ဝိသုံဂါမ သီမာဝိနိစ္ဆယ/သီဟိုဠ်ကျွန်း၌လည်း ဝိသုံဂါမရှိခဲ့ပုံ
ထိုဝိသုံဂါမသိမ်ကို မြန်မာပြည်၌သာ မဟုတ်၊ ဤသီဟိုဠ်ကျွန်း၌လည်း လွန်ခဲ့သောနှစ်ပေါင်း ၄၀၀-ကျော်က မြန်မာမထေရ်မြတ်တို့ သမုတ်ခဲ့ဘူးကြောင်းသည် ရှေးဟောင်းကျမ်းဂန်တို့၌ ထင်ရှား၏။ ထင်ရှားပုံကား ဆပ္ပဋမထေရ်ဟု ထင်ရှားကျော်စောသော သဒ္ဓမ္မဇောတိပါလ မဟာထေရ်သည် မိမိစီရင်အပ်သော (၁) ကစ္စာယနသုတ္တနိဒ္ဒေသ (၂) အဘိဓမ္မတ္ထသင်္ဂဟသင်္ခေပဝဏ္ဏနာဋီကာ (၃)သီမာလင်္ကာရဋီကာ တို့၏နိဂုမ်း၌-
“ပုဏ္ဏေ ဒသေ နဝနဝုတ္တိဂုဏေ စ (၉၉ဝ) ဝဿေ
ဝဿေ သဟဿဂဏနေ (၁၀၀၀) ဇိနနိဗ္ဗုတမှာ၊
ဣဒ္ဓါရိမဒ္ဒနပုရာ ဝရုတမ္ဗပါဏိံ
ပတွာန ယော သိရိပရက္ကမဗာဟုဘူပံ။
နိဿာယ သာသနမလံ သုဝိသောဓယိတွာ,
ဘိက္ခူဟိ ဥာတဝိနယေဟိ သုသညတေဟိ၊
ဗန္ဓာပယီ ပုရဝရေ ဇယဝဒ္ဓနဝှေ,
သီမံ ဝိပတ္တိရဟိတံ ဝိနယာနုရူပံ။“
စသည်ဖြင့် မိန့်ဆို၏။
(၁-၂-ကျမ်းတို့သည် သီဟဠက္ခရဖြင့် ပုံနှိပ်ပြီး ရှိကုန်၏။)
အဓိပ္ပါယ်ကား။ သာသနာသက္ကရာဇ် (၁၉၉၀) ခရစ်သက္ကရာဇ် (၁၄၅၅)-ခုနှစ်၌ မြန်မာနိုင်ငံ အရိမဒ္ဒနမြို့မှ ဤသီဟိုဠ်ကျွန်းသို့လာ၍ သိရီပရက္ကမဗာဟုမင်းကို အမှီပြုပြီးလျှင် သာသနာတော်၏ အညစ်အကြေးကို ကောင်းစွာသုဓ်သင်၍ ဝိနည်းကိုတတ်မြောက်ကုန်သော လဇ္ဇီပေသလ ဝိနယကုက္ကုစ္စကရဟန်းတို့ကို စေခိုင်း၍ မိမိပဓာန သံဃထေရ်ပြုပြီးလျှင် ဇယဝဒ္ဓ (ကောဋ္ဋ) မည်သော ရာဇာဓာနီ မင်းနေပြည်၌ ဝိနယာနုရူပဖြစ်သော ဝိပတ္တိမှကင်းသော သိမ်ကိုသမုတ်၏ ဟူလို။
ဤ၌ သံဃာပေါများ၍ သုဓ်သင်ခြင်းငှါ ခဲယဉ်းသော ရာဇာနီ မင်းနေပြည်ဖြစ်သော ဇယဝဒ္ဓနမြို့၌ ဝိသုံဂါမသိမ်မှတပါး နိရာသင်္ကဖြစ်သောသိမ်ကို မသမုတ်နိုင်သောကြောင့် ဝိသုံဂါမသိမ်ဟု မှတ်အပ်၏။