ဝိနည်းဥပဒေတော်ကြီး/ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ညွှန်ကြားချက်
၆၈။ မော်လမြိုင်မြို့၊ မြို့ဝ မဟာသတိပဋ္ဌာန်ကျောင်း၊ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ညွှန်ကြားချက်
ပါတိ သဒ္ဓါ၊ ဣန္ဒာ သတိ၊ ဝီရိ အာဇီ၊ ပစ္စည်း ပညာ၊
လေးဖြာ ဗိုလ်မှူး၊ အထူးကောင်းမှ၊ သီလ လေးဝ၊ လုံခြုံကြသည်။
(က) ပါတိမောက္ခ သံဝရသီလကို သဒ္ဓါတရား ထက်သန်သူမှ ရိုသေလေးမြတ် စွာ ကျင့်နိုင်သည်။
(ခ) ဣန္ဒြိယ သံဝရသီလကို သတိတရားထက်သန် ပြဋ္ဌာန်း၍ တဏှာ ၆-ပါး ငြိမ်းအောင်ပြုသူမှ ရိုသေလေးမြတ်စွာ ကျင့်နိုင်သည်။
(ဂ) အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယတရား ခိုင်မြဲ ထက်သန်မှ ရိုသေလေးမြတ်စွာ ကျင့်နိုင်သည်။
(ဃ) ပစ္စယသန္နိဿိတသီလကို ပညာတရား ပြဋ္ဌာန်းသူမှ ရိုသေလေးမြတ်စွာ ကျင့်နိုင်သည်။
အထက်တန်းသို့ တက်လှမ်းရန် ညွှန်ကြားချက်
သီလံ နိဿာယ သီလေ ပတိဋ္ဌာယ စတ္တာရော သတိပဋ္ဌာနေ ဘာဝေ ယျာသိ။
သီလံ = သီလကို။ နိဿာယ = မှီ၍။ သီလေ = သီလ၌။ ပတိဋ္ဌာယ = တည်စေပြီး၍။ စတ္တာရော = လေးပါးကုန်သော။ သတိပဋ္ဌာနေ = သတိပဋ္ဌာန် တရားမြတ်တို့ကို။ ဘာဝေယျာသိ = မြဲမြံရှေ့ထား စိတ်အားသန်စွာ ပွားစေရာ၏၊ (ဝါ) ပွားစေဦးလော့။
ဣမေသံ ခေါ ဘိက္ခဝေ ပဉ္စန္နံ နီဝရဏာနံ ပဟာနာယ စတ္တာရော သတိပဋ္ဌာနာ ဘာဝေတဗ္ဗာ။
ဘိက္ခဝေ = သံသရာဘေး လာမည့်ရေးကို မျှော်တွေးကြောက်ငြား ချစ်သား တို့ ...။ ခေါ = မလွဲဧကန် စင်စစ်မှန်၏၊ ဣမေသံ ပဉ္စန္နံ = ဤငါးပါးကုန်သော။ နီဝရဏာနံ = ကာမစ္ဆန္ဒနီဝရဏ, ဗျာပါဒနီဝရဏ, ထိနမိဒ္ဓနီဝရဏ, ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ, ဝိစိကိစ္ဆာနီဝရဏတို့ကို။ ပဟာနာယ = ပယ်ခြင်းငှာ။ စတ္တာရော သတိပဋ္ဌာနာ = လေးပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို။ ဘာဝေတဗ္ဗာ = မနားမရပ် မလစ်လပ်ရအောင် ရှုမှတ်ပွားများအပ်ကုန်၏၊
ဣမေသံ ခေါ ဘိက္ခဝေ ပဉ္စန္နံ ဂတီနံ ပဟာနာယ စတ္တာရော သတိပဋ္ဌာနာ ဘာဝေတဗ္ဗာ။
ဘိက္ခဝေ = ချစ်သားတို့။ ခေါ = မလွဲဧကန် စင်စစ်မှန်၏၊ ဣမေသံ ပဉ္စန္နံ = ဤငါးပါးကုန်သော။ ဂတီနံ = နိရယဂတိ, တိရစ္ဆာနဂတိ, ပေတဂတိ, ဒေဝဂတိ, မနုဿဂတိ ဟူသော ဂတိငါးပါးတို့ကို။ ပဟာနာယ = ပယ်ခြင်းငှာ။ စတ္တာရော သတိပဋ္ဌာနာ = လေးပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို။ ဘာဝေတဗ္ဗာ = မနားမရပ် မလစ်လပ်ရအောင် အကြိမ်ကြိမ်အထပ်ထပ် ရှုမှတ်ပွားများအပ် ကုန်၏၊
ဤကား စာရေးသူ၏ ဓမ္မအာစရိယ ဖြစ်တော်မူသော အတ္တဟိတ ပရဟိတ ပစ္စုပ္ပန်သံသရာ အကျိုးကို လိုလားတော်မူသော မော်လမြိုင်မြို့၊ မြို့ဝ မဟာသတိ ပဋ္ဌာန်ကျောင်း၊ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး (ဦးပဏ္ဍဝ၏ ညွှန်ကြား ချက်တည်း။
အမှာ။ ။ ကံ, စိတ်, ဥတု, အာဟာရ အကြောင်းလေးခု ကျေးဇူးပြု၍ ဖြစ်သော ရုပ်ခန္ဓာသည် မြန်စွာခဏ ဖြစ်ကပျက်ပြန် မီးလျှံအသွင် ရေယဉ်ပမာ ဘယ်ခါမစဲ ဖြစ်ပျက်မြဲတည်း ဟူသော အဆိုသည် နှုတ်ဖြင့် မြွက်ဆို၍ စိတ်ဖြင့် ကြံစည်မှန်းဆ၍ တွေ့ခြင်းမျိုးကို ဆိုလိုသည်မဟုတ်။ လက်တွေ့ အလုပ်သဘော ဖြင့် ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်၍ သမာဓိအရှိန်ဖြင့် တွေ့ခြင်းမျိုးကိုသာ ဆိုလိုရင်း ဖြစ်သည်။ သို့ဖြစ်၍ လက်တွေ့အလုပ်သဘောဖြင့် ခန္ဓာကိုယ် ဖြစ်ပျက်ပုံကို ထင်ထင်ရှားရှား တွေ့မြင်လေအောင် အာနာပါနကို မူတည်၍ သတိပဋ္ဌာန် ရှုမှတ်သောနည်းဖြင့် ခန္ဓာကိုယ်ဖြစ်ပျက်ပုံကို အဓိကထား၍ စူးစူးစိုက်စိုက် ရှုမှတ်တော်မူကြပါကုန်။
ဆောင်။ ။ ၁။ မဂ္ဂင်ဖောင်ကြီး၊ မျှောကာစီး၊ ခရီးနိဗ္ဗာန် ရောက်မည်မှန်။
၂။ အမှတ်တရား၊ လက်ကိုင်ထား၊ မလားအပါယ် သေချာတယ်
၃။ သေဖို့နီးပြီ၊ မသေမီ၊ အချိန်ရှိခိုက် လုံ့လစိုက်။
၄။ သေဖို့နီးလေ၊ ပို၍ ကြိုးစားဖို့ လိုလေ။