ဝိဓုရဇာတ်တော်ကြီး/နိဒါန်း
နတ်မင်း, အသုရာမင်း, ဂဠုန်မင်း, လူမင်း, နဂါးမင်း, ဂန္ဓဗ္ဗနတ်မင်းတို့၏ မကိုဋ်သရဖူ အထွတ်အဖျား၌ တပ်အပ်သော ကျောက်မျက်ရှင်ပေါ်၌ ၁၀၈-ကွက် စက်လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ခြေတော်အစုံဖြင့်ရပ်ခြင်းငှာ ထိုက်တော်မူသည်ဖြစ်၍ ဘုံ၃-ဦး၌ တုဖက်လွတ်ကင်း မင်းတကာတို့၏သခင် ဖြစ်တော်မူသော တရားမင်းဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ ကိုယ်တော်မြတ်၏ ပညာပါရမီတော်ကို အကြောင်းပြု၍ “ပဏ္ဍု ကိသိယာသိ ဒုဗ္ဗလာ” အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်အပ်သော ဤ“ဝိဓုရ”ဇာတ်တော်ကို ဟောတော်မူ၏။
နိဒါန်းအကျယ်ကား
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ စည်ဝေးကုန်လျက် ဤသို့သောစကားကို ဖြစ်စေကြကုန်၏။
“အရှင်တို့။ လောက၃-ပါး၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အံ့သြဖွယ် ရှိစွ။ ကြီးသောပညာတော်, အထူးထူးအပြားပြားသော ပညာတော်, နက်နဲသောပညာတော်, ရွှင်သောပညာတော်, လျင်သောပညာတော်, ထက်သောပညာတော်, အခိုက်အငြိမရှိသော ပညာတော်, သူတစ်ပါးတို့၏အယူကို နှိမ်နင်းနိုင်သောပညာတော် ရှိတော်မူ၏။ ပညာတော်၏အစွမ်းအားဖြင့် မင်း,ပုဏ္ဏား အစရှိကုန်သော ပညာရှိတို့သည် စီရင်အပ်သော သိမ်မွေ့လျှို့ဝှက် ခက်ခဲသောပြဿနာတို့ကို ဖြေဆိုတော်မူသည်ဖြစ်၍၊ အယူကိုဖျက်ဆီးလျက် ထိုထိုမင်း,ပုဏ္ဏား အစရှိသောသူတို့ကို ဆုံးမတော်မူသဖြင့် အဆိပ်အတောက်မရှိသည်ကိုပြု၍၊ သရဏဂုံ, ပဉ္စသီ, အဋ္ဌသီ, ဒသသီ အစရှိသည်တို့၌ တည်စေသဖြင့် နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်း ကောင်းမြတ်သောခရီးကို ညွှန်ကြားတော်မူပေ၏”ဟု စကားဖြစ်ကြကုန်၏။
မြတ်စွာဘုရားသည် ထိုရဟန်းတို့အစည်းအဝေးသို့ ကြွတော်မူလတ်၍ “ရဟန်းတို့။ ယခု ငါလာတော်မူသောအခါ အဘယ်စကားကြောင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူလျှင်၊ ရဟန်းတို့လည်း “ပညာပါရမီတော်ကို ချီးမွမ်းပါကုန်သည်”ဟု ဦးတင်လျက် နားတော်လျှောက်ကုန်လတ်သော်၊
“ရဟန်းတို့။ လာခြင်းကောင်းသော ငါဘုရားသည် သဗ္ဗညုတဉာဏ် အထွတ်အမြတ်သို့ရောက်ပြီဖြစ်၍ သူတစ်ပါးတို့၏အယူကို ဖျက်ဆီးလျက် မင်းအစရှိသောသူတို့ကို ဆုံးမခြင်းသည် မခဲယဉ်းဖြစ်သောကြောင့် ယခု ငါ၏ပညာတော်သည် အံ့ဖွယ်မရှိလွန်းသေး။ ရှေးသံသရာ၌ သဗ္ဗညုတဉာဏ်ကိုရှာလျက် ပါရမီတော် မရင့်မီကပင်လျှင် ပညာရှိတော်မူသည်ဖြစ်၍ သူတစ်ပါးတို့အယူကို နှိပ်နင်းတော်မူဖူး၏။ ထိုစကားသည် မှန်၏။ ငါဘုရားသည် “ဝိဓုရသတို့သား ဖြစ်တော်မူသောအခါ ယူဇနာ ၆၀-အမြင့်ရှိသော ကာဠာဂိရိတောင်ထိပ်ထက်၌ “ပုဏ္ဏက” အမည်ရှိသော ဘီလူးစစ်သူကြီးကို ဉာဏ်တော်အစွမ်းဖြင့် ဆုံးမ၍၊ အဆိပ်အတောက်မရှိသည်ကိုပြုလျက် မိမိ၏အသက်ကိုလည်း ပေးစေ၏”ဟု
မိန့်တော်မူ၍၊ ဆိတ်ဆိတ်နေတော်မူ၏။
ထိုအခါ ရဟန်းတို့သည် “ပုဏ္ဏကအား ဆုံးမကြောင်း, ကိုယ်တော်၏အသက်ကို ပေးစေကြောင်း အစရှိသော ဝိဓူရဇာတ်တော်ကို ထင်ရှားသိသာအောင် ဟောတော်မူပါ”ဟု လျှောက်တောင်းပန်လတ်သော်၊ အတိတ်ကိုဆောင်၍ ဝိဓုရဇာတ်တော်ကို ဟောတော်မူ၏။