ဝိဓုရဇာတ်တော်ကြီး/အခန်း-၁၃
ဤသို့ မြတ်စွာဘုရားသည် တရားဒေသနာတော်ကို အကျယ်ဟောတော်မူ၍ စကားဆက်ဝေးသဖြင့် ရှေးဝတ္ထုအကြောင်းရင်း ပျောက်မည် စိုးတော်မူသောကြောင့် “ရဟန်းတို့။ ငါဘုရားသည် သဗ္ဗညုတ အထွတ်အထိပ်သို့ ရောက်တော်မူသောအခါ၌သာလျှင် မအံ့သြနိုင်သော ပညာတော်နှင့် ပြည့်စုံသည်မဟုတ်။ ရှေးဘဝ၌လည်း ငါဘုရားသည် ဤသို့ ဟောတော်မူအပ်သော ဒေသနာတော်လာသည့်အတိုင်း မနှိုင်းယှဉ်အပ်သော ပညာတော် အကျိုးစီးပွားများခြင်း၏ အကြောင်းဖြစ်သော ဥပါယ်တံမျဉ်၌ လိမ္မာတော်မူ၏”ဟု ရှေးစကားရပ်ကို ဆက်တော်မူ၍ ဇာတ်တော်ကို ပေါင်းတော်မူသည်။
“ရဟန်းတို့။ ငါဘုရားသည် ဝိဓူရသုခမိန် ဖြစ်သောအခါ ဝိဓူရသုခမိန်၏ မယ်တော်, ခမည်းတော်တို့သည် ယခုအခါ မင်းမျိုးတို့၏အထွတ် သာကီဝင်မင်းမျိုး ငါ၏မယ်တော်, ခမည်းတော် ဖြစ်လာ၏။ ဝိဓူရသုခမိန်၏ မယားကြီး အနောဇာဒေဝီသည် ယခုအခါ ရာဟုလာမိခင် ဖြစ်လာ၏။ ဝရုဏနဂါးမင်းသည် ယခုအခါ ဥပတိဿရွာ၌ ဗြာဟ္မဏ မဟာသာလဖြစ်သော ရူပသာရီပုဏ္ဏေးမ၏သား ငါဘုရား၏တပည့်ကြီး သာရိပုတ္တရာ ဖြစ်လာ၏။ ဂဠုန်မင်းသည် ယခုအခါ ကောလိတရွာ၌ ဗြာဟ္မဏ မဟာသာလ ဖြစ်သော မောဂ္ဂလိပုဏ္ဏေးမ၏သား ငါဘုရား၏ဒုတိယသာဝက မောဂ္ဂလာန် ဖြစ်လာ၏။ ထိုအခါ သိကြားမင်းသည် ယခုအခါ ကပိလဝတ်ပြည်၌ ငါဘုရား၏ဘထွေးတော် ဓောတောဒနသား ငါဘုရား၏တပည့် အနုရုဒ္ဓါထေရ်ဖြစ်လာ၏။ ဓနဉ္စယကောရဗျမင်းကြီးသည်ကား ယခုအခါ ငါ၏ဘထွေးတော်သား ငါဘုရားနှင့်ဖွားဖက် ဧတဒဂ်၅-တန်ရ တရားဘဏ္ဍာစိုးဖြစ်သော အာနန္ဒာဖြစ်လာ၏။ ထိုအခါ ပုဏ္ဏက ဘီလူးစစ်သူကြီးသည် ယခုအခါ သာဝတ္ထိပြည် ကောသလမင်းကြီး၏ပုရောဟိတ် ဘတ္တဂ္ဂ ပုဏ္ဏား၏သား အင်္ဂုလိမာလထေရ် ဖြစ်လာ၏။ ထိုအခါ ပုဏ္ဏကစီးသော မနောမယသိန္ဓောမြင်းသည် ယခုအခါ ငါဘုရားနှင့်ဖွားဖက် တောထွက်တော်မူရာပါသော ကဏ္ဍကမြင်း ဖြစ်လာ၏။ နဂါးမင်းမိဖုရား ဝိမလာဒေဝီသည် ယခုအခါ ရာဇဂြိုဟ်ပြည်ကိုအစိုးရသော ဗိမ္ဗိသာရမင်းကြီး၏မိဖုရား ငါဘုရားထံ၌ ၄-တန်သောမဂ်ဖိုလ်ကို မငြိုမငြင် ဘဝင်မခြား လျင်လျားစွာရသော အဂ္ဂသာဝိကာ ခေမာဘိက္ခုနီ ဖြစ်လာ၏။ နဂါးမင်း၏သမီး ဣရန္ဓတီသည် ယခုအခါ ငါဘုရား၏အရီးတော်သမီး ကိသာဂေါတမီ ဖြစ်လာ၏။ ထိုမှကြွင်းသော ဝိဓူရသုခမိန်၏ပရိသတ်တို့သည် ယခုအခါ ငါဘုရား၏ပရိသတ် ဖြစ်လာ၏။ ထိုအခါ ၁၀၁-ပါးသော မင်းနှင့်တကွသော လူအပေါင်းတို့ကို ဆုံးမပဲ့ပြင် သွန်သင်ညွှန်ပြ တရားရေအေး တိုက်ကျွေးတတ်သော ဝိဓုရသုခမိန်သည်ကား ယခုအခါ လူနတ်တို့၏ဆရာ သစ္စာ ၄-ပါးတရားတို့ကို သူတစ်ပါးတို့ မညွှန်ကြားဘဲ မိမိအလိုလို ကိုယ်တိုင်တော်သာလျှင် တစ်ပြိုင်နက် အရဟတ္တမဂ်ဉာဏ်ဖြင့် ဗောဓိမဏ္ဍိုင်၌ သိတော်မူပြီး၍ သဗ္ဗညုတဉာဏ်ကို ရတော်မူသော ငါဘုရားလျှင်တည်း”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။
(ဤအရာ၌ မယ်တော်, ခမည်းတော်တို့သည် သာကီဝင်မင်းမျိုး ဖြစ်လာ၏ဟူသော် အဘယ့်ကြောင့် သာကီဝင် မည်သနည်းဟူမူ သကျဝံသ-ဟု မာဂဓဘာသာ ဆိုသည်ကို မြန်မာတို့ဘာသာ၌ သ-ကို သာ-ပြု၍ ကျ-ကိုလည်း ကီ-ပြု၍ ဝံသ-ကိုလည်း ဝင်ပြု၍၊ သာကီဝင်-ဟု အမည်တွင်သတည်း။ ထိုသာကီဝင်သည် အဘယ်ကစ၍ ဖြစ်သနည်းဟူမူကား ကပိလဝတ်ပြည်ကို တည်ထောင်စဖြစ်သော ဥက္ကာမုခမင်း ဟတ္ထိနိကမင်းစသော မင်းညီနောင် ၄-ပါးတို့တွင် ပိယာ, သုပိယာ, အာနန္ဒာ, ဝိဇိတာ, ဝိဇိတာသေနာ ဟူ၍ နှမတော် ၅-ယောက်တို့တွင် ပိယာဟူသော နှမတော်အကြီးကို အမိအရာထား၍ အမျိုးပျက်ပြားမည်စိုးသောကြောင့် အကြွင်း နှမတော် ၄-ပါးနှင့် အသီးအသီးစုံဖက်၍ ရွှေထီးရွှေနန်း စံမြန်းစံပယ်ကြရာတွင် စ,၍ဖြစ်သတည်း။ ထိုမင်းသမီးမောင်တော်, နှမတော်တို့ အသီးအသီး စုံဖက်ကာမျှပင်လျှင် သာကီဝင်မင်း ဟူသောအမည်ကို ရသလောဟူမူ ထိုစုံဖက်ကာမျှ သာကီဝင် ဟူသောအမည်ကို မရသေး။ ကုသဝတီပြည်၌ ခမည်းတော် ဥက္ကာကရာဇ်မင်းကြီး ကြားတော်မူသောကြောင့် “သကျာ ဝတ ဘော ကုမာရာ”ဟု ၃-ကြိမ် အံ့ဩတော်မူသော် ဘုန်းကြီးသောမင်း၏ နှုတ်ဩဇာတံဆိပ်ကိုစွဲ၍ “သာကီဝင်”ဟု ခေါ်ဝေါ်ကုန်သတည်း။ ထို့ကြောင့် ဘုံခန်း၌ “သကျာဝတ၊ ကုမာရဟု၊ သြဇသာကြည်၊ နှုတ်မွန်ရည်ကြောင့်၊ မင်းစည်ညွန့်ညှောက်၊ မင်းရိုးပေါက်၏”ဟု စပ်တော်မူသည်။ ဘော၊ အိုအမတ်တို့။ ကုမာရာ၊ ငါ၏သားတော် မင်းသားတို့သည်။ သကျာ ဝတ၊ တတ်နိုင်ပေစွ။ (ဤကား အနက်)။ ဘုံခန်းလင်္ကာ၌ “သြဇသာကြည်၊ နှုတ်မွန်ရည်”ဆိုသည်ကား မင်းကြီးသည် “သကျာ ဝတ, သကျာ ဝတ” ဟု ၃-ကြိမ်ဆိုသောစကားသည် အနက်မပြားသောကြောင့် အာမေဍိတ် ဖြစ်သတည်း။ ထိုအာမေဍိတ်စကားသည် မြွေကိုမြင်လျှင် မြွေမြွေဟု အထပ်ထပ်ဆိုသော အာမေဍိတ်ကဲ့သို့ ကြောက်လန့်၍ ဆိုသည်မဟုတ်၊ မကောင်းသော တပည့်သားသမီးကို ဆရာ, မိဘတို့သည် အမျက်ထွက်၍ အမိုက်,အမိုက်ဟု ဆိုအပ်သော အာမေဍိတ်ကဲ့သို့ အမျက်ထွက်၍ ဆိုသည်လည်းမဟုတ်၊ ငါ့သားတော်တို့သည် အမျိုးကို အလွန်စောင့်ရှောက်ပေသည်ဟု ဝမ်းမြောက်လှသောကြောင့်သာ ကြည်ရွှင်လန်းသော နှုတ်မွန်ရည်ဖြင့် ၁-ကြိမ်နှင့်မရပ်နိုင်၍ ၃-ကြိမ်တိုင်အောင် “သကျာ ဝတ ဘော ကုမာရာ”ဟု အံ့သြတော်မူသောစကားကို ဆိုလေသတည်း။
“ဤအန္တရကပ်၏အစ၌ မဟာသမ္မတမင်းသည် ငါတို့ ဘုရားလောင်းတည်း။ ထိုမဟာသမ္မတမင်းမှ သားတော်, မြေးတော်, မြစ်တော်မှ ဆင်းသက်၍ ကုသဝတီအမည်ရှိသော ရာဇဂြိုဟ်ပြည်၌ မင်းပြု၏။ မဟာသမ္မတ မင်းမှစ၍ ဥက္ကာကရာဇ် မင်းကြီးတိုင်အောင် မင်းဆက်ပေါင်း ၂-သိန်း ၅-သောင်း ၂-ထောင့် ၅-ရာ ၅-ကျိပ် ၆-ပါးတည်း။
ဥက္ကာကရာဇ်မင်းကြီးတွင် ဟတ္ထာ, စိတ္တာ, ဇန္တု, ဇာလိနီ, ဝိသာခါဟု မိဖုရား ၅-ယောက်ရှိ၏။ ထို၅-ယောက်တွင် ဟတ္ထာ အမည်ရှိသော မိဖုရားကြီး၌ ဥက္ကာမုခစသော သားတော် ၄-ပါး, ပိယာအစရှိသော သမီးတော် ၅-ပါး ဖွားမြင်ပြီးသည့်နောက် ဟတ္ထာမိဖုရား လွန်၏။ နောက်ဇန္တုမိဖုရားတွင် ဇန္တုအမည်ရှိသော မင်းသားကိုဖွား၍ မိဖုရားသည် မိမိသားငယ်ကို အိမ်ရှေ့မင်း နှင်းစေလိုသောကြောင့် ဥက္ကာမုခ စသော သားတော်ကြီး၄-ပါး၏ အန္တရာယ်ကို စိုးရိမ်တော်မူသည်ဖြစ်၍ ဥက္ကာကရာဇ်မင်းကြီးသည် သားတော် ၄-ပါးကို တခြားသင့်ရာအရပ်မှာ သွား၍နေဦး၊ ငါမရှိမှ ထီးနန်းကို သိမ်းမြန်းလာလော့”ဟု နှင်တော်မူရာတွင် သမီးတော် ၅-ယောက်လည်း မောင်တော်များနှင့် အတူပင်လိုက်၍ တစ်ယူဇနာခန့်ကွာသော ဗိုလ်ထုပရိသတ်နှင့်တကွ သားတော် သမီးတော်တို့သည် ထွက်သွား၍ တစ်ခုသော ကျွန်းပင်ပျိုတော၌ ရေကန်တစ်ခုကို မှီ၍နေသော ကပိလရှင်ရသေ့၏ သင်္ခမ်းကျောင်းရာ၌ မြို့နန်းတည်၍ စံကြကုန်၏။ နောက်၌ ဥက္ကာမုခမင်း၏ ညီတော်သည် “ဒေဝဒဟ”ဟု တစ်ပြည်တည်ထောင်ပြန်၏။ နှမတော်အကြီးကို အမိအရာထားသော ပိယာမင်းသမီးသည် နောက် ကုဋ္ဌာနာစွဲ၍ တောအရပ်၌ လုံခြုံစွာ ဥမင်နှင့်ထား၏။ ဗာရာဏသီမင်းလည်း ကုဋ္ဌာနာစွဲသောကြောင့် တောသို့ထွက်လာခဲ့သည်နှင့် ကလောသီးကိုစား၍ ထိုအနာပျောက်ပြီးမှ ပိယာမင်းသမီးကိုတွေ့၍၊ ၎င်းကလောသီးကို စားစေသဖြင့် အနာပျောက်လျှင် ထိုမင်းကြီး မင်းသမီးတို့သည် ကလောပင်ကိုအမှီပြု၍ မြို့တည်ထောင်ပြန်သောကြောင့် “ကောလိယ”ဟု တစ်ပြည် တွင်ပြန်၏။
ဥက္ကာမုခမင်းမှသည် ဇေယျသိန်မင်းတိုင်အောင် မင်းဆက်ပေါင်း ၈-သောင်း ၂-ထောင်တည်း။ ကပိလဝတ်ပြည်၌ ဇေယျသိန်မင်းကြီး၏မိဖုရားကြီးတွင် သားတော် သီဟနု, သမီးတော် ယသောဓရာဟု ၂-ယောက် မြင်၏။ ဒေဝဒဟမင်းကြီး၏မိဖုရားကြီးတွင် သားတော် အဉ္စန၊ သမီးတော် ဘဒ္ဒကဉ္စနာ ဟု ၂-ယောက် မြင်၏။ သီဟနုမင်းသားနှင့် ဒေဝဒဟမင်းကြီးသမီးတော် ဘဒ္ဒကဉ္စနာ ထိမ်းမြားရာတွင် သုဒ္ဓေါဒန, ဓောတောဓန, သက္ကောဒန, သုက္ကောဒန, အမိတ္တောဒနဟူ၍ သားတော် ၅-ယောက်၊ အမိတ္တာ, ပါလိတာ သမီးတော် ၂-ယောက်၊ ပေါင်း ၇-ယောက် မြင်၏။ ဒေဝဒဟမင်းကြီးသား အဉ္စနနှင့် ဇေယျသိန်မင်းကြီးသမီး ယသောဓရာကို ထိမ်းမြားရာတွင် ဒဏ္ဍပါဏိ, သုပ္ပဗုဒ္ဓဟု သား ၂-ယောက်၊ မဟာမာယာ, မဟာပဇာပတိဂေါတမီဟူ၍ သမီး ၂-ယောက်၊ ပေါင်း ၄-ယောက် မြင်၏။ အဉ္စနမင်းကြီးသားတော် သုပ္ပဗုဒ္ဓမင်းသားနှင့် သီဟနုမင်းကြီးသမီးတော် အမိတ္တာကို ထိမ်းမြားရာတွင် ဒေဝဒတ္တ ဗိမ္ဗာမင်းသမီး ၂-ယောက် မြင်၏။ သီဟနုမင်းသားတော် သုဒ္ဓေါဒနနှင့် အဉ္စနမင်းကြီးသမီးတော် မဟာမာယာ, ပဇာပဇာတိဂေါတမီ ညီအစ်မ ၂-ယောက် ထိမ်းမြားရာတွင် မဟာမာယာကား ဘုရားရှင် မယ်တော်တည်း။ မဟာပဇာပတိကား နန္ဒမင်းသား, ဇနပဒကလျာဏီ မင်းသမီး ၂-ယောက် မြင်၏။ ဤသို့ မဟာသမ္မတမင်းမှသည် ကိုယ်တော်မြတ် လက်ထက်တိုင်အောင် မပျက်သောကြောင့် ငါ၏ မယ်တော်, ခမည်းတော်တို့သည် မြတ်သောမင်းမျိုး၌ ဖြစ်ကုန်၏”ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။)