ဝါဆိုလပြည့်နေ့
သင်ခန်းစာ(၄၀)
ဝါဆိုလပြည့်နေ့
[ပြင်ဆင်ရန်]ဝါဆိုလပြည့်နေ့၏ ထူးခြားချက်ကို “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ”ဟု ဆိုးရိုးပြုခဲ့ကြသည်။ “သန္ဓေ” ဆိုသည်မှာ ဘုရားအလောင်းတော် ဝါဆိုလပြည့်နေ့၌ ပဋိသန္ဓေယူခဲ့သည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ “တောထွက်” ဆိုသည်မှာ ဘုရားအလောင်းတော် ဝါဆိုလပြည့်နေ့၌ တောထွက်တော်မူခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ “ဓမ္မစက်” ဆိုသည်မှာ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိဟူသော ပဉ္စဝဂ္ဂီငါးဦးကို မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦး ဟောတော်မူခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ ဟုခေါ်ပြီး ဓမ္မစကြာသုတ္တန်ဒေသနာ တော်ကို ထိုနေ့မှာ အထူးရွတ်ဖတ်ပူဇော်ကြခြင်းဖြစ်သည်။
“ပြာဋိဟာ”ဆိုသည်မှာ ရေမီးအစုံစုံဖြင့် မြတ်စွာဘုရားရှင် တန်ခိုးပြာဋိဟာ ပြတော်မူခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ တစ်နေ့မှာ ကောသလမင်းကြီးက မြတ်စွာဘုရားရှင်အား “အဘယ်အရပ်မှာ တိတ္ထိတွေနဲ့ပြိုင်ပြီး တန်ခိုးပြာဋိဟာ ပြတော်မူမှာလဲဘုရား”ဟု လျှောက်ထားရာ မြတ်စွာဘုရားရှင်က “မင်းကြီး ... ကဏ္ဍမ္ဗသရက်ပင်အနီးမှာ ပြတော်မူမယ်” ဟု ပြန်လည်မိန့်ကြားတော်သည်။ ထိုအကြောင်း ကို ကြားသောအခါ တိတ္ထိတို့သည် သာဝတ္ထိပြည်နှင့် တစ်ယူဇနာဝန်းကျင်မှာရှိ သရက်ပင်မှန်သမျှကို ပေါက်သစ်စ အပင်ပါမကျန် ခုတ်လှဲနုတ်ပယ် ရှင်းလင်းပစ်ကြသည်။
ဝါဆိုလပြည့်နေ့နံနက်တွင် မြတ်စွာဘုရား ရှင်သည် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံဝင်တော်မူရန် ဇေတဝန်ကျောင်းတော်မှ ထွက်တော်မူသည်။ လမ်းခရီး၌ ကောသလမင်းကြီး၏ ဥယျာဉ်မှူး ကဏ္ဍသည် မြတ်စွာဘုရားရှင်အား သရက်သီးမှည့်တစ်လုံးကို ဆက်ကပ်လှူဒါန်းလေသည်။ မြတ်စွာဘုရားရှင်သည် သရက်သီး ကို ဘုန်းပေးတော်မူပြီး သရက်စေ့ကို ထိုနေရာ၌ပင် ကဏ္ဍအား စိုက်ပျိုးခိုင်းလိုက်သည်။ မြတ်စွာဘုရားရှင်သည် ထိုသရက်စေ့၏ အထက်၌ လက်တော်ကို ဆေးကြောတော်မူသည်။ က ဆေးပြီးလျှင်ပြီးခြင်းပင် သရက်ပင်သည် ခက်မငါးဖြာဖြင့် တရိပ်ရိပ် ကြီးထွားလာပြီး အမြင့် အတောင်ငါးဆယ်၊ အဝန်းအဝိုင်း အတောင်ငါးဆယ်ရှိသော အပင်ကြီး ဖြစ်လာခဲ့သည်။
ထို့နောက် မြတ်စွာဘုရားရှင်သည် သရက်ပင်ကြီး၏ အနီးတွင် အလွန်ကြီးမားကျယ်ပြန့်သည့် ရတနာစင်္ကြံကြီးကို ဖန်ဆင်းတော်မူပြီး ထိုရတနာစင်္ကြံကြီးတွင် လူပရိသတ်၊ နတ်၊ ဗြဟ္မာပရိသတ် တို့အား ရေမီးအစုံ စုံ ဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသည်။ ထိုသို့တန်ခိုးပြာဋိဟာအမျိုးမျိုး ပြတော် မူပြီးနောက် အဘိဓမ္မာတရား ဟောတော်မူရန် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပါသည်။
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတို့တွင် ဝါဆိုလပြည့်နေ့၌ ရဟန်းတော်များအား ဝါဆိုသင်္ကန်း လှူဒါန်း သည့်ပွဲများကို ပြုလုပ်လေ့ရှိကြသည်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ရဟန်းတော်များသည် ဝါဆိုတော်မူကြရသည်။ ရဟန်းတော်တို့သည် “ဘုရားတပည့်တော်သည် ဤဝါတွင်းသုံးလပတ်လုံး ဤကျောင်း ၌ နေပါမည်” ဟု ရွတ်ဆိုပြီး မိမိတို့ ကျောင်းတိုက်တွင်ပင် နေခြင်းကို ဝါဆိုသည်ဟု ဆိုခြင်းဖြစ်သည်။ ရဟန်းတော်များ ဝါဆိုသည့်အလေ့အထနှင့် ဝါဆိုသည့်ကာလကို ဘုရားရှင်ကိုယ်တော်တိုင်က သတ်မှတ် ပေးတော်မူခြင်း ဖြစ်ပါသည်။
ဤသို့သတ်မှတ်မပေးမီက ရဟန်းတော်များသည် တစ်နှစ်ပတ်လုံး ခရီးသွားလေ့ရှိကြသည်။ မိုးတွင်းကာလ ခရီးသွားသည့်အခါ လူတို့၏ သီးနှံစိုက်ခင်းများ ပျက်စီးကုန်ကြ၍ လူတို့က ရဟန်းတော် များကို ပြစ်တင်ပြောဆိုကြသည်။ ထိုအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူသောအခါ ဝါဆိုလ ပြည့်ကျော် တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလပတ်လုံး ညအိပ်ညနေ ခရီးမသွားကြဘဲ မိမိတို့ကျောင်းတိုက်အတွင်း၌သာ သီတင်းသုံးနေထိုင်ကြရန် သတ်မှတ်ပေးတော်မူခဲ့သည်။ ထိုအချိန်မှ စ၍ ယနေ့တိုင်အောင် ထေရဝါဒနိုင်ငံများတွင် ရဟန်းတော်များ ဝါဆိုသည့် အလေ့အထ ဆက်လက် တည်မြဲနေပါသည်။ ။
ဗုဒ္ဓဘာသာဝင်များသည် ဝါဆိုလပြည့်နေ့၌ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို အထူးပြုလုပ်လေ့ရှိကြသည်။ ဝါဆိုလ၌ ဖူးပွင့်သည့် သပြေပန်း၊ ပုန်းညက်ပန်း စသော ပန်းများနှင့် စေတီပုထိုးများကို လှူဒါန်းလေ့ရှိကြသည်။ ဤကဲ့သို့သော ထူးခြားချက်များကြောင့် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ယနေ့အထိ ဝါဆိုလပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အစဉ်အလာ သတ်မှတ်ထားကြခြင်းဖြစ်သည်။
ဝါဆိုပွဲ
[ပြင်ဆင်ရန်]လမြတ်ဝါဆို သည်ကာလမို့၊
ပန်းခူးကြစို့ ကပ်လှူရန်။
မလေးအသံ ညံညံပေးတော့၊
မြန်မြန်ပြေးပေါ့ မထွေးဇံ။
စေတီမြတ်ထံ ပန်းကပ်ပြီးသော်၊
ဘုန်းကြီးကျောင်းပေါ် သွားမယ့်ဟန်။
သင်္ကန်းလှူရန် အတူနွှဲလို့၊
အလှူပွဲမို့ ပျော်ကြပြန်။
ပျော်ကြပြန် ပျော်ကြပြန်။ ။
ဝါဆိုလပြည့်
[ပြင်ဆင်ရန်]ဘုရားအလောင်းတော်သည် အမိဝမ်းကြာတိုက်ဆီ
ပဋိသန္ဓေတည်တဲ့နေ့ ဝါဆိုလပြည့်။
သစ္စာလေးပါး အသိတရားတွေ တွေ့မြင်နိုင်အောင်
တောထွက်တော်မူသောနေ့ ဝါဆိုလပြည့်။
ထိုးထွင်းအသိဉာဏ် နိဗ္ဗာန်လမ်းမှန်
သိမြင်ပြန့်ပွား တရားဦးဓမ္မစကြာ
ဝါဆိုလပြည့် ရက်မြတ်ချိန်ခါ
ပဉ္စဝဂ္ဂီ ငါးဦးစုံညီ မြတ်ဗုဒ္ဓ ဟောကြားခဲ့လေသည်။
တန်ခိုးတော်အနန္တ ပြာဋိဟာ အမျိုးစုံပြ ဝါဆိုလပြည့် အခါသမယ။
အိမ်ပြန်မယ်
[ပြင်ဆင်ရန်]ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ...
ဘုရားဝတ်ပြုကြစို့ကွယ် ... ။
ဘုန်းဘုန်း (ဆရာလေး) ကိုလည်း ကန်တော့မယ် ... ။ ။
ဆရာမကိုလည်း ကန်တော့မယ် .......
နှုတ်ဆက်ကြစို့ကွယ် ....။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ....
ပစ္စည်းတွေလည်း သိမ်းစို့ကွယ် ... ။
ဟိုဟိုဒီဒီလည်း မသွားဘူးကွယ် ...
ရန်လည်းမဖြစ်ဘူးကွယ် ... ။
အိမ်ကို အရောက်ပြန်မယ် ... ။ ။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ...
သူငယ်ချင်းတွေလည်း နှုတ်ဆက်မယ် ... ။
ကျောင်းလည်း မပျက်ဘူးကွယ် ...
နောက်တစ်ပတ်တွေ့ကြမယ် ... ။ ။
တာ့တာ တော့တာကွယ် ...
အို .... တာ့တာ တာ့တာကွယ် .........။ ။