မာတိကာသို့ ခုန်သွားရန်

ဝိဓုရဇာတ်တော်ကြီး/အခန်း-၁၁

ဝီကီရင်းမြစ် မှ
3263ဝိဓုရဇာတ်တော်ကြီး — ၁၁။ နဂါးပြည်၌ တရားဟောခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုနဂါးမင်းသည် ပုဏ္ဏကနှင့် ပြောဆိုမေးမြန်းပြီးလျှင် ဘုရားလောင်းကို မေးမြန်းပြောဆိုလို၍-

“အဒိဋ္ဌပုဗ္ဗံ ဒိသွာန၊ မစ္စော မစ္စု ဘယဋ္ဋိတော။

ဗျမှိတော နာဘိဝါဒေသိ၊ နယိဒံ ပညဝတာမိဝ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်အမတ်။ သင်သည် လူ့ပြည်၌ မမြင်စဖူး အထူးထူးအပြားပြား များစွာသော နဂါးမင်း၏စည်းစိမ်အရှိန်အဝါ အာဏာဘုန်းအင်ကိုမြင်၍ သေအံ့သည်မှ ကြောက်သောကြောင့် သင် ငါနဂါးမင်းကြီးကိုလျက် ရှိမျှမခိုးနိုင် မိန်းမောတွေဝေ ဘိသလော။ မိမိ၌အခွင့်ရောက်လျက် ကြောက်တတ်သောသူသည် ပညာရှိမမည်။ သင်သည်လည်း ယခု သေအံ့သည်မှ ကြောက်သောကြောင့် ရှိမျှမခိုးနိုင်ရှိသည်ကိုထောက်လျှင် ပညာရှင်ဟူ၍ကား လူ့ပြည်၌ ကျော်စော၏။ ကျော်စောတိုင်း မမှန်။ ပညာရှိယောင်တကား”ဟု ဆို၏။

ထိုစကားကို ကြားလျှင် ဘုရားလောင်းသည် ပရိယာယ်၌ လိမ္မာတော်မူလှသောကြောင့် အကျွန်ုပ် မင်းကြီးကို ရှိမခိုးထိုက်ဟု တိုက်ရိုက်မဆိုမူ၍ အများနှင့်ဆက်ဆံသော စကားဖြင့် သိစေခြင်းငှာ-

“န စမှိ ဗျမှိတော နာဂ၊ န စ မစ္စု ဘယဋ္ဋိတော။

န ဝဇ္ဈော အဘိဝါဒေယျ၊ ဝဇ္ဇံ ဝါ နာဘိဝါဒယေ။”

“ကထံ နော အဘိဝါဒေယျ။ အဘိဝါဒါပယေ တဝေ။

ယံ နရော ဟန္တုမိစ္ဆေယျ၊ တံ ကမ္မံ နုပပဇ္ဇတိ၊ ”

ဟူသော ၂-ဂါထာတို့ကို ဆို၏။

အဓိပ္ပာယ်ကား-

“နဂါးမင်း။ အကျွန်ုပ်သည် သေအံ့သည်ကိုလည်း ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်ခြင်းမရှိ။ အကျွန်ုပ်ကိုလည်း သေစိမ့်သောငှာ အဘယ်သူ နှိပ်စက်ပါအံ့နည်း။ စင်စစ်တမူကား ခပ်သိမ်းသောသတ္တဝါတို့သည် မိမိသတ်အပ်သောသူကိုလည်း ရှိမခိုးပေရာ။ မိမိကို သတ်တတ်သောသူအားလည်း ရှိမခိုးပေရာ”ဟု ဆို၏။

နဂါးမင်းသည် ထိုစကားကိုကြားလျှင် “ဧဝမေတံ”အစရှိသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ သင်သည် ဤသို့သော စကားကို ဆို၏။ ထိုသင်ဆိုသော စကားသည် အမှန်ပင်တည်း။ သတ်အပ်သောသူကိုလည်း ရှိမခိုးရာ။ သတ်တတ်သောသူကိုလည်း ရှိမခိုးရာ။ အကြင်သူသည် သတ်ခြင်းငှာ အလိုရှိ၏။ ထိုသို့ သတ်ခြင်းငှာအလိုရှိသောသူကို အဘယ်သူ ရှိခိုးပေအံ့နည်း”ဟု ဆို၏။

ထို့နောင် နဂါးမင်းနှင့် ပဋိသန္ဓာရစကားကို ပြောဟောလိုသောကြောင့်-

“အသဿတံ သဿတံ နု တဝယိဒံ၊ ဣဒ္ဓိဇုတိဗလဝီရိယုပပတ္တိ။

ပုစ္ဆာမိ တံ နာဂရာဇေတမတ္ထံ၊ ကထံ နု တေ လဒ္ဓမိဒံ ဝိမာနံ။”

“အဓိစ္စလဒ္ဓံ ဝိပရိဏာမဇံ တေ၊ သယံ ကတံ ဥဒါဟု ဒေဝေ ဟိ ဒိန္နံ။

အက္ခာဟိ မေ နာဂရာဇေတမတ္ထံ၊ ယထာဝ တေ လဒ္ဓမိဒံ ဝိမာနံ။”

ဟူသော ဂါထာတို့ကို ဆို၏။

အဓိပ္ပာယ်ကား-

“နဂါးမင်းကြီး၊ ဤသို့သော ဘုန်းတန်ခိုး အရောင်အဝါ စည်းစိမ်ချမ်းသာသည် အမြဲမဟုတ်။ ထိုသို့ မမြဲသည်မှန်လျက် မြဲသကဲ့သို့ ထင်စေတတ်၏။ မင်းကြီးကို အကျွန်ုပ် မေးပါအံ့။ ဤသို့သော နတ်ဗိမာန်ကို အဘယ့်ကြောင့် ရသနည်း။ ဤဗိမာန်စည်းစိမ်ကို အကြောင်းမရှိဘဲပင် ရသလော။ အပူအချမ်း ဥတု၏ ဖောက်ပြန်ခြင်းကြောင့် ရလေသလော။ မင်းကြီးလက်ဖြင့်တည်း လုပ်ဆောင်စီရင်၍ ဖြစ်သလော။ နတ်တို့သည်တည်း ပေး၍ရသလော။ ထိုသို့သော ဘုံဗိမာန်စည်းစိမ်ကို ရခြင်းသည် အဘယ့်ကြောင့် ရသနည်းဟု မင်းကြီး ပြောတော်မူလော့”ဟု ဆို၏။

နဂါးမင်းလည်း ထိုအကြောင်းကို ပြောလို၍-

“နာဓိစ္စလဒ္ဓံ န ဝိပရိဏာမဇံ မေ၊ န သယံ ကတံ နာပိ ဒေဝေဟိ ဒိန္နံ။

သကေဟိ ကမ္မေဟိ အပါပကေဟိ၊ ပုညေဟိ မေ လဒ္ဓမိဒံ ဝိမာနံ။”

ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ ငါကား ဤဘုံဗိမာန်စည်းစိမ်ကို အကြောင်းမရှိဘဲ မရ။ အချမ်းအပူ ဥတု၏ဖောက်ပြန်ခြင်းကြောင့်လည်း မရ။ နတ်တို့သည်လည်း မပေး။ ငါသည် ရှေးကပြုခဲ့ဖူးသော ကုသိုလ်ကံကြောင့်သာလျှင် ဤသို့သောစည်းစိမ်ကို ရအပ်၏”ဟု ဆို၏။

ထိုသို့ ရှေးကပြုဖူးသော အကြောင်းကို-

“ကိံ တေ ဝတံ ကိံ ပန ဗြဟ္မစရိယံ၊ ကိဿ သုစိဏ္ဏဿ အယံ ဝိပါကော။

ဣဒ္ဓိဇုတိဗလဝီရိယုပပတ္တိ၊ ဣဒဉ္စ တေ နာဂ မဟာဗိမာနံ။”

ဟူသော ဂါထာဖြင့် ဘုရားလောင်း မေးမြန်း၏။

အဓိပ္ပာယ်ကား-

“နဂါးမင်းကြီး။ ရှေး၌ပြုဖူးသော ကုသိုလ်သည် အဘယ်ကုသိုလ်နည်း။ အဘယ် မြတ်သောအကျင့်ကို ကျင့်ခဲ့ဖူးသနည်း။ ယခု စိုးစံတော်မူသော စည်းစိမ်သည်ကား အလွန်ကြီးမြတ်လှ၏။ ဘုန်းတန်ခိုး အရောင်အဝါတို့လည်း အလွန်လျှင် ထွန်းတောက်ပ၏။ ဤသို့သော စည်းစိမ်ကြီးသည် အဘယ်ကောင်းမှု၏ အကျိုးနည်း”ဟု မေး၏။

နဂါးမင်းသည် ကုသိုလ်ကို ကြားလို၍-

“အဟဉ္စ ဘရိယာ စ မနုဿလောကေ၊ သဒ္ဓါ ဥဘော ဒါနပတီ အဟုမှာ။

သြပါနဘူတံ မေ ဃရံ တဒါသိ၊ သန္တပ္ပိတာ သမဏဗြာဟ္မဏာ စ။”

“မာလဉ္စ ဂန္ဓဉ္စ ဝိလေပနဉ္စ၊ ပဒီပေယျံ သေယျမုပဿယဉ္စ။

အစ္ဆာဒနံ သယနမန္နပါနံ၊ သက္ကစ္စံ ဒါနာနိ အဒမှာ တတ္ထ။”

“တံ မေ ဝတံ တံ ပန ဗြဟ္မစရိယံ၊ တဿ သုစိဏ္ဏဿ အယံ ဝိပါကော။

ဣဒ္ဓိဇုတိဗလဝီရိယုပပတ္တိ၊ ဣဒဉ္စ မေ ဓီရ မဟာဝိမာန။”

ဟူသော ၃-ဂါထာတို့ကို ရွတ်၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ ငါသည် ယခု ငါ၏မိဖုရားကြီး ဝိမလာနှင့်အတူပင်လျှင် လူတို့၏ပြည် အင်္ဂတိုင်း ကာလစမ္ပာနဂိုရ်မြို့၌ လူဖြစ်သောအခါ သဒ္ဓါတရားတူညီကြလျက် အလှူဒါယကာခံ၍ တစ်ရံမပြတ် မြတ်သောဒါနကို ပြုဖူး၏။ ထိုလူ့ပြည်၌ လူဖြစ်သောအခါ ငါတို့အိမ်သည် သူခပ်သိမ်းတို့ သောက်ယူသုံးဆောင်ရာဖြစ်သော ရေတွင်းသဖွယ်ကဲ့သို့ ရသေ့ရဟန်းစသော အလှူခံပုဂ္ဂိုလ်တို့ကို အလိုရှိတိုင်းသောပစ္စည်းတို့ဖြင့် ရောင့်ရဲစေ၏။ ထိုရသေ့,ရဟန်းတို့အား ဆွမ်း, အဖျော်, နံ့သာ, နံ့သာပျောင်း, ဆီမီး, အခင်း, မွေ့ရာ, ညောင်စောင်း, ကျောင်း, ဆေး ဤ၁၀-ပါးသော ဒါနဝတ္ထုတို့ကိုလည်းကောင်း လှူခဲ့ဖူး၏။ ဤသို့ကျင့်အပ်သော ငါ၏အကျင့်သည် မြတ်သောအကျင့်တည်း။ ထိုသို့ ကောင်းစွာကျင့်အပ်သော ကုသိုလ်ကံကြောင့် ဤနဂါးပြည်၌ ကြီးမြတ်သော ဘုံဗိမာန်စည်းစိမ်ကို ရ၏။ ထိုသို့စံရခြင်းသည် ရှေး၌ ကောင်းစွာကျင့်အပ်သော ကုသိုလ်တရား၏ အကျိုးတည်း”ဟု ဆို၏။

ဘုရားလောင်းသည် ထိုစကားကိုကြားလျှင်-

“ဧဝံ စေ တေ လဒ္ဓမိဒံ ဝိမာနံ၊ ဇာနာသိ ပုညာနံ ဖလူပပတ္တိံ။

တသ္မာ ဟိ ဓမ္မံ စရ အပ္ပမတ္တော၊ ယထာ ဝိမာနံ ပုန မာဝသေသိ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“နဂါးမင်းကြီး။ သင်သည် “ဤသို့သောကောင်းမှုကြောင့် ဤဗိမာန်စည်းစိမ်ကို ရ၏”ဟု ကုသိုလ်ကိုလည်းကောင်း၊ ကုသိုလ်၏ အကျိုးကိုလည်းကောင်း သိတော်မူ၏။ ထိုသို့ ကောင်းမှု၏အကျိုးရှိသည်ကို သိတော်မူတိုင်း မမေ့မလျော့ တရားကိုသာ ကျင့်တော်မူလော့။ ထိုသို့ တရားကိုကျင့်လျှင် နောင်လည်း ယခုကဲ့သို့ ဘုံဗိမာန်စည်းစိမ်ကို ရလတ္တံ့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် နဂါးမင်းသည်-

“နယိဓ သန္တိ သမဏဗြာဟ္မဏာ စ၊ ယေသံ အန္နပါနာနိ ဒဒေမုကတ္ထေ။

အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ၊ ယထာ ဝိမာနံ ပုန မာဝသေမ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အမတ်ကြီး သုခမိန်။ ဤနဂါးပြည်၌ လူ့ပြည်မှာကဲ့သို့ ရဟန်း, ပုဏ္ဏား, အလှူခံသူ မရှိသောကြောင့် မလှူဒါန်းရ။ နောင်ဘဝ၌ ဤသို့ ဘုံဗိမာန်စည်းစိမ်ကို ခံစားရခြင်းအကျိုးငှာ ဤနဂါးပြည်၌ အဘယ်သို့ ကုသိုလ်ဖြစ်အောင် ပြုရပါအံ့နည်း။ ကုသိုလ်ဖြစ်မည့်အကြောင်းကို ငါ့အား သင် ကြားလော့”ဟု ဆို၏။

ဘုရားလောင်းသည်-

“ဘောဂီ ဟိ ယေ သန္တိ ဣဓူပပန္နာ၊ ပုတ္တာ စ ဒါရာ စ အနုဇီဝိနော စ။

တေသု တုဝံ ဝစသာ ကမ္မုနာ စ၊ အသမ္ပဒုဋ္ဌော စ ဘဝါဟိ နိစ္စံ။”

“ဧဝံ တုဝံ နာဂ အသမ္ပဒေါသံ၊ အနုပါလယ ဝစသာ ကမ္မုနာ စ။

ဌတွာ ဣဓ ယာဝတာယုကံ ဝိမာနေ၊ ဥဒ္ဓံ ဣတော ဂစ္ဆသိ ဒေဝလောကံ။”

ဟူသော ၂-ဂါထာတို့ကိုဆို၏။

အဓိပ္ပာယ်ကား-

“နဂါးမင်း။ ဤနဂါးပြည်၌ မင်းကြီး၏ မိဖုရားမောင်းမ သားတော်, အခြွေအရံ နိုင်ငံအတွင်း၌နေကုန်သော ပြည်သူပြည်သား နဂါးအပေါင်းတို့ကို တစ်စုံတစ်ခု အမှုမပြီး မင်းကြီး စိတ်မနှစ်သက် အမျက်ထွက်ရန် ကိစ္စရှိသော်လည်း အမျက်မထွက်ရအောင် သတိပညာဖြင့် ဖျောက်ဖြေဟန့်တားလျက် စကားချိုသာစွာ အသာအကြည် စီရင်ဆုံးမလျက် နေ့ညမပြတ် စောင့်ရှောက်တော်မူ၍ ချစ်ကြင်နာခြင်း မေတ္တာကိုပွားစေတော်မူလော့။ ထိုအမျက်မထွက် သည်းခံခြင်း ခန္တီ, ချစ်ခြင်းမေတ္တာကို ပွားစေသဖြင့် ဤဘုံဗိမာန်၌ အသက်အတိုင်းနေ၍ နောင်သောအခါ ဤနဂါးပြည်မှ အထက်ဖြစ်သောနတ်ပြည်သို့ ရောက်၍ အတုမရှိသော နတ်၏စည်းစိမ်ကို ခံစားရလတ္တံ့။ ဤသို့ သူတစ်ပါးတို့အား ချစ်ခြင်းမေတ္တာသည် “မေတ္တာစိတ္တံ ဟိ ဒါနတော အတိရေကတရံ ပုညံ”ဟူသော ဂါထာနှင့်အညီ အလှူပေးသောထက် လွန်မြတ်၏”ဟု ဆို၏။

ဝရုဏ နဂါးမင်းသည် ထိုသို့သော ဘုရားလောင်း၏ တရားစကားကိုကြားလျှင် ကြည်ညိုနှစ်သက်၏။ “ဝိဓူရသုခမိန်ကို ငါနှင့် ဤပြည်တွင် စကားပြော၍နေလျှင် ကြာတော့အံ့။ ယခု ဝိမလာဒေဝီ၏နေရာ ဗိမာန်တွင်းသို့ ဆောင်ယူပြီးလျှင် ဝိမလာဒေဝီအား တရားစကားကိုနာစေလျက် နှလုံးသည်းပွတ်၌ ချင်ခြင်းကို ငြိမ်းစေပြီးသော်၊ ဓနဉ္စယမင်းစသော လူအပေါင်းကို ရွှင်လန်းစေသဖြင့် ဝိဓူရသုခမိန်ကို လူ့ပြည်ကိုပို့ရသော် သင့်၏” ဟုကြံ၍၊ “အဒ္ဓါ”စသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ သင်သည် ကုရုရာဇ်မင်းကြီး၏ ငယ်ကျွန်ငယ်ပေါင်း အကြောင်းအကျိုးကို ဆုံးမတတ်ပေသော အမတ်ကြီးပေတည်း။ ထိုကောရဗျမင်းသည် သင်နှင့် ကွေကွင်းရသဖြင့် ယခုမချွတ်လျှင် စိုးရိမ်ပူဆွေးခြင်း ပြင်းစွာဖြစ်၍ ကိုယ်၌ တစ်စုံတစ်ခု အနာအဖျားရသည်ပင် ဖြစ်ရာလိမ့်သတည်း။ သင်သုခမိန်ကို တွေ့ရပေါင်းရမှသာလျှင် ထိုအန္တရာယ်ပျောက်၍ ဝမ်းမြောက်ဝမ်းသာ ချမ်းသာခြင်းကို ရလေရာသတည်း”ဟု ဆို၏။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် နဂါးမင်းအား ကောင်းချီးပေးလို၍ “အဒ္ဓါ သတံ ဘာသသိ” အစရှိသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“နဂါးမင်း။ မင်းကြီးသည် စီးပွားချမ်းသာ၏ စုဝေးရာ ကောင်းစွာသောလေ့ကျင့် မြင့်မြတ်သော သူတော်ကောင်းတရားကို အောက်မေ့လျက် ဤသို့သောစကားကို ဆိုပေ၏။ ဤသို့ မင်းကြီးဆိုအပ်သော ဘေးရန်တို့၌ အကျွန်ုပ်ကဲ့သို့သော ပညာရှိ၏ဂုဏ်အထူးသည် ထင်ရှား၏”ဟု ဆို၏။

ထိုစကားကိုကြားလျှင် နဂါးမင်းသည် အတိုင်းထက်အလွန် ဝမ်းမြောက်သည်ဖြစ်၍ ဝိဓူရသုခမိန်ကိုလျှင် မေးလိုပြန်၍ “အက္ခာဟိ နော”အစရှိသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ သင်သည် ငါ့အား ဟုတ်မှန်တိုင်း ကြားလော့။ ငါ မေးအံ့။ ပုဏ္ဏကသည် သင့်ကို အချည်းနှီးပင် အကြောင်းမဲ့ ရသလော။ အန်ခတ်ရာ၌ ပုဏ္ဏကသည် သင့်ကို နိုင်လေသလော။ ငါ့အား ကြားလော့။ ဤပုဏ္ဏကကို ငါမေးလျှင် “တရားသဖြင့် ရသည်”ဟု ငါ့အား ပြော၏။ သင်သည် အဘယ်သို့ ပုဏ္ဏကလက်ဝယ် ရောက်လေသနည်း”ဟု မေး၏။

ဘုရားလောင်းသည် “ယော မိဿရော တတ္ထ အဟောသိ ရာဇာ” အစရှိသော ဂါထာဖြင့် အကြောင်းကိုပြော၏။

အဓိပ္ပာယ်ကား-

“နဂါးမင်း။ အကျွန်ုပ်တို့သခင် ဓနဉ္စယမင်းသည် ပုဏ္ဏကနှင့် အန်ကစားကြသော် ပုဏ္ဏကသည် နိုင်လေ၏။ ထိုသို့နိုင်လေသော် အကျွန်ုပ်တို့သခင် မင်းကြီးသည် အကျွန်ုပ်တို့ကို ပိုင်သည်ဖြစ်၍ ပုဏ္ဏကအား ပေး၏။ ပုဏ္ဏကသည် အနိုင်အထက် မနှိပ်စက်ဘဲ တရားသဖြင့် အကျွန်ုပ်ကို ရလေ၏”

ထိုသို့ဆိုသည်ကို ကြားလျှင် နဂါးမင်းသည် ရှေးအထက်ကာရီကထက် အလွန်နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍ မိမိ မိဖုရားကြီး ဝိမလာဒေဝီနေရာ အသရေရှိသောတိုက်ခန်းသို့ ဆောင်အံ့ဟု သုခမိန်၏ လက်ကိုဆွဲလျက် ဝိမလာဒေဝီနေရာ အသရေရှိသောတိုက်ခန်းသို့ ဝင်ပြီး၍ ဝိမလာဒေဝီအား “ယေန တွံ ဝိမလေ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အဘယ်ဝိမလာ။ သင်သည် ဝိဓူရသုခမိန်ကြောင့် ကိုယ်လက်မသာ ပူဆာဖျော့တော့ ညှိုးလျော့ရုပ်ဝါ ရေစာမယူ စိတ်ပူနှလုံး ယူကျုံးမရ ရှိဘိ၏။ သင်အလိုရှိသော ဝိဓူရသုခမိန်ကား ဤသူလျှင်တည်း။ ဤဝိဓူရသုခမိန်သည် နတ်နှင့်တကွသော လူ၌ အတုမရှိ။ သူခပ်သိမ်းတို့၏ အမိုက်အမျက်တို့ကို ဖျောက်ပယ်တတ်၏။ ဝိမလာဒေဝီ။ သင်သည် ဤဝိဓုရနှလုံးသားဖြင့် အလိုရှိ၏။ ထိုဝိဓူရသုခမိန်သည် ယခု ရောက်ပြီ။ ထိုသုခမိန်သည် ဟောအပ်သောတရားစကားကို နာဦးလော့။ ဤသို့သော ပညာရှိကို တစ်ဖန် တွေ့မြင်ရမည်ကား ခဲယဉ်းလှ၏”ဟု ဆို၏။

ဝိမလာဒေဝီသည်လည်း ဘုရားလောင်းကို နဂါးမင်း လက်ဆွဲ၍လာသည်ကိုလျှင် ရွှင်လန်းကြည်ညိုသည့်အမူနှင့် နုလှသောလက် ၁၀-ချောင်းကို ဦးခေါင်းထက်တင်ထားလျက် စကားပြောဟောလို၍ ထိုဝရုဏနဂါးမင်း ရွတ်သည့်ဂါထာနှင့်နည်းတူလျှင် “အဒိဋ္ဌပုဗ္ဗံ ဒိသွာန”အစရှိသောဂါထာကို ဆို၏။ ဘုရားလောင်းလည်း နဂါးမင်းကိုကဲ့သို့ပင် ဂါထာကို ရွတ်၍ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ ဤသို့သော ငါတို့စည်းစိမ်ကိုမြင်၍ သေအံ့သည်မှ ကြောက်ဟန်ရှိ၏တကား။ နဂါးတို့သခင် မင်းကြီးကိုမျှ ရှိမခိုး။ အခွင့်ရောက်ကာ ကြောက်လန့်တတ်သောသဘောသည်ကား ပညာရှိသဘော မဟုတ်။ သင်လည်း ပညာရှိယောင်တကား”ဟု ဆို၏။

ဘုရားလောင်းလည်း-

“နဂါးမင်းသမီး။ အကျွန်ုပ်သည် မင်းသမီးတို့ နဂါးပြည်ကိုမြင်၍ သေအံ့သည်မှ မရွံ့မထိတ်။ သူတစ်ပါးတို့စိတ်ကို နူးညွတ်စေခြင်း၌လိမ္မာသော အကျွန်ုပ်သို့သောပညာရှိကို အဘယ်သူ သတ်ပါအံ့နည်း။ နဂါးမင်းသမီး သတ်အပ်သောသူသည် သတ်တတ်သောသူကို ရှိခိုးခြင်းမရှိ၊ သတ်တတ်သော သူသည်လည်း သတ်အပ်သောသူကို ရှိခိုးခြင်း မရှိ။ အကြင်သူသည် အကြင်သူကို သတ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် သတ်ခြင်းငှာအလိုရှိသောသူအား ရှိမခိုး”ဟု ဆို၏။

ဝိမလာဒေဝီလည်း “သုခမိန်။ သင်ဆိုတိုင်း မှန်သည်။ အကြင်သူသည် မိမိကိုသတ်မည့်သူအား ရှိမခိုးရာ”ဟု ဆို၏။ ထို့နောင် ဘုရားလောင်းလည်း ဝိမလာဒေဝီနှင့် ပဋိသန္ဓာရစကား ပြောဟောလို၍ “နဂါးမင်းသမီး။ ဤသို့သော ဘုံဗိမာန်စည်းစိမ်ကို အဘယ့်ကြောင့် ရသနည်း၊ အကြောင်းမရှိဘဲပင် ရသလော”ဟု မေး၏။ မိဖုရားလည်း “သုခမိန်။ ဤသို့ သော ဘုံဗိမာန်စည်းစိမ်ကို အကြောင်းမရှိဘဲ ရသည်မဟုတ်။ တစ်ပါး အကြောင်းကြောင့်လည်း မရအပ်။ ကုသိုလ်ကောင်းမှု ပြုခဲ့ဖူး၍ ရသည်”ဟု ဆို၏။

ဘုရားလောင်းလည်း “နဂါးမင်းသမီး။ အဘယ်မည်သော ကုသိုလ်ကိုပြု၍ ဤသို့သောစည်းစိမ်ကြီးကို ရသနည်း”ဟု မေး၏။ “သုခမိန်။ ရှေး၌ ငါတို့ လူဖြစ်သောအခါ အင်္ဂတိုင်း ကာလစမ္ပာနဂိုရ်မြို့၌ ငါတို့သခင် မင်းကြီးနှင့် အတူတကွလျှင် ဒါနစသည်ကို ပြုဖူး၏”ဟု ဝရုဏနဂါးမင်းဆိုသည့်အတိုင်း အလုံးစုံကိုဆို၏။

“ထိုသို့ ကုသိုလ်ကိုလည်းကောင်း၊ ကုသိုလ်၏အကျိုးကို လည်းကောင်း သိသော နဂါးမင်းသမီးသည် ဤသို့သော ဘုံဗိမာန်ကို တစ်ဖန်ဘဝသစ်၌ ခံစားရကြောင်း ကောင်းမှုတရားကို ပွားစေလော့” ဆို၏။

ထိုစကားကို ကြားလျှင် ဝိမလာဒေဝီသည် ဘုရားလောင်းကို အတိုင်းထက်အလွန် နှစ်သက်မြတ်နိုးသည်ဖြစ်၍ မိမိကျင့်ရန်တရားကို ဟောစေလိုသောကြောင့် ဘုရားလောင်းကို ၁-သောင်းမကသော နံ့သာရေအိုးတို့ဖြင့် ရေချိုးစေပြီးလျှင်၊ နတ်ဝတ်နတ်တန်ဆာတို့ကို ဝတ်စေပြီးမှ နတ်၏ဘောဇဉ် မြိန်မြတ်သောရသာတို့ကို သုံးဆောင်စေ၍ တန်ဆာဆင်အပ်သော တရားဟောနေရာကို ခင်းပြီးလျှင် ထိုနေရာ၌ နေစေ၏။

ဘုရားလောင်းသည်လည်း ထိုတရားဟောနေရာ၌ ဘုရား၏တင့်တယ်ခြင်းဖြင့် တင့်တယ်စွာနေ၍ မင်းကြီး, မိဖုရားတို့မေးသော ပြဿနာကို ဖြေဆိုလျက် ဟော၏။

ဝိမလာဒေဝီသည် မိမိတို့ကျင့်ရန်တရားကို မေးအံ့သောငှာ “နယိဓ သန္တိ”အစရှိသော ဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“အမတ် သုခမိန်။ ဤငါတို့နဂါးပြည်၌ ရဟန်းပုဏ္ဏား အစရှိသော အလှူခံ မရှိသောကြောင့် ကောင်းမှုမပြုရ။ ထိုသို့ ရဟန်းပုဏ္ဏား အစရှိသည် မရှိငြားသော်လည်း နဂါးပြည်၌ ဤသို့သော ဘုံဗိမာန်ကို တစ်ဖန် ဘဝသစ်၌ရမည့်အကြောင်း ကောင်းမှုဖြစ်အံ့သည့်တရားကို သင်သုခမိန်သည် ငါ့အား ဟောကြားပါလော့”ဟု ဆို၏။

ဘုရားလောင်းလည်း နဂါးပြည်၌ ကျင့်ရန်တရားကို ဟောကြားခြင်းငှာ “ဘောဂီ ဟိ ယေ သန္တိ” အစရှိသောဂါထာဖြင့် ခန္တီ, မေတ္တာတရားကို ဟောကြားပေ၏။

အဓိပ္ပာယ်ကား-

“နဂါးမင်းသမီး။ ဤနဂါးပြည်၌ သားသမီး, အခြွေအရံ အစရှိသော ပြည်သူပြည်သားအပေါင်းတို့ကို တစ်စုံတစ်ခုအမှုကြောင့် အမျက်ထွက်ခွင့်ရောက်သော်လည်း အမျက်မထွက်စေမူ၍ ကိုယ်၏သိမ်မွေ့ခြင်း, နှုတ်စကား၏ သိမ်မွေ့နူးညံ့ခြင်းဖြင့် အသာအကြည် ပြေလည်အောင် စောင်မအုပ်ချုပ်လျက် တစ်ရက်မပြတ် သူတစ်ပါးတို့အား ကိုယ်နှင့်အတူ ချစ်မြတ်နိုးခြင်းမေတ္တာကို ပွားစေရာ၏။ ဤမေတ္တာတည်းဟူသော တရားသည် ခပ်သိမ်းသောအလှူတို့ထက် လွန်ကဲ၏။ ထိုသို့ မေတ္တာတည်းဟူသောတရားကို ကျင့်သဖြင့် ဤနဂါးပြည်၌ ကြီးမြတ်လှသော ဘုံဗိမာန် စည်းစိမ်ချမ်းသာကို အသက်ထက်ဆုံးစံစား၍ ဘဝပြောင်းရသည်ရှိသော် ဤနဂါးပြည်၏ အထက်ဖြစ်သော နတ်ပြည်၌ အတုမရှိသော နတ်မင်း, နတ်မိဖုရား စည်းစိမ်ကို ခံစားရလတ္တံ့။ ဤသို့ နတ်ပြည်စည်းစိမ်ကို ခံစားရခြင်းသည်ကား မေတ္တာတည်းဟူသော တရားအကျင့်၏ အကျိုးတည်း”ဟု ဟောပေ၏။

ဤသို့ ဘုရားလောင်းဟောသော တရားစကားကိုကြားရလျှင် ဝိမလာဒေဝီသည် “သုခမိန်၏ နှလုံးတည်းဟူသောတရားကို နာလိုခြင်းအာသာသည် ပြေငြိမ်းပြီဖြစ်၍ ဤသုခမိန်ကို နဂါးပြည်၌ ကြာမြင့်စွာနေစေသဖြင့် ဓနဉ္စယမင်း အစရှိသော ပြည်သားပြည်သူ လူအပေါင်းတို့၏ စိုးရိမ်ပူပန်ခြင်းသည် ဖြစ်ရလေအံ့”ဟု ကြံ၍ “အဒ္ဓါ ဟိ သော” အစရှိသော ဂါထာဖြင့် မင်းကြီးဆိုသကဲ့သို့ပင် ဝိမလာဒေဝီသည်လည်း- “သုခမိန်။ သင်သည်ကား ဓနဉ္စယမင်းကြီး၏ အမတ်ကြီးပေတည်း။ သင်နှင့်ကွေကွင်းသဖြင့် မင်းကြီးသည် ပြင်းစွာ စိုးရိမ်လတ္တံ့။ သင့်ကို တွေ့မြင်ရပါမူကား ထိုမင်းသည် ချမ်းသာရလိမ့်သတတ်”ဟု ဆို၏။

ဘုရားလောင်းသည် နဂါးမင်းအား ဆိုသကဲ့သို့ပင် “အဒ္ဓ့ ဟိ” အစရှိသောဂါထာဖြင့်- “နဂါးမင်းသမီး၊ အကျိုးစီးပွား များစွာသော သူတော်ကောင်းတရားကို ဆုံးမခြင်း၌ အကျွန်ုပ်ကဲ့သို့သော ယောက်ျားသည် မရှိ။ ထိုသို့ ဘေးရန်ရောက်လာသောအခါ၌ အကျွန်ုပ်ကဲ့သို့သော ပညာရှိဂုဏ်ထူးသည် ထင်ရှားခဲ့၏”ဟု ဆို၏။

မိဖုရားလည်း “အက္ခာဟိ နော”အစရှိသော ဂါထာဖြင့်- “သုခမိန်။ သင့်ကို ပုဏ္ဏကသည် “တရားသဖြင့် ရသည်”ဟု ဆို၏။ ထိုပုဏ္ဏကဆိုတိုင်းလျှင် မှန်၏လော။ ငါ့အား ကြားလော့”ဟု မေးပြန်၏။ ဘုရားလောင်းလည်း “တရားသဖြင့်ပင် ကျွန်ုပ်ကို ပုဏ္ဏကသည် ရပေ၏”ဟု ဆိုခဲ့ပြီးသောနည်းဖြင့် အလုံးစုံကို မိဖုရားအား ကြား၏။

“ဤသို့ ဝရုဏနဂါးမင်း, ဝိမလာဒေဝီ မိဖုရားတို့သည် ငါ့ကို မေး၏။ ငါသည်လည်း အလုံးစုံသော တရားစကားကို ဖြေဆို ဟောကြား၏။ ထိုမင်းမိဖုရားတို့သည် ငါ့အား နှစ်သက်မြတ်နိုးပါ၏လော။ အထက်က ငါတွေးသည့်အတိုင်း မိဖုရားသည် ငါ၏ တရားစကားတည်းဟူသော နှလုံးကိုသာ အလိုရှိသည် မှန်၏လော။ နဂါးမင်းသည်လည်း ငါ့ကို မြင်ဦးစကပင်လျှင် မိမိအား ရှိခိုးစေလိုသည်ဖြစ်၍ “အဒိဋ္ဌပုဗ္ဗံ”စသော ဂါထာဖြင့် “ပညာရှိယောင်တကား”ဟု ဆို၏။ ငါသည်လည်း “မိမိကို သတ်ခြင်းငှာ အလိုရှိသောသူကို ရှိခိုးခြင်းမည်သည် မရှိ”ဟုဆို၏။ မင်းကြီးသည်လည်း ဆိုတိုင်းပင်လျှင် “မှန်၏”ဟုဆို၏။ ထိုစကားသည် ငါ့အား နှလုံးမသာရှိ၍တည်း ဆိုသည်ဖြစ်မည်။ ယခု မင်းကြီးသည် နူးညံ့သောစိတ် ရှိပါ၏လော။ အလိုစမ်းအံ့”ဟုကြံ၍ ဘုရားလောင်းသည် မကြောက်မရွံ့ ရဲရင့်ခြင်းဖြင့်-

“မာရောဓယိ နာဂ အာယာဟမသ္မိ၊ ယေန တဝအတ္ထော ဣဒံ သရီရံ။

ဟဒယေန မံသေန ကရောဟိ ကိစ္စံ၊ သယံ ကရိဿာမိ ယထာမတိ တေ။”

ဟူသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“နဂါးမင်းကြီး။ သင်သည် ဤသုခမိန်ကို ငါသတ်ချေသော် “ခင်ပွန်းပြစ်မှားခြင်းသို့ ရောက်ရာ၏”ဟူ၍လည်း ကြောက်တော်မမူလင့်။ ဤသုခမိန်သည် စကား၏နူးညံ့ခြင်းဖြင့် သာယာနာပျော်ဖွယ်သောတရားကို ဟောတတ်၏။ ထိုသို့ စင်လျက် ငါ အဘယ်သို့ သတ်ရပါမည်နည်း ဟူ၍လည်း ကြံတော်မမူလင့်။ အကျွန်ုပ်၏ကိုယ်ကို လက်ဆောင်ပြု၍ မင်းကြီးအား ဆက်၏။ အလိုရှိတိုင်း အကျွန်ုပ်ကို မင်းကြီး ပြုတော်မူလော့။ အကယ်၍ မင်းကြီးသည် “ဤသုခမိန်အား ငါတို့ကို သာယာနာပျော်ဖွယ်သောတရားကို ဟောပေသူ ဖြစ်သည်”ဟူ၍ မသတ်ရက်ဘဲ မရဲဝံ့သည် ဖြစ်အံ့။ မင်းကြီးအလိုရှိရာကို ဆိုလော့။ နှလုံးကို အလိုရှိလျှင်လည်း အကျွန်ုပ်ပင် ထုတ်၍ပေးအံ့။ အသားကို အလိုရှိလျှင်လည်း အကျွန်ုပ်ပင် အသားကို လှီးဖြတ်၍ပေးအံ့။ မင်းကြီးအလိုရှိရာကို အကျွန်ုပ် ထုတ်၍ပေးပါအံ့”ဟု ဆို၏။

ထိုစကားကို နဂါးမင်း ကြားလျှင်-

“ပညာ ဟဝေ ဟဒယံ ပဏ္ဍိတာနံ၊ တေ တျမှာ ပညာယ မယံ သုတုဋ္ဌာ။

အနူန နာမော လဘတဇ္ဇ ဒါရံ၊ အဇ္ဇေဝ တံ ကုရုယော ပါပလာတု။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ ပညာရှိကုန်သောသူတို့၏ နှလုံးသည်ကား ပညာ သာလျှင်တည်း။ သင်သုခမိန်၏ သာယာနာပျော်ဖွယ်သော တရားဟောခြင်း ပညာတည်းဟူသော နှလုံးကို ငါတို့အလိုအတိုင်း ကြားနာရ၍ အလွန် နှစ်သက်ဝမ်းမြောက်ပြီ။ သင်၌ တရားပညာမှတစ်ပါး ငါတို့အလို မရှိ။ ပုဏ္ဏကစစ်သူကြီးသည်လည်း မယုတ်မလျော့သော ဘုန်းပညာရှိသည်နှင့်အညီ ငါတို့အလိုရှိတိုင်း မြို့ကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ဖြင့် ပျပ်ဝပ်ကျိုးနွံ ခြံရံအပ်သော ဓနဉ္စယကောရဗျမင်းကြီး၏ ဆရာသုခမိန်အဖြစ်ဖြင့် ချီးမြှောက်စောင့်ရှောက်၍ အလွန်ဆောင်နိုင်ခဲသော ဤသုခမိန်ကို တရားသဖြင့်ရအောင် ဤနဂါးပြည်သို့ ဆောင်ယူခဲ့ပေသည်ဖြစ်၍ ငါ၏အလို, မိဖုရားကြီး၏အလို အလုံးစုံသည် ပြည့်စုံပေသောကြောင့် ပုဏ္ဏကဘီလူးစစ်သူကြီးအား ငါ၏သမီးတော် ဣရန္ဓတီကို ဆောင်နှင်းလက်ထပ် ပေးအပ်တော်မူ၏။ သင်ပုဏ္ဏက စစ်သူကြီးသည် ယနေ့ပင်လျှင် ဤသုခမိန်ကို ဣန္ဒပတ္ထနဂိုရ်ပြည်သို့ ပို့ချေလော့”ဟု ဆို၏။

ဤသို့ နဂါးမင်း, ဝိမလာဒေဝီ, ပုဏ္ဏက, ဘုရားလောင်း၊ ဤ မင်း၄-ပါးတို့သည် ကိုယ်နှင့်လျော်စွာ အလိုအတိုင်း ပြည့်စုံကြသည်ဖြစ်၍ နှစ်လို့ရွှင်လန်း ဝမ်းမြောက်စွာ ဖြစ်ကြကုန်၏။

ပုဏ္ဏကသည် ဣရန္ဓတီ နဂါးမင်းသမီးကိုရလျှင် အလွန်ဝမ်းမြောက်သည်ဖြစ်၍ ဘုရားလောင်းနှင့် စကားပြောဟောလိုသောကြောင့်-

“ဘရိယာယ မံ တွံ အကရိ သမင်္ဂိံ၊ အဟဉ္စ တေ ဝိဓုရ ကရောမိ ကိစ္စံ။

ဣဒဉ္စ တေ မဏိရတနံ ဒဒါမိ၊ အဇ္ဇေဝ တံ ကုရုယာ ပါပယိဿာမိ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကုရုရာဇ်တိုင်းသူ လူအပေါင်းတို့၏ ကြေးမုံသဖွယ်ဖြစ်သော သုခမိန်အမတ်ကြီး။ သင်သုခမိန်သည် မွေ့သိမ်ညံ့နု ရှု၍မငြီးသော ဣရန္ဓတီမင်းသမီးကို ငါ့အား ထိမ်းမြားလက်ထပ် ပေးအပ်သောအခြင်းအရာဖြင့် အတူတကွ စံပျော်ရမည့်အကြောင်းကို ပြုပေ၏။ သင်သုခမိန်အားလည်း ငါသည် ကျေးဇူးတုံ့ဆပ်ပါအံ့၊ စကြဝတေးမင်းတို့သာ သုံးဆောင်ထိုက်သော ဤမနောဟရပတ္တမြားကို သင့်အား ပေး၏။ ယနေ့ပင်လျှင် ဣန္ဒပတ္ထနဂိုရ်ပြည်သို့ ငါပို့အံ့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် ပုဏ္ဏကအား ကောင်းချီးပေးလို၍-

“အဇေယျမေသာ တဝ ဟောတု မေတ္တိ၊ ဘရိယာယ ကစ္စာန ပိယာယ သဒ္ဓိံ။

အာနန္ဒစိတ္တော သုမနာ ပတိတော၊ ဒတွာ မဏိံ စ မံ စ နယိန္ဒပတ္ထံ။”

ဟူသော ဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်။ သင်သည် ချစ်ခင်ကြင်နာအပ်သော ဤနဂါးမင်းသမီးနှင့် အတူတကွ အသက်ထက်ဆုံး နှလုံးကြည်ဖြူကြသဖြင့် သူတစ်ပါးတို့ လှည့်ဖြားနှောင့်ယှက်၍ မဖျက်ဆီးနိုင် ခိုင်ခံ့သောမေတ္တာအစုံဖြင့် နတ်ဘုံဗိမာန်၌ ပျော်စံမွေ့လျော်ကြသည် ဖြစ်စေသော်။ သင်သည် အဆွေခင်ပွန်းစစ် ဖြစ်ပေသည်နှင့်အညီ ခပ်သိမ်းသောအလိုကို ပေးတတ်သော မနောဟရပတ္တမြားကို ငါ့အားပေး၍ ငါတို့မြို့သို့ ယခုပို့မည် ဆိုသည့်အတိုင်းကောင်းပြီ၊ ပို့လော့”ဟု ဆို၏။