မာတိကာသို့ ခုန်သွားရန်

ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၃

ဝီကီရင်းမြစ် မှ
3500ဝေဿန္တရာဇာတ်တော်ကြီး — ၃။ ဒါနခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ ဘုရားလောင်းမယ်တော် ဖုဿတီမိဖုရားသည် “ယခုအခါ ငါ၏သားတော် ရွှေနန်းရှင်ကို ပြည်သူပြည်သားတို့ မကောင်းကြံမည်ကို ကြားရသဖြင့် ပူဆွေးလှ၍ ငါ့သားတော်ထံသို့ သွားအံ့။ အကြောင်း အဘယ်သို့ဖြစ်မည်ကို မသိ”ဟု ကြံ၍၊ မင်္ဂလာရှိသော ရထားပေါင်းချုပ်စီး၍ ဝေဿန္တရာမင်းကြီးစံရာ နန်းတော်သို့ သွားလေ၏။ နန်းမဆောင်သို့တက်ပြီးလျှင် ကျက်သရေရှိသော တိုက်တံခါးဝကနေလျက် သားတော် ချွေးမတော်တို့ ပြောဟောကြသောစကားကို ကြားလျှင်၊ မယ်တော်ဖုဿတီဒေဝီသည် ဆောက်တည်မရ သောကထပ်ပွား သနားဖွယ်သော ငိုကြွေးခြင်းဖြင့် ဤသို့ ငိုကြွေးမြည်တမ်း၏။

“မင်းကျင့်တရားနှင့်အညီ ကျင့်သည်ဖြစ်၍ မြတ်လှသော ငါ့သားဝေဿန္တရာကို ပြည်မှနှင်ထုတ်လိုက်သည့်အပြင် မြူတစ်ရစ်မျှ မရှိဘဲလျက် အဘယ့်ကြောင့် နှင်ထုတ်မည် ကြံပါလိမ့်မည်နည်း။ ငါ့သားနှင့်ကွေကွင်းရ၍ မင်း,မိဖုရားစည်းစိမ်၌ ချမ်းငြိမ်းစွာအသက်မရှင်ရဘဲ ကြေကွဲသောစိတ်ဖြင့် အဆိပ်သေဆေးကိုစား၍ မနှေးလျင်ပြင်း သေရခြင်းဖြင့်လည်းကောင်း၊ တောင်ပေါ်ကမ်းပါးပြတ်မှ လတ်တလောဆင်း၍ သေခြင်းမလှ သေရခြင်းဖြင့်လည်းကောင်း၊ ဦးခေါင်းဇောက်ထိုး လည်ခေါက်ချိုးဖြင့် ထမ်းပိုးစည်းကုန်းနစ်သကဲ့သို့ ရစ်ဖွဲ့စည်းထုပ်၍ သူယုတ်၏ သေရခြင်းဖြင့်လည်းကောင်း၊ ယခု ငါ့ကို လျင်လျင်သေအောင် အပြစ်မရှိဘဲလျက် ငါ့သားကို အဘယ့်ကြောင့် နှင်ထုတ်ကြပါလိမ့်မည်နည်း။”

“ဪ၊ ငါ့သားတော်ဝေဿန္တရာသည် ခိဍ္ဍာဒသက ရောက်ဦးကပင် သာမ, ယဇု, ဣရုမည်တွင် ဗေဒင် ၃-စု နိဃဏ္ဍုကျမ်း, ကေဋုဘကျမ်း, လက္ခဏာကျမ်း, ဆန်း, အလင်္ကာ, သဒ္ဒါ, နီတိ, ဝိဒဂ်, ဗျာကရိုဏ်း စသောကျမ်းတို့ကို အစွမ်းဉာဏ်အင်ဖြင့် သင်ကြားတတ်မြောက် ထင်ရှားလောက်သော သုတ,သိပ္ပ စသည်နှင့်လည်း ပြည့်စုံ၏။”

“ဝန်တိုပိတ်ပင် စဉ်းလဲခြင်းမရှိ၊ ဖုန်းတောင်းယာစကာတို့အား စွန့်ကြဲပေးကမ်းခြင်း အလှူဒါယကာလည်း ဖြစ်၏။ ထီးဖြူဆောင်းချင်း မင်းတကာတို့သည် ပဏ္ဏာလက်ဆောင်တို့ဖြင့် ပူဇော်ရိုညွတ် ပျပ်ဝပ်ကျိုးနွံခြင်းငှာထိုက်သော အကျင့်သီတင်း ကျော်စောခြင်းလည်း ရှိ၏။ ရန်သူတစ်ပါး ထောင်ထားခြားသန့်ခြင်းငှာ မဝံ့သော ဘုန်းလက်ရုံး အထူးသဖြင့် မှူးကောင်းမတ်ကောင်း အခြံအရံစည်းစိမ်နှင့်လည်း ပြည့်စုံ၏။”

“မိခင် ဖခင်တို့အားလည်း ဝပ်တွားကြည်ညို ရိုသေလုပ်ကျွေး မွေးမြူတတ်၏။”

“ရွှေနန်းသခင် ဘုရင်ဖြစ်သည်ဟု ဂုဏ်မာနမပြုဘဲ အသက်အရွယ်ကြီးသောသူတို့ကိုလည်း အရိုအသေပြုလေ့ရှိ၏။ ငါ၏သည်းရင်း သိဉ္စည်းမင်း၏ ချမ်းသာကျော်စောခြင်း အစီးအပွားကိုလည်းကောင်း, မိမျိုးဖမျိုးတို့၏ အကျိုးစီးပွားကိုလည်းကောင်း၊ ကိုယ်လုပ်မောင်းမ စသည်မကြွင်း နန်းတွင်းသူတို့၏ အစီးအပွားကိုလည်းကောင်း, ခြွေရံပရိသတ် မှူးမတ်အဆွေခင်ပွန်းတို့၏ အစီးအပွားကိုလည်းကောင်း, သိဝိတိုင်းသူ လူအပေါင်းတို့၏ အစီးအပွားကိုလည်းကောင်း ဆောင်ပေတတ်၏။ ဤသို့ အသီးအသီး ချီးမွမ်း၍မကုန် ကျေးဇူးဂုဏ်နှင့်ပြည့်စုံစွာသော ငါ့သားဝေဿန္တရာကို မြူလွှာတစ်ရစ်မျှ အပြစ်မရှိဘဲလျက် အဘယ့်ကြောင့် နှင်ထုတ်ရက်ကြပါလိမ့်မည်နည်း”ဟု ငိုကြွေးမြည်တမ်း၏။

ဤသို့ ဘုရားလောင်းမယ်တော် ဖုဿတီမိဖုရားသည် ငိုကြွေးမြည်တမ်းပြီးလျှင် စိတ်ကိုချုပ်တည်း၍ သားတော် ချွေးမတော်တို့အား “ငါ့သား ငါ့ချွေးမတို့ မစိုးရိမ်ကြနှင့်။ သင်တို့ခမည်းတော်ထံမှာဆို၍ ပြည်သားပြည်သူတို့ကို တားမြစ်စေအံ့”ဟု နှစ်သိမ့်စေပြီးသော် မိမိနန်းတော်သို့ပြန်သွား၍ သိဉ္စည်းမင်းကြီးထံ ဤသို့ လျှောက်တောင်းပန်ပြန်၏။

“မိဘတို့အား ကြောင့်ကြမဲ့ပြုလျက် တစ်ခုမကျန် ပြည်ကြီးဝန်ကို ဆောင်ရွက်အုပ်စိုးနိုင်သော သားကောင်း၏အဖ ခံရသည်နှင့်အညီ သတို့သားဝေဿန္တရာအား ပြည်နိုင်ငံအလုံးနှင်း၍ မင်းပြိုင်စံတော်မူသော အကျွန်ုပ်၏သခင် အရှင်မင်းကြီး။ ယခု ပြည်သားပြည်သူ လူအပေါင်းတို့ မကောင်းသောအကြံဖြင့် သားတော် ဝေဿန္တရာကို နိုင်ငံမှနှင်ထုတ်မည်ဟု အုတ်အုတ်ကျက်ကျက် ထိပ်ထက်လက်မြှောက် လျှောက်ထားကြံဆောင်ကြသည်ကို အရှင်မင်းကြီး လိုက်နာတော်မူမည်လော။ အကယ်၍ ပြည်သူတို့စကားကို ရွှေနားထောင်ယူ လိုက်နာတော်မူသဖြင့် ရည်တူမနှုန်းရသော ဘုန်းပညာလက္ခဏာ အာဏာသတင်း ကျော်စောခြင်းရှိလျက် မိဘမျက်ရှု နုနယ်ပျိုထွား ငါ့သားဝေဿန္တရာကို ပြည်တော်နိုင်ငံမှ နှင်ထုတ်ကုန်အံ့။”

“အရှင်မင်းကြီး၏ပြည်တော်သည် ယင်,ပျားအပေါင်းတို့ ပျံလေပြီးသော မစုတ်ပျားအုံကဲ့သို့လည်းကောင်း၊ အပင်မှကျကြွေ၍ မြေပြင်သို့ရောက်သော သရက်သီးမှည့်ကဲ့သို့လည်းကောင်း ပြည်ထောင်ချင်းချင်း မင်းတစ်ပါးတို့သည် မရွံ့မထိတ် စီးနှိပ်လွယ်ကူ သိမ်းယူတိုက်ဖျက်ခြင်းငှာ မခဲယဉ်းသည် ဖြစ်ရာ၏။ ပြည်ထဲသခင် အရှင်မင်းကြီးလည်း ရေမရှိသောညွန်ပျောင်း၌ ဟင်္သာအပေါင်းတို့ စွန့်၍ပျံသွားသဖြင့် အတောင်ကျွတ်၍ မပျံနိုင်ကျန်ရစ်သော ဟင်္သာငယ်ကဲ့သို့ သားတော်နှင့် ဖွားဖက်၆-သောင်း အမတ်သူရဲကောင်းတို့သည် မပျောင်းမညွတ် လွတ်ရာစွန့်ပစ်သွားကြခဲ့သော် အရှင်မင်းကြီးတစ်ယောက်ထီးတည်း ကျန်ရစ်၍ ကိုယ်,စိတ်၏ပင်ပန်းခြင်း မဖြစ်ခဲ့ပြီလော။ ထိုသို့ အကျွန်ုပ် လျှောက်သည့်စကားကို အရှင်မင်းကြီး ယူတော်မူလော့။ စီးပွားခိုင်ဖြီး ကြီးကျယ်မြင့်မြတ်သောစည်းစိမ်ကို မပျက်စေလင့်။ သိဝိရာဇ်ပြည်သူအပေါင်းတို့၏စကားကို နာယူ၍ အပြစ်မရှိဘဲလျက် သားတော်ကို ပြည်မှ နှင်ထုတ်တော် မမူလင့်”ဟု လျှောက်တောင်းပန်၏။

ဖုဿတီမိဖုရား၏စကားကို ကြားလျှင် သိဉ္စည်းမင်းကြီးသည် “ငါ၏အယူ ဖြောင့်မှန်ကြောင်း ထုံးကောင်းကိုပြ၍ ခယဝပ်တွား သား၏ကြင်နာခြင်းဖြင့် လျှောက်ထားတောင်းပန်သော အဘယ် ဖုဿတီဒေဝီ။ သင်ဆိုတိုင်းဖြစ်မည် မှန်၏။ ငါသည်လည်း သားတော် ဝေဿန္တရာကို ငါတို့ဘေးဘိုး နန်းရိုးမင်းဆက် ဆင်းသက်၍ မပျက်အောင် ဆောင်ရာ,ကျင့်ရာသည့် မင်းကျင့်တရားကို ငါ ဆုံးမပြသသည့်အတိုင်း နာယူကျင့်ဆောင်ပေသောကြောင့် ငါ၏ အသက်နှင့်အတူ ကြည်ဖြူနှစ်သက် စုံမက်မြတ်နိုးတော်မူ၏။ ထိုသို့ အသက်နှင့်အတူ ချစ်ကြည်ဖြူသော်လည်း ပြည်သူတို့စကားကို မလွန်နိုင်သောကြောင့် ငါ၏သားတော်ကို ပြည်မှနှင်ထုတ်စိမ့်သောငှာ မတားမြစ်နိုင်”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဖုဿတီဒေဝီလည်း ကိုးကွယ်ရာမရ ပူပန်လှသည်ဖြစ်၍ ဤသို့ ငိုကြွေး ပြန်၏။

“ရှေး၌ ငါ့သားဝေဿန္တရာသည် ရေကန်တော်သို့လည်းကောင်း၊ ဥယျာဉ်တော်သို့လည်းကောင်း၊ အလှူဇရပ်သို့လည်းကောင်း မြို့လည်အံ့သောငှာ နန်းတော်မှထွက်စံသည်ရှိသော် ရှေ့တော်၌ ၂-သွယ် ၂-မြောင် ထောင်လွှားလျက်စဉ်ကာ မဟာလှေကားပွင့်သဏ္ဌာန် အောင်လံရွှေရွက် တလက်လက်ရှေ့ဆောင်၍ အဖိုးထောင်သောင်းမကထိုက်တန်သော ဂန္ဓာလရာဇ်တိုင်းဖြစ် ပုဆိုးပိုးချည်ဖြင့်ရက်၍ မွေ့ညက်နူးညံ့စွာ ကမ္ဗလာနီကိုယ်စီ ဝတ်ခြုံလွှမ်းဆင်ကာ များစွာသောမှူးမတ်အပေါင်းခြံရံ၍ လိုက်ကုန်၏။ ယခုမူ ငါ့သားဝေဿန္တရာ တစ်ယောက်တည်း သွားရအံ့တကား။”

“ရှေး၌ ငါ့သား နန်းတော်မှထွက်လျှင် မင်္ဂလာရှိသော ဆင်ဖြင့်လည်းကောင်း၊ ရွှေဝေါ, ရွှေယာဉ်ဖြင့်လည်းကောင်း၊ မြင်းကသော ရထား, ဆိတ်မြန်မာ, ဆိတ်ကုလား က,သောရထားဖြင့်လည်းကောင်း ထွက်တော်မူ၏။ မိခင်ဖွား၍ ခြေဖြင့်သွားနိုင်သည်မှ မည်သည့်ကာလတွင် မြေအပြင်သို့ဆင်း၍ ခြေဖြင့် သွားဖူးသည်မရှိ။ ယခု ငါ့သားတော်သည် နူးညံ့စွာသောခြေဖြင့် မြေအပြင်ကို အဘယ်သို့နင်း၍ သွားတတ်ရှာလိမ့်နည်း။”

“နေပူတံလှပ်မျှ မခတ်စဘူး နူးညံ့လှစွာ နံ့သာအမွှေးအထုံ ကာမဂုဏ်စည်းစိမ်ဖြင့် ချမ်းငြိမ်းစံပယ်လျက် ကြီးရသော ငါ့သားဝေဿန္တရာသည် တင်းမာခိုင်ကြမ်းသောသူတို့နှင့်သာ ထိုက်တန်ကုန်သော အလွန်ရုန့်ကြမ်းစွာသော သစ်နက်ရေပုဆိုး, ထမ်းပိုးကောက် ခြင်းတောင်းတို့ကို အဘယ်သို့ ဆောင်နိုင်အံ့နည်း။”

“ယခု တောကြီးထဲသို့ဝင်ရအံ့သော သားအား ဖန်ရည်စွန်းသော သစ်နက်ရေပုဆိုးတို့ကို အဘယ့်ကြောင့် မစီရင်ကြပါကုန်သနည်း။ သမန်းကျစ်ပုဆိုးကိုလည်း အဘယ့်ကြောင့် မကျစ်ပါကုန်သနည်း။”

“မင်းတကာတို့ကိုအစိုးရသော ရွှေနန်းသခင်ဖြစ်၍ ကာသိကရာဇ်တိုင်း, ကောဋုမ္ဗရာဇ်တိုင်း, ခေါမတိုင်းတို့မှဖြစ်သော ပုဆိုးတို့ကိုသာဝတ်ရုံရသော ငါ့သားဝေဿန္တရာသည် သမန်းကျစ်ပုဆိုးကို အဘယ်သို့ ဝတ်နိုင်အံ့နည်း။”

“ငါ့ချွေးမ မဒ္ဒီသည်လည်း မြင်မျှမမြင်စဘူးသော သမန်းကျစ်ပုဆိုးကို အဘယ်သို့ ရက်နိုင်ပါလိမ့်နည်း။ ငါ့မောင်မဒ္ဒရာဇ်မင်း၏ ရင်နှစ်ရင်သွေး ချွေးမမဒ္ဒီသည် ရှေး၌ သွားလိုလျှင် ရွှေသံလျင်း, ရွှေဝေါ, ရွှေယာဉ် မြင်းရထားတို့ဖြင့် သွားလေ့ရှိ၏။ ယခု ခြေကျင် အဘယ်သို့ သွားနိုင်ပါလိမ့်နည်း။”

“ငါ့တူမ မဒ္ဒီသည် စုံစီခပ်သိမ်း မိန်းမမြတ်အင်္ဂါ လက္ခဏာကောင်းဖြင့် ရိုးဖြောင့်ညံ့မွတ် ဆွတ်ဆွတ်နုနယ် ရှုဖွယ်သောကိုယ်ဖြင့် ကြာညိုရိုးကဲ့သို့ လှုပ်လှုပ်လှဲလှဲ နွဲ့နွဲ့လျလျ နန်းမတောင်ညာ ချမ်းသာရိပ်ငြိမ် စည်းစိမ်ကြီးသခင် နန်းပြင်နန်းထဲ တွဲမှီဖော်မပါဘဲ မသွားဘူးပါလျက် ယခုခြေကျင် အဘယ်သို့ သွားနိုင်ရှာလိမ့်နည်း။”

“ငါ့တူမ မဒ္ဒီသည် တွဲမှီရွေဖော်နှင့် နန်းတော်အပြင်တွင် ထွက်ဝင်သွားလိုလျှင် ဝါဂွမ်းစုမျှမက နူးညံလှသော ခေါမတိုင်းဖြစ် ဝတ်ထည်သစ်ကို ပြေပြစ်လျောက်ပတ် အထပ်ထပ်အလွှာလွှာခံ၍ အတွင်းစံ ရွှေအတိပြီးသော ခြေနင်းကိုစီး၍သာလျှင် ထွက်ဝင်သွားလာခြင်းကို ပြု၏။ ယခုမူ နုလှသောခြေဖြင့် မြေကို အဘယ်သို့ နင်းနိုင်ပါလိမ့်နည်း။”

“ငါ့တူမ မဒ္ဒီသည် နွှဲမှီယှဉ်ကာ လက်ယာလက်ဝဲ တွဲယူမဆောင် ၁၀၀၀-မျှသော အပျိုဖော်ခြွေရွေနှင့် ရွှေနန်းထက်၌ ထွက်ဝင်ပျော်ပါး စံစားရ၏။ ယခုမူ ရွှေဖော်ခြံရံမပါ တစ်ယောက်တည်း လိုက်ရရှာလိမ့်အံ့။”

“ငါ့တူမ မဒ္ဒီသည် ဤနန်းပြာသာဒ်၌ မြတ်သောစက်မွေ့ရာထက် ချမ်းသာစွာနေလျက်လည်း နှလုံးနူးညံ့သည်ဖြစ်၍ အခါခါအဖန်ဖန် ကြောက်ရွံ့ ထိတ်လန့်တတ်၏။ ယခု ဟိမဝန္တာတော၌ ကောသိယအမျိုးဖြစ်သော ခင်ပုပ်ငှက်သံ, မြေခွေးသံတို့ကိုကြားရပြန်သော် အလွန်ကြောက်ရွံ့ ထိတ်လန့်ခြင်းဖြစ်၍ မူးယစ်တိမ်းဘီ နတ်မှီသောမိန်းမကဲ့သို့ ဒုက္ခဖြစ်ရှာလိမ့်အံ့။”

“အသိုက်၌အုသော ဝံလိုငှက်မသည် မိမိဥကို သူတစ်ပါးယူ၍ ပျောက်ခဲ့သော် ထိုသားငယ်နေရာ အသိုက်အအုံကိုမြင်သဖြင့် ရှည်မြင့်စွာ ပူဆာကြေကွဲခြင်းဖြစ်သကဲ့သို့၊ ငါသည်လည်း သားဝေဿန္တရာ ထွက်သွားခဲ့၍ သားအဆောက်အအုံ နန်းဘုံဗိမာန်ကို မြင်ရပြန်သဖြင့် မြင့်ရှည်စွာပူဆွေး၍ သေဘေး ရောက်ရလိမ့်တကား။ ထိုဝံလိုငှက်မသည် အသိုက်အအုံ၌ သားကိုမမြင်လျှင် မရွှင်ပူဆွေးသောငိုကြွေးသံဖြင့် ပျံခါဝဲခါ ရှာယောင်ရှာမှား သားကြောင့် ဆင်းရဲဖြစ်ရသကဲ့သို့ ငါသည်လည်း သားလှမျက်မှန် မင်းဝေဿန်တို့စံပျော်ရာ ထီးနန်းသို့သွား၍ သားချစ်ရွှေနန်းရှင်ကို မမြင်မတွေ့ရသော် သားချွေးမတို့ သွားကြသောလမ်းသို့ မြည်တမ်းမဆည် မျက်ရည်ဖြိုးမျှ တွေ့နိုးမြင်နိုး ညှိုးချုံးငိုကြွေးလျက် ပြေးယောင်ရှာယောင် တောင်မြောက်လူးလဲ အူသည်းဆွေးကြွေ၍ သေရချေအံ့။ အမျိုးမှဆင်းသက်၍ မပျက်သောမင်းရိုးဖြစ်လျက် အသက်ကဲ့သို့ချစ်ခင်လှသော ငါ့သား ဝေဿန္တရာကို အကယ်၍ ပြည်သူတို့ နှင်ထုတ်ကြချေအံ့။ ငါသည်လည်း အပြစ်မဲ့သောသားကို နှင်ထုတ်ခြင်းကြောင့် လျင်မြန်မကြာ မှန်စွာသေရချေတော့အံ့တကား”ဟု ဤသို့ ဘုရားလောင်းမယ်တော် ဖုဿတီဒေဝီမိဖုရား ငိုကြွေးမြည်တမ်း၏။

ထိုဖုဿတီဒေဝီ ငိုကြွေးသံကိုကြားလျှင် သိဉ္စည်းမင်းကြီး၏ နန်းတော်၌ရှိကုန်သော မင်းမောင်းမ ကိုယ်လုပ်တို့သည်လည်း သောသောအုတ်အုတ် ငိုကြွေးကြကုန်၏။ ခမည်းတော် သိဉ္စည်းမင်းကြီးနန်းတော်က ငိုကြွေးသံကိုကြားလျှင် ဝေဿန္တရာမင်းကြီးနန်းတော်၌လည်း ၁-သောင်း ၆-ထောင်သော မောင်းမကိုယ်လုပ်တော် အထိန်းအသိမ်းမှစ၍ နန်းတွင်းသူ အပေါင်းတို့သည်လည်း သောင်းသောင်းအုတ်အုတ် ငိုကြွေးကြကုန်၏။ ဤသို့ ၂-ဦးသောနန်းတော်တို့၌ တစ်ယောက်သောသူမျှ မငိုကြွေးဘဲနေခြင်းငှာ မတတ်နိုင်၍ အလုံးစုံသော နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့သည် သောင်းသောင်းအုတ်အာ ကမ္ဘာဖျက်လေခိုက်၍ အလိုက်သင့်လဲညွတ်သော အင်ကြင်းပင်ပျိုတောကဲ့သို့ လောကသခင် ရွှေနန်းရှင်ထံပါး၌ ဖားလျားဆံပင် ဦးတင်လက်ချီ တညီတညွတ်လူးလဲ အူသည်းပြတ်မျှ ငိုကြွေးကြ၍ ထိုနေ့ညဉ့်မိုးသောက် ရောက်လေ၏။

ထိုလပြည့်နေ့ကုန်၍ တစ်ရက်နေ့ မိုးသောက်ရောက်လျှင် အလှူတော်အဖို့ ခန့်စီရင်သောအမတ်သည် ဝေဿန္တရာမင်းကြီးအား “အရှင်မင်းကြီး အမိန့်တော်ရှိတိုင်း အလှူတော် ၇၀၀-စုကို ယခု စီရင်ခင်းကျင်း၍ ပြီးပါပြီ။ လှူတော်မူပါလော့”ဟု လျှောက်၏။

မင်းကြီး ဝေဿန္တရာလည်း ရေချိုး၍ ကောင်းမြတ်သောအဝတ်တန်ဆာ ဆင်ယင်ဝတ်စားပြီးသော် ဖွားဖက်တော်အမတ် ၆-သောင်းခြံရံလျက်၊ ၇၀၀-အပေါင်းဖြစ်သောအလှူကြီးကို ပေးအံ့သောငှာ အလူဇရပ်သို့ ထွက်တော်မူ၍၊ အလှူဇရပ်၌ အမတ် ၆-သောင်းတို့ကို ခေါ်တော်မူ၍၊

“အမတ်တို့။ သင်တို့သည် ဖုန်းတောင်းယာစကာတို့အား အလိုရှိရာ မေး၍ပေး။ အဝတ်ပုဆိုးကို အလိုရှိသောသူအား လိုရာအဝတ်ကို၊ စားဖွယ်ခဲဖွယ်ကို အလိုရှိသောသူအား လိုရာစားဖွယ်ခဲဖွယ်ကို ပေး၊ သေသောက်ကြူးတို့အား လိုရာသေအရက်ကို ပေး။ မည်သည့် ဖုန်းတောင်းယာစကာကိုမျှ ဤအလှူဇရပ်သို့ရောက်လျှင် မရမ,မဝ, မလောက် မရှိစေနှင့်။ ရောက်လာသော ဖုန်းတောင်းယာစကာတို့အား နှုတ်ဖြင့် ငေါက်ငမ်းခြင်းကိုမျှ မပြုကြနှင့်။ အလိုရှိတိုင်း တောင်းစေ, ခံစေ။ ထိုသူတို့နှလုံးကို ရွှင်ပြုံးအောင်ပြု၍ လိုရာအဝတ်အစားဖြင့် ရောင့်ရဲအောင်ပေး၍ လွှတ်လိုက်”ဟု ဆို၏။

၇၀၀-အပေါင်းဖြစ်သော အလှူကြီးကို ထိုနေ့ညဉ့်ပတ်လုံး ပေးလှူ စွန့်ကြဲတော်မူ၏။

(ဤသို့အလှူပေးရာ၌ သေအရက်ယစ်မျိုးကိုလှူခြင်းသည် အကျိုးမရှိဟု သိတော်မူလျက် သေသောက်ကြူးတို့သည် အလှူဇရပ်သို့ရောက်လာလျှင် “ဝေဿန္တရာမင်းကြီးအလှူ၌ သေအရက်ကိုမျှ မသောက်ရပါ”ဟု ဆိုမည်စိုးတော်မူသောကြောင့်၊ “မရ, မင ဟူသောစကားကို မကြားလို”ဟု နှလုံးတော်မြတ်ရှိ၍ လူတို့ သုံးဆောင်မျိုး ဟူသမျှကို မကြွင်းရအောင် ပေးလှူ စွန့်ကြဲတော်မူသတည်း။)

ထိုအခါ စေတုတ္တရာပြည်၌ ဖုန်းတောင်းယာစကာအပေါင်းတို့သည် ဦးခေါင်းထက်လက်တင်လျက် သေသောက်၍ ယစ်သောသူကဲ့သို့လည်းကောင်း၊ အစာငတ်မွတ်၍ အားနည်းသော သူကဲ့သို့လည်းကောင်း, မြေ၌လူးလဲ၍ ဤသို့ ငိုကြွေးကြကုန်၏။

“မင်းကြီးဝေဿန္တရာသည် ယခု အလှူပေးပြီး၍ ပြည်မှ ထွက်တော်မူခဲ့သော် မြတ်သောအပွင့်ကို ဆောင်တတ်သောပန်းပင်ကိုလည်းကောင်း၊ ချိုဆိမ့်စွာ အသီးကိုဆောင်တတ်သော သစ်ပင်ကိုလည်းကောင်း၊ မြဲမြံစွာ အရသာကိုဆောင်တတ်သော သစ်ပင်ကြီးကိုလည်းကောင်း အမြစ်နှင့်တကွ ဖြတ်၍ပစ်ဘိသကဲ့သို့ ငါတို့ ကိုးကွယ်ရာမဲ့ ဖြစ်ရအံ့”ဟု ငိုကြွေးကြကုန်၏။

မြို့တွင်း၌နေကုန်သော မင်းဆွေမင်းမျိုး မှူးမတ်, ချစ်မြတ်နိုးသူ လူအပေါင်းတို့သည်လည်း အညီအညွတ် စည်းဝေးကုန်၍ ဤသို့ဆိုလျက် ငိုကြွေးကြကုန်၏။

“မင်းကြီး ဝေဿန္တရာ။ အရှင်မင်းကြီးသည် အလှူပေးသောကြောင့် ပြည်မှ နှင်ထုတ်မည်ဟု ပြည်သူတို့ ကြံကြကုန်၏။ ထိုသို့ဖြစ်လျက် မာတင်္ဂအမျိုးဖြစ်သော မင်္ဂလာဆင်တော် ၇၀၀-ကို ရွှေကြိုး ,ရွှေက ခက်တင်လျက် လှံမ,ချွန်းတောင်းစွဲသော ဆင်စီးသူရဲနှင့်တကွ ယခု လှူပြန်၏။”

“သိန္ဓောမျိုး အာဇာနည်မြင်းပျံ တိမ်ညွန့်စား ၇၀၀-ကိုလည်း လေးမြားတောင့်လွယ်သော မြင်းစီးသူရဲနှင့်တကွ လှူပြန်၏။”

“အောင်လံရွှေပြား စိုက်ထောင်လွှားလျက် ကျားရေ,သစ်ရေတို့ဖြင့် ရံကုန်သည်ဖြစ်၍ ကောင်းစွာ ဆန်းကြယ်ကုန်သော မင်းစီးရထား ၇၀၀-တို့ကိုလည်း ဝတ်လုံမိန်ချပ်ဝတ် ရထားစီးနှင့်တကွ လူပြန်၏။”

“ထိုရထား ၇၀၀-တို့၌ တစ်ယောက်, တစ်ယောက်စီ ရွှေခါးရမ်းကြိုး, ရွှေတန်ဆာ, ရွှေထဘီ, ရွှေတဘက်, ရွှေလက်ကောက်တို့ဖြင့် တန်ဆာဆင်လျက် မျက်လုံးမျက်ဖန်ရွှင်ရွှင် ပါးပြင်ညံ့ထွား ယောက်ျားတို့နှလုံးကို ပြုံးရွှင်ညွတ်နူးအောင် ပျံ့ပျူးချိုအေးစွာ စကားကိုဆိုတတ်သော သပ်သပ်သွယ်သွယ် နုနယ်သော မိန်းမရတနာ ၇၀၀-တို့ကို တစ်ယောက်တစ်ယောက်၌ အခြံအရံ မိန်းမ ၈-ယောက်စီနှင့်တကွ လှူပြန်၏။”

“နို့ရေခံ ရွှေဖျဉ်းအိုးနှင့်တကွ နို့ညှစ်နွားမ ၇၀၀-ကိုလည်း လှူပြန်၏။” “ကျွန်ယောကျာ်း ၇၀၀, ကျွန်မိန်းမ ၇၀၀ကိုလည်း လှူပြန်၏။”

“ဤသို့ ဆင် ၇၀၀, မြင်း ၇၀၀, ရထား ၇၀၀, မိန်းမကညာ ၇၀၀, နို့ညှစ်နွားမ ၇၀၀, ကျွန်ယောကျာ်း ၇၀၀, ကျွန်မိန်းမ ၇၀၀၊ ဤသို့ ၇၀၀ အပေါင်းဖြစ်သော အလှူကြီးကိုပေးပြီး၍ မင်းကြီးဝေဿန္တရာသည် ပြည်မှထွက်သွားမည် ကြံဘိ၏တကား။ မင်းကြီးဝေဿန္တရာသည် ဤသို့ အလှူကြီးပေးသော်လည်း မြို့သူမြို့သား သူတစ်ပါးတို့၏ဥစ္စာကို အနိုင်အထက် လုယက်တောင်းယူ၍ အလှူပေးသည် မဟုတ်။ မိမိဥစ္စာကိုသာ အလိုအလျောက် ပေးလှူစွန့်ကြဲပေသည်ကို ပြည်သူပြည်သားတို့ မျက်ပွားရန်လို ဝန်တိုပိတ်ပင်၍ ရွှေနန်းသခင်အရှင်မင်းကြီးကို ပြည်မှနှင်ထုတ်မည် ပြုကြဘိ၏။ သဘောမဟုတ်တကား”ဟု ငိုကြွေးကြကုန်၏။

စေတုတ္ထရာပြည်အလုံးသည် “မင်းကြီးဝေဿန္တရာ။ အရှင် အလှူပေးသောကြောင့် ပြည်မှနှင်ထုတ်မည်ကြံသည်ကို တစ်ဖန် အလှူပေးပြန်၏တကား”ဟု အုတ်အုတ်ကျက်ကျက် ကြောက်မက်ဖွယ်သောအသံသည်ဖြစ်၏။

(မိန်းမကညာ ၇၀၀-တို့ကိုကား ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထီးနန်းသခင်မင်းတို့သည် မင်းကြီး ဝေဿန္တရာ မိန်းမရတနာ ၇၀၀-ကို ပေးသတတ်ဟု နတ်တို့၏တန်ခိုးဖြင့်ကြား၍ လာကုန်လျက် တစ်ယောက်စီဆောင်၍ သွားကြကုန်၏။)

ဘုရားလောင်းမင်းကြီး ဝေဿန္တရာသည် ထိုအလုံးစုံ ၇၀၀-အပေါင်းဖြစ်သော အလှူကြီးကို ပေးသောအခါ လက်အုပ်ချီလျက် အလှူကိုမြတ်နိုးရိုသေစွာ ရှိခိုး၍-

“ဣဒံ မေ ပုညံ သဗ္ဗညုတဉာဏဿ ပစ္စယော ဟောတု”ဟု ဆုတောင်းတော်မူ၏။

(မေ၊ ငါ၏။ ဣဒံ ပုညံ၊ ဤယခု ပြုအပ်သော အလှူပေးခြင်း ကောင်းမှုသည်။ သဗ္ဗညုတဉာဏဿ၊ သဗ္ဗညုတ ဉာဏ်တော်၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။)

ထိုအခါ ကြက်သီးမွေးညင်း ထခမန်းသော ကြောက်မက်ဖွယ်သည်ဖြစ်၍ ၂-သိန်း ၄-သောင်း အထုရှိသော မဟာပထဝီမြေကြီးသည် အိုးထိန်းစက်ရဟတ်ကဲ့သို့ ပတ်ပတ်လည်လျက် သည်းစွာအသုံးပြု၍ တုန်လှုပ်၏။ မြင်းမိုရ်တောင်သည်လည်း အရှင်ရှိ ကျွန်ကဲ့သို့ စေတုတ္တရာပြည်သို့ ညွတ်ပျောင်း၏။ (ဤကား ၃-ကြိမ်မြောက်သော မြေတုန်လှုပ်ခြင်းတည်း။)

ဝေဿန္တရာမင်းကြီးသည် ထိုနေ့ပတ်လုံး အလှူဇရပ်၌နေ၍ အလှူပေးလျက် ညဉ့်မိုးချုပ်လတ်သော် “ငါသည် နက်ဖြန်နံနက် ပြည်မှထွက်ရအံ့။ ယခုည၌ မယ်တော်, ခမည်းတော် တို့ကို ဖူးမြော်ပူဇော်၍ ထွက်သွားအံ့။ ‌နန်းတော်သို့ မဝင်ပြီ" ဟု ကြံလျက် မြင်းရထားစီး၍ မယ်တော်, ခမည်းတော်တို့စံရာ နန်းတော်သို့ သွားလေ၏။

မြောက်သားတော် မဒ္ဒီဒေဝီသည်လည်း “ယခု ငါ နန်းတော်သို့ မဝင်ပြီ။ အရှင့်မယ်တော် ခမည်းတော်ကို ဖူးမြော်လျက် ခွင့်ပန်ကြား၍ ငါ့ခင်ပွန်းနှင့်အတူ ထွက်သွားရာလိုက်အံ့”ဟု ကြံသဖြင့် ဘုရားလောင်းနှင့်အတူ ရထားထက်၌ လိုက်လေ၏။

မယ်တော်, ခမည်းတော်တို့ထံရောက်လျှင် ဘုရားလောင်း ဝေဿန္တရာမင်းသည် ခမည်းတော်မင်းကြီးအား ရိုသေစွာရှိခိုး၍ ဤသို့ ပန်ကြားလျှောက်ထား၏။

“ခမည်းတော်မင်းကြီး။ အကျွန်ုပ်ကို ပြည်သူတို့ နှင်ထုတ်သည်ဖြစ်၍ ဝင်္ကပါတောင်သို့ နက်ဖြန် မိုးသောက်ရောက်လျှင် ထွက်သွားရပါအံ့။ ခမည်းတော် မင်းကြီး။ လောကဓံတရား ၈-ပါးသည် လူ၌ ထင်ရှားဖြစ်၏။ ခပ်သိမ်းကုန်သောသူတို့သည် ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့် ဖြစ်ဆဲ, ဖြစ်ပြီး, ဖြစ်လတ္တံ့သော သဘောကား အမှန်မလွဲတည်း။ ခပ်သိမ်းကုန်သော သတ္တဝါတို့သည် ကာမဂုဏ်စည်းစိမ်ကိုသာ စံစား၍မနေဘဲ မလွှဲမဖယ်သာခြင်းဖြင့် သေမင်းနိုင်ငံသို့သာ လိုက်ရကုန်မြဲတည်း။ ထိုသို့ ဝဋ်ဆင်းရဲကိုကြောက်လန့်သော အကျွန်ုပ်သည် သဗ္ဗညုတဉာဏ်အလို့ငှာ မိမိနန်း၌ မိမိဥစ္စာကို ယာစကာတို့အား ပေးလှူစွန့်ကြဲ၏။ ထိုသို့ အလှူပေးခြင်းဖြင့် ပြည်သူတို့ကို နှိပ်စက်မိသောအပြစ်ကြောင့် ပြည်သူ့တို့ မျက်လိုသောစကားဖြင့် အကျွန်ုပ် ပြည်မှထွက်ရပါအံ့။ သတ္တဝါဟူသမျှသည်လည်း ချမ်းသာ, ဆင်းရဲကို မလွန်နိုင်ချေသောကြောင့် သစ်, ကျား, ကြံ့, ခြင်္သေ့, သားရဲတို့ဖြင့်ပြည့်သော တောအရပ်၌ ငြိုငြိုငြင်ငြင် ပူပင်ဆင်းရဲစွာ ဖြစ်ရလေသော်လည်း ကိုယ်နှင့်လျော်စွာ ကောင်းမှုတို့ကို အကျွန်ုပ် ပြုပါလိမ့်အံ့။ ခမည်းတော်မင်းကြီးသည်သာ ဤကာမဂုဏ်တည်းဟူသော ညွန်ပျောင်း၌ လူးရစ်တော်မူလော့”ဟု လျှောက်ကြား၏။

ဤသို့ ခမည်းတော်မင်းကြီးအား ၄-ဂါထာတို့ဖြင့် လျှောက်ကြားပြီးလျှင် မယ်တော်၏အထံသို့ ချဉ်းကပ်၍ ဤသို့ ပန်ကြားလျှောက်ထားပြန်၏။

“မွေးကျေးဇူးကို အထူးဆပ်၍ မကုန်နိုင်သော မိခင်၊ အကျွန်ုပ်အား ခွင့်ပြုတော်မူပါလော့။ မိမိဥစ္စာကို အလှူပေးခြင်းဖြင့် ပြည်သူတို့ကို နှိပ်စက်မိ၏။ ထိုအလှူပေးမိသောအပြစ်ကြောင့် ပြည်မှနှင်ထုတ်၍ သားရဲတို့ဖြင့်ပြည့်သော ဝင်္ကပါတောင်သို့သွားရသဖြင့် ဆင်းရဲငြိုငြင်စွာ ရဟန်းပြုရပါလိမ့်အံ့။ မယ်တော်သည် အနူးအညွတ် ခွင့်လွှတ်တော်မူပါလော့”ဟု တောင်းပန်လျှောက်ထား၏။

မယ်တော် ဖုဿတီဒေဝီသည်လည်း “ငါ့သားဝေဿန္တရာ။ သင်သည် ဝင်္ကပါတောင်၌ ရဟန်းပြု၍ တန်ခိုးအဘိညာဉ် ဈာန်သမာပတ် အကျင့်မြတ်နှင့် ပြည့်စုံပါစေသတည်း။ ငါ့သားအား အနူးအညွတ် ခွင့်လွှတ်ပါ၏။ တံလှပ်,လေ,နေပူ တစ်ခါမျှ မခံရစဘူး၊ နူးညံလှသော ငါ့ချွေးမ မဒ္ဒီမူကား တောကြီးနှင့်မတန် ဈာန်သမာပတ်ကိုရှာသော ရဟန်းတို့နှင့်မထိုက်၊ လိုက်၍ အဘယ်အကျိုး ရှိတော့မည်နည်း။ ဤနန်းတော်၌ပင်လျှင် သားငယ်, သမီးငယ်နှင့်အတူ နေရစ်ပါစေလော့”ဟု ဆို၏။

ထိုစကားကို ကြားလျှင် မင်းကြီးဝေဿန္တရာသည် “မိခင်၊ အကျွန်ုပ်မူကား ယခု မိမိကိုယ်ကိုမျှ အစိုးမရချေ။ သူ မလိုက်လိုလျှင် စေပါးသည့်ကျွန်ကိုမျှလည်း “လိုက်ရမည်”ဟု အပါမခေါ်နိုင်။ သူလိုက်လိုလည်း လိုက်ပါစေ၊ နေရစ်လိုလည်း နေရစ်ပါစေတော့”ဟု လျှောက်၏။

ထိုသို့ မယ်တော်အားလျှောက်ထားသံကို ခမည်းတော်သိဉ္စည်းမင်းကြီး ကြားလေသော် ချွေးမတော် မဒ္ဒီဒေဝီထံ သွား၍-

“ငါ့ချွေးမ မဒ္ဒီ။ သင်သည် ရွှေနန်းထက်၌ စန္ဒကူးအမွှေးအထုံဖြင့် လိမ်းကျံသောကိုယ်ရှိလျက် ယခု တောအရပ်၌ အဘယ့်ကြောင့် မြူမှုန်မြူးချေး ကပ်တင်စေချင်ပြန်ဘိသနည်း။ ကာသိကရာဇ်တိုင်းဖြစ်သည့် အဖိုး ၁-သိန်းမကထိုက်သော ဝတ်ကောင်းတန်ဆာကို ဝတ်ဆင်ပြီးမှ ယခု အဘယ့်ကြောင့် သမန်းကျစ်သင်္ကန်းကို ဝတ်ဆင်ချင်ပြန်ဘိသနည်း။”

“ငါ့ချွေးမ မဒ္ဒီ။ တော၌နေရခြင်းသည် မင်းပြစ်မင်းဒဏ်သင့်သောသူ၊ ကာမဂုဏ်ကို ရွံရှာသောသူ၊ အဝတ်အစား, အိပ်ရာနေရာ၌ ရောင့်ရဲလွယ်သဖြင့် ကိုယ်,စိတ်ကြံ့ခိုင်သော ယောက်ျားတို့မှတုံသော်လည်း အလွန် ငြိုငြင်ဆင်းရဲသေး၏။ သင်မူကား အလွန် ကိုယ်,စိတ် နူးညံ့လှသည်ဖြစ်၍ ထိတ်လန့်တတ်၏။ တောနှင့် မတန်။ မလိုက်လေနှင့်”ဟု ဆို၏။

ယောက္ခမမင်းကြီးစကားကို ကြားလျှင် မဒ္ဒီဒေဝီသည်- “ဦးရီးတော်မင်းကြီး အရှင်ဆိုတော်မူသော စကားသည် စင်စစ် မှန်သည်ဖြစ်စေ။ အကျွန်ုပ်လင်နှင့် ကင်းရသဖြင့် စန္ဒကူးနံ့သာ အထုံအမှုန် လိမ်းဆင်ရသော်လည်း အလိုမရှိ။ အဖိုး ၁-သိန်းမကထိုက်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ရသော်လည်း အလိုမရှိ။ လင်နှင့် အတူတကွနေရသဖြင့် မြူမှုန်အလိမ်းလိမ်းကပ်လျက် သစ်နက်ရေ သမန်းကျစ်သင်္ကန်းကိုဝတ်၍ ရသမျှသော တောသစ်သီး, တောသစ်ရွက်, သစ်ဖု,သစ်ဥလျှင် အစာရှိသဖြင့် သစ်ရိပ်ဝါးရိပ်မျှတွင်ပင် နေရသော်လည်း အလွန် စိတ်ချမ်းမြေ့ပါ၏။ စိုးရိမ်တော်မမူပါလင့်”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် မင်းကြီးသည် ဟိမဝန္တာ၌ ဘေးရန်ကိုပြ၍ ခြိမ်းခြောက်လိုသောကြောင့် ဤသို့ဆိုပြန်၏။

“ငါ့ချွေးမ မဒ္ဒီ။ ငါဆိုသောစကားကို သင် နာယူလော့။ တောအရပ်ဟူသည်ကား ဤနန်းပြာသာဒ်မှာကဲ့သို့ မဟုတ်။ ဘောက်ဖတ်, ကင်း, သန်း, နှံ, မှက်, ခြင်, ယင်, ပျားတို့သည် များစွာရှိကုန်၏။ ထိုသတ္တဝါတို့၏ ကိုက်ခဲခြင်းဆင်းရဲကို အလွန် သည်းခံနိုင်ခဲ၏။ ထိုသို့သောဆင်းရဲကို သင်သည် သည်းမခံနိုင် ဖြစ်လတ္တံ့။ ဤမှတစ်ပါးလည်း လူတို့၏ဘေးရန်ကို ပြုတတ်လျက် မြစ်နားအိုင်နားကို အမှီပြု၍နေကုန်သော စပါးကြီးမြွေတို့သည်ကား အဆိပ်မရှိသော်လည်း ကြီးသောခွန်အားရှိသောကြောင့် မိမိအနီးသို့ရောက်လာသော လူ, သမင်, စိုင်, ဆတ် သတ္တဝါတို့ကို အခွေဖြင့်ရစ်ပတ်၍ အလိုရှိတိုင်း နှိပ်စက်တတ်ကုန်၏။ ဤမှတစ်ပါးလည်း အဆင်းမည်းနက် ယှက်လိမ်သောအမွေးရှိသော ဝံသတ္တဝါတို့သည်ကား လူတို့၏ဆင်းရဲကို ဆောင်တတ်ကုန်၏။ ထိုဝံနက်တို့သည် လူကိုမြင်လျှင် သစ်ပင်ထက်သို့ တက်ပြေးငြားသော်လည်း မလွတ်နိုင်ရာ။ ထိုမှတစ်ပါး ဦးချိုဖျားထက်စွာနှင့် ၂-ဘက်ထိခမန်း ကြမ်းတမ်းခက်ထန်သော ကျွဲရိုင်းတို့သည်လည်း သောဒုမ္ဗရ အမည်ရှိသော မြစ်နား၌ များစွာရှိကုန်၏။ ဤသို့ သားရဲဘေးရန် တွေ့သည်ရှိသော် သင် အဘယ်သို့ ပြုနိုင်ပါလိမ့်မည်နည်း။ သားငယ် သမီးငယ်ကိုမမြင်ရသော သင့်အား နွားငယ်ကိုမက်မောသော နွားမကဲ့သို့ မရှိပြီလော။”

“ငါ့ချွေးမ မဒ္ဒီ။ သင်သည် ဤရွှေနန်းထက်၌နေလျက် မြေခွေးသံကို တစ်ရံတစ်ခါ ကြားရသဖြင့်လည်း သေခြင်းအနီးသို့ရောက်သကဲ့သို့ ကြောက်ထိတ် လန့်ကြားတတ်၏။ ထိုသို့ဖြစ်လျက် ဝင်္ကပါတောင်သို့ သွားရလေသော် အဘယ်သို့ သင် ဖြစ်နိုင်ပါလိမ့်မည်နည်း။ တောကြီးထဲ၌ နေမွန်းတည့်အခါကြိမ်လျှင် ငှက်အပေါင်းတို့သည် တညီတညွတ် တွန်မြည်သောအသံဖြင့် တောသံပေးသကဲ့သို့ အလွန်ကြောက်မက်ဖွယ်ရှိ၏။ ထိုကြောက်မက်ဖွယ်ရှိသောတောကြီးသို့ သင် အဘယ့်ကြောင့် လိုက်ချင်ဘိသနည်း”ဟု ဆို၏။

ထိုစကားကို ကြားလျှင် မဒ္ဒီဒေဝီသည် “သိဝိတိုင်းကြီးကို အစိုးရတော်မူသော ဦးရီးတော်မင်းကြီး။ တောကြီးထဲ၌ ယခုအမိန့်တော်ရှိတိုင်း ဘေးရန်များသည် ဖြစ်စေ၊ ထိုဘေးရန်ကို သည်းခံလျက် အကျွန်ုပ် လိုက်ပါအံ့။ ဦးရီးတော်မင်းကြီး ချမ်းသာကိုသာစံ၍ ဆင်းရဲအတူမခံသော် မယားကောင်း၏ လက္ခဏာမဟုတ် ဖြစ်ရာ၏။ ထိုတောကြီးထဲ၌ ကျွဲနှာခေါင်းပင်, ပေါက်ပင်, ကိုင်းပင်, ဖြူးဆံမြက်, ပန်းရင်းမြက်, ပြိန်းမြက်, သမန်းမြက်တို့ကို အကျွန်ုပ်သည် လင်၏ရှေ့က ရင်ဖြင့်တွန်းဖယ်လှည်းလှဲ၍ လမ်းထွင်သောအားဖြင့် သွားပါအံ့။ ရွှေနန်းသခင်ကျေးဇူးရှင်ကို မြက်တစ်ပင် နွယ်တစ်တံမျှ မခိုက်မထိ မငြိမရှိစေဘဲ လိုက်၍လုပ်ကျွေးပါအံ့။”

“ဦးရီးတော်မင်းကြီး။ မိန်းမတို့မည်သည်ကား လင်ကောင်းကို အလွန်ရခဲ၏။ လင်ကောင်းကို ရလိုသောကြောင့် မီးနတ်ကို လုပ်ကျွေးခြင်း၊ ရေငုပ်ခြင်း၊ ကောင်းသောအရှက်အကြောက်ကို သိမ်းဆည်းခြင်း၊ ကိုယ်ကိုပြုပြင် တန်ဆာဆင်ခြင်း အစရှိသောအကျင့်အလေ့နှင့် ယှဉ်စေရာ၏။”

“ဦးရီးတော်မင်းကြီး။ လောက၌ မိန်းမတို့၏ ဆင်းရဲဟူသမျှတွင် မုဆိုးမဖြစ်ရခြင်းသည် အလွန်ဆင်းရဲလှ၏၊ အကျွန်ုပ် လင်သွားရာ ဖဝါးခြေထပ်မလိုက်ဘဲ အဘယ့်ကြောင့် မုဆိုးမ လုပ်နေရစ်ပါအံ့နည်း။ မင်းစဉ်မင်းမျိုး ထီးရိုးနန်းနွယ်မဟုတ် အမျိုးယုတ်ညံ့သောသူ ထီးဖြူဆောင်းရွှေနန်းရှင် ဖြစ်လင့်ကစား မင်းစဉ်မင်းမျိုး ထီးရိုးနန်းနွယ်ဖြစ်သောမုဆိုးမ၏ စားကြွင်းကိုစားခြင်းငှာ မထိုက်။ ထို အမျိုးယုတ်ညံ့သောသူသည် ထီးဖြူဆောင်းဘုရင် ဖြစ်သည်ဟု အနိုင်အထက် အလိုမတူဘဲ လက်ကိုဆွဲငင် ကျီစယ်ပြုချေအံ့။ ထိုထီးရိုးနန်းနွယ် မုဆိုးမသည် ဆင်းရဲတကာတို့၏အဆုံး ရှုံးပါးပျက်စီး အရှက်ကြီးရ ဒုက္ခသေဘေးရောက်ရာ၏။”

“ဦးရီးတော်မင်းကြီး၊ ခပ်သိမ်းသောအမျိုး၌ အရွယ်ရှိသေးလျက် မုဆိုးမဖြစ်ရသောမိန်းမတို့ကို ယဉ်ပါးလိုသောယောက်ျားတို့သည် ရှက်ကြောက်ခံ့ရွံ့ခြင်း မရှိ။ မိမိ ပြက်ရယ်စကားဖြင့် ဖြားယောင်း၍ ကျော်နင်းလွန်ကြူးတတ်၏။ အခါအချိန်ကိုမထောက် ရှက်ကြောက်ခြင်းကိုမဆို့ပိတ် စိတ်အလိုကိုမချုပ် ကိုယ်,နှုတ်ဖြင့်မထီမဲ့မြင် ကလွင်ကပေါက် မလောက်မလေးပြုတတ်၏။ ခပ်သိမ်းစုံအမှုတို့၌လည်း ညှဉ်းဆဲကလူ ပြုတတ်ကုန်၏။”

“ဦးရီးတော် မင်းကြီး။ ပုံဆိုဦးအံ့။ အရွယ်ရှိလျက် မုဆိုးမဖြစ်ရသောမိန်းမတို့သည် ကျီးအပေါင်းတို့၏ အလယ်၌ရောက်သော ခင်ပုပ်ငှက်ကဲ့သို့ ဖြစ်ရာ၏။ ယဉ်ပါးလိုသော ယောက်ျားတို့သည် ထိုမုဆိုးမကို အလိုမရှိဘဲလျက် အနိုင့်အထက် အနည်းငယ်မျှသော ဥစ္စာကိုပေး၍ ကျော်နင်းဆွဲငင်တတ်၏။ ရွှေအိုးရွှေခွက် ရွှေလင်ပန်းဖြင့်သာ သုံးဆောင်ရာသော မင်းမျိုးသူဌေးမျိုးတို့၌ မောင်, အစ်မ, ညီမ, မိဘ, ဆွေမျိုး အဆွေခင်ပွန်းတို့သည် “ဤသူကား ငါတို့အပြင် ကျွေးမွေးပြုစုမည့်သူ မရှိ”ဟု သိမ်းထားအုပ်ချုပ်၍ နေသော်လည်း ယောကျာ်းမတော်မမှန်တို့သည် ပေါ့လျှံချော့စား၍ တိမ်းမှားမိသဖြင့် ပေါက်ဖော်မိဘ ဆွေမျိုးတို့၏ ကဲ့ရဲ့ပြစ်တင်သည်ကိုလည်း ခံရရာ၏။ ထို လင်မဲ့မိန်းမကြောင့် ပေါက်ဖော်ဆွေမျိုးတို့သည်လည်း အရှက်ရရာ၏။ အရွယ်ရှိလျက် လင်မဲ့သောမိန်းမတို့သည် မိမိသို့ ယောက်ျားတစ်ပါး မလာမရောက်စေခြင်းငှာ “ဥစ္စာပေး၍ မလာပါလင့်”ဟု မြစ်တားငြားသော်လည်း ရိုသေခံ့ညားခြင်း မရှိခြင်းကြောင့် ထိုဥစ္စာသာ ကုန်ရာ၏။ မလာဘဲ မနေရာ။”

“ဦးရီးတော်မင်းကြီး။ ပုံဆိုဦးအံ့။ ဆိပ်ကမ်းမှ ကျွန်း, သောင် ရှိလင့်ကစား ရေမရှိသောမြစ်သည် အချည်းနှီးတည်း။ မြို့ ပြ, ပစ္စင်, ရင်တား, တံခါး, မုခ်, ဆိုင်တန်း, အိမ်စဉ် ရှိလင့်ကစား မင်းမရှိသောပြည်သည် အချည်းနှီးတည်း။ အမျိုးစည်းစိမ် အရောင်အဝါ ရှိလင့်ကစား အတတ်ပညာမရှိသောယောက်ျားသည် အချည်းနှီးတည်း။ အဖိုး ၁-သိန်းတန်သော အဝတ်တန်ဆာကို ဝတ်ဆင်လင့်ကစား အကျင့်မရှိသောသူသည် အချည်းနှီးတည်း။ မောင် ၁-ကျိပ်ပင် ရှိလင့်ကစား လင်မရှိသောမိန်းမသည် အချည်းနှီးတည်း။”

“ဦးရီးတော်မင်းကြီး။ ပုံဆိုဦးအံ့။ ရထား၏တန်ခိုးကား အောင်လံ တံခွန်တည်း။ မီး၏တန်ခိုးကား အခိုးတည်း၊ ပြည်တိုင်းကား၏ တန်ခိုးကား မင်းလျှင်တည်း။ ယောက်ျားတို့၏တန်ခိုးကား အတတ်ပညာတည်း။ မိန်းမတို့၏တန်ခိုးကား လင်သာတည်း။”

“ဦးရီးတော်မင်းကြီး။ အကြင်မိန်းမသည် လင်ဆင်းရဲသောအခါ အတူဆင်းရဲ၏။ လင်ကောင်းစားသောအခါလည်း အတူကောင်းစား၏။ ထိုသို့ သဘောဖြောင့်မှန်သောမိန်းမကို နတ်, သိကြား, ဗြဟ္မာမင်းတို့သည်လည်း အလွန်မြတ်နိုးကြည့်ရှု သာဓုခေါ်ကြကုန်၏။”

“စင်စစ်အားဖြင့် ကျွန်ုပ်သည် ရွှေနန်းသခင် အရှင့်သား ဖန်ရည်စွန်းသောသင်္ကန်းကို ဝတ်၍နေသမျှ ကာလပတ်လုံး အရှင့်သားနှင့်အတူ ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်လျက် လိုက်၍ ဆင်းရဲအတူ အပူမရွေး ချမ်းအေးမရှောင် တောင်မြောင်ချောက်ကြားတို့၌ သားရဲဘေးရန် ကြုံတွေ့မူလည်း ရှေ့ကနေ၍ အရှင့်သားအလျင် အသေခံပါအံ့။ အရှင့်သားနှင့်ကင်း၍ ဤပြည်ကြီးကို တစ်ကိုယ်တည်းစိုးအုပ် စံစားလျက်နေရစ် ဆိုသော်လည်း အကျွန်ုပ် အလိုမရှိ။ အရှင့်သား မြေကြီးသေဌ်နင်းမင်းဖြစ်လျှင်လည်း ဖြစ်ချင်းအတူမကွာ စံရလိုပါ၏။ လင်ချမ်းသာခိုက်စံစား၍ လင်ဆင်းရဲတွေ့သောအခါ အဖော်မလုပ်လိုသောမိန်းမသည် ဘီလူးမ, မြေဖုတ်မကဲ့သို့ ယုတ်လှသောမိန်းမသဘောတည်း။ ထို့ကြောင့် အကျွန်ုပ် လင်နှင့်အတူ လိုက်ပါရစေ” ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် သိဉ္စည်းမင်းကြီး ဆိုပြန်၏။ “ငါ့ချွေးမ မဒ္ဒီ။ သင်သည် လင်ကိုချစ်မြတ်နိုးခြင်း မိန်းမကောင်းမိန်းမမြတ်တို့၏ လက္ခဏာဖြင့် ချမ်းသာဆင်းရဲ မကွဲတူကွ လိုက်ရမည့်အကြောင်းကို သင် တောင်းပန်လျှောက်ထားသောကြောင့် မြစ်တားခြင်းငှာ မထိုက်ပေ။ ဇာလီ,ကဏှာဇိန် သင့်သားငယ် သမီးငယ်တို့သည်ကား အလွန်ငယ်ရွယ် နုနယ်လှသေး၏။ တောအရပ်နှင့်မတန်။ ငါ့ထံ ထားခဲ့လော့။ ငါသည် မြေးတော် ၂-ယောက်ကို သင်တို့မျှမက သုတ်သင်မွေးကျွေး ပြုစုပါအံ့”ဆို၏။

ထိုစကားကို ကြားလျှင် မဒီဒေဝီသည် “ဦးရီးတော်မင်းကြီး။ အကျွန်ုပ်ကား ဤသားငယ် ၂-ယောက်ကို အသက်ကဲ့သို့ ချစ်ကြင်နာလှ၏။ တောအရပ်၌ မြို့ပြည်ထီးနန်း စသည်ကိုလွမ်းဆွတ်၍ စိတ်ကြေကွဲခြင်းဖြစ်လတ်သော် ဤရင်သွေး၂-ယောက်နှင့်ပင် ဖျော်ဖြေရပါအံ့”ဟု လျှောက်၏။

ထိုစကားကို ကြားလျှင် သိဉ္စည်းမင်းကြီးသည်- “ငါ့ချွေးမ မဒ္ဒီဒေဝီ၊ သင်မူကား လင်ကိုချစ်၍ ဆင်းရဲကိုခံလိုမူ ခံနိုင်ပါစေ။ ဤငါ့မြေးတော် ၂-ယောက်သည် အလွန်နုနယ် ငယ်ရွယ်လှသေး၏။ ဤရွှေနန်းစည်းစိမ်၌ ငါး, အမဲ, သလေးထမင်းတို့ဖြင့် မြိန်မြတ်သောအစာကိုသာ စားရသူဖြစ်၍ တောအရပ်၌ သစ်သီးသစ်ဖုကို အဘယ်သို့ စားနိုင်ရှာလိမ့်နည်း။ ဤနန်းစည်းစိမ်၌ အချိန် ပိုလ်၁၀၀, အနားရေး ၁၀၀-ရှိသော ရွှေလင်ပန်း၌သာ စားရသူဖြစ်လျက် တောသို့ရောက်သောအခါ သစ်ရွက်ပေါ်၌ထည့်၍ ငါ့မြေးငယ်များ အဘယ်သို့ စားနိုင်ရှာလိမ့်နည်း။”

“ကာသိကရာဇ်တိုင်း, ကောဋုမ္ဘရာဇ်တိုင်းဖြစ် ပုဆိုးတို့ကိုဝတ်ခဲ့ပြီး၍ အဘယ်သို့လျှင် သမန်းကျစ်သင်္ကန်း ရုန့်ကြမ်းသောအဝတ်ကို ဝတ်နိုင်ရှာလိမ့်နည်း။ ရွှေသံလျင်း, ရွှေယာဉ်ဉ်, ရွှေဝေါ, မြင်းရထား, ဆိတ်ရထားတို့ဖြင့်သာလျှင် နန်းတွင်းနန်းပြင် ထွက်ဝင်သွားလာ ကစားရွှင်ပျော်ခဲ့ပြီး၍ ခြေကျင် အဘယ်သို့ သွားနိုင်ရှာလိမ့်နည်း။ လေမျှမခတ် ပိတ်အပ်သောတံခါးရွက်ဖြင့် ကျက်သရေရှိသောတိုက်၌ အိပ်စက်ခဲ့ပြီး၍ အသို့လျှင် မြေမှုန်,ခလုတ်, ဆူးငြောင့် နှောင့်ယှက် ခက်ကြမ်းသောသစ်ပင်ရင်း၌ အိပ်နိုင်ရှာလိမ့်နည်း။ ရွှေသလွန်ပေါ်၌ ကော်ဇောခင်းနှီးပြောက် လဲဝါပေါက်မက နုလှသောမွေ့ရာ၌ အိပ်ခဲ့ပြီး၍ အသို့ ရုန့်ကြမ်းစွာသောမြက်ခင်းနှီး၌ အိပ်နိုင်ရှာလိမ့်နည်း။ အကျော်စန္ဒကူးနံ့သာ အမွှေးအထုံတို့ကိုလိမ်းကျံပြီးမှ အသို့လျှင် မြူချေးညှိတို့ကို လိမ်းကျံနိုင်အံ့လိမ့်နည်း။ စာမရီသားမြီးယပ်, ဥဒေါင်းမြီးယပ်တို့ဖြင့်ယပ်၍ ဥပဒ်မှန်းမသိ ရှိပြီးမှ တောအရပ်၌ မှက်, ခြင်, ယင်ရဲတို့ ကိုက်ခဲသော် ငါ့မြေးတော်တို့သည် အသို့လျှင် ခံနိုင်ရှာလိမ့်နည်း”ဟု ဆို၏။

(ဤစကားအပေါင်း၌ ပိုလ် ၁၀၀-ဟူသည်ကား ၆-ရွေးလျှင် ၁-ပဲ, ၂-ပဲလျှင် ၁-မူး, ၁၀-မူးလျှင် ၁-ကျပ်, ၅-ကျပ်လျှင် ၁-ပိုလ်, ပိုလ် ၂၀-လျှင် ၁-ပိဿာ ဖြစ်၏။ ပိုလ် ၁၀၀ ဟူသောကြောင့် ၅-ပိဿာခုတ် ရွှေလင်ပန်း ဆိုလိုသည်။ ဤကား စကားချပ်တည်း။)

မဒ္ဒီဒေဝီသည် သိဉ္စည်းမင်းကြီး၏ ကြေကွဲသံစကားကို ကြားလျှင် “ဦးရီးတော်မင်းကြီး။ ငိုကြွေးကြေကွဲတော် မမူလင့်။ အရှင့်မြေးတော်တို့ကို အကျွန်ုပ်စားရလျှင် စားရခြင်း, ဝတ်ရလျှင် ဝတ်ရခြင်း မဆင်းရဲရအောင် မွေးကျွေးပါအံ့”ဟု လျှောက်၏။

ထိုသို့ ပြောဟောကြစဉ်ပင် ထိုညဉ့် မိုးသောက်ခဲ့၍ သိန္ဓောမြင်း ၄-စီးကလျက် တန်ဆာဆင်အပ်သော ရထားကို သိဉ္စည်းမင်းကြီးနန်းတော်တံခါးဝ၌ ပြင်ဆင်ခင်းကျင်း၍ ထားကြကုန်၏။ မဒ္ဒီဒေဝီလည်း ယောက္ခမမင်းကြီး, ယောက္ခမမင်းမိဖုရားတို့အား လျှောက်ထား၍၊ အပါးအစေခံ, ကိုယ်ရံမောင်းမစသော နန်းတွင်းသူတို့အားလည်း မှာကြားပြောဆိုပြီးလျှင် သားတော် သမီးတော်တို့ကိုချီလျက် ဝေဿန္တရာမင်းကြီး မဆင်းမီ မင်းကြီးရှေ့ကအလျင် ယောက္ခမမင်းကြီးနန်းတော်မှ ဆင်းသက်ခဲ့၍ ရထားထက်၌ နေနှင့်လေ၏။

ဝေဿန္တရာမင်းကြီးသည်လည်း မယ်တော် ခမည်းတော်တို့အား လက်ယာရစ်လှည့်၍ ရှိခိုးပူဇော်ပြီးသော် သိန္ဓောမြင်းကသော ရထားထက်သို့တက်၍ သား, မယားနှင့်တကွ အမတ် ၆-သောင်း ခြံရံလျက် ဝင်္ကပါတောင်သို့ ထွက်သွားတော်မူလေ၏။

ထိုအခါ “ဘုရားလောင်း ထွက်သွားသည်ကို ဖူးမြော် လိုက်ကြည့်ကုန်အံ့”ဟု ပြည်သားပြည်သူတို့သည် အိမ်မှကိုယ်စီထွက်၍ စုဝေးလျက် နေကြကုန်၏။ ထိုလူအများရှိရာသို့ မြင်းရထားကိုနှင်တော်မူ၍ “ပြည်သူပြည်သားတို့။ ယခု ငါသည် ဝင်္ကပါတောင်သို့ သွားအံ့။ သင်တို့အား အနာအဖျားမရှိ၊ ဆင်းရဲမရှိ၊ ဘေးရန်ဥပဒ်မရှိ ချမ်းသာခြင်းသည် ဖြစ်စေသတည်း။ သင်တို့သည် အလှူပေးခြင်း, သီလဆောက်တည်ခြင်း အစရှိသောကောင်းမှုကို ပြုရစ်ကုန်”ဟူ၍ အဆုံးအမပေး၍သာလျှင် သွားတော်မူ၏။

ထိုအခါ ဘုရားလောင်း၏မယ်တော် ဖုဿတီဒေဝီသည် “ငါ့သားကား အလှူ၌ မွေ့လျော်၏။ အလှူပေးလိုလျှင် ပေးပါစေ”ဟုကြံ၍ ဆင်သောတန်ဆာများစွာနှင့်တကွ ရတနာ ၇-ပါးဖြင့်ပြည့်သော လှည်းတို့ကို ရထား၏နံပါး ၂-ဘက် လက်ဝဲ, လက်ယာနှင်၍ လိုက်စေ၏။

ဘုရားလောင်းဝေဿန္တရာမင်းကြီးသည် ကိုယ်တော်၌ဆင်သော တန်ဆာတို့ကိုချွတ်၍ အလှူခံရောက်လာသော ဖုန်းတောင်းယာစကာတို့အား ၁၈-ကြိမ်ပေးပြီးမှ အကြွင်းဖြစ်သော ဥစ္စာရတနာအလုံးစုံကို ပေးလှူပြီး၍ မြို့မှထွက်ပြီးသော် အတန်ငယ်ရောက်သောအရပ်၌ နေပြည်တော်ကို ပြန်၍ မျှော်ရှုလိုသည်ဖြစ်၏။

ထိုအခါ ဘုရားလောင်း၏ပါရမီတော် ဘုန်းတော်ကြောင့် မဟာပထဝီမြေကြီးသည် ရထားနေရာအတိုင်း အရှည်ကွဲပြတ်၍ အိုးထိန်းစက်ရဟတ်ကဲ့သို့ ပတ်ပတ်လည်လျက် နေပြည်တော်သို့ ရှေးရှုတည်လေ၏။ ထိုအခါ မယ်တော်, ခမည်းတော်တို့စံရာ နန်းပြာသာဒ်ကို ရှုမျှော်တော်မူ၏။ ထိုသို့ ရှုမျှော်တော်မူခြင်းကြောင့် ၂-သိန်း ၄-သောင်းအထုရှိသော ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ထပ်မျှအသံပြုလျက် တုန်လှုပ်၏။ မြင်းမိုရ်တောင်သည်လည်း ဦးဆောက်ပန်းကဲ့သို့ ညွတ်ပျောင်းလေ၏။ (ဤကား ၄ ကြိမ်မြောက်သော မြေလှုပ်ခြင်းတည်း။)

ထိုသို့ ပြည်တော်ကို ရှုမျှော်သောအခါ မြောက်သားတော် မဒ္ဒီမိဖုရားကိုလည်း ဤသို့ ဆိုတော်မူ၏။

“အဘယ်မဒ္ဒီ။ သင် ရှုစမ်းပါလော့၊ သင့်ခမည်းတော်၏စံရာဖြစ်သော စေတုတ္တရာနေပြည်တော်သည် အလွန် နှလုံးမွေ့လျော်ဖွယ်ရှိ၏ဟု ငါထင်သည်”ဟု ဆို၍ အညီအညွတ်ရှုမျှော်ကြပြီးသော်၊ ဖွားဖက်တော် အမတ် ၆-သောင်း တို့ကိုလည်း “သင်တို့ နေရစ်ကြလော့”ဟု မျက်ရည်စက်လက် ငိုကြွေးလျက်ပြန်စေပြီးလျှင် ရထားကို တစ်ဖန်နှင်ပြန်သဖြင့် မဒ္ဒီဒေဝီကို “အဘယ်မဒ္ဒီဒေဝီ။ အလှူခံဖုန်းတောင်းယာစကာတို့ကို သင်ရှုမြင်လျှင် ငါ့အား ကြားလော့”ဟုဆို၏။ မဒ္ဒီဒေဝီသည် ဖုန်းတောင်းယာစကာတို့ကို မျှော်ကြည့်လျက်သာလျှင် လိုက်လေ၏။

ထိုအခါ မင်းကြီးဝေဿန္တရာသည် ၇၀၀-အပေါင်းဖြစ်သော အလှူကြီးကိုပေးတော်မူသောအခါ မမီလိုက်ကုန်သော ပုဏ္ဏား ၄-ယောက်တို့သည် ပြည်သူပြည်သားတို့ကို “မင်းကြီး။ အဘယ်အရပ်သို့ သွားသနည်း”ဟု မေးသဖြင့် “ဤမည်သော အရပ်သို့ သွားသည်”ဟု ပြည်သူပြည်သားတို့ကပြောလျှင် “မင်းကြီး၌ အလှူပေးရန် ဥစ္စာပါသေး၏လော”ဟု မေးပြန်၍ “မြင်းရထားနှင့်ပင် ကြွတော်မူသည်”ဟု ပြည်သူတို့ ညွှန်ကြားလိုက်သောစကားဖြင့် ဘုရားလောင်းသွားရာလမ်းသို့ အစဉ်သဖြင့် “မြင်းကို အလှူခံအံ့သောငှာ တပင်ရှားရှား ပုဏ္ဏား ၄-ယောက်တို့ လိုက်လာကြကုန်၏။

မဒ္ဒီဒေဝီသည် ပုဏ္ဏား ၄-ယောက်လာသည်ကို မြင်လျှင် “အရှင်မင်းကြီး။ အလှူခံယာစကာ လာသည်ကို မြင်၏”ဟု လျှောက်ကြား၏။ ဘုရားလောင်းသည် ရထားကိုတန့်နေစေ၍ ပုဏ္ဏား ၄-ယောက်တို့သည် အနီးသို့ရောက်လျှင် မြင်း ၄-စီးကို အလှူခံကြလေ၏။ ဘုရားလောင်းသည် ထိုပုဏ္ဏား ၄-ယောက်တို့အား မြင်း ၄-စီးကို ရထားမှချွတ်၍ လှူ၏။ ထိုအခါ ရထားထမ်းပိုးဦးသည် မြေသို့မကျဘဲ မြင်းက, သောအခါကဲ့သို့ ကောင်းကင်၌ တည်၏။

ပုဏ္ဏားတို့သည် မြင်း ၄-စီးကို တစ်စီးစီယူ၍ ပြန်ကြလေကုန်၏။ ဘုရားလောင်း၏ ပါရမီတော်ကြောင့် နတ်သား ၄-ယောက်တို့သည် စိုင် ၄-စီးအသွင် ဖန်ဆင်း၍ ရထားထမ်းပိုးခွင်သို့ ဝင်ပြီးလျှင် ရုန်းဆောင်ကြလေကုန်၏။

ဘုရားလောင်းသည် ထိုစိုင် ၄-စီးတို့၏ နတ်သားအဖြစ်ကိုသိသဖြင့် မြောက်သားတော် မိဖုရားအား “အဘယ် မဒ္ဒီ။ သင် ရှုစမ်းပါလော့၊ အံ့ဖွယ်သရဲ တောထဲ၌ကျက်စားသော ဤစိုင်တို့သည် သွန်သင်ဆုံးမပြီး၍ ယဉ်ကျေးသောမြင်းကဲ့သို့ ရထားထမ်းပိုးခွင်သို့ ဝင်၍ရုန်းကြ၏”ဟု ပြောဆိုကာ သွားကြလေ၏။

တစ်ဖန် ပုဏ္ဏားတစ်ယောက်သည် ရထားနံပါးမှလာလတ်၍ ရထားကို အလှူခံပြန်၏။ ဘုရားလောင်းသည် ထိုပုဏ္ဏားလာသောလမ်း, ကိုယ်တော်သွားသောလမ်း ဤလမ်း ၂-ခု အဆုံခရီး၌ ရထားကိုတန့်စေလျက် သားတော်သမီးတော်နှင့် မြောက်သားတော်ကိုဆင်းစေပြီးလျှင် တွန့်တိုခြင်းမရှိ ရထားကို ပုဏ္ဏားအား လှူလိုက်၏။

(ဤပုဏ္ဏားလာရာအရပ်ကို မည်သည့်အရပ်ကလာသည်ဟု ဇာတ်တော်တွင် မဆိုသော်လည်း စရိယပိဋက အဋ္ဌကထာ၌“မဟာပထေတိ အတ္တနော ဂမနမဂ္ဂေန ပဿတော အာဂတေန ဗြာဟ္မဏေန မဂ္ဂေန စ ဝိနိဝိဇ္ဈိတွာ ဂတဋ္ဌာနတ္တာ စတုမဂ္ဂသင်္ဃာတေ မဟာပထေ ဌတွာ”ဟု လာသောကြောင့် ရထားခံပုဏ္ဏားသည် နောက်ကလည်းကောင်း၊ ရင်ဆိုင်လည်းကောင်း မလာ။ နံပါးကလာသည်ဟု သိအပ်၏။ မဟာပထေတိ၊ ဟူသည်ကား။ အတ္တနော၊ ဘုရားလောင်း၏။ ဂမနမဂ္ဂေန စ၊ သွားသောခရီးဖြင့်လည်းကောင်း၊ ပဿတော၊ နံပါးမှ။ ဗြာဟ္မဏေန၊ ပုဏ္ဏားသည်။ အာဂတေန၊ လာသော။ မဂ္ဂေနစ၊ ခရီးဖြင့်လည်းကောင်း၊ ဝိနိဝိဇ္ဈိတွာ၊ ခရီးချင်းဖောက်၍။ ဂတဋ္ဌာနတ္တာ၊ သွားရာဖြစ်သောကြောင့်။ စတုမဂ္ဂသဃာတေ၊ လမ်း ၄-မြွှာဆုံဖြစ်သော။ မဟာပထေ။ ခရီးခွ၌။ ဌတွာ၊ တန့်၍။ဤကားအနက်။)

ထိုအခါ စိုင် ၄-စီးတို့သည် ကွယ်ပျောက်လေ၏။ မင်း ၄-ပါးတို့သည်လည်း မိမိတို့ခြေသာလျှင် ယာဉ်ရှိကုန်သည် ဖြစ်၏။

ဘုရားလောင်းသည် မဒ္ဒီဒေဝီအား “အဘယ်မဒ္ဒီဒေဝီ။ ကဏှာဇိန်သည် ငယ်သောကြောင့် ပေါ့သောကိုယ် ရှိ၏။ သင် ချီလော့၊ ဇာလီကား ကဏှာဇိန်ထက် ကြီးသောကြောင့် လေး၏။ ငါ ချီအံ့”ဟု ဆို၍ မင်း၂-ပါးတို့သည် သားတော် သမီးတော်တို့ကို တစ်ယောက်စီချီလျက် အချင်းချင်း ချစ်ဖွယ်သောစကားကိုပြောဆို၍ သွားကြလေ၏။