ဝရုဏဇာတ်
ဧကကနိပါတ်-ဝရုဏဝဂ်
၁။ ဝရုဏဇာတ်
ပြုချိန်မပြု နောက်မှပြုက သောကဖြစ်တတ်သည့် အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ယော ပုဗ္ဗေ ကရဏီယာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆဆင်အပ်သော ဤဝရုဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် ကုဋုမ္ဗိယပုတ္တတိဿ မထေရ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ အခါတပါးသောနေ့၌ သာဝတ္ထိမြို့၌နေကုန်သော အချင်းချင်း အဆွေခင်ပွန်းဖြစ်ကုန်သော သုံးကျိပ်အတိုင်း အရှည်ရှိကုန်သော အမျိုးကောင်းသားတို့သည် နံ့သာ, ပန်း, အဝတ် စသည်တို့ကို ယူကုန်၍ မြတ်စွာဘုရား၏တရားတော်ကို နာကုန်အံ့ဟု များစွာသောလူတို့ဖြင့် ခြံရံကုန်လျက် ဇေတဝန်ကျောင်းတော်သို့ သွားကုန်၍ ကံ့ဂေါသား၌ပြုအပ်သောမဏ္ဍပ် အင်ကြင်းသားဖြင့်ပြုအပ်သောမဏ္ဍပ် အစရှိသည်တို့၌ အတန်ငယ်နားနေကုန်ပြီး၍ ညချမ်းသောအခါ၌ မြတ်စွာဘုရားသည် ပန်းနံ့သာတို့ဖြင့်ထုံအပ်သော ဂန္ဓကုဋိမှထွက်တော်မူ၍ တရားသဘင်သို့ကြွတော်မူပြီးလျှင် တန်ဆာဆင်သော ဘုရားနေရာ၌နေတော်မူသည်ရှိသော် အခြံအရံနှင့်တကွ တရားသဘင်သို့သွားကုန်၍ မြတ်စွာဘုရားကို နံ့သာပန်းတို့ဖြင့်ပူဇော်၍ စက်ဖြင့်မှတ်အပ်သောအပြင်တို့၌ ပွင့်သောပဒုမာကဲ့သို့ တင့်တယ်ကုန်သောခြေတော်တို့၌ ရှိခိုးကုန်လျက် တင့်အပ်လျှောက်ပတ်စွာနေကုန်လျက် တရားတော်ကို နာကုန်၏။
ထိုအခါ ထိုအမျိုးကောင်းသားတို့အား အကြင် အကြင် သို့သော အခြင်းအရာဖြင့် ငါတို့သည် မြတ်စွာဘုရားဟောတော်မူအပ်သော တရားတော်ကို သိရှိကုန်၏။ ရဟန်းပြုကုန်အံ့ဟု ဤသို့သောအကြံသည် ဖြစ်၏။ ထိုအမျိုးသားတို့သည် မြတ်စွာဘုရားသည် တရားဟောပလ္လင်မှ ထွက်တော်မူသောကာလ၌ မြတ်စွာဘုရားသို့ကပ်ကုန်၍ ရဟန်းအဖြစ်ကို တောင်းပန်ကုန်၏။ မြတ်ဘုရားသည် ထိုအမျိုးကောင်းသားတို့အား ရဟန်း၏အဖြစ်ကို ပေးတော်မူ၏။ ထိုအမျိုးကောင်းသား ရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ကိုနှစ်သက်စေ၍ ရဟန်းအဖြစ်ကိုရကုန်၍ ငါးနှစ်တို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌ နေကုန်၍ မာတိကာနှစ်စောင်တို့ကို လေ့လာသည်ကိုပြုကုန်၍ သုံးပါးကုန်သော မင်္ဂလာအနုမောဒနာ, အမင်္ဂလာအနုမောဒနာ, ဆွမ်းအနုမောဒနာတို့ကိုသင်ပြီးလျှင် သင်္ကန်းတို့ကိုချုပ်၍ဆိုး၍ ရဟန်းတရားကိုပြုကုန်အံ့ဟု ဆရာဥပဇ္ဈာယ်တို့ကို ပန်ကြားပြီးလျှင် မြတ်စွာဘုရားသို့ကပ်ကုန်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာနေကုန်၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ဘဝတို့၌ငြီးငွေ့ကုန်၏။ ပဋိသန္ဓေ နေခြင်း, အိုခြင်း၊ ဖျားနာခြင်း, သေခြင်းဘေးမှ ကြောက်ကုန်၏။
အကျွန်ုပ်တို့အား သံသရာမှထွက်စိမ့်သောငှါ ကမ္မဋ္ဌာန်းကို ဟောတော်မူပါကုန်လောဟု တောင်းပန်ကုန်၏။
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏အလိုကိုမှီ၍ အာလောက ကသိုဏ်း အာကာသကသိုဏ်းသည် ကြဉ်အပ်ကုန်သော သုံးဆယ့်ရှစ်ပါးကုန်သောကမ္မဋ္ဌာန်းတို့တွင် လျောက်ပတ်သောကမ္မဋ္ဌာန်းကိုရွေး၍ ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းကို ယူကုန်၍ မြတ်စွာဘုရားကိုရှိခိုး၍ လာရစ်လှည့်သည်ကိုပြု၍ ပရိဝုဏ်သို့သွားပြီးလျှင် ဆရာဥပဇ္ဈာယ်တို့ကိုဖူးမြင်၍ သပိတ်သင်္ကန်းကိုယူ၍ ရဟန်းတရားကို ပြုအံ့ဟု ထွက်ကုန်၏။ ထိုအခါ ထိုရဟန်းတို့တွင် တယောက်သောအမည်အားဖြင့် ကုဋမ္မိယပုတ္တတိဿမထေရ်မည်သောရဟန်းသည် ပျင်း၏။ ယုတ်သော ဝီရိယရှိ၏။ ရသာရုံ၌ တပ်စွန်းတတ်၏။ ထိုကုဋုမ္ဗိယပုတ္တတိဿမထေရ်သည် ငါသည် တော၌နေခြင်းငှာ မတက်နိုင်၊ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းငှါ မတတ်နိုင်၊ ဆွမ်းခံသဖြင့် မျှတခြင်းငှာ မတတ်နိုင် ငါ့အား သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း ပြန်အံ့ဟုကြံ၏။ ကြံပြီး၍ ထိုကုဋုမ္ဗိယပုတ္တတိဿ မထေရ်သည် ဝီရိယကိုလွှတ်၍ ထိုရဟန်းတို့ကို ပို့လိုက်၍ပြန်ခဲ့၏။
ထိုရဟန်းတို့သည်လည်း ကောသလတိုင်းတို့၌ ဒေသစာရီ ကြွကုန်သည်ရှိသော် တခုသောပစ္စန္တရစ်သို့ရောက်၍ ထိုရွာကိုမှီ၍ တခုသောကျောင်း၌ ဝါသို့ကပ်ကုန်၍ ဝါတွင်းသုံးလပတ်လုံး စေ့ဆော်ကုန်လျက် လုံ့လပြုကုန်လျက် ဝိပဿနာတို့ကိုဖြစ်စေကုန်၍ မြေကြီးကိုပဲ့တင်ထပ်စေကုန်လျက် အရဟတ္တဖိုလ်သို့ရောက်ကုန်၍ ရအပ်သောကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကုန်အံ့ဟု ထိုရွာမှထွက်ခဲ့ကုန်၍ အစဉ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ရောက်ကုန်၍ သပိတ်သင်္ကန်းကိုသိုမှီးပြီးလျှင် ဆရာဥပဇ္ဈာယ်တို့ကို ဖူးမြင်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားအထံသို့သွားကုန်၍ ရှိခိုး၍နေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့နှင့်တကွ သာယာစွာသော နှုတ်ခွန်းဆက်ခြင်းကို ပြုတော်မူ၏။ ထိုရဟန်းတို့သည် ပြုအပ်ပြီးသော နှုတ်ခွန်းဆက်ခြင်းရှိကုန်သည်ဖြစ်၍ မိမိတို့သည် ရအပ်သောကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ချီးမွမ်းတော်မူ၏။ ကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် ထိုရဟန်းတို့၏ကျေးဇူးကို ဆိုတော်မူသော မြတ်စွာဘုရားကိုမြင်၍ မိမိသည်လည်း ရဟန်းတရားကို ပြုလိုသည် ဖြစ်၏။ ထိုရဟန်းတို့သည် အကျွန်ုပ်တို့သည် ထိုတောကျောင်းသို့သာလျှင်သွား၍ နေပါကုန်အံ့ဟု မြတ်စွာဘုရားကို ပန်ကြကုန်၏။ မြတ်စွာဘုရားသည်လည်းကောင်းပြီဟု ခွင့်ပြုတော်မူ၏။ ထိုရဟန်းတို့သည် ရှိခိုးပြီးလျှင် ပရိဝုဏ်သို့ ပြန်ခဲ့ကုန်၏။
ထိုကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် ညဉ့်အဘို့အတွင်း၌ အလွန်သောအားထုတ်ခြင်းရှိသည်ဖြစ်၍ အလွန်လျှင်မြန်သဖြင့် ရဟန်းတရားကို ပြုသည်ရှိသော် မဇ္ဈိမယာမ်၏အခြားမဲ့၌ တံကဲပျဉ်ကိုမှီ၍ ရပ်လျက်သာလျှင် ငိုက်မျဉ်းသည်ရှိသော် လည်၍လဲ၏။ ထိုကုဋုမ္ဗိယပုတ္တ တိဿမထေရ်၏ ပေါင်ရိုးသည်ကျိုး၏။ ကြီးသော ဝေဒနာသည် ဖြစ်၏။ ထိုကုဋုမ္ဗိယပုတ္တ တိဿမထေရ်ကို လုပ်ကျွေးကုန်သော ရဟန်းတို့၏သွားခြင်းသည် မပြည့်စုံ၊ ထိုအခါ မြတ်စွာစွာဘုရားကို ခစားသောအခါ၌လာကုန်သော ရဟန်းတို့ကို မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့သည် နက်ဖြန်သွားကုန်အံ့ဟု ယမန်နေ့ကပင် ပန်ကြားကုန်သည်မဟုတ်လောဟု မေးတော်မူ၏။ အရှင်ဘုရား ပန်ကြားကုန်သည် မှန်ပါ၏။ ထိုသို့ပန်ကြားသော်လည်း အကျွန်ုပ်တို့၏ အဆွေခင်ပွန်းဖြစ်သော ကုဋုမ္ဗိယပုတ္တတိဿမထေရ်သည် အခါမဟုတ်သည်၌ အလွန်လျင်မြန်သဖြင့် ရဟန်းတရားကိုပြုသည်ရှိသော် ငိုက်မျဉ်းခြင်းနှိပ်စက်အပ်သည်ဖြစ်၍ လည်၍လဲ၏။ ထိုကုဋုမ္ဗိယပုတ္တာတိဿမထေရ်၏ ပေါင်ရိုးသည် ကျိုး၏။ ထိုမထေရ်ကိုမှီ၍ အကျွန်ုပ်တို့အား သွားခြင်းသည် မပြည့်စုံဟု ကြားလျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် မိမိ၏ ယုတ်သော ဝီရိယရှိသည်၏အဖြစ်ကြောင့် အခါမဟုတ်သည်၌ အလွန်လျင်မြန်သဖြင့် ရဟန်းတရားကိုပြုသည်ရှိသော် သင်တို့၏ သွားခြင်းအန္တရာယ်ကိုပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဤကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် သင်တို့၏ သွားခြင်းအန္တရာယ်ကို ပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ ဘုရားလောင်းသည် ဒိသာပါမောက္ခ ဆရာ ဖြစ်၏ ငါးရာသောတပည့်တို့ကို အတတ်သင်စေ၏။ ထိုအခါ ဒိသာပါမောက္ခဆရာ၏တပည့် လုလင်တို့သည် တနေ့သ၌ ထင်းခွေအံ့သောငှါ တောသို့သွားကုန်၍ ထင်းတို့ကိုထုတ်ကုန်၏။ ထိုလုလင်တို့၏အတွင်း၌ တယောက်သော ပျင်းရိသောလုလင်သည် ရေခံတက်ပင်ကြီးကိုမြင်၍ ဤသစ်ပင်သည်ကား ခြောက်သောသစ်ပင်ဟုမှတ်၍ ရှေးဦးစွာ ခဏမျှအိပ်၍ နောက်မှ သစ်ပင်ကိုတက်ပြီးလျှင် ထင်းတို့ကိုချိုး၍ သွားအံ့ဟု အပေါ်လွှမ်းပုဆိုးကိုခင်း၍ လျောင်းသည်ရှိသော် ကျီးသံကဲ့သို့ဟောက်လျှက် အိပ်ပျော်ခြင်းသို့ရောက်၏။ ဤလုလင်မှတပါးကုန်သော လုလင်တို့သည် ထင်းစည်းတို့ကိုဖွဲ့ကုန်၍ ယူ၍သွားသည်ရှိသော် ထိုအိပ်ပျော်သောလုလင်ကို ခြေဖြင့်ကျောက်၍နှိုးပြီးလျှင် သွား၏။ ပျင်းရိသောလုလင်သည် ထလတ်၍ မျက်စိတို့ကိုသုတ်ပြီးလျှင် အိပ်ချင်ခြင်းမပြေသည်သာလျှင်ဖြစ်၍ ရေခံတက်ပင်သို့တက်ပြီးလျှင် သစ်ခက်တို့ကိုကိုင်၍ မိမိသို့ရှေ့ရှုငင်၍ချိုးသည်ရှိသော် ကျိုး၍ ထွက်ပေါ်သောအစွန်းဖြင့် မိမိ၏မျက်စိကိုဖောက်၍ လက်တဘက်ဖြင့် မျက်စိကိုပိတ်၍ လက်တဘက်ဖြင့် စိုသောထင်းတို့ကို ချိုး၍ သစ်ပင်မှသက်ပြီးလျှင် ထင်းစည်းကိုဖွဲ့၍ထမ်း၍ လျှင်စွာသွား၍ ထိုလုလင်ရှိသည်ချအပ်သော ထင်းတို့၏ အထက်၌ ချ၏။ ထိုနေ့၌လည်း ဇနပုဒ်ရွာမှ တဦးသောအမျိုးသည် နက်ဖြန်ပုဏ္ဏားတို့အား ဗေဒင်ရွတ်ဘတ်သရဇ္ဈာယ်ခြင်းကို ပြုစေအံ့ဟု ဆရာကို ဘိတ်၏။ ဆရာသည် တပည့်လုလင်တို့ကို အမောင်တို နက်ဖြန်ခါ တခုသောရွာသို့ သွားအပ်၏။ သင်တို့သည်ကား အာဟာရမရှိကုန်ဘဲ သွားအံ့သောငှါ မတတ်နိုင်လတ္တံ့၊ စောစောကလျှင် ယာဂုကိုကျို၍ ထိုရွာသို့သွား၍ မိမိသည်ရအပ်သော အစုကို၎င်း၊ ငါတို့သည် ရအပ်သောအစုကို၎င်း အလုံးစုံကိုယူ၍ လာကြကုန်လောဟု ဆို၏။ ထိုလုလင်တို့သည် စောစောကလျှင်ထ၍ ယာဂုကို ကျိုစိမ့်သောငှါ ကျွန်မကိုထစေ၍ လျှင်စွာငါတို့ကို့ယာဂုကိုကျိုလောဟု ဆိုကုန်၏။ ထိုကျွန်မသည် ထင်းတို့ကိုယူသည်ရှိသော် အထက်၌ တည်သော စိုသောရေခံတက်ထင်းတို့ကိုယူ၍ အဖန်တလဲလဲ နှုတ်သီးလေဖြင့်မှုတ်သော်လည်း မီးကိုတောက်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ နေသည်ထွက်လတ်၏။ လုလင်တို့သည် အလွန်နေမြင့်ခြင်းသည်ဖြစ်၏။ ယခုအခါ သွားခြင်းငှါ မတတ်နိုင်ဟု ဆရာ့အထံသို့ လာကုန်၏။
ဆရာသည် အမောင်တို့ မသွားကြကုန်သလောဟု မေး၏။ ဆရာ မသွားကြကုန်သည် မှန်၏ဟု ဆိုကုန်၏။ အဘယ်အကြောင်းကြောင့် မသွားကြကုန်သနည်းဟု မေး၏။ ဤအမည်ရှိသော ပျင်းရှိသောလုလင်သည် အကျွန်ုပ်တို့နှင့်တကွ ထင်းခွေအံ့သောငှါ တောသို့သွားပြီးလျှင် ရေခံတက်ပင်ရင်း၌အိပ်၍ နောက်မှ လျင်မြန်သဖြင့်တက်၍ မျက်စိကိုပျက်စေ၍ ထိုရေခံတက်ထင်းတို့ကို ဆောင်ခဲ့၍ အကျွန်ုပ်တို့သည်ဆောင်ခဲ့သော ထင်းတို့၏ အထက်၌ ချ၏။ ယာဂုကိုကျိုသောကျွန်မသည် ထိုထင်းတို့ကို ခြောက်သောထင်းအမှတ်ဖြင့်ယူ၍ နေထွက်သည့်တိုင်အောင် တောက်စိမ့်သောငှါမတတ်နိုင်၊ ဤသို့သောအကြောင်းနှင့် အကျွန်ုပ်တို့၏ သွားခြင်းအန္တရာယ်သည် ဖြစ်၏ဟု ဆိုကုန်၏။ ဆရာသည် လုလင်ပြုသောအမှုကိုကြား၍ အလွန်မိုက်သော သူတို့၏အမှုကိုမှီ၍ ဤသို့သဘောရှိသော ယုတ်ခြင်းသည် ဖြစ်၏ဟု ဆိုလို၍-
ဝရုဏကဋ္ဌဘဉ္ဇောဝ၊ သ ပစ္ဆာ မနုတပ္ပတိ
ဟူသော ဤဂါထာကို ဆို၏။
၇၁။ ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ ကရဏီယာနိ၊ ပြုအပ်ကုန်သောအမှုတို့ကို။ ပစ္ဆာ၊ နောက်မှ။ ကာတုံ၊ ပြုခြင်းငှါ။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုသူသည်။ ဝရုဏကဋ္ဌဘဉ္ဇောဝ၊ ရေခံတက်ထင်းကိုချိုးသော လုလင်ကဲ့သို့။ ပစ္ဆာ၊ နောက်မှ။ အနုတပ္ပတိ၊ စိုးရိမ်ရ၏။
ဤသို့ ဘုရားလောင်းသည် တပည့်တို့အား အကြောင်းကိုဆို၍ ဒါန အစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာလား။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤကုဋုမ္ဗိယပုတ္တ တိဿမထေရ်သည် ယခုအခါ၌သာလျှင် သင်တို့၏ သွားခြင်း အန္တရာယ်ကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သာလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ပေါင်ကျိုးခြင်းသို့ရောက်သော ရဟန်းသည် ထိုအခါ မျက်စိပျက်ခြင်းသို့ရောက်သော လုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသောလုလင်တို့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆရာပုဏ္ဏား ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
ဝီရိယကင်း၊ ပျင်းရိခြင်း၊ ခပင်းသူငါ ကျိုးပျက်ရှာ
ရှေးဦးစွာသော ဝရုဏဇာတ်သည် ပြီး၏။
*****