လေးလေးစားစား လှူကြမယ်
သင်ခန်းစာ(၂၁)
လေးလေးစားစားလှူကြမယ်
[ပြင်ဆင်ရန်]ကြံခင်းပိုင်ရှင် တစ်ခါက အမျိုးသားတစ်ဦးသည် ကြံစည်းကို ထမ်းပြီး ကြံတစ်ချောင်းကို ကိုက်စား၍ လမ်းလျှောက်ကာ အိမ်သို့ ပြန် လာ၏။ သူ၏ နောက်တွင် လူကြီးတစ်ဦးနှင့် ကလေးငယ် တစ်ယောက်လည်း ကပ်၍ လိုက်ပါလာသည်။ ကလေးငယ်က ကြံစားချင်သောကြောင့် ငိုယို၍ “ကြံ စားချင်တယ်၊ ကြံ ပေးပါ” ဟု အော်တောင်းလေ၏။ ထိုအခါ လူကြီးက “မိတ်ဆွေ ... ကလေးကို ကြံတစ်ပိုင်းလောက် ပေးလိုက်ပါဗျာ”ဟု ပြောလေ ၏။ ကြံစည်းပိုင်ရှင်လည်း မပေးချင် ပေးချင်ဖြင့် ကြံတစ်ပိုင်းကို နောက်ပြန် ပစ်ပြီးပေးလိုက်သည်။
ကြံစည်းပိုင်ရှင် သေလွန်သည့်အခါ အလွန်ကျယ်ဝန်း သော ကြံညိုတောကြီးကို အပိုင်စားရသည့် ပြိတ္တာတစ်ဦး ဖြစ် လာ၏။ သို့ရာတွင် သူသည် ကြံခင်းထဲက ကြံများကို ယူစား၍ မရပါ ။ ကြံချိုးရန် အနားသို့ ရောက်သွားတိုင်း ကြံချောင်းများက ယိမ်းနွဲ့ပြီး သူ့ကို ပြန်ရိုက်ကြ၏။ မည်မျှပင် ကြိုးစားသော်လည်း ယူ၍မရပေ။ ဤသို့ဖြင့် သူသည် ကြံတောကြီးကို ပိုင်ဆိုင်ထားသော် လည်း ကြံများကို မစားရဘဲ နေရရှာလေသည်။
တစ်နေ့တွင် အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်သည် ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံကြွလာ၏ ။ ကြံခင်းပိုင်ရှင် ပြိတ္တာက မထေရ်မြတ်ကို မြင်သည့်အခါ “အရှင်ဘုရား ... တပည့်တော်မှာ စားသောက်၍ မကုန်နိုင်အောင် ကျယ်ဝန်းလှသည့် ကြံတောကြီး ရှိပါတယ်၊ ဒါပေမဲ့ ဘယ်လိုမှ ချိုးယူစားသောက်လို့ မရပါဘုရား၊ အားတွေလည်း ပြတ်နေပါပြီဘုရား၊ ခန္ဓာကိုယ်ကလည်း အလွန် ပူလောင်နေပါတယ် ဘုရား၊ ဆင်းရဲဒုက္ခရောက်ပြီး အမြဲမပြတ် အော်ဟစ်နေရပါတယ်၊ ဘာကြောင့် ကြံတွေကို ချိုးယူစားသောက်လို့ မရပါသလဲ၊ ဒီလိုဖြစ်နေရတာ ဘယ်လို အကုသိုလ်မျိုးကို ပြုလုပ်ခဲ့မိလို့ ပါလဲဘုရား၊ တပည့်တော်နားလည်အောင် သေသေချာချာ ရှင်းပြပေးပါဘုရား” ဟူ၍ မေးလျှောက်လေ၏။
မထေရ်မြတ်က “သင်ဟာ လူ့ဘဝတုန်းက ကြံစားရင်း လမ်းလျှောက်သွားစဉ်မှာ ကလေးငယ် တစ်ယောက်က ငိုယိုပြီး ကြံကိုတောင်းတယ်၊ လူကြီးတစ်ယောက်ကလည်း ကလေးငိုနေတာကို မကြည့်ရက်လို့ သင့်ထံက ကြံကို တောင်းပေးခဲ့တယ်၊ သင်က မပေးချင်ပေးချင်နဲ့ ကြံတစ်ပိုင်းကို နောက်ပြန်ပစ်ပြီး ပေးခဲ့တယ်၊ အဲဒီလို နောက်ပြန် ပစ်ပြီးပေးခဲ့တဲ့ မကောင်းမှုကံကြောင့် အခုလို ဖြစ်ရတာ”ဟု ပြောကြားလေ၏။ မထေရ်မြတ်က ဆက်လက်၍ “သင် ကြံကို ပေးခဲ့တဲ့အတိုင်း နောက်ပြန် ဆွဲနုတ်ရင် သင်အလိုရှိတဲ့ ကြံကို သုံးဆောင်ရပါလိမ့်မယ်”ဟု မိန့်ကြားတော်မူ၏။
ကြံခင်းပိုင်ရှင်ပြိတ္တာလည်း အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် ပြောသည့်အတိုင်း ကြံကို နောက် ပြန် နုတ်ယူပြီး စိတ်ကြိုက်စားသောက်၏။ မထေရ်မြတ်အားလည်း ကြံစည်းကြီးကို ကပ်လှူလိုက်သည်။ ထိုအခါ မထေရ်မြတ်သည် ကြံစည်းကြီးကို မြတ်စွာဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်များ အား လှူဒါန်းရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် ကြံခင်းပိုင်ရှင်ပြိတ္တာသည် ကြံစည်းကြီးကို ထမ်းကာ မထေရ်မြတ်နောက်မှ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့ လိုက်သွား၍ ကြံစည်းကြီးကို လှူဒါန်းလေသည်။ ပြိတ္တာသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်များကို နာယူပြီး ဘုရားရှင်ကို ရှိခိုးဦးချပြီး ပြန်လာခဲ့၏။ ထို့နေ့မှစ၍ ကြံခင်းပိုင်ရှင် ပြိတ္တာ လည်း ကြံများကို စိတ်ကြိုက် ချိုးယူစားသောက်နိုင်တော့၏။ ကြံခင်းပိုင်ရှင် ပြိတ္တာသည် ထိုဘဝမှ ကွယ်လွန်ပြီးသောအခါ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်သွားလေသည်။
အလှူဒါန ပြုကြမယ်
[ပြင်ဆင်ရန်]ပေးကမ်း စွန့်ကြဲ လှူဒါန်းတာ၊
မြတ်သောဒါနပါ။
စေတနာ ကောင်းစွာထား၊
ကုသိုလ်အလွန်များ။
သူတစ်ပါးလည်း စိတ်ချမ်းသာ၊
ကိုယ်လည်း စိတ်ချမ်းသာ။
အကျိုးမှာ ဘယ်မနှေး၊
ဧကန်မုချပေး။ ။