မာတိကာသို့ ခုန်သွားရန်

ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၆

ဝီကီရင်းမြစ် မှ
3503ဝေဿန္တရာဇာတ်တော်ကြီး — ၆။ စူဠဝန ဝဏ္ဏနာခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ စေတမုဆိုးသည် ဇူဇကာပုဏ္ဏားကိုကျွေးမွေးပြီးသော် ခရီးရိက္ခာစာအလို့ငှာ ပျားရည်ဖြည့်ပြည့်သော ဘူးကိုလည်းကောင်း, အမဲညှင်း ကျပ်တင်ခြောက်ကိုလည်းကောင်း ပေး၍၊ ခရီးလမ်းအလယ်၌ ရပ်ပြီးလျှင် လက်ယာလက်ကိုမြှောက်ချီလျက် ခရီးလမ်းကို ညွှန်ကြားလို၍ ဤသို့ဆို၏။

“ပုဏ္ဏားမြတ်။ အကြင်အရပ်၌ မင်းကြီးဝေဿန္တရာသည် သား,မယားနှင့်တကွ ရသေ့အသွင်ကိုယူလျက် ကျောင်းသင်္ခမ်း၌ နေတော်မူ၏။ ထိုနေတော်မူသောအရပ်ကို ငါ ပြအံ့။ ရှုလော့။ ညိုရောင်ဖြင့်ထင်သော ထိုကျောက်တောင်သည် ဂန္ဓမာဒန အမည်ရှိ၏။ ထိုတောင်ခြေရင်းမှ လျှောက်၍ မြောက်သို့သွားလျှင် သင်တွေ့ရလတ္တံ့။”

“တစ်ကြိမ်သာသောက်၍ ယစ်မူးသော သေသောက်ကြူးလုလင်ပျိုတို့၏ကိုယ်သည် ထိုမှဤမှ ယိမ်းညွတ်တိမ်းပါးသကဲ့သို့ ဓဝ-မျောက်ငိုပင်, အဿကဏ္ဏ-မြင်းနားပင်, ခဒိရ-ရှားပင်, သာလ-အင်ကြင်းပင်, ဖန္ဒန-ကြို့ပင်, မာလုဝ-ကညင်ပင်၊ ဤသစ်ပင်တို့သည် လေခတ်သဖြင့် ယိမ်းညွတ်လျက် စိမ်းဖန့်ပင်ပျို ချိုဆိမ့်သော အသီးကိုဆောင်၍ တိမ်တောင်တိမ်လိပ်ကဲ့သို့ ညို့ညို့မှိုင်းမှိုင်းထင်ကုန်၏။”

“နဇ္ဇုဟ-နွယ်ပေါက်ငှက်, ကောကိက- ဥသြငှက်, သိဃ-ပိန်ညင်းငှက်၊ ဤငှက်တို့သည် နတ်သီချင်းသံကဲ့သို့သော အသံဖြင့် သစ်ပင်ဖျား၌နားလျက်လျှင် တစ်ပင်ပျံကျူး တစ်ပင်ကူး၍ တွန်မြူးကြွေးကြော်ကြကုန်၏။ သစ်ကိုင်းတို့၏ အချင်းချင်းယိမ်းညွတ်၍ သိမ်းခတ်မိသောအသံကို နာခံမိသောခရီးသည်တို့ မသွားဖြစ်နိုင် ထိုင်၍ သစ်ရိပ်ခိုသောလူတို့သည်လည်း နှလုံးမွေ့လျော်စေခြင်းငှာ စည်,စောင်း, ငြင်း တီးသကဲ့သို့ အနီးမှ မခွာဖြစ်နိုင်အောင် ရှိ၏။ အကြင်အရပ်၌ မင်းကြီးဝေဿန္တရာသည် သား, မယားနှင့်တကွ ရသေ့ရဟန်းပြုလျက် ကျောင်းသင်္ခမ်း၌ နေတော်မူ၏။”

“ထိုအရပ်၌ အမ္ဗ-သရက်ပင်, ကဗိဋ္ဌ-သီးပင်, ပနသ-ပိန္နဲပင်, သာလ-အင်ကြင်းပင်, ဇမ္ဗု-သပြေပင်, ဝိဘီတက-သစ်ဆိမ့်ပင်, ဟရီတကီ-သဖန်းခါးပင်, အာမလက-သျှိသျှားပင်, အဿတ္ထ-ညောင်ဗုဒ္ဓဟေ, ဗဒရ-ဆီးပင်၊ ဤသစ်ပင်တို့သည်လည်း အသီးအပွင့်တို့ကိုဆောင်လျက် များစွာရှိကုန်၏။”

“ကျောင်းသင်္ခမ်းအနီး ထက်ဝန်းကျင်၌လည်း စာရုတိမ္ဗရူ-ရွှေတည်သီးပင်, နိဂြောဓ-ပညောင်ပင်, ကပီတန-ညောင်ကြတ်ပင်, မဓုက-ပျားရည်နှင့်တူစွာ အရသာရှိသော သစ်မည်စည်ပင်၊ ဤသစ်ပင်တို့ဖြင့် တင့်တယ်ကုန်၏။

“မြေနိမ့်ရာအရပ်တို့၌လည်း ရေသဖန်းပင်တို့သည် အသီးမှည့်လျက် တည်ကုန်၏။ ပါရေဝတ-ငှက်ပျောနီပင်, ဘဝေယ-ငှက်ပျောသင်ပေါင်းပင်, မုဒ္ဒိက -ငှက်ပျောဆင်အံ၊ ဤငှက်ပျောတို့သည် ပျားအရသာကဲ့သို့ ချိုသောအသီးကိုဆောင်လျက် တည်ကုန်၏။”

“ကျောင်းသင်္ခမ်းအနီး၌ ပျားတို့သည် အုံဖွဲ့၍ အရည်တည်ပြီးသော် မစုပ်ဘဲပျံကုန်သဖြင့် အလိုရှိတိုင်းယူ၍ သုံးဆောင်ရကုန်၏။”

“ဤမှတစ်ပါးလည်း အသင်ပုဏ္ဏား။ ကျောင်း၏အနီး၌ အချို့သောသရက်ပင်တို့သည် ပွင့်ကုန်၏။ အချို့ ကင်းကုန်၏။ အချို့ စိမ်းရွမ်းကုန်၏။ အချို့ မှည့်ကုန်၏။ ထိုသရက်ပင်တို့၏ အပွင့်အသီးတို့ကို မတက်ရဘဲ မြေက ဆွတ်မီကုန်၏။ ထိုသရက်သီးတို့ကား ဖားကျောက်ကုန်းသဏ္ဌာန်ရှိလျက်, စိမ်းမှည့်မရွေး ချိုအေးသောအရသာကိုဆောင်လျက် တည်ကုန်၏။”

“အဆွေပုဏ္ဏား။ မင်းကြီးဝေဿန္တရာ နေတော်မူရာ ကျောင်းသင်္ခမ်းသည် ငါ့အား အံ့သြ၍ မကုန်နိုင်အောင်ဖြစ်၏။ သောင်းသောင်းညံညံ သာယာစွာတွန်ကျူးရင့်ကြွေးသော ငှက်တို့၏အသံဖြင့် တစ်ရံမလပ် နတ်ပြည်နှင့်လည်း တူ၏။ နန္ဒဝန်ဥယျာဉ်ကဲ့သို့ နှစ်လိုဖွယ်လည်း ရှိ၏။ ထန်းပင်, အုန်းပင်, သင်ပေါင်းပင်တို့ဖြင့်လည်း တင့်တယ်၏။”

“အဆွေပုဏ္ဏား။ ထိုတောသည် ကြယ်အပေါင်းနှင့် ပြည့်စုံသော ကောင်းကင်ကဲ့သို့ အထူးထူးသော ပန်းပင်တို့ဖြင့် ပြည့်၏။ ကုဋဇ-လက်ထုတ်ပင်, ကုဋ္ဌ-သမင်စာပင်, တဂ္ဂရ-တောင်ဇလပ်ပင်, ပါဋလိ-သခွတ်ပင်, ပုဏ္ဏဝ-ရှောက်ပင်, ဂိရိပုဏ္ဏဝ-ရှောက်ကြီးပင်, ကောဝိဋ္ဌာရ-ပင်လယ်ကသစ်ပင်, ဥဒ္ဒါလက-ငုစပ်ပင်, သောမရုက္ခ-ငုရွှေပင်, အဂလု-အကျော်ပင်, ဘလ္လိယ-နှောပင်, ပုဋဇီဝ-ပုဒဲပင်, ကကုဓ-ခံတက်ပင်, အသန-ပိတောက်ပင်, သလလ-ထင်းရှူးပင်, နိမ္မ-တမာပင်, ကောသမ္ဗ-ကြို့ပင်, လဗုဇ-တောင်ပိန္နဲပင်, ဓဝ-မျောက်ငိုပင်, သာလ-အင်ကြင်းပင်၊ ဤသစ်ပင်တို့သည် သင်္ခမ်းအနီး၌ ပွင့်ကုန်လျက် ထိုသစ်ပင်တို့၏အောက်၌ မြေအပြင်သည် စပါးဖြင့်ပြည့်သော ကောက်နယ်တလင်းကဲ့သို့ ပန်းတို့ဖြင့်ပြည့်လျက် တည်ကုန်၏။”

“သင်္ခမ်း၏အနီး ထက်ဝန်းကျင်တွင် နှလုံးမွေ့လျော်ဖွယ်ရှိသော မြေအပြင်၌ ကြာမျိုး ၅-ပါးတို့ဖြင့် ဖုံးလွှမ်းအပ်သောရေကန်သည် နန္ဒဝန်ဥယျာဉ်၌ရောက်သော ရေကန်နှင့်လည်း တူ၏။”

“ဤမှတစ်ပါးလည်း သင်္ခမ်း၏အနီး၌ ပန်းရက်တို့ဖြင့်ယစ်ကုန်သော ဥသြငှက်တို့သည် ရာသီအလိုက်ပွင့်သော သစ်ပင်တို့၌နားလျက် သာယာစွာသောအသံဖြင့် တောအနီး ပဲ့တင်ထပ်စေ၏ ။ ထိုမှတစ်ပါးလည်း ကြာဝတ်ဆံဖျားတို့မှယိုစီးလျက် ကြာဖက်ပေါ်သို့ကျကုန်သော ကြာပျားရည်တို့သည် ယင်ပျားရည်နှင့်တူသော အရသာရှိကုန်၏။”

“အဆွေပုဏ္ဏား။ ထိုမှတစ်ပါးတုံ ဤသင်္ခမ်း၏အနီးဖြစ်သော တော၌ တောင်လေ, အနောက်လေ လာလတ်သော် ကြာတိုက်မှကျွတ်၍ ကြာဝတ်ဆံတို့သည် ပျံ့လွင့်ကုန်လျက် ကျောင်းသင်္ခမ်း၌ ဖွားရရားကြဲ၍ ကျကုန်၏။”

“အဆွေပုဏ္ဏား။ ထိုမှတစ်ပါးတုံ ဤရေကန်ကြီးအနား၌ ကုက္ကိုပင်ကြီး, လူမပျိုးမစိုက်ဘဲ အလိုလိုရောက်သော သလေးစပါးပင်တို့သည် အသီးအနှံ ဖားဖားဝေဝေ မြေသို့ညွတ်၍ ကျကုန်၏။ ငါး, လိပ်, ပုစွန်, ရေသား ရေငါးတို့သည်လည်း ဤရေကန်၌ များစွာရှိကုန်၏။ ကြာစွယ်တို့မှလည်း ပျားရည်အရသာကဲ့သို့ ယိုစီးကုန်၏။ ကြာရင်းတို့မှလည်း နို့ရည်နှင့်ရောသော ဆီထောပတ်ကဲ့သို့ ယိုစီးကုန်၏။ ထိုတောအလုံးသည် မွှေးကြိုင်သော ပန်းနံ့ဖြင့် ပျံ့ပျံ့ထုံလှိုင်ကုန်၏။ ပိတုန်းအပေါင်းတို့သည်လည်း ပန်းရက်သောက်ယူကာ ဝဲယစ်မြူးထူးကုန်၏။”

“ဤရေကန်၌ ဟင်္သာ, စက္ကဝက်, ရေကြက်, ဝမ်းဘဲ အစရှိသော ရေကျေးရေငှက် အပေါင်းတို့သည်လည်း မောင်နှံမကွာ လည်ယှက်ကာနှင့် “ငါတို့မောင်နှံ ဤရေကန်ဝယ် ပျံကာလူးလာ တူမကွာလျှင် ဝမ်းသာရွှင်ကြည် ပျော်ရသည်သို့ ပြည်ကြီးသေဌ်နင်း မင်းမြတ်ဝေဿန်လည်း မောင်နှံဇနီး သမီးသားနှင့် ပျော်ပါးရွှင်လန်း ဤသင်္ခမ်း၌ ချမ်းငြိမ်းမကွာ သက်ရှည်စွာလျှင် နေပါကြစေသတည်း”ဟု ဆုတောင်းဆုယူ ရင့်ရူကျူးအေးလျက် ရေကျေးရေငှက် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။”

“လိမ္မာစွာသောပန်းကုံးသည်သည် အထူးထူးသောပန်းတို့ကို ခြယ်လှယ်သီကုံးဘိသကဲ့သို့ တောအလုံးသည် အထူးထူးအခြားခြား များစွာသောပန်းတို့မှ အဖြူအဝါအစိမ်းအပြာညိုရွှေ အထွေထွေအဆန်းဆန်း ပန်းမျိုးစုံစီပွင့်လျက် လေသင့်၍လွင့်သော ပန်းခိုင်,ပန်းတံ,ပန်းနှာမောင်းတို့သည် ကောင်းကင်ပြင်၌ တံခွန်ဖျားကဲ့သို့ ဖားဖားသီသီ စီရရီဖြာ၍ တည်ကုန်၏။”

“ဤသို့ နှလုံးမွေ့လျော်ဖွယ်ရှိသောအရပ်၌ သင်္ခမ်းဆောက်၍ မင်းကြီးဝေဿန္တရာသည် သားမယားနှင့်တကွ ဆံကျစ်ထုံး၍ ရသေ့အသွင် သင်္ကန်းဝတ်လျက် မြေ၌သာလျှင် ကျိန်းစက်မွေ့လျော်တော်မူရ၏”ဟု တောအရပ်ကို ချီးမွမ်း၍ ညွှန်ကြား၏။

ထိုစေတမုဆိုးစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် အလွန်နှစ်သက် ဝမ်းမြောက်ခြင်းဖြင့် ပဋိသန္ဓာရစကား ပြောဟော၍-

“အဆွေမုဆိုး။ အိမ်က ရိက္ခာစာအလို့ငှာ ဆောင်ခဲ့သော ဤနာရီဆုပ်, မုန့်ဆန်း, မုန့်ကြွပ်တို့ကို စားလော့။ ဤမုန့်ကား ထမင်းခြောက်ကိုအမှုန့်ပြု၍ ပျားရည်နှင့်ဆုပ်သော မုန့်တည်း။ ဤကား မုန့်မှုန့်တည်း။ ချိုဆိမ့်သောအရသာ ရှိ၏။ သင် သုံးဆောင်လော့”ဟုပေး၏။

ထိုစကားကိုကြားလျှင် စေတမုဆိုးသည် “အဆွေပုဏ္ဏား။ သင့်အားသာလျှင် ခရီးရိက္ခာစာ ဖြစ်စေ။ ငါ အလိုမရှိ။ သင်သည် ဤလမ်းကိုမလွှတ်ဘဲ ချမ်းသာစွာ တစ်ယောက်မျှသာ သွားလောက်ရုံသော ခရီးကွေ့သို့လိုက်၍ အစဉ်အတိုင်းသွားလျှင် သွားချေးထူထူ မြူအလိမ်းလိမ်းကပ်သောကိုယ်ဖြင့် အစ္စုတအမည်ရှိသော ရှင်ရသေ့ကျောင်းကို တွေ့လတ္တံ့။ ထိုအစ္စုတရှင်ရသေ့ကို မေးလျှင် မင်းကြီးဝေဿန္တရာ၏နေရာကို ညွှန်လိုက်လိမ့်သတတ်”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာ စေတမုဆိုးကို လက်ယာရစ်လှည့်၍ မုဆိုးညွှန်တိုင်းသောခရီးဖြင့် အစ္စုတရှင်ရသေ့နေရာ ကျောင်းသင်္ခမ်းသို့ သွားလေ၏။