ဝိနည်းဥပဒေတော်ကြီး/ဒုက္ကဋ် ၈-မျိုး
၂၁။ ဒုက္ကဋ် ၈-မျိုး
ဒုက္ကဋ်သည် ပုဗ္ဗပယောဂဒုက္ကဋ်, သဟပယောဂဒုက္ကဋ်, အနာမာသဒုက္ကဋ်, ဒုရူပစိဏ္ဏဒုက္ကဋ်, ဝိနယဒုက္ကဋ်, ဉာတဒုက္ကဋ်, ဉတ္တိဒုက္ကဋ်, ပဋိဿဝဒုက္ကဋ် အားဖြင့် ၈-ပါးတည်း။ ထိုတွင် ခိုးသည်မှ ရှေ့အဖို့၌ သင့်သော ဒုက္ကဋ်သည် ပုဗ္ဗပယောဂဒုက္ကဋ် မည်၏၊ မေထုန်မှု မဖြစ်မီ ရှေ့အဖို့၌ သင့်သော အာပတ်သည်လည်း ဤ၌ ဝင်ကောင်း၏၊ ခိုးသည်နှင့် တကွသော ဒုက္ကဋ်သည် သဟပယောဂဒုက္ကဋ် မည်၏၊ ရတနာ ဆယ်ပါး, စပါးမျိုး ခုနစ်ပါး, လက်နက်ဟူသမျှ, တူရိယာမျိုး, မိန်းမရုပ် စသည်များကို သုံးသပ်မိခြင်းကြောင့် သင့်သော ဒုက္ကဋ် သည် အနာမာသဒုက္ကဋ် မည်၏၊ သစ်ပင်၌ တည်ရှိသော စားဖွယ် အသီး အရွက်တို့ကို ကိုင်မိခြင်းကြောင့် သင့်သော ဒုက္ကဋ်သည် ဒုရူပစိဏ္ဏဒုက္ကဋ် မည်၏၊ ဆွမ်းခံစဉ် မြူကျသော ဆွမ်းရှိသော သပိတ်ကို တဖန်အကပ်မခံဘဲ ဆွမ်းဆက်ခံခြင်းကြောင့် သင့်သောဒုက္ကဋ်သည် ဝိနယဒုက္ကဋ် မည်၏၊ သင်းခွဲခြင်းငှာ လုံ့လပြုသော ရဟန်းအား မဆိုခြင်းကြောင့် သင့်သော ဒုက္ကဋ်သည် ဉာတဒုက္ကဋ် မည်၏၊ သံဃာသည် ဉတ်ကမ္မဝါစာဖြင့် ဆုံးမသောအခါ ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်သည် ဉတ္တိဒုက္ကဋ် မည်၏၊ ဤကျောင်း၌ ဝါဆိုအံ့ဟု ဝန်ခံပြီးမှ ဝါ, မဆိုခြင်းကြောင့် သင့်သော ဒုက္ကဋ်သည် ပဋိဿဝဒုက္ကဋ် မည်၏၊ ဤသို့လျှင် (၈)ပါး ဖြစ်သည်။
ဤမှတစ်ပါးလည်း ရေအိမ်သို့ ရှေးဦးစွာ ဝင်မည့် ရဟန်းကို မြစ်၍ မိမိ အလျင်ဝင်ခြင်း၊ ရေဆိပ်သို့ ရှေးဦးစွာ သက်မည့် ရဟန်းကို မြစ်၍ မိမိ အလျင်သက်ခြင်း၊ ဆွမ်းခံရွာသို့ ရှေးဦးစွာ ဝင်မည့် ရဟန်းကို မြစ်၍ မိမိ အလျင်ဝင်ခြင်း၊ သီတင်းကြီး မတိုက်တွန်းဘဲလျက် ပါတိမောက်ပြခြင်း၊ ခွင့်မပန် ဘဲလျက် သီတင်းကြီးအား ပြဿနာမေးခြင်း၊ သီတင်းကြီး လာရာတွင် နေရာမှ မထခြင်း၊ သီတင်းကြီးနှင့် တစ်ခန်းတည်း၌နေလျှင် ၎င်းကို မပန်ဘဲ သရဇ္ဈာယ်ခြင်း, ဆီမီးညှိခြင်း, လေသွန်တံခါးစသည်ကို ဖွင့်ခြင်း ပိတ်ခြင်း၊ မိစ္ဆာအယူရှိသော ရဟန်းကို ရှိခိုးခြင်း၊ ဥက္ခိတ္တကရဟန်းကို ရှိခိုးခြင်း၊ ပရိဝါသ်ဆောက်တည်ဆဲ ရဟန်း, အရင်းသို့ ငင်ထိုက်သော ရဟန်း, မာနတ်ကျင့်ဆဲ ရဟန်း, မာနတ်ပေး ထိုက်သော ရဟန်း, အဗ္ဘာန်သွင်းထိုက်သော ရဟန်း, ဤ ကမ္မာရဟရဟန်း (၅)မျိုးကို ရှိခိုးခြင်း၊ အဝတ် မကပ်သော ရဟန်းကို ရှိခိုးခြင်း၊ အဝတ် မကပ်ဘဲ သီတင်းကြီးကို ရှိခိုးခြင်း၊ အဝတ် မကပ်ဘဲ ခရီးသွားခြင်း၊ အဝတ် မကပ်ဘဲ စားခြင်း, သောက်ခြင်း၊ ဝိနည်း၌ မသိ, မလိမ္မာဘဲလျက် ဥပဇ္ဈာယ်ဆရာ နိဿယည်းဆရာ ပြုခြင်း၊ အလဇ္ဇီရဟန်းတို့အား နိဿယည်းပေးခြင်း၊ နိဿယည်း ပေးတတ်သော ဆရာကို မမှီဘဲ နေခြင်း၊ အလဇ္ဇီရဟန်းတို့ကို အမှီနိဿယည်းပြု၍ နေခြင်း၊ အာပတ်မသင့်ဘဲလျက် ဒေသနာပြောခြင်း၊ ဝတ္ထုသဘောတူ သင့် သော အာပတ်ကို ဒေသနာပြောခြင်း၊ သံဃာဒိသေသ်အာပတ် မသင့်ဘဲလျက် ပရိဝါသ် မာနတ်ဆောက်တည်ခြင်း၊ ကံ မဟုတ်သည်ကို ကံပြုခြင်း၊ ဝုဋ္ဌာနကံ (သံဃာဒိသေသ်အာပတ်)ကို ဒေသနာကံပြုခြင်း၊ ဒေသနာကံအာပတ်ကို ဝုဋ္ဌာနကံ ပြုခြင်း၊ လက်ကတော့ ကိုယ်ဝတ် မတင်ဘဲ, ဆောင့်ကြောင့်မထိုင်ဘဲ, လက်အုပ်မချီဘဲ ဒေသနာပြောခြင်း၊ ဥပုသ် ပဝါရဏာပြုခြင်း၊ ဆရာဥပဇ္ဈာယ်တို့ အား ရှိခိုးခြင်း စသော ဝတ်ကို မပြုခြင်း၊ ပရိဝါသ်နေခြင်း စသော ကမ္မာရဟ အရာ၌ တည်စဉ် ရဟန်း, သာမဏေတို့၏ ဝတ်ကို သာယာခြင်း၊ ကမ္မာရဟပုဂ္ဂိုလ် တို့ ကျင့်ရာသော ဝတ်ကို မဖြည့်မကျင့်ခြင်း၊ ဝါလတိုင်လျက် ဝါမကပ်ခြင်း၊ သတ္တာဟကရဏီယ မပြုရာသည်၌ သတ္တာဟကရဏီယပြု၍ သွားခြင်း၊ ခွင့်ပြု အပ်သောအကြောင်း မရှိဘဲလျက် ဝဿစ္ဆေဒ (ဝါပြတ်ခြင်း)ကို ဖြစ်စေခြင်း၊ အလွှမ်းသုံးပါးတွင် တစ်ပါးပါး မရှိဘဲလျက် မိမွေးတိုင်း ရေချိုးခြင်း။ [အလွှမ်း သုံးပါးကား ပုဆိုးအလွှမ်း, ရေအလွှမ်း, အအုံအလွှမ်းတည်း။] ရေချိုးသောအခါ ကိုယ်ကို နံရံ၌ ပွတ်ခြင်း, တိုင်၌ ပွတ်ခြင်း, သစ်ပင်၌ ပွတ်ခြင်း, မှတ်ကျောက်မှုန့် ဖြင့် ပွတ်ခြင်း, တစ်ယောက်ကျောနှင့် တစ်ယောက်ပွတ်ခြင်း၊ ကိုယ်နံ့နံသူ မဟုတ်ဘဲလျက် ဆပ်ပြာမွှေးဖြင့် ရေချိုးခြင်း၊ ပကတိပုရိသ လက်တစ်ဆယ့်နှစ်သစ် (ဝဍ္ဎကီတွက်နည်းဖြင့် ယူသော် ၈-လက်မ)ထက် အလွန် ရှည်သောတံပူကို စားခြင်း၊ လက်ခြောက်သစ် (၄-လက်မ) အောက် ယုတ်သော (ဝါ) တိုသော တံပူကို စားခြင်း၊ နေလွဲသော အခါ၌ ပိပါသပစ္စယ (ဆာလောင်မွတ်သိပ်ခြင်း ဟူသော အကြောင်း) မရှိဘဲလျက် ဖျော်ရည်ကို သောက်ခြင်း၊ နေလွဲသော အခါ၌ ဂေလညပစ္စယ (အနာဟူသော အကြောင်း) မရှိဘဲလျက် သတ္တာဟကာလိကနှင့် ယာဝဇီဝိကဝတ္ထုတို့ကို မျိုခြင်း၊ ကွမ်း, လက်ဖက်စားခြင်း၊ ကြေးနီ စသည်ဖြင့် ပြုသော ပအုပ်၌ ဆွမ်းစားခြင်း၊ ရဟန်းနှစ်ပါး တစ်ခွက်တည်း၌ အတူစားခြင်း၊ ခုတင်တစ်ခုတည်း၌ အတူအိပ်ခြင်း၊ တစ်ခင်းတည်း ခင်း၍ အတူအိပ်ခြင်း၊ တစ်ထည်တည်းကို အတူခြုံ၍ အိပ်ခြင်း၊ တစ်ခင်းတစ်ရုံတည်း ခင်းခြုံ၍ အိပ်ခြင်း၊ သုံးပါး ထိုင်လောက်အောင် မရှည်သော နေရာဌာန၌ သုံးဝါ, သုံးဝါထက် ကြီးသော ရဟန်းနှင့် နေရာတူ ထိုင်ခြင်း၊ [မိမိမှ အထက်အောက်သုံးဝါ အတွင်းရှိ (နှစ်ဝါကြီး နှစ်ဝါငယ်) ရဟန်းနှင့် နေရာတူ၌ အတူထိုင်ခြင်းငှာ ခွင့်ပြု၏၊] သုံးပါးထိုင်လောက်အောင် ရှည်သော နေရာဌာန၌ဆိုလျှင် သုံးဝါ, သုံးဝါထက် ကြီးသော ရဟန်းနှင့်လည်း နေရာတူ ထိုင်နိုင်သည်ဟူ၍ သိ။ သို့သော် ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့၌ကား အထက် အောက် နှစ်ဝါကြီးနှစ်ဝါငယ် ရဟန်းနှစ်ပါးသာလျှင် အတူထိုင်နိုင်သည်ဟု ဝိမတိဝိနောဒနီဋီကာဆရာ ဆို၏၊။ ဆိတ်, သိုး, သမင်, ချေ, စိုင် ဧဏီ မည်သော သား, ဆတ်တို့၏ အရေမှ တစ်ပါးသော သားရေတို့ဖြင့် ပြုလုပ်သော သားရေနွယ်အခင်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ်ဖြင့် သုံးဆောင်ခြင်း၊ ဘုရားရှင် မြစ်တော်မူအပ်သော ကယဝိက္ကယ စသည်ကြောင့် ရသောပစ္စည်းကို သုံးဆောင်ခြင်း၊ အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော အရပ်၌ ဖိနပ်စီးခြင်း၊ ကျောင်း အိပ်ရာ နေရာ၌ ဖိနပ်စီးခြင်း၊ သံဃာ့ဥစ္စာဖြစ်သော ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့ကို မဆေး, မပွတ်, မသုတ်သော ခြေ, စွတ်သော ခြေတို့ဖြင့် နင်းခြင်း၊ အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော နံရံကို သုံးသပ်ကိုင်ခြင်း၊ တံတိုင်းပ နံရံပတို့၌ ကျင်ကြီး, ကျင်ငယ်, အမှိုက်, စားကြွင်း တို့ကို စွန့်ပစ်ခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် ဒုကုဋ်သင်္ကန်းဖြင့် မြင်းခေါင်းကျောက်ဆစ် လှည့်ရစ်ပတ်သိုင်း၍ အာယောဂပတ်ဖွဲ့လျက် နေခြင်း၊ [ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းအာယောဂပတ် ဖွဲ့လျက် ထိုင်ခြင်းကြောင့် သင်္ကန်း၏ အထပ်အလွှာတို့သည် စုတ်ပြဲကုန်ပါသည်။ ထိုသို့ မဖြစ်စေရန် ကာကွယ်သော အနေဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူချေသည်။] သင်္ကန်းကို မကောင်းသဖြင့် ဝတ်ရုံခြင်း၊ ခါးပန်းမဖွဲ့ဘဲလျက် ရွာတွင်းသို့ဝင်ခြင်း၊ * တပ်သော စိတ်ဖြင့် ဆွမ်းလှူသော မိန်းမ၏ အင်္ဂါဇာတ်ကိုလည်းကောင်း, မျက်နှာကို လည်းကောင်း ကြည့်ခြင်း၊ ငြူစူသောစိတ်ဖြင့် ရဟန်းတစ်ပါး၏ သပိတ်ကို ကြည့်ခြင်း၊ အနာဟူသောအကြောင်း မရှိဘဲလျက် မိမိမျက်နှာကို ကြေးမုံ (မှန်) ရေခွက် စသည်တို့၌ ကြည့်ခြင်း၊ တစ်ပါးသောရဟန်း ချေဆတ်ရာ၌ ‘အသက်ရှည် ပါစေသောဝ်’ဟု ဆိုခြင်း၊ ကခြင်း, ကစေခြင်း၊ သီဆိုခြင်း, သီဆိုစေခြင်း၊ တရားတော်ကို ရှည်သော အသံဖြင့် သီချင်းကဲ့သို့ သီဆိုခြင်း။ (အသံထင်ရှားအောင် ရွတ်ဆိုခြင်းကို ခွင့်ပြု၏၊) တီးမှုတ်ခြင်း, တီးမှုတ်စေခြင်း၊ ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းတို့ကို ကြည့်ရှုနားထောင်ခြင်း၊ သဘင်ခံခြင်း၊ မင်းနန်းတော်ကို ဖြစ်စေ၊ ဆန်းကြယ်သော အိမ်, အရံ (ခြံ), ဥယျာဉ်, ရန်ကုန်မြို့တော်၌ ရှိသော ‘ကန်တော်ကြီး’ကဲ့သို့သော ရေကန်တို့ကို ဖြစ်စေ တမင်သက်သက် သွားကြည့် ခြင်း၊ ဘုရား တရား သံဃာကို အကြောင်းပြု၍ “ကျောက်ဘုရားလော, နွားတရားလော, သားအပေါင်းလော” စသည်ဖြင့် ပြက်ရယ်ပြုခြင်း၊ လူဝတ် ကြောင်တို့ကဲ့သို့ ဝတ်ခြင်း, ရုံခြင်း, ခါးတောင်းကျိုက်သိုင်းခြင်း၊ တစ်စုံတစ်ခုသော ကစားမျိုးကို ကစားခြင်း၊ တောကို မီးတိုက်ခြင်း၊ [အနီးအပါး၌ မီးလောင်နေ၍ ကျောင်းကို မီးလောင်ခြင်းမှ ကာကွယ်ရန် အလို့ငှာ မီးကြိုပေးရန်လည်းကောင်း၊ အရံအတား လုပ်ရန်လည်းကောင်း ခွင့်ပြု၏ဟု မိန့်တော်မူ၏၊] နှစ်ဘက်ဝန် ရှိသော ထမ်းပိုးကို ထမ်းခြင်း၊ သမ္မုတိမရဘဲလျက် ရှည်သောတုတ်၌ ဆွဲသော ဆိုင်းကို ထမ်းခြင်း၊ ဆိုင်းဖြင့် သပိတ်ကို ဆောင်ခြင်း၊ ရှည်သောတုတ်ဖြင့် သပိတ်ရှိသော ဆိုင်းကို ဆောင်ခြင်း၊ [စူဠဝဂ်ပါဠိတော် (မြန်မာပြန်)ခုဒ္ဒကဝတ္ထု က္ခန္ဓက၊ အပိုဒ်-၂၇၀၊၂၇၁၊၂၇၂ — အသီးအသီးတို့၌ ရှု။] ပန်းကုံးပန်းဆိုင်းတို့ကို ပြုခြင်း, ပြုစေခြင်း၊ ဒါယကာတို့အား ပျူငှာလောကဝတ်ပြုခြင်း၊ ၎င်းတို့အား သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်ကို ပြုခြင်း၊ သီတင်းသုံးဖော်ငါးယောက်, မိဘ စသော သူတို့မှ တစ်ပါး အခြားသူတို့ကို ဆေးပေးခြင်း၊ ဗေဒင်ကျမ်းကို သင်ခြင်း, သူ့ကို သင်စေခြင်း၊ ကာလအားဖြင့် နှစ်လ, ပမာဏအားဖြင့် လက်နှစ်သစ်ထက် အလွန် ရှည်သောဆံကို မသုတ်သင်ခြင်း၊ မုတ်ဆိတ်ကို ရှည်အောင် ထားခြင်း၊ ဆိတ် မုတ်ဆိတ်နှင့် တူသော မုတ်ဆိတ်ကို ထားခြင်း၊ လေးထောင့် မုတ်ဆိတ်ကို ထားခြင်း၊ ကြင်စွယ် (နှုတ်ခမ်းမွေး)ကို ထားခြင်း၊ နှာခေါင်းမှ အပသို့ ထွက်အောင် ရှည်သော နှာခေါင်းမွေးတို့ကို မသုတ်သင်ခြင်း၊ လက်သည်း ခြေသည်းတို့ကို အသားထက် ရှည်စေခြင်း၊ ၎င်းတို့ကို အပြေအပြစ်ပြုခြင်း၊ ပဿာဝမဂ်နှင့် လက်ကတီးကြားဟု ဆိုအပ်သော ချိုင်းကြား၌ ပေါက်သော အမွေးတို့ကို ရိတ်နှုတ်ခြင်း၊ ရင်မွေးတို့ကို ရိတ်နှုတ်ခြင်း၊ ဆံဖြူကို နှုတ်ခြင်း, နှုတ်စေခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် ဆံပင်ကို ကတ်ကြေးဖြင့် ဖြတ်ခြင်း၊ တစ်သူခန့်မျှ (လက်ခုတ်တစ်ဖောင်ခန့်မျှ) တက်၍ ထင်းခြောက်ကို ယူခြင်းမှ တစ်ပါး ဘေးမရှိဘဲလျက် သစ်ပင်တက်ခြင်း၊ အနာဟူသော အကြောင်းမရှိဘဲ လျက် အင်္ဂါဇာတ်ကို ကြဉ်၍ ကြွင်းသော ကိုယ်အင်္ဂါကို ဖြတ်ခြင်း၊ အာဟာရကို ဖြတ်ခြင်း စသည်ဖြင့် မိမိကိုယ်ကို သတ်ခြင်း၊ ရေစစ်မပါဘဲ အဓွန့်ရှည်သော (ယူဇနာခွဲ = လေးမိုင်) ခရီးသို့ သွားခြင်း၊ ရေစစ်ငှားသော ရဟန်းအား ရေစစ်ကို မပေးခြင်း၊ ပန်းချီရေးသော အရုပ်ဟူသမျှကို ရေးခြင်း, ရေးစေခြင်း, ထုခြင်း, ထုစေခြင်း၊ သူတစ်ပါးပရိသတ်ကို ဖြားယောင်းခြင်း၊ ရဟန်း, သာမဏေတို့အား မအပ်မရာသော အကျင့်ကို ဆောက်တည်စေခြင်း၊ ဂိလာန သို့မဟုတ် ရဟန်းအို မဟုတ်ဘဲလျက် နွားလှည်း မြင်းလှည်း ဆိုက်ကားများကိုလည်းကောင်း၊ ထမ်းစင် (ဝေါ)ကိုလည်းကောင်း၊ အဝတ်ထမ်းကိုလည်းကောင်း၊ လူနှစ်ယောက် လက်ချင်း ယှက်၍ ဆောင်ယူသော လက်ပွေ့အထမ်းစသော ထမ်းစင်အမျိုးမျိုးကိုလည်း ကောင်း စီးခြင်းဟူသမျှတို့သည် ဒုက္ကဋ်ချည်းတည်း။ [ဂိလာန သို့မဟုတ် ရဟန်းအို ဖြစ်၍ စီးလျှင် အထီးကသောယာဉ်၌သာလျှင် စီးအပ်သည်။] တိတ္ထိတို့ ဆောက်တည်အပ်သော သူအကဲ့သို့ စကားမပြောသော အကျင့်ကို ဆောက်တည်ခြင်း၊ ဤမှ တစ်ပါးသော ဒုက္ကဋ်အာပတ်လည်း အများပင် ရှိသေးသည်။ ရဟန်းနှင့် မလျော်သော အမှုဟူသမျှကို ပြုခြင်းသည် ဒုက္ကဋ်အာပတ်ကို ကျူးလွန်သည် မည်၏၊
သတိ။ ။ မနာမဖျားဘဲလျက် ရွာတွင်း၌ ဖိနပ်စီးခြင်း၊ ခုဒ္ဒသိက္ခာနိဿယ၊ ဥပါဟနနိဒ္ဒေသ၌ လာသော အလုံးစုံ ညို, ရွှေ, နီ, ဖြူ, မည်းသော အဆင်းရှိကုန် သော ဖိနပ်များ၊ [အလုံးစုံ မောင်းသော အဆင်းရှိသော, အလုံးစုံ မည်းသော အဆင်းရှိသော, အလုံးစုံသော ကင်းခြေများ ကျောက်ကုန်းအဆင်း ‘လိမ္မော်ရောင်’ ရှိသော, အလုံးစုံ ဖက်ရွက်လျော် အဆင်းရှိသော (ဝိ၊၃၊၂၇၃။)] ‘ဖိနပ်များ၊ အသည်းတပ်သော ဖိနပ်များ၊ ဖနောင့်ဖုံး တပ်ထားသော, ဖမိုးဖုံး တပ်ထားသော ဖိနပ်များ၊ ခြင်္သေ့, ကျား, ကျားသစ်, သစ်နက်, ဖျံ, ကြောင်, ရှဉ့်နက်, ရှူးရေတို့ဖြင့် ချုပ်သော ဖိနပ်စသည်ကို စီးခြင်း၊ မိမိနိဿယည်းဆရာ, မိမိထက် ခြောက်ဝါ ကြီးသော အာစရိယမတ္တပုဂ္ဂိုလ်, မိမိဥပဇ္ဈာယ်ဆရာ, မိမိထက် ဆယ်ဝါကြီးသော ဥပဇ္ဈာယမတ္တပုဂ္ဂိုလ်, ထိုပုဂ္ဂိုလ်တို့ ဖိနပ်မစီးဘဲနှင့် ၎င်းပုဂ္ဂိုလ်တို့ အနီးအနား (ဆယ့်နှစ်တောင်ဟတ္ထပါသ်အတွင်း)၌ ဖိနပ် မစီးရ။
အနာဟူသော အကြောင်းလည်း မရှိ၊ မိုးစွတ်ခြင်းလည်း မရှိ၊ ပကတိ အခါ မြို့တွင်း ရွာတွင်း၌ မဆိုထားဘိ၊ ကျောင်းအရံပြင်ပနှင့် တောတောင်များ ၌လည်း ထီးမဆောင်းအပ်၊ ထီးရွက်အတွင်း၌လည်းကောင်း၊ အမိုး၌လည်း ကောင်း ငါးပါးသော အဆင်းရှိကုန်သော ချည်တို့ဖြင့် ချုပ်ခြင်းငှာ မအပ်။ ထီးရွက်အမိုး၌ကား မကရ်းသွားသဏ္ဌာန် လခြမ်းသဏ္ဌာန် စသည်တို့ကို ထုခြင်းငှာ မအပ်၊ ထီးရိုး၌ တိုင်ကြာသည်လည်းကောင်း, သားရဲရုပ်သည်လည်း ကောင်း, ကြံဆစ် အရေးသည်လည်းကောင်း မအပ်။ [မအပ်ဟု ဆိုသမျှ၌ ပြုလျှင် ဒုက္ကဋ်အာပတ် သင့်၏ဟု မှတ်။]
ဤ (*) အမှတ်အသားဖြင့် အထက်၌ ပြဆိုခဲ့ပြီးသော ‘တပ်သော စိတ်ဖြင့် ဆွမ်းလှူသော မိန်းမ၏ အင်္ဂါဇာတ်ကိုလည်းကောင်း, မျက်နှာကိုလည်းကောင်း ကြည့်ခြင်း’ဟူသော စကားနှင့် ပတ်သက်၍ ဦးဗုဓ်မူ ဝိနည်းငယ်လေးစောင်ပါဌ် နိဿယ မူလသိက္ခာ ပကိဏ္ဏကနိဒ္ဒေသ၌ လာသည့် အောက်ပါ စာပိုဒ်ကိုမူ ဖော်ပြပါအံ့။
ဘိက္ခဒါယိယာ ဣတ္ထိယာ ဟူသော ဤစကားကို ဥပလက္ခဏနည်းအားဖြင့် ဆိုသတည်း။ ထို့ကြောင့် ဆွမ်းလှူသော မိန်းမမူလည်းဖြစ်စေ၊ ဆွမ်းမလှူသော မိန်းမမူလည်းဖြစ်စေ၊ ယောကျ်ားပင်မူလည်းဖြစ်စေ တပ်သောစိတ်ဖြင့် မကြည့်အပ်။ ထို့ကြောင့် ဋီကာ၌ — “ဧတ္ထ စ ဘိက္ခဒါယိယာတိ ဥပလက္ခဏဝသေန ဝုတ္တံ။ ယာယ ကာယစိ ဣတ္ထိယာ ဝါ ပုရိသဿ ဝါ မုခံ သာရတ္တော ဩလောကေန္တဿ ဒုက္ကဋမေဝ” ဟူသော စကားကို ဆိုတော်မူသတည်း။ မုခံ ဝါ-၌ ဝါ-သဒ္ဒါ၏ အနိယမအနက် ရှိသည်၏အဖြစ်ကြောင့် မျက်နှာကိုသာ မကြည့်အပ်သည် မဟုတ်၊ မိန်းမ၏လည်းကောင်း, ယောကျ်ား၏လည်းကောင်း, အမှတ်မဲ့သော ကိုယ်အင်္ဂါကိုပင် တပ်သော စိတ်ရှိသည်ဖြစ်၍ မကြည့်အပ်ဟု သန္နိဋ္ဌာန်ချ မှတ်ယူအပ်၏၊