မာတိကာသို့ ခုန်သွားရန်

ဝိနည်းပဒေသာသင်တန်း/ဒုက္ကဋ်အာပတ်

ဝီကီရင်းမြစ် မှ
3282ဝိနည်းပဒေသာသင်တန်းဒုက္ကဋ်အာပတ်ဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

ဒုက္ကဋ်အာပတ်

(ဒုက္ကဋ = ဒု + ကတ) ဒု = မကောင်းသဖြင့်၊ ကတ = ပြုအပ်သောအမှု၊

မကောင်းသဖြင့် ပြုအပ်သော ကိုယ်မှု, နှုတ်မှုတို့ကို ဒုက္ကဋဟု ဆိုရသော်လည်း ဤနေရာ၌ မကောင်းသဖြင့် ပြုမှု ပြောမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း ကာရဏူပစာရအားဖြင့် ဒုက္ကဋ်အာပတ်ဟု ခေါ်အပ်သည်။ ဤဒုက္ကဋ်အာပတ်သည် အရာကျယ်၍ များပြား၏၊ အထူး လေ့လာမှတ်သားထားသင့်သောကြောင့် ရနိုင်သမျှ စုဆောင်း၍ တင်ပြမည် ဖြစ်သည်။

အဋ္ဌကထာ၌လာသော ဒုက္ကဋ် (၈) မျိုး

၁။ ပုဗ္ဗပယောဂဒုက္ကဋ်၊ 
၂။ သဟပယောဂဒုက္ကဋ်၊ 
၃။ အနာမာသဒုက္ကဋ်၊ 
၄။ ဒုရူပစိဏ္ဏဒုက္ကဋ်၊ 
၅။ ဝိနယဒုက္ကဋ်၊ 
၆။ ဉာတဒုက္ကဋ်၊ 
၇။ ဉတ္တိဒုက္ကဋ်၊ 
၈။ ပဋိဿဝဒုက္ကဋ်အားဖြင့် (၈)ပါး ပြဆို၏၊

၁။ မေထုန်မှု မဖြစ်မီ ရှေးအဖို့၌ဖြစ်သော ဒုက္ကဋ်၊ ခိုးသည်မှ ရှေးအဖို့၌ သင့်သော ဒုက္ကဋ်တို့သည် ပုဗ္ဗပယောဂဒုက္ကဋ် မည်၏၊ ပါရာဇိကလေးပါး၊ သံဃာဒိသေသ်တို့၏ ရှေးအဖို့၌ သင့်ရသော ဒုက္ကဋ်များလည်း ဤ၌ ဝင်သင့်သည်။

၂။ ခိုးသည်နှင့် တကွဖြစ်သော ဒုက္ကဋ်၊ မြှုပ်ထားသော ရွှေအိုး ငွေအိုး စသည်ကို ခိုးရာ၌ ရွှေအိုး ငွေအိုးတို့၏အပေါ်၌ ပေါက်ရောက်နေသော သစ်ပင်ကို ဖြတ်ခြင်း မြေကို တူးခြင်းစသော ပယောဂနှင့်တကွဖြစ်သော ဒုက္ကဋ်ကို သဟပယောဂဒုက္ကဋ်ဟု ခေါ်သည်။

၃။ ရတနာ (၁၀)ပါး၊ စပါးမျိုး (၇)ပါး၊ လက်နက်ဟူသမျှ၊ တူရိယာမျိုးဟူသမျှ၊ မိန်းမရုပ်ပုံ၊ ဓာတ်ပုံစသည်များကို သုံးသပ်မိခြင်းကြောင့် သင့်သော ဒုက္ကဋ်တည်း။ အနာမာသဒုက္ကဋ် မည်၏၊

၄။ သစ်ပင်၌ တည်ရှိသော စားဖွယ်အသီးအရွက်တို့ကို ကိုင်မိ ထိမိခြင်း၊ အကပ်မခံရသေးသော ခဲဖွယ် ဘောဇဉ်နှင့် ကာလိကလေးပါး၊ စားသောက်ဖွယ်ရာများကို (လူ, သာမဏေ မိဘစသည်တို့အား ပေးရန် မဟုတ်ဘဲ) သက်သက် လက်ဆော့ ခြေဆော့သဘောဖြင့် ထိလျှင် (နေရာ မရွေ့စေဘဲ ကိုင်လျှင်) ဒုရူပစိဏ္ဏဒုက္ကဋ်၊ (ဥပမာ - သာမဏေများ ဆွမ်းချက်ရာသို့သွား၍ ဆွမ်းဟင်းအိုးကို ဖွင့်ခြင်း၊ အကပ်မခံရသေးသော သပိတ်၏ အဖုံးကို ဖွင့်ကြည့်ခြင်း စသည်တို့တည်း။)

၅။ ဆွမ်းခံကြွနေစဉ် မြူမှုန်ကျသော ဆွမ်းရှိသော သပိတ်ကို တစ်ဖန် အကပ်မခံ ဆွမ်းဆက်ခံခြင်းကြောင့် သင့်သော ဝိနယဒုက္ကဋ်။

၆။ သံဃာသင်းခွဲခြင်းငှာ အားထုတ်လုံ့လပြုနေသော ရဟန်းအား မဆိုဆုံးမ ခြင်းကြောင့် သင့်သော ဉာတဒုက္ကဋ်။

၇။ သံဃာသည် ဉတ်ကမ္မဝါစာဖြင့် ဆုံးမသောအခါ ဉတ်အဆုံး၌ သင့်သော ဉတ္တိဒုက္ကဋ်။

၈။ ဤကျောင်းတိုက်၌ ဝါဆိုပါအံ့ဟု ဝန်ခံပြီးမှ ဝါမဆိုခြင်းကြောင့် သင့်သော ပဋိဿဝဒုက္ကဋ်ဟု - အဋ္ဌကထာ၌ ဒုက္ကဋ် (၈)မျိုး ပြဆို၏၊

ထို့ပြင် - ၉။ ဝတ္တဘေဒဒုက္ကဋ်၊ ၁၀။ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်၊ ၁၁။ ဥဂ္ဂဟိတဒုက္ကဋ်၊ ၁၂။ အန္တောဝုတ္ထဒုက္ကဋ်၊ ၁၃။ အန္တောပက္ကဒုက္ကဋ်၊ ၁၄။ သာမံပက္ကဒုက္ကဋ်၊ ၁၅။ ပုနပက္ကဒုက္ကဋ်၊ ၁၆။ ဗီဇဂါမပါတဗျဒုက္ကဋ်၊ ၁၇။ သေခိယဒုက္ကဋ် စသည်ဖြင့် ဒုက္ကဋ်အာပတ်များလည်း ရှိသေး၏၊

၉။ ဝတ္တဘေဒဒုက္ကဋ်

မဟာဝါ စူဠဝါ ဝတ္တခန္ဓက၌ ပညတ်တော်မူအပ်သော ဝတ်ကြီး (၁၄)ပါး၊ ဝတ်ငယ် (၂၂)ပါးအတိုင်း မကျင့်လျှင် ဝတ္တဘေဒဒုက္ကဋ်အာပတ် သင့်၏၊

၁၀။ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်

အလှူရှင်တို့သည် သဒ္ဓါတရား ရှေ့ထား၍ လှူထားသော ပစ္စည်းများကို လှူသော ဒါယကာ, ဒါယိကာမများ၏ သဒ္ဓါတရားပျက်စီးအောင် မကောင်းသဖြင့် သုံးစွဲလျှင် သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပတ် သင့်၏၊

၁၁။ ဥဂ္ဂဟိတဒုက္ကဋ်

ဒုရူပစိဏ္ဏဒုက္ကဋ်၌ ပြဆိုထားသော ခဲဖွယ် ဘောဇဉ်နှင့် ကာလိကလေးပါး၊ စားသောက်ဖွယ်ရာများကို ကိုင်ရုံ ထိရုံမကဘဲ နေရာမှ ရွေ့လောက်အောင် မြှောက်ချီဆွဲမလျှင် ဥဂ္ဂဟိတဒုက္ကဋ်အာပတ် သင့်၏၊ ဒုရူပစိဏ္ဏဖြစ်သော အစားအစာကို ကိုင်သော ထိသော ရဟန်းတစ်ပါးသာ မစားကောင်း မသောက်ကောင်း၊ အခြားရဟန်းများကား စားကောင်းသေး၏၊ အကပ်မခံရသေးသော အစားအစာကို မြှောက်ချီမ, မိလျှင် ထိုဥဂ္ဂဟိတဖြစ်သော အစားအစာကိုကား ရဟန်းအားလုံးပင် မစားသောက်ကောင်းတော့ပြီ။ ထို့ကြောင့် ရဟန်းတော်များသည် အကပ်မခံရသေးသော အစားအစာများကို ထိခြင်း, ရွေ့ခြင်း, မခြင်း, ကိုင်မြှောက်ခြင်း မပြုမိစေရန် အရေးကြီးလှသည်။

၁၂။ အန္တောဝုတ္ထဒုက္ကဋ်

အကပ္ပိယကုဋိ (= မအပ်သောကျောင်း)တို့၌ သဟသေယျလောက်သော အမိုးအကာအရံအတွင်း၌ ယာဝကာလိက၊ ယာမကာလိက နှစ်မျိုးတို့ကို အရုဏ်တက်သည့်တိုင်အောင် သိုမှီးသိမ်းဆည်း၍ ညသိပ်ထားခြင်းကို အလျင်း မပြုရ။ ညဉ့်သိပ်ထားခြင်းကို ပြုခဲ့သော် ထိုဝတ္ထုသည် အန္တောဝုတ္ထ ဖြစ်၏၊ ထိုဝတ္ထုကို အကပ်ခံစားသောက်သော ရဟန်းအား အန္တောဝုတ္ထဒုက္ကဋ်အာပတ် သင့်၏၊

၁၃။ အန္တောပက္ကဒုက္ကဋ်

ထို အကပ္ပိယကုဋီကျောင်းအတွင်း၌ ထိုကာလိကနှစ်မျိုးတို့ကို လူ, သာမဏေတို့ ချက်ပြုတ်ကြော်လှော်ခဲ့သည်ရှိသော် ထိုဝတ္ထုတို့သည် အန္တောပက္က ဖြစ်ကုန်၏၊ ထိုဝတ္ထုတို့ကို စားသောက်သော ရဟန်းအား အန္တောပက္ကဒုက္ကဋ် အာပတ် သင့်၏၊ အကပ္ပိယကုဋီကျောင်းနှင့် စပ်၍ သေနာသနကျောင်းအခန်း၌ ပြဆိုမည် ဖြစ်ပါသည်။

၁၄။ သာမံပက္ကဒုက္ကဋ်

ရဟန်းကိုယ်တိုင် ရှေးကာလိကနှစ်မျိုးတို့ကို ကပ္ပိယကျောင်း၊ အကပ္ပိယကျောင်း အခြားနေရာတို့၌ ကြော်လှော် ချက်ပြုတ် ဖုတ်ကင် ပေါင်းခြင်းတို့ကို မပြုရာ၊ မပြုကောင်းပေ။ ထိုသို့ ပြုခဲ့သော် ထိုဝတ္ထုအားလုံးသည် သာမံပက္က ဖြစ်တော့၏၊ ထိုသာမံပက္ကဝတ္ထုကို စားသောက်သော ရဟန်းအားလုံး သာမံပက္ကဒုက္ကဋ်အာပတ် သင့်၏၊

၁၅။ ပုနပက္ကဒုက္ကဋ်

လူ, သာမဏေတို့ ချက်၍ ကျက်ပြီးသော ကာလိကနှစ်မျိုးတို့ကို တစ်ဖန် ပြန်ချက်မှု, ပြန်နွှေးမှုသည် ပုနပက္ကမည်၏၊ ရဟန်းကိုယ်တိုင် ပြုလုပ်နိုင်၏၊ အပြစ် မရှိ၊ ကျက်ပြီးသော ထမင်းအေး ဟင်းအေးတို့ကို ရဟန်းကိုယ်တိုင် မီး၌ နွှေးအပ်၏၊ ကျက်ပြီးသော ထမင်းကို ယမန်း (ဆန်ပြုတ်)ဖြစ်အောင် ကျိုနိုင်၏၊ ကျိုကောင်း၏၊ ရဟန်းကိုယ်တိုင် ကျိုသော, နွှေးသော ဝတ္ထုကိုမူကား ရှေ့ကာလိကဝတ္ထုနှစ်မျိုးတို့နှင့် မရောမယှက်စေဘဲ သက်သက်သီးခြား စားသောက် ဘုဉ်းပေးအပ်၏၊ ရောနှော၍ စားသောက်ခဲ့သော် ပုနပက္ကဒုက္ကဋ် အာပတ်သင့်၏၊ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္က ဤလေးချက်တို့ကို ကွဲကွဲပြားပြားသိအောင် လေ့လာ မှတ်သားသင့်၏၊

(ဆောင်) အန္တောဝုတ္ထ, အန္တောပက္က, သာမံပက္က, ဤသုံးဝ၊ ယာဝ ယာမမှာ။
ကျက်ပြီးကိုလျက်၊ တစ်ဖန်ချက်၊ သက်သက်အပ်သည်သာ။
ရှေ့ကာလိနှစ်၊ ရောပြန်လစ်၊ အပြစ် ရှိပြန်လာ။

ဒုက္ကဋ် (၃) မျိုး သင့်နိုင်

နောက်ကာလိကနှစ်မျိုး သတ္တာဟကာလိက၊ ယာဝဇီဝိကနှစ်မျိုးတို့ကား ရဟန်းကိုယ်တိုင် ကြော်လှော် ချက်ပြုတ်သော်လည်း အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က ဖြစ်စေကာမူ ဒုက္ကဋ် (၃)မျိုးမှ လွတ်ကင်းနိုင်သည်။ သို့သော် ရှေး ကာလိကဖြစ်သော ယာဝကာလိက (= ခဲဖွယ် ဘောဇဉ်)၊ ယာမကာလိက (= အဖျော်ယမကာ)တို့နှင့် မရောမယှက် သက်သက်စားသောက်မှသာ အာပတ်သုံးမျိုးမှ လွတ်ကင်းနိုင်၏၊ ထိုရှေ့ကာလိကနှစ်ပါးနှင့် ရောနှော၍ မစားကောင်း၊ စားသောက်ခဲ့သော် အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္ကဒုက္ကဋ် အာပတ်သုံးမျိုးတို့ သင့်ရောက်နိုင်သည်။

၁၆။ ဗီဇဂါမပါတဗျဒုက္ကဋ်

မျိုးစေ့အပေါင်းကို ဗီဇဂါမ်ဟု ခေါ်သည်။ မူလ = အမြစ်၊ ခန္ဓ = ပင်စည်၊ ဖလု = အဆစ်၊ အဂ္ဂ = အညွန့်၊ ဗီဇ = အစေ့၊ ဤ ဗီဇဂါမ်ငါးမျိုးကို ဖျက်ဆီးလျှင် ဗီဇဂါမပါတဗျဒုက္ကဋ်အာပတ် သင့်၏၊ ထို့ကြောင့် ရဟန်းတော်များသည် ထို မျိုးစေ့ဖြစ်သော ငါးမျိုးတို့ကို စားသောက်လိုလျှင် လူ, သာမဏေတို့ကို ကပ္ပိစေခြင်း ပြုပြီးမှသာလျှင် စားကောင်း ဘုဉ်းပေးကောင်းသည်။

၁၇။ သေခိယဒုက္ကဋ်

သေခိယသိက္ခာပုဒ်များ လွန်ကျူးလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုသေခိယသိက္ခာပုဒ်များကို စာရိတ္တဝိနည်းဖြစ်ခြင်းကို ပြဆိုတော်မူလိုသောကြောင့် အာပတ်အမည်တပ်၍ ပညတ်တော်မမူချေ။ ထိုသေခိယကျင့်ဝတ်တို့ကို မသိ၍ဖြစ်စေ, သတိမေ့လျော့၍ဖြစ်စေ, လွန်ကျူးလိုသော စေတနာမရှိ၍ ဖြစ်စေ မကျင့်မိ မလိုက်နာမိလျှင် အပြစ်မရှိ, အာပတ်မသင့်သော်လည်း သိလျက်နှင့် မရိုမသေပြုပြီး သိလျက်နှင့် မကျင့်သော်ကား သေခိယဒုက္ကဋ် အာပတ် သင့်၏၊ သိ၍ ကျင့်လျှင်ကား အကျိုးရသည်။ ဂါရဝကုသိုလ် ဖြစ်သည်။