မာတိကာသို့ ခုန်သွားရန်

ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၃

ဝီကီရင်းမြစ် မှ
ဝိဓုရဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃။ မြင်း၏အစွမ်း, ပတ္တမြား၏အစွမ်းကိုပြခန်း
3255ဝိဓုရဇာတ်တော်ကြီး — ၃။ မြင်း၏အစွမ်း, ပတ္တမြား၏အစွမ်းကိုပြခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ပုဏ္ဏကဘီလူးသည် ဓနဉ္စယကောရဗျမင်း၏စကားကို ကြားလျှင်- “အရှင်မင်းကြီး။ အဘယ်သို့ ဆိုတော်မူသနည်း။ မြင်း ၁-စီးသည် မြင်းကောင်း ၁၀၀၀-တန်၏။ ပတ္တမြား ၁-ခုသည် ပတ္တမြား ၁၀၀၀ တန်၏။ အရှင်မင်းကြီး။ မြင်းဟူတုံသော်လည်း မြင်းချင်းတူသည်မဟုတ်။ အကျွန်ုပ်မြင်း၏အစွမ်းဂုဏ်ကို ရှုတော်မူလော့”ဟု ဆို၏။

မနောမယမြင်းပျံကို စီးပြီးလျှင် မြို့ရိုးပေါ်ဖြင့် စိုင်းနှင်လေ၏။ ၇-ယူဇနာအဝန်းရှိသော ဣန္ဒပတ္ထနဂိုရ်မြို့သည် လည်ချင်းယှက်တင်လျက် မြင်းအပေါင်းတို့ဖြင့် ထက်ဝန်းကျင် ရံဘိသကဲ့သို့ ဖြစ်၏။ အစဉ်သဖြင့် မြင်းသည်လည်း မထင်၊ ပုဏ္ဏက ဘီလူးသည်လည်း မထင်၊ ပုဏ္ဏက၏ခါး၌စည်းသော ကမ္ဗလာနီသည်သာလျှင် မီးစကိုကိုင်၍ လှည့်သကဲ့သို့ ထင်၏။ ထိုသို့ပြပြီးလျှင် မြင်းမှသက်၍ “အရှင်မင်းကြီး။ မြင်း၏အစွမ်းကို မြင်ပြီလော”ဟု ဆို၏။

“လုလင်။ မြင်၏။ အံ့ဖွယ်ရှိပေစွ”ဟု ဆိုသော် “တစ်ခုလည်း ရှုတော်မူဦးလော့” ဟုဆို၍ မြို့တွင်းဥယျာဉ်တစ်ခု၌ ရေကန်ရှိ၏။ ထိုရေကန်အပြင်၌ မြင်းကို စိုင်းပြန်၏။ ခွာဖျားကိုမျှ ရေမစွတ်ဘဲ တုံ့ကာပြန်ကာ ဘယ်ညာရစ်သန်းလျက် ပြ၏။ ထို့နောက် ပဒုမ္မာကြာရွက်ပေါ်၌ သွားစေပြီးသော် လက်ခုပ်တီး၍ လက်ဝါးခင်းလျှင် မြင်းသည် လက်ဝါးပေါ်အပြင်၌ရပ်၏။ ထိုသို့ ပြပြီးမှ “အရှင်မင်းကြီး။ မြင်း၏အစွမ်းကို မြင်၏လော”ဟု မေး၏။ “မြင်ရပြီ။ အံ့ဖွယ်ရှိပေစွ”ဟုဆိုလျှင်-

“အရှင်မင်းကြီး။ မြင်းကို ရှိစေဦး။ ပတ္တမြား၏အာနုဘော်ကို ရှုတော်မူဦးလော့”ဟုဆို၍ အာနုဘော်ကို ပြအံ့သောငှာ “ဣဒဉ္စ မေ” အစရှိသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

ပတ္တမြားကို မင်းများရှေ့တွင် ပြပြီးလျှင် “အရှင်မင်းကြီးတို့ ဤပတ္တမြားကို ရှုကြကုန်လော့။ ဤပတ္တမြား၏ အရောင်တွင်း၌ တန်ဆာဆင်ယင်အပ်သော အထူးထူးသော မိန်းမအပေါင်း, ယောက်ျားအပေါင်း, ပျံဝဲမြူးထူးသွားလာကုန်သော သားငှက်အပေါင်းတို့သည် ထင်ကုန်၏။ ထိုမှတစ်ပါး မိန်ညိုမိန်ချပ် စစ်ဝတ်တန်ဆာ ဆင်ယင်ကုန်သော ဆင်, မြင်း, ရထား, ခြေသည်, စစ်အင်္ဂါ၄-ပါး, ဆင်းစီးသူရဲ, မြင်းစီးသူရဲ, ဗိုလ်မှူး, စစ်သည်တို့ဖြင့် စစ်ထွက်စစ်ခင်း ကျင်းပဟန်များလည်း ထင်ကုန်၏။”

“အရှင်မင်းကြီး။ ရှုတော်မူလော့။ ထိုမှတစ်ပါးလည်း မြို့ရိုး, သူရဲခို, ပြ, တန်ဆောင်း, တံခါး, မော်ကွန်းတိုင်, ကျုံး, မြောင်း, ဆင်, မြင်း, စစ်မြေတလင်းစသော မြို့၏အဆောက်အအုံတို့လည်း ဤပတ္တမြားတွင် ထင်ကုန်၏။ ရှုတော်မူလော့။”

“ဤမှတစ်ပါးလည်း မြို့တံခါးမုခ်ဖျား၌ အထူးထူးသောငှက်တို့သည် မြူးထူးကုန်၏။ ဟံသ-ဟင်္သာ, ကောဉ္စ-ကြိုးကြာ, မယူရ-ဥဒေါင်း, စက္ကဝါက-စက္ကဝါက်, ကုက္ကုဟ-ဥဘုတ်ငှက်, ကာဠကောကိလ-ဥဩနက်, စိတြကောကိလ-ဥဩပြောက်, သိခဏ္ဍီ-ဥဒေါင်းစိမ်းပြာ, ဇီဝဇီဝက-ဇီဝဇိုဝ်းငှက်။ ဤငှက်တို့၏ မြူးထူးဟန်သည် ဤပတ္တမြား၌ ထင်၏၊ ရှုတော်မူလော့။”

“ထိုမှတစ်ပါးလည်း ကောင်းစွာအခင်းအကျင်းတို့ဖြင့် တင့်တယ်စွာ မြို့တွင်း၌ ရွှေသလဲတို့ဖြင့်ခင်းအပ်သော ကြက်သီးမွေးညင်းထခမန်း အဆန်းတကြယ် မွေ့လျော်ဖွယ်သော ဤမြို့သည် ထင်၏။ ရှုတော်မူလော့။”

“ထိုမှတစ်ပါးလည်း ရွှေစင်အတိပြီးသော ဤမြို့အတွင်း၌ အိမ်စဉ်, ဈေးတန်း, လမ်းမ, လမ်းဆုံ, ဘုံ, ပြာသာဒ်, ဇရပ်, အိမ်ကြီး, အိမ်ငယ်, အရံအဝင်း, ပြတင်း စသည်တို့သညလည်းကောင်း၊ သေတင်းကုပ်၌ သေသောက်ကြူးတို့သည်လည်းကောင်း၊ စားဖိုအိမ်, စားဖိုသည်, ပြည့်တန်ဆာမ, ပရိဗိုဇ် ရဟန်းမတို့သည်လည်းကောင်း ဤပတ္တမြား၌ ထင်ကုန်၏။ ရှုတော်မူလော့။"

“ဤမှတစ်ပါးလည်း ပန်းသည်, ခဝါသည်, နံ့သာသည်, ဖိနပ်, ခြေနင်း, လှည်း, ရထား စသည်ရောင်းသော ယာဉ်သည်, ရွှေပန်းထိမ်သည်, ရွဲထွင်းသမား, မုန့်သည်, ကချေသည်, သီချင်းသည်, လက်ခုပ်တီး, မုရိုးစည်, ခရုသင်း, ထက်စည်, ပတ်သာ, နှဲ, စောင်း, ငြင်းစသောတီးမှုတ်မျိုးတို့ဖြင့် တီးမှုတ်၍နေကုန်သောသူ၊ ကျွမ်းထိုးသမား, လက်ဝှေ့သည်, မျက်လှည့်သည်, နာရီအချိန်စောင့် ပဟိုရ်တီးသူ, ဆတ္တာသည်တို့သည် ဤပတ္တမြား၌ ထင်ကုန်၏။ ရှုတော်မူလော့။”

“ဝတ်စားတန်ဆာ ဆင်ယင်ကုန်လျက် အဆင်းနှင့်ပြည့်စုံကုန်သော မိန်းမ, ယောက်ျားတို့ဖြင့်ပြွမ်းသော ပွဲသဘင်ခံရာ ညီညွတ်စွာသောမြေတလင်း၌ ညောင်စောင်းအဆင့်ဆင့်တို့ဖြင့် တင့်တယ်ကုန်သည်တို့သည်လည်းကောင်း၊ ထိုသဘင်၌ လက်ဝှေ့သည်တို့၏ ခုန်ကြွမြူးထူးဟန်၊ လက်ကိုခွေ၍ ပုတ်ခတ်ဟန်, ရှုံးဟန်, နိုင်ဟန်တို့သည်လည်းကောင်း ဤပတ္တမြား၌ ထင်ကုန်၏။ ရှုတော်မူလော့။”

“တောင်ခြေရင်းတို့၌ အထူးထူးသောငှက်အပေါင်းတို့သည်လည်း များစွာထင်ကုန်၏။ သီဟ-ခြင်္သေ့, ဗျဂ္ဃ-ကျား, ဝရာဟ-ဝက်ထီး, အစ္ဆ-ဝံသတ္တဝါ, တရစ္ဆ-အောင်းသတ္တဝါ, ခဂ္ဂမိဂ-ကြံ့ဆင်, ဂဝဇ-နွားနောက်, မဟိံသ-ကျွဲ၊ ရောဟိတ-သမင်ဖား, ရုရု-ဆတ်, ဧဏေယျ-ဧဏီမည်သောသား, ဝရာဟ-ပြောင်, ဂဏီ-စိုင်, နိင်္ဂသူကရ-ဝက်ပြောင်, ကဒလိမိဂ-ဝံပိုင်, စိတြမိဂ-သမင်ပြောက်, ဗိဠာရ-ကြောင်, သသ-ယုန်, သလ္လက-ဖြူသတ္တဝါတို့သည်လည်းကောင်း ဤပတ္တမြား၌ ထင်ကုန်၏။ ရှုတော်မူလော့။”

“မြစ်တို့သည်လည်း ကောင်းသောဆိပ်ကမ်း ရှိကုန်၏။ ရွှေသလဲအတိ ခင်းအပ်ကုန်၏။ ကြည်စွာသော ရေတို့သည်လည်း စီးကုန်၏။ ဤမြစ်၌ ကုမ္ဘီလ-လပိုင်, မကရ-မကရ်း, သံသုမာရ-မိကျောင်း, ကစ္ဆပ-လိပ်, ပါဌိန-ငါးဖယ်, ဗဟုသာမစ္ဆ-ငါးနောက်သွား (ငါးပူတင်းလည်း ဟူ၏)၊ ဗလဇ-ငါးခူ (ငါးမြစ်ချင်းလည်းဟူ၏), မုဉ္စ-ငါးမြင်းယင်း, ရောဟိတ-ငါးကြင်း၊ ဤသို့သဘောရှိသော ရေသားရေငါးတို့သည် မြစ်တွင်း၌ သွားလာကုန်သည်တို့သည် ဤပတ္တမြား၌ ထင်ကုန်၏။ ရှုတော်မူလော့။”

“အထူးထူးသော သစ်ပင်အပေါင်းတို့ဖြင့်ပြည့်လျက် ငှက်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ကြောင်မျက်ရွဲကျောက်တို့၏ အချင်းချင်းထိကြသောအသံသည်လည်းကောင်း၊ အရပ် ၄-မျက်နှာမှလာကုန်သော ဝမ်းဘဲ, ဟင်္သာ အစရှိသောငှက်တို့သည်လည်းကောင်း၊ ငါး, လိပ်, မကန်း စသည်တို့ဖြင့်လည်းကောင်း၊ တန်ဆာဆင် အပ်သောရေကန်တို့သည်လည်းကောင်း ထင်ကုန်၏။ ထက်ဝန်းကျင်မှ ရေဖြင့်ပြည့်ကုန်လျက် မဟာသမုဒ္ဒရာ၏ နားတောင်းသဖွယ်ဖြစ်သော တောအရေးတို့နှင့်ပြည့်စုံစွာ မြေအပြင်တို့သည်လည်း ထင်ကုန်၏။ ရှုတော်မူလော့။”

“ဤပတ္တမြား၏အတွင်း၌ အရှေ့မှ ဝိဒေဟရဌ်ကျွန်း, အနောက်မှ အပရဂေါယာနကျွန်း, မြောက်မှ ဥတ္တရကုရုကျွန်း, တောင်မှ ဇမ္ဗူဒိပ်ကျွန်းတို့သည်လည်းကောင်း၊ မြင်းမိုရ်တောင်ကို လက်ယာရစ်လှည့်၍ အရပ် ၄-မျက်နှာကို အရောင်အဝါထွန်းပနိုင်သော လမင်း, နေမင်း စသည်တို့သည်လည်းကောင်း၊ မြင်းမိုရ်တောင်, ဟိမဝန္တာတောင်, ကြီးကျယ်သောမဟာသမုဒ္ဒရာ, နတ်မင်း ၄-ပါးတို့၏နေရာ စာတုမဟာရာဇ်ပြည် ကိန္နရာတို့ဖြင့် ထက်ဝန်းကျင်ပြည့်သော တောင်, တောအုပ်တို့သည်လည်းကောင်း ထင်ကုန်၏။ ရှုတော်မူလော့။”

“ဖာရုသက ဥယျာဉ်, စိတ္တလတာ ဥယျာဉ်, မိဿက ဥယျာဉ်, နန္ဒဝန် ဥယျာဉ်, ဝေဇယန္တာပြာသာဒ်, သုဓမ္မာဇရပ်, တာဝတိံသာနတ်ပြည်, အပွင့်နှင့်ပြည့်စုံသော ပင်လယ်ကသစ်ပင်, ဧရာဝဏ် အမည်ရှိသော နတ်ဆင်ပြောင်တို့သည်လည်း ထင်ကုန်၏။ ရှုတော်မူလော့။”

“ဤပတ္တမြားအတွင်း၌ ကောင်းကင်သို့တက်သော လျှပ်စစ်နွယ်ကဲ့သို့ နန္ဒဝန်ဥယျာဉ်၌သွားကုန်သော နတ်သမီးတို့သည်လည်းကောင်း၊ နတ်သားတို့သည်လည်းကောင်း၊ ကာမဂုဏ်ဖြင့်ဖြားယောင်းလျက် မွေ့လျော်ကုန်သော နတ်သမီးတို့သည်လည်းကောင်း ထင်ကုန်၏။ ပတ္တမြားအပြင်၌ ကြောင်မျက်ရွဲတို့ဖြင့်ပြီးသော အထောင်မကသော ဗိမာန်တို့သည်လည်းကောင်း၊ တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မိတဝသဝတ္တီ, နတ်ပြည်တို့သည်လည်းကောင်း၊ ဟင်းရံ့ ကတောက်, မြောက်လှေကူး, ကြာမျိုး ၅-ပါးတို့ဖြင့် ဖုံးလွှမ်းသော ကြည်သောရေရှိသော ရေကန်တို့သည်လည်းကောင်း ထင်ကုန်၏။ ရှုတော်မူလော့။”

“ဤပတ္တမြား၌ နှလုံးမွေ့လျော်ဖွယ် တယ်စွာပြုသော အရေတို့သည်ကား ၁၀-ပါးတို့တည်း။ ကြောင်သောအရေကား ၂၁-ရှိ၏။ နနွင်းသားကဲ့သို့ ရွှေသောအရေကား ၁၄-ရှိ၏။ ရွှေနှင့်တူသော အရေကားအပါး ၂၀-ရှိ၏။ ငွေနှင့်တူသောအရေလည်း အပါး ၂၀-ရှိ၏။ ပိုးဖလံအဆင်းနှင့်တူသော အရေကား ၃၀-ရှိ၏။ မည်းနက်သောအရေကား ၁၆-ပါးရှိ၏။ မောင်းသောအရေကား ၂၅-ပါးရှိ၏။ ထိုမည်းသောအရေ မောင်းသောအရေတို့သည် အချင်းချင်းယှက်ကုန်လျက် မိုးစွေပန်းနှင့် ကြာညိုပန်း ရောယှက်ဘိသကဲ့သို့ အလွန် ဆန်းကြယ်ကုန်သည်ကို မင်းကြီး ရှုတော်မူလော့။”

“လူတကာတို့ကို အစိုးရတော်မူသောမင်းကြီး။ ပြိုးပြိုးပြက် ရှုဖွယ်တင့်တယ်စွာသော ဤပတ္တမြားဖြင့် လောင်းတမ်းပြုအံ့။ အကျွန်ုပ်ရှုံးလျှင် ဤပတ္တမြားကို နိုင်သူယူစေတော့”ဟု ဆို၏။