မာတိကာသို့ ခုန်သွားရန်

ဝိသုံဂါမ သီမာဝိနိစ္ဆယ/တစ်ပေပတ်လည် ဂါမ ဝိသုံဂါမ

ဝီကီရင်းမြစ် မှ
ဝိသုံဂါမ သီမာဝိနိစ္ဆယ
by အဘယာရာမဆရာတော်
၃။ တစ်ပေပတ်လည် ဂါမ ဝိသုံဂါမ
3471ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၃။ တစ်ပေပတ်လည် ဂါမ ဝိသုံဂါမအဘယာရာမဆရာတော်

     ထိုဆိုအပ်ခဲ့ပြီးသောစကား၌ “ယုတ်သောအပိုင်းအခြားအားဖြင့် တစ်ပေပတ်လည်, သို့မဟုတ် တစ်လက်မပတ်လည်မျှပင် ကျဉ်းနိုင် ငယ်နိုင်၏”ဟူသောစကားကို ဝိနည်း၌ ကောင်းစွာမကျွမ်းကျင် မလိမ္မာသူတို့ ဝန်ခံရန် ခဲယဉ်းသောကြောင့် ၎င်းတို့ကို ဝန်ခံစေခြင်းငှါ ခိုင်မာသောသာဓကတို့ဖြင့် ထင်ရှားအောင်ပြပေအံ့။

     “သမဝဿဒေဝကာလေ ပဟောနကဇာတဿရော ပန သစေပိ ဒုဗ္ဗုဋ္ဌိကာလေ ဝါ ဂိမှဟေမန္တေသု ဝါ သုက္ခတိ, နိရုဒကော ဟောတိ, တတ္ထ သံဃကမ္မံ ကာတုံ ဝဋ္ဋတိ။ (ဝိ၊ ဋ္ဌ၊ ၃။ ၃၃၆။) ( သစေ ပနေတ္ထ ဥဒကတ္ထာယ အာဝါဋံ ဝါ ပေါက္ခရဏီအာဒီနိ ဝါ ခဏန္တိ, တံ ဌာနံ အဇာတဿရော ဟောတိ, ဂါမသီမာသင်္ချံ ဂစ္ဆတိ။) လာဗုတိပုသကာဒိဝပ္ပေ ကတေပိ ဧသေဝ နယော။” ဥပေါ သထက္ခန္ဓကဋ္ဌကထာ။ (ဝိ၊ ဋ္ဌ၊ ၃။ ၃၃ရ။)

     မိုး အလယ်အလတ် ရွာသောကာလ၌ မိုးတွင်းလေးလပတ်လုံး ရေတည်သော ဇာတဿရအိုင်သည် မိုးခေါင်သောကာလ မိုးတွင်း၌သော်၎င်း, နွေဥတု, ဆောင်းဥတု၌ သော်၎င်း တူးအံ့၊ ဘူး သခွါးကို သော်၎င်း စိုက်ပျိုးအံ့၊ ထိုတူးရာ စိုက်ပျိုးရာ အရပ်တစ်စိတ်သည်သာ ဇာတဿရပျက်၍ ဂါမသိမ်ဖြစ်၏၊ ကြွင်းသောအရပ်ကား ဇာတဿရ ပင်ဟူလို။ ထို့ကြောင့် ကင်္ခါဝိတရဏီ ဋီကာသစ် (ကင်္ခါ၊ ဋီ၊ သစ်၊ ၁၄ရ။) ၌-

     “တံ ဌာနန္တိ ယတ္ထ ဝါပိအာဒီကံ ကတံ၊ တံ ဌာနံ၊ အညံ ပန ကပ္ပိယဘူမိ။“ ဟု၎င်း၊

     ဝိမတိဝိနောဒနီဋီကာ(ဝိမတိ၊ ၁။ ၁၆၈။) ၌-

     “တံ ဌာနန္တိ အာဝါဋာဒီနံ ကတဋ္ဌာနမေဝ န အကတန္တိ အတ္ထော။” ဟု၎င်း မိန့်ဆိုကြကုန်၏။

     ဤအဋ္ဌကထာဝါကျ၌ ရေတွင်း ရေကန်တူးရာဌာန, ဘူး သခွါး စိုက်ပျိုးရာ ဌာနသည်သာ ဂါမသီမာ၊ ကြွင်းသောအရပ်သည် ဇာတဿရဟုဆိုသဖြင့် ဇာတဿရအိုင်လယ်၌ ဖြစ်ထွန်းသော ဂါမသိမ်၏ အကျဉ်း အကျယ်ကို သိနိုင်၏။ သိနိုင်ပုံကား ရေတွင်းသည် လက်ယက်တွင်းမျှ ဖြစ်အံ့၊ တစ်ပေပတ်လည်လောက်သာရှိရာ၏။ ၄- ပေ ၅-ပေ နက်သော တွင်းဖြစ်အံ့၊ ဂါမသိမ်သည် ၃-ပေ ၄-ပေ လောက်ရှိရာ၏။ ဘူးခင်း, သခွါးခင်းစသည်ဖြစ်အံ့၊ ငါးတောင်ပတ်လည်, ဆယ်တောင်ပတ်လည် စသည်ဖြစ်ရာ၏။

     အထူးကား-ထိုတူးရာ စိုက်ပျိုးရာ အရပ်သာ ကွက်၍ ဇာတဿရပျက်ခြင်းသည်-

     “ယော ပန ကေနစိ ခဏိတွာ အကတော သယံဇာတော သောဗ္ဘော သမန္တတော အာဂတေန ဥဒကေန ပူရိတော တိဋ္ဌတိ”ဟူ၍ ကင်္ခါဝိတရဏီ အဋ္ဌကထာ(ကင်္ခါ၊ ၉ဝ-၉၁။) ၌လာသော တစ်စုံတစ်ယောက်သော လူတိရစ္ဆာန်တို့သည် တူး၍မပြုအပ်, အလိုလို ဖြစ်ထွန်းခြင်းဟူသော ဇာတဿရအိုင်လက္ခဏာနှင့် မလျော်သောကြောင့်တည်း။

     ထိုဇာတဿရအိုင်လယ်၌ ရေတွင်းတူးရာ စိုက်ပျိုးရာဌာန၌ ဖြစ်ထွန်းသော တစ်ပေပတ်လည်စသော ပမာဏရှိသော ဂါမသိမ်သည် ဘယ်ဂါမသိမ်နည်းဟူမူ၊ အကြင်ရွာသားတို့သည် တူးအပ်၏, စိုက်ပျိုးအပ်၏။ ထိုရွာသားတို့၏ ဂါမသိမ်ဖြစ်၏။ ဇာတဿရအိုင်ပတ်လည်ရှိ ရွာသားအားလုံးတို့နှင့်ဆိုင်မူ အားလုံးတို့၏ ဂါမသိမ်ဖြစ်၏။ တစ်ပါးသော ဂါမခေတ်တို့နှင့် မစပ်မူ ဝိသုံဂါမသိမ်ဖြစ်၏။ ထို့ကြောင့် ဝဇိရဗုဒ္ဓိဋီကာ (ဝဇိရ၊ ၄၆၁။) ၌-

     “ဂါမသီမာသင်္ချမေဝ ဂစ္ဆတီတိ ယေဟိ ကတံ, တေသံ ဂါမသီမာသင်္ချံ ဝါ, သမန္တတော တီရဋ္ဌဂါမေဟိ စေ ကတံ, သဗ္ဗဂါမသင်္ချံ ဝါ, အညေဟိ ဂါမခေတ္တေဟိ အသမ္ဗန္ဓဋ္ဌာနံ စေ, ဝိသုံဂါမသီမာသင်္ချံ ဝါ ဂစ္ဆတီတိ အတ္ထော။ဟု မိန့်ဆို၏။

     (မှတ်ရန်။ ဤ၌ အာစရိယောဟူသည် သာမညသူမဟုတ် အဘိဓမ္မမူလဋီကာပြု အရှင်အာနန္ဒာမထေရ်တည်း။)

     ဤဋီကာ၌ “အညေဟိ ဂါမက္ခေတ္တေဟိ အသမ္ဗဋ္ဌာနံ စေ ဝိသုံဂါမသင်္ချံ ဂစ္ဆတိ” ဟူသောစကားသည် ဤဝိနိစ္ဆယ၌ အလိုရှိအပ်သော စကားဖြစ်၍ ၎င်းကို ပစ္စက္ခအားဖြင့် ဉာဏ်၌ထင်ရှားအောင် ပြပေအံ့။

     တစ်စုံတစ်ခုသောရွာနယ်သို့ မပါဝင်သောအရပ်၌ ဇာတဿရအိုင်ကြီးသည်ရှိ၏။ ထိုအိုင်၏ပတ်လည်အနီးအနား၌ ရွာတို့သည်ရှိကုန်၏။ သို့သော်ထိုရွာတို့၏ နယ်နိမိတ်သည် ဇာတဿရအိုင်ကြီး၏ ကမ်း၌သာဆုံး၏၊ ဇာတဿရအိုင်မူကား မည်သည့်ရွာနယ်သို့မျှ မပါဝင်။ ထိုကဲ့သို့သော ဇာတဿရအိုင်ကြီးသည် မိုးခေါင်၍ မိုးတွင်း၌ပင်ဖြစ်စေ, ဆောင်း, နွေ ဥတု၌ဖြစ်စေ ရေခန်းခြောက်၍ သဲပြင်ဖြစ်နေသောအခါ တစ်စုံတစ်ယောက်သောသူသည် ရေခပ်ယူခြင်းငှါ တွင်းငယ် တူးအံ့၊ သို့မဟုတ် ဘူး သခွါးစသည်ကို စိုက်ပျိုးအံ့၊ ထိုတူးရာ စိုက်ပျိုးရာ တစ်ပေပတ်လည်-စသော ပမာဏရှိဌာနသည်သာ ဝိသုံဂါမသိမ်ဖြစ်၏။ ထို၌ ဂါမသိမ်အဖြစ်ဖြင့် အလိုရှိရာ ဝိနယကံကို ပြုကောင်း၏။ “ဝိသုံ ပဝတ္တောဂါမော ဝိသုံဂါမော”ဟု ဝိဂ္ဂဟပြု။ မင်းကသော်၎င်း , ရဟန်းတို့ကသော်၎င်း အသီးမပြုအပ်။ အလိုလိုအသီးဖြစ်သော ဂါမသီမာဟူလို။ (ဤဆိုအပ်ခဲ့ပြီးသော တစ်ပေပတ်လည်စသော ပမာဏရှိ ဝိသုံဂါမသိမ်၌ အိမ် ဘယ်နှစ်အိမ်, လယ်ဘယ်နှစ်ကွက် ရှိသလဲဟု ဥပသေနမထေရ်ကို မေးကြလေ။)

     ဤကား တစ်ပေပတ်လည်ဖြစ်ကောင်းသော ဝိသုံဂါမသိမ်ကို ပြဆိုခြင်းတည်း။