မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/အကပ္ပိယ အသားမျိုး

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၃၄။ အကပ္ပိယ အသားမျိုး
3397ဝိနည်းဥပဒေတော်ကြီး — ၃၄။ အကပ္ပိယ အသားမျိုးအရှင်သြဘာသ

၃၄။ အကပ္ပိယ အသားမျိုး

အသားကြီး ၁၀-ပါး

လူ, ခွေး, မြင်း, ဆင်၊ သစ်, ကျား, ခြင်၊ ဝံ လျှင်, အောင်း, မြွေမျိုး။
ရိုး, ရေ, သား, သွေး၊ အမွေးတို့ပါ၊ မသုံးရာ၊ ဆယ်ဖြာ အသားမျိုး။

၁။ လူသား၊ ၂။ ခွေးသား၊ ၃။ မြင်းသား၊ ၄။ ဆင်သား၊ ၅။ ကျားသစ်သား၊ ၆။ ကျားသား၊ ၇။ ခြင်္သေ့သား၊ ၈။ ဝံသား၊ ၉။ အောင်းသား၊ ၁၀။ မြွေသား၊ ဤသည်တို့ကား မစားအပ်သော အကပ္ပိယ အသားကြီး ၁၀-ပါးတည်း။

အဓိပ္ပာယ်။ ။ ထိုသတ္တဝါတို့၏ အရိုး, အရေ, အသား, အသွေး, အမွေး တို့သည်လည်း ရဟန်းတို့အား သုံးဆောင်ခြင်းငှာ မအပ်ကုန်။ [နွားရေကိုလည်း သားရေနွယ်အဖြစ်ဖြင့် မသုံးဆောင်အပ်၊ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏ဟု သီးခြား ပညတ်တော်မူသည်။]

အရေ၌ မအပ် —ဟူရာ၌ ပုဂ္ဂလိကအဖြစ်ဖြင့် သွားလေရာရာ ၎င်းသားရေ အခင်းတို့ကို ယူ၍ မသုံးစွဲကောင်းဟု ဆိုလိုသည်။ ကျောင်းအသုံးအဆောင် အဖြစ်ဖြင့်ကား သားရေအားလုံး သုံးဆောင်ကောင်းသည်ဟု ဒုတိယသေနာသန သိက္ခာပုဒ်အဖွင့်၌ “စမ္မခဏ္ဍ”ဟူသော ပါဠိစကားနှင့် စပ်၍ ပါတိမောက်ဘာသာ ဋီကာဆရာ ဆို၏၊

လူမှာ ထုလ္လစ္စဉ်း၊ အကြွင်း ဒုက္ကဋ်၊ ထောပတ် တစ်မူ၊ သားဆီဟူ၊ လူကြဉ် သုံးအပ် ကိုး။

အဓိပ္ပာယ်။ ။ သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ လူသားကို စားမိလျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ အကြွင်း ၉-ပါးတို့၏ အသားကို စားမိလျှင် ဒုက္ကဋ် အာပတ် သင့်၏၊

နို့ရည်, ဆီဦး, ထောပတ်, ဝသာတေလ ခေါ်သော သားဆီ တို့ကိုမူကား လူကို ကြဉ်၍ အကြွင်း ၉-ပါးတို့မှာ သုံးဆောင်ခြင်းငှာ အပ်ကုန်၏၊

အထူးမေတ္တာရပ်ခံခြင်း။ ။ အထက်၌ ပြဆိုခဲ့သော အသားကြီး ၁၀-ပါး တို့တွင် ခွေးသားကို လူဝတ်ကြောင်တို့လည်း မစားသင့်ပေ။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာတစ်ဝန်းလုံးက အသားမျိုးစုံတို့တွင် ခွေးသားကို အယုတ်ညံ့ဆုံး အသားမျိုးဟု မှတ်ယူထားသောကြောင့်တည်း။ အထူးသဖြင့် ဗုဒ္ဓဘာသာလူမျိုး မှန်သမျှသည် ဤအသားကို အလျှင်းမစားသင့်ပေ။ [ရှောင်ကြဉ်တော်မူကြပါ ကုန်။ အထူးမေတ္တာရပ်ခံပါ၏၊]

ဆင်ခြင်မဲ့ပါ၊ ဆယ့်တစ်ဖြာ၊ အာပတ် အစိတ်မျိုး။

အဓိပ္ပာယ်။ ။ ဆွမ်းစားသောအခါ ဆွမ်းပွဲတွင် အသားဟင်းများ ပါရှိခဲ့သော် ဘာသားပဲဟူ၍ အတပ်သိရန် ဆင်ခြင်မှုကို အမြဲသတိရှိစေရမည်။ဆင်ခြင်မဲ့၍ အမှတ်တမဲ့ စားမိခဲ့လျှင် ကပ္ပိယအသားပင် ဖြစ်သော်လည်း ဝတ် ပျက်မှုအတွက် ဒုက္ကဋ်အာပတ် သင့်၏၊

န ဘိက္ခဝေ အပဋိဝေက္ခိတွာ မံသံ ပရိဘုဉ္ဇိတဗ္ဗံ၊ ယော ပရိဘုေဉ္ဇယျ အာပတ္တိ ဒုက္ကဋဿ —ဟု ပါဠိတော်၌ လာ၏၊ [ရဟန်းတို့ ...မဆင်ခြင်မူ၍ အသားကို မစားအပ်၊ အကြင်ရဟန်းသည် စားငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊၊] ဤ အသားသည် အပဋိဝေက္ခိတအသား မည်၏၊ မစားအပ်သော အသား ၁၁-ပါး ဖြစ်၏၊

အာပတ် အစိတ်မျိုးဆိုသည်ကား — အစိတ္တကအာပတ်မျိုးတည်း။ အကပ္ပိယအသားဟူ၍ မသိ၍ စားမိသော်လည်း သင့်တတ်သော အာပတ်မျိုးတည်း။

သီတင်းငါးရပ်၊ ရည်၍ သတ်၊ မအပ် ထိုအသား။
မြင်ခြင်း, ကြားခြင်း၊ ယုံမှားခြင်း၊ ကင်းစေ စွန်းသုံးပါး။

အဓိပ္ပာယ်။ ။ သီတင်းသုံးဖော်ငါးယောက်တို့တွင် တစ်ယောက်ယောက် ကို ရည်၍ ကျွေးမွေးလှူဒါန်းရန် သတ်အပ်သည်မှန်က ထိုအသားကို သီတင်းသုံး ဖော်ငါးဦးလုံး မစားအပ်ပြီ။

အစွန်းသုံးပါး

သီတင်းသုံးဖော် တစ်ယောက်ယောက်ဖို့ သတ်သည်ဟု မြင်၍ သိခြင်း၊ ကြား၍ သိခြင်း၊ ယုံမှားသင်္ကာမကင်း ရှိခြင်း၊ ဤကား အစွန်းသုံးပါးတည်း။ ထိုအစွန်းသုံးပါးတွင် တစ်ပါးပါးရှိခဲ့သော် ထိုအသားကို မစားအပ်။ အစွန်းသုံးပါး ကင်းရှင်းမှ စားအပ်သည်။ ဤအာပတ်ကား သစိတ္တကအာပတ်တည်း။

မှတ်ချက်။ ။ ယခုအခါ အလှူပေးအံ့ဟု သတ်စေသော အသားသည် ဤ မည်သော ရဟန်းဖို့ဟု မရည်ရကား အပ်သည်ဟု အချို့ဆရာ ယူသည်။ လှူအံ့သော စေတနာသည် အလှူခံအား စွဲ၍ ဖြစ်သော စေတနာဖြစ်၍ ဥဒ္ဒိဿကမံသပင် ဖြစ်သည်။ မအပ်ဟု အချို့ဆရာ ယူသည်။ [ဂရုကိုသာ ယူအပ်ပေ သည်ဟူ၍ သီလဝိသောဓနီကျမ်း၌ ဆို၏၊] သား, ငါးစျေး မရှိသော (ဝါ) အများ သုံးစွဲနေကြသော အခေါ်ဝေါ်ဖြင့် ခေါ်လျှင် ပံသုကူအသား ပေါ်လေ့မရှိသော တောရွာများ၌ အထူးသဖြင့် ဆွမ်းအလှည့်ကျသော နေ့များတွင် စီရင်သော ကြက်သား, ကြက်ဥ, ဝမ်းဘဲသား, ဝမ်းဘဲဥ, ဂဏန်းပြုတ်, ဂဏန်းဟင်း စသည် တို့ကို အပ်, မအပ် ခွဲခြား၍ ယူလျှင် ရွာဓလေ့ကို သိပြီးဖြစ်၍ ရာနှုန်းအပြည့် ဆိုရလောက်အောင်ပင် မအပ်ဟု ဆိုရပေမည်။ [ဤဟင်းလျာမျိုးကို လှူခြင်း အားဖြင့် အလှူရှင်ဘက်သို့ ကြည့်လျှင် ပါဏာတိပါတ သိက္ခာပုဒ်အရ အပြစ်ဖြစ် ၍ ရဟန်းတော်များဘက်သို့ ကြည့်လျှင် ရည်စူးသော အသားကို စားခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်၏၊ ထို့ကြောင့် ဤအလှူမျိုးကို ပပျောက်အောင် ပြုဖို့လို သည်။ ဤကိစ္စသည် ရဟန်းတော်များ၏ အပေါ်၌သာလျှင် တည်သည် မဟုတ်၊ ရွာသူရွာသားများ၏ အပေါ်၌လည်း တည်သည်။ ရဟန်းတော်များ၏ တာဝန်မှာ ဤဟင်းလျာမျိုးကို မလှူဖို့ရန် လူတို့အား နားလည်အောင် ဟောပြော၍ လူတို့၏ တာဝန်မှာ ဤ ဟင်းလျာမျိုးကို မလှူဘဲ အခြားအပ်သော ဟင်းလျာမျိုးကို လှူရန် ဖြစ်သည်။ သို့မှသာလျှင် နှစ်ဦးနှစ်ဘက် အကျိုးရှိမည်။]

ဆိုဦးအံ့။ ။ တောရွာ များ၌ အိမ်တိုင်းလိုလိုပင် ဝါဆိုလပြည့်နေ့ စသော ရက်ကြီးများတွင် ဆွမ်းတစ် အုပ်စီ ချက်၍ ကျောင်းသို့ ပို့လှူကြသည်။ အကွက်ကောင်းကို စောင့်နေသော ဝက်ပေါ်သမားတို့သည် ဥပုသ်နေ့၌ သားကောင်များကို မသတ်ရဟု အစိုးရက ဆင့်ဆိုထားသဖြင့်, ဝါဆိုလဆန်း ၁၃-ရက်နေ့ ညဉ့် ၁၄-ရက်နေ့ အကူး နံနက် ၃-နာရီအချိန် လောက်တွင် ဝက်များကို အိမ်ဦးရေနှင့် ချိန်ဆ၍ စီရင်ပြီး လဆန်း ၁၄-ရက်နေ့ နံနက်၌ ဝက်သားများကို ရောင်းချလေသည်။ အချို့က အသား ကောင်းကောင်း (ဝါ) ကြိုက်သားကောင်းကောင်းကို မရမည်စိုး၍ ဝက်မသေ မီကပင် ကြိုတင်၍ ‘ဟိုအသား ထားပေးပါ၊ ဟို အသည်းနှလုံး ထားပေးပါ’ စသည်ဖြင့် သားသတ်သမားများအား မှာထားလေ့ရှိသည်။ ဝက်သားကို ဝယ်၍ ချက်လှူသော ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ကား ဆိုဖွယ်မရှိပါ။ သို့သော် အိမ်တိုင်း လိုလိုပင် ဆွမ်းချက်ကြမည်ဟု ဝက်ပေါ်သမားသည် သိထားနှင့်၍ အိမ်ဦးရေကို ချိန်ဆပြီး ဝက်များကို စီရင်ခြင်းသည် ရဟန်းတော်များအား စွဲ၍ စီစဉ်ရာ ရောက်မှန်းမသိ ရောက်သည်ဟူ၍ မယူဆသင့်ပါသလော။ လုံးလုံးလျားလျား မယူဆလျှင်လည်း သံသယမူကား ဖြစ်သင့်သည် မဟုတ်ပါလော။ [အချို့က အိမ်မှ ကြက်ဥ, ဘဲဥ, ကြက်, ဘဲကို စီရင်၍ လှူကြလေသည်။ ဤကား ရည်စူး သော အသားစစ်စစ်တည်း။]

အစိုးရက ရိုသေလေးစားသောအနေဖြင့် ဥပုသ်နေ့များ၌ သားငါးများကို မသတ်ရဟု ဆင့်ဆိုထားသော်လည်း တိရစ္ဆာန်များအတွက်ကား မသက်သာပါ၊ အမှန်မှာ ၁-ရက်ပင် ကြို၍ သေကြရရှာသည်။ ဝက်, ဘဲ, ကြက်များသာမက နွားများလည်း ပါချေသေးသည်။ စားသူမရှိလျှင် သတ်သူလည်း ရှိမည် မဟုတ် ရကား ဥပုသ်နေ့များ၌ သားစိမ်း ငါးစိမ်းတို့ကို ရှောင်ကြဉ်၍ ငါးခြောက် ငါးခြမ်း စသော အစားအစာမျိုးကိုသာ စားသောက်သော ရဟန်းရှင်လူ ပုဂ္ဂိုလ်အမြောက် အမြား ထွန်းကားပါစေသတည်း။

မြို့ရွာများ၌ ကျင်းပသော ရှင်ပြု, ရဟန်းခံ, ကထိန် စသော အလှူများ အတွက် ပေါ်ပြီးသား အသားများကို စျေးမှ မဝယ်ယူဘဲ သားသတ်သမားများ ထံမှ အသားများကို မှာယူခြင်းသည်လည်း အလှူခံများဖြစ်သော ရဟန်းတော် များကို စွဲ၍ မှာယူရာရောက်သည်ဟူ၍ မယူဆသင့်ပါသလော၊ လုံးလုံးလျားလျား မယူဆလျှင်လည်း သံသယမူကား ဖြစ်သင့်သည် မဟုတ်ပါလော။

ဒံပေါက်ဆွမ်း, ရေခဲမုန့် (Ice Cream)တို့နှင့် ပတ်သက်၍ ဆိုပါအံ့။ ဆိုင်များ ၌ တစ်နေ့စာ လက်လီရောင်းရန်အတွက် ချက်သော ဒံပေါက်ဆွမ်း ဟင်းလျာများ သည် ရည်စူးသော အသား၌ အကျုံးမဝင်ပါ၊ မှန်၏၊ သို့သော် တစ်နေ့စာ လက်လီရောင်းရန်အတွက်ဖြစ်၍ ဤဒံပေါက်ဆွမ်း ဟင်းလျာများသည် အနည်း အကျဉ်းမျှသာ ဖြစ်ရကား အလှူများအတွက် မလုံလောက်သဖြင့် ကြိုတင်၍ ဆိုင်များမှ မှာယူချက်ခိုင်းရလေသည်။ ဤသို့ မှာယူ ချက်ခိုင်းသော ဒံပေါက်ဆွမ်း ဟင်းလျာများသည် ရာခိုင်နှုန်းအပြည့် ဆိုရလောက်အောင်ပင် ရည်စူးသော အသားဟင်းလျာများ ဖြစ်လေတော့သည်။ သို့ဖြစ်၍ ဘဲသား, ကြက်သား ဒံပေါက်ဆွမ်း ကပ်လှူလိုလျှင် ရာနှုန်းအပြည့် အကျိုးရရှိစေခြင်းငှာ ဆိုင်များမှ မမှာယူဘဲ ပေါ်ပြီးသား ဘဲသား ကြက်သားများကို စျေးမှ ဝယ်ယူ၍ ချက်လှူ အပ်ကြောင်း ဒါယကာ, ဒါယိကာမတို့အား ဟောပြောဖို့ လိုသည်။

ရေခဲမုန့် (Ice Creamများ၌ကား ကြက်ဥ, ဘဲဥ ထည့်၍ လုပ်ကြ၏၊ ဆိုင်ရှင်များက တစ်နေ့စာ လက်လီရောင်းရန်အတွက် ပြုလုပ်သော ရေခဲမုန့် များမှာ ရည်စူးသော အသား၌ အကျုံးမဝင်၍ စားအပ်ပေသည်၊ မှန်၏၊ သို့သော် ဤရေခဲမုန့်များမှာ တစ်နေ့စာ လက်လီရောင်းဖို့အတွက်ဖြစ်၍ အနည်းအကျဉ်းမျှ သာ ဖြစ်ရကား အလှူများအတွက် မလုံလောက်သဖြင့် ကြိုတင်၍ ဆိုင်များမှ မှာယူ လုပ်ခိုင်းရလေသည်။ လုပ်ရိုးလုပ်စဉ်အတိုင်းပင် ကြက်ဥ ဘဲဥများကို ထည့်၍ လုပ်ကြ၏၊ ဤ ကြက်ဥ ဘဲဥများသည် ရည်စူးသော အသား၌ အကျုံးဝင်လေတော့သည်။ [ကြက်ဥ ဘဲဥပါမှ အရသာပိုရှိသောကြောင့် ထည့်ခြင်း ဖြစ်သည်။] ကြက်ဥ ဘဲဥ မထည့်စေဘဲ လုပ်ခိုင်းသော အလှူရှင်မှာ တစ်ဦးတစ်လေသာ ရှိသည်။ ဤ အလှူရှင်ကဲ့သို့ ကြက်ဥ ဘဲဥ မထည့်စေဘဲ မှာယူလုပ်ခိုင်းဖို့ ဒါယကာ, ဒါယိကာမတို့အား နားလည်သဘောပေါက်အောင် ဟောပြောဖို့လိုသည်။ ဒါယကာ, ဒါယိကာမတို့ကလည်း ကုန်ကျိုးနပ်အောင် တစ်သဝေမတိမ်း လိုက်နာအပ်ပေသည်။ [ကုသိုလ်ကောင်းမှုပြုရာ၌ အကုသိုလ် မကောင်းမှု မပါပါစေနှင့်။]

“တရစ္ဆ”ဆိုသော အကောင်သည် အောင်းလော၊ သို့တည်းမဟုတ်ကျားနက် (ကျားမင်း) လော

တရစ္ဆဆိုသော သားရဲကောင်နှင့် ပတ်သက်၍ စိစစ်ပါအံ့။ ယင်း သားရဲ ကောင်သည် ‘အောင်း’လော၊ သို့တည်းမဟုတ်ကျားနက် (ကျားမင်း)လော။

‘အောင်း’ဟု ဆိုသော သားကောင်သည် မည်သည့်သားကောင်မျိုး ဖြစ်လေ သနည်းဟု ရှာကြံသော် အောက်ပါစကားရပ်များကို အထောက်အခံပြု၍ ရှာရမည် ဖြစ်သည်။

ဆဋ္ဌပိဋကတ်တော် မြန်မာပြန်ဌာနမှ စီရင်သော ‘သတ်ပုံ အဘိဓာန် မိတ်လင်စုံ၊ စာမျက်နှာ-၆၇’၌ “အောင်းသည် နွားနှင့်တူသော သားကောင် (ပါဠိ) စမရတည်း။ စာမရီသားကောင်နှင့် အမြီးတူသည်၊ ရှေးမင်းတို့လက်ထက် စာမရီသားကောင်၏ အမြီးကို မရသောအခါ၌ အောင်းမြီးကိုပင် မင်းခမ်းတန်ဆာ သားမြီးပြု၍ ဆောင်ရသည်”ဟု သမန္တစက္ခု၊ ဒု၊ ၂၀၀-တွင် ဆို၏ ဟူ၍ ဖော်ပြထားသည်။

အဘိဓာန် နိဿယသစ်၊ စာမျက်နှာ-၂၃၅၊ အပိုဒ် ၆၁၉-၌ အဘယာရာမ ရွှေဂူတိုက်ဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသ မိန့်ဆိုတော်မူထားသည်မှာ “စမရီ ကား အမွေးရှည်သော တိဗက်နွားမျိုးတည်း။ ထိုသားကောင်၏ မြီးဆံသည် ရှည်သည်ဖြစ်၍ အိန္ဒိယနိုင်ငံ, တိဗက်နိုင်ငံတို့၌ ယင်နှင်ယပ် လုပ်ကြ၏၊ ထိုကိုပင် စာမရီသားမြီးယပ်ဟု ခေါ်သည်။ တိဗက်နိုင်ငံ၌ ဝန်တင်ရန်, နို့စားရန်, အသား စားရန် ၎င်းသားကောင်ကို အသုံးပြုကြကုန်၏၊ ဤအနက်ကို သက္ကတဆေးကျမ်းတို့၌လည်းကောင်း, ပါဠိအမည်တပ်လျက်ပါသော သတ္တဝါရုပ်ပုံများ ကိုပြ၍ ၎င်းတို့၏ အကြောင်းကို ဆိုသော စာအုပ်တို့ကိုလည်းကောင်း ကြည့်ရှု မှီငြမ်းပြု၍ ပေးအပ်သတည်း”ဟူ၍ ဖြစ်သည်။

မော်လမြိုင် တောင်ပေါက် ဆရာတော်ဦးစက္ကပါလ စီရင်ရေးသားတော် မူသော အဘိဓာနပ္ပဒီပိကာနိဿယ၊ စာမျက်နှာ-၃၅၀ ၌ “စမရ-စမရီ မည်သော သားကောင်သည် နွားနှင့် သဏ္ဌာန်တူ၍ ရှည်သော အမွေးရှိ၏၊ တိဗက်နိုင်ငံ၌ ၎င်းကို ဝန်တင်ခြင်း စသည်ဖြင့် အသုံးပြုကြ၏၊ စမရီသားမြီးယပ်ဟူသည် ၎င်း၏ မြီးဆံဖြင့် ပြုလုပ်သော ယပ်မျိုးတည်း။ သင်္ခတကျမ်း၌ကား ကျွဲနှင့် သဏ္ဌာန်တူ၏ ဟု အဆိုရှိသည်။ သီဟိုဠ်ဘာသာ အမရကောသ နိဿယ၌လည်း ကျွဲနှင့် သဏ္ဌာန်တူသော ဥတ္တရာပထတိုင်း၌ ဖြစ်သော စမရီမည်သော သားကောင် အထူးဟု ဆို၏”ဟု ဖော်ပြထားသည်။

လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (M. A) စီရင်ရေးသားသော ပါဠိအဘိဓာန်ချုပ်၊ စာမျက်နှာ-၃၃၂ ၌ စမရသည် ‘အောင်း’သတ္တဝါပင် ဖြစ်သည်ဟု ဆိုထား၏၊

ညောင်လေးပင်ဆရာတော်ကလည်း ထိုဝိသုဒ္ဓိမဂ်အရသာ၊ စာမျက်နှာ-၂၈၊ အပိုဒ်-၂ ၌ “စမရီမည်သော သားသည် (ဝါ) အောင်းသည် မိမိအမြီး ချုံငြိသည်ကို အသေခံ၍ စောင့်သည်”ဟု ဖော်ပြထား၏၊

အထက်ပါအတိုင်းဆိုလျှင် အောင်းနှင့် စာမရီသားကောင်သည် အတူတူ ပင် ဖြစ်သည်ဟု ဆိုလျှင်လည်း ဆိုနိုင်၏၊ မတူစေကာမူ အနည်းငယ်မျှသာ ကွာခြား၍ ၎င်းတို့ နှစ်မျိုးစလုံးပင် နွားနှင့်တူသော သားကောင်များ ဖြစ်သည်မှာ ထင်ရှားလေပြီ။ [အင်္ဂလိပ်လို ၎င်းကို "YAK"ဟု ခေါ်၏၊]

မစားအပ်သော အကပ္ပိယ အသားကြီး ၁၀-ပါးတို့တွင် ‘အောင်းသား’ ပါဝင်နေခြင်း၏ အကြောင်းကား မူရင်းပါဠိစကား ‘တရစ္ဆကို ရှေးနိဿယတို့၌ ‘အောင်း’ဟု ပြန်ဆိုထားခြင်းကြောင့်တည်း။ [အဘိဓာန်နိဿယသစ်၊ စာမျက်နှာ-’ ၂၃၃၊ အောက်ခြေအပိုဒ်-၆၁၁။]

ထိုအပိုဒ်၌ပင် ဆက်လက်၍ ညွှန်ပြထားသည်မှာ “ဤ တရစ္ဆကို သီဟိုဠ်၌ ဝက်ဝံတစ်မျိုး ဟူ၏၊ သက္ကတဋီကာ, ဟိန္ဒီနိဿယတို့၌ သစ် ဟူ၏”ဟူ၍ ဖြစ်သည်။ ထိုကျမ်းပြု အဘယာရာမ ဆရာတော်ကိုယ်တိုင်ကား ‘သစ်ကျုတ်’ဟု ဆိုတော်မူ၏၊

အဘိဓာနပ္ပဒီပိကာသူစိ၊ နှာ-၂၃၃၊ တတိယအပိုဒ်။ ။ တရစ္ဆ-၆၁၁၊တရ တရဏေ။ ဆော၊ တရစ္ဆော။ ယော သုနခဗျဂ္ဃေါတိ ဝုစ္စတိ။ မဟာကုက္ကုရပ္ပမာဏော ကုက္ကုရာကတိ ကဏ္ဍရေန ခစိတသရီရော ဂေါမနုဿာဒိ ဟိံသက္ခမော ရဿမုခေါ တရစ္ဆော နာမ။

ယော သတ္တော = အကြင်သားကောင်ကို။ သုနခဗျဂ္ဃေါတိ = ခွေးကျား ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊ မဟာကုက္ကုရပ္ပမာဏော = ခွေးကြီး ပမာဏ ရှိ၏၊ ကုက္ကုရာကတိ = ခွေးအလား ရှိ၏၊ (ဝါ) ခွေးနှင့် တူ၏၊ ကဏ္ဍရေန ခစိတသရီရော = မည်းနက်သော အရေးအကြောင်းတို့ဖြင့် စီအပ်သောကိုယ် ရှိ၏၊ ဂေါမနုဿာဒိ ဟိံသက္ခမော = နွား လူစသည်တို့ကို ညှဉ်းဆဲနှိပ်စက်နိုင်၏၊ ရဿမုခေါ = တိုသော နှုတ်သီးရှိ၏၊ သော သတ္တော = ထို သားကောင်သည်။ တရစ္ဆော နာမ = တရစ္ဆ မည်၏၊

အဘိဓာနပ္ပဒီပိကာ နိဿယ၊ စာမျက်နှာ-၃၄၅ ၌ “အမရကောသ ဋီကာ” များနှင့် ဟိန္ဒီဘင်္ဂါလီ နိဿယများ၌ကား ခွေးကြီးခန့် ရှိ၍ မည်းနက်သော အရေး အကြောင်းရှိသော ‘ကျားငယ်’မျိုးဟု ပြန်ဆိုကြ၏၊ ဤနိဿယအဆိုအတိုင်း သုမင်္ဂလပသာဒနီမည်သော ခုဒ္ဒသိက္ခာ ဋီကာသစ်၌လည်း အဆိုရှိသည်။ အရပ်ရပ် အဆိုစကားကို ထောက်ထား ဆင်ခြင်သော် ငါတို့ မြန်မာနိုင်ငံ၌ ‘သစ်ကျုတ်’ဟု ခေါ်သော သားရဲ၏ အမည်ပင်တည်းဟု ငါတို့ ထင်မိပေ၏၊ ပညာရှင်များ အမည်မှန်ကို ရှာကြံကြပါလေ”ဟု ဖော်ပြထား၏၊ [သားရဲကောင် တို့၏ အကြောင်းကို စာရေးသူ သိသလောက် ပြောရမည်ဆိုလျှင် ယခုခေတ် အခေါ်ဝေါ်အားဖြင့် ၎င်းတို့တွင် သစ်ကျုတ်ဆိုသော အကောင် မရှိပါ၊ ပြလတ္တံ့ သော ကျားနက် (ကျားမင်း)ကိုပင် ရည်၍ ဆိုဟန် တူသည်။]

လယ်တီပဏ္ဍိတ ဦးမောင်ကြီးက ‘ကျားသစ်’ဟု ဆို၏၊ [ပါဠိအဘိဓာန်ချုပ် စာမျက်နှာ-၃၇၁] အချို့က ဝံပုလွေဟု ဆို၏၊

“အောင်း”ဟု ပြန်ဆိုထားခြင်းကို ထိုရှေးနိဿယတို့ မှားသည်ဟု မဆိုသင့် ပေ။ အထက်၌ ဖော်ပြခဲ့သော နွားနှင့်တူသော သားကောင်ကိုပင် ဆိုကြလေ သလော၊ သို့တည်းမဟုတ် ကျား, ကျားသစ်တို့ အမျိုးအစားတွင် ပါဝင်သော သားရဲကောင်မျိုးကိုပင် ၎င်းတို့က ‘အောင်း’ဟု ခေါ်ဆိုကြလေသလောဟု မသိနိုင်ရကား အကောင်းဆုံးနည်းလမ်းမှာ ‘တရစ္ဆ’ဟူသော သားကောင်၏ အမျိုးနှင့် ဒေသအလိုက် ခေါ်ဝေါ်သော အမည်မှန်ကို ရအောင် ရှာဖွေရန်သာ ရှိပေတော့ သည်။

ထို့ကြောင့် ဤ တရစ္ဆဆိုသော သားကောင်သည် မည်သည့်သားကောင် မျိုးနည်း။ လူကို ရန်ရှာတတ်သော ကျား, ကျားသစ်တို့တွင် ပါဝင်သော သားရဲ ကောင်မျိုးလော။ သို့တည်းမဟုတ် နွားကဲ့သို့ ရိုးသားသော သားကောင်မျိုးလော ဟူသော အချက်ကို ရှေးဦးစွာ စိစစ်ရပေမည်။

ပညတ်တော်မူရခြင်း၏ အကြောင်းကို ဖော်ပြပါအံ့။ မိဂဒါဝုန်တော၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် မုဆိုးများ ကပ်လှူသော ခြင်္သေ့, ကျား, ကျားသစ်, ဝက်ဝံနှင့် အောင်းသားတို့ကို ရဟန်းတို့ စားကြလေရာ အနံ့ခံ၍ ထိုသားရဲကောင်မျိုးတို့သည် ရဟန်းတော်များကို လိုက်ကြပါကုန်သည်။ ထို့ကြောင့် ‘အောင်းသား’ အပါအဝင်ဖြစ်သော ထိုသားရဲကောင်တို့၏ အသားကို မစားရ-ဟူ၍ ပညတ်တော်မူချေသည်ဟု ဆဋ္ဌသံဂါယနာ အမေးအဖြေ၊ ဝိနယပိဋက၊ ဒုတိယအုပ်၊ စာမျက်နှာ-၈၉ ၌ ဖော်ပြထား၏၊ [အောင်းသား ပါဝင်နေခြင်း၏ အကြောင်းမှာ မူရင်းပါဠိစကား ‘တရစ္ဆ’ကို ရှေးနိဿယတို့၌ ‘အောင်း’ဟု ပြန်ဆိုထားသောကြောင့် ဖြစ်သည်။

‘တရစ္ဆ’သဒ္ဒါ၌ ၎င်းသားရဲကောင်သည် ‘ကျား’အမျိုးအစားတွင် ပါဝင်သည် ဟု ထင်ရှားစွာ ဖော်ပြထားသည်ကတစ်ကြောင်း၊ ကျားအမျိုးအစားကို ရည်၍ ပညတ်တော်မူသည်က တစ်ကြောင်း၊ ဤအကြောင်းတို့ကို ထောက်သောအား ဖြင့် ၎င်းတရစ္ဆကို ကျား, ကျားသစ်မျိုးတို့တွင် ပါဝင်သော သားရဲကောင်တစ်မျိုး ဟု တထစ်ချ မှတ်ယူအပ်ပေသည်။ [အောင်းကောင်သည် ‘တရစ္ဆ’ဆိုသော သားရဲကောင် မဟုတ်ကြောင်း ထင်ထင်ရှားရှား ပေါ်လွင်လေပြီ။]

‘တရစ္ဆ’ဟူသည်ကို ထင်မြင်ချက် ပေးကြရာ၌ အကွဲကွဲ အပြားပြား ဖြစ်ရခြင်း၏ အကြောင်းကား “ကိုယ်တွေ့ မဟုတ်၊ စာတွေ့ ဖြစ်ခြင်းကြောင့် တည်း”ဟု ဆိုလျှင် မှားအံ့ မထင်။ ဤသို့ ကွဲလွဲခြင်းကို အမှားဟူ၍ မယူဆသင့် ပေ၊ အပြစ်လည်း မဆိုစကောင်းပေ။

သို့ပါ၍ စာရေးသူ၏ ကိုယ်တွေ့ကို အကျော်အမော် လုပ်လို၍လည်း မဟုတ်၊ မည်သူ့ကိုမှ ထိပါးလို၍လည်း မဟုတ်၊ သာသနာတော်၏ အကျိုးကို တတ်နိုင်သောဘက်မှ နေပြီး ထမ်းဆောင်လိုသော ဆန္ဒရှိ၍ ဓမ္မဓိဋ္ဌာန်အားဖြင့် ဖော်ပြပါအံ့။

စာရေးသူသည် လူဝတ်ကြောင်ဘဝ၌ ရှိခဲ့စဉ်က သားရဲကောင်တို့၏ အမျိုးအစားကို အတော်အတန် လေ့လာခဲ့ဖူးသည့်အလျောက် ဝက်ဝံ နှင့် ဝံပုလွေ တို့မှာ ‘တရစ္ဆ’၌ လုံးလုံးအကျုံးမဝင်ဟု ဆိုအပ်ပါသည်။ အကြောင်းကား ဝက်ဝံ၏ အသားကို မစားအပ်ဟု ပညတ်တော်မူပြီးသား ဖြစ်သည့်အပြင် နှုတ်ခမ်းလည်း ချွန်နေသောကြောင့်တည်း။ ဝံပုလွေမှာကား ကျား, ကျားသစ်တို့နှင့် လားလားမှ မတူ၊ ခွေးနှင့်သာ တူ၏၊ ‘ခွေးရိုင်းအကြီးစား’ဟု ခေါ်မည်ဆိုလျှင်လည်း မှားသည် ဟု ဆိုနိုင်မည် မဟုတ်ပေ။ နှုတ်ခမ်းမှာ ခွေးနှုတ်ခမ်းကဲ့သို့ ချွန်နေ၏၊ ဤ ကွဲလွဲချက်များကို ထောက်သောအားဖြင့် ကျား, ကျားသစ်တို့ အမျိုးအစား၌ အကျုံး မဝင်ဟု ဆိုရပေမည်။

စာရေးသူ၏ ယူဆချက်မှာ ‘တရစ္ဆ’ဟူသော သားရဲကောင်သည် အခြား မဟုတ်၊ အများခေါ်ဝေါ်နေကြသော ကျားနက်ပင် ဖြစ်သည်။ [ကျားမြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုမည်ဆိုလျှင် ဆိုနိုင်၏၊]

ဤ ကျားနက်သည် ကျား, ကျားသစ်တို့ အမျိုးအစားတွင် ပါဝင်၏၊ အင်းခွေးကြီးထက် အနည်းငယ် ကြီး၏၊ ခွန်အားကြီး၍ အလွန်ရဲရင့်၏၊ တစ်ကိုယ်လုံး မည်းနက်နေ၏၊ အရောင်အဆင်းသာ ခြားနား၏၊ ကိုယ်လုံး သဏ္ဌာန်မှာ ကျား, ကျားသစ်တို့နှင့် တူ၏၊ ကျား, ကျားသစ်တို့ကဲ့သို့ နှုတ်ခမ်း တို၏၊ ကျား, ကျားသစ်တို့ အမျိုးအစားတွင် အနိုင်ဆုံးဖြစ်သည်ဟု အဆိုရှိ၍ ‘ကျားမင်း’ဟုလည်း တွင်၏၊ ကျား, ကျားသစ်တို့ကဲ့သို့ လူကို ရန်လို၏၊

ဤအခန်းနှင့် ဟပ်မိနေ၍ ၎င်းသားရဲကောင်၏ စရိုက်ကို အများသိရှိစေ ခြင်းငှာ ဖော်ပြပါအံ့။

ကောဇာသက္ကရာဇ် ၁၃၀၀-ပြည့်နှစ်လောက်တွင် မုဒုံမြို့နယ်၊ တံခွန်တိုင်ရွာ၊ ကမော့ဒွတ်တောကျောင်း၌ ကျားနက်တစ်ကောင်သည် ဘုန်းကြီးများနှင့် ကျောင်းသားများ ဟစ်အော် ချောက်လှန့်နေသည့်ထဲမှ ကျောင်းမှ ခွေးတစ်အုပ်ကို တစ်ကောင်ပြီး တစ်ကောင် ဖမ်းဆီးကိုက်ချီ၍ စားသောက်နေခဲ့ရာ ခွေးသုံးလေးကောင်လောက်သာ အပုန်းကောင်း၍ ကျန်လေတော့သည်။

လူကိုလည်း အလျှင်း ဂရုမစိုက်၊ မိုးချုပ်လျှင်ချုပ်ချင်း ကျောင်းသို့ ချဉ်းကပ် ၍ ခွေးများကို ဆွဲလေ့ရှိသည်။ [ထိုစဉ်က ဘုန်းကြီးများ ကျောင်းသားများသည် မိုးချုပ်လျှင် ကျောင်းပေါ်မှ မဆင်းဝံ့လောက်အောင်ပင် ဖြစ်နေကြပါသည်။] တစ်ညဉ့်၌ ၇-နာရီခန့် အချိန်တွင် ၎င်းကို စာရေးသူ၏ သားချင်းတစ်ယောက်က ပစ်ခတ် သုတ်သင်လိုက်ပါသည်။ စာရေးသူကိုယ်တိုင်လည်း ထိုစဉ်က လူဝတ် ကြောင်ဘဝနှင့် ရှိနေ၍ ၎င်းကို တစ်ကြိမ်သွားစောင့်သည်။ သို့သော် မဆုံမိပါ။

အခြားဖြစ်ရပ်တစ်ခုကို ထပ်မံ တင်ပြပါဦးအံ့။ ကျိုက္ခမီ ဆင်တောင်တော၌ မုဆိုးတစ်ယောက်သည် ကျားနက်တစ်ကောင်နှင့် ရင်ဆိုင်တိုး၍ ပစ်ခတ်သတ် ပုတ်ကြရာ မုဆိုးမှာ အိမ်ပြန်ရောက်ပြီး မကြာမီပင် သေဆုံး၏၊ သားရဲကောင်လည်း ဒဏ်ရာဖြင့် ဝေးဝေးမသွားနိုင်၍ မရှေးမနှောင်းမှာပင် အခြားမုဆိုးများ၏ လက်ချက်ဖြင့် (ဒု) တိုက်ပွဲတွင် ကျဆုံးလေသည်ဟု ထိုသေသူမုဆိုး၏ တူ (မုဆိုးတစ်ဦး) ပြောဖူးသည်ကို သတိရလိုက်မိပါသေး၏၊

စာရေးသူ တွေ့ဖူးမြင်ဖူးသလောက် ပြောရမည်ဆိုလျှင် ဤ ကျားနက် (ခေါ်) ကျားမင်းဆိုသော သားရဲကောင်နှင့် ‘တရစ္ဆ’ဆိုသော သားရဲကောင်တို့၏ ကိုယ်လုံးသဏ္ဌာန်နှင့် အရွယ်ပမာဏမှာ နှုတ်ခမ်းမှ အစ ဆိုဖွယ်ရာမရှိအောင် ကိုက်ညီပေသည်။ အမွေး အရောင်အဆင်း၌သာလျှင် အနည်းငယ် ကွဲလွဲ၏၊ ကျားနက်မှာ တစ်ကိုယ်လုံး မည်းနက်နေ၏၊ တရစ္ဆမှာမူ မည်းနက်သော အရေး အကြောင်းတို့ဖြင့် စီအပ်သော ကိုယ်ရှိ၏၊ ဤသို့ ကွဲလွဲရုံမျှဖြင့် ဤသားရဲကောင် (နှစ်ကောင်)တို့သည် အမျိုးအစားချင်း မတူနိုင်ဟု မဆိုသင့်ပေ။ အဘယ်ကြောင့် ဆိုသော် သားကောင်တို့၌ အမျိုးအစားချင်း တူငြားသော်လည်း အချို့က ကိုယ် ကောင်ကြီး၏၊ အချို့က သေးငယ်၏၊ အမွေးအရောင် အဆင်းမှာလည်း ခြားနား လေ့ရှိသည် ဟူသောကြောင့်တည်း။ စာရေးသူ တွေ့ဖူးမြင်ဖူးသော ကျားနက် (ခေါ်) ကျားမင်း၏ အမျိုးအစား၌လည်း အမွေးအရောင် အဆင်းမှာ တစ်မျိုး တည်း ရှိသည် ဟု မဆိုလိုပါ၊ ဆိုလည်း မဆိုဝံ့ပါ။ တစ်နည်းအားဖြင့်ဆိုသော် ‘တရစ္ဆ’ဆိုသော သားရဲကောင်ကဲ့သို့ ဤသားရဲကောင်၏ အမျိုးအစား၌လည်း မည်းနက်သော အရေးအကြောင်းတို့ဖြင့် စီအပ်သော ကိုယ်ရှိသော’ သားကောင် လည်း ရှိမည်ဟုဆိုလျှင် မှားအံ့ မထင်။ [ဤသားရဲကောင်သည် တရစ္ဆဆိုသော သားရဲကောင်ပင် ဖြစ်သည်ဟု ယူသင့် မယူသင့် စာရှုသူတို့ စိစစ်ဝေဖန်နိုင်ရန် အလို့ငှာ တွေ့ဖူးမြင်ဖူးသော အခြင်းအရာတို့ကို မှီ၍ ထင်မြင်ယူဆပုံကို တင်ပြခြင်း ဖြစ်သည်။]

‘ကျားမြင်း’ဆိုသော သားရဲကောင်သည်လည်း ဤ၌ အကျုံးဝင်နေ၍ ၎င်း၏ အကြောင်းကိုလည်း ဆိုပါအံ့။ အထက်၌ ဖော်ပြခဲ့သော ကျားမြင်းကား ကျားနက်အောက် သိသိသာသာ ငယ်၏၊ သာမန်ခွေးလောက် ရှိ၏၊ အရောင် အဆင်းမှာ အဖြူနက်ကျား ဖြစ်သည်။ ဤသားရဲကောင်မျိုးကို ရွာနီးစပ် တောများ၌ တွေ့လေ့ရှိ၍ မုဆိုးများ ရံဖန်ရံခါ ပစ်ခတ်ကြသည်။ ပုံသဏ္ဌာန် အချိုးအစားကို ထောက်သော် ‘သစ်ငယ်’တစ်မျိုးဟု ဆိုရပေမည်။ ဒဏ်ရာ ရရှိသောအခါ၌ ဒေါသကြီး၏၊ သက်သက်မဲ့သော်ကား လူကို ရန်ရှာသည်ဟု မကြားဖူးပါ။ ရန်ရှာလျှင်လည်း လူကို နိုင်နင်းလောက်အောင် အားခွန်ဗလ မရှိပါ။

ဤ ကျားနက် နှင့် ကျားမြင်း တို့မှလွဲ၍ ကျန်သားကောင်မျိုးတို့၌ ကျား, ကျားသစ်တို့ အမျိုးအစားတွင် အကျုံးဝင်နိုင်သော အကောင်ကို မတွေ့မိတော့ပါ၊ (ဝါ) မရှိတော့ဟု ဆိုချင်ပါသည်။

သို့ပါ၍ ဤနှစ်ကောင်တွင် အဘယ်သားရဲကောင်သည် တရစ္ဆ၌ ပို၍ အကျုံးဝင်လေသနည်းဟု ရှာကြံသော် ‘ကျားနက်’ကို ကျားသစ်မျိုးတွင် ထည့် သွင်း၍ ၎င်း၏ အသားကိုလည်း အကပ္ပိယအသားတို့တွင် ပါဝင်နေသော ထို ကျားသစ်သားဟုပင် ယူဆသင့်သလော၊ သို့တည်းမဟုတ် ၎င်းကို ကျားသစ်မျိုးမှ ဖယ်ထုတ်၍ ၎င်း၏ အသားကို အကပ္ပိယအသား အဖြစ်ဖြင့်ပင် သီးခြားအမည် တစ်မျိုး ပေးသင့်သလောဟူသော ပြဿနာကို စိစစ်ရမည်သာတည်း။

အများသိနေကြသော ကျားသစ်ကား တိရစ္ဆာန်ရုံ၌ရှိသော ကျားသစ် (ခေါ်) ပိန္နဲစေ့ကျားတည်း။ ၎င်း၏ အကွက်ကို အကြောင်းပြု၍ ‘ကျားကွက်’ဟုလည်း ခေါ်၏၊

ထိုအောက် နည်းနည်းငယ်သော ဒုတိယ အမျိုးကား ဤကျားနက် (ကျားမင်း) ပင်တည်း။ ၎င်းကို တိရစ္ဆာန်ရုံ၌ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက မကြာမကြာ တွေ့ရပါသည်။ ယခုလည်း ရှိကောင်း ရှိဦးမည်။

အောက်ပါ ‘မူ’ နှစ်ရပ်ကို တင်ပြပါအံ့။

၁။ ၎င်း ကျားနက်၏ အသားကို ကျားသစ် (ကျားကွက်)၏ အသားတွင် ထည့် သွင်း၍ ထပ်တူထပ်မျှ အကပ္ပိယအသား အဖြစ်ဖြင့် ယူသော် ၎င်းသည် တရစ္ဆ ၌ အကျုံးမဝင်နိုင်တော့ပြီ။ အဖြေကား ‘ကျားမြင်း’သည်သာလျှင် ‘တရစ္ဆ’ဟူသော သားရဲကောင်ဖြစ်ရန် ရှိပါတော့သည်။

၂။ ထိုသို့ မဟုတ်ဘဲ ကျားသစ် (ကျားကွက်)နှင့် အမွေးအရောင်အဆင်း ခြားနား နေခြင်းကြောင့် ၎င်း၏ အသားကို အကပ္ပိယအသား ဖြစ်သော ထိုကျားသစ်သားမှ ထုတ်ဖယ်၍ သီးခြားအမည်တစ်မျိုး (ဝါ) ကျားနက်သားဖြင့် ပေးသော် ကျားမြင်းကို ထည့်စဉ်းစားရန် လုံးဝ မလိုတော့ပြီ။ အဖြေကား ၎င်းကျားနက် (ကျားမင်း)သည်သာလျှင် ‘တရစ္ဆ’ဟူသော သားရဲကောင် ဖြစ်တော့မည်သာ။ ၎င်းကိုပင် ခေတ်, ဒေသအလိုက် အချို့က သစ်ကျုတ်ဟု ခေါ်ဆိုကြသည် ဟူ၍ နိဂုံးချုပ်ရန်သာ ရှိပေတော့သည်။

ပြဆိုခဲ့သော မူနှစ်ရပ်တွင် နှစ်သက်ရာ ‘မူကို ယူတော်မူကြပါကုန်။ဒုတိယမူကို သတိရမိသော်လည်း ထိုဘာသာပြန် ဝိနည်းလမ်းညွှန်စာအုပ်ကို ရေးစဉ် အခါက ကျားနက်၏ အသားကို အကပ္ပိယအသား ဖြစ်သော ထို ကျားသစ်၏ အသားတွင် ထည့်သွင်း၍ ယူထားခြင်းကြောင့် ပထမမူသာလျှင် အမှန်ဖြစ် သည်ဟု အယူသည်းမိပါသည်။ ထို့ကြောင့် ကျားနက် (ကျားမင်း)၏ အကြောင်း ကို အလျှင်းမဖော်ပြဘဲ ကျားမြင်းတစ်မျိုးတည်းကိုသာလျှင် တိုတိုတုတ်တုတ်ဖြင့် ထို ‘ဘာသာပြန်ဝိနည်းလမ်းညွှန်’စာအုပ်၌ ထည့်သွင်းဖော်ပြလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ပြုမိခြင်းသည် စာရေးသူ၏ စဉ်းစားဆင်ခြင်မှု ညံ့ဖျင်းသောကြောင့် ဖြစ်သည်ဟု ဝန်ခံပါ၏၊

အကယ်၍ ပထမမူကိုပင် ယူစေကာမူ ကျားနက်၏ အသားကိုလည်း ကျားသစ် (ကျားကွက်)၏ အသားကဲ့သို့ အကပ္ပိယအသားဖြစ်သော ထို ‘ကျားသစ်သား’ ဟုပင် မှတ်ယူမြဲတိုင်း မှတ်ယူရမည်သာ။

ဒုတိယမူကို ယူသော် ‘အောင်း’ဟူသော အမည်ကို ပယ်ဖျောက်၍ လူသိများသော ‘ကျားနက် (ကျားမင်း)’ဟူသော အမည်ကို အစားထိုး၍ တစ်သံ တည်း ခေါ်ဝေါ်သုံးစွဲသင့်ပေသည်။

ဤ‘မူ’ နှစ်ရပ်လုံးကို ပယ်လိုလျှင် ပယ်ပါ။ သို့ရာတွင် ‘အောင်း’ဟူသော အမည်ကိုမူ ဖျောက်ဖျက်သင့်ပေသည်။ [ထို့ကြောင့် အဓိပ္ပာယ်မရှိသော ‘အောင်း’ ဟူသော အမည်ကို ပယ်ဖျောက်၍ အမည်မှန်ကို မှည့်ပြီး ၎င်းကို တစ်ပြည်လုံးက အသိအမှတ်ပြုအောင် ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ အမြန် ပေါ်ပေါက်ပါစေသတည်း။]

ဆက်ရေးဖို့အကြောင်း ပေါ်လာ၍ ဆက်ရေးပါအံ့။ အထက်ပါ အကြောင်း အရာများကို သာသနာသက္ကရာဇ် ၂၅၀၇-ခု၊ ကောဇာသက္ကရာဇ် ၁၃၂၅-ခု၊ နတ်တော်လဆန်း ၁၄-ရက်နေ့တွင် ရေးသားပြီးသည်နောက် ‘အောင်း’ဆိုသော သားကောင်သည် ရန်ကုန်တိရစ္ဆာန်ရုံ၌ ရောက်ရှိနေကြောင်း ကြားသိရ၍ ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ်တွင် ဤစာအုပ်ကို တည်းဖြတ်ပြင်ဆင်ပေးသော ဆရာတော်ဘုရား (အရှင်တေဇ)သည် ဤသားကောင်နှင့် ပတ်သက်၍ ရန်ကုန် တိရစ္ဆာန်ရုံ၊ တိရစ္ဆာန် ဆေးကုဆရာဝန်ထံ စုံစမ်းမေးမြန်းရာ ပြန်စာ ရရှိပါသည်။ [ဤ၌ ဟပ်မိနေ၍ ထိုပြန်စာ၏ မိတ္တူစာ ‘မူ’ကို ဖော်ပြပါအံ့။]

၁.၉.၁၉၇၀

စာပြန်ကြားအပ်ပါသည် ဘုန်းတော်ကြီးဘုရား ...

အရှင်ဘုရား၏ စာကို လက်ခံရရှိပါသည်။ တပည့်တော်တို့လည်း လိုက်လံ ရှာဖွေလေ့လာနေ၍ စာပြန်ရန် နောက်ကျနေရခြင်း ဖြစ်ပါသည်ဘုရား။

တပည့်တော်တို့ တိရစ္ဆာန်ရုံရှိ (အောင်း)၏ ရုပ်ပုံကို ဓာတ်ပုံရိုက်၍ ပို့လိုက်ပါသည်။ အရှင်ဘုရား၏ မေးခွန်းအား သိပ္ပံနည်းကျကျ တိကျစွာ ပြန်လည်ဖြေကြားနိုင်ပါရန်အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး ဗိုလ်မှူးကြီးလှအောင်ကလည်း ထိရောက်စွာ အကူအညီ ပေးပါသည် အရှင်ဘုရား။

(အောင်း)ကို အင်္ဂလိပ်အခေါ်အဝေါ်အားဖြင့် (Yak)ဟု ခေါ်ပါသည်။ မြန်မာဘာသာအားဖြင့် ဦးထွန်းငြိမ်းအဘိဓာန်တွင် “တရုတ်အမွေးရှည်နွား”ဟု ဆိုထားပါသည်။ ဗိုလ်မှူးကြီးလှအောင် ရှာဖွေပေးသော အဘိဓာန်တွင်လည်း (တရုတ်အမွေးရှည်နွား)ဟု ပြန်ဆိုထားသည့်အပြင် အကျယ်အားဖြင့်လည်း ၎င်း၏ အမြီးကို စာမရီ သားမြီးယပ်အဖြစ် အသုံးပြုကြောင်း ဖော်ပြပါသည်။ ရှေးမြန်မာမင်းတို့သည် ဂန္ဓာလရာဇ်ပြည်မှ လာသော သားမြီးယပ်များကို အသုံးပြုကြောင်း ကြားဖူးပါသည်။ ၎င်းမှာ (Yak) ခေါ် (အောင်း)၏ အမြီးပင် ဖြစ်ပါ သည်ဘုရား။

သတ္တဗေဒအခေါ်အဝေါ်အရ (Poephagus grunniens)ဟု ခေါ်ပါ သည်။ ၎င်းမှာ နွားအမျိုးအစားပင် ဖြစ်ပါသည်။

တပည့်တော်တို့ ရန်ကုန်တိရစ္ဆာန်ရုံရှိ (အောင်း)၏ ပုံသဏ္ဌာန်မှာ နွားကဲ့သို့ပင်ဖြစ်ပြီး အမွေးရှည်ကြီးများ ဖုံးလွှမ်းထားပါသည်။ အရောင်မှာ တစ်ကိုယ် လုံး အနက်ပင် ဖြစ်ပါသည်။ နွားအစာကိုပင် စား၍ နွားလိုပင် စားမြုံ့ပြန်ပါ သည်။ ၎င်း၏ ကိုယ်ခန္ဓာ အပူချိန်မှာလည်း နွားထက် (၁)ဒီဂရီမျှလောက်သာ နည်းပါသည်။ နွားကဲ့သို့ပင် ခွာကွဲ သတ္တဝါ ဖြစ်ပြီး နွားတွင်ဖြစ်လေ့ရှိသော ရောဂါများပင် ဖြစ်တတ်ပါသည်။ အထီးတွင် ချိုရှိပါသည်။ ၎င်းအား တရုတ်ပြည်မှ ရရှိပါသည်။ ၎င်း၏ ပင်ရင်းဒေသမှာ တိဘက်ပြည် ဖြစ်ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ အရှင်ဘုရား သိသာတော်မူနိုင်ပါရန် တပည့်တော်က ၎င်းတိရစ္ဆာန်၏ ဓာတ်ပုံကို ဤစာနှင့်တကွ ပူးတွဲ ဆက်ကပ်အပ်ပါ သည် အရှင်ဘုရား။

အရှင်ဘုရား ကျန်းမာတော်မူပါစေ။

(ပုံ) မောင်ချစ် (B.A.D.V.S)

တိရစ္ဆာန် ဆေးကုဆရာဝန်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်။

မှတ်ချက်။ ။ ‘အောင်း’သည် တရစ္ဆဆိုသော သားရဲကောင် မဟုတ်ကြောင်း ထင်ရှားသည်ထက် ထင်ရှားလေပြီ။

အကပ္ပိယအသားမျိုး ပြီးပြီ။