မာတိကာသို့ ခုန်သွားရန်

ဝိနည်းပဒေသာသင်တန်း/ဘောဇနဝဂ် သိက္ခာပုဒ်ဆယ်ပါး

ဝီကီရင်းမြစ် မှ
3306ဝိနည်းပဒေသာသင်တန်းဘောဇနဝဂ် သိက္ခာပုဒ်ဆယ်ပါးဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

(၄) ဘောဇနဝဂ် သိက္ခာပုဒ်ဆယ်ပါး အကျဉ်းချုပ်

၁။ မနာမဖျား ကျန်းမာသောရဟန်းသည် (တစ်နေ့စာဖြစ်သော) ဧည့်သည်တို့ တည်းခိုရာဇရပ်စသည်၌ ဝတ်တည်ထားအပ်သောဆွမ်းကို စားအပ် စားနိုင်သည်။ ထိုတစ်နေ့စာထက် အလွန် စားလျှင်အာဝသထပိဏ္ဍ ပါစိတ်။

၂။ မကျန်းမာရာအခါ သင်္ကန်းလှူရာအခါ သင်္ကန်းချုပ်ဆိုးရာအခါ, အဓွန့်ရှည်သော ခရီးကို သွားရာအခါ, လှေ သင်္ဘော စီးရာအခါ ရဟန်းများစွာ စုမိရာအခါ, သမဏအမည်ရသူတို့၏ ထမင်းကျွေးရာအခါ, ဤအခါ ခုနစ်မျိုးကို ကြဉ်ထား၍ ဒကာတို့က မအပ်စပ်သော နည်းဖြင့် ဖိတ်မန်ခြင်း ရဟန်းများကိုယ်တိုင် တောင်းရမ်းအလှူခံခြင်းတို့ကြောင့် ရရှိသော ဂဏဘောဇဉ်ကို စားငြားအံ့၊ ဂဏဘောဇနပါစိတ်။

၃။ မကျန်းမာရာအခါ, သင်္ကန်းလှူရာအခါ, သင်္ကန်းချုပ်ဆိုးရာအခါ, ဤအခါသုံးမျိုးကို ကြဉ်ထား၍ ဒကာတို့က မအပ်စပ်သောနည်းဖြင့် ဖိတ်မန်ခြင်း ရဟန်းများကိုယ်တိုင် တောင်းရမ်းအလှူခံခြင်းတို့ကြောင့် ရအပ်သောဘောဇဉ်များရှိနေလျှင် နောက်မှ ပင့်ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းကြောင့် ပရမ္ပရဘောဇနပါစိတ်။

၄။ အိမ်သို့ ချဉ်းကပ်လာသော ရဟန်းကို လက်ဆောင်ပေးရန် စီမံအပ်သော မုန့်၊ ရိက္ခာပြုရန် စီမံအပ်သော မုန့်နှမ်းဆန် စသည်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်မန်လျှင် နှစ်သပိတ် သုံးသပိတ်ပြည့်ရုံ ရဟန်းအားလုံးအတွက် ခံယူရမည်။ ထိုထက် အလွန်ပို၍ခံယူလျှင် ကာဏမာတာပါစိတ်၊

၅။ ဆွမ်းစားနေစဉ် တန်ပြီဟု ပယ်မြစ်မိသော ရဟန်းသည် အတိရိတ်ဝိနည်းကံလည်း မပြုအပ်၊ ဂိလာန၏ အကြွင်းအကျန်လည်းမဟုတ်သော ယာဝကာလိကခဲဖွယ် ဆယ့်နှစ်မျိုး, ဘောဇဉ်ငါးမျိုးတို့ကို ခဲစားခြင်းကြောင့် ပထမပဝါရဏာပါစိတ်။

၆။ ဆွမ်းစားနေစဉ် တန်ပြီဟု ပယ်မြစ်မိသော ပဝါရိတ်သင့်နေပြီးသော ရဟန်းတစ်ပါးကို အတိရိတ်ဝိနည်းကံလည်း မပြု၊ ဂိလာနအကျန်လည်း မဟုတ်သော ယာဝကာလိက ခဲဖွယ်ဆယ့်နှစ်မျိုး ဘောဇဉ်ငါးမျိုးတို့ဖြင့် ရှေးရှုဆောင်၍ ရဟန်း..ရော့ ခဲစားပါလော့ဟု ပဝါရိတ်သင့်ပြီးသော ရဟန်းမှန်း သိလျက် အပြစ်တင်ခြင်းကို ငဲ့၍ ဖိတ်ငြားအံ့၊ အဖိတ်ခံ ရသော ရဟန်း စားခြင်းကိစ္စပြီးလျှင် ဖိတ်သောရဟန်း ဒုတိယပဝါရဏာပါစိတ်။

၇။ နေလွဲသောအခါ၌ ယာဝကာလိကခဲဖွယ်ဆယ့်နှစ်မျိုး ဘောဇဉ်ငါးမျိုးတို့ကို ခဲစားခြင်းကြောင့် ဝိကာလဘောဇနပါစိတ်။

၈။ အကပ်ခံထားသော ခဲဖွယ်ဆယ့်နှစ်မျိုး ဘောဇဉ်ငါးမျိုးတို့ကို သိုမှီးသိမ်းဆည်းထား၍ နက်ဖြန်စသော နေ့တို့၌ ခဲစားခြင်းကြောင့် သန္နိဓိကာရက ပါစိတ်။

၉။ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, ငါး, အပ်သော ကုန်းသတ္တဝါတို့၏အသား, နို့ရည်, နို့ဓမ်း ဤ (၉)မျိုး တစ်မျိုးမျိုးဖြင့် ရောအပ်သော ဘောဇဉ်ကို မနာဖျားဘဲ မိမိ၏အကျိုးငှာ တောင်းစားခြင်းကြောင့် ပဏီတဘောဇနပါစိတ်။

၁၀။ ရထရေဏုမြူ ပမာဏရှိသော မြူမှုန်မပါ စစ်ပြီးသန့်ရှင်းသောရေ, ဒန်ပူဝါးခြင်း (လည်ချောင်းအတွင်း အရည်မဝင်အောင် ဝါးခြင်းမျိုး)ကို ကြဉ်ထား၍ နှစ်ထောင့်ထွာဟတ္ထပါသ်အတွင်းသို့ လာရောက်၍ လူ, သာမဏေတို့က မကပ်လှူအပ်သော ရထရေဏုမြူပမာဏမှ စ၍ အာဟာရအမျိုးမျိုးကို စားမျိုခြင်းကြောင့် ဒန္တပေါဏပါစိတ်အာပတ် သင့်၏၊

အာဝသထပိဏ္ဍသိက္ခာပုဒ် အဓိပ္ပာယ်

အာဂန္တွာ ဝသန္တိ ဧတ္ထာတိ အာဝသထော၊ အာဝသထေ ပညတ္တော ပိဏ္ဍော အာဝသထပိဏ္ဍော။ ခရီးသွား စသူတို့ လာရောက်တည်းခိုနေရာ ဇရပ် စသော အာဝသထ၌ တည်ထားအပ်သောဆွမ်းကို အာဝသထပိဏ္ဍဟု ဆိုသည်။

ခရီးသွားသူ, မကျန်းမာသူ, ကိုယ်ဝန်ရှိသူ, ရသေ့, ရဟန်း စသူတို့ တည်းခိုနေထိုင်ကြဖို့ရာ ညောင်စောင်း အင်းပျဉ် (ကုတင် ကုလားထိုင်) များကို ထိုက်တန်သလို ခင်းထား၍ အခန်းများစွာ သူမျက်နှာသာနှင့်သူ ပိုင်းခြား ကန့်ထားအပ်သော မိုးလုံလေလုံ တန်းလျားဇရပ် စသည်တို့ကို ကောင်းမှု ကုသိုလ် လိုလားသူတို့က လမ်းဆုံ, လမ်းမ စသော အများနှင့် ဆက်ဆံမည့် နေရာဝယ် တတ်နိုင်သူများက ဆောက်လုပ်ထားတတ်ကြ၏၊ ထိုသို့ ဆောက်လုပ်ပြီးလျှင် ထိုဇရပ်စသည်၌ ယာဂုထမင်းနှင့် ဆေးအမျိုးမျိုးကိုပါ တည်ထားလေ့ရှိကြ၏၊

ထိုဆွမ်းစသည်ကို အာဝသထပိဏ္ဍဟု ခေါ်သည်။ ယခုအခါ ကြီးကျယ်သော ဘုရားပွဲ ကျောင်းပွဲ သွားလမ်းများ၌လည်း ထိုမျှလောက် မကျနစေကာမူ စားဖွယ်သောက်ဖွယ်များနှင့်တကွ တည်းခိုဖို့ရာ စာတုဒ္ဒိသာမဏ္ဍပ်များ နိဗ္ဗာန်စျေးများ ရှိတတ်ကြသည်။ ထိုမဏ္ဍပ်များလည်း အာဝသထတွင် ပါဝင်နိုင်သည်။

ဧကော အာဝသထပိဏ္ဍော၌ မှတ်ရန်

ဧကောတိ ဧကဒိဝသိကော = တစ်နေ့၌ စားအပ်သောဟု ကင်္ခါအဋ္ဌကထာ ဖွင့်ဆိုသည်နှင့်အညီ ယခုခေတ် မွန်းလတ်ကိုးနာရီခန့် ဆွမ်းစား၊ တစ်ဆယ့်တစ်နာရီလောက် မွန်းမတည့်မီ (ဘောဇဉ် အပါအဝင် မုန့်များ ခဲဖွယ်များဖြင့်) လက်ဖက်ရည်ပွဲ စားသောက်သော်လည်း ဧကဒိဝသိကော (တစ်နေ့စာ)ဟူသော ကင်္ခါအဋ္ဌကထာစကားနှင့် သင့်တင့် ညီညွတ်မည်သာ ဖြစ်သည်။

အာပတ်သင့်ပုံများ

ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ကို ဇရပ် မဏ္ဍပ် သစ်ပင်ရင်း လွင်ပြင်တို့၌ ရဟန်းတို့အားသာဟု မရည်ညွှန်းမူ၍ အလိုရှိတိုင်း လာလာသမျှ အားလုံးအတွက် ဝတ်တည်ထားအပ်သော အာဝသထပိဏ္ဍကို မနာမဖျားသော ရဟန်းသည် တစ်ကြိမ်တစ်နေ့စာသာ သုံးဆောင်အပ်၏၊ ထိုထက်အလွန် သုံးဆောင်အံ့ဟု ခံယူလျှင် ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ပါစိတ်၊ မနာမဖျားဘဲ မနာဖျားဟု အမှတ်ရှိသည်ဖြစ်၍, ယုံမှားရှိသည်ဖြစ်၍ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့ ပါစိတ်သုံးချက်၊ နာဖျားလျက် မနာဖျားဟု အမှတ်ရှိအံ့ ဒုက္ကဋ်၊ ယုံမှားရှိအံ့ ဒုက္ကဋ်နှစ်ချက် သင့်၏၊

အာပတ်မသင့်ပုံများ

ဂိလာနဖြစ်မူ နောက်ရက်များ၌လည်း ဆက်စားကောင်းသည်။ ဤ နေရာ၌ ယူဇနာဝက်ခရီးကိုမျှ ဆက်မသွားနိုင်သူကို ဂိလာနဟု ခေါ်၏၊ ခရီးတစ်ယူဇနာသွားသော ရဟန်း၊ ခရီးအကြား တစ်ကြိမ်စား, ရောက်ရာအရပ်၌ တစ်ကြိမ်စား, ပြန်လာပြီး ခရီးအကြား၌ တစ်ကြိမ်စားသော ရဟန်း၊ သွားအံ့ဟု စားပြီး၍ ထွက်သွားသော် ဘေးရန်ကြောင့် ပြန်လာ၍ ဘေးမရှိဟု သိ၍ သွားအံ့ဟု စားပြန်သော ရဟန်း၊ ဥစ္စာရှင် အလှူရှင်တို့က ပင့်လျှောက်ထား၍ အကြိမ်ကြိမ် စားသော ရဟန်း၊ ရဟန်းတို့အားသာ ရည်စူး၍ ဝတ်တည်လှူသော ဆွမ်းကို အကြိမ်ကြိမ် စားသောရဟန်း၊ ဆွမ်းမဝ၍ အကြိမ်ကြိမ် စားသောရဟန်း၊ ဘောဇဉ်ငါးပါးတို့မှတစ်ပါး အလုံးစုံသော ခဲဖွယ်တို့ကို စားသောရဟန်း၊ ဥမ္မတ္တကရဟန်း အာဒိကမ္မိကရဟန်းတို့အား အာပတ်မသင့်ဟု သိပါ။

ဂဏဘောဇနသိက္ခာပုဒ်အဓိပ္ပာယ်

ဂဏဘောဇဉ်ဟူသည် ဂဏဿ သန္တကံ ဘောဇနံ - ဂဏဘောဇနံ၊ ဂိုဏ်း၏ဥစ္စာဖြစ်သော ဘောဇဉ်၊ ဂိုဏ်းဟူသည် ဂဏဥပုသ်ဟူရာ၌ကဲ့သို့ နှစ်ပါးသုံးပါး ဂိုဏ်းမဟုတ်၊ လေးပါးမှစ၍ အထက်ရာထောင်စသော ရဟန်းများကို ဤ၌ ဂိုဏ်းဟု ခေါ်သည်။ ထိုဂိုဏ်း၏ ဥစ္စာဖြစ်သော ဂဏဘောဇဉ်ကား ဒကာဒကာမတို့က ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောနည်းဖြင့် ဖိတ်မန်ခြင်းကြောင့်ဖြစ်စေ, ရဟန်းများကိုယ်တိုင် ထမင်းပေးပါ, ငါးပေးပါ စသည်ဖြင့် မအပ်သော တောင်းခြင်းကြောင့်ဖြစ်စေ, ရအပ်သော ဘောဇဉ်တည်း။ ဤ၌ကား ထိုဂဏဘောဇဉ်ကို စားခြင်းတိုင်အောင် ယူပါ။

ရဟန်းလေးပါးတို့ ခံယူခြင်းသည်သာ ပဓာန

မအပ်သော ဖိတ်မန်ခြင်း မအပ်သော တောင်းခြင်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးနှင့် ဆိုင်သော ဘောဇဉ်ငါးပါး တစ်ပါးပါးကို ရဟန်းလေးပါး, ငါးပါး စသော ရဟန်းတို့ အတူတကွ ခံယူကြလျှင် ထိုဘောဇဉ်သည် ဂဏဘောဇဉ်အစစ် ဖြစ်လေပြီ။

ထိုဂဏဘောဇဉ်ကို စားလျှင် ဆွမ်းလုတ်တိုင်း ပါစိတ်အာပတ် သင့်၏၊ ခံယူရန်လာစဉ်က ထိုရဟန်းများ တကွဲတပြားစီ လာသည်ဖြစ်စေ, ခံယူပြီး တခြားစီပြန်၍ တခြားစီ စားကြသည်ဖြစ်စေ လိုရင်းမဟုတ်၊ အတူတကွ ခံယူခြင်းသာ လိုရင်းဖြစ်သည်။ ထို့ကြောင့် မပင့်တတ်သူက သံဃာလေးပါး စသည်ကို “မနက်ဖြန် ထမင်းသုံးဆောင် ကြွပါ၊ မုန့်ဟင်းခါးစား ကြွပါ” စသည်ဖြင့် ပင့်ဖိတ်လျှင် လေးပါးလုံး တစ်ပြိုင်နက် မခံဘဲ တစ်ပါးက နောက်မှ ခံယူလျှင် အားလုံးပင် အာပတ်မသင့် အပြစ်လွတ်သည်ဟု မှတ်။

(ဆောင်) ရဟန်းလေးပါး, စသည်များကို၊
ငါးပါးဘောဇဉ်, နာမံ တင်၍၊
ဖိတ်လျှင်လည်းကောင်း, တောင်းလျှင်တခြား၊
ရတုံငြားက, လေးပါးစသူ တူခံမူ,
မှတ်ယူ ဂဏဘောဇဉ်တည်း။

ဘောဇဉ်ငါးပါး

၁။ ဩဒန = စပါးခုနစ်မျိုးမှဖြစ်သော ဆန်တစ်မျိုးမျိုးကို ချက်ထားသည့် ထမင်း (ဝါ) ဆွမ်း။
၂။ သတ္တု = စပါးခုနစ်မျိုး ဆန်ကို အမှုန့်ထောင်းထားသည့် မှုန့်၊ မုံ့လုံး။
၃။ ကုမ္မာသ = မုယောစပါး (ဂျုံဖြူ) ဖြင့် ပြုလုပ်သော မုန့်အမျိုးမျိုး။
၄။ မစ္ဆ = ငါး (ရေသတ္တဝါအမျိုးမျိုး၏ အသား။)
၅။ မံသ = အမဲ (ကုန်းသတ္တဝါ အမျိုးမျိုး၏အသား။)

(ဆောင်) ထမင်း အမဲ ငါး၊ မုန့် နှစ်ပါး၊ ငါးပါး ဘောဇဉ်တည်း။

မအပ်သော ပင့်ဖိတ်နည်း

ဂဏဘောဇဉ်သည်မအပ်သော ပင့်ဖိတ်ခြင်း, မအပ်သော တောင်းခြင်းဟု အခြင်းအရာအားဖြင့် ဂဏဘောဇဉ် နှစ်မျိုး ပြား၏၊

ဒကာမိုက်တစ်ယောက်သည် တကွစုဝေး၍ဖြစ်စေ, တစ်ပါးစီဖြစ်စေ နေကြသော ရဟန်းလေးပါးငါးပါးထံ ချဉ်းကပ်၍ ဘောဇဉ်ငါးပါး၏ အမည်ကို ယူ၍ “ဩဒနေန နိမန္တေမိ၊ ဘတ္တေန နိမန္တေမိ” ဤသို့ စသည်ဖြင့် ပါဠိလိုဖြစ်စေ ထမင်းကို အလှူခံပါကုန်၊ မုန့်လုံးကို အလှူခံပါကုန် စသည်ဖြင့် ထမင်းအမည် မုန့်အမည် စသည်ဆို၍ ဖိတ်ခြင်းမျိုးကို မအပ်သော ဖိတ်ခြင်းဟု ဆိုသည်။ သတ္တု ကုမ္မာသ မစ္ဆ မံသဟု ပါဠိဘာသာဖြင့် ဆို၍ ဖြစ်စေ၊ “မုန့်လုံး မုယောမုန့် ငါးဟင်း အမဲသားဟင်း ဘုဉ်းပေးကြွပါ”ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးသည် မအပ်သော ပင့်ဖိတ်ခြင်း ဖြစ်သည်။

မအပ်သော တောင်းနည်း

ရဟန်းလေးပါး ငါးပါး စသည်တို့သည် အတူတကွဖြစ်စေ, အသီးအသီး ဖြစ်စေ နေ၍ ဒကာ ဒကာမကို မြင်သော် “အမှာကံ ဘတ္တံ ဒေဟိ - ငါတို့အား ထမင်းလှူကြပါ” စသည်ဖြင့် ဘောဇဉ်ငါးပါးတို့၏ အမည်ကို နှုတ်မြွက်၍ ပါဠိလိုဖြစ်စေ, မြန်မာလိုဖြစ်စေ တောင်းခြင်းမျိုးကို မအပ်သော တောင်းခြင်း ဟု သိပါ။

အပ်သော ပင့်ဖိတ်နည်း

ဘိက္ခံ ဘုဉ္ဇထ၊ ပိဏ္ဍပါတံ ဘုဉ္ဇထ၊ မစ္ဆဘိက္ခံ ဘုဉ္ဇထ၊ မံသဘိက္ခံ ဘုဉ္ဇထ၊ စသည်ဖြင့် ပါဠိဘာသာဖြင့်ဖြစ်စေ “ဆွမ်းဘုဉ်းပေးကြွပါ၊ ငါးဆွမ်းဘုဉ်းပေး ကြွပါ၊ အသားဆွမ်း ဘုဉ်းပေးကြွပါ” စသည်ဖြင့် မြန်မာအသုံးဖြင့်ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးကား အပ်သော ပင့်ဖိတ်ခြင်းမျိုး ဖြစ်သည်။

ယခုကာလ သတိပြုဖွယ်

ဆွမ်းစားကြွပါ, ဆွမ်းဘုဉ်းပေးကြွပါ စသည်ဖြင့် ဆွမ်းဟူသော အသုံးအနှုန်းများ နှုတ်တက်နေကြ နားလည်နေကြပြီးဖြစ်၍ ထမင်းဟု ဆို၍ပင့်ဖိတ်ခြင်းအတွက် ဂဏဘောဇဉ်ဖြစ်ဖွယ် မရှိပြီ၊ သို့သော် နှုတ်မလိုက် သေးသော “ငါးကြော် ဘုဉ်းပေးကြွပါ, ငါးဟင်း ဘုဉ်းပေးကြွပါ, မုန့်ဟင်းခါးစား ကြွပါ, မုန့်တီ, ခေါက်ဆွဲ ဘုဉ်းပေးကြွပါ” စသော အသုံးအနှုန်းများသည် မအပ်သော အသုံးအနှုန်းများတည်း။ ထိုကဲ့သို့ အသုံးအနှုန်းဖြင့် လေးပါး စသည်အား ပင့်ဖိတ်လာသော် ပယ်သာလျှင်ပယ်၊ မပယ်သာလျှင် သုံးပါးစီ နှစ်ပါးစီ စသည် ခံယူ၍ အခြားတစ်နေရာသို့ သွားရောက် စားသောက်နိုင်၏၊ မုန့်ဟင်းခါးဆွမ်း, မုန့်တီဆွမ်း, ကြာဆံကြီးဆွမ်း, ခေါက်ဆွဲဆွမ်း စသည်ဖြင့် ဆွမ်းဟူသော ဝေါဟာရကို နောက်က ထည့်၍ ပင့်ဖိတ်မှသာလျှင် အပ်သော ပင့်ဖိတ်ခြင်းမျိုးဖြစ်၍ ဒကာဒကာမများ လျှောက်တတ် ပင့်ဖိတ်တတ်အောင် လေ့ကျင့် သင်ကြားပေးထားသင့်သည်။

ဘောဇဉ်အမည်ဖြင့် ဖိတ်လျှင်လည်း ဂဏဘောဇဉ်

ပဉ္စန္နံ ဘောဇနာနံ နာမံ ဂဟေတွာ - ငါးပါးသော ဘောဇဉ်တို့၏ အမည်ကိုယူ၍ ဆိုခြင်းကြောင့်-ဟု လာရှိသောကြောင့် - “ဘောဇနံ ဂဏှထ” ဘောဇဉ်ကို အလှူခံပါ။ ဘောဇဉ်စား ကြွပါဟု ဆိုသော်လည်း ဂဏဘောဇဉ် ဖြစ်သည်ဟု ဆိုကြ၏၊

သမယခုနစ်ပါး အနုပညတ်ခုနစ်ပါး

၁။ ခြေကွဲခြင်းတည်းဟူသော အကြောင်းကြောင့် ဆွမ်းမခံနိုင်လောက်အောင် မကျန်းမမာဖြစ်ရာအခါသည် ဂိလာနသမယ မည်၏၊

၂။ ကထိန်မခင်းသော် ဝါကျွတ်သင်္ကန်းကာလ တစ်လ၊ ကထိန်ခင်းသော် တပေါင်းလပြည့်နေ့အထိ ငါးလသည် စီဝရဒါနသမယ မည်၏၊

၃။ အသစ်ဖြစ်သော သင်္ကန်း၌ ဖြတ်, ချုပ်, ဆိုးခြင်းစသော အမှုကိစ္စပြုရာ ကာလသည် စီဝရကာရသမယ မည်၏၊

၄။ ကုန်းကြောင်းခရီးဖြင့် ယူဇနာခွဲစသော အဓွန့်ရှည်သော ခရီးကို သွားဆဲ သွားပြီးကာလသည် အဒ္ဓါနဂမနသမယ မည်၏၊

၅။ လှေစီး, သင်္ဘောစီးသဖြင့် ယူဇနာခွဲစသော ခရီးသို့သွားသော ကာလသည် နာဝါဘိရုဟနသမယ မည်၏၊

၆။ ရွာတစ်ရွာဝယ် ရဟန်းသုံးပါးသာ ဆွမ်းခံစားလောက်၏ လေးပါးမြောက် တစ်ပါးထပ်တိုးလာလျှင် ဆွမ်းခံ၍ မမျှတ၊ ထိုရွာအတွက် ထိုရဟန်း လေးပါးတို့ စုမိရာအခါသည် မဟာသမယ မည်၏၊ ထိုထက်ကြီးသော ရွာမြို့များ၌ ထိုထက်များသော ရဟန်းများ စုမိကြသဖြင့် ဆွမ်းခံ၍ မမျှတလျှင်လည်း မဟာသမယပင်တည်း။

၇။ သီတင်းသုံးဖော် ငါးယောက်နှင့်တကွ ရသေ့ ပရိဗိုဇ် တိတ္ထိ သမဏ အမည်ရသူတို့သည် ထမင်းဖြင့် ပင့်ဖိတ် လှူဒါန်းခြင်းရှိသော ကာလသည် သမဏဘတ္တသမယ မည်၏၊

(မှတ်ချက်) ဤသမယခုနစ်ပါးတို့၌ ထမင်းအမည်ဖြင့် ပင့်ဖိတ်လှူဒါန်းကြသော်လည်း ရဟန်းလေးပါး ငါးပါး လိုက်စားကောင်းသည် အာပတ်မသင့်ဟု မှတ်။

အာပတ်သင့်ပုံ မသင့်ပုံများ

ဂဏဘောဇဉ်၌ တိကပါစိတ်၊ ဂဏဘောဇဉ် မဟုတ်ရာ၌ ဒုကဒုက္ကဋ်၊ ဂဏဘောဇဉ် မဟုတ်သည်၌ ဂဏဘောဇဉ် မဟုတ်ဟု အမှတ်ရှိသော (ရဟန်းလေးပါး စသည် မဟုတ်ဘဲ) ရဟန်း နှစ်ပါးသုံးပါး အတူတကွ ခံယူသောရဟန်း အာပတ်မသင့်၊ ဆွမ်းခံသွား၍ အတူတကွ စားသောရဟန်း၊ နိစ္စဘတ် စသည်တို့၌လည်းကောင်း ဘောဇဉ်ငါးပါးကို ပယ်ထား၍ အခြားခဲဖွယ်, သောက်ဖွယ်, လျက်ဖွယ် စသည် စားသောရဟန်း၊ စာရေးတံဆွမ်း, လဆန်းလဆုတ်၌ လှူသောဆွမ်း, ဥပုသ်နေ့၌ လှူသောဆွမ်း, အထွက်တစ်ရက်နေ့လှူသော ဆွမ်းတို့၌ သုံးဆောင်အံ့ အာပတ်မသင့်။

(၃) ပရမ္ပရဘောဇနသိက္ခာပုဒ် အဓိပ္ပာယ်

ဂဏဘောဇနသိက္ခာပုဒ်၌ ပြဆိုခဲ့သည့်အတိုင်း မအပ်သော ပင့်ဖိတ်နည်းဖြင့် ဖိတ်မန်ထားသော ဘောဇဉ်ရှိလျှင် (ဖိတ်သူ တစ်ဦးတည်းဖြစ်က) အခြားနည်း ဆွမ်းခံ၍ ရခြင်းစသည်ဖြင့် ရသော ဆွမ်းကို မစားသေးဘဲ ထိုမအပ်သော ဖိတ်သူ၏ ဘောဇဉ်ကိုသာ ပထမစားရမည်။ စားဟူရာ၌ တစ်လုတ်လောက် စားမိလျှင် “စားခြင်း” ဖြစ်တော့၏၊ အထက်က ဆိုခဲ့သည့်အတိုင်း မအပ်သောနည်းဖြင့် နှစ်ဦးသုံးဦးစသည် ဖိတ်ထားလျှင်လည်း အစဉ်အတိုင်း စားရမည်။ ဂိလာနသမယ စသောအခါ သုံးပါးရသူလည်း မဟုတ်၊ ဝိကပ္ပနာလည်း မပြုဘဲ ရှေ့ဖိတ်သောသူ၏ ဘောဇဉ်ကို နောက်မှစား နောက်ဖိတ်သော သူ၏ ဘောဇဉ်ကို အရင်စားလျှင် ဆွမ်းလုတ်တိုင်း ပါစိတ် အာပတ် သင့်၏၊ မအပ်သော ဝေါဟာရဖြင့် ဖိတ်သူ၏ ဘောဇဉ်ကို ပထမ စားရမည်ဟု ဆိုထားရာ သာသနာနှင့် မရင်းနှီး အကျွမ်းမဝင်သော ဒကာများအား ဦးစားပေးထားပုံရသည်။

ဝိကပ္ပနာပြုပုံ

ဒကာနှစ်ဦးသုံးဦးတို့က မအပ်သော နည်းဖြင့် ပင့်ဖိတ်ရာ၌ ရှေးဖိတ် သော ဒကာ၏ ဘောဇဉ်ကို မစားလို နောက်ဖိတ်သော ဒကာ၏ဘောဇဉ်ကို စားလိုလတ်သော် သီတင်းသုံးဖော် ငါးဦးတို့တွင် တစ်ယောက်ယောက်အား “မယှံ ဘတ္တပစ္စာသံ တုယှံ ဒမ္မိ - ဤမည်သော ဒကာထံ ငါမျှော်လင့်တောင့် တ ရအံ့သော ဘောဇဉ်ကို သင့်အား ပေးပါ၏” ဟူ၍လည်းကောင်း၊ “မယှံ ဘတ္တပစ္စာသံ တုယှံ ဝိကပ္ပေမိ - ဤမည်သော ဒကာထံ ငါမျှော်လင့်တောင့်တ ရအံ့သော ဘောဇဉ်ကို သင့်အား ဝိကပ္ပနာပြုပါ(ဝါ) စွန့်ပါ၏-ဟူ၍လည်းကောင်း မျက်မှောက်ဝိကပ္ပနာပြုပုံ တစ်မျိုး။

“မယှံ ဘတ္တပစ္စာသံ ဣတ္တန္နာမဿ (တိဿဿ) ဒမ္မိ - ဤမည်သော ဒကာထံ၌ ငါမျှော်လင့် တောင့်တအပ်သော ဘောဇဉ်ကို ဤမည်သောသူအား (တိဿအား) ပေးပါ၏”ဟူ၍ မျက်ကွယ်ဝိကပ္ပနာပြုပုံ တစ်မျိုး။

ဤသို့အားဖြင့် ဝိကပ္ပနာပြုပုံ နှစ်မျိုးပြား၏၊ ထိုနှစ်မျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ရှေးဦးစွာ ပင့်ဖိတ်သောဒကာ၏ ဘောဇဉ်ကို ဝိကပ္ပနာမပြုဘဲ နောက် ပင့်သော ဒကာ၏ ဘောဇဉ်ကို စားမိအံ့ ပါစိတ်အာပတ်သင့်၏၊ ဝိကပ္ပနာပြု၍ နောက်ဒကာ၏ ဆွမ်းကိုစားသော် အာပတ်မသင့်။

(ဆောင်) ဝိကပ္ပနာ၊ ပြုစားပါ၊ ကျမ်းလာ အပ်သတည်း။

အာပတ်သင့်ပုံ မသင့်ပုံများ

ပရမ္ပရဘောဇဉ်၌ တိကပါစိတ်၊ ပရမ္ပရဘောဇဉ် မဟုတ်ရာ၌ ဒုကဒုက္ကဋ်၊ ပရမ္ပရဘောဇဉ် မဟုတ်သည်၌ မဟုတ်ဟု အမှတ်ရှိသောရဟန်း အာပတ် မသင့်၊ ထို့ပြင် သမယသုံးပါး၌လည်းကောင်း, ဝိကပ္ပနာပြု၍လည်းကောင်း, တစ်ပေါင်းတည်းပြု၍လည်းကောင်း စားသောရဟန်း, ပင့်ဖိတ်သော အစဉ်အတိုင်း စားသောရဟန်း, ထမင်းကို အလှူခံပါဟု ပင့်ဖိတ်သော် သင့် ထမင်းကို ငါ အလိုမရှိ၊ ဆွမ်းကိုသာ ခံယူမည်ဟု ခံယူသော ရဟန်း, နိစ္စဘတ် သံဃဘတ် ဥပေါသထဘတ် သလာကဘတ် စသည်တို့၌လည်းကောင်း, ဘောဇဉ်ငါးပါးကို ဖယ်ထား၍ ခဲဖွယ် သောက်ဖွယ်တို့၌လည်းကောင်း, ဥမ္မတ္တကတို့၌ လည်းကောင်း အာပတ်မသင့်။

(၄) ကာဏမာတာသိက္ခာပုဒ် အဓိပ္ပာယ်

ကာဏသတို့သမီး၏ မိခင်ကို အကြောင်းပြု၍ သိက္ခာပုဒ်ဖြစ်ပေါ်လာသောကြောင့် ကာဏမာတာသိက္ခာပုဒ်ဟု နာမည်တပ်သည်။ အိမ်သို့ ချဉ်းကပ်လာသော ရဟန်းကို ပူပ, မန္ထ (မုန့်, မုန့်လုံး)တို့ဖြင့် ရဟန်းအထံ ရှေးရှု ဆောင်ယူ၍ (အလိုရှိသလို ခံယူဖို့ရန်) ဖိတ်မန်လာလျှင် နှစ်သပိတ် သုံးသပိတ် ပြည့် သပိတ်အတွင်း နှုတ်ခမ်းရေးနှင့်အညီလောက်သာ (နှစ်ပါးစာ သုံးပါးစာ) ခံယူနိုင်၏၊ ထိုထက် တိုး၍ ခံယူလျှင်ကား ပါစိတ်အာပတ် သင့်၏၊ နှစ်သပိတ် သုံးသပိတ် ခံယူပြီးနောက်လည်း ထို ပူပ, မန္ထတို့ကို အတူဝေဖန်၍ သုံးဆောင် ဖို့ရန် ဝတ္တရားရှိသည်။ သုံးခုမြောက်သပိတ် စုန့်စုန့်မောက်တက်အောင် ခံယူအံ့၊ သပိတ်အတွင်းနှုတ်ခမ်းရေးမှ လွန်သော မုန့်အရေအတွက်အတိုင်း ပါစိတ် အာပတ်သင့်၏၊

ပူပနှင့် မန္ထ မှတ်ဖွယ်

ပူရ-ဓာတ် တစ်နည်း ပူ-ဓာတ် ပ-ပစ္စည်း၊ မာဂဓအဘိဓာန်တို့၌ ပူပ ဟုရှိ၏၊ ယခု စာအချို့ဝယ် ပူဝဟု ရှိသည်ကား ပါဌ်ပျက်သာတည်း။ ဤ ပူပသဒ္ဒါသည် စပါးမျိုး ခုနစ်ပါး၏ ဆန်အမျိုးမျိုးကို အမှုန့်ထောင်း၍ ပြုလုပ် အပ်သော မုန့်ဟူသမျှကို ဟောသော်လည်း ဤသိက္ခာပုဒ်၌ ဝတ္ထုကြောင်း အားလျော်စွာ လက်ဆောင်ပေးဖို့ လုပ်အပ်သော ပူပကိုသာ ယူ။

(ဆောင်) ကျမ်း ဘိဓာန၊ ဟူသမျှက၊ ပူပ ဆိုလျှင်၊ ထိုထို မုန့်စု၊ ဟောရိုး ပြုလည်း၊ ဝတ္ထုကြောင်းတွက်၊ လျော်အောင် ဆက်၍၊ လက်ဆောင် ပေးစရာ့၊ မုန့်ကိုမျှ၊ ပူပ ဟောသတည်း။ (ဘာသာဋီ၊၂၇၃။)

မန္ထ သဒ္ဒါသည် အဘိဓာန်အလို အဗဒ္ဓသတ္တု (ဆန်အမျိုးမျိုး၏ အမှုန့် သက်သက်ကို ထောပတ်စသည် ရောလျက် ရေအေးနှောပြီးလျှင် သောက်ဖို့ရာ ဖြစ်သော အမှုန့်သာမန်)ကို ဟော၏၊ သို့သော် ဤသိက္ခာပုဒ်၌ကား ဆိုအပ်ပြီးသော အလုံးအခဲဖြစ်စေ, မဆုပ်ရသေးသော အမှုန့်ဖြစ်စေ, နှမ်းလုံး ဆန်လုံးသက်သက်ဖြစ်စေ လမ်းခရီး၌ စားဖို့ရာ ရိက္ခာအလို့ငှာ စီမံအပ်သမျှကို မန္ထ ဟု ဆိုသည်။ (အဗဒ္ဓ = မဖွဲ့ဆုပ်အပ်သော။ သတ္တု = အမှုန့်)

(ဆောင်) မန္ထသဒ္ဒါ, ဘိဓာန်လာကား, များစွာ မုန့်မှုန့်, ဟောရိုးကျုံ့လည်း, မချို့ပေါင်းရုံး, ဤအသုံးမူ, မုန့်လုံးမုန့်ခဲ, မုန့်ညက်ကျဲနှင့်, နှမ်းလည်း ဆန်ပါ, လမ်းရိက္ခာရ, မှန်သမျှ, မန္ထဟောလေသည်။ (ဘာသာဋီကာ၊၂၇၃။)

မေဒိနီ၌ကား ပဝတိ ပဝတ္တတီတိ ပူဝံ၊ လက်ဆောင်အလို့ငှာ စီရင်အပ်သော အလွန်အရသာရှိသည်၏ အဖြစ်ဖြင့်ဖြစ်သော ကတွတ်မုန့် ကြွက်ကျစ်မုန့်စသော ခဲဖွယ်ရစေ။

သက္ကဋအဘိဓာန် မာဂဓအဘိဓာန်တို့၌ ပူပဟု ပါဌ် ရှိ၏၊ ပိဋကတ်တော်၌ ပူဝဟု ပါဌ် ရှိသည်။ ခရီးအကြား၌ သုံးဆောင်ခြင်း ရိက္ခာအလို့ငှာ စီရင်အပ်သော မုန့်ဆုပ်, နှမ်းဆန် စသည်တို့ကို မန္ထဟု ဆိုသည်။ ပါစိတ် ပါဠိတော်၌ ပူဝဟု ရှိ၏၊ ဏွှာဒိမောဂ္ဂလာန်၌ ပူပ ရှိ၏ဟု ဆိုထား၏၊

သုံးသပိတ် အောက်အနားရေးနှင့်အညီ ပြည့်ရုံခံရမည်

ပင်ကိုက လက်ဆောင်ပေးရန် (သို့) ရိက္ခာပြုရန်စီမံအပ်သော မုန့်နှမ်းဆန်ဖြစ်၍ သုံးသပိတ်ထက်ပိုအောင် ခံယူလျှင် အလှူရှင်မှာ မူလရည်ရွယ်ထားသော လက်ဆောင် လမ်းရိက္ခာ လုံလောက်ဖွယ် မရှိရကား အလိုက်မသိရာ ရောက်၏၊ ထို့ကြောင့် ရဟန်းအားလုံးအတွက် သုံးသပိတ်ပြည့်ထက် မပိုလွန်စေဘဲ ခံယူဖို့ ပညတ်တော်မူသည်။

ဆွမ်းခံရဟန်းတို့၏ တာဝန်များ

ထိုကဲ့သို့ ပူပ, မန္ထတို့ဖြင့် လောင်းလှူနေရာဝယ် တစ်သပိတ်အပြည့်သာ ခံယူခဲ့သူသည် အိမ်မှထွက်၍ အခြားရဟန်း တစ်ပါးတွေ့လျှင် “တပည့်တော် တစ်သပိတ် ခံယူခဲ့ပြီ”ဟု ပြောရမည်။ ဒုတိယရဟန်းကလည်း တစ်သပိတ်ပြည့်သာ ခံယူလျှင် နောက်ထပ် အခြားရဟန်းအား ပထမရဟန်းက တစ်သပိတ် ယခုတပည့်တော်က တစ်သပိတ် ခံယူပြီးပြီဟု ပြောရမည်။ တတိယ ရဟန်းက တစ်သပိတ် ခံယူပြီးနောက် အခြားတွေ့သော ရဟန်းအား သုံးသပိတ် ပြည့်သွားပြီဖြစ်၍ နောက်ထပ် မခံယူနှင့်တော့ဟု ပြောရမည်။ ပထမ ရဟန်းက နှစ်သပိတ် သို့မဟုတ် သုံးသပိတ်ခံယူပြီးရာ၌လည်း ထိုနည်းအတိုင်း နောက်ထပ် မခံယူဖို့ ပြောရမည်။ မည်သည့်နည်းနှင့်မဆို ထိုတစ်အိမ်တည်းမှ ရဟန်းအားလုံးအတွက် သုံးသပိတ်ပြည့်ထက် မပိုလွန်စေရပါ။

ရဟန်းသံဃာများအား မုန့်ဝေဖန်ပုံ

ပူပ, မန္ထတို့ကို ခံယူကြရာ၌ သုံးသပိတ်ခံယူခဲ့ပြီးသော ရဟန်းသည် မိမိအတွက် တစ်သပိတ် ဖယ်ထားပြီး ကျန်နှစ်သပိတ်ကို ရဟန်းသံဃာများ သုံးဆောင်ရန် ဝေဖန်လှူဒါန်းရမည်။ နှစ်သပိတ် ခံယူခဲ့သော ရဟန်းကလည်း မိမိအတွက် တစ်သပိတ်ထား၍ ကျန်တစ်သပိတ်ကို ထို့အတူ သုံးဆောင် ဝေဖန်ရမည်။ တစ်သပိတ်ခံယူခဲ့သော ရဟန်းကား မိမိ အလိုရှိသလို သုံးဆောင်နိုင်သည်။ ဝေဖန်ရာ၌လည်း မုန့်ရရာအိမ်မှ အနီးဆုံးဖြစ်သော ဆွမ်းစားဇရပ် ကျောင်း အမြဲတမ်း ဖဲရာအရပ်သို့ သွား၍ ဝေဖန်ရမည်။ မိမိ အဆွေခင်ပွန်း ချစ်ခင်ကျွမ်းဝင်ရာ အရပ်သို့ သွား၍ကား မလှူရဟု သိပါ။

အာပတ်များသင့်ပုံ, မသင့်ပုံ

ဒွိတ္တိပတ္တပူရ၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ သုံးသပိတ်အောက် ယုတ်သည်၌ ယုတ်သည်၏ အမှတ်ရှိ၍ ခံယူစေသော ရဟန်းအား အာပတ်မသင့်၊ ထို့အတူ လက်ဆောင်, ရိက္ခာအလို့ငှာ မဟုတ်သော မုန့်ကို ခံယူသောရဟန်း, လက်ဆောင်, ရိက္ခာမှ ကြွင်းသောမုန့်ကို ခံယူသောရဟန်း, ခရီးသွားခြင်းကိစ္စပြီးသော မုန့်ကို ခံယူသောရဟန်း, ဆွေမျိုးတော်သူ ဖိတ်မန်ထားသူတို့၏ မုန့်ကို ခံယူသောရဟန်း, မိမိဥစ္စာဖြင့် ရယူသောရဟန်း, ဥမ္မတ္တကရဟန်းတို့အား အာပတ်မသင့်။

(၅) ပထမပဝါရဏာသိက္ခာပုဒ် အဓိပ္ပာယ်

ဘောဇဉ်ငါးပါး တစ်ပါးပါးကို တချို့တစ်ဝက်ကို စားပြီးနောက် ကျန်တချို့ကို ဆက်လက်စားနေစဉ် ကပ္ပိယ (အပ်စပ်သော) ဘောဇဉ်ငါးပါးကို ကိုယ်နှုတ်ဖြင့် တားမြစ်မိ၍ ပဝါရိတ်သင့်အံ့၊ ထိုသို့ ပဝါရိတ်သင့်ပြီးနောက် ဣရိယာပုထ် တစ်မျိုးပြောင်း၍ ဂိလာန၏ အကျန်ဖြစ်သော ခဲဖွယ် ဘောဇဉ်ကို ကြဉ်၍ အတိရိတ်ဝိနည်းကံ မပြုဘဲ စားလျှင် ပါစိတ်အာပတ် သင့်၏၊

ဘောဇဉ်ငါးပါး

စားဆဲဘောဇဉ်ငါးပါးကို ပယ်မြစ်မိမှသာ ပဝါရိတ်သင့်၍ ဘောဇဉ်ငါးပါး သိဖို့ လိုသည်။ ဩဒန = ထမင်း၊ သတ္တု = ဆန်မှုန့်၊ (ရှေးက မုန့်လုံးဟု ပေးကြသည်မှာ အခြေအမြစ် မရှိ၊) ကုမ္မာသ = မုယောစပါးဖြင့် ပြုအပ်သော တစ်ဝက်ကျက် အစာတစ်မျိုး၊ မစ္ဆ = ငါး၊ မံသ = အမဲ (ကုန်းသတ္တဝါ, ကြက်, ဝက်, နွား စသည်တို့၏ အသား)တို့ကို ဘောဇဉ်ငါးပါးဟု ခေါ်၏၊

ဩဒနဟူသည် စပါးမျိုးခုနစ်ပါး၏ ဆန်တို့ကို ချက်အပ်သော ထမင်းတည်း။ လက်ဖြင့်ကော်၍ ရကောင်းသော ယာဂုအပျစ်လည်း ပါဝင်၏၊ ယာဂုအကျဲကား မပါဝင် ပဝါရိတ်မသင့်။

သတ္တုဟူသည် စပါးမျိုး ခုနစ်ပါး၏ဆန်ကို လှော်၍ အမှုန့်ပြုထားအပ်သော ဆန်မှုန့်ညက်ကို သတ္တုဟု ခေါ်၏၊ ထိုဆန်မှုန့်ညက်ကို ထောပတ,် ပျားရည်, တင်လဲ စသည်ဖြင့် ရော၍ ရေအေးဖြင့် မွှေနှောက်လျက် စားသောက်လေ့ ရှိကြ၏၊ ထို အမှုန့်ကို ထောပတ်စသည်နှင့် တွဲ၍ အခဲအလုံး ပြုလျက်လည်း စားကြဟန် ရှိကြ၏၊ မုန့်မှုန့်နှင့် မုန့်လုံးကိုယူ။

ကုမ္မာသဟူသည် ဆန်ကို တစ်ဝက်ကျက်ရုံမျှ ပြုတ်အပ်သော အစာတစ်မျိုးတည်း။ မုဂ္ဂမာသ (ပဲမှုန့်)စသည်ကိုလည်း ထိုကဲ့သို့ ချက်ပြုတ်ကြ၏၊ ပဝါရိတ်အရာ၌ ဆန်ကိုလုပ်သော ကုမ္မာသကို ယူရမည်။ ရှေးက မုယောမုန့်ဟု ပေးကြ၏၊ မုယောကို အဘိဓာန်နိသျသစ်၌ ဂျုံဖြူဟု ပေး၏၊

မစ္ဆ, မံသတို့ကား ထင်ရှားပြီ၊ ယာဂုနှင့် ဟင်းချိုများ၌ ပုဇွန်ခြောက်, ငါး, အမဲအနည်းငယ် ပါဝင်နေလျှင် ထိုယာဂု, ဟင်းချိုများပင် ပဝါရိတ် သင့်စေနိုင်၏၊

(ဆောင်) ထမင်း ငါးသား၊ မုန့် နှစ်ပါး၊ ငါးပါး ဘောဇဉ်တည်း။

ပဝါရိတ်အင်္ဂါ ငါးပါး

၁။ စားဆဲ (စား၍ မပြီးသေး) ဖြစ်ခြင်း၊
၂။ ဘောဇဉ်ငါးပါး တစ်ပါးပါးဖြစ်ခြင်း၊ (ဘောဇဉ်ငါပါးတွင် မပါဝင်သော ဆီ, ဆား, ဟင်းများနှင့် သစ်သီး, ပဲဖြင့် လုပ်သော မုန့် စသည်တို့ကို ပယ်မြစ်သော်လည်း ပဝါရိတ်မသင့်။)
၃။ ပေးသူက ရဟန်း၏ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ဝင်ရောင်ခြင်း (ဟတ္ထပါသ် အပြင်ဘက်ကပေးသည် ကပ်သည်ကို ပယ်သော်လည်း ပဝါရိတ်မသင့်။)
၄။ ဆောင်ယူခိုက်ဖြစ်ခြင်း (လက်ဖြင့်မြှောက်၍ မ၍ ဆောင်ထားခိုက် ပယ်မှ ပဝါရိတ်သင့်သည်။(အောက်၌ ချထားသော ဆွမ်းစသည်ကို ယူမလား ဟု နှုတ်ဖြင့် မေးသည်ကို ပယ်ရာ၌ ပဝါရိတ်မသင့်။)
၅။ ကိုယ်နှုတ်ဖြင့် ပယ်ခြင်း၊ (လက်ကာပြခြင်း ခေါင်းရမ်းခြင်း တော်ပြီ မထည့်နှင့် စသော ကိုယ်နှုတ်ဖြင့် မြစ်မှ ပဝါရိတ်သင့်သည်။

(ဆောင်) စားဆဲ ဘောဇဉ်၊ ဟတ်တွင်းဝင်၊ ဆောင်စဉ် ကိုယ်နှုတ်မြစ်၊

အင်္ဂါငါးလီ၊ စုပြည့်ညီ၊ သင့်ပြီ ပဝါရေတ်။ (ဘာသာဋီကာ၊၂၇၇။)

ပဝါရိတ်သင့်ပြီး ဘောဇဉ်ကို သုံးဆောင်ခွင့်

ဘောဇဉ်ငါးပါး စားနေစဉ် ရဟန်းဖြစ်စေ, လူဖြစ်စေ တစ်ဦးဦးက ဘောဇဉ်ငါးပါး လာဆက်ကပ်ရာ ဟတ္ထပါသ်အတွင်း အရောက်တွင် ပယ်မြစ်မိလျှင် ပဝါရိတ်သင့်၏၊ ထိုပဝါရိတ်သင့်သော ရဟန်းသည် ဣရိယာပုထ် ပြောင်းပြီးနောက် မိမိသပိတ်အတွင်း ရှိပြီးသော ခဲဖွယ် ဘောဇဉ်နှင့် နောက် လာလာသမျှသော ခဲဖွယ်ဘောဇဉ်တို့ကို မစားသင့်တော့ပြီ။ ဆက်ကပ်လာ သော ဘောဇဉ်များသာ မစားကောင်းဟု ထင်တတ်ကြ၏၊ သတိပြုပါ။

ပဝါရိတ်သင့်ပြီး ဖြစ်သော်လည်း -
၁။ စားဆဲဣရိယာပုထ်ကို မဖျက်ဘဲ ဆက်စားခြင်း။
၂။ ဂိလာနအကြွင်းအကျန် ဖြစ်ခြင်း။
၃။ အတိရိတ် ဝိနည်းကံပြုခြင်း။

ဤသုံးမျိုး တစ်မျိုးမျိုးကို ဖြစ်က ပဝါရိတ်သင့်ပြီး ဘောဇဉ်ကို သုံးဆောင်ခွင့်ရှိ၏၊ အာပတ်မသင့်ပေ။

၁။ စားဆဲဣရိယာပုထ် မဖျက်ဘဲ ဆက်စားခြင်း

အင်္ဂါငါးပါးနှင့် ညီညွတ်၍ ပဝါရိတ်သင့်ပြီးသော ရဟန်းသည် ပဝါရိတ် သင့်ရုံမျှဖြင့် မည်သည့်အာပတ်မျှ မသင့်သေး၊ ထိုင်လျက် ပဝါရိတ်သင့်လျှင် ထိုထိုင်ခြင်း ဣရိယာပုထ်ကို မဖျက်သေးဘဲ ဆက်၍ စားသောက်နိုင်သေး၏၊ လမ်းသွားရင်း စားနေခိုက် ပဝါရိတ်သင့်ပြန်လျှင်လည်း သွားခြင်း ဣရိယာပုထ်ကို မဖျက်ဘဲ မဝမချင်း စားနိုင်သေး၏၊ ပဝါရိတ်သင့်ပြီး၍ ဣရိယာပုထ် ပြောင်းလွဲပြီးနောက်ကား ဂိလာနအကျန် မဟုတ်သော, အတိရိတ် ဝိနည်းကံသော်လည်း မပြုအပ်သော ခဲဖွယ်ဘောဇဉ် (ယာဝကာလိကအစာ) အမျိုးမျိုးတို့ကို မစားကောင်းတော့ပြီ၊ စားလျှင် ပါစိတ်အာပတ်သင့်၏၊

၂။ ဂိလာနအကြွင်းအကျန်ဖြစ်ခြင်း

ဂိလာနအကျန် ဟူရာ၌ ဂိလာနစားပြီး၍ ကျန်မှသာ မဟုတ်၊ ဂိလာနဖို့ မှန်သမျှ ဂိလာနများအတွက် ရည်မှန်းထားသမျှ ခဲဖွယ်ဘောဇဉ်များကို ဂိလာနာတိရိတ္တ (= ဂိလာနအကျန်) ဟုပင် ဆိုရသည်။ ဘောဇဉ်ငါးပါးတွင် မပါဝင်သော ယာဝကာလိက မုန့်, သစ်သီးများကို ခဲဖွယ်ဟု ခေါ်သည်။

၃။ အတိရိတ်ဝိနည်းကံ အင်္ဂါ (၇) ပါး

၁။ ကပ္ပိခြင်းငါးမျိုးဖြင့် ကပ္ပိပြီးသော ခဲဖွယ် အပ်သောအသား ကုလဒူသနမှု, ဝေဇ္ဇကမ္မမှုစသည်မှ လွတ်သော အပ်သောဘောဇဉ်ဟု ဆိုအပ်သော ခဲဖွယ် ဘောဇဉ် ဖြစ်ခြင်း။
၂။ ဤအပ်သော ခဲဖွယ် ဘောဇဉ်သည် အကပ်ခံပြီးသား ဖြစ်ခြင်း။
၃။ ဤအပ်သော ခဲဖွယ် ဘောဇဉ်ကို ဝိနည်းဓိုရ်အနီး မြှောက်ချီ ညွှတ်ကိုင်းခြင်းကို ပြုခြင်း။
၄။ ဝိနည်းဓိုရ်အနီး ဟတ္ထပါသ်၌နေ၍ “အတိရိတ္တံ ကရောထ ဘန္တေ = အရှင်ဘုရား အပိုအလွန် အကြွင်းအကျန်ကို ပြုပါကုန်”ဟု နှုတ်မြွက်ဟ၍ ဆိုခြင်း၊ ဤအင်္ဂါလေးပါးကား ပဝါရိတ်သင့်သော ရဟန်းက ပြုရမည့် အခါတည်း။
၅။ အတိရိတ်ဝိနည်းကံ ပြုပေးသော ဝိနည်းဓိုရ်သည် ပဝါရိတ်သင့်သော ရဟန်း၏ ဘောဇဉ်ကို အနည်းငယ်မျှ (အယုတ်ဆုံး ဆွမ်းတစ်လုံးမျှ) ယူ၍ စားလိုက်ခြင်း။

၆။ ဆွမ်းစားစဉ် ပဝါရိတ်သင့်ထားသော ဝိနည်းဓိုရ်သည် ဝိနည်း ကံပြုပေးလိုသော် ထိုနေရာမှ မထရသေးခြင်း (ဣရိယာပုထ် မပြောင်းလွှဲရခြင်း) ပဝါရိတ်သင့်နေသူ မဟုတ်လျှင်ကား မိမိ စားနေရာမှ ထပြီး ဆောင်ရွက်သော်လည်း အင်္ဂါမပျက်။

၇။ ဝိနည်းဓိုရ်သည် “အလမေတံ သဗ္ဗံ = ဤအလုံးစုံသည် ငါတော်ပြီ ငါမစားတော့ပြီ”ဟု မြွက်ဆိုရခြင်း ဤအင်္ဂါသုံးပါးကား ဝိနည်းဓိုရ် ပြုရမည့် အင်္ဂါတည်း။ ပေါင်းသော် အတိရိတ်အင်္ဂါ (၇)ပါးတည်း။

(ဆောင်) အပ်ပြီး ကပ်ခံ၊ မြှောက်ပြန် နီးဟ၊ ဤလေးဝ၊ သင့်ထ ဘိက္ခု အင်္ဂါတည်း။ စားပြီးမှသာ၊ သင့်ကာ မထ၊ အလမေတံ၊ ဤသုံးတန်၊ မှတ်ရန် ဝိနယဓရအင်္ဂါတည်း။

(ဆောင်) အပ်ပြီး ကပ်ခံ၊ မြှောက်ပြန် နီးဟ၊ စားပြီးမှသာ၊
သင့်ကာ မထ၊ အလမေတံ၊ ခုနစ်တန်၊
ပေါင်းပြန် အတိရိတ်အင်္ဂါတည်း။

ပဝါရိတ်မသင့်သော အစားအစာများ

မအပ်သော အသားကြီး (၁၀)ပါး၊ ကုလဒူသနမှု, ဝေဇ္ဇကမ္မမှု, ဥတ္တရိမနုဿဓမ္မရောစနမှု ရွှေငွေခံမှုကြောင့် ရရှိသည်ဖြစ်သော အကပ္ပိယဘောဇဉ်များကို ပယ်မြစ်သော် ပယ်အပ်သော ဝတ္ထုကို ပယ်ရာရောက်သောကြောင့် ပဝါရိတ် မသင့်၊ စားလျှင် ဒုက္ကဋ်သင့်၏၊

ဘောဇဉ်ငါးပါးမှ အလွတ်ဖြစ်သော ယာဝကာလိကခဲဖွယ်များ, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကပစ္စည်းများ ပယ်မြစ်ရာ၌ ပဝါရိတ် မသင့်၊ သို့ရာတွင် ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကတို့ကို အာဟာရအလို့ငှာ ခံယူအံ့ ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်၊ အာမိသနှင့်တကွ ရောစားမူ ပါစိတ်အာပတ် သင့်၏၊

ခဲဖွယ် (၁၂) မျိုး

အမြစ်ခဲဖွယ်, အဥ, အစွယ်, အညှောက်, ပင်စည်, အခေါက်, အရွက်, အပွင့်, အသီး, အစေ့, အမှုန့်, အစေးခဲဖွယ်အားဖြင့် ခဲဖွယ် (၁၂)ပါးတို့တည်း။

(ဆောင်) မြစ်, ဥ, စွယ်, ညှောက်၊ ပင်, ခေါက်, ရွက်, ပွင့်၊ သီး, စေ့ဆင့်၊ မှုန့်နှင့် စေးဆယ့်နှစ်။ အာဟာရကိစ္စ၊ ပြီးစေက၊ ယာဝကာလိကာ။ မပြီးစေက၊ အမြစ်စ၊ ယာဝဇီဝိကာ။

အာပတ်သင့်ပုံများ

အနတိရိတ္တ၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ အတိရိတ္တ၌ အတိရိတ္တပြုပြီးဟု မှတ်သောရဟန်း အာပတ်မသင့်၊ အတိရိတ်ဝိနည်းကံ ပြုစေ၍စားအံ့ဟု ယူသောရဟန်း, သူတစ်ပါးအကျိုးငှာ ခံယူသောရဟန်း, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကတို့၌ ပိပါသအကြောင်း ဂိလာနအကြောင်း စသည်ဖြင့် ခွင့်ပြုအပ်သော သုံးဆောင်ခြင်း၏ အစွမ်းဖြင့် အာမိသကင်းသည်ကိုပြု၍ စားသောရဟန်း, ဥမ္မတ္တကရဟန်းတို့၌ အာပတ်မသင့်။

(၆) ဒုတိယပဝါရဏာသိက္ခာပုဒ် အဓိပ္ပာယ်

ဆွမ်းစားစဉ် ပဝါရိတ်သင့်သော ရဟန်းကို ပဝါရိတ်သင့်နေသော ရဟန်းမှန်းသိလျက် အပြစ်တင်လို၍ (အာပတ်ဖြင့် စောဒနာလို၍) အတိရိတ် ဝိနည်းကံ မပြုရသေးသော (သို့မဟုတ်) ဂိလာနအကျန် မဟုတ်သော ခဲဖွယ် ဘောဇဉ်ကို ထိုရဟန်းထံသို့ ဆောင်ယူပြီးလျှင် “ရော့ ခဲစမ်းပါ၊ စားစမ်းပါ”ဟု ဖိတ်လျှင် ရှေးရှုဆောင်ယူသည့်အတွက် ဒုက္ကဋ်၊ ဖိတ်သည့်အတွက် ဒုက္ကဋ်၊ ထိုအဖိတ်ခံရသောရဟန်းကား စားလျှင် မျိုတိုင်းမျိုတိုင်း ဖိတ်သော ရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။ ယာမကာလိကစသည် သုံးပါးကို အာဟာရအကျိုးငှာ ဆောင်ယူအံ့ ဒုက္ကဋ်၊ ထိုကာလိကတို့ကို ခံယူခြင်း စားခြင်းတို့၌လည်း ဒုက္ကဋ်ဟု သိပါ။

(၇) ဝိကာလဘောဇနသိက္ခာပုဒ် အဓိပ္ပာယ်

ကာလ, ဝိကာလ, ကာလိကဟု (၃)မျိုး ခွဲခြား မှတ်သားထားပါ၊ ကာလ-အရ ရဟန်းတို့၏ ဆွမ်းဘုဉ်းပေးချိန်အခါ (အရုဏ်တက်ပြီးမှ စ၍ မွန်းတည့် တိုင်အောင်သော အခါ)ကို ယူ။ ဝိကာလအရ ကာလတော = ရဟန်းတော်တို့ ဆွမ်းဘုဉ်းပေးချိန်ခါမှ။ ဝိကတော = ကင်းသော အခါသည်။ ဝိကာလော = ဝိကာလမည်၏၊ ဝိကာလဟူသည် မွန်းတည့်ပြီးနောက် အရုဏ်တက်သည့်တိုင်အောင် အခါတည်း။ ဝိကာလေ = ဆွမ်းဘုဉ်းပေးချိန်မှ ကင်းသောအခါ၌ (သဒ္ဒတ္ထတည်း၊) (ဝါ) နေလွဲသောအခါ၌၊ (အများမှတ်သား အပ်သော သင်္ကေတအနက်၊) ထိုနေလွဲသောအခါ၌ အာမိသဟူသော ခဲဖွယ် ဘောဇဉ်ကို စားခြင်းအကျိုးငှာ အကပ်ခံအံ့ ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ပါစိတ်။

ကာလိကဟူသည် - ကာလေ = သတ်မှတ်သော အခါ၌။ ဘုဉ္ဇိတဗ္ဗာနိ = စားထိုက်ကုန်၏အရ ပိုင်းခြားအပ်သော သူ့ကာလအတွင်း၌ စားထိုက်သော အစာများကို ကာလိကဟု ခေါ်၏၊ ထိုကာလိကကား ယာဝကာလိက, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကအားဖြင့် လေးမျိုး ရှိ၏၊

ဤသိက္ခာပုဒ်၌ ယာဝကာလိက ခဲဖွယ် ဘောဇဉ်တို့ကို ယူပါ။ ယာမကာလိက စသော ကြွင်းကာလိကသုံးမျိုးကို အာဟာရအကျိုးငှာ ခံအံ့ ဒုက္ကဋ်၊ စားမျိုခြင်းတို့၌လည်း ဒုက္ကဋ်၊ ထိုကာလိကသုံးပါးကို ပိပါသအကြောင်း ဂိလာနအကြောင်း ရှိ၍ သုံးဆောင်သော် အနာပတ္တိ။

(ဆောင်) ယာဝကာလိကာ၊ ခံ-မျိုပါ၊ ဒုက်ပါ စဉ်တိုင်းမှတ်။
ဟာရကျိုးငှာ၊ ကြွင်းကာလိက၊ ခံမျိုက၊ ဧက ဒုက္ကဋတ်။
အကြောင်းရှိမူ၊ သုံးဆောင်သူ၊ မှတ်ယူ အနာပါတ်။

ကာလိက (၄)မျိုး ခွဲခြားပုံများ ကာလိကအခန်းသို့ ကြည့်ပါ။

အကျဉ်းမျှ မှတ်ရန်

ယာဝကာလိက - အရုဏ်တက်ပြီးသည်မှ စ၍ မွန်းတည့်သည်တိုင်အောင် စားမျိုရသော အသီးကြီးကိုးလုံး ဘောဇဉ်ငါးပါး ခဲဖွယ်တစ်ဆယ့်နှစ်ပါး စပါးမျိုးခုနစ်ပါး ပဲအမျိုးမျိုး ဂေါရသသုံးပါးဖြစ်သည်။ ယာမကာလိက - ကျမ်းဂန်လာ ဖျော်ရည် (၈)မျိုးနှင့် အနုလောမအဖျော်ရည်ရှစ်မျိုး ဖြစ်သည်။ မွန်းတည့်ပြီး အရုဏ်မတက်မီ သောက်ကောင်း၏၊ သတ္တာဟကာလိက -ဘေသဇ္ဇသိက္ခာပုဒ်လာ သပ္ပိ စသော ဆေးငါးမျိုးတည်း။ ယာဝဇီဝိက - အာဟာရကိစ္စကို မပြီးစေနိုင်သော ထိုထိုဒေသ၌ စားဖွယ်သောက်ဖွယ်အဖြစ်ဖြင့် သုံးစွဲလေ့မရှိသော အဖျော်ရည်မျိုး, သတ္တာဟကာလိက ဆေးမျိုးတွင် မပါဝင်သော မန်ကျည်းရွက်ကြမ်း, ကင်ပွန်းရွက်ကြမ်းစသော အရွက်, အမြစ်, အခေါက်, အဥများတည်း။

ပကတိအာဟာရကိစ္စ ခွဲခြားပုံ

ခါဒနီယ-အရ အမြစ်ခဲဖွယ် စသော (၁၂)ပါး ဆိုခဲ့သည်။ ဤ၌ ပကတိ အာဟာရ၏ အစွမ်းဖြင့် လူတို့၏ ခဲဖွယ် ဘောဇဉ်ကိစ္စကို ပြီးစေသော အမြစ် စသည် ယာဝကာလိက၊ ပကတိအာဟာရကိစ္စကို မပြီးစေနိုင်သော အမြစ် စသည် ယာဝဇီဝိကဟု ခွဲခြားမှတ်သားနိုင်သည်။

မြေဩဇာရှိသော အရပ်၌ ကောက်ပဲစသော ယာဝကာလိကတို့နှင့် မရောဘဲ ထိုအမြစ် စသည်ကို ထမင်းကဲ့သို့ သုံးဆောင်နိုင်ခြင်းသည် ပကတိ အာဟာရကိစ္စကို ပြီးစေနိုင်သည် မည်၏၊ ဥပမာ - ထန်းမြစ်, ပဲမြစ်, ပဲ, စိမ်းစားဥ စသည်တည်း။ ထိုအာဟာရကိစ္စ ပြီးစေနိုင်သော အမြစ်စသည်သည် ယာဝကာလိကတည်း။

မြေဩဇာ မရှိသော အရပ်၌ ကောက်ပဲစသော ဝတ္ထုနှင့် မရောဘဲ ထိုအမြစ် အဥစသည်ကို ထမင်းကဲ့သို့ မသုံးဆောင်နိုင်ခြင်းသည် ပကတိကိစ္စ မပြီးစေနိုင်သည် မည်၏၊ ဥပမာ-ချင်း, ငြုတ်ကောင်း, ပိတ်ချင်း, ပန်းဥ, မန်ကျည်းရွက်ကြမ်း စသည်တည်း။ ထို အာဟာရကိစ္စကို မပြီးစေနိုင်သော အမြစ်စသည်ကို ယာဝဇီဝိကဟု မှတ်။

အချို့သော အမြစ်သည် နုစဉ်ကသာ အာဟာရကိစ္စကို ပြီးစေ၍ ရင့်သောကာလ မပြီးစေသည်လည်း ရှိ၏၊ အချို့ ပြုတ်ခြင်း ဖျောခြင်းပြုပါမှ အာဟာရကိစ္စ ပြီးစေ၍ မပြုတ် မဖျောလျှင် မပြီးစေသည်လည်း ရှိ၏၊ ယာဝကာလိကနှင့် ယာဝဇီဝိကခွဲရာ၌ အာဟာရကိစ္စပြီးစေ မပြီးစေသာ လိုရင်းထား၍ ခွဲရသည်ဟု မှတ်ပါ။

ဝိကာလ၌ အာပတ်သင့်ပုံများ

ဝိကာလ၌ တိကပါစိတ်၊ ကာလ၌ ဒုကဒုက္ကဋ်၊ ကာလ၌ ကာလဟု မှတ်သော ရဟန်းအား အာပတ်မသင့်၊ ယာမကာလိကစသော သုံးပါးကို အကြောင်းရှိ၍ သုံးဆောင်သောရဟန်း၊ စမြုံ့ပြန်သောရဟန်း၊ ဥမ္မတ္တက ရဟန်းတို့အား အာပတ်မသင့်။

၈။ သန္နိဓိကာရကသိက္ခာပုဒ် အဓိပ္ပာယ်

အကပ်ခံထားသော ခဲဖွယ် ဘောဇဉ်တို့ကို သိုမှီးသိမ်းဆည်းထား၍ နောက်တစ်နေ့ တစ်ညဉ့်မျှလွန်အောင် လူ, သာမဏေတို့အား အာလျပြတ် အနပေက္ခဝိသဇ္ဇန ထိုအာမိသကို ငါမစားတော့ပြီဟု မငဲ့မကွက် မစွန့်ဘဲ သိုမှီးသိမ်းဆည်းခြင်း၊ ခဲဖွယ် ဘောဇဉ်တို့ကိုသာမက ယာမကာလိကခေါ် အဖျော်ရည်ကိုလည်း တစ်ညဉ့်လွန် အရုဏ်တက်ပြီးနောက် နောက်တစ်နေ့ နံနက်၌ သောက်လျှင် ဤသိက္ခာပုဒ်အရ ပါစိတ်ဟု အဋ္ဌကထာ ဆို၏၊ ထို့ကြောင့် လူ, သာမဏေတို့အား အပြီးမစွန့်ဘဲ သိမ်းဆည်းသိုမှီးထားသော ယာဝကာလိက, ယာမကာလိက နှစ်ပါးကို သန္နိဓိကာရက ခေါ်သည်။ ကြွင်းသော သတ္တာဟကာလိကနှင့် ယာဝဇီဝိကနှစ်ပါးကား သန္နိဓိ မဖြစ်စကောင်း။

(ဆောင်) ကပ်ခံပြီးက၊ တစ်ညဉ့်မျှ၊ သိုထ သန္နိဓိ။
ယာဝ, ယာမ၊ ကာလိက၊ သိုမှ သန္နိဓိ။

ဒုဒ္ဓေါတပတ္တ = အဆေးခက်သော သပိတ်

ဒုဒ္ဓေါတ = မကောင်းသဖြင့် ဆေးအပ်သော (ဝါ) မစင်ကြယ်သော၊ ပတ္တ = သပိတ် (ပန်းကန်, ခွက်, ဂျိုင့်, ဇွန်းစသည် အားလုံးယူ)၊ သပိတ်, ပန်းကန်, ခွက်စသည်တို့၌ ထည့်၍ စားပြီးနောက် စင်ကြယ်စွာ မဆေးလျှင် ဝက်ဆီ, အမဲဆီ, ဟင်းဆီစသော အာမိသကလေးများ ငြိကပ် ကျန်နေတတ်၏၊ ထိုဆီစသော အာမိသများ လက်ချောင်းဖြင့် ပွတ်သည်ရှိသော် သပိတ်, ခွက် စသည်၌ အရေးအကြောင်း ထင်အံ့၊ ကွဲအက်နေသော အဖွဲ့ရှိသော သပိတ်၏ အက်ကြောင်းတို့၌ အဆီအစေး ဝင်နေတတ်သည်။ ထို သပိတ်စသည်ကို နေပူလှမ်းသော်လည်းကောင်း, ယာဂုပူပူ ထည့်သော်လည်းကောင်း အဆီ အစေးထွက်ကျ ထင်ရှားလာ၏၊ ထို အဆီအစေးစသော အာမိသသည် နက်ဖြန်နံနက်ကာလ၌ သန္နိဓိ ဖြစ်၏၊ ဆွမ်းပူ, ဟင်းပူ, ယာဂုပူတို့နှင့် ရောမိကာ ရဟန်း၏ ခံတွင်းသို့ ဝင်သွားလျှင် သန္နိဓိအာမိသတို့အတွက် ပါစိတ်အာပတ် သင့်သည်။

ထို့ကြောင့် သပိတ်, ပန်းကန်, ခွက် စသည်တို့၌ ဆီစသော အာမိသမရှိအောင် စင်ကြယ်စွာ ဆေးရမည်။ အဖာအထေး အကွဲအအက်ရှိသော သပိတ်, ပန်းကန်, ခွက်များကို အညစ်အကြေး မကပ်ငြိအောင် ဖာထေး၍ မဖြစ်နိုင်က ထည့်မစားသင့်ပြီ၊ စွန့်ပစ်ကြရမည်။

အာမိသများနှင့် သန္နိဓိ မဖြစ်စေနည်း

သပိတ်, ပန်းကန်စသည်၌ ကပ်ငြိလျက်ရှိသော အာမိသကို လူ, သာမဏေတို့အား သပိတ်, ခွက်စသည်ကို ပေးစွန့်လိုက်သော် လူသာမဏေတို့က ထိုသပိတ်စသည်ကို ဆေးကြောရာ၌ မစင်ကြယ်သော်လည်း ထိုအဆီအစေးတို့သည် သန္နိဓိ မဖြစ်နိုင်၊ သို့သော် ထိုအဆီအစေး အကြွင်းအကျန် ရှိနေသော သပိတ်, ပန်းကန်, လဘက်ရည်ကရား စသည်ကို နက်ဖြန်နံနက် ထည့်စားလိုလျှင် ထိုသပိတ်, ခွက်စသည်ကို ရဟန်းကိုယ်တိုင် မကိုင်ကောင်း၊ အကပ်ခံပြီးမှ ကိုင်ရမည်။ အကပ်မခံဘဲ ကိုင်လျှင် ကိုင်သည့်အတွက် ဒုရူပစိဏ္ဏဒုက္ကဋ်၊ မြှောက်ချီမသည့်အတွက် ဥဂ္ဂဟိတဒုက္ကဋ်၊ ထိုအဆီအစေးကို အာမိသနှင့် ရော၍ စားမိပြန်သော် အကပ်မခံဘဲ စားရာရောက်သောကြောင့် ဒန္တပေါဏသိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ် သင့်မည်ကိုလည်း သတိပြု။

လူသာမဏေတို့အား စွန့်ပေးခြင်း မရှိသော အမြဲသုံးနေသော လဘက်ရည်ကရား ဓာတ်ဗူးစသည်တို့၌ နေ့စဉ် အာမိသကင်းအောင် ဆေးခြင်းငှာ ခဲယဉ်းသည်ဖြစ်၍ သတိထားသင့်သည်။အငေါက်ကလေးပါသော လဘက်ရည်ကရားအိုးဖြင့် လဘက်ရည် ထည့်သောက်ခြင်းကို ဝိနယဂရုက ဆရာတော်ကြီးများ သံသယရှိတော်မူကြသည်။ ရှိလည်း ရှိသင့်ပေသည်။ ဒကာ ဒကာမများ၏ ပစ္စည်းဖြစ်သော လဘက်ရည်ကရား စသည်တို့၌မူကား သံသယ မရှိသင့်။

နောက်နေ့ ပြန်ကပ်သော ခဲဖွယ်ဘောဇဉ်များ

လူ, သာမဏေတို့အား ငဲ့ကွက်ခြင်းမရှိ စွန့်ပေးပြီးသား ခဲဖွယ်, ဘောဇဉ်များကို နောက်တစ်နေ့ လူ, သာမဏေများက ပြန်ကပ်၍ စားအံ့၊ အပ်၏၊ အာပတ်မသင့်။ သာမဏေတို့ထံမှ တောင်း၍ အကျွမ်းတဝင်ယူ၍ အကပ်ခံစားသော်လည်း အပြစ်မရှိ၊ စားကောင်းသည်ဟု သိ။

ကာလိကလေးပါး ရောနှောစားရာ၌ သိရန်

ယနေ့ အကပ်ခံအပ်သော ခဲဖွယ် ဘောဇဉ် ယာဝကာလိကနှင့် ယနေ့ အကပ်ခံအပ်သော ဖျော်ရည်, ထောပတ်, ဆေးမြစ်စသော ကြွင်းကာလိက သုံးပါး ရောစားလျှင် နံနက်ခင်း၌သာ အပ်သည်။ မွန်းလွဲသည်မှ စ၍ ထောပတ်, ဆေးမြစ်တို့လည်း မအပ်တော့။

ရှေးနေ့က အကပ်ခံထားအပ်သော ထောပတ်စသော သတ္တာဟကာလိက, ဆားစသော ယာဝဇီဝိကတို့နှင့် ယနေ့မှ အကပ်ခံအပ်သော ဆွမ်း, ဆွမ်းဟင်း, မုန့်, ငါးစသည်တို့ ရောနှောလျှင် မအပ်၊ မစားကောင်း၊ ရှေးနေ့က အကပ်ခံထားသော ဆီ, ဆား, ပျားရည်စသည်တို့ကို ယနေ့မှ ကပ်သော ဆွမ်း, ဘောဇဉ်, ဖျော်ရည်တို့နှင့် ရော၍ထည့်မသောက်ကောင်း ထည့်မစားကောင်းသည်ကို သတိပြုပါ။

သတ္တာဟကာလိကနှင့် ယာဝဇီဝိကတို့ ရောရာ၌ သိရန်

သတ္တာဟကာလိကနှင့် ယာဝဇီဝိကတို့ ရောစားမူ စားကောင်းသည်။ သို့သော် ယနေ့ အကပ်ခံအပ်သော ထောပတ်စသည်နှင့် ရှေးရှေးနေ့က ဖြစ်စေ, ယနေ့ဖြစ်စေ အကပ်ခံအပ်သော ဆားစသည်နှင့် ရောမူ (၇)ရက်သာ အပ်သည်။ နှစ်ရက်လွန်မှ ရောလျှင် ခြောက်ရက်၊ သုံးရက်လွန်မှ ရောလျှင် ငါးရက်သာ အပ်သည်။ ဤသို့ စသည်ဖြင့် သတ္တာဟကာလိက ရက်အပိုင်းအခြားရှိသလောက်သာ အပ်သည်။ ကာလိကချင်း ရောရာ၌ ရက်တိုကာလိကသဘောကို ရက်ရှည်ကာလိကက အမြဲလိုက်ရသည်။

(ဆောင်) ကာလိက လေးဖြာ၊ ရောနှောရာဝယ်၊ သတ္တာဟနှင်၊့ ယာဝဇီဝီ၊ ရှေးနေ့ ဆီက၊ ကပ်ပြီးမှကို၊ ယာဝ, ယာမံ၊ ယနေ့ခံနှင့်၊ ရောပြန်သော်လည်း၊ မအပ်ချည်းသာ၊ တစ်နည်းမှာမူ၊ ယာဝဇီဝံ၊ ရှေးနေ့ခံနှင့်၊ ခုခံသတ္တာဟ၊ ရောတုံကလျှင်၊ သတ္တာဟသက်၊ ခုနစ်ရက်ဟု၊ အခွင့်ပြုသည်၊ မှတ်ရှု နောင်လာ အချုပ်တည်း။ (ပါတိမောက်ဘာသာဋီကာ၊၂၈၇။)

ဖျော်ရည်နှင့် ဆေးများ ရောရာ၌ သက်တမ်း

ယာဝကာလိက အသီးရည်, ပဲအမျိုးမျိုးအရည်, စပါးခုနစ်မျိုးအရည်များ, ဂေါရသသုံးမျိုး ရောစပ်ပါဝင်သော ဖျော်ရည်များသည် မနက်ခင်း မွန်းမတည့်မီသာ သောက်ကောင်းသည်။ သကြား, ပျားရည်, ငါးကြီးဆီစသော သတ္တာဟ ကာလိကပါဝင်သော အမြစ်, အဥ, အခေါက်စသည်တို့ ပြုထားသော ယာဝဇီဝိကဆေးများသည် (၇)ရက်သာ သိုမှီးသိမ်းဆည်းကောင်းသည်ကို သတိပြုပါ။ သို့ရာတွင် မြတ်စွာဘုရားသည် ဘေသဇ္ဇခန္ဓက၌ မာအောင်, ခဲအောင်, လုံးဖွဲ့လို့ရအောင်ထည့်သော မုန့်ညက်များပါဝင်သော ဆေးများကို ခွင့်ပြုချက် ရှိသောကြောင့် မာအောင်, လုံး၍ရအောင်, ခဲအောင် ထည့်သွင်းလျှင် အဗ္ဗောဟာရိက မပြောပလောက်အောင်မျှ ပါဝင်ခဲ့မူ အပ်ဖွယ်ရှိသည်။ အချိုးကျထည့်၍ ဆေးဖော်လျှင်မူကား ကာလိကအရောနှောအတိုင်းပင် သတ်မှတ်၍ သုံးဆောင်သင့်သည်။ ကာလိကသတ်မှတ်ချက် လွန်မူ အာပတ်သင့်မည် ဖြစ်သည်။

သန္နိဓိအာပတ်သင့်ပုံများ

သန္နိဓိဖြစ်သော အကပ္ပိယအသားတို့တွင် လူသားကို စားအံ့၊ ထုလ္လစ္စဉ်းနှင့် ပါစိတ်၊ ကြွင်းသော အသားကြီး ကိုးပါးကို စားအံ့၊ ဒုက္ကဋ်နှင့် ပါစိတ်၊ သန္နိဓိဖြစ်သော ယာမကာလိကကို အကြောင်းရှိ၍ စားအံ့ ပါစိတ်၊ အာဟာရ အကျိုးငှာ စားအံ့၊ ဒုက္ကဋ်နှင့် ပါစိတ်၊ ပဝါရိတ်သင့်၍ အတိရိတ်ဝိနည်းကံ မပြုဘဲ သန္နိဓိဖြစ်သော အပ်သောဘောဇဉ်ကို စားအံ့၊ ပါစိတ်နှစ်ချက်၊ လူသား ဖြစ်အံ့ ထုလ္လစ္စဉ်းနှင့် ပါစိတ်နှစ်ချက်၊ ကြွင်းသော အသားကြီးကိုးပါးကို စားအံ့၊ ဒုက္ကဋ်နှင့် ပါစိတ်နှစ်ချက်၊ ယာမကာလိကကို အကြောင်းရှိ၍ အာမိသနှင့်တကွ သောက်အံ့၊ ပါစိတ်နှစ်ချက်၊ အာမိသကင်း၍ သောက်အ၊ံ့ ပါစိတ် တစ်ချက်၊ အာဟာရအကျိုးငှာ သောက်အံ့၊ ဝိကပ်နှစ်ခုပေါင်း၌ ဒုက္ကဋ် တစ်ချက်စီ တိုး၏၊ နေလွဲသောအခါ အပ်သော သန္နိဓိဘောဇဉ်ကို စားအံ့၊ ပါစိတ် နှစ်ချက်၊ အကပ္ပိယအသားဖြစ်အံ့၊ ဒုက္ကဋ်နှင့် ထုလ္လစ္စဉ်း တိုး၏၊ ဘိက္ခုနီတို့၏ သန္နိဓိဘောဇဉ်ကို ရဟန်းများ စားကောင်းသည်။ ဘိက္ခုသန္နိဓိ၌လည်း နည်းတူ စားကောင်းသည်။

သန္နိဓိကာရက၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ မသိုမှီးသည်၌ မသိုမှီးဟု အမှတ်ရှိသော ရဟန်းအား အာပတ်မသင့်၊ ယာဝကာလိက စသည်တို့ကို သိုမှီး၍ မွန်းမတည့်မီ, အရုဏ်မတက်မီ, (၇)ရက်မလွန်မီ မိမိကာလကို မလွန်စေဘဲ စားသောရဟန်း ယာဝဇီဝိကကို အကြောင်းရှိ၍ စားသော ရဟန်းကို အာပတ်မသင့်။

၉။ ပဏီတဘောဇဉ် သိက္ခာပုဒ်

ပဏီတေဟိ သံသဋ္ဌာနိ ဘောဇနာနိ ပဏီတဘောဇနာနိ။ (သံသဋ္ဌာနိ ပုဒ်ကျေသော မဇ္ဈေလောပီတပ္ပုရိသ်၊)

မွန်မြတ်ကုန်သော ထောပတ်, ဆီဦး စသော ကိုးပါးတို့နှင့် ရောနှော သော စပါးမျိုး ခုနစ်ပါးမှ ဖြစ်ကုန်သော ဘောဇဉ်တို့တည်း။ ထောပတ်စသည်နှင့် ရောအပ်သော ထောပတ်ထမင်း, ဆီဦးထမင်း, နို့ထမင်း စသည် များကို ပဏီတဘောဇဉ် ခေါ်သည်။

(ဆောင်) ထောပတ်စ ရော၊ ငါးပါး ဘော၊ မှတ်လော ပဏီတဘောဇဉ်တည်း။

ထောပတ်စသော ကိုးမျိုးတို့သည် ပဏီတဘောဇဉ် မဟုတ်သေးသည်ကို သိပါ။ ပဏီတဘောဇဉ်များကို ဂိလာနမဟုတ်ဘဲ ဉာတိပဝါရိတ မဟုတ်သူထံ “ထောပတ်နှင့် ဆွမ်း လှူလော” စသည်ဖြင့် တောင်းစားလျှင် ပါစိတ်အာပတ် သင့်၏၊ ဂိလာနဖြစ်လျှင်ကား ထိုပဏီတဘောဇဉ်များကို ဉာတိပဝါရိတ မဟုတ်သူထံမှပင် တောင်းစားကောင်း၏၊ သို့သော် ထိုထောပတ်စသည်က ရောဂါနှင့် စပ်၍ ဓာတ်စာကျမှ တောင်းစားကောင်း၏၊

သိက္ခာပုဒ် (၃) ပါးနှင့် တွဲ၍ မှတ်ရန်

ဂိလာနမဟုတ်သူသည် ထမင်းနှင့်ရောလျက် မဟုတ်ဘဲ ထောပတ် စသော ငါးပါးတို့ကို ဆေးအတွက် တောင်းလျှင် အစေလကဝဂ် မဟာနာမသတ္တမ သိက္ခာပုဒ်အရ ပါစိတ်၊ ငါးစသော လေးမျိုးကို တောင်းလျှင် လည်းကောင်း, ထောပတ် စသည်ကို ဆေးအတွက် မဟုတ်ဘဲ သက်သက်စားလို၍ တောင်းစားလျှင်လည်းကောင်း သေခိယသူပေါဒနဝိညတ္တိသိက္ခာပုဒ်အရ ဒုက္ကဋ်၊ ထောပတ်စသည်နှင့် ရောသော ပဏီတဘောဇဉ်ကို ဂိလာန မဟုတ်ဘဲ တောင်းစားအံ့၊ ဤသိက္ခာပုဒ်ဖြင့် ပါစိတ်။

(ဆောင်) ထောပတ် စသား၊ ဆေးကျိုးအား၊ တောင်းစား မဟာနာမ်။

မစ္ဆာဒိနိ စတ္တာရိနှင့်၊ ထောပတ် စသား၊ သက်သက်များ၊ တောင်းစား သူပေါဒန်။ ပဏီတဘောဇဉ်၊ တောင်းစားပြန်၊ သင့်ရန် ဤသိက္ခံ။

ပဏီတ (၉) မျိုး

၁။ သပ္ပိ -- သပ္ပတိ ပဝတ္တတီတိ သပ္ပိ၊ အရသာရှိသည်၏ အဖြစ်ဖြင့် ဖြစ်တတ်သောကြောင့် သပ္ပိ ခေါ်သည်။ လူနို့မှ စ၍ဖြစ်သော ထောပတ်မှ စ၍ အလုံးစုံသော နို့မှဖြစ်သော ထောပတ်ကား စားကောင်းသည်။ အန္ဓကအဋ္ဌကထာကား လူနို့မှဖြစ်သော ထောပတ် မအပ်ဟု ပယ်၏၊ အလုံးစုံသော အဋ္ဌကထာတို့၌ ခွင့်ပြုထားခြင်းကြောင့် မကောင်းသော ပယ်ခြင်းဖြစ်သည်ဟု အဋ္ဌကထာကြီး ဆို၏၊

၂။ နဝနီတ -- နဝ = အသစ်၊ နီတ = ထုတ်ယူအပ်သော အဆီ၊ နို့ရည်ကို ထောပတ်ဖြစ်အောင် ချက်ရာ၌ ထောပတ်မဖြစ်မီ အထက်သို့ နို့အဆီအခဲများ တက်လာ၏၊ ထိုအဆီဦးကို ပါဠိလို နဝနီတဟု ခေါ်သည်။ ၎င်းကို ထောပေးဟုလည်းကောင်း, မသကာဟုလည်းကောင်း ခေါ်သေး၏၊ မဆကာ ဟူသော ပါရယှီဘာသာမှ ပြောင်းလာသော စကားဖြစ်သတတ်။

၃။ တေလံ -- တိလဿ ဣဒံ တေလံ၊ နှမ်း၏ဥစ္စာဖြစ်သော ဆီ, သစ်မည်စည်စေ့ဆီ၊ လူဆီမှ တစ်ပါးသော ဝံဆီ, ငါးဆီ, လင်းပိုင်ဆီ (လပိုင်)ဆီ, ဝက်ဆီ, မြည်းဆီ၊ ဝသာတေလ = သားဆီတို့ ပါဝင်သည်။ မြေပဲဆီလည်း နှမ်းဆီနှင့် အလားတူ ယူသင့်သည်။ ငါးကြီးဆီကို ဆေးအဖြစ် အားနည်းသူများ ရေနွေးနှင့် သောက်လျှင် သင့်မြတ်သည်။

၄။ မဓု -- မညတိ ဉာယတီတိ မဓု၊ ဤဝတ္ထုကား ပျားရည်ဟု သိအပ်သောကြောင့် ပျားငယ်, ပျားကြီး (၂)မျိုးသည် ရအပ်သော ပျားရည်တည်း။ “မက္ခိကမဓုမေဝါတိ ခုဒ္ဒကဘမရ မဓု ကရီဟိ တီဟိ မက္ခိကာဟိ ကတံ မဓုမေဝ”ဟူသော ကင်္ခါဋီကာသစ်နှင့်အညီဆိုမူ ပျားသုံးမျိုးဟု ဆိုထိုက်သည်။ သာရတ္ထ၌ ၎င်းကို ကေစိဝါဒဟု ဆို၏၊

၅။ ဖာဏိတ -- ဖာဏိတံ နာမ = ဖာဏိတ မည်သည်။ ဥစ္ဆုမှာ = ကြံမှ၊ နိဗ္ဗတ္တံ = ဖြစ်သော ဝတ္ထုတည်း - ဆိုသည်နှင့်အညီ အဖတ် မပါအောင် စစ်ပြီးသော ကြံရည်မှစ၍ ကြံနှင့်ဆိုင်သမျှ အားလုံးကို ဖာဏိတဟု ဆိုသည်။ ဤဆေးတို့ကား သတ္တာဟကာလိကဖြစ်၍ နိဿဂ္ဂိယဖြစ်ကောင်းသော တင်လဲသည် ကြံမှဖြစ်သော တင်လဲဟု ယူသင့်သည်။ သရက်, ပိန္နဲ, ငှက်ပျော စသော ယာဝကာလိကဝတ္ထုတို့ဖြင့် ပြုအပ်သော တင်လဲကား ယာဝကာလိကသာ၊ ငြုတ်မှည့်စသော ယာဝဇီဝိကဝတ္ထုတို့ဖြင့် ပြုအပ်သော တင်လဲကား ယာဝဇီဝိကဟု သိ၊ ကြံရည်သည် ရေနှင့် ရောသည်ဖြစ်စေ, မရောသည် ဖြစ်စေ သတ္တာဟကာလိက ဖြစ်၏၊ ထန်းရည်ကိုလည်း ကြံရည်အားလျော်သည်ဟု ယူကြ၏၊

၎င်းကြံရည်, ထန်းရည်, ထန်းလျက်ရည်, သကြား, သံပုရာရည်စသော ယာဝဇီဝိက အသီးရည်များရောစပ်၍ ပြုလုပ်သော (ဘိလပ်ရည်) စသည်များကား သတ္တာဟကာလိကတို့တည်း။ ကာလိကလေးပါး ပြန်ကြည့်ပါ။

၆။ မစ္ဆ -- မရတီတိ မစ္ဆော၊ ကုန်းပေါ်၌ ထားကာမျှ သေတတ်သောကြောင့် ငါးကို မစ္ဆဟု ခေါ်သည်။ (တစ်နည်း) မရီယတီတိ မစ္ဆော၊ တံငါ စသည်တို့သည် သတ်အပ်သောကြောင့်လည်း ငါးကို မစ္ဆခေါ်သည်။ အလုံးစုံသောရေ၌ ပေါက်ဖွားသော သတ္တဝါတို့ကို ယူပါ။

၇။ မံသ -- မသီယတေ အာမသီယတေတိ မံသံ၊ သုံးသပ်အပ်သောကြောင့် အသားကို မံသဟု ခေါ်သည်။ ဤ မံသသဒ္ဒါဖြင့် အပ်သော ကုန်းသတ္တဝါအသား အားလုံးကို ယူ။

၈။ ခီရ -- ဘေသဇ္ဇသိက္ခာပုဒ်၌ အပ်မအပ်သော နို့ရည်အားလုံးကို ထောပတ်ပြုရာ၌ ယူရသကဲ့သို့ မဟုတ်မူ၍ အပ်သော အသားရှိသော သတ္တဝါတို့၏ နို့ရည်ကိုသာ ယူပါ။

၉။ ဒဓိ -- မီးဖြင့် ပူအောင်ချက်၍ အလွန်ပျစ်သော မချဉ်သေးသော နို့ကိုလည်းကောင်း, တစ်ညဉ့်လောက်ကြာလျှင် အတော်ချဉ်သော နို့ပျစ်ကို လည်းကောင်း ဒဓိဟု ခေါ်သည်။

ပဏီတကိုးပါး, ဘောဇဉ်ငါးပါး ပဏီတဘောဇဉ် (၉ ၅ = ၄၅) လေးဆယ့်ငါးပါးဟု ပွားယူသင့်ပေသည်။

အာပတ်သင့်ပုံများ

အဂိလာန၌ တိကပါစိတ်၊ ဂိလာန၌ ဒုကဒုက္ကဋ်၊ ဂိလာန၌ ဂိလာနမှတ်သောရဟန်း အာပတ်မသင့်၊ နာသောအခါ တောင်းထား၍ မနာသောအခါ စားသောရဟန်း, ဂိလာန၏ အကြွင်းအကျန် စားသောရဟန်း, ဉာတကပဝါရိတတို့ထံ တောင်းစားသောရဟန်း, သူတစ်ပါးအကျိုးငှာ တောင်းသော ရဟန်း, မိမိဥစ္စာဖြင့် ဝယ်သောရဟန်း, ဥမ္မတ္တကရဟန်းတို့အား အာပတ် မသင့်။

၁၀။ ဒန္တပေါဏသိက္ခာပုဒ် အဓိပ္ပာယ်

န ဒိန္နန္တိ အဒိန္နံ - ဝိနည်းပရိယာယ်အားဖြင့် ရဟန်းမှ တစ်ပါးသော သူတို့သည် မပေးမကပ်အပ်သော ကာလိကလေးပါးဟု ဆိုအပ်သော စားသောက်ဖွယ် အာဟာရကို ဤ၌ အဒိန္နဟု ဆို၏၊

ပါရာဇိကလာ အဒိန္နာဒါန သိက္ခာပုဒ်၌ ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော ဥစ္စာကို အဒိန္နဟု ဆိုသည်။ ဤ၌ ရဟန်းသည် မိမိပိုင်ဥစ္စာပင် ဖြစ်စေကာမူ အကပ်မခံရသေးသော ဥစ္စာကို အဒိန္နဟု ဆိုသည်။ အကပ်မခံ ရသေးသော ဝတ္ထုဖြစ်အံ့ မစားကောင်း၊ အကပ်ခံပြီးသော ဝတ္ထုဖြစ်သော်ကား သူတစ်ပါးဥစ္စာပင် ဖြစ်စေကာမူ စားကောင်းသည်ဟု သိ။

(ဆောင်) အကပ်မခံ၊ ကာလိကံ၊ ယူရန် အဒိန္နံ။
အကပ်ခံပြု၊ ယင်းဝတ္ထု၊ ယူမှု ဤသိက္ခံ။ (မေဒိနီ၊၃၄။)

အကပ်မြောက်အင်္ဂါ (၅) ပါး

၁။ ကပ်မည့်သူက ရှေးရှုဆောင်ခြင်း၊
၂။ အကပ်ခံမည့် ရဟန်း၏ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ရောက်ခြင်း၊
၃။ အားအလတ်စားရှိသူ မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း၊
၄။ ကိုယ်ဖြင့်ဖြစ်စေ, ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်စသည်ဖြင့် ဖြစ်စေ, ပစ်၍ဖြစ်စေ ဤသုံးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ကပ်သူက ပေးခြင်း၊
၅။ ကိုယ်ဖြင့်ဖြစ်စေ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်, တုတ် စသည်ဖြင့် ခံ၍ ထိ၍ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ယူခြင်း ဤအင်္ဂါငါးပါးစုံမှ အကပ်မြောက်သည်။

(ဆောင်) ရှေးရှုလည်းဆောင်၊ နှစ်တောင်ထွာရောက်၊ မြှောက်နိုင်ဝတ္ထု၊ သုံးခု ပေးခြင်း၊ ခံခြင်း နှစ်လှောက်၊ ကပ်ခံမြောက်၊ မှတ်လောက် အင်္ဂါ ငါးပါးတည်း။

ရှေးရှုလည်းဆောင် - လက်ဖြင့် ရှေ့တိုးပေးမှ ရှေးရှုဆောင်ရာ ရောက်သည် မဟုတ်သေး ဦးခေါင်းပေါ်၌ ရွက်ထားသော စားဖွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်၏၊ အားအလယ်အလတ် ရှိသူ ကြွမြှောက်နိုင်သော ယာဂုအိုး ဆွမ်းအိုးကြီးကို ရှင်ငယ်ကလေးက မကြွနိုင်၍ မြေပေါ်၌ လှိမ့်လျက် လျှောလျက် ကပ်ရာ၌ လည်း ရဟန်းက ထိရုံထိ၍ အကပ်ခံနိုင်သည်။

(မှတ်ချက်) ဤစကားအရ ယခုကာလ တစ်ယောက်တည်း ချီမ, နိုင်သော စားပွဲကို ဟင်းဖိတ်မည်စိုး၍ နှစ်ယောက် သုံးယောက်ကိုင်လျက် ကပ်ခြင်း စားပွဲအခင်းကို ကြမ်းပြင်မှာ ထိနေလျက် ကပ်ခြင်း စသည်တို့၌ နှစ်တောင်ထွာအတွင်းက ကပ်လျှင် အကပ်မြောက်သည်ချည်း မှတ်။

ဟတ္ထ = လက်၊ ပါသ = ကျော့ကွင်း၊ လက်တစ်ကွင်း, လက်တစ်လှမ်း။ နှစ်တောင့်ထွာ ဟတ္ထပါသ်တိုင်းရာ၌ ရှေ့ကလာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် တင်ပါး၏ နောက်ဘက်အစွန်းဖြင့်, ရပ်နေလျှင် ဖနောက်စွန်းဖြင့်, စောင်းလျက် လှဲနေလျှင် စောင်းသော နံပါး၏ ပြင်ဘက်စွန်းဖြင့်, ဝမ်းလျားမှောက်နေရာ ဦးခေါင်းနား လာ၍ ကပ်လျှင် ဦးခေါင်းစွန်း၏ အနီးဆုံးဖြစ် သော လည်ပင်းဖြင့်, ဤသို့လျှင် လှမ်းယူသော လက်မှတစ်ပါး အခြားသော အနီးဆုံးအင်္ဂါ၏ ဤဘက်အစွန်းဖြင့် တိုင်းတာရမည်။ (စားပွဲကြီး အလယ်က ခြား၍ အကပ်ခံကြရာ၌ အနီးဆုံးအင်္ဂါချင်း ဟတ္ထပါသ်ကို သတိပြုကြရာသည်။

သုံးခု ပေးခြင်း - ကာယ = ကိုယ်အင်္ဂါဖြင့် ပေးခြင်း၊ ကာယပဋိဗဒ္ဓ = ကိုယ်နှင့် စပ်လျက်ရှိသော ဇွန်း, ယောက်ချို, ယောက်မ, ပန်းကန်, ခွက် စသည်တို့ဖြင့် ပေးခြင်း၊ နိဿဂ္ဂိယ = နှစ်တောင်ထွာအတွင်းမှ စွန့်ပစ်ခြင်း, ပစ်ပေးခြင်း, လောင်းထည့်ခြင်း စသည်ဖြင့် ပေးခြင်းသုံးမျိုးတည်း။

ခံခြင်း နှစ်လှောက် - ကာယ = အကပ်ခံသော ရဟန်း၏ လက်, ခြေ, ဦးခေါင်း, နှာခေါင်း, ပါးစပ် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုဖြင့် ခံယူခြင်း၊ ကာယပဋိဗဒ္ဓ = ကိုယ်နှင့်စပ်သော သပိတ်, ခွက်, တုတ်, စက္ကူ, ဖက်ရွက် စသည့် အကြီးဆုံးပမာဏအားဖြင့် အားအလယ်အလတ်ရှိသူ မြှောက်နိုင်သော ညောင်စောင်းမှ အယုတ်ဆုံး သစ်ပင်မှ လွတ်ပြီးသော သစ်ရွက်ဖြင့် ခံယူခြင်း။

မုခဒွါရံ အာဟာရံ - ခံတွင်းဝ-ဟူသည် ပါးစပ်ပေါက်ကို ဆိုလိုသည် မဟုတ်၊ အောက်ပိုင်း အဝဖြစ်သော လည်ချောင်းပေါက်တည်း။ မုခတော = ခံတွင်းမှ၊ ဟေဋ္ဌာ = အောက်ဖြစ်သော၊ ဒွါရံ = အပေါက်တည်း။ ထို့ကြောင့် အာဟာရကို ပါးစပ်ကဖြစ်စေ, နှာခေါင်းပေါက်ကဖြစ်စေ ပိုက်ဖြင့် သွင်းကြ မျိုကြရာ၌ လည်ချောင်းပေါက်၏ အတွင်းသို့ ရောက်လျှင် မျိုရာရောက် တော့၏၊

(မှတ်ချက်) ကွမ်းဝါး, ဆေးငုံပြုကြရာ၌ လည်ချောင်းထဲ မရောက်ခင် ပါးစပ် အတွင်း၌ ငုံရုံငုံပြီး အရည်တစ်စက်မျှ လည်ချောင်းအတွင်းသို့ မဝင်စေဘဲ ထွေးပြစ်နိုင်လျှင် အကပ်မခံသော်လည်း အပြစ်မရှိ။ ထိုကဲ့သို့ ပြုနိုင်လျှင် ညနေဘက်မှာလည်း ဝိကာလဘောဇနအပြစ် မရှိ။ ညနေပိုင်း ကွမ်းဝါးသူတို့ သတိထားသင့်ပေသည်။ သို့ရာတွင် ကွမ်းဖတ်များ သွားကြား၌ ကပ်နေရာ တခြားအစား အစာများနှင့် ရောသွားလျှင် မုခသန္နိဓိအပြစ်, အကပ်မခံအပြစ်, ဝိကာလဘောဇနအပြစ်များကား လွတ်ဖွယ်ရာ မရှိ။

အဏုမြူ (၄) မျိုး

အာဟာရ-အရ ယာဝကာလိက စသော ကာလိက (၄)ပါးကို အာဟာရ ဟု ဆိုသည်။ ထိုအာဟာရကို အကပ်ခံရာ၌ ရထရေဏုမြူသည် အကပ်ခံနိုင် သော, အကပ်ခံရမည်ဖြစ်သော အသေးဆုံး အာဟာရတည်း။ အကပ်ခံပြီး သော အာဟာရပေါ်သို့ ရထရေဏုမြူ ကျလျှင် အကပ်ပျက်တော့သည်။ လှည်း, ရထား, ကားစသည်တို့ သွားသောအခါ ထလာသော ပကတိမျက်စိဖြင့် မြင်ရသော မြူမှုန်ကို ရထရေဏုမြူဟု ခေါ်၏၊ တံမြက်စည်းလှည်း၍, လေတိုက်၍, လူများ လမ်းလျှောက်သွား၍, အဝတ်များ ခါတွက်၍ ထလာ သော မြူများလည်း ရထရေဏုမြူပင် ဖြစ်သည်။ ရထရေဏုမြူသည် အကပ်ခံလောက်သော အာဟာရတွင် ပါဝင်ရကား ဆွမ်းခံတုန်းဖြစ်စေ, ဆွမ်းစားတုန်းဖြစ်စေ သပိတ်, ခွက်အတွင်းသို့ ထိုမြူမှုန်များ ကျလာလျှင် ထိုကျသည့် နေရာကို သိ၍ မြူကပ်နေသော ဆွမ်းကို ယူပစ်နိုင်က ယူပစ်ရ မည်။ သို့မဟုတ် ထပ်၍ အကပ်ခံသော်လည်း ခံရမည်။ ယူ၍လည်း မပစ်, ထပ်၍လည်း အကပ်မခံဘဲ ဆက်လက်၍ ဆွမ်းခံကြွသွားလျှင် ဝိနယဒုက္ကဋ် ခေါ် ဒုက္ကဋ်အာပတ်သင့်၏၊ ဆက်၍ ဆွမ်းစားလျှင် ထိုရထရေဏုမြူကို စားမိက ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏၊

ထိုရထရေဏုမြူ၏ ၃၆-စိတ် ၁-စိတ် ရှိသော, နံရံပေါက်မှ ဝင်လာသော နေရောင်ဖြင့်သာ မြင်နိုင်သော မြူကို တဇ္ဇာရီမြူဟု ခေါ်၏၊ ထိုတဇ္ဇာရီမြူ ၏ ၃၆-စိတ် ၁-စိတ် ပမာဏရှိသော မြူကို အဏုမြူဟု ခေါ်၏၊ ထိုအဏုမြူ၏ ၃၆-စိတ် ၁-စိတ် ရှိသော မြူမှုန်မှာ ပရမာဏုမြူ ဖြစ်၏၊ အဏုမြူနှင့် ပရမာဏုမြူတို့မှာ အကပ်မပျက်နိုင်။ ထိုမြူမှုန် (ဖုံ) လေးမျိုးတို့ကို ယာဝဇီဝိက အာဟာရတွင် ပါဝင်သည်ဟု မှတ်ပါ။

ဆတ္တိံသပရမာဏူန၊မေကောဏု စ ဆတ္တိံသ တေ၊
တဇ္ဇာရီ တာပိ ဆတ္တိံသ၊ ရထရေဏု ဆတ္တိံသ တေ၊ (အဘိဓာန်)

အညတြ ဥဒကဒန္တပေါဏာ

ဥဒက-ရေဟူသည် ရထရေဏုမြူပမာဏရှိသော မြူမှုန်မပါသည့် သန့်ရှင်းကြည်လင်သော ရေတည်း။ ထိုသန့်ရှင်း ကြည်လင်သော ရေသည် ကာလိက (၄)ပါးမှ အလွတ်ဖြစ်၍ အကပ်မခံဘဲ သောက်ကောင်း၏၊ ကိုယ် တိုင်လည်း ကျိုချက်ကောင်း၏၊ ရထရေဏုမြူမှုန်များပါသော ရေကား မြူမှုန် အတွက် အကပ်မခံဘဲ မသောက်ရ။ သို့ဖြစ်၍ ဝိနည်းဂရုပြုသော ပုဂ္ဂိုလ်များ သည် အကပ်မခံအပ်သော ရေကို ကြည်နေသော်လည်း အမြဲစစ်၍ သောက် လေ့ ရှိကြသည်။ အောက်ထစ်ဆုံး ယူဇနာဝက်ရှည်သောခရီးကို သွားသော ရဟန်းသည် ရေစစ်ယူ၍ ကြွရမည်ဟု ဘုရားရှင် ပညတ်တော်မူချက် ရှိပေ သည်။

ဒန်ပူစားရာ၌ အိန္ဒိယထုံးစံမှာ သွားဖြင့် ဝါး၍ ဒန်ပူရည်ထွက်လာအောင် စားလေ့ရှိ၏၊ ထိုဒန်ပူရည်သည် သွားကို စင်ကြယ်စေ၍ သွားပိုး မစားနိုင်ဟု ဆိုသည်။ ထိုသို့ ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်း မဝင်လျှင် အကပ်ခံဖွယ် မလိုသောကြောင့် အညတြ ဒန္တပေါဏာဟု အနုပညတ် မိန့်တော်မူသည်။ အကယ်၍ လည်ချောင်းအတွင်း ဒန်ပူရည်များ ဝင်အောင် ဒန်ပူဝါးလျှင်ကား အကပ်ခံမှသာ အပ်သည်။ အကပ်မခံလျှင်ဤ သိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်၏၊ မြတ်စွာဘုရားရှင်က ဒန်ပူအရှည်ဆုံးပမာဏကို ရှစ်လက်သစ် ခွင့်ပြုတော်မူပေသည်။

“အနုဇာနာမိ ဘိက္ခဝေ အဋ္ဌင်္ဂုလပရမံ ဒန္တကဋ္ဌံ။” (စူဠဝါပါဠိတော်၊၂၇၉၊၊)

အချုပ်မှာ အညတြ ဥဒကဒန္တပေါဏာဖြင့် အထူးမရ၊ ရေကြည်ကလည်း ကာလိကလေးပါးမှ အလွတ်ဖြစ်၍ နဂိုကပင် အပ်၏၊ ဒန်ပူလည်း လည် ချောင်းအတွင်းသို့ အရည်မဝင်အောင် ဝါးလျှင် ပင်ကိုကပင် အကပ်မခံဘဲ အပ်၏၊ အနုပညတ် ခွင့်ပြုတော်မူရခြင်းမှာ ဘုရားရှင်လက်ထက်တော်က ရဟန်းအချို့တို့သည် ရေနှင့် ဒန်ပူအတွက် သံသယဖြစ်ကြသောကြောင့် ဘုရားရှင်က ထပ်၍ ခြွင်းချက် ပြုတော်မူရသည်။

မှတ်သားဖွယ် ဗဟုသုတများ

ဆွမ်းခံသွားစဉ် သပိတ်၌ မြူမှုန်ပါသော အိမ်ခေါင်မိုး စသည်မှ ရေကျအံ့၊ တစ်ဖန် သပိတ်ကို အကပ်ခံ၍ ဆွမ်းခံရမည်။ (ဖားအောက်တောရ၌ ဆွမ်းခံ မကြွမီ သပိတ်ကို အမြဲ အကပ်ခံလေ့ ရှိ၏၊) အကပ်မခံဘဲ နောက်ထပ် ဆွမ်းခံအံ့၊ မြူမှုန်ကျမှန်းသိလျှင် ဝိနယဒုက္ကဋ်၊ သပိတ်ကို လက်၌ ကိုင်ထားစဉ် ကျသော မြူကို လက်မှ မလွတ်စေမူ၍ ကိုင်ထားရာ၌ အကပ်မပျက်သေးသောကြောင့် ထိုဆွမ်းကို တစ်ဖန် အကပ်ခံ၍ စားကောင်း၏၊ ဆွမ်းစားနေသောအခါ ကိုယ်အင်္ဂါဖြင့် ထိထားစဉ် မြူကျသော် လက်မှ မလွတ်စေမူ၍ ထိုထိုအရပ်သို့ ဆောင်ယူသွားကောင်းသည်။ လက်ကလွတ်ပြီးမှ တစ်ဖန် ပြန်၍ကိုင်မူ ဥဂ္ဂဟိတဖြစ်၍ တစ်ဖန် ပြန်ကပ်သော်လည်း မအပ်၊ သပိတ်၌ မြူစသည် ကျ၍ လူ သာမဏေတို့ကို တစ်ဖန် ပြန်ကပ်ခိုင်းသော်လည်း မကြား ၍ဖြစ်စေ, နားမထောင်ဘဲဖြစ်စေ ဆွမ်းလောင်းထည့်အံ့ ဝိနယဒုက္ကဋ် မသင့်၊ တစ်ဖန် အကပ်ခံ၍ နောက်ထပ် လောင်းသူ၏ ဆွမ်းကို ခံအပ်၏၊ လေကြီး တိုက်၍ မြူကျသောအခါ ဆွမ်းခံ၍ မဖြစ်အံ့၊ သာမဏေတို့အား ပေးတော့အံ့ ဟု နှလုံးပြု၍ သုဒ္ဓစိတ်ဖြင့် ဆွမ်းခံခြင်းငှာကား အပ်၏၊ ထိုဆွမ်းများကို သာမဏေတို့အား ပေးလိုက်၍ သာမဏေတို့က တစ်ဖန် ပြန်ပေးသော်လည်းကောင်း, ထိုသာမဏေနှင့် အကျွမ်းဝင်၍ အကပ်ခံ စားသော်လည်းကောင်း အပ်၏၊ သူတစ်ပါးအား ပေးအံ့ဟု စိတ်ဖြစ်ကာမျှဖြင့် ထိုဆွမ်းသည် သူတစ်ပါးဥစ္စာ မဖြစ်ခြင်းကြောင့်လည်းကောင်း, ဝိနယဒုက္ကဋ်မှ လွတ်စေခြင်းငှာ လည်းကောင်း ထိုဆွမ်းကို လူ သာမဏေအား မပေးဘဲ အကပ်ခံ၍ စားသော် အပ်၏၊

အသီးရှိသော သစ်ပင်ကို အခက်၌လည်းကောင်း, နွယ်၌လည်းကောင်း ကိုင်၍ လှုပ်အံ့၊ ထိုသစ်ပင်မှ ဖြစ်သော အသီးကို ထိုရဟန်း မစားကောင်း၊ ဒုရူပစိဏ္ဏဒုက္ကဋ်အာပတ် သင့်၏၊ အသီးရှိသော သစ်ပင်ကိုကား မှီကောင်း ကိုင်ကောင်းသည်။ အကပ်မခံရသေးသော ခဲဖွယ်ဘောဇဉ်ကို လူ, သာမဏေအား ပေးရန်မဟုတ်ဘဲ သက်သက် လက်ဆော့ခြေဆော့ သဘောဖြင့် ထိလျှင် (နေရာမှ မရွေ့စေဘဲ ကိုင်လျှင်) ဒုရူပစိဏ္ဏအာပတ် သင့်၏၊

ဥပမာ-သာမဏေ ဆွမ်းချက်နေရာ၌ ဆွမ်းအိုး, ဟင်းအိုးကို ဖွင့်ခြင်း စသည်နှင့် အကပ်မခံဘဲ ချထားသော သပိတ်, ဆွမ်းအုပ် စသည်၏ အဖုံးကို ဖွင့်ခြင်း စသည်များတည်း။ သစ်ပင်၌ တွဲလဲသီးနေ ပွင့်နေသော သစ်သီး, သစ်ရွက်, သစ်ပွင့်များ၊ အကပ်မခံရသေးသော ဆွမ်းအုပ်, သပိတ်, ဆွမ်းဟင်း, ပန်းကန် စသည်ကို ကိုင်ရုံထိရုံမျှ ကိုင်ထိလျှင် ဒုရူပစိဏ္ဏဒုက္ကဋ်၊ ကိုင်ရုံ ထိရုံမကဘဲ နေရာမှ ရွေ့လောက်အောင် မ, ကိုင်လျှင် (အနည်းငယ်မျှ နေရာ ရွေ့သွားလျှင် ) ဥဂ္ဂဟိတဒုက္ကဋ် သင့်၏၊

ထို့ပြင် လူ, သာမဏေတို့၏ ခွက်ထဲသို့ ရဟန်းက အကပ်ခံပြီးသော ဆွမ်းဟင်း, မုန့်စသည်ကို ထည့်ပေးရာ ဆွမ်းဟင်းလိုက်ရာတို့၌ လူ, သာမဏေတို့၏ ပန်းကန်, သပိတ်ထဲရှိ ရှိရင်းအစာကို ရဟန်းလက်နှင့် မထိအောင် မြှောက်၍ လွှတ်ချထည့်ပေးရမည်။ ဘာကြောင့်နည်း၊ လူ, သာမဏေတို့၏ အစာသည် ရဟန်း၏ လက်, ဇွန်း စသည်ကို ငြိကပ်၍ ပါလာလျှင် ထို အစာက အကပ်မခံရသေးသဖြင့် ကပ်ပြီးအစာနှင့် ရောမိက ကပ်ပြီးအစာပါ အကပ်ပျက်၍ ထပ်ကပ်ဖွယ် ရှိသောကြောင့်တည်း။ ဒုရူပစိဏ္ဏ (ဒု+ဥပစိဏ္ဏ) = မကောင်းသဖြင့် ပြုကျင့်မှု၊ ဥဂ္ဂဟိတ = ကြွချီမြှောက်ယူမှု။

ထိုဒုရူပစိဏ္ဏ ဖြစ်သော ဆွမ်းစသည်ကို ထိုထိကိုင်သော ရဟန်းတစ်ပါး သာ မအပ်၊ တခြား ရဟန်းများအတွက်ကား အပ်သေး၏၊။ ဥဂ္ဂဟိတဖြစ်သော ဆွမ်းစသည်ကိုကား ရဟန်းအားလုံးအားပင် မအပ်တော့ပေ၊ ဤသို့လျှင် ဝိနယဒုက္ကဋ်၊ ဒုရူပစိဏ္ဏဒုက္ကဋ်၊ ဥဂ္ဂဟိတဒုက္ကဋ်များ သိထားသင့်ပါသည်။

တံတွေး, မျက်ရည် စသည်များ

ခန္ဓာကိုယ်မှ ရွေ့လျောပြတ်ကျ၍ လက်၌လည်းကောင်း, သပိတ်၌လည်းကောင်း ကျလာသော တံတွေး, မျက်ရည်, ချွေး စသည်တို့ကို ဆေးအလို့ ငှာလည်းကောင်း အတွင်းစားမျိုးခြင်း ပြုလိုသော် အကပ်ခံအပ်၏၊ ပြုတ်ကျသွားသော တံတွေး, မျက်ရည်, ချွေးစသည်ကို အကြား၌ မဖမ်းယူအပ်၊ ဖမ်းယူသော် ဥဂ္ဂဟိတ ဖြစ်၍ အကပ်ပျက်တော့သည်။ အင်္ဂါကြီးငယ်၌ ကပ်ငြိလျက် တည်ရှိသော ချွဲ, သလိပ်, မျက်ရည်, ချွေး စသည်ကိုကား အကပ်ခံဖွယ် ကိစ္စ မရှိ။

ပြန်ကပ်ရသော အလေ့အထ မှတ်သားဖွယ်

ဆွမ်းအုပ်, ဆွမ်းပန်းကန်စသည်ကို လူ, သာမဏေတို့ ထိမိလျှင် ထပ်မံ အကပ်ခံလေ့ရှိကြ၏၊ အစားအစာများကို မထိမကိုင်မိလျှင် ထပ်မံကပ်ဖွယ် မလို၊ ထပ်မံကပ်ရခြင်းမှာ ထိရုံကိုင်ရုံဖြင့် အကပ်ပျက်သွား၍ ထပ်မံကပ်ရခြင်း မဟုတ်၊ လူ, သာမဏေတို့၏ လက်စသည်မှ မြူမှုန်များ ကပ်ငြိကျန်ရစ်နေ တတ်၍ ထိုမြူမှုန်အတွက် ထပ်မံ၍ ကပ်ရခြင်း ဖြစ်သည်။

ထို့ပြင် ဆွမ်းလုတ်ကို ပါးစပ်သို့ သွတ်သွင်းစဉ် ပါးစပ်တွင်းမှ ဆွမ်းလုံးများ သပိတ်ထဲသို့ ပြန်၍ ကျလျှင် ထပ်မံ အကပ်ခံလေ့ရှိကြ၏၊ သို့သော် ထိုပြန်ကျ လာသော ဆွမ်းလုံးသည် ပါးစပ်ထဲ၌ရှိသော တံတွေး, သွားရည်တို့နှင့် မလူးဘဲ ပြန်ကျလျှင် အကပ်မပျက်သေး၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထို သွားရည်အတွက် အကပ်ပျက်ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံး ပြန်ကျသည့်အခါ ထိုပြန်ကျလာသော သွားရည်လူးနေသည်ဟု ထင်သော ဆွမ်းလုံးကို ယူ၍ ဖယ်ထုတ်ပစ်လိုက်နိုင်လျှင်လည်း ထပ်မံ အကပ်ခံဖွယ် မလိုပေ။ သွားရည်လူးသော ဆွမ်းလုံးအတွက် အကပ်ပျက်ရသောကြောင့် ထိုပြန်ကျလာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံရခြင်း ဖြစ်သည်ဟု မှတ်ပါ။

ဆွမ်းစားခါနီး လက်ဆေးရန်

ဆွမ်း, အချိုပွဲ စားရာ၌ လက်မဆေးဘဲ စားလျှင် လက်၌ ရထရေဏုမြူမျှလောက် မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့် ထိမိရာ ခဲဖွယ်ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီး လက်ကို ဆေးရမည်။ ဆွမ်းစားပြီးနောက် အချိုပွဲစားခါနီး လက်ဆေးရမည်။ ညာလက် ကိုသာ ဆေး၍ ဘယ်လက်ကို မဆေးလျှင် ဘယ်လက်ဖြင့် စားဖွယ်များကို ကိုင်ရာ၌လည်း ဤနည်းအတိုင်းပင် အကပ်ပျက်၏၊ ထို့ကြောင့် ဘယ်ဘက် လက်ကို မဆေးမိလျှင် ထိုလက်ဖြင့် စားဖွယ်များကို မကိုင်မိအောင် သတိထားရမည်။

ဆေးပြီးလက်ဖြင့် သင်္ကန်း, နေကထိုင် စသည် မကိုင်သင့်ပုံ

အချို့ကား စားမည်ဟု လက်ဆေးပြီးမှ ထိုလက်ဖြင့် သင်္ကန်းကို သိမ်းကြ၏၊ ကိုင်ကြ၏၊ ထိုသို့ သိမ်းကြ ကိုင်ကြရာဝယ် သင်္ကန်း၌ ရထရေဏုမြူမှုန်ကို ကိုင်မိလျှင် လက်မဆေးသည်နှင့် အတူတူပင် ဖြစ်သည်။ တချို့ကား အချိုပွဲ လက်ဖက်စသည် စားစဉ် အကပ်မခံထားသော လက်သုတ်ပုဝါ သုတ်လိုက် အချိုပွဲ နှိုက်လိုက်နှင့် စားကြ၏၊ လက်သုတ်ပုဝါ၌ ရထရေဏုမြူမှုန် ပါလျှင် စားဖွယ်များလည်း အကပ်ပျက်လိမ့်မည်။ လက်သုတ်ပုဝါကိုလည်း အကပ်ခံပြီးမှ ကိုင်သင့်သည်။ ထို့ကြောင့် အစာစားမည်ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် အစာမှတစ်ပါး အခြားသင်္ကန်း, နေကထိုင်, လက်သုတ်ပုဝါ စသည်ကို မကိုင်မိစေဘဲ စားခြင်းကိစ္စပြီးမှသာ လက်ဆေး၍ လက်သုတ်ပုဝါကို သုတ်သင့်ပေသည်။

စားဖွယ်ယူ၍ ခရီးသွားရာ၌ မှတ်သားဖွယ်

ခရီးသွားစဉ် မိဘ, သာမဏေ စသည်များဖို့ အစားအစာ, သစ်မြစ်, သစ်သီး စသည်တို့ကို အကပ်မခံဘဲ ယူသွားကောင်း၏၊ မိမိဖို့ ရည်ရွယ်ချက် လုံးဝ မပါစေရ။ မိဘစသူအတွက်သာဟု မိမိ စိတ်ကို စင်ကြယ်စေနိုင်ခဲ့လျှင် ကိုယ်တိုင်ယူခဲ့သော အကပ်မခံရသေးသော ထိုအစားအစာ စသည်ကို ရောက်ရာအရပ်၌ အလိုရှိက အကပ်ခံ၍ စားကောင်း၏၊ အသီး, အရွက် နှင့်တကွသော သစ်ခက်ကို အရိပ်အလို့ငှာ ထီးလုပ်ယူဆောင်သွားစဉ် အလိုရှိသောအခါ ထိုသစ်သီးသစ်ရွက်ကို အကပ်ခံ၍ စားကောင်းသည်။

အကပ်ခံစဉ် မြေသို့ လွတ်ကျသွားခြင်း

တစ်စုံတစ်ခုကို ဒကာက ပေးကပ်သော် ရဟန်း၏ လက်မှ ပြုတ်ကျ၍ စင်ကြယ်သော မြေ, ကြမ်းပြင်စသည်၌ ကျအံ့၊ ကိုယ်တိုင် ကောက်ယူ၍ စားကောင်းသည်။ မြူစသည် ကပ်ညိအံ့၊ မြူ စသည်ကို သုတ်သင်၍ ဖြစ်စေ, တစ်ဖန် အကပ်ခံ၍ ဖြစ်စေ စားကောင်းသည်။ ရဟန်းတစ်ပါးအား ကပ်စဉ် လိမ့်၍ အခြားရဟန်းတစ်ပါးထံ ကျသွားအံ့၊ ထိုရဟန်းက ကောက်ယူ၍ မူလရဟန်းအား ပေးကောင်းသည်။ မူလရဟန်းက အရှင်ဘုရားစားတော့ဟု ဆိုလျှင် ထိုရဟန်း စားကောင်းသည်။ မူလရဟန်းက စားတော့ဟု မဆိုလျှင် မစားကောင်း။ ကပ်ခြင်းအကျိုးငှာ လာသောသူ၏ လက်မှ လျှောကျသော ဝတ္ထုကို ကောက်မစားလိုသေးသော် တစ်ခုခုဖြင့် ဖုံးအုပ်ထားပြီး နောက် တစ်နေ့၌ အကပ်ခံ၍ သုံးဆောင်သော် အပ်၏၊ အကပ်ခံရာမရောက်သေး သောကြောင့် သန္နိဓိ မဖြစ်။ အစားအစာများ လာလှူလျှင် အကပ်မခံ သေးဘဲ ထားလျှင် နောက်နေ့တိ့ု၌ အကပ်ခံပြီး စားကောင်းသည်။ ကပ္ပိယကုဋီ ဖြစ်ဖို့ကား လိုပေသည်။

ဓား, ဇွန်း စသည်၌ ကပ်နေသော သံချေးများ

ဓားငယ်ဖြင့် ကြံ, သရက်သီး စသည်ကို နွှာစိတ်သော် သံချေး ထင်အံ့၊ အသစ် သံချေးဖြစ်ရကား အကပ်ခံ၍ စားအပ်၏၊ ဓားငယ်ကို ဆေး၍ ခွဲသော် သံချေးကား မထင်၊ သံချေးနံ့သာ ထင်အံ့၊ အဗ္ဗောဟာရိကဖြစ်၍ အာပတ် မသင့်။

အကပ်ခံပျက်ကြောင်း (၆) ပါး

စွန့်, ချ, ပေး, လု၊ မစ္စု, လိင်ပြန်၊ ဤခြောက်တန်၊ ကပ်ခံ ပျက်ကြောင်းတည်း။

စွန့် = အကပ်ခံပြီးသော အစာကို မစားတော့အံ့ဟု အာလယပြတ် (ငဲ့ကွက်မှု မရှိဘဲ) စွန့်လိုက်ခြင်းကြောင့် အကပ်ပျက်၏၊ ထိုသို့ စွန့်ရာ၌ လက်က လွတ်မှ အကပ်ပျက်သည်။
ချ = သိက္ခာချလိုက်သောကြောင့်လည်း အကပ်ပျက်သည်။
ပေး = သူတစ်ပါးကို ပေးလိုက်ခြင်းကြောင့်လည်း အကပ်ပျက်သည်။ ဤသို့ ပေးရာ၌ လက်ကလွတ်မှ အကပ်ပျက်သည်။ နှုတ်က ပေးသော်လည်း လက်က မလွတ်သေးလျှင် အကပ်မပျက်။
လု = လူ, သာမဏေတို့က အတင်းလုယူသွားခြင်းကြောင့်လည်း အကပ် ပျက်၏၊
မစ္စု = သေဆုံးခြင်းကြောင့်လည်း အကပ်ပျက်၏၊
လိင်ပြန် = ဘိက္ခုအဖြစ်မှ ဘိက္ခုနီမအဖြစ်သို့, ဘိက္ခုနီမအဖြစ်မှ ဘိက္ခု အဖြစ်သို့ လိင်ပြောင်း လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်၏၊

ဤ အကပ်ပျက်ကြောင်းအင်္ဂါ၌ အာဟာရကို တစ်ပါးပိုင် အာဟာရဟု မှတ်။ နှစ်ပါးသုံးပါးစသည် အများဆိုင်သော စားဖွယ် တို့၌ တစ်ပါးက စွန့်ရုံနှင့် အကပ်မပျက်နိုင်။ ထို့ပြင် စွန့်မှ အကပ် ပျက်သည်ဟု ဆိုရကား လူ, သာမဏေ တို့ စားပွဲ, ပန်းကန် စသည်တို့ကို လာ၍ကိုင်ရာ၌ (ရဟန်းက လက်ဖြင့် ထိ, မထားစေကာမူ) အကပ်မပျက်။ အကပ်ခံပြီးသော သပိတ်, လျက်ဆား ဗူး, စတုမဓူဗူး စသည်တို့ကို မစွန့်ဘဲ လူ, သာမဏေကို အခြား တစ်နေရာသို့ ရွှေ့အထားခိုင်းလိုက်သော်လည်း အကပ်မပျက်၊ သို့ရာတွင် လူ, သာမဏေ တို့၏ ကိုယ်လက်မှ မြူမှုန်များသည် အကပ်ခံပြီး အာဟာရ၌ ကျနေရစ်လျှင် ကား ထိုမြူမှုန်အတွက် ထပ်၍ အကပ်ခံရမည်။ လူ, သာမဏေတို့က မိမိ ဥစ္စာဟူသော သဘောထားဖြင့် ယူသွားသော် အကပ်ပျက်၏၊ သပိတ်ကို ကိုယ်အင်္ဂါတို့ဖြင့် ထိမထားဘဲ သပိတ်ခြေ၌ ထား၍ ထိုသပိတ်၌ ရှိသော ဝတ္ထုကို ငဲ့ကွက်ခြင်းကင်း၍ အာလျပြတ်ကာ ယူလော့”ဟု ဆိုအံ့၊ အကြွင်း ဝတ္ထုပါ အကပ်ပျက်သည်။ ပြန်၍စားလိုလျှင် တစ်ဖန် ထပ်၍ အကပ်ခံရမည်။ ငဲ့ကွက်ခြင်းလည်း မကင်း, အာလျလည်း မပြတ်, အာမိသလည်း ထပ်မရောမူ တစ်ဖန် အကပ်ခံဖွယ် မရှိ။ အာမိသ ရောမူ တစ်ဖန် အကပ်ခံရမည်။

လက်ဆေးခြင်း, လက်သုတ်ခြင်း စသည်တို့၌လည်း အာပတ်သင့်နိုင်ပုံ

ဆွမ်းစားနေစဉ် လက်ဆေးခွက်၌ ထပ်ခါထပ်ခါ နှိုက်ဆေးခြင်း၊ လက် သုတ်ပုဝါကို ခဏခဏသုတ်ခြင်း စသည်တို့ကို ပြုရာ၌ ပထမအကြိမ် လက်ဆေး, လက်သုတ်ခြင်း ပြုစဉ်က လက်ဆေးရေ, လက်သုတ်ပဝါတို့၌ ကျန်ခဲ့သော ဆီ စသော အညစ်အကြေးများသည် အကပ်ပျက်ပြီး ဖြစ်သဖြင့် ထိုအကပ်ပျက်နေပြီးသော အာမိသများသည် နောက်တစ်ကြိမ် လက်ဆေး, လက်သုတ်ခြင်း ပြုရာ၌ လက်၌ ပြန်၍ ကပ်ငြိပါလာကာ ထိုအာမိသများ သပိတ်ထဲရှိ ဆွမ်းနှင့် ရောသွားပါက ထိုဆွမ်းများလည်း အကပ်ပျက်တော့၏၊ ထိုအကပ်ပျက်နေသော ဆွမ်းကို အကပ်ပျက်မှန်း မသိဘဲ ဆက်လက် ဘုဉ်းပေးပါက ဤဒန္တပေါဏသိက္ခာပုဒ်အရ အာပတ်သင့်တော့၏၊ ထို့ကြောင့် ဆွမ်းစားမပြီးမီ လက်ဆေးလိုပါက ထွေးခံ စသည်တို့၌ လောင်းဆေးသင့်ပေသည်။ လက်သုတ်ပုဝါကိုလည်း လက်ထဲမှ လွှတ်မချဘဲ ကိုင်ထား၍ သုတ်လျှင် ဤအာပတ်မှ လွတ်ဖွယ် ရှိသည်။ သို့သော် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ အားလုံးပြီးစီးမှ ဆေးခြင်း, သုတ်ခြင်းက သာ၍ကောင်းပါသည်။

အာပတ်သင့်ပုံများ

အကပ်မခံသော ဝတ္ထု၌ တိကပါစိတ်၊ အကပ်ခံပြီးသော ဝတ္ထု၌ ဒုကဒုက္ကဋ်၊ အကပ်ခံပြီးသည်၌ အကပ်ခံပြီးဟု မှတ်၍ စားသော ရဟန်း အာပတ် မသင့်။ ရေ ဒန်ပူကို အကပ်မခံဘဲ သောက်စားသော ရဟန်း၊ ကာလောဒိဿမည်သော ကျင်ကြီး, ကျင်ငယ်, သစ်စိမ်းပြာ, မြေညက် ဤလေးပါးကို မဟာဝိကဋဆေးဟု ခေါ်၏၊ ထိုဆေးဖက်ဝင် ပစ္စည်းတို့ကို မြွေကိုက်သည့် အခါ၌ ကပ်မည့်သူ မရှိလျှင် အကပ်မခံဘဲ စားခွင့်ပြုတော်မူ၏၊ မီးခိုးများသည် နှာခေါင်းဝမှ ပါးစပ်မှ ဝမ်းတိုင်အောင် ဝင်သော်လည်း အဗ္ဗောဟာရိက (အာပတ်သင့်ရန် အင်္ဂါဟု မပြောပလောက် ဖြစ်၍ အာပတ်မသင့်)။ ဤ၌ ဆေးသောက် ကွမ်းစားသူတို့ သတိထားရန်မှာ ညနေပိုင်း ကွမ်းစား ဆေးသောက်သူတို့ လည်ချောင်းဝအောက် မျိုချသည့်တိုင်အောင် ကွမ်းရေ ဆေးလိပ်မှုန့် ဆေးချေးတို့ မပါလျှင် ဝိကာလဘောဇနပါစိတ်အာပတ်မှ လွတ်ခွင့် ရှိသည်။ သို့သော် ကွမ်းတံတွေး ဆေးချေးများသည် သွားကြားအတွင်း ငြိကပ်ပေနေပါက သန္နိဓိပါစိတ်အာပတ် သင့်နိုင်သည်။ သို့ရာတွင် စားပြီးတိုင်း ခံတွင်းထဲ၌ အာမိသများ မကျန်အောင် စင်ကြယ်အောင် ဆေးကြောနိုင်လျှင် သန္နိဓိပါစိတ်လည်း လွတ်လပ်နိုင်၏၊ ထို့ကြောင့် ဝိနယဂရုကဆရာတော်ကြီးများသည် နေလွဲ ကွမ်းစား ဆေးသောက်ခြင်းကို ရှောင်ကြဉ်တော်မူကြသည်။ တချို့ဆရာတော်များလည်း ကွမ်းစား ဆေးသောက်ခြင်းကို လုံးဝ နှစ်သက်တော် မမူကြပေ။ အဘယ့်ကြောင့်နည်းဟူမူ ဝိကာလဘောဇနနှင့် သန္နိဓိသိက္ခာပုဒ်တို့၌ သံသယဖြစ်တော်မူခြင်းကြောင့်တည်း။

အင်္ဂါ (၄) ပါး

၁။ အကပ်မခံခြင်း၊
 ၂။ သီးခြား ခွင့်ပြုချက် မရှိခြင်း၊ 
၃။ မီးခိုးစသော အဗ္ဗောဟာရိက မဟုတ်ခြင်း 
၄။ စားမျိုခြင်း- ဟူ၍ (၄)ပါးတို့တည်း။

(ဆောင်) ကောင်းစွာ အကပ်၊ မခံအပ်ငြား၁၊ သီးခြား ခွင့်ပြု၊ မရှိမှုနှော၂၊ အဗ္ဗောဟာရိ၊ မဟုတ်ဘိလျှင်း၃၊ စားမျိုခြင်းဟု၄၊ ကြောင်းရင်း လေးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဒန်ပေါဏ။