မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/သေခိယ (၇၅)ပါး

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၁၀။ သေခိယ (၇၅)ပါး
3392ဝိနည်းဥပဒေတော်ကြီး — ၁၀။ သေခိယ (၇၅)ပါးအရှင်သြဘာသ

၁၀။ သေခိယ (၇၅) ပါး

မှတ်ဖွယ်။ ။ ဤသေခိယသိက္ခာပုဒ်တို့သည် ‘ဝါရိတ္တ’ မဟုတ်၊ ‘စာရိတ္တ’ ဝိနည်း ဖြစ်သည်။ အာပတ်ကို အမည်မတပ်သော်လည်း ပဒဘာဇနီ၌ ‘အာပတ္တိ ဒုက္ကဋဿ’ဟု ဟောတော်မူသောကြောင့် အလုံးစုံသော သေခိယသိက္ခာပုဒ်တို့၌ မရိုမသေ ပြုပါမူကား ဒုက္ကဋ်အာပတ်သင့်သည်ချည်းဟု မှတ်။

ဝါရိတ္တကား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျူးလွန်လျှင် အာပတ်သင့် ၏၊ စာရိတ္တကား မသိ၍ မကျင့်လျှင် အပြစ်မရှိ။ သိလျက် မကျင့်လျှင်သာ အပြစ် ရှိသည်။ သိ၍ ကျင့်လျှင်လည်း အကျိုး ရပြန်သည်။ [ပါတိမောက် ဘာသာဋီကာ]

အရှင်တို့, သေခိယ အမည်ရှိကုန်သော ဤသိက္ခာပုဒ်တို့သည် သရုပ် အားဖြင့် ပြအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊

၁။ ပရိမဏ္ဍလဝဂ်

* ၁။ ပရိမဏ္ဍလ နိဝါသန

သင်းပိုင်ကို ထက်ဝန်းကျင် ညီညာစွာ ဝတ်ရမည်။

အင်္ဂါ (၃)ပါး - ၁။ သိက္ခာပုဒ်ကို မကျင့်လိုသော အနာဒရိယ စိတ်ထား ရှိခြင်း၊ ၂။ အနာပတ္တိဖြစ်ရန် အကြောင်းမရှိခြင်း (ကျင့်နည်းကို မသိခြင်း စသော အကြောင်းမရှိ ဟူလို)၊ ၃။ ထက်ဝန်းကျင် ဝန်းဝိုင်းစွာ မဝတ်ခြင်းအားဖြင့် အင်္ဂါ ၃-ပါးတည်း။ [ဤသိက္ခာပုဒ်၌ ပြထားသော အင်္ဂါသုံးပါးတွင် ရှေ့နှစ်ပါးသည် သေခိယအားလုံးနှင့် ဆိုင်၏၊ နောက်ဆုံးတစ်ပါးမှာ သိက္ခာပုဒ်၌ ပြသော ကျင့်ဖွယ်ကို ပြောင်းပြန်ပြန်ထားသော အင်္ဂါ ဖြစ်သည်။ ထို့ကြောင့် သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်၌ “ကောင်းစွာ မဖုံးဘဲ ရုံခြင်း”သည် တတိယအင်္ဂါ ဖြစ်သည်။ ဤသို့လျှင် ရှေ့အင်္ဂါနှစ်ပါးမှာ သေခိယအားလုံးနှင့် ဆိုင်သည်။ တတိယအင်္ဂါမှာ သိက္ခာပုဒ်ကို ပြောင်းပြန် ပြန်ရသော အင်္ဂါ ဖြစ်သည်။ သိလောက်ပြီဖြစ်၍ နောက်နောက် သေခိယသိက္ခာပုဒ်တို့၌ အင်္ဂါကို မပြတော့ပြီ။]

အနာပတ္တိဝါရ။ ။ စေတနာမရှိသော ရဟန်း, သတိမေ့လျော့သော ရဟန်း, မသိသော ရဟန်း, နာဖျားသော ရဟန်းအား အာပတ်မသင့်၊ ဘေးရန် တို့ကြောင့် အာပတ်မသင့်။ ရူးသော ရဟန်း, အစလက်ဦး ကျူးလွန်သော ရဟန်းတို့အားလည်း အာပတ်မသင့်။ [သတိမေ့လျော့သော ရဟန်းအား အာပတ်မသင့် ဟူသော ဤအင်္ဂါသည် ပါဒုကဝဂ် ဥဒကေဥစ္စာရသိက္ခာပုဒ်မှ တစ်ပါး ကျန် သေခိယသိက္ခာပုဒ်တိုင်း၌ ပါဝင်သည်ဟု သိ။] နောက်သိက္ခာပုဒ်များ၏ အနာပတ္တိဝါရကို သိလိုလျှင် ပါစိတ်ပါဠိတော် (မြန်မာပြန်)၌ ရှု။

* ၂။ ပရိမဏ္ဍလပါရုပန

ကိုယ်ရုံသင်္ကန်းကို ထက်ဝန်းကျင် ညီညာစွာ ရမ်းရမည်။

* ၃။ သုပ္ပဋိစ္ဆန္န

လည်ပင်း, လက်ကောက်ဝတ်တို့မှ စ၍ ကိုယ်ကို ကောင်းစွာ ဖုံးလွှမ်းလျက် သင်္ကန်းရုံ၍ မြို့တွင်းရွာတွင်း၌ သွားရမည်။

* ၄။ သုပ္ပဋိစ္ဆန္န

လည်ပင်း, လက်ကောက်ဝတ်တို့မှ စ၍ ကိုယ်ကို ကောင်းစွာ ဖုံးလွှမ်းလျက် သင်္ကန်းရုံ၍ မြို့တွင်း ရွာတွင်း၌ နေထိုင်ရမည်။ [မြို့ရွာတွင်း၌ ခေတ္တ တည်းခို နေခိုက် သင်္ကန်းရုံ၍ မနေသော်လည်း အာပတ်မသင့်။ သို့သော် တည်းခိုနေထိုင် ရန် သွားသည့်အခါ၌ သင်္ကန်းရုံ၍ သွားရမည့်ပြင် ပရိမဏ္ဍလသိက္ခာပုဒ်တော် နှင့်အညီ သင်းပိုင်ကို ထက်ဝန်းကျင် ညီညာစွာဝတ်၍ ကိုယ်ရုံသင်္ကန်းကို ထက်ဝန်းကျင် ညီညာစွာရမ်းလျက် နေထိုင်ရမည်။ ထိုသို့ တည်းခိုနေထိုင်ခြင်း မဟုတ်ဘဲ ပရိတ်ရွတ် တရားဟော ကိစ္စအတွက် နေထိုင်ရာ၌ကား အချိန်ကြာ သော်လည်း သင်္ကန်းရုံ၍ နေထိုင်ရမည်သာ။]

* ၅။ သုသံဝုတ

လက်ခြေမကစားဘဲ ဣန္ဒြေကို ကောင်းစွာ စောင့်ရှောက်လျက် မြို့တွင်း ရွာတွင်း၌ သွားရမည်။

* ၆။ သုသံဝုတ

လက်ခြေ မကစားဘဲ ဣန္ဒြေကို ကောင်းစွာ စောင့်ရှောက်လျက် မြို့တွင်း ရွာတွင်း၌ နေထိုင်ရမည်။

* ၇။ ဩက္ခိတ္တစက္ခု

ရထားထမ်းပိုး တစ်ပြန် (၄-တောင်)ခန့်မျှ လှမ်းကြည့်လျက် အောက်သို့ မျက်လွှာချ၍ မြို့တွင်း ရွာတွင်း၌ သွားရမည်။

* ၈။ ဩက္ခိတ္တစက္ခု

ရထားထမ်းပိုးတစ်ပြန် (၄-တောင်) ခန့်မျှ လှမ်းကြည့်လျက် အောက်သို့ မျက်လွှာချ၍ မြို့တွင်း ရွာတွင်း၌ နေထိုင်ရမည်။

* ၉။ ဥက္ခိတ္တက

သင်္ကန်းကို မြှောက်ပင့်လျက် မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၁၀။ ဥက္ခိတ္တက

သင်္ကန်းကို မြှောက်ပင့်လျက် မြို့တွင်း ရွာတွင်း၌ မနေရ။

ရှေးဦးစွာသော ပရိမဏ္ဍလဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၂။ ဥဇ္ဇဂ္ဃိကဝဂ်

* ၁။ ဥဇ္ဇဂ္ဃိက

ပြင်းစွာ ရယ်လျက် မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၂။ ဥဇ္ဇဂ္ဃိက

ပြင်းစွာ ရယ်လျက် မြို့တွင်း ရွာတွင်း၌ မနေရ။

* ၃။ အပ္ပသဒ္ဒ

အကြောင်းရှိလျှင် တိုးတိုးသာသာ အသံဖြင့် ပြော၍ မြို့တွင်း ရွာတွင်း၌ သွားရမည်။ ကျယ်လောင်စွာ ပြော၍ မသွားရ။

* ၄။ အပ္ပသဒ္ဒ

အကြောင်းရှိလျှင် တိုးတိုးသာသာ အသံဖြင့် ပြော၍ မြို့တွင်း ရွာတွင်း၌ နေရမည်။ ကျယ်လောင်စွာ ပြော၍ မနေရ။

မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်ကို ရဟန်းသာမဏေချင်း စကားပြောရာ၌သာ ပညတ်တော်မူလိုရင်း ဖြစ်ဟန်တူ၏၊ လူများနှင့်စကား ပြောရာ၌ကား (အထူးသဖြင့် မာတုဂါမများနှင့်ပြောရာ၌) တိုးတိုးပြောလျှင် အပြစ်တင်ဖွယ်ပင် ဖြစ်ရာ၏၊

* ၅။ ကာယပ္ပစာလက

ကိုယ်ကို လှုပ်၍ လှုပ်၍ မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၆။ ကာယပ္ပစာလက

ကိုယ်ကို လှုပ်၍ လှုပ်၍ မြို့တွင်း ရွာတွင်း၌ မနေရ။

* ၇။ ဗာဟုပ္ပစာလက

လက်မောင်း (လက်ရုံး)တို့ကို လှုပ်၍ လှုပ်၍ မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၈။ ဗာဟုပ္ပစာလက

လက်မောင်း (လက်ရုံး)တို့ကို လှုပ်၍ လှုပ်၍ မြို့တွင်း ရွာတွင်း၌ မနေရ။

* ၉။ သီသပ္ပစာလက

ဦးခေါင်းကို လှုပ်၍ လှုပ်၍ မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၁၀။ သီသပ္ပစာလက

ဦးခေါင်းကို လှုပ်၍ လှုပ်၍ မြို့တွင်း ရွာတွင်း၌ မနေရ။

နှစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သော ဥဇ္ဇဂ္ဃိကဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၃။ ခမ္ဘကတဝဂ်

* ၁။ ခမ္ဘကတ

ခါးထောက်လျက် မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၂။ ခမ္ဘကတ

ခါးထောက်လျက် မြို့တွင်း ရွာတွင်း၌ မနေရ။

* ၃။ ဩဂုဏ္ဌိတ

ဦးခေါင်းကို ခြုံလျက် မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၄။ ဩဂုဏ္ဌိတ

ဦးခေါင်းကို ခြုံလျက် မြို့တွင်း ရွာတွင်း၌ မနေရ။

* ၅။ ဥက္ကုဋိက

ခြေဖျားဖြင့်လည်းကောင်း၊ ဖနောင့်ဖြင့်လည်းကောင်း နင်းလျက် မြို့တွင်း ရွာတွင်း၌ မသွားရ။

* ၆။ ပလ္လတ္ထိက

လက်အာယောဂပတ်, ပုဆိုးအာယောဂပတ် ဖွဲ့လျက် မြို့တွင်းရွာတွင်း၌ မနေရ။

[ဒူးနှစ်ဖက်ကို ထောင်၍ လက်ဖြင့်ပိုက်ဖွဲ့လျက် ထိုင်ခြင်းသည် လက် အာယောဂပတ်ဖွဲ့သည် မည်၏၊ ဒူးနှစ်ဖက်ကို ထောင်၍ အဝတ်ဖြင့် ပတ်ဖွဲ့ လျက် ထိုင်ခြင်းသည် ပုဆိုးအာယောဂပတ်ဖွဲ့သည် မည်၏၊]

* ၇။ သက္ကစ္စပဋိဂ္ဂဟဏ

အရိုအသေ သတိထား၍ ဆွမ်းကို ခံရမည်။

မေတ္တာရပ်ခံချက်

မိုးဥတု၌ မိုးစိုစွတ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ တောရွာများ၌ အိမ်ရှေ့များ တွင် ဆွမ်းလောင်းရုံများ ဆောက်ထားလေ့ရှိ၏၊ ထို ဆွမ်းလောင်းရုံများမှာ များသောအားဖြင့် သေးငယ်၍ ဆွမ်းလောင်းသော သူသည် ရုံအမိုးအောက်၌ နေလျက် ဆွမ်းလောင်း၏၊ ဆွမ်းခံသော ဘုန်းကြီးများမှာ ရုံအပြင်ဘက် အမိုး တံစက်မြိတ်အောက်၌ ရပ်၍ ဆွမ်းခံကြရရှာ၏၊ ထိုသို့ ဆွမ်းခံခြင်းကြောင့် အမိုးတံစက်မြိတ်မှ ကျသော မိုးရေစက်သည် သပိတ်အတွင်းသို့ ဝင်တတ်၏၊ ထိုမိုးရေစက်များကို ဝိနည်းတော်အရဆိုလျှင် ‘ရေကြည်’ဟု မဆိုသာ၊ အဘယ်ကြောင့်ဆိုသော် ဝိနယဒုက္ကဋ် (ခေါ်) ဒုက္ကဋ်အာပတ်နှင့်တကွ ဒန္တပေါနသုဒ္ဓပါစိတ် အာပတ်ကို သင့်စေနိုင်သော ရထရေဏုမြူမှုန်ပမာဏရှိသော ပိုးချေးများ အမှိုက် များသည် ထိုမိုးရေစက်များ၌ ပါလေ့ရှိသောကြောင့်တည်း။ [ဤကား ပထမ ချွတ်ယွင်းချက်တည်း။]

ဒုတိယ ချွတ်ယွင်းချက်။ ။ ဆွမ်းလောင်းရုံအတွင်း၌ မြေကို ဖို့ထားလေ့ ရှိ၏၊ ထိုဖို့မြေမှာ ဘုန်းကြီးများ ဆွမ်းခံရန် ရပ်သော နေရာမြေထက် မြင့်မောက် နေ၏၊ ဆွမ်းလောင်းသောသူများက ထိုဖို့မြေပေါ်၌ ရပ်လျက် ဆွမ်းလောင်းကြ ရကား ဘုန်းကြီးများသည် ထိုအောက် နိမ့်သော နေရာမှနေ၍ ဆွမ်းခံကြရ ရှာသည်။

ဤချွတ်ယွင်းချက်များကို ပြုပြင်ဖို့လို၏၊ ထို့ကြောင့် ဆွမ်းလောင်းရုံများကို ဆောက်လုပ်လျှင် ဆွမ်းလောင်းသောသူနှင့်တကွ ဘုန်းကြီးပါ ဆွမ်းလောင်းရုံ အမိုးအောက်သို့ ဝင်နိုင်လောက်အောင် ခပ်ကျယ်ကျယ် ခပ်မြင့်မြင့် ဆောက်လုပ် ကြဖို့ရန် ဒါယကာတို့အား အကြံပေး မေတ္တာရပ်ခံပါ၏၊

ဝေဖန်ချက်။ ။ အချို့ရဟန်း, သာမဏေတို့သည် ဆွမ်းလောင်းသော သူတို့၏ မျက်မှောက်တွင် ရပ်လျက် အသံကျယ်စွာဖြင့် ဆုတောင်းမေတ္တာ ပို့ကြသည်။ ဤသို့ ရွတ်ဆိုခြင်းသည် ကျမ်းဂန်နှင့်လည်း မညီ၊ လှူချင်အောင် ဆွယ်သည်နှင့်လည်း တူ၏၊

အမှန်စင်စစ် ပြုအပ်သည်မှာ ရွာတွင်းသို့ ဆွမ်းခံမဝင်မီ ကျောင်းဝ၌ဖြစ်စေ၊ ရွာဝ၌ဖြစ်စေ “ဥပစာရသိမ်၌ တည်သော သံဃာတော်သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ ဆွမ်းခံရွာကို အစိုးရသော မင်းသည်လည်းကောင်း၊ ထိုဆွမ်းခံရွာ၌ နေကုန်သော လူတို့နှင့်တကွ ခပ်သိမ်းကုန်သော သတ္တဝါတို့သည် လည်းကောင်း ဘေးရန်မရှိကြပါစေကုန်သတည်း၊ ချမ်းသာကြပါကုန်သတည်း”ဟု ရွတ်၍ မေတ္တာဘာဝနာ ပွားအပ်၏ ဟူ၍ ဖြစ်သည်။ [ဤရွတ်ဆိုအပ်သော မေတ္တာဘာဝနာပွားနည်းသည် ဝိနည်းငယ်လေးစောင်ပါဌ်၊ ခုဒ္ဒသိက္ခာ နိဿယ စတုရာရက္ခနိဒ္ဒေသ၌ လာသော မေတ္တာဘာဝနာပွားနည်းကို မှီ၍ ရေးသားသော မေတ္တာဘာဝနာပွားနည်း ဖြစ်သည်။]

* ၈။ ပတ္တသညီပဋိဂ္ဂဟဏ

သပိတ်၌ နှလုံးသွင်းခြင်းအမှတ်သညာဖြင့် ဆွမ်းကို ခံရမည်။

* ၉။ သမသူပက

ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ လက်ဖြင့် ကော်၍ ရလောက်အောင် မကျဲမပျစ်လွန်းသော ပဲဟင်းကို ဆွမ်း၏ လေးဖို့တစ်ဖို့မျှသာ ခံရမည်။ [နည်းသည့်အတွက် အပြစ်မရှိ ဟူလို။]

* ၁၀။ သမတိတ္ထိက

သပိတ်၏ အတွင်းအနားရေးနှင့် ညီမျှရုံသာ ဆွမ်းကို ခံရမည်။ ပိုမောက် ပြည့်လျှံအောင် မခံရ။ [သပိတ်တွင်း၌ ဟင်းခွက်များထည့်၍ ခံယူလျှင်လည်း ကောင်း၊ သပိတ်ဖုံးပေါ်၌ တင်၍ ခံယူလျှင်လည်းကောင်း အာပတ်မသင့်။ သပိတ်တစ်လုံး ပြည့်၍ အခြားသပိတ်တစ်လုံးဖြင့် ခံယူလျှင်လည်း အာပတ် မသင့်။]

သုံးခုတို့၏ ပြည့်ကြောင်း ဖြစ်သော ခမ္ဘကတဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၄။ သက္ကစ္စဝဂ် (ခေါ်) ပိဏ္ဍပါတဝဂ်

* ၁။ သက္ကစ္စ ဘုဉ္ဇန

အရိုအသေ သတိထား၍ ဆွမ်းကို စားရမည်။

* ၂။ ပတ္တသညီ ဘုဉ္ဇန

သပိတ်၌ နှလုံးသွင်းခြင်း အမှတ်သညာဖြင့် ဆွမ်းကို စားရမည်။

* ၃။ သပဒါန

ဟိုနှိုက်သည်နှိုက် မနှိုက်ဘဲ အစဉ်အတိုင်းသာလျှင် ဆွမ်းကို စားရမည်။

* ၄။ သမသူပက ဘုဉ္ဇန

ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့က ဆွမ်းကျွေးလျှင် လက်ဖြင့် ကော်၍ရလောက်အောင် မကျဲမပျစ်လွန်းသော ပဲဟင်းကို ဆွမ်း၏ လေးဖို့တစ်ဖို့ မျှသာ စားရသည်။ [နည်းသည့်အတွက် အပြစ်မရှိ ဟူလို။]

* ၅။ ထူပက

ဆွမ်းဦး ဆွမ်းထိပ်ကို နှိပ်၍ မစားရ။

* ၆။ ပဋိစ္ဆာဒန

များစွာအလိုရှိသည်ဖြစ်၍ ပဲဟင်းကိုဖြစ်စေ၊ ငါးဟင်း, အမဲဟင်း စသည်ကို ဖြစ်စေ ဆွမ်းဖြင့် မဖုံးမလွှမ်းရ။

* ၇။ သူပေါဒန ဝိညတ္တိ

မနာမဖျားဘဲလျက် ဆွေမျိုးမတော် မဖိတ်ကြားထားသောသူတို့ထံမှ ဟင်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း အယုတ်သဖြင့် ‘ရေ’ကိုမျှသော် လည်း တောင်း၍ မစားမသောက်ရ။ [အပင့်အဖိတ် မရှိဘဲလျက် ဆွေမျိုး မတော်သော ဒါယကာ, ဒါယိကာမတို့ထံသို့ ရှေ့တစ်ရက်က ကြိုတင်ပြီး သွား၍ ဆွမ်းဟင်းများကို လောင်းရန် မေတ္တာရပ်ပြီးနောက် နောက်နေ့များ၌ ဆွမ်းဟင်းများကို ထိုအိမ်များမှ ခံယူ၍ စားခြင်းသည် နေ့စဉ်နှင့်အမျှ ဒုက္ကဋ်အာပတ် သင့်စေသောကြောင့် သံပူမီးခဲ မျိုသည်နှင့် တူ၏၊ ထိုပုဂ္ဂိုလ်သာလျှင် အာပတ် သင့်သည်မဟုတ်၊ ထိုဆွမ်းဟင်းများကို သုံးဆောင်သော အခြားရဟန်းတို့သည် လည်း ဒုက္ကဋ်အာပတ် သင့်ကုန်၏၊] ဤဆွမ်းဟင်းမျိုးကို ရှောင်ကြဉ်တော်မူကြ ပါကုန်။ ဆိုဦးအံ့ — အာဂန္တုကရဟန်း ရောက်လာ၍ ဆွေမျိုးမတော် မဖိတ် ကြားထားသော သူတို့ထံမှ ဖိတ်၍ ရသောဆွမ်းများသည်လည်း ဤသိက္ခာပုဒ် တော်၌ အကျုံးဝင်သည်ဟု သတိချပ်တော်မူကြပါကုန်။

* ၈။ ဥဇ္ဈာနသညီ

ကဲ့ရဲ့လိုသော စိတ်ဖြင့် သူတစ်ပါး၏ သပိတ်ကို မကြည့်ရ။

* ၉။ အတိမဟန္တ

အလွန်ကြီးသော ဆွမ်းလုတ်ကို ပြု၍ မစားရ။ [ဒေါင်းဥလောက်လည်း မကြီးစေရ။ ကြက်ဥလောက်လည်း မငယ်စေရ၊ အလယ်ပမာဏကို ပြု၍ စားရမည်။]

* ၁၀။ ပရိမဏ္ဍလအာလောပ

မရှည်, မချွန်လွန်း အဝန်းညီသော ဆွမ်းလုတ်ကို ပြု၍ စားရမည်။

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော သက္ကစ္စဝဂ် (ခေါ်) ပိဏ္ဍပါတဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၅။ ကဗဠဝဂ်

* ၁။ အနာဟဋ

ခံတွင်းဝသို့ ဆွမ်းလုတ် မရောက်မီ ခံတွင်းကို ဟ၍ မထားရ။

* ၂။ ဘုဉ္ဇမာန

ဆွမ်းစားသောအခါ ခံတွင်းအတွင်းသို့ လက်ချောင်းတို့ကို သွတ်သွင်း၍ မစားရ။

* ၃။ သကဗဠ

ခံတွင်း၌ ဆွမ်းလုတ်ရှိလျက် စကားမပြောရ။

* ၄။ ပိဏ္ဍုက္ခေပက

ဆွမ်းလုတ်ကို မြှောက်၍မြှောက်၍ မစားရ။

* ၅။ ကဗဠာဝစ္ဆေဒက

ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ မစားရ။

[မုန့်, ပဲစသော ခဲဖွယ်နှင့် လက်သုပ်များကို ကိုက်ဖြတ် စားကောင်းသည်ဟု ဆို၏၊ထို့ကြောင့် ပြောင်းဖူး, ငှက်ပျောသီး စသည်တို့ကို ကိုက်၍ စားခြင်း၌ အနာပတ္တိ၊ အာပတ်မသင့်။] အာပတ်မသင့်သော်လည်း ကိုက်စားခြင်းထက် လက်ဖြင့် ဖဲ့၍ စားခြင်းက ပို၍ ဣန္ဒြေရသည်။

* ၆။ အဝဂဏ္ဍကာရက

မျောက်ကဲ့သို့ ပါးစောင်၌ ငုံထား၍ မစားရ။

* ၇။ ဟတ္ထနိဒ္ဓုနက

လက်ကို ခါ၍ခါ၍ မစားရ။

* ၈။ သိတ္ထာဝကာရက

ဆွမ်းလုံးကို ဖြန့်ကြဲ၍ မစားရ။

* ၉။ ဇိဝှာနိစ္ဆာရက

လျှာကို ထုတ်၍ထုတ်၍ မစားရ။

* ၁၀။ စပုစပုကာရက

အသံစပ်စပ် (ပျတ်ပျတ်) မြည်အောင်ပြု၍ မစားရ။

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဗဠဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၆။ သုရုသုရုဝဂ်

* ၁။ သုရုသုရုကာရက

ရှုတ်ရှုတ် အသံပြု၍ မစားမသောက်ရ။

* ၂။ ဟတ္ထနိလ္လေဟက

လက်ကို လျက်၍ လျက်၍ မစားရ။

* ၃။ ပတ္တနိလ္လေဟက

သပိတ်ကို ခြစ်၍ ခြစ်၍ မစားရ။

* ၄။ ဩဋ္ဌနိလ္လေဟက

နှုတ်ခမ်းကို လျက်၍ လျက်၍ မစားရ။

* ၅။ ပါနီယတ္ထာလက

အာမိသ ကပ်ပေနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်ရ။

* ၆။ သသိတ္ထက

ဆွမ်းလုံးနှင့် တကွဖြစ်သော သပိတ်ဆေးရေကို ရွာတွင်း၌ မစွန့်ရ။

* ၇။ ဆတ္တပါဏိ

မနာမဖျားဘဲလျက် ထီးကိုင်ထားသော သူအား တရားမဟောရ။

* ၈။ ဒဏ္ဍပါဏိ

မနာမဖျားဘဲလျက် တုတ် (တောင်ဝှေး)ကိုင်ထားသော သူအား တရား မဟောရ။ [တုတ်မည်သည် မဇ္ဈိမပုရိသ၏ အတောင်အားဖြင့် ၄-တောင်ရှိသော တုတ်တည်း။ ထိုထက် ရှည်သည်ဖြစ်စေ၊ ထို့အောက် တိုသည်ဖြစ်စေ တုတ် မမည်။]

* ၉။ သတ္ထပါဏိ

မနာမဖျားဘဲလျက် ဓား, လှံ စသော လက်နက်ကိုင်ထားသော သူအား တရားမဟောရ။

* ၁၀။ အာဝုဓပါဏိ

မနာမဖျားဘဲလျက် လေးလက်နက်ကိုင်ထားသော သူအား တရားမဟော ရ။ [ညှို့တင်ထားသော လေးသည်လည်းကောင်း၊ လေးကိုင်းသက်သက်သည် လည်းကောင်း၊ မြားသက်သက်သည်လည်းကောင်း လေးလက်နက် မည်၏၊]

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော သုရုသုရုဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

၇။ ပါဒုကဝဂ်

* ၁။ ပါဒုကာရုဠှ

မနာမဖျားဘဲလျက် ခြေနင်းစီးထားသော သူအား တရားမဟောရ။ [သဲကြိုးမတပ်ဘဲ သစ်သားဖု စသည်တပ်လျက် ထိုဖုကို ခြေမဖြင့် ညှပ်၍ စီးရ သော ဖိနပ်မျိုးကို ‘ခြေနင်း’ဟု ခေါ်သည်။]

* ၂။ ဥပါဟနာရုဠှ

မနာမဖျားဘဲလျက် ဖိနပ်စီးထားသော သူအား တရားမဟောရ။

* ၃။ ယာနဂတ

မနာမဖျားဘဲလျက် ယာဉ်ထက်၌ နေသောသူအား တရားမဟောရ။

* ၄။ သယနဂတ

မနာမဖျားဘဲလျက် အိပ်ရာ၌ နေသောသူအား တရားမဟောရ။

* ၅။ ပလ္လတ္ထိကနိသိန္န

မနာမဖျားဘဲလျက် လက်အာယောဂပတ်, ပုဆိုးအာယောဂပတ် ဖွဲ့လျက် ထိုင်နေသော သူအား တရားမဟောရ။

* ၆။ ဝေဌိတသီသ

မနာမဖျားဘဲလျက် ဆံစမပေါ်အောင် ဦးခေါင်းကို ရစ်ပတ်ထားသော သူအား တရားမဟောရ။

ရစ်ပတ် —ဟူရာ၌ ခေါင်းပေါင်းပေါင်းသော ရစ်ပတ်ခြင်း၊ ဦးထုပ်ဆောင်း သော မကိုဋ်ဆောင်းသော ရစ်ပတ်ခြင်း၊ ပန်ချာပီခေါင်းပေါင်း ရစ်ပတ်ခြင်း အားလုံးကို ဆိုလိုသည်။ ထိုကဲ့သို့ ရစ်ပတ်ထားရာ၌ ဆံစမပေါ်သူကိုသာ တရား မဟောကောင်း၊ မြန်မာတို့ ခေါင်းပေါင်းပုံမှာ များသောအားဖြင့် ဆံစပေါ်နေ သောကြောင့် တရားဟောကောင်း၏၊ ဆံစမပေါ်လျှင် ဆံစကို ဖော်စေပြီးမှ တရားဟောရမည်။

* ၇။ ဩဂုဏ္ဌိတသီသ

မနာမဖျားဘဲလျက် ခေါင်းမြီးခြုံထားသော သူအား တရားမဟောရ။

* ၈။ ဆမာ

မနာမဖျားဘဲလျက် မြက်ခင်း၌ဖြစ်စေ၊ အခင်းတစ်ခုခု၌ဖြစ်စေ ထိုင်နေ သော သူအား မြေပြင်ကနေ၍ တရားမဟောရ။

* ၉။ နီစ

မနာမဖျားဘဲလျက် မြင့်သောနေရာ၌ နေသောသူအား နိမ့်သော နေရာက နေ၍ တရားမဟောရ။

* ၁၀။ ဌိတ

မနာမဖျားဘဲလျက် ထိုင်နေသောသူအား ရပ်လျက် တရားမဟောရ။ [ရပ်ခြင်းသည် ထိုင်ခြင်းထက် ပို၍ လေးစားရာရောက်သဖြင့် ဣရိယာပုထ် လေးပါးတွင် ရပ်ခြင်းသည် အလေးစားဆုံး ဣရိယာပုထ် ဖြစ်သည်။]

* ၁၁။ ပစ္ဆတော ဂစ္ဆန္တ

မနာမဖျားဘဲလျက် ရှေ့ကသွားနေသော သူအား မိမိက နောက်က လိုက်လျက် တရားမဟောရ။

* ၁၂။ ဥပ္ပထေန ဂစ္ဆန္တ

မနာမဖျားဘဲလျက် လမ်းပေါ်၌ သွားနေသော သူအား မိမိက လမ်းဘေးမှ သွားလျက် တရားမဟောရ။

* ၁၃။ ဌိတော ဥစ္စာရ

မနာမဖျားဘဲလျက် ရပ်လျက် ကျင်ကြီး, ကျင်ငယ် မစွန့်ရ။

* ၁၄။ ဟရိတေ ဥစ္စာရ

မနာမဖျားဘဲလျက် စိမ်းရှင်သော မြက်, သစ်ပင်ရှိရာ အရပ်၌ ကျင်ကြီး, ကျင်ငယ်, နှပ်, တံတွေးတို့ကို မစွန့် မထွေးရ။ [တိုက်ရိုက် စွန့်ခြင်းကိုသာ ဆိုသည်။ အိုးခွက်ထဲ၌ စွန့်ပြီးနောက် ထိုခွက်မှ တစ်ဆင့် စွန့်လျှင် အပြစ်မရှိဟု သိ။]

* ၁၅။ ဥဒကေ ဥစ္စာရ

မနာမဖျားဘဲလျက် သုံးဆောင်ကောင်းသော ရေ၌ ကျင်ကြီး, ကျင်ငယ်, နှပ်, တံတွေးတို့ကို မထွေးရ။ [ဆဋ္ဌမူ ပါစိတ်ပါဠိတော်၌ သတိမေ့လျော့သော ရဟန်းအား အာပတ်မသင့်ဟု ဆို၏၊ သို့သော် ပါဠိတော် (မြန်မာပြန်) အနာပတ္တိဝါရ၌ကား ဤအဆို မရှိပါ။] ပါဠိတော်အဆိုကိုသာ ယူတော်မူကြပါကုန်။ မြန်မာပြန်၌ သတိလစ်ပြီး ကျကျန်သွားသည်နှင့် တူ၏၊

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပါဒုကဝဂ်သည် ပြီးခြင်းသို့ ရောက်ပြီ။

အရှင်တို့, သေခိယအမည်ရှိကုန်သော သိက္ခာပုဒ်တို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။ ထိုသေခိယသိက္ခာပုဒ်တို့၌ အရှင်တို့ကို ဘုရား တပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါ ကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ် ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သောကြောင့်သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤ အာပတ်မှ စင်ကြယ်ကြကုန်၏ဟူ၍ သိမှတ်ရ၏၊

သေခိယ အမည်ရှိကုန်သော သိက္ခာပုဒ်တို့သည် ပြီးခြင်းသို့ ရောက်ကုန်ပြီ။