ဝိနည်းပဒေသာသင်တန်း/ပထမဒုဋ္ဌဒေါသ သိက္ခာပုဒ်အဓိပ္ပာယ်
ပထမဒုဋ္ဌဒေါသ သိက္ခာပုဒ်အဓိပ္ပာယ်
ဒုဋ္ဌော ဒေါသော အပ္ပတီတော (၃) ပုဒ် အရ ---
၁။ ဒူသီယတီတိ ဒုဋ္ဌော = မိမိ၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဒေါသသည် ဖျက်ဆီးအပ်သော ဒေါသဖြစ်နေသော ပုဂ္ဂိုလ်ကို ရစေ။ ထိုဒေါသ အဖျက်ဆီးခံရ၍ စိတ်ဆိုးခြင်း တစ်မျိုးတည်းသာ ဖြစ်နေသော ပုဂ္ဂိုလ်ကို ဒုဋ္ဌဟု ခေါ်သည်။
၂။ ဒူသေတိ ပရံ ဝိနာသေတီတိ ဒေါသော = သူတစ်ပါးကို ဖျက်ဆီးတတ်သော ဒေါသကို ရစေ။
ဒေါသော အဿ အတ္ထီတိ ဒေါသော (အဿတ္ထိ တဒ္ဓိတ်ဆင့်) = ဒေါသ ရှိသူကို ရစေ။ မိမိသန္တာန်၌ ဒေါသဖြစ်ပေါ်လာသည်ရှိသော် ထိုဒေါသသည် မိမိကိုသာ ဖျက်ဆီးသည် မဟုတ်၊ ဒေါသရှိသူသည် သူတစ်ပါးကိုလည်း နှိပ်စက်ဖျက်ဆီးတတ်၏၊ ထို့ကြောင့် ဒေါသရှိသူကိုလည်း ဒေါသဟု ခေါ်သည်။
ဤသိက္ခာပုဒ်၌ ပုဂ္ဂိုလ်တစ်ယောက်တည်းကိုပင် ဖျက်ဆီးခြင်းခံရသော အခြင်းအရာကို စွဲ၍ ဒုဋ္ဌ၊ သူတစ်ပါးကို ဖျက်ဆီးတတ်သော အခြင်းအရာကို စွဲ၍ ဒေါသဟု အခြင်းအရာထူးသောအားဖြင့် ဒုဋ္ဌ-ဒေါသဟူသော အမည်နှစ်မျိုး တပ်၍ ဟောတော်မူသည်ဟု သိပါ။
၃။ ပတိမုခံ ဣတော ဂတောတိ ပတီတော = ပီတိသုခတို့ ရှေးရှု ကပ်ရောက်အပ်သော ရဟန်းကို ရစေ။ န ပတီတော အပ္ပတီတော = ပီတိသုခတို့ ရှေးရှု မကပ်ရောက်အပ်သော ရဟန်းကို ရစေ။ ဒေါသစိတ် ဖြစ်နေခိုက် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော ပီတိသုခတို့သည် ထိုရဟန်း၏ စိတ်အစဉ်သို့ ရှေးရှု မကပ်ရောက်ဘဲနေသည်ကိုပင် အပ္ပတီတဟု ဆိုသည်။ မေတ္တာစိတ် ကင်းသောရဟန်း ဟူ၏၊
သုံးပုဒ်လုံး ဆိုထားတော်မူခြင်း
ဒုဋ္ဌောစသော တစ်ခုတစ်ခုသော ပုဒ်ဖြင့်ပင် သုဒ္ဓဟု မှတ်ထင်ခြင်းအင်္ဂါ ပြနိုင်ပါလျက် “ဒုဋ္ဌော ဒေါသော အပ္ပတီတော”ဟု သုံးပုဒ်လုံးကို ဆိုခြင်းသည် (၁) ဒေသနာဝိလာသ၊ (၂) ဝေနေယျဇ္ဈာသယ ပဒတ္ထုတိတို့၏ အစွမ်းဖြင့် ဆိုတော်မူသည်။
မူလ, မူလက, အမူလ, အမူလက (၄) မျိုး ခွဲပုံ
၁။ မူလ = မြင်ခြင်း ကြားခြင်း ယုံမှားခြင်း၊
၂။ မူလက = မြင်ခြင်း ကြားခြင်း ယုံမှားခြင်းရှိသော ပါရာဇိကအာပတ်၊
၃။ အမူလ = မမြင်ခြင်း မကြားခြင်း မယုံမှားခြင်း၊
၄။ အမူလက = မမြင်ခြင်း မကြားခြင်း မယုံမှားခြင်းရှိသော ပါရာဇိကအာပတ်ဟု ခွဲပါ။
မူလနှင့် အမူလက
မူလန္တိ ပတိဌဟန္တိ ဧတ္ထာတိ မူလံ = ပါရာဇိကဖြင့် စွပ်စွဲရန် တည်ရာအခြေအမြစ်ဖြစ်သော ဒိဋ္ဌ = မြင်ခြင်း၊ သုတ = ကြားခြင်း၊ ပရိသင်္ကိတ = ယုံမှားသံသယရှိခြင်းတို့ကို ရစေ၊ အမူလက = နတ္ထိ မူလံ ဧတဿာတိ အမူလကံ = ဒိဋ္ဌ သုတ ပရိသင်္ကိတဟု ဆိုအပ်သော အခြေအမြစ် မရှိသော ပါရာဇိက အာပတ်ကို ရစေ။
မူလက (၃) မျိုး
၁။ ဒိဋ္ဌမူလက = ပါရာဇိကကျသော ရဟန်းကို မိမိ၏ ပသာဒစက္ခုဖြင့်ဖြစ်စေ၊ ဒိဗ္ဗစက္ခုဖြင့်ဖြစ်စေ ကိုယ်တိုင် မြင်ခြင်းတည်း။
၂။ သုတမူလက = တစ်စုံတစ်ယောက်က ပြောဆိုသောစကားကို မိမိ၏ ပသာဒသောတဖြင့်ဖြစ်စေ၊ ဒိဗ္ဗသောတဖြင့်ဖြစ်စေ ကိုယ်တိုင်ကြားခြင်းတည်း။
၃။ ပရိသင်္ကိတမူလက = မာတုဂါမနှင့် မှောင်မိုက်ထဲမှာ နေသည်ကိုတွေ့၍ ပါရာဇိကအမှု ပြုလေသလောဟု စိတ်ဖြင့် ယုံမှားတွေးတောခြင်းတည်း။
အမူလက (၃) မျိုး
ဒိဋ္ဌအမူလက, သုတအမူလက, ပရိသင်္ကိတအမူလကဟု သုံးမျိုး ပြား၏၊ အဓိပ္ပာယ်ကို မူလကမှ အပြန်အားဖြင့် ကိုယ်တိုင်မမြင်ခြင်း, မကြားခြင်း, မယုံမှားခြင်းဟူ၍ အပြန်အားဖြင့် သိပါ။
(ဆောင်) ဒိဋ္ဌ, သုတ၊ သင်္ကိတ၊ သုံးဝ မူလကာ။ ထိုမှ ပြန်ထ၊ အမူလ၊ သုံးဝ သိလေပါ။ ဒိဋ္ဌ် သု, မုတ ဤသုံးဝ၊ တိက ပြားသည်သာ။
ပါရာဇိက (၁၉) ပါး
ရှေ့၌ ပြဆိုခဲ့သော ပါရာဇိက (၂၄)ပါးတို့တွင် ဘိက္ခုနီမတို့နှင့်သာ သက်ဆိုင်သော ပါရာဇိက (၅)ပါးကို နုတ်၍ ကျန်ပါရာဇိက (၁၉)ပါးတို့သာ ဤသိက္ခာပုဒ်၌ ပါရာဇိက (၁၉)ပါးဟု ဆိုသည်။ ပဒဘာဇနီ၌ လေးပါးသာ ပြဆိုသည်။
စောဒနာ (၄) ပါး
၁။ ဝတ္ထုသန္ဒဿနစောဒနာ = သင်သည် မေထုနဓမ္မမှုကို မှီဝဲသည်။ ဤသို့ ဝတ္ထုကို ပြ၍ စောဒနာခြင်း။
၂။ အာပတ္တိသန္ဒဿနစောဒနာ = သင်သည် မေထုနဓမ္မပါရာဇိကအာပတ်သို့ ရောက်သည်။ ဤသို့ အာပတ်ကို ပြ၍ စောဒနာခြင်း။
၃။ သံဝါသပဋိက္ခေပစောဒနာ = သင်နှင့်တကွ ဥပုသ်ပဝါရဏာစသော သံဃကံတို့ကို မပြုနိုင်ဟု ပေါင်းဖော်ခြင်းကို ပယ်၍ စောဒနာခြင်း။ ဤမျှလောက် ဆိုရုံဖြင့် စောဒနာရာ ရောက်၏၊ သံဃာဒိသေသ်အာပတ်ကား မသင့်သေးပေ။ သင်သည် မေထုနဓမ္မကို မှီဝဲသည်ဟူ၍လည်းကောင်း, ရဟန်း မဟုတ်တော့၍ သင်နှင့် မပေါင်းဖော်နိုင်ဟူ၍လည်းကောင်း ဤသို့ ဝတ္ထုနှင့်အာပတ် စပ်၍ ပြောမှသာ သံဃာဒိသေသ် အာပတ် သင့်သည်။
၄။ သာမိစိပဋိက္ခေပစောဒနာ = ရှိခိုးခြင်းစသော အရိုသေပြုမှုကျင့်ဝတ်ကို ပယ်၍ စောဒနာခြင်း ဤရှိခိုးခြင်းစသည် မပြုရုံမျှဖြင့် စောဒနာရာသာ ရောက်၏၊ အာပတ် မသင့်သေး၊ “သင်သည် တစ်ပါးသော ရဟန်းတို့ကို ရှိခိုးပါလျက် ငါ့ကို အဘယ့်ကြောင့် ရှိမခိုးပါသနည်း”ဟု မေးသော် “သင်သည် မေထုန်မှီဝဲ၍ ရဟန်း မဟုတ်သောကြောင့် ရှိမခိုး” ဤသို့ စသည် ပြောမှ သံဃာဒိသေသ်အာပတ် သင့်သည်။
ဗြဟ္မစရိယံ စာဝေယျန္တိ
ဗြဟ္မံ သေဋ္ဌံ စရိယံ ဗြဟ္မစရိယံ = မြတ်သော အကျင့်ဖြစ်သော သာသနာတော်ကို ရစေ၊ တစ်နည်း - ဗြဟ္မာနံ စရိယံ ဗြဟ္မစရိယံ = မြတ်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကစသည်တို့၏ အကျင့်ဖြစ်သော သာသနာတော်ကိုပင် ရစေ။ ဤဝါကျဖြင့် စဝနာဓိပ္ပာယကို ယူ၍ ကြွင်းအဓိပ္ပာယ (၇)ပါးကို ပယ်သည်။ (ပါတိမောက္ခမေဒိနီ၊၁၃၀။)
အဓိပ္ပာယ (၈) ပါး
၁။ စဝနာဓိပ္ပာယ = မြတ်သော သာသနာတော်တည်းဟူသော အကျင့်မှ (ဝါ) မြတ်သောဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့၏ အကျင့်မှ ရွေ့လျော စေလိုခြင်း၊
၂။ အက္ကောသာဓိပ္ပာယ = ဆဲရေးလိုသော ရဟန်း၏ အလို၊
၃။ ကမ္မာဓိပ္ပာယ = တဇ္ဇနီယစသော ကံ (၇)ပါးတို့တွင် တစ်ပါးပါးပြုအံ့ဟု အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၄။ ဝုဋ္ဌာနာဓိပ္ပာယ = အာပတ်မှ ထစေခြင်းငှာ အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၅။ ဥပေါသထဌပနာဓိပ္ပာယ = ဥပုသ်ကို သံဃာပြုခြင်းငှာ မပေးလိုသဖြင့် အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၆။ ပဝါရဏာဌပနာဓိပ္ပာယ = ပဝါရဏာကို သံဃာပြုခြင်းငှာ မပေးလိုသဖြင့် အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၇။ အနုဝဇ္ဇနာဓိပ္ပာယ = ဝိနည်းဓိုရ်၏ စုံစမ်းမေးမြန်းသော အလို၊
၈။ ဓမ္မကထာဓိပ္ပာယ = ဓမ္မကထိက တရားဟောပြလိုသော အလို၊ (ဝါ) တရားဟောလိုခြင်း၊
ကြွင်း (၇)ပါး ဒုက္ကဋ်အာပတ် သင့်၏၊
(ဆောင်) ရွေ့စေ ဆဲလို၊ ကံပြုလို၊ ထလို အာပတ်မှ။ ဥပုသ်ကိုတား၊ ပဝါတား၊ မေးငြား တရားပြ။ ရွေ့စေယူငြား၊ ကြွင်းပယ်ရှား၊ ရှစ်ပါး ဓိပ္ပာယ။