဝိနိစ္ဆယသည် နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ်မှ ပြန့်ကျယ်သော ဗုဒ္ဓဝါဒ ဓမ္မဥဿုံ စုံစုံလင်လင်ရှိလှသဖြင့် “ထေရဝါဒ စွယ်စုံကျမ်း” ဟုပင် ခေါ်ဆိုထိုက်ပေသည်။

သို့ဖြစ်၍ -

(က) ဝိနိစ္ဆယကို ၆-ရက်တိုင်တိုင် ချမှတ်ရာ၌ စိတ်ဝင်စားစွာဖြင့် လာရောက်နာယူကြသူများနှင့် ဤဝိနိစ္ဆယ အဆုံးအဖြတ်များကို အစဉ်ဖတ်ကြားမှတ်သားလိုကြသော ဗုဒ္ဓဘာသာဝင်တို့၏ လိုအင်ဆန္ဒကို ဖြည့်စွမ်းရန်၊
(ခ) ဓမ္မ အဓမ္မ ဝိဝါဒါဓိကရုဏ်းများ နောက်ထပ် မပေါ်ပေါက်စေရန်၊
(ဂ) ဖြစ်ပေါ်ပြီးသော ဝိဝါဒါဓိကရုဏ်းများ ငြိမ်းအေးပပျောက်စေရန်၊
(ဃ) ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော အယူအဆများ ပပျောက်စေရန်၊
(င) ထေရဝါဒပိဋကတ်တော်နှင့် ညီညွတ်သော အယူအဆများ ထွန်းကားစေရန်၊
(စ) မိစ္ဆာဝါဒ အကုသိုလ် အယူအဆများကင်းစင်၍ သမ္မာဝါဒကုသိုလ်အယူအဆများ ထွန်းကားစေရန်၊
(ဆ) ဓမ္မ အဓမ္မ ဝိဝါဒကိစ္စ၌ အတုယူဖွယ် ဖြတ်ထုံးအဖြစ် သမိုင်းတွင် ကျန်ရစ်စေရန် -
ဟူသော ရည်ရွယ်ချက်ဖြင့် ထေရဝါဒပိဋကတ်တော်နှင့်အညီ ဆုံးဖြတ်ထားသော ဤ “လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ” ကျမ်းကြီးကို သာသနာရေးဦးစီးဌာနမှ တစ်အုပ်တည်းနှင့်အပြီး စက်တင်ပုံနှိပ်၍ ထုတ်ဝေဖြန့်ချိ အပ်ပါသတည်း။

သာသနာရေးဦးစီးဌာန