ဝိနည်းပဒေသာသင်တန်း/သုရာပါနဝဂ်လာ သိက္ခာပုဒ်များ
(၆) သုရာပါနဝဂ်လာ သိက္ခာပုဒ်များ အကျဉ်းချုပ်
၁။ သေရည်အရက်ကို သောက်ခြင်းကြောင့် သုရာပါနပါစိတ်။
၂။ လက်ချောင်းတို့ဖြင့် (ဝါ) လက်ချောင်းစသော ကိုယ်အင်္ဂါအစိတ်တို့ဖြင့် လက်ကတီးကြား စသည်ကို ထိုးကစားခြင်းကြောင့် အင်္ဂုလိပတောဒက ပါစိတ်။
၃။ ဖမျက် (ခြေမျက်စိ) မြုပ်လောက်သော ရေ၌ ရယ်မြူးခြင်းသဘောရှိသော ကစားခြင်းကြောင့် ဟသဓမ္မပါစိတ်။
၄။ ပုဂ္ဂလဓမ္မ၌ ရိုသေခြင်းမရှိသော အမူအရာကြောင့် အနာဒရိယပါစိတ်။
၅။ ရဟန်းကို ကြောက်စေခြင်း ခြောက်လှန့်ခြင်းကြောင့် ဘိံသာပနပါစိတ်။
၆။ မနာဖျားသော ရဟန်းသည် မီးထွန်းခြင်း, သပိတ်ဖုတ်ခြင်း စသော အကြောင်းကို ကြဉ်ထား၍ လှုံခြင်းကို အလိုရှိသောကြောင့် ကိုယ်တိုင် တောက်စေ, သူတစ်ပါးကို တောက်ပါစေဟု စေခိုင်းခြင်းကြောင့် ဇောတိပါစိတ်။
၇။ နွေလတို့အဆုံး တစ်လခွဲ ပူသောအခါ, မိုးဥတု၏ အစတစ်လ အိုက်သောအခါ, မကျန်းမာရာအခါ, အလုပ်လုပ်ရာအခါ, အဓွန့်ရှည်ခရီးကို သွားရာအခါ, လေပြင်းထ၍ မိုးကျရာအခါ ဤအခါ ခြောက်ပါးကို ကြဉ်ထား၍ ရေချိုးပြီးသည်မှ လခွဲအတွင်း မဇ္ဈိမဒေသအရပ်၌ ရေချိုးငြားအံ့ (ဝါ) ရေချိုးခြင်းကြောင့် နဟာနပါစိတ်။
၈။ စိမ်းညိုရောင်ရှိသည်လည်းဖြစ်သော, ရွှံ့ညွှန်ရောင်ရှိသည်လည်း ဖြစ်သော, မဲညိုရောင်ရှိသည်လည်းဖြစ်သော ပျက်သော အဆင်းရှိအောင် ပြုတတ်သော ကပ္ပဗိန္ဒု (၃)မျိုးတို့တွင် တစ်မျိုးမျိုးဖြင့် အသစ်ရလာသော သင်္ကန်းကို မထိုးဘဲ သုံးစွဲဝတ်ရုံခြင်းကြောင့် ဒုဗ္ဗဏ္ဏကရဏပါစိတ်။
၉။ ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေမ, သီတင်းသုံးဖော် (၅)ယောက်တို့တွင် တစ်ယောက်ယောက်အား မိမိဥစ္စာအဖြစ်မှ အာသာကင်းပြတ် အပ်စပ်အောင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ်မပြုအပ်သေးသော (ဝါ) ဝိကပ္ပနာ မပြန်အပ်သေးသော သင်္ကန်းကို သုံးစွဲဝတ်ရုံခြင်းကြောင့် ဝိကပ္ပနာပါစိတ်။
၁၀။ ရဟန်း၏ သပိတ်, သင်္ကန်း, နိသီဒိုန်, အပ်ကျည် (ဝါ) အပ်ဗူး, ခါးပန်းကြိုး တစ်ခုခုကို အောက်ထစ်ဆုံးအားဖြင့် ရယ်ရွှင်ပျော်မြူးလို၍ ကိုယ်တိုင် ဝှက်ထားခြင်း, သူတစ်ပါးကို ဝှက်ထားစေခြင်းကြောင့် စီဝရာပနိဓာနပါစိတ်အာပတ် သင့်၏၊
၁။ သုရာပါနသိက္ခာပုဒ် အဓိပ္ပာယ်
သုရံ ဇနေတီတိ သုရာ၊ ရဲရင့်ခြင်းကို ဖြစ်စေတတ်သော ဆန်မှုန့်, မုန့်ညက် စသည်တို့ကို ရေဖြင့် နယ်၍ လုပ်အပ်သော သေရည် (၅)မျိုး ရှိ၏၊ ပိဋ္ဌသုရာ, ပူပသုရာ, ဩဒနသုရာ, ကိဏ္ဏပခိတ္တသုရာ, သမ္ဘာရသံယုတ္တသုရာဟု သုရာငါးမျိုး ပြား၏၊
၁။ မုန့်ညက် (ဆန်မှုန့်)ကို အိုး၌ ထည့်၍ ထိုမုန့်ညက်အား လျောက်ပတ်သော ရေထည့်ပြီး နယ်၍ ပြုအပ်သော ပိဋ္ဌသုရာ။
၂။ ဤအတူ မုန့်ကို လုပ်အပ်သော ပူပသုရာ။
၃။ ထမင်းကို လုပ်အပ်သော ဩဒနသုရာ။
၄။ တဆေးမှုန့် ကိဏ္ဏမည်သော စပါးညွန့်စသော မျိုးစေ့ကို ထည့်ခပ်၍ လုပ်အပ်သော ကိဏ္ဏပစိတ္တသုရာ။
၅။ ဖန်ခါးသီး, မုန်ညင်းစေ့စသော (မုန်ညင်းသီး) စသော အဆောက်အဦများ ရောစပ်၍ လုပ်အပ်သော သမ္ဘာရသံယုတ္တသုရာဟု သေရည် (၅)မျိုး တို့တည်း။
ဤသေရည်ကို သောက်ထားသူသည် အရှက်အကြောက် မရှိ၊ ရဲရင့်စေ တတ်သည် ဟူ၏၊
(ဆောင်) ပိဋ္ဌ ပူပ၊ ဩဒန၊ ကိဏ္ဏ သမ္ဘာရာ။
မုန့်ညက်, မုန့်ထမင်း၊ မျိုးစေ့ သွင်းပြု၊ ဆောက်ဦးပြု၊ မှတ်ရှု သေငါးဖြာ။
မေရယ (၅) မျိုး
မဒံ ဇနေတီတိ မေရယံ၊ ယစ်ခြင်းကို ဖြစ်စေတတ်သော အပွင့်စသည်တို့ဖြင့် ကြာမြင့်စွာ စိမ်အပ်သော ပန်းပွင့်စိမ်ရည်စသော အရက် (၅)မျိုး ရှိ၏၊ ပုပ္ဖာသဝ, ဖလာသဝ, မဓွာသဝ, ဂုဠာသဝ, သမ္ဘာရသံယုတ္တာဝသဟု အရက် (၅)မျိုး ပြား၏၊
၁။ သစ်မည်စည်ပွင့်, ထန်းပွင့် အုန်းပွင့် စသည်တို့ကို ကြာမြင့်စွာ စိမ်၍ ထုံ၍ ပြုလုပ်အပ်သော ပန်းပွင့်စိမ်ရည်အရက် ပုပ္ဖာသဝ။
၂။ ထို့အတူ ပိန္နဲသီး စသော အသီးစိမ်ရည်အရက် ဖလာသဝ။
၃။ မုဒရက်ခေါ် သစ်မည်စည်သီး သပျစ်သီးစိမ်ရည်ဟူသော မဓွာသဝ။ ပျားရည်ဖြင့် ပြုအပ်သောအရက်ကိုလည်း မဓွာသဝဟု ခေါ်သေး၏၊
၄။ ကြံရည်, ထန်းရည်, ကြံသကာခဲ , ထန်းလျက်ခဲ စိမ်အပ်သော ဂုဠာသဝ။
၅။ ဖန်ခါးသီး, သျှစ်ရှားသီး တြိကဋုတ်စသော အဆောက်အဦအမျိုးမျိုးတို့ကို စိမ်၍ ပြုအပ်သော သမ္ဘာရသံယုတ္တာသဝဟု အရက် (၅)မျိုး၊ မေရယ (၅) မျိုး ပြား၏၊
နယ်၍ပြုအပ်သည်ကား သေရည်၊ ကြာမြင့်စွာ ထုံ၍ စိမ်၍ ပြုအပ်သည်ကား အရက်၊ ဤကား သုရာနှင့် မေရယအထူးတည်း။
(ဆောင်) ပုပ္ဖဖလာ၊ မဓွဂုဠ၊ သမ္ဘာရ၊ ပဉ္စ မေရယာ။
ပွင့် သီး စည် ကြံ၊ တိဖလံ၊ စိန်ပြန် ရက်ငါးဖြာ။
နယ်ပြု သုရာ၊ ထုံစိမ်ပါ၊ မေရာအထူးလာ။ (မေဒိနီ၊ ၃၆၅။)
ဆိုအပ်ပြီးသော သေအရက်နှစ်မျိုးကို မျိုးစေ့မှစ၍ (ယစ်မျိုး, မူးယစ် ဆေးဝါးမျိုးအလို့ငှာ စီရင်ထားသည်မှ စ၍) သမန်းမြက်ဖျားဖြင့် ယူ၍ တစ်စက်မျှ သောက်သော ရဟန်းအား ပယောဂတိုင်း ပါစိတ်အာပတ် သင့်၏၊ ဘိန်းဖြူ ဘိန်းမဲ မူးယစ်ဆေးဝါးတို့ကို နှာခေါင်းဖြင့် ရှူခြင်း, အပ်ဖြင့် သွင်းခြင်း, ဆေးပြားများကို မျိုချခြင်းတို့၌လည်း ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ်ပင် ဖြစ်သင့်သည်။
၂။ အင်္ဂုလိပတောဒကသိက္ခာပုဒ် အဓိပ္ပာယ်
အင်္ဂုတိ ဥပဂစ္ဆတီတိ အင်္ဂုလိ၊ ကိုယ်အင်္ဂါ၌ ကပ်ရောက်တတ်သော လက်ချောင်းတည်း။ ပတုဒနံ ဃဋနံ ပတောဒေါ ပတောဒေါ ဧဝ ပတောဒကော၊ ထိခြင်းကိုရ၏၊ အင်္ဂုလီဟိ ပတောဒကော အင်္ဂုလိပတောဒကော လက်ချောင်းတို့ဖြင့် လက်ကတီးကြားစသည်တို့၌ ထိခြင်း တို့ခြင်းကို ယူ၊ အင်္ဂုလိ-သဒ္ဒါ အစိတ်ကို မှတ်၍ဆိုသော နိဒဿနည်း။ တခြားသော ကိုယ်၏အစိတ်ဖြင့် တစ်တောင်ဆစ် ခြေမစသည်တို့ဖြင့် ရယ်မြူးလို၍ ရဟန်းအချင်းချင်း ထိပါးခြင်း ထိုးခြင်းကို ပြုသော်လည်း ပါစိတ်ပင် ဖြစ်သည်။
ရဟန်းမှကြွင်းသော လူ, သာမဏေ, ဘိက္ခုနီမတို့၌ ရယ်မြူးလို၍ ပြုအံ့ ဒုက္ကဋ်၊ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထု (= ကာယပဋိဗဒ္ဓ)ကို၊ ကိုယ်နှင့် စပ်သော ဝတ္ထုဖြင့် ကိုယ်ကို၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို၊ နိဿဂ္ဂိယဖြင့် ကိုယ်ကို၊ နိဿဂ္ဂိယဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို၊ နိဿဂ္ဂိယဖြင့် နိဿဂ္ဂိယကို တို့ထိအံ့ ဒုက္ကဋ်။
ဤကဲ့သို့ဆိုသော် ရယ်မြူးလိုသောစိတ်ဖြင့် ခြင်းခတ်ခြင်း, ဘောလုံး ကန်ခြင်း, ကြက်တောင်ရိုက်ခြင်း စသည်တို့၌ ဒုက္ကဋ်၊ ရဟန်းအချင်းချင်း လက်သီးထိုးခြင်းစသော ကိုယ်အင်္ဂါချင်း ထိုးမူ ပါစိတ်။ ကာယပဋိဗန္ဓဖြင့် ထိုးမူ ဒုက္ကဋ်ဟု ယူရမည် ဖြစ်သည်။
(ဆောင်) ရယ်မြူးလိုဖိတ်၊ ကိုယ်တစိတ်၊ ထိုးကြိတ် ပါစိတ်ယူ။
သာမဏေ နီ လူ၊ ထိုးကြိတ်မူ၊ မှတ်ယူ ဒုက္ကဋ်ဟူ။
ကာယဗဒ္ဓ၊ နိဿဂ္ဂ၊ ထိက ထိုနည်းတူ။ (မေဒိနီ၊ ၃၆၆။)
အာပတ်အဆင့်ဆင့် သင့်ပုံ
ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ မမြူးထူးလိုသော ရဟန်း, ကိစ္စရှိ၍ သုံးသပ်သော ရဟန်း (ပါရာဇိကလောက်သော အမသတ္တဝါ ဟူသမျှ၌ကား မအပ်) ဥမ္မတ္တကရဟန်း စသည်ကား အာပတ်မသင့်။
၃။ ဟသဓမ္မသိက္ခာပုဒ် အဓိပ္ပာယ်
ဥဒံ သောမနဿံ ကရောတီတိ ဥဒကံ၊ ရေမွတ်သိပ်ဆာလောင်နေသော သူတို့အား ဝမ်းမြောက်ခြင်းကို ပြုတတ်သောကြောင့် ရေကို ဥဒကဟု ခေါ် သည်။ (တစ်နည်း) ဥဒံ ဝိနာသံ ကရောတီတိ ဥဒကံ၊ မိမိအပေါ်သို့ ကျရောက်ကုန်သော သတ္တဝါသင်္ခါရတို့အား ပျက်စီးခြင်းကို ပြုတတ်သောကြောင့် ရေကို ဥဒကဟု ခေါ်သည်။
ဖမျက် (ခြေမျက်စိ) မြုပ်လောက်သော မြစ်, ချောင်း, ရေကန်တို့၌ရှိသော ရေဝယ် ငုတ်ခြင်း, ပေါ်ခြင်း, ကူးခြင်းတို့ကို ပျော်မြူးလို၍ ပြုလျှင် ပါစိတ်၊ လှေဖြင့် ကစားလျှင် တက်ပြား, ထိုးဝါး, လက်ခြေ, သစ်သားစသည် လှုပ်သော အကြိမ်တိုင်း ဒုက္ကဋ်၊ အိုးခွက်စသည်၌ တည်သောရေကိုဖြစ်စေ၊ ပအုန်းရေ, ကစီရေ, ရွှံ့ညွန်တို့ကို လက်ဖြင့် မြှောက်၍ ပုတ်၍ ကစားအံ့ ဒုက္ကဋ်။
(ဆောင်) ရေကို လက်ဖြင့်၊ ကစားလင့်၊ မှတ်သင့် ဒုက္ကဋာ။
အာပတ်အဆင့်ဆင့် သင့်ပုံ
ရေကစားရာ၌ တိကပါစိတ်၊ ရေမကစားရာ၌ ဒုကဒုက္ကဋ်၊ အိုးခွက်၌ တည်သောရေ, နို့ရည်, ရက်တက်ရည်, ဆိုးရည်, ကျင်ငယ်ရေ, ရွှံ့ရေ စသည် တို့၌ ကစားအံ့ ဒုက္ကဋ်၊ မမြူးတူး မကစားလိုသောရဟန်း အကြောင်းရှိ၍ ငုတ်ပေါ်ခြင်း စသည်ကို ပြုသော ရဟန်း, ကမ်းတစ်ဘက်သို့ ကူးသောရဟန်း, ဘေးရန်ကြောင့် ကစားသောရဟန်း, ရူးသောရဟန်း စသည်တို့၌ အာပတ် မသင့်။
၄။ အနာဒရိယသိက္ခာပုဒ် အဓိပ္ပာယ်
အာဒရနံ အာဒရော၊ ရိုသေခြင်းကြိယာ။ နတ္ထိ အာဒရော ဧတဿာတိ အနာဒရော၊ ရိုသေခြင်းမရှိသော ရဟန်းတည်း။ အနာဒရဿ ဘာဝေါ အနာဒရိယံ၊ ရိုသေခြင်း မရှိသော ရဟန်း၏ဖြစ်ကြောင်း မရိုသေခြင်း အနာဒရ ကြိယာကို ရ၏၊ မရိုသေခြင်း အနာဒရကြိယာကို အနာဒရိယဟု ခေါ်သည်။
ထိုမရိုသေခြင်းသည် ပုဂ္ဂိုလ်ကို မရိုသေခြင်း၊ ပါဠိ, အဋ္ဌကထာဓမ္မကို မရိုသေခြင်းအားဖြင့် နှစ်မျိုး ပြား၏၊ ထိုတွင် မသင့်မတော် ပြုနေသော ရဟန်းကို အခြားရဟန်းက ဝိနည်းလမ်းကြောင်းဖြင့်ပြောလျှင် “မင်းပြောတာကို ငါက လိုက်နာရမှာတဲ့လား”ဟူသော သဘောဖြင့် နားမထောင်ဘဲ ပြုမြဲ ပြု၏၊ ထို နားမထောင်ဘဲ ပြုခြင်းသည် ပုဂ္ဂိုလ်ကို မရိုသေခြင်း (မလေးစားခြင်း ဂရုမစိုက်ခြင်း)တည်း။
ဝိနည်းသိက္ခာပုဒ်ဟူသော ဓမ္မဖြင့် ပြောဆိုလျှင် ထိုဝိနယဓမ္မကိုပင် ကွယ်ပျောက်စေလို ပျက်ပြယ်စေလို အရေးမစိုက်သလို ဘုရားဟော မဟုတ်သလို သဘောဖြင့် ပြုမြဲ ပြု၏၊ ထိုကဲ့သို့ ပုဂ္ဂိုလ်ကိုဖြစ်စေ, ဝိနယဓမ္မကိုဖြစ်စေ မရိုသေခြင်း အရေးမစိုက်ခြင်းကြောင့် ပါစိတ်။
ရဟန်းက ထိုဝိနည်းပညတ်မှတစ်ပါး သုတ်, အဘိဓမ္မာလာ တရားတော်ဖြင့် ဆိုဆုံးမသည်ကို မလေးစားရာ၌လည်းကောင်း, လူသာမဏေတို့က ဝိနည်းဖြင့်ဖြစ်စေ အခြားတရားဖြင့်ဖြစ်စေ ဆုံးမသည်ကို မလေးမစား လုပ်ရာ၌လည်းကောင်း ဒုက္ကဋ်။
အထူးသတိထားရန်
ကြံရည်သည် သတ္တာဟကာလိက၊ ကြံဖတ်သည် ယာဝဇီဝိက ထိုကြံရည်နှင့်ကြံဖတ် နှစ်ခုတွဲနေသော ကြံချောင်းကား တင်လဲခဲ, ရှစ်ရှားသီး, ဖန်ခါး, ဆီးဖြူကဲ့သို့ စားကောင်းသည်။ ချင်းသည် ယာဝဇီဝိက၊ ဆီသည် သတ္တာဟကာလိက၊ ဆားသည် ယာဝဇီဝိက ရောသုတ်ထားလျှင် ညနေအခါ စားကောင်းသည်။ ဤသို့စသော ကဲ့ရဲ့အပ်သော ဂါရယှာစရိယဝါဒမျိုးဖြင့် ပြော ဆိုသော ရဟန်းကား အာပတ်မှ မလွတ်။
အာပတ်အဆင့်ဆင့် သင့်ပုံ
ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ ဆရာအဆက်ဆက်မှလာသော ငါတို့ဆရာ၏ အယူဟု ဆိုသောရဟန်း ငါတို့ဆရာများ၏ ပါဠိသင်ခြင်းသည် ဤသို့ ဖြစ်၏၊ အဋ္ဌကထာသင်ခြင်းသည် ဤသို့ဖြစ်၏ဟု ဆိုအံ့ အာပတ်မသင့်၊ အရူးစသည်လည်း အာပတ်မသင့်။
၅။ ဘိံသာပနသိက္ခာပုဒ် အဓိပ္ပာယ်
ဘိံသာပန = ဘိသိ-ဓာတ်၊ ဏာပေ-ပစ္စည်း၊ ယု-ပစ္စည်း၊ ဘိ၌ ဣကို ဒီဃပြု ဘီသာပနဟု ဖြစ်၏၊ သဒ္ဒနီတိ၌ နိဂ္ဂဟိတ်လာ၍ ဘိံသာပနဟု ရှိ၏၊ သဒ္ဒါနက်အားဖြင့် ကြောက်စေခြင်းဟု ထွက်၏၊ အဓိပ္ပာယ်မှာ ခြောက်လှန့်ခြင်းပင်တည်း။
ရဟန်းအချင်းချင်း ကြောက်ဖွယ်ကောင်းသော အဆင်းအသံတို့ဖြင့် ပြုလုပ်၍ ကြောက်အောင် ခြောက်လျှင် အခြောက်ခံရသူ ကြောက်ကြောက် မကြောက်ကြောက် ပါစိတ်၊ လူသာမဏေတို့အား ခြောက်လှန့်လျှင် ဒုက္ကဋ်၊ ကြောက်စရာအာရုံ, ရူပါရုံ, အသံစသည်ကို အနီးသို့ ဆောင်ပို့ထားခြင်း ကြောက်မက်ဖွယ်ကောင်းသော စကားကို ဆိုခြင်းတို့ဖြင့် ခြောက်ခြင်း ဖြစ်၏၊ ကိုယ်နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် ခြောက်လျှင် ပါစိတ်။
(ဆောင်) ကိုယ်နှုတ်နှစ်ပါး၊ ခြောက်တုံငြား သူကား ပါစိတ်သင့်။
ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ မခြောက်လိုဘဲ ပြောဆိုပြုလုပ်သော ရဟန်းအား အာပတ်မသင့်၊ အရူးစသည်တို့၌လည်း အာပတ်မသင့်။
၆။ ဇောတိသိက္ခာပုဒ် အဓိပ္ပာယ်
ဇောတေတိ အာလောကံ ပဝတ္တေတီတိ ဇောတိ = အလင်းကို ဖြစ်စေတတ်သော မီးကို ရ၏၊ ဝိသိဗ္ဗတေ ဝိသိဗ္ဗနံ - မီးလှုံခြင်းကြိယာတည်း။ ဝိသိဗ္ဗနံ အပေက္ခတီတိ ဝိသိဗ္ဗနာပေက္ခော - မီးလှုံခြင်းကို အလိုရှိသော ရဟန်းတည်း။
ဆီးမီးညှိထွန်းခြင်း, သပိတ်ဖုတ်လိုခြင်း, ရေနွေးတည်လိုခြင်း စသော အကြောင်းမရှိဘဲ ဂိလာနလည်း မဟုတ်ဘဲ သက်သက် မီးလှုံလို၍ မီးမွှေးလျှင် ကိုယ်တိုင် မီးထည့်သော ရဟန်းအား မီးမတောက်မီ ရှေးအဖို့၌ ဒုက္ကဋ်၊ မီး တောက်လာသော် ပါစိတ်၊ မီးလှုံဖို့ရန် လူ, သာမဏေကို မီးမွှေး, မီးထည့်ခိုင်းလျှင်လည်း ပါစိတ်၊ (ဤ၌ မီး သိစမ်းစသော ကပ္ပိယ ဝေါဟာရဖြင့် ခိုင်းကောင်းသည်ဟု အဆိုမရှိ။) လူ, သာမဏေတို့ မွှေးထားပြီး မီးကို လှုံရာ၌ အာပတ်မသင့်။
ရေနွေးတည်ရန်, ဆွမ်းချက်ရန် စသည်အတွက် ရဟန်းက မီးမွှေးပေးလျှင်လည်း တထာရူပပစ္စယာတွင် ပါဝင်၍ အာပတ်မသင့်၊ သို့သော် မီးမွှေးသော နေရာက ဇာတပထဝီမြေသား မဟုတ်မှ ပထဝီခဏနအပြစ် လွတ်မည်ဟု သိ။
လူ သာမဏေ မွှေးထားပြီးသော မီးကို လှုံလို၍ တောက်အောင် မှုတ်သော ရဟန်း, ထင်းထည့်ပေးသော ရဟန်း, ငြိမ်းပြီးမီးစကို ထည့်ပေးသော ရဟန်းအား ပါစိတ်။
အာပတ်အဆင့်ဆင့်သင့်ပုံ
အဂိလာန၌ တိကပါစိတ်၊ ဂိလာန၌ ဒုကဒုက္ကဋ်၊ ဂိလာန၌ ဂိလာနဟု မှတ်သောရဟန်း၊ သူတစ်ပါး ထည့်ထားသော မီးကို လှုံသော ရဟန်း၊ ဇရုံးအိမ်၌ မီးထည့်လိုခြင်းစသော အကြောင်းရှိ၍ မီးထည့်သော ရဟန်း၊ ဘေးရန် ကြောင့် မီးထည့်သော ရဟန်း၊ ဥမ္မတ္တက စသည်၌ အာပတ်မသင့်။
၇။ နဟာနသိက္ခာပုဒ် အဓိပ္ပာယ်
မာသဿ အဍ္ဎော အဍ္ဎမာသံ၊ တစ်လ၏ ထက်ဝက် ၁၅-ရက်တည်း။ မဇ္ဈိမအရပ်၌ ရေချိုးသော နေ့မှစ၍ ဆယ့်ငါးရက်မပြည့်မီ (ဆယ့်ငါးရက်အတွင်း) အခါခြောက်ပါးကို ကြဉ်၍ ရေချိုးအံ့ဟု ကသယ်မှုန့်, မြေညက် စသည်ကို စီရင်သည်မှ စ၍ ပယောဂတိုင်း ဒုက္ကဋ်၊ အဆုံး၌ ပါစိတ်။
သိက္ခာပုဒ်၌ မဇ္ဈိမဒေသ အိန္ဒိယနယ်၌သာ ပညတ်အပ်သော ပဒေသပညတ် (တချို့အရပ်အတွက် ပညတ်အပ်သော သိက္ခာပုဒ်)တည်း။ ထို့ကြောင့် မြန်မာနိုင်ငံစသော ပစ္စန္တရာဇ်များ၌ အခါမရွေး ရေချိုးနိုင်ခွင့် ရှိသည်။
မဇ္ဈိမဒေသ ပိုင်းခြားပုံ
ဘုရားဖြစ်တော်မူရာ ဗောဓိမဏ္ဍိုင်မှ - (၁) အရှေ့လားသော် ဂဇင်္ဂလနိဂုံး အပြင်ဘက် အင်ကြင်းပင်ကြီး၊ (၂) အရှေ့တောင်လားသော် သလ္လဝတီမြစ်၊ (၃) တောင်ဘက်လားသော် သေတနိဂုံးရွာ၊ (၄) အနောက်ဘက် လားသော် ထူဏပုဏ္ဏားရွာ၊ (၅) မြောက်ဘက်လားသော် ဥသိရဒ္ဓဇတောင်၊ ဤနယ်အတွင်း ယူဇနာကိုးရာ အဝန်းရှိသော အရပ်ကို မဇ္ဈိမဒေသဟု ဆိုအပ်သည်။
(ဆောင်) ဗောဓိဉာဏ်လှိုင်၊ ပင်မဏ္ဍိုင်မှ၊ နေ၍ ကြည့်ငြား၊ အရှေ့ လားသော်၊ ဂဇင်္ဂလ၊ နိဂမ၏၊ အပြင်ဘက်တွင်၊ အင်္ကြင်းပင်တည်း။ ရှေ့တောင် သလ္လဝတီ၊ မြစ်ကြီးတည်၍၊ တောင်မူ သေတ နိဂမတည်း၊ နောက်မူ ထူဏပုဏ္ဏား၏ ရွာ၊ မြောက်က မှောင်မှောင်၊ ဥသိရဒ္ဓဇတောင်၏၊ မဇ္ဈိမဝယ် အလယ်ခေါင်မှာ၊ ယူဇနာသည်၊ ကိုးရာအဝန်း ရှိသတည်း။
အာပတ်သင့်ပုံများ
လခွဲ မလွန်ရာ၌ တိကပါစိတ်၊ လခွဲလွန်သည်၌ ဒုကဒုက္ကဋ်၊ လခွဲလွန်သည်၌ လွန်သည်ဟု မှတ်သော ရဟန်းအား အာပတ်မသင့်၊ အခါခြောက်ပါး၌ ရေချိုးသော ရဟန်း၊ မြစ်ကမ်းပါးသွားစဉ် သဲတွင်းပြု၍ ရေချိုးသော ရဟန်း၊ ပစ္စန္တရာဇ်နေ ရဟန်း၊ ဘေးရန်ကြောင့် ရေချိုးသော ရဟန်း၊ ရူးသော ရဟန်း စသည်တို့အား အာပတ်မသင့်။
၈။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ်အဓိပ္ပာယ်
နဝံ စီဝရံ = ဝတ်ရုံလောက်သော အသစ်ဖြစ်သော သင်္ကန်းတည်း။ ကပ္ပဗိန္ဒု မထိုးရသေးမူ သာမဏေများ ဝတ်ရုံပြီးဖြစ်သော ဟောင်းနွမ်းနေသော သင်္ကန်းကိုသော်လည်း နဝစီဝရ (သင်္ကန်းသစ်)ဟူ၍ပင် ဆိုရမည်။
ဝိမတိ၌ ရက်အနည်းငယ်မျှ ငှားဝတ်ရာ၌လည်း ဗိန္ဒုမထိုးရသေးလျှင် ထိုးပြီးမှ ဝတ်ရမည်ဟု ဝဒန္တိဝါဒ လာ၏၊ ထိုဝါဒအရ သာမဏေတို့ သင်းပိုင်ကို ခေတ္တယူ၍ ရေသနုပ်လုပ်ရာ၌ပင် ကပ္ပဗိန္ဒုထိုးကြသည်။
သင်္ကန်းသစ်ရပြီးသော ရဟန်းသည် နီလ, ကဒ္ဒမ, ကာဠသာမဟူသော (စိမ်းညိုရောင်, ရွှံ့ညွန်ရောင်, မည်းညိုရောင်) ကပ္ပဗိန္ဒု သုံးမျိုး တစ်မျိုးမျိုး ထိုးပြီးမှ ဝတ်ရမည်။ ကပ္ပဗိန္ဒုမထိုးဘဲ ဝတ်လျှင် ပါစိတ်အာပတ် သင့်၏၊
ယခုအခါ ကပ္ပဗိန္ဒုထိုးရာ၌ သစ်ရွက်စိမ်းကို သင်္ကန်းပေါ်တင်၍ တုတ်ချောင်းကလေးဖြင့် သစ်ရွက်ရည် ထွက်အောင် ခြစ်ကြ၏၊ ထိုသို့ ထိုးလျှင် နီလရောင်ဖြစ်၏၊ ခဲတံဖြင့်ခြစ်၍ ထိုးလျှင် ကဒ္ဒမရောင်ဖြစ်၏၊ မင်နက်ဖြင့် ထိုးလျှင် ကာဠသာမရောင် ဖြစ်သည်။
ကပ္ပဗိန္ဒုထိုးရမည့် နေရာ
ကပ္ပဗိန္ဒုအရွယ်ပမာဏကား ဥဒေါင်းမျက်ကွင်းပမာဏ, ကြမ်းပိုး ကျောက်ကုန်းပမာဏ ရှိစေရမည်။ ထိုကပ္ပဗိန္ဒုအလယ်၌ ဝလုံးကဲ့သို့ ကွက်လပ် မရှိစေရ။ တစ်ပြင်တည်းဖြစ်ပြီး ဝိုင်းဝိုင်းကလေး ဖြစ်စေရမည်။ နှစ်လုံး သုံးလုံး စသည်ဖြင့် စီတန်း၍ ထိုးသော ပါဠိကပ္ပခေါ် ကပ္ပဗိန္ဒုမျိုး, ကျားနားဍောင်းကဲ့သို့ သုံးပွင့်ဆိုင် ဆိုင်၍ ထိုးသော ကဏ္ဏိကကပ္ပခေါ် ကပ္ပဗိန္ဒုမျိုး စသည်တို့ကား မအပ်။ တစ်ပါးသော ဖောက်ဖောက်ပြန်ပြန် လှလှပပ ပြု၍ လည်း မထိုးကောင်း၊ တစ်ထောင့်လျှင် တစ်ပြောက်သာ ထိုးရမည်။ တစ်ကြိမ် ထိုးပြီးလျှင် ဗိန္ဒုပျက်သွားစေကာမူ ထပ်၍ ထိုးဖွယ် မလိုတော့ပြီ။
(ဆောင်) ကြမ်းပိုး ပိဋ္ဌိ၊ ဒေါင်းမျက်စိ၊ ထိုးဘိ ကပ္ပဗိန္ဒုတည်း။
အများ မအပ်၊ တစ်သာ အပ်၊ ထိုးအပ် ဝိုင်းဝိုင်းတည်း။
ဘုရားလက်ထက်တော်၌ တိတ္ထိများနှင့် ရဟန်းများ ခရီးအတူသွားစဉ် ဓားပြတို့က အဝတ်သင်္ကန်းတို့ကို လုယူပြီးနောက် မင်းမှုထမ်းတို့ ဖမ်းဆီး၍ ပြန်ရသည့်အခါ တိတ္ထိတို့ အဝတ်နှင့် မိမိတို့သင်္ကန်းကို ရဟန်းများ မခွဲခြားနိုင်သောကြောင့် တိတ္ထိတို့အဝတ်နှင့် ခွဲခြားခြင်းအကျိုးငှာ ရဟန်းများ၏ သင်္ကန်းကို ကပ္ပဗိန္ဒုခေါ် အပြောက်တစ်မျိုးဖြင့် မှတ်သားထားစေတော်မူခြင်း ဖြစ်ပါသည်။
အာပတ်အဆင့်ဆင့် သင့်ပုံ
ကပ္ပဗိန္ဒု မထိုးသည်၌ တိကပါစိတ်၊ ထိုးပြီးသည်၌ ဒုကဒုက္ကဋ်၊ ကပ္ပဗိန္ဒုပျက်သွားသော သင်္ကန်း၊ ကပ္ပဗိန္ဒုထိုးရာအရပ် ဆွေးမြည့်ပျက်စီးသော သင်္ကန်း၊ ကပ္ပဗိန္ဒုထိုးသော သင်္ကန်းနှင့် မထိုးသော သင်္ကန်း ထပ်၍ ချုပ်သော သင်္ကန်း၊ နောက်မှ အနားပတ်တင်သော သင်္ကန်းကို ဝတ်သော ရဟန်း၊ ရူးသော ရဟန်းတို့အား အာပတ်မသင့်။
၉။ ဝိကပ္ပနာသိက္ခာပုဒ် အဓိပ္ပာယ်
ဝိဂတာ ကပ္ပနာ ဝိကပ္ပနာ၊ မိမိဥစ္စာအဖြစ်မှ ကင်းအောင်ပြုလုပ်ခြင်းကို ဆိုသည်။ မိမိသင်္ကန်း (မိမိသပိတ်)ဟု အမှတ်မထားတော့ဘဲ သီတင်းသုံးဖော် တစ်ပါးပါးအား ပေးလိုက်သောအခါ ကိုယ်ဥစ္စာအမှတ်မှ ကင်းသွားတော့ သဖြင့် သီတင်းသုံးဖော်အား ပေးခြင်းကိုပင် ဝိကပ္ပနာပြုခြင်းဟု ခေါ်သည်။ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ မိမိဥစ္စာ မဟုတ်တော့ရကား သင်္ကန်း သပိတ်စသည် ရပြီး (၁၀)ရက် လွန်သော်လည်း နိဿဂ္ဂိမထိုက်တော့ပြီ။
ဝိကပ္ပနာပြုပုံ (၂) မျိုး
သမ္မုခဝိကပ္ပနာ၊ ပရံမုခဝိကပ္ပနာဟု ဝိကပ္ပနာ နှစ်မျိုး ရှိ၏၊
သမ္မုခဝိကပ္ပနာ၌လည်း (က) မိမိပေးလိုရာ သီတင်းသုံးဖော်က အနီးမှာရှိစဉ် တိုက်ရိုက်ပြုရသော သမ္မုခဝိကပ္ပနာ၊ (ခ) မိမိပေးလိုရာ သီတင်းသုံးဖော်က အဝေးမှာရှိစဉ် နာမည်ကို ယူ၍ ဝိကပ္ပနာပြုရသော သမ္မုခဝိကပ္ပနာဟု နှစ်မျိုး ရှိ၏၊ ပရမ္မုခဝိကပ္ပနာကား အပြားမရှိ တစ်မျိုးတည်းသာ ရှိသည်။
သမ္မုခနှင့် ပရမ္မုခ ရှင်းလင်းချက်
သမ္မုခေ ပဝတ္တာ ဝိကပ္ပနာ သမ္မုခဝိကပ္ပနာ ဟူသည်နှင့်အညီ မျက်မှောက်၌ ဖြစ်သော သမ္မုခဝိကပ္ပနာတစ်မျိုး၊ ပရမ္မုခေ ပဝတ္တာ ဝိကပ္ပနာ ပရမ္မုခဝိကပ္ပနာဟူသည်နှင့်အညီ မျက်ကွယ်ဖြစ်သော ပရမ္မုခဝိကပ္ပနာ တစ်မျိုးဟု ဝိကပ္ပနာနှစ်မျိုး ပြား၏၊
တစ်နည်း - “သမ္မုခေန ဝိကပ္ပနာ သမ္မုခဝိကပ္ပနာ” သင်္ကန်းပိုင်ရှင်ကိုယ်တိုင် မိမိနှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းတစ်မျိုး “ပရမ္မုခေန ဝိကပ္ပနာ၊ ပရမ္မုခဝိကပ္ပနာ” ဝိနည်းဓိုရ်ဟူသော ရဟန်းတစ်ပါးထံ အပ်နှံ၍ ဝိနည်းဓိုရ်ဟူသော သူတစ်ပါး၏ နှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းတစ်မျိုးဟု နှစ်မျိုး ပြား၏၊
အနီးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ
သင်္ကန်းရှင်က ဥုးတိဿအား ပေးလိုလျှင် ဥုးတိဿထံ ချဉ်းကပ်၍ သင်္ကန်းတစ်ထည်ကို ကိုင်၍ဖြစ်စေ, အနီး၌ ချ၍ဖြစ်စေ “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ဆိုပါ။ သင်္ကန်းများနေလျှင် “ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိဟု ဆို။ သင်္ကန်းက အနီးမှာ မရှိလျှင် အဝေးရှိရာကို ပြောပြ၍ (မည်သည့် နေရာမှာ မည်သည့်သင်္ကန်းရှိပါသည်ဟု ပြောပြ၍) ဣမံ နေရာဝယ် ဧတံ၊ ဣမာနိ နေရာဝယ် ဧတာနိဟု ပြောင်း၍ ဆိုပါ၊ [ဣမံ စီဝရံ = ဤသင်္ကန်းကို၊ တုယှံ = သင့်အား (အရှင်ဘုရားအား)၊ ဝိကပ္ပေမိ = အာသာကင်းပြတ် အပ်စပ်အောင် ဝိကပ္ပနာပြုပါ၏ဟု အနက်ပေး။]
ဝိကပ္ပနာပြုရခြင်းအကျိုး
ဤသို့ ရဟန်းတစ်ပါးနှင့် တိုက်ရိုက် ဝိကပ္ပနာပြုရုံမျှဖြင့် မိမိနေရာ၌ ပြန်ယူသိမ်းထားရုံကား အပ်၏၊ ဆယ်ရက်လွန်သော်လည်း နိဿဂ္ဂိမဖြစ်နိုင်ခြင်း အကျိုးရှိ၏၊ သုံးဆောင်ခြင်း စွန့်ခြင်း အဓိဋ္ဌာန်တင်ခြင်းငှာ မအပ်၊ ပစ္စုဒ္ဓိုရ် မပြန်သေးသော (ဝိကပ္ပနာ မပြန်သေးသော) သင်္ကန်းကို သုံးဆောင် အံ့၊ ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်သည်။ စွန့်ခြင်းကို ပြုလျှင် ဒုက္ကဋ်အာပတ် သင့်သည်။
ဥုးတိဿက ပစ္စုဒ္ဓိုရ်ပြုရမည် (ဝါ) ဝိကပ္ပနာပြန်ရမည် ဖြစ်သည်။ ပစ္စုဒ္ဓိုရ် ပြုသင့်လျက် မပြုလျှင် ဥုးတိဿအား ဒုက္ကဋ်အာပတ်သင့်၏၊
ပစ္စုဒ္ဓိုရ်ပြုပုံ
ထိုကြောင့် ဦးတိဿက ဝိကပ္ပနာပြုထားသော သင်္ကန်းကိုကိုင်၍ဖြစ်စေ, အနီး၌ ချထား၍ဖြစ်စေ “မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိသဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ်ပြုရမည်၊ မယှံ = ငါ၏ (တပည့်တော်၏)၊ သန္တကံ = ဥစ္စာကို၊ (ဥစ္စာဖြစ်သော သင်္ကန်းကို) ပရိဘုဉ္ဇ ဝါ = သုံးစွဲမူလည်း သုံးစွဲပါ၊ ဝိသဇ္ဇေဟိ ဝါ = စွန့်လိုမူလည်း စွန့်ပါ။ ယထာပစ္စယံ = အကြောင်းအားလျော်စွာ (ဝါ) အလိုရှိသလို။ ကရောဟိ = ပြုပါ။ သင်္ကန်းများလျှင် “မယှံ သန္တကာနိ”ဟု ဆိုရမည်၊ ဤသို့ ပစ္စုဒ္ဓိုရ်ပြုပြီးသည်အခါ ထိုသင်္ကန်းကို မူလသင်္ကန်းရှင်က အလိုရှိသလို ပြုနိုင်ပြီ။
အဝေးနေသူအား သမ္မုခဝိကပ္ပနာပြုပုံ
မိမိပေးလိုသော ပုဂ္ဂိုလ်က အဝေး (အခြားကျောင်းတိုက်)၌ ဖြစ်နေလျှင် ဝိနည်းဓိုရ် တစ်ပါးပါးထံ သွား၍ မိမိပေးလိုရာ ပုဂ္ဂိုလ်၏ အမည်ကို လျှောက်ထားပြီးနောက် (ဥပမာ - မည်သည့် အရပ်၌နေသူ ဥုးသုမနအား ပေးလိုပါသည်ဟု လျှောက်ထားပြီးနောက်) “ဣမံ စီဝရံ သုမနဿ ဘိက္ခုနော ဝိကပ္ပေမိ”ဟုဆို၍ ဝိကပ္ပနာပြုရမည်။ ထို့နောက် ဝိနည်းဓိုရ်ကပင် “သုမနဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိသဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ် ပြုပေးရမည်။ ဤသို့ ပြုပေးသည်မှ စ၍ သုံးဆောင်ခြင်းစသည် ပြုနိုင်၏၊ ဤနေရာ၌ သတိထားရန်မှာ သင်္ကန်းပေးခံရသူ ဥုးသုမနမှာ သိရုံပင် မသိလိုက် မူလသင်္ကန်းရှင်မှာကား အာပတ်မှ ကင်းလွတ်ခွင့်ရခြင်း ပြန်လည်သုံးဆောင်ရခြင်း စသည်မှာကား အားလုံးရသည်။ ဤနည်းအတိုင်း သင်္ကန်း အများ, အဝေး, ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေရီတို့အားလည်း ပေးခွင့်ရှိသည်။
ပရမ္မုခဝိကပ္ပနာပြုပုံ
မိမိကိုယ်တိုင် (သင်္ကန်းရှင်)က ဝိကပ္ပနာပြုနည်းကို နားမလည်၊ နားလည်သော်လည်း ပါးစပ်နာခြင်း, ဖျားနေခြင်းစသော အကြောင်းတစ်ခုခုကြောင့် နားလည်သူ ဝိနည်းဓိုရ် တစ်ပါးတစ်ပါးထံ “ဣမံ စီဝရံ တုယှံ ဝိကပ္ပနတ္ထာယ ဒမ္မိ”ဟု ပါဠိလိုဖြစ်စေ, “ဤသင်္ကန်းကို ဝိကပ္ပနာပြုရန် အရှင်အား ပေးပါ၏ဟု မြန်မာလိုဖြစ်စေ ဝိကပ္ပနာပြုဖို့ရန် ပေးရမည်။ ထိုအခါ ဝိနည်းဓိုရ်က “အရှင် ပေးလိုရာ သီတင်းသုံးဖော်ကို ညွှန်ပြပါ”ဟု ဆိုလျှင် “မည်သည့် ကျောင်းနေ ဥုးတိဿတဲ့” စသည်ဖြင့် ညွှန်ပြရမည်။ ၎င်းနောက် ဝိနည်းဓိုရ်ကပင် “အဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဒမ္မိ”ဟု ဆို၍ ဝိကပ္ပနာပြုရမည်။ ထို့နောက် ဝိနည်းဓိုရ်ကပင် “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိသဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုပေးရမည်။ ဘိက္ခုနီစသည်အား ပေးလိုလျှင်လည်း တိဿာယ ဘိက္ခုနိယာ တိဿဿ သာမဏေရဿ စသည်ဖြင့် အလိုရှိရာ သီတင်းသုံးဖော်တို့၏ အမည်ကို ထည့်၍ ဆိုကာ ပစ္စုဒ္ဓိုရ်ပြုပေးရမည်။ (ဝါ) ဝိကပ္ပနာပြန်ပေးရမည်။ ထိုအခါမှ စ၍ သုံးဆောင်ခြင်းစသည် အပ်ပြီ။
ဝိကပ္ပနာနှစ်ခု အထူး
ကိုယ်တိုင် ဝိကပ္ပနာပြု၍ ဝိနည်းဓိုရ်က ပစ္စုဒ္ဓိုရ်ပြန်သည်ကား သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ်က ဝိကပ္ပနာပြု၍ ဝိနည်းဓိုရ်ပင် ပစ္စုဒ္ဓိုရ်ပြန်သည်ကား ပရမ္မုခဝိကပ္ပနာ မည်၏၊ ဤကား သမ္မုခနှင့် ပရမ္မုခ ဝိကပ္ပနာနှစ်ခု အထူးတို့တည်း။
ဝါဒအထူး
တချို့ကား သီတင်းသုံးဖော် ငါးယောက်စလုံးထံ ဝိကပ္ပနာပြုကောင်းကြောင်း ဆိုကြ၏၊ မသင့်၊ သီတင်းသုံးဖော် ငါးယောက်၏ အမည်မျှကိုသာ ယူ၍ ရဟန်းအချင်းချင်းထံ၌သာ ဝိကပ္ပနာပြုကောင်းသည်ဟု မှတ်။
(ဆောင်) ပရမ္မုခ၊ သမ္မုခ၊ နှစ်ဝ ဝိကပ္ပနာ။
တိုက်ရိုက်မည် ယူ၊ ပြုတုံမူ၊ နှစ်ဆူ သမ္မုခါ။
ပရမ္မုခ၊ ပြား မရ၊ ဧက တစ်ခုသာ။
တစ်ထည် အများ၊ နီးဝေး ထားဟု၊ ပြားသမှု၊ မှတ်ရှု ဝိကပ္ပနာ။
ကိုယ်တိုင် ဝိပြု၊ ဝိပစ် ပြု၊ မှတ်ရှု သမ္မုခါ။
ဝိတစ်ပါးက၊ နှစ်မျိုးမျှ၊ ပြုက ပရမ္မုခါ။
ဝိကပ်နှစ်ဝ၊ တူပုံပြ၊ မှတ်ကြ သဇ္ဇနာ။
အာပတ်သင့်ပုံ
ပစ္စုဒ္ဓိုရ်မပြုသည်၌ တိကဒုက္ကဋ်၊ ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ဒုကဒုက္ကဋ်၊ ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ပစ္စုဒ္ဓိုရ်ပြု၏ဟု အမှတ်ရှိသော ရဟန်း, အကျွမ်းဝင်သဖြင့် သုံးဆောင်သော ရဟန်း, ဥမ္မတ္တကရဟန်း စသည်တို့အား အာပတ်မသင့်။
၁၀။ စီဝရာပနိဓာနသိက္ခာပုဒ် အဓိပ္ပာယ်
ရဟန်းပိုင် အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သင်္ကန်း, သပိတ်, နိသီဒိုန်, ခါးပန်း, အပ်ကျည်တို့ကို ဝှက်ထားလျှင် သူတစ်ပါးကို အဝှက်ခိုင်းထားလျှင် ဥစ္စာရှင်ရဟန်း ဟိုရှာဒီရှာ ပြူးတူးပြာတာ ဖြစ်နေသည်ကို ကြည့်ကာ ကျီစယ် ရယ်ရွှင်လိုသောကြောင့်ဖြစ်စေ ဝှက်ထားလျှင် ပါစိတ်၊ ဟသာပေက္ခောပိ၌ ပိသဒ္ဒါဖြင့် ထေယျစိတ် မရှိဘဲ အမျက်ထွက်၍ ဆင်းရဲဒုက္ခရောက်စေလိုခြင်း ကျေးဇူးမဲ့ကို ပြောလိုခြင်းတို့ကို ပေါင်းယူသည်။ အောက်ထစ်ဆုံး ရယ်ရွှင်လို၍ သိုဝှက်သော်လည်း ပါစိတ် ဟူ၏၊
ပတ္တစသည်မှတစ်ပါး အခြားသော ပရိက္ခရာ, သပိတ်အိတ်စသည်ကို ဝှက်ထားလျှင်လည်းကောင်း၊ လူ, သာမဏေတို့ ပစ္စည်းကို ဝှက်ထားလျှင်လည်းကောင်း ဒုက္ကဋ်၊ စေခိုင်းမှု အာဏိတ္တိ၌ ဒုက္ကဋ်၊ စေခိုင်းအပ်သူက ဝှက်ထားမူ ပါစိတ်၊ မတော်မလျော် ပစ်ထားသည်ကို သိမ်းထားလျှင်လည်းကောင်း၊ ဆုံးမလို၍ ခေတ္တခဏ ဝှက်ထားလျှင်လည်းကောင်း အာပတ်မသင့်။
အာပတ်သင့်ပုံ
ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ မကောင်းသဖြင့် ထားသည်ကို သိမ်းဆည်းသိုမှီးပေးသောရဟန်း, တရားဟော ဆုံးမပြီးမှ ပြန်ပေးအံ့ဟု ယူထားသောရဟန်း ဥမ္မတ္တက စသည်တို့အား အာပတ်မသင့်။