လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/အရိယာနှင့် နိဗ္ဗာန် စပ်လျဉ်းသည့် ဝိနိစ္ဆယ
အရိယာနှင့် နိဗ္ဗာန်ကို ပြင်ဆင်ရေးသားခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ
၁။(က) သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့မှ တရားမဝင် ထုတ်ဝေသော အတွဲ (၄) အမှတ် (၈) သစ္စာဓမ္မစာစောင် စာမျက်နှာ-၉-၌ -
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ဟူသော အနတ္တလက္ခဏသုတ် ဒေသနာတော်နှင့် အညီ မျက်စိနှင့် နားရှိ၍ မြင်တတ်ကြားတတ်သော လူကို အရိယာဟု ခေါ်သည်။ အရိယာနှင့် လူမှာ အတူတူပင် ဖြစ်သည်။ မျက်စိ၊ နားရှိပါလျက် မမြင်တတ်၊ မကြားတတ်သဖြင့် လူမဟုတ်သူကို အနရိယ ခေါ်သည်ဟု ရေးသားထားခြင်း၊
(ခ) မိန်းမနှင့် ယောက်ျား လင်မယားနှစ်ယောက်ကို အရိယာခေါ်သည်ဟု ဦးဝါသဝက ဟောပြောခြင်း။
(ဂ) ဦးဥက္ကဋ္ဌ ရေးသားထားသော ဗုဒ္ဓအဘိဓမ္မာ စာမျက်နှာ ၂၅၁ ၌လည်း ဝိသာခါ ကျောင်းအမကြီး အနာထပိဏ် သူဌေးကြီးတို့သည် ခင်ပွန်းသည် ဇနီးမယားတို့နှင့် အတူတကွ နေထိုင်ကြသော်လည်း တဏှာဥပါဒါန်မရှိပဲ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် ငါးပါးပြုရုံမှတပါး အနုပါဒါန်တရားနှင့် နေထိုင်သဖြင့် သောတာပန်ဖြစ်၍ သုခတရား ရနေကြ၏ဟု ရေးသားထားခြင်း။
(ဃ) အတွဲ (၁) အမှတ် (၇)၊ မှောင်ခိုထုတ်သော သစ္စာဓမ္မစာစောင် စာမျက်နှာ-၉-၌လည်း ဉာဏ်ရှိသူများအဖို့ သက်သာသလိုနေ၍ ကျင့်ပါလျှင် တစ်လနှစ်လအတွင်း အကြောက်နှင့် အမျှော်ကင်း၍ သောတာပတ္တိမဂ်ရသည်။ ဆက်လက်ကျင့်လျှင် စိုးရိမ်မှုနှင့် တုန်လှုပ်မှု ပျောက်ကင်း၍ သကဒါဂါမိမဂ် ရသည်။ ထို့နောက် ချစ်ခြင်းနှင့် မုန်းခြင်း ပျောက်ကင်း၍ အနာဂါမိမဂ်ရသည်။ ဤအတိုင်း ဆက်လက်၍ ပွားများပါက တဏှာဥပါဒါန်အားလုံးငြိမ်း၍ အရဟတ္တမဂ် ရသည်။ ဆက်လက်ပွားများသောအခါ အသ္မိမာန (ငါတည်းဟူသော) အမှတ်သညာ ငွေ့ငွေ့ကျန်ရှိနေမှု ပျောက်ကင်းလျှင် အရဟတ္တဖိုလ် ဆိုက်ရောက်ပါပြီဟု ရေးသားထားခြင်း။
(င) ဘာသာစီးပွားရေးနဲ့ လူမှုစီးပွားရေး အမည်ရှိ စာစောင် စာမျက်နှာ ၂၀-၌-
လူမိ လူဖက မွေးတဲ့သားကို အရိယာဟု ခေါ်သည်။ အရိယာကို ပုဒ်ခွဲသောအခါ အရ+ဣယ+အာ ဟုခွဲ၍-
အရ က = လူအမေ
ဣယ က = လူအဖေ
အာ က = လုပ်တာ
လူအမေ၊ လူအဖေတွေ လုပ်လို့ ဖြစ်တာလို့ ဆိုလိုတယ်ဟု ရေးသားထားခြင်း။
စောဒကပုဂ္ဂိုလ်တို့သည် သစ္စာဓမ္မ စာစောင် စသည်တို့မှ အထက်ပါ ရေးသားပြောဆိုချက်တို့ကို သက်သေအဖြစ် ထုတ်ပြပြီးလျှင် ယင်းသို့ ရေးသားပြောဆိုခြင်းဖြင့် ဗုဒ္ဓသာသနာတော်၌ အလွန်အလေးဂရုပြုထိုက်သော အရိယာ သူတော်ကောင်းတို့ကို ပုံပျက်ပန်းပျက်ဖြစ်အောင် ဖျက်ဆီးနေကြကြောင်း။
ကိလေသာနံ အာရကတ္တာ အရိယော စသည်ဖြင့် မိန့်ဆိုထားအပ်သော ထေရဝါဒပိဋကတ် ကျမ်းဂန်များနှင့် အညီ ကိလေသာ အညစ်အကြေး ကင်းဝေး၍ ဖြူစင်မြင့်မြတ်သော တန်ဖိုးထားထိုက်သည့် သူတော်ကောင်းများကိုသာ အရိယာဟု ခေါ်ဆိုထားသည် ဖြစ်ပါလျက် ထိုအရိယာ သူတော်ကောင်းတို့ကို ယုတ်ညံ့သေးသိမ်အောင် တရားလွန်စော်ကား ရေးသားထားကြောင်းဖြင့် စွဲချက်တင်ပြ စောဒနာကြသည်။
စုဒိတကတို့၏ သောဓနာ၌ အကျဉ်းကောက်နုတ်ချက်
၂။ အထက်ဖော်ပြပါ စောဒနာအကျဉ်း ကောက်နုတ်ချက် (၅) ချက်တို့တွင် စုဒိတကပုဂ္ဂိုလ်တို့သည် အမှတ် (၈) အချက်မှတစ်ပါး ကျန်အချက် (၄) ချက်တို့ကို ပြန်လည်ချေပ သောဓနာမှု မပြုကြ။ အမှတ် (၈) အချက်ကို ပြန်လည် ချေပရာ၌ -
ဗုဒ္ဓအဘိဓမ္မာ စာမျက်နှာ ၂၅၁ ၌ “တဏှာနှင့် ဥပါဒါန် မပါကြတော့ဘဲ” ဟု အတိအလင်း ပါရှိနေပါလျက် စောဒကရဟန်းတို့က “တဏှာနှင့် ဥပါဒါန် မရှိကြတော့ဘဲ” ဟု အမှားသွင်းပြီး စွပ်စွဲထားကြသည်မှာ စေတနာဆိုးနှင့် ဖော်ပြရာ ရောက်နေပါကြောင်း၊ “မပါ” ဟူသော စကားနှင့် “မရှိ” ဟူသော စကားမှာ အလွန်အဓိပ္ပာယ် ခြားနားလှပါကြောင်းဖြင့် ပြန်လည်ချေပ သောဓနာ ပြုကြသည်။
ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့၏ စိစစ်သုံးသပ်ချက်
၃။ စုဒိတက ပုဂ္ဂိုလ်တို့သည် အမှတ် (က) (ခ) (ဃ) (င) အချက်တို့ကို ပြန်လည်ချေပမှု မပြုကြသောကြောင့် သူတို့၏ အမှားကို ဝန်ခံပြီး ဖြစ်သည်။ အမှတ် (၈) အချက်ကို ပြန်လည်ချေပရာ၌ “မပါ” ဟူသော စကားနှင့် “မရှိ” ဟူသော စကားမှာ အဓိပ္ပာယ် အလွန်ခြားနားသည်ဟု ဆိုကြသည်။ သို့သော် ဝိသာခါနှင့် အနာထပိဏ်တို့သည် ထိုအချိန်က သောတာပန်မျှသာ ဖြစ်ကြသေးသောကြောင့် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့ကိုသာ ပယ်ကြရသေး၍ တဏှာ (လောဘ) ဟူသော ကာမုပါဒါန်ကိုကား မပယ်ကြရသေးချေ။ ထို့ကြောင့်ပင် ဝိသာခါသည် သူ၏ မြေးကလေးတစ်ယောက် သေဆုံး၍ အသုဘအပြန်တွင် ပူဆွေးဝမ်းနည်းမှု ပြေပျောက်စေလိုသည့်အတွက် တရားနာယူရန် မြတ်စွာဘုရား အထံတော်သို့ ရောက်လာခဲ့သဖြင့် သောကပြေငြိမ်းကြောင်း တရားကို မြတ်စွာဘုရား ဟောကြားတော်မူရသေး၏၊ (ဥဒါန်းပါဠိတော်၊ ဝိသာခါသုတ်၊ ၁၉၀)
သို့ဖြစ်ရကား သောတာပန် ပုဂ္ဂိုလ်တို့သည် ရံဖန်ရံခါ တဏှာဥပါဒါန် ဖြစ်လာနိုင်သေးရကား ဗုဒ္ဓအဘိဓမ္မာ၌ “တဏှာဥပါဒါန် မပါကြတော့ပဲ” ဟု ရေးထားသည်ဖြစ်စေ၊ “တဏှာဥပါဒါန် မရှိကြတော့ပဲ” ဟု ရေးထားသည်ဖြစ်စေ၊ အတ္ထယုတ္တိ မရှိသည်သာ ဖြစ်ပေသည်။ ရှင်းလင်းဦးအံ့-
“ပါသည်” ဟူသော မြန်မာမှု စကားလုံးသည် အဘိဓမ္မာနည်းအရ သမ္ပယုတ္တ သဟဇာတ (တွဲယှဉ်၍ဖြစ်သည်၊ တကွ ဖြစ်သည်) ဟူသော အနက်ထွက်သည်။ “ရှိသည်” ဟူသော စကားလုံးကား (တွဲယှဉ်၍ မဖြစ်စေကာ၊ အတူတကွ မဖြစ်စေကာ) မဂ်ဖြင့် မပယ်ရသေးသည်ဖြစ်၍ အနုသယ ကိလေသာ အနေအားဖြင့် ရှိသေးသည်ဟူသော အနက်ထွက်သည်။
ဝိသာခါ၊ အနာထပိဏ်ကဲ့သို့သော သောတာပန် အရိယာများ၌ ဒိဋ္ဌုပါဒါန် လုံးဝမရှိသည်ကား မှန်၏၊ လောဘဟူသော ကာမုပါဒါန်ကား သောတာပတ္တိမဂ်ဖြင့် မပယ်ရသေးသောကြောင့် ပရိယုဋ္ဌာန ကိလေသာ အနေဖြင့် ဥပါဒ်ဆဲ ဖြစ်ဆဲ ခဏ၌ ပါ၍နေမည်သာ ဖြစ်သည်။ အနုသယ ကိလေသာ အနေဖြင့်လည်း ရှိ၍နေမည်သာ ဖြစ်သည်။ ထို့ကြောင့် “တဏှာဥပါဒါန် မပါပဲ လင့်ကျင့်ဝတ် မယားကျင့်ဝတ် ပြုရုံမှ တပါး အနုပါဒါန် တရားနှင့် နေထိုင်ကြသဖြင့်” ဟူသော ဦးဥက္ကဋ္ဌ၏ စကားသည် အဘိဓမ္မာ တရားတော်နှင့် ဆန့်ကျင်သဖြင့် အတ္ထယုတ္တိ ကင်းမဲ့သည်ဟု သုံးသပ်တော်မူကြသည်။
(က) အရိယာ အမှား
၄။ (က) ကောက်နုတ်ချက်၌ “ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော” ဟူသော အနတ္တလက္ခဏသုတ်ကို သာဓက ပြုပြီးလျှင် “မျက်စိ နား ရှိ၍ မြင်တတ် ကြားတတ်သော လူကို အရိယာ ခေါ်သည်။ အရိယာနှင့် လူမှာ အတူတူပင် ဖြစ်သည်ဟု သစ္စာဓမ္မစာစောင်၌ သာမည လူပြိန်းအတွေးဖြင့် တွေးတောကြံဆ၍ ရေးသားထားခြင်းသာ ဖြစ်၏၊ ထိုအနတ္တလက္ခဏသုတ် ပါဠိတော်၏ ဆိုလိုရင်း အဓိပ္ပာယ်အမှန်ကို ရှင်းလင်းပြရလျှင် -
က။ ဧဝံ ပဿံ အရိယသာဝကော = ဤသို့ ဤပုံ ရှုသော သိမြင်သော အရိယာတပည့်
ခ။ သုတဝါ အရိယ သာဝကော = သုတနှင့် ပြည့်စုံသော အရိယာတပည့်
ဟူ၍ စကားနှစ်ရပ် ခွဲထားရမည်။ ထိုစကားနှစ်ရပ်တွင် “ဧဝံ ပဿံ = ဤသို့ ဤပုံ ရှုသည်၊ သိမြင်သည်” ဟု ဆိုရာ၌ အဘယ်သို့ အဘယ်ပုံ ရှုရ၊ သိမြင်ရမည် ဆိုသည့် (ရှုကြည့်သိမြင်ပုံ) နည်းစနစ်ကို “ယံကိဉ္စိ ရူပံ” အစရှိသည်ဖြင့် ဟောတော်မူခဲ့ပြီး ဖြစ်၏၊ ယင်းသို့ ဟောတော်မူခဲ့သည့်အတိုင်း -
အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ စသည်ဖြစ်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တည်းဟူသော ခန္ဓာငါးပါးတို့သည် ငါ့ဟာ, ငါ့ဥစ္စာ ဟု တဏှာဖြင့် ခင်မင်တွယ်တာဖွယ်ရာ မဟုတ်။ ငါ, ငါဟု မာနဖြင့် ထင်မှတ်ဖွယ်၊ အထင်ကြီးဖွယ်လည်း မဟုတ်။ ငါ၏ ခိုင်မာသော အနှစ်သာရဖြစ်သည်။ ငါ၏ အသက်ကောင်၊ အတ္တကောင်၊ ဝိညာဏ်ကောင် ဖြစ်သည်ဟု ဒိဋ္ဌိဖြင့် ယူမှားဖွယ်လည်း မဟုတ် ဟူ၍ ဝိပဿနာဉာဏ်မဂ်ဖြင့် ရှုရ၊ သိမြင်ရ၏၊ ထိုကဲ့သို့ ရှုသော သိမြင်သော အရိယာ တပည့်ကို “ဧဝံ ပဿံ အရိယသာဝကော = ဤသို့ ဤပုံ ရှုသော သိမြင်သော အရိယာတပည့်” ဟု ဟောတော်မူ၏၊
ခ။ “သုတဝါ အရိယ သာဝကော = သုတနှင့် ပြည့်စုံသော အရိယာတပည့်” ဟူသော စကား၌ သုတသည်-
(၁) အာဂမသုတ = အကြားသုတ
(၂) အဓိကမသုတ = အမြင်သုတ
ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် ခန္ဓာ၊ အာယတန၊ ဓာတ်နှင့် ပတ်သက်၍ နာယူမှတ်သား ကြားနာထားအပ်သော သုံးဖြာပိဋကတ် ပရိယတ်ကျမ်းဂန်ကို “အာဂမသုတ = အကြားသုတ” ဟုခေါ်၏၊ ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်းကြောင့် ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြု သိမြင်ထားအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို “အဓိဂမသုတ = အမြင်သုတ” ဟုခေါ်၏၊
ထို့ကြောင့် ခန္ဓာ အာယတနဆိုင်ရာ ပရိယတ် တရားတော်ကို သင်ယူမှတ်သားပြီး၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ပြီး ဖြစ်သဖြင့် အာဂမသုတ-အဓိဂမသုတတည်းဟူသော သုတနှစ်မျိုးနှင့် ပြည့်စုံသော အရိယာ တပည့်ကို “သုတဝါ အရိယ သာဝကော” သုတနှင့် ပြည့်စုံသော အရိယာတပည့်ဟု ဆိုလို၏၊
သုတဝါတိ အာဂမာဓိဂမ သင်္ခါတေန ဗာဟုဿစ္စေန သမန္နာဂတတ္တာ သုတဝါ။ (သာရတ္ထ၊ဋီ၊၃၊၁၈၉)
ဤအတိုင်းသာလျှင် “ဧဝံ ပဿံ” အစရှိသော ပါဠိတော်၏ ဆိုလိုရင်း အဓိပ္ပာယ် အစစ်အမှန် ဖြစ်သောကြောင့် “မျက်စိ နားရှိ၍ မြင်တတ် ကြားတတ်သော လူကို အရိယာ ခေါ်သည်ဟု အရိယာနှင့်လူ အတူတူဖြစ်သည် စသည်ဖြင့် သမ္မာဒိဋ္ဌိ သုတေသနသမားတို့ ရေးသားထားကြသည်မှာ ရယ်စရာ စကားမျှသာ ဖြစ်၍ အမှားသက်သက်သာ ဖြစ်သည်။
(ခ) (င) ကောက်နုတ်ချက် လင်နှင့်မယား အရိယာ
၅။ ထို့ပြင် “ကိလေသာနံ အာရကတ္တာ အရိယော” စသည်ဖြင့် စောဒကပုဂ္ဂိုလ်တို့ ထုတ်ပြထားအပ်သော ပိဋကကျမ်းဂန်များနှင့်အညီ ဖော်ပြခဲ့သော အကြားအမြင် သုတနှစ်မျိုးနှင့် ပြည့်စုံ၍ ကိလေသာ အညစ်အကြေး ကင်းဝေးကြည်လင် ဖြူစင်မြင့်မြတ်သည့် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာများ ဖြစ်တော်မူကြသော အလွန်အလေးဂရုပြုထိုက်သည့် သူတော်စင်, သူတော်ကောင်း, ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်များသာ အရိယာပုဂ္ဂိုလ်အစစ် ဖြစ်ကြသောကြောင့် သမ္မာဒိဋ္ဌိ သုတေသနသမားတို့၏ မိန်းမယောက်ျား လင်မယားနှစ်ယောက်ကို အရိယာ ခေါ်သည်ဟု ပြောဆိုထားသော (၂) အချက်စကားသည်လည်းကောင်း၊ လူမိလူဖက မွေးသော လူသားကို အရိယာခေါ်သည်ဟု ရေးသားထားသော (၅) အချက်စကားသည် လည်းကောင်း ထင်ရာမြင်ရာ ပရမ်းပတာ ပြောဆိုရေးသားထားသော အလွန်ယုတ်ညံ့သည့် စကားသိမ်, စကားဖျင်း, အမနာပ, သမ္ဖပ္ပလာပ စကားများသာ ဖြစ်၍ အဓမ္မဝါဒ ဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ ဆုံးဖြတ်တော်မူကြသည်။
(ဃ) အကြောက်အမျှော်မှား၊ သောတာပန်အမှား
၆။ အကြောက်နှင့် အမျှော် ကင်းခြင်းကို သောတာပတ္တိမဂ်ဟု မှတ်ရမည်ဖြစ်ကြောင်း ရေးသားထားသော စုဒိတက သမ္မာဒိဋ္ဌိ သုတေသနသမားတို့၏ စကားမှာ ထေရဝါဒပိဋက ကျမ်းဂန်များနှင့် အလွန်ဆန့်ကျင်ပြီး မရိုးသားလွန်းသော ရည်ရွယ်ချက်များဖြင့် သူတို့လိုရာဆွဲ၍ ကြံစည်စဉ်းစား ရေးသားထားသော ထွင်လုံး ဆင်လုံးများသာ ဖြစ်၏၊ ရုပ်ဝါဒ သောတာပန် ထူထောင်ခြင်းသာ ဖြစ်သည်။
အကြောက်အမျှော် ကင်းသည်ဟု ဆိုသော်လည်း သောတာပတ္တိမဂ်ဖိုလ်ရသော ပုဂ္ဂိုလ်သည် အရိယာ သူတော်ကောင်းပီပီ အကုသိုလ် ဒုစရိုက်ကို ကြောက်သည်သာ ဖြစ်သောကြောင့် အကြောက်မကင်းဟုလည်း ဆိုနိုင်၏၊ အဝိနိပါတ ဓမ္မော နိယတော သမ္ဗောဓိပရာယဏော ဟူသော သီလက္ခန် ပါဠိတော် (၁၄၈) စသည်နှင့်အညီ သောတာပန်ပုဂ္ဂိုလ်သည် အထက်မဂ် အထက်ဖိုလ်ရရန် သေချာနေသည် ဖြစ်ရကား အပါယ်လေးပါးတို့၌ လားရောက်တော့မည် မဟုတ်သောကြောင့် အပါယ်ဒုဂ္ဂတိဘေးကို တွေး၍မကြောက်၊ အကြောက်ကင်းသည်ဟုလည်း ဆိုနိုင်၏၊
“အာသာ စ ပန မေ သန္တိဋ္ဌတိ သကဒါဂါမိတာယ (ဒီ၊၂၊၁၆၇)” ဟူသော သုတ်မဟာဝါ ဇနဝသဘသုတ်နှင့် “နိရာသော အာသံသော ဝိဂတာသော (အံ၊၁၊၁၀၆)” စသော အင်္ဂုတ္တိုရ် ပါဠိတော် အာသံသသုတ်တို့နှင့်အညီ သောတာပတ္တိမဂ် ဖိုလ်ရပြီးသောပုဂ္ဂိုလ်သည် အထက်မဂ်ဖိုလ်ရရန် မျှော်လင့်နေသည်သာမက ကာမဂုဏ်၌ တပ်မက်မှု ကာမရာဂ အပြီးအပြတ် ကင်းရှင်းပြီး မဟုတ်သောကြောင့် သုဂတိဘဝနှင့် လူနတ်ချမ်းသာကို မျှော်မှန်းတောင့်တခြင်း ကင်းပြီဟုလည်း မဆိုနိုင်ချေ။
၇။ ထို့ပြင် ပြခဲ့သော သီလက္ခန် ပါဠိတော်နှင့် အင်္ဂုတ္တိုရ်ပါဠိတော်၊ တိက စတုက္ကနိပါတ်(၂၃၃၊ ၄၀၁)၊ ပုဂ္ဂလပညတ်ပါဠိတော်(၁၂၀၊၁၂၁) တို့၌ -
သောတာပန် ပုဂ္ဂိုလ်သည် - သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ ဟူသော သံယောဇဉ် သုံးမျိုး လုံးဝကင်းရှင်းအောင် ပယ်သတ်ပြီး ဖြစ်၏၊
သကဒါဂါမ် ပုဂ္ဂိုလ်သည် - ကာမရာဂနှင့် ဒေါသဗျာပါဒ အကုသိုလ်တို့ကို လျော့နည်းသွားအောင် ပယ်သတ်၏၊
အနာဂါမ် ပုဂ္ဂိုလ်သည် - ကာမရာဂ, ပဋိဃ, သီလဗ္ဗတပရာမာသ, ဒိဋ္ဌိ, ဝိစိကိစ္ဆာ ဟူသော အောက်ကာမဘုံသို့ ရောက်စေတတ်သော သံယောဇဉ်ငါးမျိုးကို လုံးဝကင်းရှင်းအောင် ပယ်သတ်ပြီး ဖြစ်၏၊
ရဟန္တာ ပုဂ္ဂိုလ်သည် - ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ ဟူသော အထက်ဗြဟ္မာဘုံသို့ ရောက်စေတတ်သော သံယောဇဉ် ငါးမျိုးတို့ကို အကြွင်းအကျန် မရှိအောင် ပယ်သတ်ပြီး ဖြစ်၏၊
၈။ ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဒေသနာတော်ရှိပြီး ဖြစ်သောကြောင့် သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ်က ထုတ်ဝေသော သစ္စာဓမ္မစာစောင်၌ အကြောက်အမျှော် ကင်းခြင်းကို သောတာပတ္တိမဂ် ဟုလည်းကောင်း၊ စိုးရိမ်မှု တုန်လှုပ်မှု ကင်းခြင်းကို သကဒါဂါမိမဂ် ဟုလည်းကောင်း၊ စသည်ဖြင့် ရေးသားထားသော စာများမှာ သူတို့စိတ်ကူး၊ သူတို့ထွင်လုံး သက်သက်မျှသာ ဖြစ်သောကြောင့် အလေးဂရုပြု၍ မှတ်သားထိုက်သော စကားမဟုတ်၊ စွန့်ပယ်ရမည့် အဓမ္မဝါဒ စကားမျိုးသာ ဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ ဆုံးဖြတ်တော်မူကြသည်။
နိဗ္ဗာန်နှင့် စပ်သည့် စောဒနာ၌ အကျဉ်းကောက်နုတ်ချက်
၉။ သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်က ထုတ်ဝေသော ဗုဒ္ဓဝါဒ အခြေခံသင်တန်း သင်တန်း အမှတ်စဉ် (၁) သင်တန်းမှတ်စု စာအုပ် စာမျက်နှာ (၄၁) ၌-
(က) ဝါန = အကြောက်၊ အလို
နိ = မရှိခြင်း၊ ကင်းခြင်း
နိဝါန = နိဗ္ဗာန၊ နိဗ္ဗာန် ဟူ၍ ဖွင့်ဆိုရေးသားထားခြင်း၊
(ခ) ၃၁ ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ် စာမျက်နှာ ၁၁၄ ၌-
ဤ ခန္ဓာကိုယ်တည်းဟူသော ရုပ်တရား၊ ရူပက္ခန္ဓာတွင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏဟူသော အရူပက္ခန္ဓာဂုဏ်နှင့် နိဗ္ဗာန်ဂုဏ်ဟူသော နှစ်မျိုးရှိလေသည်” ဟု ရေးသားထားခြင်း၊
(ဂ) သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာစာအုပ်၊ ပထမတွဲ စာမျက်နှာ ၄၅ တွင် “နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍” အားထုတ်ပါက ဤနိဗ္ဗာန်အလိုသည် ကာမနှင့် ယှဉ်သော အလိုသာ ဖြစ်ရပေမည်” ဟု ရေးသားထားခြင်း။
(ဃ) ဦးဥက္ကဋ္ဌ၏ ဗုဒ္ဓဓမ္မစကြာစာအုပ် စာမျက်နှာ ၅၂၊ ၅၃ ၌- “နိဗ္ဗာန်နှင့် ခန္ဓာငါးပါးဟာ တစ်ခြားစီမဟုတ်၊ ပူးတွဲလျက်ရှိကြောင်း၊ ခန္ဓာငါးပါးဟာ နိဗ္ဗာန် ဖြစ်နိုင်ကြောင်း” ရေးသားထားခြင်း၊
(င) ဦးဥက္ကဋ္ဌ၏ အိုယောဂီ သင် ဘယ်ဆီသွားမလဲဟူသော စာအုပ် စာမျက်နှာ ၈၆ ၌ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်သည် နာမ်၌ ထည့်ထားသောကြောင့် နာမ်သည် ရုပ်တရားတို့၏ ဂုဏ်ဖြစ်ခဲ့ပါမူ နိဗ္ဗာန်သည်လည်း ရုပ်တရားတို့၏ ဂုဏ်ဖြစ်ရမည်” ဟု ရေးသားထားခြင်း။
၁၀။ အထက်ပါ အရေးအသားများဖြင့် စုဒိတက သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် နိဗ္ဗာန် ဟူသော အမည်နာမ ဝေါဟာရ စကားလုံးကို မဟုတ်မမှန် ဝေဖန် ဖျက်ဆီးထားခြင်း၊ နိဗ္ဗာန်ကို ရုပ်၏ဂုဏ်ဟုဆိုကာ ရုပ်ဝါဒသမားတို့၏ သဘောတရား၌ ထည့်သွင်းထားခြင်း၊ အနုပါဒိဏ္ဏ အနုပါဒါနိယာဓမ္မာဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် ကာမတဏှာဖြင့် အာရုံပြုတောင့်တအပ်သော တရားမဟုတ်ပါပဲလျက် “ဤနိဗ္ဗာန်အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ရမည်” ဟု “သာ” ဟူသော ဧကန်စကားလုံးဖြင့် ရေးသားကာ ကာမတဏှာ၏ အာရုံနယ်ပယ်၌ ထည့်သွင်းထားခြင်း၊ ဗဟိဒ္ဓါဗမ္မာဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့် အညီ နိဗ္ဗာန်သည် အတွင်းခန္ဓာငါးပါး အဇ္ဈတ္တတရား၌ မပါဝင်သော အပြင်အပ ဗဟိဒ္ဓတရား ဖြစ်ပါလျက်” အဇ္ဈတ္တခန္ဓာငါးပါး၌ ထည့်သွင်းထားခြင်း၊ ဤနည်းဤပုံအားဖြင့် သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့သည် နိဗ္ဗာန်၏ သဘောတရားကို မဟုတ်မမှန် လုပ်ကြံဖျက်ဆီးထားကြောင်းဖြင့် စောဒကပုဂ္ဂိုလ်တို့က စွဲချက်တင်ပြ စောဒနာကြသည်။
စုဒိတကပုဂ္ဂိုလ်တို့၏ သောဓနာ၌ အကျဉ်းကောက်နုတ်ချက်
စုဒိတက သခင်မြတ်ဆိုင်သည် သုတ္တနိပါတ် မြန်မာပြန် မာဂဏ္ဍိယသုတ် စာမျက်နှာ ၃၈၆-မှ “အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာတို့ ငြိမ်းရာ နိဗ္ဗာန်ကို မြင်ပြီ” ဟူသော မာဂဏ္ဍိယသုတ်လာ စကားကို ကိုးကားပြီးလျှင် နိဗ္ဗာန်သည် ဗဟိဒ္ဓတရားမဟုတ်၊ အဇ္ဈတ္တတရားသာ ဖြစ်ပါကြောင်း ပြန်လည်ချေပမှု သောဓနာ ပြုသွားသည်။
ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့၏ ဝေဖန်စိစစ်ချက်
၁၂။ (က) ကောက်နုတ်ချက် (နိဗ္ဗာန်)
နိဗ္ဗာန (နိ+ဝါ) ဟူသော စကား၏ အနက်အဓိပ္ပာယ် အမှန်ကိုပြရသော် အတိတ်ဘဝဟူသော ရုပ်နာမ်ခန္ဓာနှင့် ပစ္စုပ္ပန်ဘဝဟူသော ရုပ်နာမ်ခန္ဓာကိုလည်းကောင်း၊ ပစ္စုပ္ပန်ဘဝ ရုပ်နာမ်ခန္ဓာနှင့် အနာဂတ်ဘဝ ရုပ်နာမ်ခန္ဓာကို လည်းကောင်း၊ အကျိုးရုပ်နာမ်တရားနှင့် အကြောင်းကုသိုလ် အကုသိုလ်ကံကို လည်းကောင်း၊ အဆက်မပြတ်အောင် ဖွဲ့စပ်တတ်သော တဏှာကို ဝါနဟု ခေါ်၏၊
ထိုဝါနဟု ခေါ်အပ်သော တဏှာ၏ တောင့်တရာ အာရုံနယ်နိမိတ်နှင့် လုံးဝ မဆက်မစပ် အလွတ်သတ်သတ်ဖြစ်သော ပရမတ်တရားကို နိဝါန = နိဗ္ဗာန = နိဗ္ဗာန် ဟုခေါ်သည်။
ဝါန = တဏှာမှ
နိ = ထွက်ခွာသော တရား၊ ကင်းရှင်းသော တရား
နိဗ္ဗာန = တဏှာနှင့် မဆက်မစပ် အလွတ်သက်သက် ဖြစ်သော တရား။ (ပါရာဇိကဏ် အဋ္ဌကထာ၊ ဒု၊ ၁၈၄။ သုတ်မဟာဝါ အဋ္ဌကထာ၊ ၅၆)
ဤအတိုင်းသာ အဓိပ္ပာယ်အမှန်ဖြစ်၏၊ ထို့ကြောင့် သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်က ထုတ်ဝေသော နိဗ္ဗာန် ဖွင့်ဆိုရေးသားချက်များမှာ ထင်မိထင်ရာ လွဲမှားစွာ ရေးသားထားသော စကားများသာ ဖြစ်သည်ဟု ဝေဖန်တော်မူကြသည်။
(ခ) (ဂ) ကောက်နုတ်ချက် (နာမ်နှင့် နိဗ္ဗာန်)
၁၃။ နိဗ္ဗာန်ကို ရုပ်တရားတို့၏ ဂုဏ်ဟု ရေးသားထားကြသည်မှာ ဗုဒ္ဓသာသနာတော်၏ ပြင်ဘက် မိစ္ဆာဝါဒီတို့၏ စကားသာ ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော နာမ်တရားများသည် ရုပ်တရား၏ ဂုဏ်မဟုတ်သကဲ့သို့ နိဗ္ဗာန်သည်လည်း ရုပ်တရား၏ ဂုဏ်မဟုတ်၊ အလွန်ချောညက်သော သစ်သားပျဉ်ပြားမှ ထွက်လာသော အရောင်သည် ထိုသစ်သား၏ အရောင်ဖြစ်သော်လည်း ထိုဝေဒနာ စသည်တို့နှင့် နိဗ္ဗာန်သည်ကား ရုပ်တရားမှ ထွက်ပေါ်လာသော အရောင်အရှိန်အဝါ မဟုတ်ပဲ ရုပ်တရားမှ သီးခြားဖြစ်သော ပရမတ်တရားမျှသာတည်း။ ဤစကားအရ စုဒိတက ဦးဥက္ကဋ္ဌ ဝါဒီတို့သည် ရုပ်ဝါဒသမားဖြစ်ကြောင်း အတပ်သိနိုင်ကြပေသည်။
နာမ်တရားကို ရုပ်၏ဂုဏ်ဟု ဆိုကြသဖြင့် လောက၌ ရုပ်သည်သာ အခြေခံအမှန်တရားဟု ဆိုရာရောက်သည်။ ထို့ထက် ဆိုးဝါးသည်မှာ နိဗ္ဗာန်ကိုပင် ရုပ်၏ဂုဏ်ဟု ဆိုခြင်းဖြစ်သည်။ ဤသို့ဆိုခြင်းဖြင့် ဗုဒ္ဓသာသနာတော်၌ ရှိသော နာမ်တရား၊ နိဗ္ဗာန်တရားတို့ကို ရုပ်ဝါဒထဲသို့ အတင်းဆွဲသွင်းကြကြောင်း လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်။
(ဂ) ကောက်နုတ်ချက် (နိဗ္ဗာန်လိုချင်မှု)
၁၄။ ဗုဒ္ဓဝိပဿနာ (၁) နှာ ၄၅-၌ လာသော စကားရပ် အပြည့်အစုံမှာ-
“နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍ အားထုတ်ပါက ဤနိဗ္ဗာန်အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ပေမည်။ ကာမပါလာလျှင် တဏှာဖြစ်နေ၍ ထိုတောင့်တမှုမျိုးနှင့်သာ လုပ်ပါက မည်မျှအားထုတ်အားထုတ် မည်သည့်နည်းနှင့်မျှ မဂ်ဖိုလ်နှင့် မနီးနိုင်ပေ” ဟု ဖြစ်သည်။
ဤသို့ရေးသားထားခြင်းဖြင့် “နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍ အားထုတ်လျှင် ကာမတဏှာဖြစ်သည်။ ထိုတောင့်တမှုမျိုးဖြင့် အားထုတ်လျှင် မဂ်ဖိုလ်မရနိုင်၊ ထိုတောင့်တမှုမျိုးဖြင့် အားမထုတ်ရ” ဟု ဆိုလို၏၊
စောဒက ဆရာတော်တို့ကမူ-
ထိုကုသိုလ်ဆန္ဒဖြင့် နိဗ္ဗာန်ကို အာရုံပြု၍ တောင့်တရမည်သာ ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစကားနှစ်ရပ်ကို သုံးသပ်စိစစ်သည်ရှိသော် စောဒကပုဂ္ဂိုလ်တို့ ထုတ်ပြအပ်သော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော လောကီကံ၏ အကျိုးလည်းမဟုတ်၊ တဏှာဒိဋ္ဌိတည်းဟူသော ဥပါဒါန် အာရုံလည်း မဟုတ်သော) အနုပါဒိဏ္ဏ အနုပါဒါနိယ တရားဖြစ်သောကြောင့် ပရမတ်ဖြစ်သော နိဗ္ဗာန်အစစ်ကို တဏှာလောဘဖြင့် အာရုံပြုကာ တောင့်တ၍ မဖြစ်နိုင်၊ သံမီးခဲရဲရဲကြီးပေါ်၌ ယင်ကောင် မကပ်နိုင်၊ မစားနိုင် သကဲ့သို့ ထို့အတူ လောကီအာရုံ ကာမဂုဏ်၌ မွေ့လျော်ပျော်ပါး ကျက်စားလေ့ရှိသော တဏှာသည် ကာမဂုဏ်ချမ်းသာ အနည်းငယ်မျှ မပါသော နိဗ္ဗာန်ချမ်းသာအစစ်ကို ဘယ်အခါမျှ အာရုံမပြုနိုင်၊ မတောင့်တနိုင်၊ တဏှာလောဘ သာမက သောတာပတ္တိ မဂ္ဂဝီထိဝယ် သောတာပတ္တိမဂ်၏ရှေ့ ဂေါတြဘူစိတ်မှလွဲ၍ ပုထုဇဉ်တို့၏ မည်သည့်စိတ်ကမျှ နိဗ္ဗာန်အစစ်ကို အာရုံမပြုနိုင်၊ ထို့ကြောင့် “နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍ အားထုတ်ပါက ဤနိဗ္ဗာန်အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ပေမည်” ဟူသော စကားရပ်သည် အလွဲအမှား သက်သက်သာ ဖြစ်ပေမည်။
“ကာမပါလာလျှင် တဏှာဖြစ်နေ၍ ထိုတောင့်တမှုမျိုးနှင့် လုပ်ပါက မည်မျှအားထုတ်အားထုတ် မည်သည့်နည်းနှင့်မျှ မဂ်ဖိုလ်နှင့် မနီးနိုင်ပေ” ဟူသော စုဒိတက စကားရပ်ကို စေ့စပ်သေချာစွာ စိစစ်ပါမူ (ကထံ ပန လောကုတ္တရဓမ္မေ အာရဗ္တ အာသာ ဥပ္ပဇ္ဇတီတိ န ခေါ ပနေတံ ဧဝံ ဒဋ္ဌဗ္ဗံ။ န အာရမ္မဏကရဏဝသေန တတ္ထ ပိဟာ ပဝတ္တတိ၊ အဝိသယတ္တာ ပုဂ္ဂလဿ စ အနဓိဂတဘာဝတော။ အနုဿဝူပလဒ္ဓေ ပန အနုတ္တရဝိမောက္ခေ ဥဒ္ဒိဿ ပိဟံ ဥပ္ပါဒေန္တော တတ္တ ပိဟံ ဥပ္ပါဒေတိ နာမ။ စတုက္ကနိပါတ် အင်္ဂုတ္တရဋီကာ(၃၃၈)ပုထုဇဉ်တို့၌ နိဗ္ဗာန်ကို မှန်းဆ၍ လိုချင်တောင့်တသည့်အခါ သိမ်မွေ့သည့် ပိဟာခေါ်သော တဏှာဖြစ်နိုင်၏၊ ထိုသိမ်မွေ့သော တဏှာသည်ကား ပရမတ္တဖြစ်သော နိဗ္ဗာန်အစစ်ကို အာရုံပြုသည်မဟုတ်ပဲ တစ်ဆင့်ကြားဖြင့် ရော်ရမ်းမှန်းဆ၍ နိဗ္ဗာန်၏ ငြိမ်းအေးပုံ အခြင်းအရာ အာကာရပညတ် (နိဗ္ဗာန်အတု) ကိုသာ အာရုံပြု တောင့်တနေခြင်း ဖြစ်သည်။ ထိုသိမ်မွေ့သော ပိဟာခေါ်သော တဏှာဖြင့် ဝဋ်မြစ်ဖြစ်သော “ဝဋ္ဋမူလိကာ” တဏှာကို ပယ်ရမည်ဟု ဟောတော်မူသော ဒေသနာတော်ကို အင်္ဂုတ္တိုရ် စတုက္ကနိပါတ်(၄၆၂၊၄၆၃) မှ ထုတ်နုတ်၍ အနည်းငယ် ဖော်ပြလိုပေသည်။
အခါတစ်ပါး၌ ရဟန်းမတစ်ယောက်သည် အရှင်အာနန္ဒာ အပေါ်၌ စွဲမက်သော စိတ်ဖြစ်ကာ ယောက်ျားတစ်ယောက်ကို အရှင်အာနန္ဒာ ပင့်ပေးရန် စေခိုင်းလိုက်ရာ အရှင်အာနန္ဒာလည်း ကြွလာတော်မူသည်။ ထိုရဟန်းမသည် အရှင်အာနန္ဒာကို မြင်လျှင် ခေါင်းမြီးခြုံ၍ အိပ်နေသည်။ အရှင်အာနန္ဒာက ရိပ်စားမိ၍ “နှမ ဤကိုယ်သည် အာဟာရကြောင့် ဖြစ်၏၊ အာဟာရကို မှီ၍ အာဟာရကို ပယ်ရမည်။ တဏှာကိုမှီ၍ တဏှာကို ပယ်ရမည်။ မာနကိုမှီ၍ မာနကို ပယ်ရမည်။ မေထုန်၌မူကား အကြောင်းကို သတ်ရမည်ဟု မြတ်စွာဘုရား ဟောတော်မူ၏” ဟု စကားခင်း၍ အကျယ်ဟောတော်မူ၏၊
တဏှာကိုမှီ၍ တဏှာကို ပယ်ရမည် ဟူသော စကား၏ အကျယ်အဓိပ္ပါယ်မှာ ရဟန်းတစ်ပါးသည် အခြားရဟန်းတစ်ပါး၏ အရဟတ္တဖိုလ် ရသွားကြောင်း သတင်းစကားကို ကြားရ၍ အဘယ်အခါ၌ ငါသည်လည်း အရဟတ္တဖိုလ် ရပါမည်နည်းဟု အကြံဖြစ်၏၊ ထိုရဟန်းသည် အရဟတ္တဖိုလ်ကို တောင့်တသည့် တဏှာကိုမှီ၍ ဝဋ်မြစ်ဖြစ်သော “ဝဋ္ဋမူလိကာ” တဏှာကို ပယ်လေသည် စသည်ဖြင့် ဟောပြသည့်အခါ အရှင်အာနန္ဒာ အပေါ်၌ စွဲလမ်းသည့် ဆန္ဒရာဂကင်း၍ အရှင်အာနန္ဒာကို ကန်တော့ဝန်ချလေသည်။
ထိုအရဟတ္တဖိုလ်ကို တောင့်တသည့် တဏှာသည် မှီဝဲထိုက်၊ လက်ခံထိုက်သော “သေဝိတဗ္ဗ” တဏှာဖြစ်၍ ပဋိသန္ဓေ အကျိုးကို မပေးနိုင်၊ ထိုသေဝိတဗ္ဗ တဏှာဖြင့် နိကန္တိ တဏှာကို ပယ်ရမည်ဟု ယင်းအဋ္ဌကထာ နှာ-၃၄၀ ၌ ပြဆိုလေသည်။
တဏှာကိုမှီ၍ မဂ်ဖိုလ်တရား ဖြစ်နိုင်ပုံကို ပဋ္ဌာန်းပါဠိတော်-ပ-နှာ ၁၄၉၊ ၁၅၀ ၌-
“ရာဂံ ဥပနိဿယ။ပ။ မဂ္ဂံ ဥပ္ပာဒေတိ။ပ။ သမာပတ္တိံ ဥပ္ပာဒေတိ ရာဂေါ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယ ပစ္စယေန ပစ္စယော”
ဟု ဟောတော်မူသည်။ အဓိပ္ပာယ်ကား “ရာဂကိုမှီ၍ ဒါနကို ပေးလှူ၏၊ သီလကိုဆောက်တည်၏၊ ဥပုသ်စောင့်သုံးမှုကို ပြု၏၊ စျာန်၊ ဝိပဿနာ၊ မဂ်၊ အဘိညာဉ်၊ သမာပတ်ကို ဖြစ်စေ၏၊ ရာဂသည် ဖလသမာပတ်အား ဥပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။ ဦးဥက္ကဋ္ဌတို့သည် ဤသို့သော ပဋ္ဌာန်းဆက်ကို နားမလည်၍ ဆိုမှားမိရှာကြ၏၊
ဖော်ပြပါ ကျမ်းဂန်များနှင့်အညီ နိဗ္ဗာန်ကိုတောင့်တ၍ ကုသိုလ်တရားတို့ကို ပွားများအားထုတ်သင့်သည်သာ ဖြစ်ပေသည်။
ထို့ကြောင့် “ကာမပါလာလျှင် တဏှာဖြစ်နေ၍ ထိုတောင့်တမှုမျိုးနှင့်သာ လုပ်ပါက မည်မျှအားထုတ်အားထုတ် မည်သည့်နည်းနှင့်မျှ မဂ်ဖိုလ်နှင့် မနီးနိုင်ပေ” ဟူသော အယူသည် ဖော်ပြခဲ့ပြီးသော အင်္ဂုတ္တိုရ် ပါဠိတော်၊ ပဋ္ဌာန်းပါဠိတော်တို့နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ ဆုံးဖြတ်တော် မူကြသည်။
(ဃ) (င) ကောက်နုတ်ချက် (ဗဟိဒ္ဓနိဗ္ဗာန်)
၁၅။ ဗဟိဒ္ဓါဓမ္မာ ဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် ခန္ဓာငါးပါးမှ အပြင်အပ ဗဟိဒ္ဓတရားဖြစ်ကြောင်း စောဒကပုဂ္ဂိုလ်တို့က တင်ပြထားပေသည်။ ယင်းတို့ တင်ပြထားခြင်းသည်-
“ဓမ္မာယတနံ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ။ပ။ သင်္ဂဟိတံ။ စတ္တာရိ သစ္စာနိ အသင်္ခတံ ခန္ဓတော ဌပေတွာ။ပ။ သင်္ဂဟိတာနိ”
ဟူ၍ အသင်္ခေတနိဗ္ဗာန်သည် ခန္ဓာငါးပါး၌ မဝင်ပဲ ခန္ဓာငါးပါးမှ အလွတ်သီးသန့် ပရမတ်တရားဖြစ်ကြောင်း ဟောတော်မူထားသော ဓာတုကထာ ပါဠိတော် (၆၊၁၀) နှင့် ညီညွတ်၏၊ အပရိယာပန္နာ ဓမ္မာ၊ အသင်္ခတာ ဓမ္မာ၊ ဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် သင်္ခတနယ်ပယ်၌ မပါဝင်ပြုပြင်ဖန်တီး၍ မရသော တရားဖြစ်၍ ဗဟိဒ္ဓစင်စစ် ဖြစ်ပေသည်။
သို့ပါလျက် စုဒိတက သခင်မြတ်ဆိုင်သည် သုတ္တနိပါတ်၊ မာဂဏ္ဍိယသုတ်ကို သာဓကအဖြစ် ထုတ်ပြပြီးလျှင် ထိုသာဓကကို လွဲမှားစွာ အဓိပ္ပာယ်ဆက်စပ် ကောက်ယူကာ “နိဗ္ဗာန်သည် ဗဟိဒ္ဓတရားမဟုတ်၊ အဇ္ဈတ္တတရားသာ ဖြစ်ပါသည်” ဟု ပြန်လည်ချေပသွား၏၊ ထိုမာဂဏ္ဍိယသုတ်၌-
“အဇ္ဈတ္တ သန္တိံ ပစိနံ အဒဿံ - အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိလေသာကို ငြိမ်းရာနိဗ္ဗာန်ကို မြင်ပြီ” ဟူသော စကားသည် သခင်မြတ်ဆိုင်၏ အရေးပါဆုံးသော သာဓက ဖြစ်၏၊ ထိုစကား၌ သခင်မြတ်ဆိုင်သည် “အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိလေသာ” ဟူ၍ စကားမဆက်စပ်ပဲ “အဇ္ဈတ္တသန္တာန်၌ ဖြစ်သောနိဗ္ဗာန်” ဟု ခုန်ကျော်၍ စကားဆက်စပ် အဓိပ္ပာယ် ယူမိသည့်အတွက် နိဗ္ဗာန်ကို အဇ္ဈတ္တတရားဟု အယူအဆ လွဲမှားသွားခြင်း ဖြစ်၏၊ “အဇ္ဈတ္တသန္တာန်၌ ဖြစ်သော” ဟူသော နာမဝိသေသန စကားရပ်သည် “ကိလေသာ” ဟူသော နောက်ပုဒ်ကိုသာ အထူးပြု၍ ဆက်စပ်သည်။ “ကိလေသာတို့၏ ငြိမ်းရာ” ဟူသော စကားသည်သာ “နိဗ္ဗာန်” ဟူသော စကားနှင့် ဆက်စပ်၏၊ “အဇ္ဈတ္တသန္တာန်၌ဖြစ်သော” ဟူသော စကားမပါပဲ ကိလေသာတို့၏ ငြိမ်းရာနိဗ္ဗာန်ဟု ဆိုလျှင်လည်း ပြီးပြည့်စုံသည်။ သို့သော် ကိလေသာဟူသည် တစ်ခြားကိလေသာမဟုတ် “အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာ” ဟု သိသာစေရန်သာ ထည့်ခြင်း ဖြစ်၏၊
သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် (၎င်းတို့ ဝန်ခံဖော်ပြချက်အတိုင်း) ပထမကြီး၊ ပထမကျော်၊ ဓမ္မာစရိယတို့ သင်ယူရသည့် ဓာတ်နည်း၊ အဓိပ္ပာယ်ကောက်နည်း၊ ပါဠိသဒ္ဒါနည်းတို့ကို မသင်ဖူးကြရှာသဖြင့် ယခုလို အဓိပ္ပာယ်မှန်အောင် မကောက်တတ် မယူတတ်ပဲ ချာလည်လည်နေကြခြင်း ဖြစ်၏၊ ပိဋကတ် စာပေသည်ကား သဒ္ဒါ အဘိဓမ္မာ အခြေခံမရှိဘဲ ဝတ္ထုဖတ်သလိုဖတ်ပြီး ထပြောနေကြသမျှ မည်သည့်အခါမျှ အမှန်ရမည် မဟုတ်ချေ။ သတိပြုကြရန် အချက်ပေတည်း။ ထိုမာဂဏ္ဍိယသုတ် စကားဝါကျ၏ အသေးစိတ် ဆိုလိုရင်း အဓိပ္ပာယ်မှာ -
ကိလေသာတို့သည် သတ္တဝါတို့၏ ခန္ဓာအစဉ်မှ အပြင်အပ ဗဟိဒ္ဓတရားမဟုတ်၊ သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ပါဝင်လျက် ဖြစ်ပေါ်နေသည့် အတွင်းခံ အဇ္ဈတ္တတရားဖြစ်၏၊ နိဗ္ဗာန်ကား ထိုအတွင်းခံ အဇ္ဈတ္တ ကိလေသာတို့၏ ချုပ်ငြိမ်းကင်းဝေးကြောင်းဖြစ်သော ဗဟိဒ္ဓတရားဖြစ်၏၊ ထိုဗဟိဒ္ဓဖြစ်သော နိဗ္ဗာန်တရားကို ငါမြင်တော်မူပြီဟု ဆိုလိုသည်။
ဤသို့လျှင် နိဗ္ဗာန်သည် ဗဟိဒ္ဓစင်စစ် ဖြစ်ပေသည်။ နိဗ္ဗာန်နှင့်စပ်၍ စုဒိတကတို့ ယူဆရေးသားထားသော အချက်အလက်များသည် ယခုပြခဲ့ပြီး စိစစ်ချက်အရ ပိဋကတ်ကျမ်းဂန်နှင့် မညီမညွတ် မှားယွင်းချွတ်ချော်သော တွေးတောကြံစည်ချက်များသာ ဖြစ်၍ အဓမ္မဝါဒဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော် မူကြသည်။