မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/သပိတ်အဓိဋ္ဌာန်တင်နည်း, ဝိကပ္ပနာပြုနည်း, စောင့်ရှောက်နည်း

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၃၂။ သပိတ်အဓိဋ္ဌာန်တင်နည်း, ဝိကပ္ပနာပြုနည်း, စောင့်ရှောက်နည်း
3385ဝိနည်းဥပဒေတော်ကြီး — ၃၂။ သပိတ်အဓိဋ္ဌာန်တင်နည်း, ဝိကပ္ပနာပြုနည်း, စောင့်ရှောက်နည်းအရှင်သြဘာသ

၃၂။ သပိတ်အဓိဋ္ဌာန်တင်နည်း, ဝိကပ္ပနာပြုနည်း, စောင့်ရှောက်နည်း

မြေ, သံ နှစ်ရပ်၊ သပိတ်အပ်၊ ကြီး, လတ်, ငယ် သုံးစား။

သပိတ်နှစ်မျိုး။ ။ သပိတ်သည် မြေသပိတ်, သံသပိတ်ဟူ၍ ကပ္ပိယသပိတ် နှစ်လုံး ရှိ၏၊ သစ်သားသပိတ်, ကြေးသပိတ်, ဖလ်သပိတ် စသည် မအပ်၊ ထို ကပ္ပိယသပိတ် နှစ်လုံးသည်လည်း အကြီး, အလတ်, အငယ်ဟု ၃-စားစီ ရှိကြ၏၊

သုံးပြည် တစ်ခွက်၊ နှစ်ကြိမ်ဝက်၊ ချင့်တွက် အမှန်ထား။
ဥက္ကဌ်, မဇ္ဈ၊ ဩမက၊ နာမ အစဉ်အား။

ဥက္ကဋ္ဌသပိတ်။ ။ နှစ်ကြိမ်ဝက်ဆိုသည်ကား ၃-ပြည် တစ်ခွက်ဝင်သော သပိတ်သည် ဥက္ကဋ္ဌသပိတ် မည်၏၊

မဇ္ဈိမသပိတ်။ ။ ၃-ခွက်နှင့် တစ်စလယ်ဝင်သော သပိတ်သည် မဇ္ဈိမ သပိတ် မည်၏၊

ဩမကသပိတ်။ ။ ၃-စလယ်နှင့် တစ်လမယ် ဝင်သော သပိတ်သည် ဩမကသပိတ် မည်၏၊

မှတ်ချက်။ ။ ခုဒ္ဒသိက္ခာ အုတ်ကျောင်း နိဿယ၌ ဆွမ်းနှစ်ပြည် ပဲဟင်း အမဲ ငါး တစ်ခွက်သားစီ၊ ၃-ပြည် ၁-ခွက် ဝင်သည်ကား ဥက္ကဋ္ဌသပိတ် မည်၏ဟု ဆိုပေ၏၊

သုံးလုံး အနေ၊ သုံးစီ ဝေ၊ ကိုးထွေ သပိတ်ပြား။

သပိတ် ၉-လုံး။ ။ (က) ဥက္ကဋ္ဌကို အကြီး, အလတ်, အငယ် သုံးလုံး ပြု၊ ၃-ပြည် တစ်ခွက်ထက် ပို၍ ဝင်မူ ဥက္ကဋ္ဌကြီး။ (ခ) ၃-ပြည် တစ်ခွက်တိတိ ဝင်မူ ဥက္ကဋ္ဌလတ်။ (ဂ) ၃-ပြည် တစ်ခွက်အောက် လျော့၍ ဝင်မူ ဥက္ကဋ္ဌငယ်။ [ထို့ အတူ မဇ္ဈိမ, ဩမကတို့၌လည်း ၃-လုံးစီ ဝေဖန်သော် သပိတ်အပြား ၉-လုံး ဖြစ်၏၊]

မှတ်ချက်။ ။ ၂-ပြည် တစ်ခွက်နှင့် တစ်လမယ်ဝင်တွင် ဥက္ကဋ္ဌ၊ ထိုအောက် မဇ္ဈိမ၊ တစ်ပြည် တစ်စလယ်နှင့် တစ်လမယ်ဝင်တွင် မဇ္ဈိမ၊ ထိုအောက် ဩမက၊ ဤသို့ အထက်, အောက် သုံးပုံ ကွဲအောင် ပိုင်းခြားလေ။

စဆုံး ကြီးငယ်၊ နှစ်လုံးပယ်၊ အလယ်ခုနစ်ပါး။
ဓိဋ္ဌာဝိကပ်၊ လောက်သည်မှတ်၊ တင်အပ် တစ်လုံးငြား။

အဓိပ္ပာယ်။ ။ ဥက္ကဋ္ဌကြီးကို အစ ဆိုသည်၊ ဩမကငယ်ကို အဆုံး ဆိုသည်၊ ထိုနှစ်လုံးကို ပယ်၍ အလယ် ၇-လုံးသည် အဓိဋ္ဌာန် ဝိကပ္ပနာ လောက်၏၊ အဓိဋ္ဌာန်မှာမူကား တစ်လုံးသာ တင်ရသည်။

ဖုတ်သား ကောင်းလျက်၊ အဆင်းနက်၊ ချောညက် ဓိဋ္ဌာန်နား။
တစ်လုံး တင်ဘိ၊ အကြွင်းရှိ၊ ဝိကပ်ပြု၍ ထား။

အဓိပ္ပာယ်။ ။ အဖုတ်ကောင်း၍ ကောင်းစွာ ကျက်သဖြင့် အဆင်းမည်း နက်လျက် ချောညက်သော သပိတ်သည်သာလျှင် အဓိဋ္ဌာန်နားသည်။ တစ်လုံး တင်၍ အကြွင်းရှိလျှင် ဝိကပ္ပနာချည်း ပြု၍ သုံးဆောင်ရသည်၊ အသစ်ကို တင်လိုလျှင် အဟောင်းကို ပစ္စုဒ္ဓိုရ် ပြုပြီးမှ တင်ရသည်။

ဓိဋ္ဌာန် ဝိကပ်၊ ပစ္စုဒ္ဓပ်၊ ကျလတ် သင်္ကန်းလား။
ဆပ်ဆန်ထမင်း၊ ဝင်လောက်လျှင်း၊ ပေါက်ခြင်း ကျကြောင်းထား။

အဓိပ္ပာယ်။ ။ အဓိဋ္ဌာန်တင်နည်း, ဝိကပ္ပနာပြုနည်း, ပစ္စုဒ္ဓိုရ်ပြုနည်း၊ အဓိဋ္ဌာန်ကျရန် အကြောင်း ၉-ပါး၊ ဤအစီအရင် အလုံးစုံတို့သည် သင်္ကန်း၌ ပြဆိုခဲ့ပြီးသော နည်းနှင့် အလားတူကုန်ပြီ၊ အပေါက်၌မူကား ဆပ်ထမင်းလုံး ဝင်လောက်အောင် ပေါက်သည်ကို ယူ။

စဆုံး နှစ်တန်၊ ဆွမ်းမခံ၊ သုံးရန် အိုးခွက်ထား။

မှတ်ချက်။ ။ ထိုနှစ်လုံးတို့ကိုမူကား ဆွမ်းခံမှုကို လွှတ်၍ အိုးခွက်အရာ ထား၍ သုံးဆောင်ရ၏၊ ဆွမ်းစားခွက်အရာ၌ ထား၍ ဆွမ်းစားရ၏၊

(က) “ဣမံ ပတ္တံ ပစ္စုဒ္ဓရာမိ” အဟောင်း အဓိဋ္ဌာန် စွန့်။
( ခ ) “ဣမံ ပတ္တံ အဓိဋ္ဌာမိ” အသစ် အဓိဋ္ဌာန် တင်။
(က) “ဣမံ ပတ္တံ တုယှံ ဝိကပ္ပေမိဣမေ ပတ္တေ တုယှံ ဝိကပ္ပေမိ” အကြွင်း တို့ကို ဝိကပ္ပနာ ပြု။
( ခ ) “မယှံ သန္တကံ၊ မယှံ သန္တကာနိ ပရိဘုဉ္ဇ ဝါ” စသည် ဝိကပ္ပနာပြန်၊ ဝိကပ္ပနာ ပြန်ပြီးနောက် အလိုရှိတိုင်း သုံးနိုင်၏၊

ကြေးနီ, မြေ, သံ၊ ဤသုံးတန်၊ စားရန် ခွက်သုံးပါး။

အဓိပ္ပာယ်။ ။ ဆွမ်းစားရန် ခွက်သုံးပါး ဖြစ်သည်၊ သစ်သားခွက်, နှီးခွက် စသည်ကား မအပ်။ [အချို့က ထိုခွက်တို့၌ ယာဝကာလိကဖြစ်သော ခဲဖွယ် ဘောဇဉ်တို့ကိုသာ ထည့်၍ မစားသောက်ကောင်း၊ ယာမကာလိက ဖြစ်သော အဖျော်ရည် စသည်ကိုကား စားသောက်ကောင်း၏ဟု ယူကြ၏၊ ဝိနည်းဓိုရ် တို့ကား နှီးခွက် နှီးကွမ်းအစ်တို့ကို သစ်သားခွက်နှင့် အလားတူဟု သဘောထား၍ လက်ဖက်, ကွမ်း စသည် ထည့်စားမှုကို ရှောင်ကြည်ကြ၏၊ နှီးကွမ်းအစ်ဖြင့် ကပ်လျှင် လက်ပေါ် တစ်ဆင့်ပြောင်း၍ စားကြ၏၊ နှီးခွက်ဖြင့်လည်း အဖျော်ရည် စသည်ကို မသောက်ကြကုန်။]

သပိတ် သိမ်းဆည်းစောင့်ရှောက်ပုံ

ဆွမ်းစားပြီးလျှင် သပိတ်ကို စင်ကြယ်စွာ ဆေး၊ ရေစင်အောင် သုတ်ပြီးမှ ဟင်းနံ့ပျောက်အောင် ခေတ္တ နေလှန်း၊ ကြာရှည်စွာ နေပူမှာ မထားရ၊ နေလှန်းပြီး နောက် ရုပ်သိမ်း၍ အခင်းမပါ သပိတ်ခြေ မပါသော မြေပေါ်မှာ မထားဘဲ နံရံကောက် စသည်တို့၌လည်း မချိတ်ဘဲ သပိတ်ခြေပေါ်မှာဖြစ်စေ၊ အခင်းရှိ သော မြေပေါ်မှာဖြစ်စေ၊ သပိတ် မပျက်စီးလောက်သော မြေပေါ်မှာဖြစ်စေ ထားရမည်။ သပိတ်ဖုံးဖြင့် ဖုံးထားလျှင် အနံ့မကောင်းသောကြောင့် သပိတ်ဖုံး ကိုလည်း ဖွင့်ထားသင့်ပေသည်။

ကြမ်းသော မြေ၌ မထားရာ၊ ကျောင်းဦးအတွင်း အကြည်စွန်း၌လည်း ကောင်း၊ နံရံအပ အကြည်စွန်း၌လည်းကောင်း၊ ခုတင် ထိုင်ခုံတို့၌လည်းကောင်း သပိတ်ကို ထားခြင်းငှာ မအပ်သည်သာ။ ဤထက် အကျယ်သိလိုလျှင် စူဠဝဂ် ပါဠိတော် (မြန်မာပြန်) ခုဒ္ဒကဝတ္ထု၊ မိုးထိမူ, ဦးဗုဓ်မူ ဝိနည်းငယ်လေးစောင် နိဿယ၊ ခုဒ္ဒသိက္ခာ (၅) ပတ္တနိဒ္ဒေသတို့၌ ရှု။

ယခုခေတ် အုတ်တိုက် အစွန်းများလည်း အကြည်သဘောပင်ဖြစ်၍ မထားရာ၊ အကြည်က တစ်တောင်လောက် ကျယ်ဝန်းလျှင်ကား ထားကောင်း ၏၊ [သပိတ်ခြေပါလျှင်လည်း ထိုအကြည်၌ ထားကောင်း၏ဟု ဆဋ္ဌမူ သာရတ္ထဒီပနီဋီကာဆရာ ဆိုသည်။]

သပိတ်ဖြင့်လည်းကောင်း၊ လက်၌ သပိတ်ရှိလျက်လည်းကောင်း တံခါးရွက် ကို မတွန်း မဖွင့်ရ။ လက်၌ သပိတ်ရှိခိုက်သာ မဟုတ်၊ လက်မှာဖြစ်စေ၊ ခြေဖမိုး ပေါ်မှာဖြစ်စေ ကိုယ်၏ အစိတ်အပိုင်းမှာ သပိတ်ရှိနေလျှင်လည်း တံခါးရွက်ကို မတွန်းရ။ မင်းတုတ် ကလန့်ကိုလည်း မဖြုတ်ရ။ သို့ရာတွင် သပိတ်ကို ‘အိတ်ဖြင့်’ ပခုံးစွန်း၌ လွယ်ထားခိုက် ဖြစ်လျှင်ကား ထိုအားလုံးကိုပင် ပြုကောင်း၏၊ [မပြုရဟု ဆိုသမျှ၌ ပြုလျှင် ရဟန်းမှာ ဒုက္ကဋ်အာပတ် သင့်၍ သာမဏေမှာ ဒဏ် ထိုက်သည်။]

လုတ်ဆေးရေကိုလည်းကောင်း၊ စုပ်ဝါး၍ စွန့်အပ်သော ဟင်းဖတ်နှင့် ငါးရိုး အမဲရိုးကိုလည်းကောင်း သပိတ်၌ ထည့်၍ မစွန့်ပစ်ရ။ သပိတ်ကို လက်ဆေးခံ လုပ်၍လည်း လက်မဆေးရ။

သပိတ် အဓိဋ္ဌာန်တင်နည်း၊ ဝိကပ္ပနာပြုနည်း၊ စောင့်ရှောက်နည်း ပြီးပြီ။