လျင်ကြောင်းကျိုးရည်-ချီ ရတု
၁။ လျင်ကြောင်းကျိုးရည်၊ ဘက်စံရှည်၍့၊ မျိုးစည်မဝေး၊ မဟော်ကျေးနှင့်၊ ဘိုးဘေးမိဘ၊ တကွနေမှတ်၊ ငွေတောင်ထွတ်ဝယ်၊ ရံပတ်ရွေများ၊ ရွှင်ပျော်ပါး၍့၊ ဘုန်းအားနောင့်မှာ၊ ရောက်ပေလှာသည်၊ ရုပ်ဝါမြဆင်း၊ ကျေးများမင်း ...၊ သက်နှင်းစုဝေ၊ မယ်တို့နေသည်၊ ရွှေမြေအောင်မျှို့၊ နန်းရပ်သို့လျှင်၊ ပျံတို့ချေလေး၊ မဖင့်နှေးနှင့်၊ ညီကျေးယုံနေ၊ သည်နှစ် နွေကို၊ တင်စေအကြောင်း၊ မရောက်တောင်းသည်။ ။ သင်ပေါင်းရိုးရှည် ပွင့်တကား။
၂။ သင်ပေါင်းရိုးရှည်၊ ခိုင်မြောက်စည်၍့၊ အမည်ခေါ်မှန်း၊ နိမိတ်ပန်းနှင့်၊ လန်းလန်းရောက်အောင်၊ လှထွတ်ခေါင်ကို၊ ကျေးမောင်ယူချေ၊ ဆက်ပို့လေလော့၊ ဆောင်းနွေပြန်ခါ၊ အတာနှစ်ဦး၊ လ တန်ခူးကို၊ ပိုက်ကြူးရွှေရင်၊ ရဝေခွင်ဝယ်၊ နွှဲလျှင်လမည်၊ မှာသည်ယုယ၊ ရွှေခွန်းကလည်း၊ များလှမဝေး၊ ခေါ်မေးရုံသာ၊ တောင်လက်ယာက၊ ရံကာမစ၊ ထိန်းယရွေပေါင်း၊ ခနေညောင်းသည်။ ။ ရှင်နှောင်းမျိုးမည် မြင့်တကား။
၃။ ရှင်နှောင်းမျိုးမည်၊ မြင့်လှသည်သို့၊ နေခြည်မဝင်၊ ရောက်လေလျှင်သော်၊ သဘင်ထွတ်ကြိုက်၊ နှစ်ခြိုက်ရွှင်ပျော်၊ မယ်တော် ဘမင်း၊ သားချင်းကစ၊ ထိန်းယရံစောင်၊ လှထွတ်ခေါင်ကို၊ လက်ဆောင်ပန်းခက်၊ ကျွနု်ပ်ဆက်၍၊ ချန်ဝှက်မထား၊ မှာသည်များကို၊ လျှောက်ကြားပေလျှင်၊ ပျံ့ရွှင်လိုလို၊ နောင့်ကိုရည်လျက်၊ လှူဘို့ဆက်သည်၊ အထက်စူဠာ၊ စွယ်လက်ယာကို၊ ရှိကြာစုံပေါင်း၊ လျင်ဆုတောင်းသည်။ ။ ကြင်ကြောင်းကျိုးသည် ခွင့်တကား။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |