ဝိနည်းဥပဒေတော်ကြီး/ထုလ္လစ္စဉ်းအာပတ်
နောက်ဆက်တွဲ
၁၉။ ထုလ္လစ္စဉ်းအာပတ်
ကျဉ်းသော မဂ်ဝရှိသော သတ္တဝါ၏ မဂ်၌ မေထုန်မှုပြုခြင်း၊ သတ္တဝါတို့၏ အင်္ဂါဇာတ်ကို မိမိအင်္ဂါဇာတ်ဖြင့် မသွင်းဘဲ တို့ရုံ တို့ခြင်း၊ မေထုန်ရာဂဖြင့် မိန်းမ နိမိတ်ကို မိမိမုခဖြင့် တို့ခြင်း၊ သံဃိကဂရုဘဏ်ပစ္စည်းကို သံဃာအား မပန်ကြား အစိုးတရ သူတစ်ပါးအား ပေးခြင်း၊ [သံဃာသဘောတူပင်ဖြစ်သော်လည်း ဒုက္ကဋ်၊ ထေယျစိတ်ဖြင့် ဒုတိယပါရာဇိကသိက္ခာပုဒ်၌ ပြဆိုထားသော ထိုရွှေစင်တမတ် တန်ဖိုးရှိသော ပစ္စည်းကို ချီကြွမိသော် ပါရာဇိကအာပတ် သင့်၏၊] သံဃိက ဂရုဘဏ်ပစ္စည်းဖြစ်သော (၁)အရံ, အရံရာတို့လည်းကောင်း၊ (၂) ကျောင်း, ထိုကျောင်း၏ အရာလည်းကောင်း၊ (၃) ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့လည်းကောင်း၊ ဘုံလျှိုဟု ခေါ်သော မွေ့ရာ, မှီအုံး ခေါင်းအုံး စသော အိပ်ရာနေရာလည်းကောင်း၊ (၄) ကြေးအိုး, ကြေးဖျဉ်းလည်းကောင်း၊ ကြေးအိုးစရည်းကြီး, ကြေးအင်တွဲလည်းကောင်း၊ ဓားမ, ပဲခွပ်, ပုဆိန်, ပေါက်တူး, ဆောက်လည်းကောင်း၊ (၅) နွယ်လည်းကောင်း, ဝါးလည်းကောင်း, မြက်သက် ငယ်, သစ်ရွက်, ဖြူဆံမြက်, ပြိတ်မြက်, မြေညက်, သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ လည်းကောင်း၊ ဤအစုအားဖြင့် ငါးပါး၊ သရုပ်အားဖြင့် နှစ်ဆယ့်ငါးပါး၊ အစိတ် အားဖြင့် များစွာကုန်သော ဘဏ္ဍာတို့ကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်တို့သည် မဝေဖန် အပ်ကုန်။ ဝေဖန်သော ရဟန်းအား ထုလ္လစ္စဉ်းအာပတ်သင့်၏၊ ထိုဘဏ္ဍာတို့ကို သံဃာစသည် ဝေဖန်အပ်ကုန်သော်လည်း ဝေဖန်အပ်သည် မမည်ကုန်၊ မဝေဖန် ရာ။ လေးလှစွာသော ဘဏ္ဍာတို့ဟူ၍ ဆိုအပ်ကုန်၏၊ စွန့်အပ်ကုန်သောလည်း စွန့်အပ်သည် မမည်ကုန်။ [ဤထက်အကျယ် သိလိုလျှင် ဦးဗုဓ်မူနှင့် မိုးထိမူ ‘ခုဒ္ဒသိက္ခာ နိဿယ၊ အဝေဘင်္ဂိယ နိဒ္ဒေသတို့၌ ရှု။] ခြင်ထောင်သည်လည်း အထက်၌ ပြဆိုခဲ့သော အစုအားဖြင့် ငါးပါးတို့တွင် အမှတ် (၂)အစု၌ အကျုံးဝင် သည်ဟု စူဠဝါဘာသာဋီကာ၊ ခုဒ္ဒကဝတ္ထုက္ခန္ဓက အဋ္ဌကထာ၊ နှာ-၁၅၁ ၌ ဆို၏၊
အပ်သော သားရေကို ဝေဖန်အပ်၏၊ သို့သော် အခင်းနှင့် အလားတူသော သိုးရေကို မဝေဖန်အပ်။ မဉ္စ ပီဌ (ညောင်စောင်း, အင်းပျဉ်)စသော ဂရုဘဏ်ပစ္စည်းကို မဉ္စ စသော ဂရုဘဏ်ပစ္စည်းဖြင့် ဖလှယ်ရာ၏၊ အရံစသော ထာဝရကိုကား အရံစသော ထာဝရဖြင့် ဖလှယ်ရာ၏၊ ထိုသို့ ဖလှယ်ခြင်းကို ပြု၍လည်း သုံးဆောင်ရ၏၊ နွယ် စသည်ကို တပိုး တိုးပွားသော အမှုဖြင့် ယူရာ၏၊
ကုန်သွယ်ခြင်း၊ ကြွေးမြီချခြင်း၊ လူသားကို စားခြင်း၊ မိမိအင်္ဂါဇာတ်ကို ဖြတ်ခြင်း၊ ဒုတိယပါရာဇိက၏ သာမန္တအမှုကို ပြုခြင်း၊ တတိယပါရာဇိက၏ သာမန္တအမှုကို ပြုခြင်း၊ စတုတ္ထပါရာဇိက၏ သာမန္တအမှုကို ပြုခြင်းဟူသော အကြောင်းကြောင့်ဖြစ်သော အာပတ်တို့သည် ထုလ္လစ္စဉ်းအာပတ်ချည်းတည်း။ ဤမှ တစ်ပါးသော ထုလ္လစ္စဉ်းအာပတ်တို့လည်း အများပင် ရှိသေး၏၊
မြင်းသရိုက် (ဘရင်ဂျီဘဂန္ဒိုလ်)နာနှင့် ပတ်သက်၍ “ရဟန်းတို့ ...ကျဉ်းမြောင်းရာ အရပ်၌ အရေသည် သိမ်မွေ့၏၊ အမာသည် အသားနု တက်ခဲ၏၊ ဓားခွဲရန် ခဲယဉ်း၏၊ “ရဟန်းတို့ ...ကျဉ်းမြောင်းရာ အရပ်၏ အနီးဖြစ်သော လက်နှစ်သစ်သော အရပ်မှ ဓားခွဲမှုကိုလည်းကောင်း၊ ကျပ်စည်းမှုကိုလည်းကောင်း မပြုစေအပ်၊ ပြုစေသော ရဟန်းအား ထုလ္လစ္စဉ်းအာပတ်သင့်၏”ဟု မိန့်တော်မူ၏၊ [မဟာဝါ၊ ဘေသဇ္ဇက္ခန္ဓက။]