မာတိကာသို့ ခုန်သွားရန်

ဝိသုံဂါမ သီမာဝိနိစ္ဆယ/တိုင်းသူပြည်သားတို့ မြေကိုပိုင်ဆိုင်ပုံ

ဝီကီရင်းမြစ် မှ
ဝိသုံဂါမ သီမာဝိနိစ္ဆယ
by အဘယာရာမဆရာတော်
၇။ တိုင်းသူပြည်သားတို့ မြေကိုပိုင်ဆိုင်ပုံ
3473ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၇။ တိုင်းသူပြည်သားတို့ မြေကိုပိုင်ဆိုင်ပုံအဘယာရာမဆရာတော်

     တိုင်းသူပြည်သားတို့သည် ကမ္ဘာဦးကပင် မြေယာအစိတ်ကို အသီးအသီး ဝေခြမ်းပိုင်းခြား မှတ်သား၍ မိမိသန္တက အဖြစ်ဖြင့်အစဉ် အဆက် စောင့်ရှောက် ထိန်းသိမ်းခဲ့ရင်းဖြစ်၍ ဘိုးဘပိုင် (မိဘအစဉ် အဆက်ပိုင်လာသောမြေ ) ဝယ်ယူရ, ဓါးမဥုးချ (တောတောင်ကို ကိုယ်တိုင်ခုတ်၍ တည်ထွင်သောမြေ) စသော ကိုယ်ပိုင်မြေကို အစိုးရကုန် ပိုင်ဆိုင်ကုန်၏။)

     ထို့ကြောင့် ဒီဃနိကာယ် ပါထိကဝဂ် အဂ္ဂညသုတ် (ဒီ၊ ၃။ ရ၆။) ၌ “ယံနူန မယံ သာလိံ ဝိဘဇေယျာမ, မရိယာဒံ ဌပေယျာမာ’တိ! အထ ခေါ တေ, ဝါသေဋ္ဌ, သတ္တာ သာလိံ ဝိဘဇိံသု, မရိယာဒံ ဌပေသုံ။ အထ ခေါ, ဝါသေဋ္ဌ, အညတရော သတ္တော လောလဇာတိကော သကံ ဘာဂံ ပရိရက္ခန္တော အညတရံ ဘာဂံ အဒိန္နံ အာဒိယိတွာ ပရိဘုဉ္ဇိ။ တမေနံ အဂ္ဂဟေသုံ, ဂဟေတွာ ဧတဒဝေါစုံ – ‘ပါပကံ ဝတ, ဘော သတ္တ, ကရောသိ, ယတြ ဟိ နာမ သကံ ဘာဂံ ပရိရက္ခန္တော အညတရံ ဘာဂံ အဒိန္နံ အာဒိယိတွာ ပရိဘုဉ္ဇသိ။ မာဿု, ဘော သတ္တ, ပုနပိ ဧဝရူပမကာသီ’တိ။” စသည်ဖြင့် ဟောတော်မူအပ်၏။

၎င်း အဋ္ဌကထာ (ဒီ၊ ဋ္ဌ၊ ၃။ ၅၄။) ၌လည်း-
     “တေ ပနဿ ခေတ္တသာမိနော တီဟိ သင်္ခေဟိ အဘိသေကမ္မိ အကံသု”ဟု တိုင်းသူပြည်သားတို့ကို ခေတ္တသာမိ (လယ်ရှင်) ဟုပင် ဆိုတော်မူ၏။

၎င်း၏ဋီကာ (ဒီ၊ ဋီ။ ၃။ ၄၇။)၌လည်း-
     “ခေတ္တသာမိနောတိ တံ တံ ဘူမိဘာဂံ ပရိဂ္ဂဟေတွာ ဌိတသတ္တာ”ဟူ၍၎င်း။ (ဒီ၊ ဋီ။ ၃။ ၄၈။) ၌ “သီမံ ဌပေယျာမာတိ “အယံ ဘူမိဘာဂေါ အသုကဿ, အယံ ဘူမိဘာဂေါ အသုကဿာတိ ဧဝံ ပရိစ္ဆေဒံ ကရေယျာမ”ဟူ၍၎င်း ဘွင့်ဆိုတော်မူ၏။

     ပါရာဇိကဏ္ဍ ဒုတိယသိက္ခာပဒဋ္ဌကထာ၌လည်း သူတပါးတို့ပိုင်သော အိမ်,လယ်, မြေ, သက်ရှိ သက်မဲ့ဥစ္စာတို့ကို ဖျက်ဆီးသိမ်း ယူသော်၎င်း, မင်းအား ရောက်ထိုက်သောအခွန်အတုတ်ထက် အပိုအမို အခွန်အတုတ်ကို အတင်းအဓမ္မ ကောက်ခံသိမ်းယူသော်၎င်း မင်း မင်းအမတ် စသည်တို့အား ပသယှာဝဟာရ အဒိန္နဒါန်ဖြစ်ကြောင်းကို-

     “ကောဓဝသေန ပရဃရဝိလောပံ ကရောန္တော အတ္တနော ပတ္တဗလိတော စ အဓိကံ ဗလက္ကာရေန ဂဏှတော အဝဟာရော ပသယှာ ဝဟာရောတိ ဝေဒိတဗ္ဗော”ဟု (ဝိ၊ ဋ္ဌ၊ ၁။ ၃၃ဝ။) မိန့်ဆိုတော်မူ၏။

     ဤသို့ တိုင်းသူပြည်သားတို့သည် ကိုယ်ပိုင်မြေကို အစိုးရသော်လည်း မင်းတို့အား ဆယ်ဘို့တစ်ဘို့ အခွန်ဆက်သွင်းရခြင်း၊ မတရားသဖြင့် ပြုကျင့်နေထိုင်လျှင် မိမိပိုင်မြေပေါ်မှ မင်းတို့၏နှင်ထုတ်ခြင်းကို ခံရခြင်း၊ မင်းတို့ပညတ်ထားသော လောကထုံးစံကိုလွန်၍ မိမိပိုင်မြေကို မပြုလုပ်ရခြင်းကြောင့် မင်းတို့ကဲ့သို့ အာဏာပိုင်သောအားဖြင့် အစိုးမရကြကုန်။