ဝိနည်းပဒေသာသင်တန်း/မအပ်သော သင်္ကန်းအရောင်များ
မအပ်သော သင်္ကန်းအရောင်များ
၁။ အောက်မဲညိုပွင့်လောက် ညိုသောသင်္ကန်း။ (နှမ်းကြပ်ပွင့်)
၂။ မဟာလှေကားပွင့်လောက် ဝါရွှေသောသင်္ကန်း။
၃။ လယ်ခေါင်ရမ်းပွင့်လောက် နီသောသင်္ကန်း။
၄။ ပုတီးနက်စေ့လောက် နက်တွေးမှောင်သောသင်္ကန်း။
၅။ ရေစွတ်သော ကျီးအတောင်လောက် မည်းနက်သောသင်္ကန်း။
၆။ ကင်းခြေများကျောက်ကုန်းလောက် အနီရင့်အဆင်း။
၇။ ပဒုမ္မာကြာပွင့်အဆင်းရှိ၍ နီဖြော့သောသင်္ကန်း၊ ထို သင်္ကန်းရောင်မျိုး မဝတ်အပ်၊ ဆိုးထားပြီးဖြစ်လျှင်လည်း ဖွပ်လျှော်၍ အပ်သောဆိုးရည်ကို ထပ်ဆိုး၍ဝတ်အပ်၏၊ ဖွပ်၍ အဆင်းမပျက်ခဲ့လျှင် အိပ်ရာခင်း စသည် ပြု၍ သုံးသင့်သုံးအပ်၏၊
သင်္ကန်းရောင်အဆုံးအဖြတ် ပါဠိတော်
ခုဒ္ဒကနိကာယ် ဘိသဒါယကထေရာပါဒါန်ပါဠိတော် ဘဒ္ဒဇိထေရာပါဒါန် ပါဠိတော်တို့၌ မိန့်ဆိုထားသည်မှာ-
ဘဂဝါတမှိ သမယေ၊ ပဒုမုတ္တရသဝှယော။
ရတ္တမ္ဗရဓရော ဗုဒ္ဓေါ၊ ဂစ္ဆတေ အနိလဉ္ဇသေ။
ရတ္တမ္ဗရဓရော = နီသောသင်္ကန်းကို တင်လွှမ်းဝတ်ရုံတော်မူသော။ ဗုဒ္ဓေါ = မြတ်စွာဘုရားသည်။ အနိလဉ္ဇသေ = ကောင်းကင်ခရီး၌။ ဂစ္ဆတေ = ကြွသွားတော်မူ၏၊
အဋ္ဌကထာတို့၌ အနီရောင်ပြ အလွန်များ၏၊
ဘဂဝန္တံ အဒ္ဒသ ဗုဒ္ဓသိရိယာ သောဘမာနံ ရတ္တကမ္ဗလပရိက္ခိတ္တမိဝ ဇင်္ဂမကနကဂိရိသိခရံ။ (ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ ၄၀။)
တတ္ထ ဟိ ဧကဘိက္ခုဿပိ ဟတ္ထကုက္ကုစ္စံ ဝါ ပါဒကုက္ကုစ္စံ ဝါ နတ္ထိ၊ သဗ္ဗေ (ပ) ရတ္တဝလာဟကာ ဝိယ သိနေရုကူဋံ ဘဂဝန္တံ ပရိဝါရေတွာ နိသီဒိံသု။ (မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊၂။)
ရတ္တဝလာဟကာ = နီသော မိုဃ်းတိမ်တို့သည်။ သိနေရုကူဋံ = မြင်းမိုရ် တောင်ကို။ ပရိပါရေတွာ = ဝိုင်းရံ၍။ တိဋ္ဌန္တိ ဝိယ = တည်နေကုန်သကဲ့သို့။ နိသီဒိံသု = ထိုင်နေကြလေကုန်ပြီ၊
မဇ္ဈိမနိကာယ် မဟာရာဟုလောဝါဒသုတ်အဖွင့်
နီသော ပံသုကူသင်္ကန်းဖြင့် ဖုံးလွှမ်းဝတ်ရုံတော်မူသော မြတ်စွာဘုရားသည် နီသော ကမ္ဗလာဖြင့် ဝိုင်းရစ်ကာရံအပ်သော ရွှေတောင်ကြီးကဲ့သို့လည်းကောင်း၊ သန္တာနီနွယ်ဖြင့် တန်ဆာဆင်အပ်သော ရွှေစည်းခုံစေတီတော်ကြီးကဲ့သို့လည်းကောင်း၊ ဆုန်းမှုန့်ဖြင့် ပူဇော်အပ်သော ရွှေစေတီကဲ့သို့ လည်းကောင်း၊ ချိပ်ရည်ဖြင့် လိမ်းကျံအပ်သော ရွှေပြာသာဒ်ကြီးကဲ့သို့ လည်းကောင်း၊ နီသော မိုဃ်းတိမ်အတွင်းမှ ထိုခဏ၌ ထွက်ပေါ်လာသော လပြည့်ဝန်းကြီးကဲ့သို့လည်းကောင်း၊ (ပ) ကိုယ်တော်၏ ကျက်သရေနှင့် ပြည့်စုံပုံကား အံ့ဩလောက်ပေစွဟု ရှင်ရာဟုလာ ကြံစည်လေပြီဟူ၍ မိန့်ဆို၏၊
ထို့ပြင် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ်တို့၌လည်း မြတ်စွာဘုရားရှင်သည် ချိပ်ရည်ဖြင့် စိုစွတ်သော နီသော ကသစ်ပွင့်ရောင်ရှိသော နီသော နှစ်ထပ်သင်းပိုင်ကို., စသည်ဖြင့်လည်းကောင်း၊ ရဟန်းတို့သည် ခြံရံအပ်သော မြတ်စွာဘုရားသည် နီသော ကမ္ဗလာဖြင့် ကာရံအပ်သော ရွှေပုံကြီးကဲ့သို့ လည်းကောင်း၊ နီသော ပဒုမ္မာကြာတောသို့ ရောက်နေသော ရွှေလှေကြီးကဲ့သို့ လည်းကောင်း၊ သန္တာနီပွတ်လုံးတို့ဖြင့် ကာရံထားအပ်သော ရွှေပြာသာဒ်ကြီးကဲ့သို့လည်းကောင်း တင့်တယ်တော်မူပြီ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်စသော မထေရ်ကြီးတို့သည်လည်း မိုဃ်းတိမ်နီရောင်ရှိသော ပံသုကူသင်္ကန်းကို တင်လွှမ်းရုံတော်မူကြ၍ ပတ္တမြားနီ စီခြယ်သော ချပ်တန်ဆာဖြင့် ဝတ်ဆင်သော ဆင်ပြောင်ကြီးတို့ကဲ့သို့ ဝန်းဝိုင်း ခြံရံနေကြလေကုန် ပြီဟူ၍ မိန့်ဆို၏၊
ဤသို့စသည်ဖြင့် မိုဃ်းတိမ်နီရောင်ချိပ်ရည်ဖြင့် စွတ်သော နီသော ကသစ်ပွင့်ရောင်, ကမ္ဗလာနီရောင်, သန္တာနီရောင်, နီသော ပဒုမ္မာကြာတော စသည်ဖြင့် အနီရောင် ဥပမာတို့များစွာ ဆိုထားကြောင်း ရန်ကင်းတောရ (နဘူးကျင်း) ဆရာတော် ဘဒ္ဒန္တတိဿရမဟာထေရ် ရေးသားစီရင်အပ်သော စီဝရဝဏ္ဏဝိနိစ္ဆယ သင်္ကန်းရောင်အဆုံးအဖြတ်ကျမ်း၌ များစွာ ပြဆိုထားပါသည်။
ထို့ပြင်လည်း ခုဒ္ဒသိက္ခာဋီကာဟောင်း, ဋီကာသစ်တို့လည်း နီသော သင်္ကန်းသည် လယ်ခေါင်ရမ်းပွင့်ရောင် ရှိ၏ဟူ၍ မိန့်ဆို၏၊
ပါဠိတော်လာ အညိုရောင်
ထေရဂါထာပါဠိတော် ဖုဿထေရဂါထာ (ဂါထာနံပါတ်-၉၅၉) ၌ ---
ဥဒ္ဓတာ စ ဘဝိဿန္တိ၊ နီလစီဝရပါရုတာ။
ကုဟာ ထဒ္ဓါ လပါ သိင်္ဂီ၊ စရိဿန္တျရိယာ ဝိယ။
ရဟန်းတို့သည် စိတ်တည်ကြည်မှု ကင်း၍ ပျံ့လွင့်ခြင်းရှိကြကုန်လျက် အညိုရောင်သင်္ကန်းကို တင်လွှမ်းရုံကြသည် ဖြစ်ကြကုန်လိမ့်လတ္တံ့။ အံ့ဖွယ်ကို ပြုကြလျက် အမျက်မာန်မာနဖြင့် ခက်ထန်ကြမ်းတမ်းသော စိတ်ရှိကြပြီးလျှင် ပစ္စည်းရကြောင်းစကားကို ဆိုကြ၍ ဦးချိုကဲ့သို့ ထင်ရှားသော ကိလေသာ ရှိနေကြပါကုန်လျက် အရိယာတို့ကဲ့သို့ သွားလာကုန်လိမ့်လတ္တံ့ဟု ဆို၏၊
ဤဂါထာလာ အညိုရောင်စကားသည် အနာဂတ်ကာလ၌ အရှက်မရှိသော ယုတ်မာကုန်သော ရဟန်းတို့၏ မအပ်သော သင်္ကန်းရောင်ကိုသာ ဆိုအပ်၏၊ ထို့ကြောင့် အညိုရောင်သင်္ကန်းကို မယူသင့်၊ (ဝါ) မဝတ်ရုံသင့်ဟု မှတ်သားအပ်၏၊
ဝတ်ရုံသင့်သော အရောင် (၃) မျိုး
၁။ အနီရောင်ဆိုးရည် ဆိုးကြိမ်များ၍ အညိုရောင်ဖြစ်သွားခြင်း၊
၂။ အနီရောင်ဆိုးရည် ယုတ်လျော့သွား၍ ဝါသွားခြင်း၊
၃။ ပင်ကိုအနီရောင်, မူလအနီရောင်ဖြစ်ခြင်း၊ ဤအရောင်သုံးမျိုး လွန်ခြင်း, ယုတ်ခြင်း, ညီမျှခြင်းဟူသော အကြောင်းတို့ကြောင့် ဖြစ်သွားသော အရောင်များ၊ ဆေးမှုန့်နှင့် ဆိုးရည် အထူးမရှိသော အရောင်များ အပ်ဖွယ် ရှိသည်ဟု ဆိုပါသည်။
အကျဉ်းချုပ် မှတ်သားရန်
ဝိနည်းတရားတော်၌လာသော အလွန်ညို, အလွန်နီ စသော အရောင် (၇)မျိုးတို့ကို မြတ်စွာဘုရားရှင်က ပယ်ထားပြီးဖြစ်သည်။ သုတ္တန်ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌ လာရှိသော အနီ, အဝါ, အညို, အဖြူပျက်အားဖြင့် အရောင်လေးမျိုးတို့တွင်လည်း အဝါရောင်ကို အနီရောင်အမျိုးနွယ်၌ ထည့်သွင်း၍ ယူသဖြင့် သီးခြားမယူ၊ အညိုနှင့် အဖြူပျက်ရောင်တို့ကား ရဟန်းတို့အား မလျော်သဖြင့် မယူဘဲ ပယ်သည်။
ထို့ကြောင့် ဝိနည်းကျမ်းလာ မအပ်သောအရောင် (၇)မျိုးမှ လွတ်လျှင် အပ်သောအရောင်လည်း (၇)မျိုးပင် ဖြစ်နိုင်သည်ဟု မယူမူ၍ အနီရောင် တစ်မျိုးတည်းကိုသာ ယူအပ်, ယူသင့်တော့သည်ဟု မှတ်ရာ၏၊
ဤ၌ အနီရောင်ဟု ဆိုခဲ့ပါသော်လည်း အလွန် ရဲရဲနီသော အနီရောင်ကား မဖြစ်သင့်၊ အလုံးစုံညိုခေါ် အလွန်ညို စသော မအပ်သော အရောင် (၇)မျိုးလည်း မဖြစ်သင့်ပါ။
ဆုံးဖြတ်ချက်
၁။ မအပ်သော အရောင်တို့မှ လွတ်ခြင်းလည်းကောင်း၊
၂။ မြတ်စွာဘုရား ခွင့်ပြုထားသော ဆိုးရည်တို့ဖြင့် ဆိုးခြင်းလည်းကောင်း၊
၃။ ရဟန်းတို့၏ သင်္ကန်းရောင်အဖြစ်ဖြင့် သင့်လျော်လျောက်ပတ်ခြင်းလည်းကောင်း -
ဤအင်္ဂါ (၃) ချက်တို့နှင့်တကွ ညီညွတ်ပြည့်စုံသော အနီရောင်, ချိပ်ရည်အရောင်, ပဒုမ္မာကြာနီရောင်, မိုဃ်းတိမ်နီရောင်, လယ်ခေါင်ရမ်းပွင့်ရောင်တို့ကဲ့သို့ နီသောအရောင်ကိုသာ စင်စစ် အပ်သော အရောင်ဟူ၍, ဧကန် အပ်သော အရောင်ဟူ၍ ယုံမှားကင်းသောအားဖြင့် ယူအပ်၏၊
ဤအဆုံးအဖြတ်ကို ဝတ်ရုံဖုံးလွှမ်းသော သင်္ကန်း၏ အပ်သောအရောင်ကို နှလုံးသွင်းထား စိတ်ဝင်စားကြကုန်သော သူတို့သည် အထူးသိအပ်၏၊ အလိုလည်းရှိအပ်၏၊ အကျဉ်းအားဖြင့်လည်း ကောင်းစွာ မှတ်သားထားအပ်၏၊ (စီဝရဝဏ္ဏဝိနိစ္ဆယကျမ်း၊ နဘူးကျင်းတောရဆရာတော် ဘဒ္ဒန္တတိဿရ)
မအပ်သော အဝတ်သင်္ကန်းများ
၁။ သမန်းမြက်တို့ဖြင့် ရက်အပ်သော အဝတ်၊
၂။ လျှော်တေတို့ဖြင့် ရက်အပ်သော အဝတ်၊
၃။ ပျဉ်ချပ်သဏ္ဌာန်ရှိသော အပြားတို့ဖြင့် စီအပ်သော အဝတ်၊
၄။ ဆံပင်မှဖြစ်သော ကမ္ဗလာ, သားမြီးမှဖြစ်သော ကမ္ဗလာ၊
၅။ ခင်ပုတ်တောင်ဖြင့် ရက်အပ်သော အဝတ်၊
၆။ အမွေးနှင့်တကွ, ခွာနှင့်တကွသော သမင်ရေ၊
အဇိန-ကို သစ်နက်ဟု ပေးကြ၏၊ အဘိဓာန်နိဿယသစ်၌ကား သမင်ဟု ပေးသည်၊ ခွာနှင့်တကွဟု ဆိုသောကြောင့် သစ်နက်မဖြစ်နိုင်၊ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၉၆။) ဆိုခဲ့ပြီးသော အဝတ်ကို ဝတ်ရုံသုံးဆောင်သော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏၊
ဒုက္ကဋ်အာပတ်သင့်သော အဝတ်များ
၁။ ငှက်ပျောလျှော်မျှင်ဖြင့် ရက်အပ်သော အဝတ်၊
၂။ ပြိတ်လျှော်မျှင်ဖြင့် ရက်အပ်သော အဝတ်၊
၃။ မရိုးလျှော်မျှင်ဖြင့် ရက်အပ်သော အဝတ်၊
၄။ သင်ပန်းလျှော်ဖြင့် ရက်အပ်သော အဝတ်၊
၅။ အလုံးစုံညိုသော အဝတ်၊
၆။ အလုံးစုံမောင်းသော အဝတ်၊
၇။ အလုံးစုံ ရွှေသော အဝတ်၊
၈။ အလုံးစုံနီသော အဝတ်၊
၉။ အလုံးစုံမည်းနက်သော အဝတ်၊
၁၀။ ကင်းခြေများ ကျောက်ကုန်းအဆင်း များသော နာမည်ရှိသော ဆိုးရည်တို့ဖြင့် ဆိုးအပ်သောအဝတ်၊
၁၁။ သစ်ခွံသင်္ကန်း၊
၁၂။ မဖြတ်အပ်သော အမြိတ်အဆာရှိသောသင်္ကန်း၊
၁၃။ ရှည်သော အမြိတ်အဆာရှိသောသင်္ကန်း၊
၁၄။ ပန်းပွင့်ပမာ အမြိတ်အဆာရှိသောသင်္ကန်း၊
၁၅။ အကျသင်တိုင်း (သင်တိုင်းဟူသည် မိန်းမတို့၏ ဂါဝန် စစ်သားတို့၏ အပေါ်က စစ်ဝတ်အိတ်မျိုး လူ၏ ကိုယ်လုံးကိုယ်ရပ်နှင့် တော်အောင် တိုင်း၍ ချုပ်ရသောကြောင့် သင်တိုင်းဟု ရှေးက ပေးကြသည်။) ယခုခေတ်၌ အံသကိုဋ်ဟု နာမည်တပ်၍ မိန်းမဘော်လီနှင့် ခပ်ဆင်ဆင် တူသော အတွင်းက ချွေးမစိုအောင် ခံဝတ်သောအဝတ်လည်း ကဉ္စုက ပင်ဖြစ်၍ မအပ်ဟု ဆုံးဖြတ်တော်မူသည်။ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၉၉။)
(မှတ်ချက်)သင်္ကန်းအလုခံရ, အခိုးခံရ၍ သင်္ကန်းမရှိသော အစ္ဆိန္နစီဝရ ရဟန်းအတွက် ဆိုခဲ့ပြီးသော ကုသဝါက သမန်းမြက်, လျှော်တေသင်္ကန်းစသော အဝတ်များ ဝတ်ကောင်း၏၊
သင်္ကန်းအတိုင်းအတာ ပမာဏများ ရတနဝဂ် နန္ဒတ္ထေရသိက္ခာပုဒ် ခေါ် သုဂတစီဝရသိက္ခာပုဒ်၌ ပြဆိုထားသည်များ ပြန်ကြည့်ရှုပါ။
ဖြတ်အပ်သော သင်္ကန်းကို ခွင့်ပြုတော်မူပုံ
သဗ္ဗညုဘုရားသခင်သည် ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏာပထသို့ ဒေသစာရီ အကြွတွင် မာဂဓရာဇ်တိုင်းသားတို့၏ လယ်ခင်းလယ်တာပုံကို နည်းညွှန်ပြ၍ သင်္ကန်းစီရင်လိုကြောင်းနှင့် အမိန့်တော်မြတ်ရှိ၍ အရှင်အာနန္ဒာသည် စီရင်နိုင်ပါကြောင်း တာဝန်ယူကာ ကောင်းစွာ သင်္ကန်းချုပ်လုပ်စီရင်၍ ပြလာသည့် ကာလ မြတ်စွာဘုရားရှင်သည် ဖော်ပြပါ စကားရပ်တို့ မိန့်ဆို၍ အရှင်အာနန္ဒာ မထေရ်အား ချီးကျူးမိန့်ကြားတော်မူသည်။
ပဏ္ဍိတော ဘိက္ခဝေ အာနန္ဒော၊ မဟာပညော ဘိက္ခဝေ အာနန္ဒော၊ ယတြ ဟိ နာမ မယာ သံခိတ္တေန ဘာသိတဿ အတ္ထံ ဝိတ္ထာရေန အာဇာနိဿတိ ကုသိမ္ပိ နာမ ကရိဿတိ၊ အဍ္ဎကုသိမ္ပိ နာမ ကရိဿတိ၊ မဏ္ဍလမ္ပိ နာမ ကရိဿတိ၊ အဍ္ဎမဏ္ဍလမ္ပိ နာမ ကရိဿတိ၊ ဝိဝဋ္ဋမ္ပိ နာမ ကရိဿတိ၊ အနုဝိဝဋ္ဋမ္ပိ နာမ ကရိဿတိ၊ ဂီဝေယျကမ္ပိ နာမ ကရိဿတိ၊ ဇင်္ဃေယျကမ္ပိ နာမ ကရိဿတိ၊ ဗာဟန္တမ္ပိ နာမ ကရိဿတိ၊ ဆိန္နကံ ဘဝိဿတိ၊ သတ္ထလူခံ၊ သမဏသာရုပ္ပံ၊ ပစ္စတ္ထိကာနဉ္စ အနုဘိစ္ဆိတံ၊ အနုဇာနာမိ ဘိက္ခဝေ ဆိန္နကံ သံဃာဋိံ ဆိန္နကံ ဥတ္တရာသင်္ဂံ ဆိန္နကံ အန္တရဝါသကံ။
အနက်ပေးပုံ
ဘိက္ခဝေ = ရဟန်းတို့။ အာနန္ဒော =အာနန္ဒာသည်။ ပဏ္ဍိတော = အကြောင်းအကျိုးကို ထိုးထွင်း၍ သိတတ်သော ဉာဏ်ရှိ၏၊ ဘိက္ခဝေ =ရဟန်းတို့။ အာနန္ဒော =အာနန္ဒာသည်။ မဟာပညော = ကြီးကျယ်သော ပညာရှိ၏၊ မယာ = ငါဘုရားသည်။ သံခိတ္တေန = အကျဉ်းအားဖြင့်။ ဘာသိတဿ =ဟောအပ်သော စကား၏၊ အတ္ထံ =အနက်ကို။ ယတြ ဟိ နာမ = ယော နာမ အာနန္ဒော = အကြင် အာနန္ဒာသည်။ ဝိတ္ထာရေန = အကျယ်အားဖြင့်။ အာဇာနိဿတိ = သိနိုင်ဘိ၏၊ သော အာနန္ဒော =ထို အာနန္ဒာသည်။ ကုသိမ္ပိ နာမ =အနားပတ်လွှာမည်သည်ကို (= မြောင်းရှည်လွှာမည်သည်ကို)လည်း၊ ကရိဿတိ = ပြုဘိ၏၊ အဍ္ဎကုသိမ္ပိ နာမ = တရုတ်မြောင်းတိုလွှာသည်ကိုလည်း၊ ကရိဿတိ = ပြုဘိ၏၊ မဏ္ဍလမ္ပိ နာမ = အိမ်ဝန်းကြီး မဟာမဏ္ဍလမည်သည်ကိုလည်း၊ ကရိဿတိ = ပြုဘိ၏၊ အဍ္ဎမဏ္ဍလမ္ပိ နာမ = အိမ်ဝန်းငယ် အဍ္ဎမဏ္ဍလမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဝိဝဋ္ဋမ္ပိ = ကွဲအိမ်နှစ်ခု တစ်ပေါင်းတည်းပြု၍ ချုပ်အပ်သော အလယ်ခေါင်စပ် မည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ အနုဝိဝဋ္ဋမ္ပိ နာမ = လက်ဝဲ လက်ယာ ဘေးနှစ်ဘက်တို့၌ ရံစပ်၍ ချုပ်အပ်သော အစပ်အပိုင်းအလွှာမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဂီဝေယျကမ္ပိ နာမ = လည်ထိရာ အရပ်၌ ထပ်၍ချုပ်အပ်သော အာဂန္တုကလွှာမည်သည်ကိုလည်း၊ ကရိဿတိ = ပြုဘိ၏၊ ဇင်္ဃေယျကမ္ပိ နာမ = သလုံးမြင်းခေါင်း ထိရာအရပ်၌ ထပ်၍ ချုပ်အပ်သော အာဂန္တုကလွှာမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဗာဟန္တမ္ပိ နာမ = လက်လိပ်စပ်မည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ သတ္ထလူခံ = ဓားလှီး၍။ ဆိန္နကံ = ဖြတ်အပ်သည်။ ဘဝိဿတိ = ဖြစ်ဘိ၏၊ သမဏသာရုပ္ပံ = ရဟန်းအား လျောက်ပတ်ပေစွ။ ပစ္စတ္ထိကာနဉ္စ = ရန်သူတို့သည်မူလည်း။ အနဘိစ္ဆိတံ = လိုချင်ဖွယ် မရှိဘိစွ။ ဘိက္ခဝေ = ရဟန်းတို့။ ဆိန္နကံ = ဖြတ်အပ်သော။ သံဃာဋိံ = ဒုကုဋ်ကို။ ဆိန္နကံ = ဖြတ်အပ်သော။ ဥတ္တရာသင်္ဂံ = ကိုယ်ဝတ်ကို။ ဆိန္နကံ = ဖြတ်အပ်သော။ အန္တရဝါသကံ = သင်းပိုင်ကို။ အနုဇာနာမိ = ငါဘုရား ခွင့်ပြုတော်မူ၏၊
(ဝိနည်းမဟာဝါပါဠိတော်၊၄၀၀။ ဝိနည်းဥပဒေတော်ကြီး၊၃၃၀။)
သင်္ကန်းနှင့်စပ်သော အခေါ်အဝေါ်များ
၁။ ကုသိ = မြောင်းရှည်လွှာ၊ ၂။ အဍ္ဎကုသိ = တရုတ်မြောင်းတိုလွှာ၊ ၃။ မဟာမဏ္ဍလ = အိမ်ဝန်းကြီး၊ ၄။ အဍ္ဎမဏ္ဍလ = အိမ်ဝန်းငယ်၊ ၅။ ဝိဝဋ္ဋ = အလယ်ခေါင်စပ်ကြီး၊ ၆။ အနုဝိဝဋ္ဋ = လက်ဝဲလက်ယာ ဘေးနှစ်ဘက်အစပ် အပိုင်းလွှာ၊ ၇။ ဂီဝေယျက = လည်ပင်းထိရာအရပ် ထပ်၍ ချုပ်အပ်သော အနားပတ်လွှာ၊ ၈။ ဇင်္ဃေယျက = သားလုံးမြင်းခေါင်းထိရာအရပ် ထပ်၍ ချုပ်အပ်သော အနားပတ်လွှာ, အာဂန္တုကအလွှာ၊ ၉။ ဗာဟန္တ = လက်လိပ် လိပ်သောအခါ ထပ်၍ ချုပ်အပ်သော အနားပတ်လွှာ၊ ၁၀။ သတ္ထက = သင်္ကန်းဖြတ်စရာ ဓားငယ်၊ ၁၁။ သူစိ = အပ်၊ ၁၂။ သူစိနာဠိက = အပ်ကျည်၊ ၁၃။ ကထိန = ကား၊ ၁၄။ ကထိနရဇ္ဇု = ကား၌ ချည်စရာကြိုး၊ ၁၅။ အနုဝါတ = အလျားအနားပတ်၊ ၁၆။ ပရိဘဏ္ဍ = အနံ အနားပတ်၊ ၁၇။ ဒဏ္ဍကထိန = လှံတံဖွဲ့သော ကားငယ်၊ ၁၈။ ဝိနန္ဒကရဇ္ဈု = ကားဖွဲ့စရာကြိုး၊ ၁၉။ ကဠိမ္ဘတ = ပမာဏမှတ်ကြောင်း ထန်းရွက်၊ ၂၀။ မောဃသုတ္တ = နနွင်းကြိုးဖြင့် တမျဉ်းပစ်ခြင်း၊ ၂၁။ ဂဏ္ဌိကံ = ကမ္ပတ်သီး၊ ၂၂။ ပါသကံ = ကမ္ပတ်ကွင်း။ ၂၃။ ဂဏ္ဌိကဖလကံ = ကမ္ပတ်သီးအိမ်၊ ၂၄။ ပါသကဖလကံ = ကမ္ပတ်ကွင်းအိမ်။
(မှတ်ချက်) နနွင်းကြိုးဖြင့် အမှတ်ပြုခြင်းဟု ဆိုသောကြောင့် နနွင်းဆိုးသော ချည်ဖြင့် သင်္ကန်းချုပ်ခြင်းငှာလည်း အပ်သည်ဟု ထင်ရှား၏၊ အချို့က မအပ်ဟု မှတ်ထင်တတ်ကုန်၏၊ ဆိုးရည်၌ နနွင်းမြစ်ကို အဋ္ဌကထာ ပယ်ခြင်းကြောင့်တည်း။(စူဠဝါအရသာ၊၁၃၈။)
အပ်, မအပ်သော ကမ္ပတ်သီးများ
ရွှေကမ္ပတ်သီး, ငွေကမ္ပတ်သီးတို့ မအပ်ကုန်။ (၁) အရိုးကမ္ပတ်သီး၊ (၂) ဆင်စွယ်ကမ္ပတ်သီး၊ (၃) ဦးချိုကမ္ပတ်သီး၊ (၄) ကျူကမ္ပတ်သီး၊ (၅) ဝါးကမ္ပတ်သီး၊ (၆) သစ်သားကမ္ပတ်သီး၊ (၇) ချိတ်ကမ္ပတ်သီး၊ (၈) သစ်သီးကမ္ပတ်သီး၊ (၉) ကြေးကမ္ပတ်သီး၊ (၁၀) ခရုသင်းကမ္ပတ်သီး၊ (၁၁) ချည်ကမ္ပတ်သီးတို့ကို ခွင့်ပြုတော်မူသည်။
(မှတ်ချက်) ကမ္ပတ်သီးအိမ်ကို သင်္ကန်းအစွန်း၌ တပ်ရန် ခွင့်ပြုတော်မူ၏၊ ကမ္ပတ်ကွင်းအိမ်ကို အနားပတ်အစွန်းမှ လက်ခုနစ်သစ်ရှစ်သစ်မျှ လျှော့၍ တပ်ရန် ခွင့်ပြုတော်မူသည်။
မအပ်သော ဆိုးရည် (၉) မျိုး
အမြစ်တို့တွင် - ၁။ နနွင်းမြစ်။ ပင်စည်ဆိုးရည်တို့တွင် - ၂။ ထန်းကျင့်၊ ၃။ ပိန္နဲနွယ်ပင်။ အရွက်ဆိုးရည်တို့တွင် - ၄။ မဲရွက်၊ ၅။ ဒန်းရွက်။ အခေါက် ဆိုးရည်တို့တွင် - ၆။ ကြပိုင်ခေါက်၊ ၇။ ဒေါက်ရပ်ခေါက်။ အပွင့်ဆိုးရည်တို့တွင် - ၈။ ဝတ်ပန်းပွင့်၊ ၉။ ပေါက်ပွင့် - ဟူ၍ မအပ်သော ဆိုးရည် (၉)မျိုး လာ၏၊
(ဆောင်) နနွင်းမြစ်နှင့်, ပင်စည်ဆင့်, ထန်းကျင့် ပိန္နဲနွယ်။
မဲ, ဒန်းရွက် လှောက်, ကြပိုင်ခေါက်, အခေါက် ဒေါက်ရပ်ဘွယ်။ ဝတ်ပန်းပေါက်ပွင့်, ဆိုးရည်နှင့်, မသင့်ကိုးပါး ပယ်။ (ရှေးဆရာ)
မြက်-ပင်-ခေါက်-ရွက်-ပွင့်-သီး-ဖက် ခြောက်ချက် ဆိုးရည်အပ်။
သင်္ကန်းစီရင်ပုံ အဆင့် (၇) ဆင့်
၁။ ဓောဝန = သင်္ကန်းလျာ ပိတ်တို ဖျင်စအဝတ်တို့ကို ဖွပ်လျှော်ခြင်း၊
၂။ ဝိစာရဏ = ငါးခဏ်း, ခုနစ်ခဏ်း, ကိုးခဏ်း, ဆယ့်တစ်ခဏ်း စီရင်ခြင်း၊
၃။ ဆေဒန = ဖြတ်ခြင်း၊
၄။ ဗန္ဓန = တွဲစပ်ဖွဲ့ခြင်း၊
၅။ သိပ္ပန = ချုပ်ခြင်း၊
၆။ ရဇန = ဆိုးရည်ဆိုးခြင်း၊
၇။ ကပ္ပကရဏ = ကပ္ပဗိန္ဒုထိုးခြင်းဟူ၍ အဆင့်(၇)ဆင့် ပြဆိုထားသည်။
ထိုခုနစ်မျိုးကို ကထိန်မခင်းမီ ရှေးအဖို့၌ ပြုအပ်သောကြောင့် ပုဗ္ဗကရဏ ဟု ခေါ်သည်။
(ဆောင်) ဖွပ်- စီရင်- ဖြတ်, တွဲစပ်- ချုပ်- ဆိုး, ဗိန္ဒုထိုး, ခေါ်ရိုး ပုဗ္ဗသိ။
အခန်းဖွဲ့မှုနှင့် စပ်၍ မှတ်ရန်
မဟာဝါ အဋ္ဌကထာဆရာသည် သင်းပိုင်နှင့် ဧကသီတို့၌ ငါးခန်း, ဒုကုဋ်သင်္ကန်းကြီး၌ ငါးခန်းမှ တစ်ဆယ့်တစ်ခန်းအထိသာ ယူသည်။ ဗန်းမော်ဆရာတော်ဘုရားကြီးကလည်း ဆယ့်တစ်ခန်းအထက် လွန်၍ ကျမ်းဂန်မလာ၊ တစ်ဆယ့်တစ်ခန်းအထက် မပိုစေရဟု အထောက်အထား ခိုင်လုံစွာဖြင့် ဆိုသည်။ ညောင်လေးပင် ဆရာတော်ဘုရားကြီးသည်လည်း ငါးခန်းမှ ဆယ့်တစ်ခန်းအထိသာ ယူသည်။ အရှင်ဩဘာသ(မုဒုံ) ကလည်း အကြောင်းသုံးရပ်တို့ဖြင့် ထိုခေတ်၌ ကထိန်ခင်းသော သင်္ကန်းမှာ (၅)ခန်း, (၇)ခန်း, (၉)ခန်း, (၁၁)ခန်းသာ ဖြစ်သည်ဟူ၍ သူ၏ ဝိနည်းဥပဒေတော်ကြီး စာအုပ် (နှာ-၃၇၃)၌ ဆိုခဲ့ပြီ၊ ထို့ကြောင့် ထိုခေတ်၌ ခင်းသော ကထိန်မှာ (၅)ခန်း, (၇)ခန်း, (၉)ခန်း, (၁၁)ခန်းသာ ဖြစ်သည်ဟူ၍ဆိုအပ်ပါသည်။ ယခုအခါ၌ (၁၅)ခန်း, (၂၅)ခန်း, (၃၅)ခန်း, (၇၅)ခန်း, အခန်း (၁၂၀) စသည်ဖြင့် များလေကောင်းလေ ထင်၍ လှူသူများက လှူသဖြင့် ဝတ်သူများကလည်း ဝိနည်းကျမ်းဂန် မလေ့လာတော့ဘဲ ဝတ်ဆင်သုံးစွဲနေကြလေပြီ။
ဓားခွဲဓားဖြတ်သင်္ကန်းနှင့် စပ်၍ မှတ်ရန်
မြတ်စွာဘုရားရှင် ရွှေလက်ထက်တော်အခါ၌ ဤသိက္ခာပုဒ်တော်ဖြစ်လာသော ကာလမှစ၍ ဤနည်းအတိုင်းသာလျှင် ဓားဖြင့် လှီးဖြတ် စီရင်ဝတ်ရုံကြသည် ဖြစ်ကုန်၏၊ ထို့ကြောင့် ---
တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော တိစီဝရေ ကရိယမာနေ သဗ္ဗံ ဆိန္နကံ နပ္ပဟောတိ။ (ဝိ၊၃၊၄၁၂။)
အခါတစ်ပါး၌ ရဟန်းတစ်ပါးအား တိစီဝရိက်သင်္ကန်း (၃)ထည်ကို ပြုလုပ်သည်, ချုပ်စီရင်သည်ရှိသော် အလုံးစုံသင်္ကန်း (၃)ထည်စလုံး ဖြတ်အပ်သော် မလောက်။ သို့ဖြစ်၍ ဆွဲဆွဲဖြန့်နေသည်၏အဖြစ်သည် ဖြစ်ပေါ်လာ၏၊ ထိုဝတ္ထုကို အကြောင်းပြု၍-
အနုဇာနာမိ ဘိက္ခဝေ ဒွေ ဆိန္နကာနိ။ ပ။ ဧကံ ဆိန္နကန္တိ။ (ဝိ၊၃၊၄၁၂) ဟူသော ပါဠိတော်ပါဌ်ဖြင့် နှစ်ထည်တို့ကိုဖြတ် တစ်ထည်ကို မဖြတ်လင့်ဟု အနုညာတ ခွင့်ပြုတော်မူ၏၊ ယင်းသို့ နှစ်ထည် ဖြတ်သော် မလောက် ဖြစ်ပြန်ရာ “အနုဇာနာမိ ဘိက္ခဝေ ဒွေ အစ္ဆိန္နကာနိ ဧကံ ဆိန္နကံ”ဟူသော ပါဠိတော် (ဝိ၊၃၊၄၁၂။) ပါဌ်ဖြင့် နှစ်ထည်ကို မဖြတ်လင့်၊ တစ်ထည်ကိုသာ ဖြတ်ဟု အနုညာတ ခွင့်ပြုတော်မူပြန်၏၊ ယင်းသို့ တစ်ထည်ပင်ဖြတ်၍ မလောက်ပြန်ရာ “အနုဇာနာမိ ဘိက္ခဝေ အနွာဓိကမ္ပိ အာရောပေတုံ န စ ဘိက္ခဝေ သဗ္ဗံ အစ္ဆိန္နကံ ဓာရေတဗ္ဗံ၊ ယော ဓာရေယျ အာပတ္တိ ဒုက္ကဋဿ-ဟု ပါဠိတော် (ဝိ-၃-၄၁၂။) ပါဌ်ဖြင့် သလင်းထောင်တင်ဟု ခွင့်ပြုတော်မူ၏၊ ပိတ်တိုဖျင်စ ပေါပေါများများ ရှိ၍ ဖြတ်လောက်မူ အလုံးစုံ မဖြတ်ဘဲ တိစီဝရိက်သင်္ကန်းကို မဆောင်အပ်၊ ဆောင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေဟု ပညတ်တော်မူ၏၊ (ဝိနည်းဥပဒေတော်ကြီး၊၃၆၀။)
ပကတိ အမြဲဝတ်ရုံသော တိစီဝရိက်သင်္ကန်းသာလျှင် မလောက်သော် အလုံးစုံ မဖြတ်အပ်၊ ကထိန်သင်္ကန်းမူကား မဖြတ်မူ မအပ်၊ ဖြတ်မှသာ အပ်၏၊
သလင်းထောင်ဟူသော စကား မှတ်ရန်
အနွာဓိကမ္ပိ အာရောပေတုံ - အနွာဓိကမ္ပိ = သလင်းထောင်ကိုမူလည်း။ (ဝါ) လျားရှည်နံကြီး ရပြီးလောက်ကာ သင်္ကန်းလျာကို လိုရာဖြတ်လျက် ၎င်းထက်ဝယ် ဖြည့်စွက် ထပ်ချုပ် မြောင်းတရုတ်ဟု ဒုကုဋ်အတွင်း အလွှာတင်ခြင်းကို (ဝါ) ဒုကုဋ်အဟန် သဏ္ဌာန်တူမျှ အာဂန္တုကဟု ထပ်ပြုချုပ်မြှောင် သလင်းထောင်ကို။ အာရောပေတုံ = တင်စိမ့်သောငှာ။ အနုဇာနာမိ = ခွင့်ပြုတော်မူ၏၊
ဤဖော်ပြပါ အနက်အရ သင်္ကန်းချုပ်သောအခါ ပိတ်စက နည်းနေ၍ မဖြတ်မတောက်တော့ဘဲ အပေါ်ကနေပြီး မြောင်းတရုတ်လွှာတို့ကို စီတင်ပြီး ထပ်ချုပ်သွားရသော အာဂန္တုက အပေါ်လွှာတင်သည်ကို သလင်းထောင်တင်သည်ဟု ဆိုပါသည်။
ဆိုလိုရင်းအဓိပ္ပာယ်မှာ သင်္ကန်းသုံးထည်လုံးကိုဖြတ်၍ ချုပ်ရမည်။ ဖြတ်၍ အဝတ်မလောက်မင ဖြစ်နေလျှင် သလင်းထောင်ကို တင်ရမည်။ ဖြတ်ခြင်းသာလျှင် အဓိကအချက် ဖြစ်သည်။
ထို့ကြောင့် ငါးပိုင်းငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်းတရုတ်တို့ကို ဓား စသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်သောသင်္ကန်းသည် အလုံးစုံ မဖြတ်သောသင်္ကန်း၌ အကျုံးဝင်သည်ဟူ၍ ယူအပ်၏၊ အလုံးစုံ မဖြတ်သောသင်္ကန်းကို ဝတ်ရုံသုံးဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏ဟု ဆိုထားခြင်းကြောင့် အခန်းတို့ကိုသာမဟုတ် အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်းတရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းကိုသာလျှင် ဝတ်ရုံသုံးဆောင်အပ်၏ဟု ယူသော ဝါဒဘက်သို့ လိုက်သင့်ပေသည်။ (ဝိနည်းဥပဒေတော်ကြီး၊၃၄၅၊၊)
ဧကသီအပေါ်ရုံသင်္ကန်းပုံစံ
(ဒုကုဋ်) နှစ်ထပ်သင်္ကန်းပုံစံ
ဘာသာဋီကာဆရာတော် ပြဆိုသော သင်္ကန်းတော်ပမာဏ
ဘုရားရှင် ဝတ်ရုံတော်မြဲသင်္ကန်းသည် ဘုရားအထွာတော်ဖြင့် အလျား ၉-ထွာ (၄-တောင်ထွာ) အနံ-၆ ထွာ (၃-တောင်)ရှိရကား ယခုကာလ ပုဂ္ဂိုလ်များသည်လည်း မိမိ အတောင်အထွာဖြင့် အလျားလေးတောင်ထွာ၊ အနံသုံးတောင်ရှိသော ဧကသီသင်္ကန်းကြီးတို့ကိုသာ ဝတ်ရုံထိုက်သည်။ ထိုမျှလောက် သင်္ကန်းဖြင့် သုပ္ပဋိစ္ဆန္န ပရိမဏ္ဍလဖြစ်အောင် ဝတ်ရုံနိုင်သည်သာ။ ရှင်စောတစ်ထွာ၊ မဇ်သုံးထွာ၊ တို့မှာထက်ဝက်နှော ဟူသောစကားရပ်ကို သုဂတစီဝရ သိက္ခာပုဒ်၌ ရှင်းပြခဲ့ပြီ၊ ပြန်၍ ကြည့်ပါ။
ဘုရားရှင်အရပ်တော် ဗဟုသုတမှတ်ရန်
မြတ်စွာဘုရားရှင် အရပ်တော်ကို တစ်ဆယ့်ရှစ်တောင်ဟုလည်းကောင်း, တစ်ဆယ့်ရှစ်မိုက်ဟုလည်းကောင်း ယူဆပြောဆိုကြသည်။ ဆရာတော် အရှင်ဇနကာဘိဝံသက ဘုရားရှင်၏ အရပ်တော်သည် တစ်ဆယ့်ရှစ်တောင် မမြင့်နိုင်ကြောင်း၊ ထိုခေတ်လူများနှင့် များစွာ မကွာခြားကြောင်း အထောက်အထား (၁၅)ခုမျှ တင်ပြထားတော်မူသည်။ ပကတိကိုယ်တော်မှာ အဋ္ဌာရသ ဟတ္ထုဗ္ဗေဓ တစ်ဆယ့်ရှစ်မိုက် အမြင့်တော်ရှိ၍ အတောင်အားဖြင့် ခြောက်တောင်ခန့်ရှိ၏ဟု ရတနာ့ဂုဏ်ရည်စာအုပ် (ပထမရိုက်)၌ ဆိုထားပါသည်။ သီဟိုဠ်ကျွန်းရှိ အချို့မထေရ်တို့သည် ဟတ္ထ-သဒ္ဒါကို မိုက်-ဟူသော အနက်ကို ယူ၍ တစ်ဆယ့်ရှစ်မိုက် (ခြောက်တောင်) ယူကြ၏ဟု ရတနာ့ဂုဏ်ရည် (ဒုတိယရိုက် စာမျက်နှာ-၇၃)၌ ဆိုထားပါသည်။ ပါတိမောက္ခမေဒိနီဆရာတော်ကမူ (၁၈)တောင်တိတိ ရှိကြောင်း ထင်ရှား၏ဟု ဆိုထားပါသည်။ (ပါတိမောက္ခမေဒိနီ၊၁၂၁။) မဟာယာနဘုန်းကြီးများနှင့် တရုတ်, ကမ္ဘောဒီးယား, ယိုးဒယားစသော နိုင်ငံက ရဟန်းတော်များသည် သုံးကိုက် (ကိုးပေ)ရှိ၏ဟု ယူဆကြသည်။ မြတ်စွာဘုရားရှင်အရပ်တော်သည် ကိုးပေဟု ဆိုလျှင် ခြောက်တောင် ဖြစ်၍ တစ်ဆယ့်ရှစ်မိုက်နှင့် လျော်ညီသည်။ ဘုရားရှင်၏ တစ်ထွာသည် ၁၃-လက်မခွဲ၊ တစ်မိုက်လျှင် ၉-လက်မ၊ တစ်တောင်မှာ ၂၇-လက်မ၊ လေးတောင်တွင် ၁၀၈-လက်မ၊ ၎င်းကို ပေဖွဲ့လျှင် ၉-ပေ ဖြစ်၏၊ ခြောက်တောင်ပင် ဖြစ်သည်။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်၏ အရပ်တော်မှာ ၁၈-မိုက် (သို့) ခြောက်တောင် (၉-ပေ)ဟု ယူဆလျှင် အလံတော်နှင့် အရပ်တော် ညီမျှမည် ဖြစ်ပါသည်။
သင်္ကန်းပမာဏ အဆုံးအဖြတ်များ
ဤနည်းဖြင့် တွက်လျှင် မြတ်စွာဘုရားရှင်၏ အထွာတော်တစ်ထွာတွင် ၁၃-လက်မခွဲ ဖြစ်သည်။ မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏသည် သုဂတစီဝရသိက္ခာပုဒ်အရ အလျား - ဘုရားရှင်အထွာတော် ၉-ထွာ၊ (၁၀-ပေ၊ ၁-လက်မခွဲ၊ အတောင်အားဖြင့် ၆-တောင် ၁၃-လက်မခွဲ) ဖြစ်သည်။ အနံ - ၆-ပေ၊ ၉-လက်မ၊ (၄-တောင် ၉-လက်မ) ဖြစ်သည်။ ၉-လက်မသည် (တစ်ထွာ။) ယခုခေတ် ချုပ်လုပ်ကြသော သင်္ကန်းများကို တိုင်းတာကြည့်ရာ အလျား ၅-တောင်ထွာ၊ အနံ ၄-တောင်ထွာရှိကြသည်ကို တွေ့ရသည်။ အနံမှာ ဘုရားရှင်သင်္ကန်းပမာဏ ရှိနေသည်။ ပထမကထိနသိက္ခာပုဒ် ကင်္ခါအဋ္ဌကထာ၌-
တတ္ထ တိစီဝရံ အဓိဋ္ဌဟန္တေန ရဇိတွာ ကပ္ပဗိန္ဒုံ ဒတွာ ပမာဏယုတ္တမေဝ အဓိဋ္ဌာတဗ္ဗံ။ တဿ ပမာဏံ ဥက္ကဋ္ဌပရိစ္ဆေဒေန သုဂတစီဝရတော ဦနကံ ဝဋ္ဋတိ၊ လာမကပရိစ္ဆေဒေန သံဃာဋိယာ တာဝ ဥတ္တရာသင်္ဂဿ စ ဒီဃတော မုဋ္ဌိပဉ္စကံ တိရိယံ မုဋ္ဌိတ္တိကံ၊ အန္တရဝါသကော ဒီဃတော မုဋ္ဌိ ပဉ္စကော၊ တိရိယံ ဒွိဟတ္ထောပိ ဝဋ္ဋတိ။ ဝုတ္တပ္ပမာဏတော ပန အတိရေကဉ္စ ဦနကဉ္စ ပရိက္ခာရစောဠန္တိ အဓိဋ္ဌာတဗ္ဗံ။ (ကင်္ခါ၊၁၅၃။)
တိစီဝရိက်သင်္ကန်း အဓိဋ္ဌာန်တင်လိုသော ရဟန်းသည် ဆိုး၍ ကပ္ပဗိန္ဒု ထိုး၍ ပမာဏနှင့်ယှဉ်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ရမည်။ အကြီးဆုံး ပမာဏမှာ မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏအောက် ယုတ်လျော့မှ အပ်သည်။ အယုတ်ဆုံး ပမာဏမှာ ဒုကုဋ်သင်္ကန်းကြီးနှင့် ဧကသီတို့၏ အလျားမှာ မုဋ္ဌိပဉ္စကံ တောင်ဆုပ်ငါးခုအပေါင်း၊ အနံမှာ မုဋ္ဌိတိကံ တောင်ဆုပ် သုံးခုအပေါင်းဟု ဆိုသည်၊ သင်းပိုင်မှာ အလျား -မုဋ္ဌိပဉ္စကော တောင်ဆုပ် ငါးခုအပေါင်း၊ အနံမှာ -ဒွိဟတ္ထော နှစ်တောင် ဖြစ်၏၊ ဆိုအပ်သော ပမာဏထက် ပိုလွန်လျှင်သော်လည်းကောင်း ယုတ်လျော့လျှင်သော်လည်းကောင်း ပရိက္ခာရ စောဠအဓိဋ္ဌာန်တင်အပ်၏၊ (ကင်္ခါ၊ ၁၅၃။)
(မှတ်ချက်) မုဋ္ဌိပဉ္စကံ, မုဋ္ဌိတိကံ - ဟူရာ၌ တောင်ဆုပ်များကို ပေမီကိုက်မီ သူတို့၏ အတောင်ဆုပ်ဖြင့် တောင်လျှင် အလျား - လေးတောင်ထွာ၊ အနံ - သုံးတောင် ရှိရကား အတိုဆုံးပမာဏဟူသော ကင်္ခါစကားသည် အလျားကိုးထွာ အနံခြောက်ထွာဟူသော သုဂတစီဝရသိက္ခာပုဒ်လာစကားနှင့် ညီညွတ်သည်။
(ဆောင်) ငါးတောင် တောင်ဆုပ်၊ သုံးတောင်ဆုပ်၊ ဒုကုဋ် ကိုယ်ရုံမှာ။
အလျား ထိုဟန်၊ နှစ်တောင်နံ၊ မှတ်ရန် သင်းပိုင်မှာ။
ဤ၌ အယူအဆတစ်မျိုး ရှိသေး၏၊ ငါးတောင်တောင်ဆုပ်၌ လေးတောင် အပြည့်တောင်၍ နောက်ဆုံး တစ်တောင်ကိုသာ တောင်ဆုပ်တောင်လျှင် လေးတောင်ထွာ မကပေ၊ သုံးတောင်ဆုပ်၌လည်း နှစ်တောင်အပြည့် တောင်၍ နောက်ဆုံးတစ်တောင်ကိုသာ တောင်ဆုပ်တောင်လျှင် သုံးတောင် မပြည့်တော့ပေ။ မုဋ္ဌိပဉ္စမက ငါးခုမြောက် တောင်ဆုပ်ရှိ၏ဟု မဆိုဘဲ မုဋ္ဌိပဉ္စက တောင်ဆုပ်ငါးခုအပေါင်းဟု ဆိုထားသည်ကို ဆင်ခြင်ကြည့်ကြပါလေ။
ဝုတ္တေဥှတံ “အနုဇာနာမိ ဘိက္ခဝေ အာယာမတော အဋ္ဌင်္ဂုလံ သုဂတင်္ဂုလေန စတုရင်္ဂုလဝိတ္ထတံ ပစ္ဆိမံ စီဝရံ ဝိကပ္ပေတုန္တိ။
အလျား-မြတ်စွာဘုရားရှင် လက်သစ်တော်ဖြင့် လက်ရှစ်သစ် အနံ- လက်လေးသစ်တို့ရှိပါက ဝိကပ္ပနာပြုရန် အငယ်ဆုံးပမာဏကို ဘုရားရှင် ခွင့်ပြုတော်မူသည်။ မြတ်စွာဘုရားရှင် လက်ရှစ်သစ် တစ်မိုက်သည် လက်မအားဖြင့် ကိုးလက်မ ဖြစ်သည်။ အနံမှာ လေးလက်မခွဲ ဖြစ်သည်။
ညောင်စောင်း ကုဋင်များ၏ အခြေမှာလည်း ဘုရားရှင်လက်သစ်တော်ဖြင့် ရှစ်လက်သစ်ထားရန် သိက္ခာပုဒ်တော် ရှိသည်။ ရှစ်လက်သစ် တစ်မိုက်တွင် ကိုးလက်မဖြစ်၍ ယိုးဒယား, ကမ္ဘောဒီးယားနိုင်ငံတို့တွင် ညောင်စောင်း ကုဋင်အခြေ ကိုးလက်မသာ ထားရှိအသုံးပြုကြကြောင်း သိရှိရပါသည်။ ဖားအောက်တောရတွင်လည်း ကုဋင် ညောင်စောင်းများ၏ အခြေကို ကိုးလက်မသာ အသုံးပြုသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံတွင် ညောင်စောင်းအခြေကို တစ်တောင်ထွာ ယူကြသည်။ သုံးဆတိုး ခေါက်ချိုးတက်ဝါဒအရ တစ်တောင့်ထွာ ဖြစ်လာသည်။
န ဘိက္ခဝေ ဒီဃံ ဒန္တကဋ္ဌံ ခါဒိတဗ္ဗံ ယော ခါဒေယျ အာပတ္တိ ဒုက္ကဋဿ။ အနုဇာနာမိ ဘိက္ခဝေ အဋ္ဌင်္ဂုလပရမံ ဒန္တကဋ္ဌံ။ (စူဠဝါပါဠိတော်၊၂၇၉။)
ဤ၌ ဒန်ပူကို လက်ရှစ်သစ် ခွင့်ပြုတော်မူသည်။ ထိုဒန်ပူကို သုံးဆတိုး ခေါက်ချိုးတက်ဝါဒဖြင့် တွက်လျှင် တစ်တောင့်ထွာ ဖြစ်ရာ၏၊ ဒန်ပူ တစ်တောင့်ထွာ မဖြစ်နိုင်ပေ။ ဘုရားရှင်၏ ဒန်ပူတော်သည် တစ်တောင့်ထွာရှိရမလို ဖြစ်နေပါသည်။
ထို့ကြောင့် ဘုရားရှင်၏ လက်သစ်တော်တစ်မိုက်သည် ကိုးလက်မ ရှိသည်ဟူသော တွက်ချက်မှုအရ အဓိဋ္ဌာန် ဝိကပ္ပနာပြုရမည့် အငယ်ဆုံး ပိတ်တိုဖျင်စသင်္ကန်းလျာသည်လည်းကောင်း, ညောင်စောင်း, ကုဋင်အခြေသည်လည်းကောင်း, ဒန်ပူသည်လည်းကောင်း ကိုးလက်မ ရှိရမည်ဟု ယူဆလျှင် အဆင်ပြေ မှန်ကန်လိမ့်မည်ဟု ထင်မြင်ယူဆပါသည်။
သင်္ကန်းမှာလည်း အလျား - လေးတောင်ထွာ အနံ - သုံးတောင် အငယ်ဆုံး ပမာဏထား၍ အကြီးဆုံးပမာဏမှာ ဘုရားရှင်၏သင်္ကန်းတော် အလျား - ခြောက်တောင် တစ်ပေ တစ်လက်မ၊ အနံ လေးတောင် ကိုးလက်မ ပမာဏအောက် အနည်းငယ် လျှော့၍ ဝတ်ရုံသင့်ကြောင်း ထင်မြင်ယူဆပါသည်။
မြတ်စွာဘုရားရှင်၏ လက်သန်းအထွာတော်ကို ၉-လက်မဖြင့် ယူပါက သညာစိကာယကုဋိပမာဏ, နိသီဒိုန်အခင်းပမာဏများ အလွန်မကြီးမားတော့ဘဲ သုံးဆောင်လောက်ရုံဖြစ်၍ သဘာဝကျပေလိမ့်သည်။
“ရှင်စောတစ်ထွာ၊ မဇ်သုံးထွာ၊ ဒို့မှာ ထက်ဝက်နှောလင်္ကာအတိုင်း တွက်ချက်လျှင်ကား သညာစိကာယကုဋိမှာလည်း ကြီးမားနေသည်၊ နိသီဒိုန် အခင်းမှာလည်း ကြီးမားနေကြောင်း တွေ့ကြရမည်ဖြစ်ပါသည်။ စဉ်းစား ဝေဖန်၍ လက်ခံ ဆုံးဖြတ် အတည်ပြုနိုင်ကြစေရန် ပြည့်စုံအောင် ရေးသား တင်ပြလိုက်ပါသည်။