ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၉
ဘုရားလောင်းသည် သားတော်သမီးတော်တို့ကို ပုဏ္ဏားအား မဟာပထဝီမြေကို ပဲ့တင်ထပ်စေလျက် လှူအပ်သည်ရှိသော် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် အုတ်အုတ်ကျက်ကျက်သော အသံသည် ဖြစ်၏။ ထိုအသံဖြင့် ဟိမဝန္တာတော၌နေကုန်သော နတ်တို့သည် နှလုံးကြေကွဲစဉ် ဇူဇကာပုဏ္ဏားသည် ပြင်းစွာဆောင်ယူအပ်သော မင်းသားမင်းသမီးတို့၏ငိုကြွေးသံကို ကြားပြန်ကြလေသော် ဤသို့ တန်ခိုးကြီးသောနတ်တို့ချင်း တိုင်ပင်ကြလေ၏။
“မန္ဒီဒေဝီသည် အကယ်၍ စောစောကလျှင် ကျောင်းသင်္ခမ်းသို့ပြန်၍ သားသမီးကို မမြင်သည် ဖြစ်အံ့။ ဝေဿန္တရာမင်းကြီးကိုမေး၍ ပုဏ္ဏားအား လှူသောအဖြစ်ကိုကြားလျှင် ပြင်းစွာသော သား,သမီး၌ချစ်ခြင်းဖြင့် ခြေရာခံလျက်ပြေးရှာလတ်၍ တောနက်ထဲသို့ရောက်လျှင် သားရဲဘေးကြောင့် အန္တရာယ်ရောက်လေသော် မိမိသားသမီးကိုလည်း မတွေ့မမြင်၊ လင်လည်း မသိ၊ တစ်ယောက်အထီးတည်း ကြီးစွာသောဆုံးရှုံးခြင်းသို့ ရောက်ရလေအံ့”ဟု တိုင်ပင်ကြပြီးမှ တန်ခိုးကြီးသောနတ်တို့သည် နတ်သား ၃-ယောက်တို့ကိုခေါ်၍၊
“သင်တို့ ၃-ယောက်သည် တစ်ယောက်ကား ခြင်္သေ့အသွင်, တစ်ယောက်ကား ကျားအသွင်, တစ်ယောက်ကား သစ်အသွင် ဖန်ဆင်း၍၊ မဒ္ဒီဒေဝီလာလတ္တံ့သော ခရီးလမ်းကို ပိတ်ဆီးလျက် သွားရာအခွင့်မရစေဘဲ နေဝင်သည်တိုင်အောင် ခရီးဝ၌နေ၍ တစ်ပါးသော သစ်, ကျား, ခြင်္သေ့ သားရဲအန္တရာယ် မရှိစေရ။ လ၏အရောင်ဖြင့် လာသောကာလ မန္ဒီဒေဝီကို ကျောင်းသို့ဝင်သည်တိုင်အောင် လုံခြုံစွာ စောင့်ရှောက်လေ” ဟု စေလွှတ်လိုက်ကုန်၏။ နတ်သား ၃-ယောက်တို့သည်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍၊ နတ်မင်းကြီးတို့စေတိုင်း ခြင်္သေ့, ကျား, သစ်အသွင်ဖြင့် မဒ္ဒီဒေဝီလာသောခရီး၌ အစဉ်အတိုင်း ဝပ်လျက်နေကြကုန်၏။
မဒီဒေဝီသည်လည်း “ငါသည် ယနေ့ အိပ်မက်မကောင်း မြင်မက်သည်ဖြစ်၏။ စိတ်မချမ်းမသာ ဖြစ်ခဲ့၏။ စောစော နေမဝင်မီလျှင် ဤရသမျှသော သစ်သီးသစ်မြစ်တို့ကိုယူ၍ ပြန်တော့အံ့”ဟု နုနယ်ပျောင်းညံ့သော ကိုယ်ဖြင့်တုန်လှုပ်လျက် သစ်သီးသစ်မြစ်တို့ကိုထည့်၍ မျှော်ကြည့်၏။ ထိုအခါ လက်ယာလက်မှ တူရွင်းသည်လည်း လွတ်ကျ၏။ လက်ဝဲပခုံးမှ ခြင်းတောင်းသည်လည်းကောင်း, တံချူသည်လည်းကောင်း လွတ်ကျ၏။ လက်ယာမျက်စိလည်း လှုပ်၏။ အသီးသီးကုန်သော သစ်ပင်တို့သည်လည်း အသီးမသီးသကဲ့သို့ ထင်ကုန်၏။ အသီးမသီးသော သစ်ပင်တို့သည်လည်း အသီးသီးသကဲ့သို့ ထင်ကုန်၏။ အရပ်၁၀-မျက်နှာတို့၌လည်း သွားရမည့်လမ်းကို မထင်ကုန်။
ထိုအခါ မဒ္ဒီဒေဝီသည် “ငါ့အား အသို့နည်း။ ရှေးက ဤကဲ့သို့ မဖြစ်စဘူး။ ယခု မဖြစ်ဘူးမြဲ ဖြစ်လာ၏။ ငါ့အား အန္တရာယ်တည်း ဖြစ်အံ့လော။ ထိုသို့မဟုတ်မူ ငါ့သားငါ့သမီးတို့၏ အန္တရာယ်တည်း ဖြစ်အံ့လော။ ထိုသို့မဟုတ်မူ မင်းကြီးဝေဿန္တရာ၏ အန္တရာယ်တည်း ဖြစ်အံ့လော”ဟု တွေးတော၍မရဟူ၍ ငိုကြွေးမြည်တမ်းလျက် ကျောင်းသင်္ခမ်းသို့ သွားလေ၏။
ထိုသို့ သွားစဉ်ပင်လျှင် တောင်ရိပ်ကွယ်သဖြင့် နေသည်လည်း ဝင်ခဲ့၏။ ထိုနတ်တို့ ဖန်ဆင်းသော သားရဲ ၃-ကောင်တို့သည်လည်း မဒ္ဒီဒေဝီလာသောခရီး၌ ရင်ဆိုင်ဝပ်လျက် နေရာကထ၍ ခြင်္သေ့,ကျား,သစ် အသွင်ဖြင့် အစဉ်အတိုင်း လမ်းကိုပိတ်၍ နေကြကုန်၏။
ထိုအခါ မဒီဒေဝီသည် ဤသို့ငိုကြွေးမြည်တမ်း၏။
“နေလည်း ဝင်ခဲ့ပြီ။ ကျောင်းသင်္ခမ်းသည်လည်း ဝေးသေးစွာ့။ ထိုကျောင်းသင်္ခမ်း၌ ငါ့လင်, ငါ့သား ငါ့သမီးတို့သည် ငါဆောင်အပ်သော သစ်သီးသစ်မြစ်တို့ကိုသာလျှင် သုံးဆောင်ကြရကုန်၏။ အချိန်တန်၍ မရောက်သည်ရှိသော် အဘယ်သို့ နေရှာကြလိမ့်နည်း။”
“မင်းကြီးဝေဿန္တရာသည် အချိန်တန်၍မရောက်သော ငါ့အား ခရီးဦးကြိုဆိုလေကောင်းလျက် သားငယ်, သမီးငယ်တို့သည် ညစာမစားရ၍ မွတ်သိပ်ခြင်းကြောင့် သားငယ်သမီးငယ်တို့ကို နှစ်သိမ့်ချော့မော့လျက် နေလေယောင်တကား။”
“ငါ့သားငါ့သမီးတို့သည်လည်း ညစာစားအံ့သောအခါ အမိမဲ့သော သမင်ငယ်သည် နို့ရည်ကိုတောင့်တသကဲ့သို့ တောင့်တ မျှော်တမ်းရှာလိမ့်တကား။”
“နွားငယ်သည် အမိကို ခရီးဦးကြိုဆိုဘိသကဲ့သို့ အမိနှင့်ကင်းသော ငါ့သား, ငါ့သမီးတို့လည်း ငါ့ကို ခရီးဦးကြိုဆိုလျက် တသကုန်မြဲတကား။”
“ဤလမ်းသည်လည်း တစ်ယောက်သွားလောက်ရုံမျှ ဖြစ်၏။ နံပါး ၂-ဘက်တို့၌ ချောက်, ကမ်းပါးပြတ်, အင်း, အိုင်တို့သည် တည်ကုန်၏။ ဤလမ်းမှတစ်ပါး သွားစရာလမ်းမရှိ ဖြစ်ခဲ့၏တကား။”
“ခွန်အားကြီးသည်ဖြစ်၍ မင်းဖြစ်ကုန်သော သားရဲအပေါင်းတို့။ သင်သားရဲတို့သည် သဘောအားဖြင့် “ငါ၏မောင် ဖြစ်ပါကုန်လော့။ သင်တို့အား တောင်းပန်ပါ၏။ နှမကဲ့သို့ ငါ့ကို ကြင်နာချစ်ခင် မြတ်နိုးသဖြင့် သွားရာလမ်းကို ငါ့အား ဖွင့်ပေးပါကုန်လော့။ ငါကား ပြည်မှနှင်ထုတ်အပ်သော မင်းကြီးဝေဿန္တရာ၏ မယားတည်း။ ငါသည် လင်ဖြစ်သော မင်းကြီးဝေဿန္တရာကို တစ်ခါတစ်ကြိမ်မျှ မထီမဲ့မြင် မပြုစဘူး။”
“ရှေးသောအခါ ဗာရာဏသီပြည်၌ ဒသရထမင်းကြီး၏သားတော် ရာမမင်းသည် ခမည်းတော်နှင်ထုတ်၍ တော၌နေရသည်ရှိသော်၊ နှမတော်ဖြစ်သော သီတာဒေဝီမင်းသမီးသည် မောင်တော်ရာမမင်းအား လိုက်၍ မိဖုရားအဖြစ်ဖြင့် ရိုသေစွာလုပ်ကျွေးသကဲ့သို့ ငါသည်လည်း ခမည်းတော်နှင်ထုတ်၍ တော၌နေရသော ဝေဿန္တရာမင်းကြီးအား လိုက်၍ ရိုသေစွာလုပ်ကျွေးပါ၏။”
“မောင် သားရဲအပေါင်းတို့။ သနားချစ်ခင် ကြင်နာခြင်းဖြင့် ကျောင်းသင်္ခမ်း၌ ညစာမစားရသေးသော သားငယ်, သမီးငယ်တို့ကိုလည်းကောင်း, သားသမီးမျက်နှာကို မြင်လိုသော ငါ့ကိုလည်းကောင်း ထောက်စာ သနားသဖြင့် သွားရာလမ်းကို ပေးပါကုန်လော့။ မောင်သားရဲတို့အား တောင်းပန်ပါ၏။ အစာကို လိုသည်ရှိသော် ဤခြင်းတောင်း၌ပါသော သစ်သီးတို့ကို တစ်ဝက်ခွဲ၍ မောင်တို့အား ပေးပါအံ့။ မောင်သားရဲတို့သည်လည်း ခွန်အားနှင့် ပြည့်စုံစွာသော သားရဲတို့ပေတည်း။ ငါတုံသည်လည်း မိမျိုးဘမျိုးမှ ထီးရိုးနန်းစဉ်မပျက်သော မင်းသမီးလျှင်တည်း။ ထိုသို့ မင်းချင်း သဘောတူသောအားဖြင့် သင်တို့အား မောင်တော် မှတ်ပါ၏။ ငါ့အား နှမကဲ့သို့မှတ်၍ ချစ်ခြင်းဖြင့် သွားရာလမ်းကို ပေးပါကုန်လော့”ဟု မဒ္ဒီဒေဝီသည် သစ်သီးတောင်းကို ဦးခေါင်းမှချပြီးလျှင် လက်အုပ်ချီ၍ ရိုသေစွာရှိခိုးသဖြင့် သားရဲတို့ကိုတောင်းပန်သတည်း။
ထိုအခါ ခြင်္သေ့, ကျား, သစ် ဖန်ဆင်းသော နတ်သား ၃-ယောက်တို့သည် အချိန်ကိုမှတ်၍ “ယခု မဒ္ဒီဒေဝီအား လမ်းဖွင့်ချိန်တန်ပြီ"ဟု သနားဖွယ်သော မဒ္ဒီဒေဝီ၏ငိုကြွေးသံကို ကြားသဖြင့် လမ်းမှ ဖယ်သွားကြလေ၏။ မဒ္ဒီဒေဝီလည်း မိမိနေရာကျောင်းသင်္ခမ်းသို့ ပြန်သွားရလေ၏။ ထိုနေ့ကား လပြည့်ဥပုသ်နေ့တည်း။
မဒ္ဒီဒေဝီသည် ကျောင်းသင်္ခမ်း စင်္ကြံဦးသို့ ရောက်လေသော် ထိုထိုသောအရပ်တို့၌ သားသမီးတို့ကိုကြည့်ရှု၍ မမြင်လျှင် ဤသို့ ဆို၏။ “နွားငယ်သည် အမိကိုမြင်လျှင် ရှေ့မှနောက်မှ တွန်မြည်ကြွေးကြော် ကြိုဆိုမြူးထူးဘိသကဲ့သို့ လည်းကောင်း၊ သမင် သားငယ်တို့သည် အမိကိုမြင်လျှင် နားရွက် ၂-ဘက်ကိုချီ၍ လည်ကိုဆန့်လျက် အမိဆီသို့ ရှေးရှုပြေးသဖြင့် ရှေ့မှနောက်မှ နှစ်လိုကြည်ညို ကြိုဆိုမြူးထူးဘိသကဲ့သို့လည်းကောင်း၊ နေ့တိုင်းလျှင် တောအရပ်မှပြန်လာသော ငါအမိအား ငါ့သားငါ့သမီးတို့သည် ခရီးရင်ဆိုင်ပြေးလာ၍ ကြိုဆိုမြူးထူးကြကုန်၏။ တော၌ သစ်သီးသစ်မြစ်ရှာမှီး၍ ပင်ပန်းတုံသော်လည်း သားသမီးတို့မျက်နှာကို မြင်ရသဖြင့် အပင်အပန်း ပျောက်ငြိမ်း၏။ ယခုမူကား ငါ့သားငါ့သမီး ဇာလီ, ကဏှာဇိန်မောင်နှမတို့ကို ငါမမြင်ရခဲ့တကား။”
“အစာရှာလိုသောဆိတ်မသည် ဆိတ်သားငယ်ကိုစွန့်၍ အစာရှာသကဲ့သို့လည်းကောင်း၊ အစာရှာလိုသော ငှက်မသည် အသိုက်၌ ငှက်သားငယ်တို့ကိုထားခဲ့၍ အစာရှာသကဲ့သို့လည်းကောင်း၊ အစာရှာလိုသော ခြင်္သေ့မသည် ဂူအတွင်း၌ ခြင်္သေ့ငယ်ကိုထားခဲ့၍ အစာရှာသကဲ့သို့လည်းကောင်း ငါသည်လည်း အစာရှာလိုသောကြောင့် သားငယ်,သမီးငယ်တို့ကို ကျောင်းသင်္ခမ်း၌ထားခဲ့၍ အစာရှာခဲ့ရ၏။ ယခု ငါ့သားငါ့သမီး ဇာလီ,ကဏှာဇိန် မောင်နှမတို့ကို မမြင်ရခဲ့တကား။”
“သာနုမည်သောတောင်ထိပ်၌ ဆင်တို့၏ခြေရာကဲ့သို့ မြေမှုန့်ဖြင့်ရောသော ဤသဲပြင်၌ ငါ့သားငါ့သမီးတို့ခြေရာ မထင်ခဲ့တကား။ ငါ့သားငါ့သမီးတို့သည် ငါလာသည်ကိုမြင်လျှင် မနီးမဝေးကပင် မြေမှုန့်အလိမ်းလိမ်းကပ်သောကိုယ်ဖြင့် ခရီးဦးကြိုဆိုလာကြကုန်လျက် ရှေ့မှနောက်မှ နံပါးမှလည်းကောင်း ပြေးခုန်မြူးထူးကြကုန်၏။ ယခုမူကား ငါ့သားငါ့သမီးတို့သည် အဘယ်မှာ ရှိပါလိမ့်နည်း။”
“နေ့တိုင်းမှာကား ဆိတ်မသည် အစာရှာ၍ ပြန်သည်ရှိသော် ဆိတ်သားငယ်တို့သည် အမိမျက်နှာကို ကြည့်ကုန်လျက်လိုက်သကဲ့သို့ ငါ့သား ငါ့သမီးတို့သည် မြေမှုန့် အလိမ်းလိမ်းကပ်သော ကိုယ်ဖြင့် အမိသို့ကပ်၍နေ၏။ ယခု မမြင်ရခဲ့တကား။”
“နေ့တိုင်းလျှင် ငါ့သား ငါ့သမီးတို့သည် မိခင်လာသည်ရှိသော် ပြေးလာကြသဖြင့် ကစားစရာအလို့ငှာ ဥသျှစ်သီးမှည့်တို့ကို ပေးရကုန်၏။ ယခု မမြင်ရခဲ့တကား။”
“ယခု ငါ၏ သားမြတ်အစုံတို့သည်လည်း နို့ရည်ဖြင့် ပြည့်ကုန်၏။ ဇာလီ,ကဏှာဇိန် မောင်နှမတို့ကို မမြင်ရခဲ့တကား။”
“နေ့တိုင်းမှာမူ ဤကျောင်းသင်္ခမ်းသို့ ရောက်သောအခါ ရင်ခွင်ပေါ်၌ ငါ့သား ငါ့သမီးတို့သည် မြေမှုန့်အလိမ်းလိမ်းကပ်သောကိုယ်ဖြင့် လူးလဲပျော်ပါးကြကုန်၏။ ယခု မမြင်ရခဲ့တကား။”
“နေ့တိုင်းမှာမူ သူတစ်ပါးမရှိသော်လည်း သားသမီးတို့နှင့်နေရခြင်းကြောင့် ဤကျောင်းသင်္ခမ်းသည် ပွဲသဘင်ကဲ့သို့ ဖြစ်၏။ ယခု သားသမီးတို့ကို မမြင်ရသောငါ့အား ဤကျောင်းသင်္ခမ်းသည် သုဿန်တစပြင်ကဲ့သို့ ခြောက်ခြောက်ကပ်ကပ် ဖြစ်ခဲ့၏တကား။ အကြောင်း အသို့နည်း။”
“နေ့တိုင်းကား ကျီး, ဥသြ အစရှိသော တောငှက်တို့သည် တွန်မြူးကုန်၏။ ယခုကား ထိုငှက်အပေါင်းတို့သည် သေကုန်လေသလော။ ကျောင်းသင်္ခမ်းသည် မည်သည့်အသံကိုမျှ မကြား၊ တိတ်ဆိတ်ဘိ၏တကား”ဟု ငိုကြွေးမြည်တမ်းလျက်၊ ဘုရားလောင်းအနီးသို့သွား၍ သစ်သီးတောင်းကို ဦးခေါင်းမှချပြီးသော် ဘုရားလောင်း၏အပါး၌ သားငယ်,သမီးငယ်တို့ကို မမြင်၊ တစ်ယောက်အထီးတည်း ဆိတ်ဆိတ်နေသော ဘုရားလောင်းကိုမြင်လျှင် ဤသို့မေး၏။
“အရှင်မင်းကြီး အကြောင်းအသို့နည်း။ အဘယ့်ကြောင့် မတုန်မလှုပ် ဆိတ်ဆိတ်နေတော်မူဘိသနည်း။ အကျွန်ုပ် နံနက်မိုးသောက်ထက မြင်မက်သောအိပ်မက်နှင့် ညီစွာ့တကား။ ယခု ဤအရပ်၌ ဥသြငှက်တို့သည်လည်း မတွန်မမြည်ကုန်၊ အကျွန်ုပ်၏ သားငယ်သမီးငယ်တို့သည် သေလေကုန်သလော။ သို့မဟုတ် ဆိတ်ညံစွာသော ဤတောအရပ်၌ အကျွန်ုပ်၏ သားငယ်သမီးငယ်တို့ကို ခြင်္သေ့, သစ်, ကျား သားရဲတို့ စားလေကုန်သလော။ အဘယ်သူသည် သားငယ်,သမီးငယ်တို့ကို ဆောင်ယူလေသနည်း။ ထိုသို့မဟုတ်မူ အရှင်မင်းကြီးတည်း သားငယ်,သမီးငယ်တို့ကို ဘိုးတော်သိဉ္စည်းမင်းထံ စေတုတ္တရာပြည်သို့ စေလွှတ်တော်မူသလော။ ထိုသို့မဟုတ်မူ ချစ်ဖွယ်သော စကားကိုဆိုတတ်သော သား,သမီးတို့သည် ကျောင်းသင်္ခမ်းတွင်း၌ အိပ်ပျော်နေသလော။ ပြင်လွင်တစ်ပါး ထွက်သွား၍ ကစားမြူးထူးကြလေသလော။ ယခု သား,သမီးတို့၏ ဆံပင်ကို လည်းကောင်း, ရွှေကွန်ရက်နှင့်တူသော လက်,ခြေကိုမျှ လည်းကောင်း အကျွန်ုပ် မမြင်ရခဲ့တကား။ ထိုသို့မဟုတ်မူ သားငယ်,သမီးငယ်တို့ကို ဟတ္ထိလိင်္ဂ သကုဏ ဟုဆိုအပ်သော ငှက်ဆင်တို့သည်တည်း သုတ်ချီလေသလော။ အဘယ်သူသည် အကျွန်ုပ်၏ သားငယ်,သမီးငယ်တို့ကို ဆောင်ယူလေသနည်း”
ဤသို့ မဒ္ဒီဒေဝီသည် ကိုးကွယ်ရာမရ ငိုမြည်တမ်းလျက်မေးလျှောက်သော်လည်း ဘုရားလောင်းသည် တစ်ခွန်းသောစကားကိုမျှ ပြန်၍မပြော၊ ဆိတ်ဆိတ်နေတော်မူ၏။
ထိုအခါ မဒ္ဒီဒေဝီသည် “အရှင်မင်းကြီး။ အဘယ့်ကြောင့် အကျွန်ုပ်နှင့် စကားပြောတော်မူခြင်းကို မပြုသနည်း။ အကျွန်ုပ်၌ အဘယ်အပြစ် ရှိပါသနည်း”ဟု ဆို၍၊ ဤသို့ မေးလျှောက်ပြန်၏။
“အရှင့်သား။ အကျွန်ုပ်တို့သည် ပြည်မှနှင်ထုတ်သည်ဖြစ်၍ တော၌နေရကုန်သော်လည်း သားသမီးတို့ဖြင့် ပျော်ပါးရကုန်၏။ ထိုသို့ မိဘတို့၏နှလုံးကို ရွှင်ပြုံးပျော်ပါးစေတတ်သော သားသမီးတို့ကို ယခု မမြင်ရသော အကျွန်ုပ်အား ပြင်းစွာသောဆင်းရဲခြင်းသည် ဖြစ်၏။ ထိုဆင်းရဲထက်ပင်လျှင် အကျွန်ုပ်နှင့် စကားမပြောဘဲ အရှင့်သားနေတော်မူသဖြင့် အလွန်သာ၍ပင် ဆင်းရဲပြန်ဘိ၏။”
“စပါးကြီးမြွေကိုက်၍ ပင်ပန်းသောသူကို ပုတ်ခတ်ဘိသကဲ့သို့လည်းကောင်း၊ ထန်းပင်ထက်မှ ကျသောသူကို ရိုက်ခတ်ဘိသကဲ့သို့လည်းကောင်း၊ သွေးပြည်ယိုစီးလျက် နာကျင်စွာသောအနာကို ထက်စွာသောဆူးငြောင့်ဖြင့် ထိုးဘိသကဲ့သို့လည်းကောင်း, သားသမီးတို့ကို မမြင်ရ၍ ပင်ပန်းသောအကျွန်ုပ်အား အရှင့်သားသည် စကားမပြောဘဲ ဆိတ်ဆိတ်နေသောအားဖြင့် အကျွန်ုပ်၏နှလုံးကို အလွန်နာကျင်အောင် ပြုပြန်ဘိ၏။”
“အရှင့်သား။ အကျွန်ုပ်နှင့် ယနေ့ညဉ့်ပတ်လုံး အကယ်၍ စကားမပြောမဆို နေတော်မူသည် ဖြစ်အံ့။ နက်ဖြန် မိုးသောက်သောအခါ ထွက်သက်ဝင်သက်မရှိဘဲ သေခြင်းသို့ရောက်သော အကျွန်ုပ်၏အကောင်ကိုသာ အရှင့်သား မြင်တော်မူရလတ္တံ့” ဟုဆို၏။
ထိုအခါ ဘုရားလောင်းသည် မဒ္ဒီဒေဝီကို မနာသာအောင်ဆို၍ “သားသမီး၌ စိုးရိမ်ခြင်းကိုပျောက်စေအံ့”ဟု ကြံပြီးလျှင်-
“နူန မဒ္ဒီ ဝရာရောဟာ၊ ရာဇပုတ္တီ ယသဿိနီ။
ပါတော ဂတာသိ ဥဉ္ဆာယ၊ ကိမိဒံ သာယမာဂတာ။”
ဟူသော ဂါထာဖြင့်
မဒ္ဒီဒေဝီ၏နှလုံးကို အပ်ဖြင့် ထိုးဆွဘိသကဲ့သို့သော စကားကို ဆိုတော်မူ၏။
အဓိပ္ပာယ်ကား-
“မဒ္ဒီဒေဝီ။ သင်ကား သူတစ်ပါးတို့ ကြည်ညိုနှစ်သက်ဖွယ်သော လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာ အရွယ်အဆင်းနှင့် ပြည့်စုံ၏။ ဤတောအရပ်မည်သည် ရသေ့ရဟန်း, ဝိဇ္ဇာဓိုရ်, တောသား, မုဆိုးစသော သူတို့သည်လည်း များစွာ လှည့်ပတ်သွားလာကြကုန်၏။ သင်သည် တောအရပ်၌ မည်သို့ဖြစ်လိမ့်မည်ကို အဘယ်သူ သိနိုင်ချေအံ့နည်း။ သင် နေ့တိုင်းရောက်ချိန်ကို မရောက်။ အဘယ့်ကြောင့် ယနေ့ ကြာဘိသနည်း။ နံနက်စောစောကပင်လျှင် တောသို့ သွားလေသည်နှင့် ယခု ညဉ့်အချိန်မတော်မှ ရောက်လာ၍ ရေစာထင်းမီးရှာပြီးလျှင် လင်သားကိုလုပ်ကျွေးသော တောလည်မိန်းမဟူက သင်ကဲ့သို့ မဟုတ်။ သွားချိန်ကိုသွား၍ ရောက်ချိန်ရောက်မြဲတည်း။ သင်သည်ကား “ငါ့သားငါ့သမီးငယ်များ မည်သို့ဖြစ်လိမ့်မည်။ ငါ့လင် မည်သို့စိတ်ရှိလိမ့်မည်”ကိုမျှ အောက်မေ့ခြင်း မရှိ။ စိတ်ပိုင်ကိုယ်ပိုင် အချိန်အခါမသိ သွားလိုရာ, နေလိုရာ ယခု လရောင်ထွက်မှ သင် ရောက်လာ၏။ သင်သည် ငါ့စိတ်နှလုံး မသာမယာရှိအောင် ပြုဘိ၏။ ထိုသို့ အချိန်တန်၍ မရောက်ခြင်းသည် သင်၏အပြစ်တည်း”ဟု
ဘုရားလောင်းသည် ဥပါယ်တံမျဉ်၌ လိမ္မာတော်မူလှသောအားဖြင့် မဒ္ဒီမိဖုရားကို သားသမီး၌ ကြောင့်ကြပူဆွေးခြင်းမှ ငြိမ်းစိမ့်သောငှာ နှလုံးသားကို အပ်နှင့်ဆွသကဲ့သို့ မခံသာအောင် ခြိမ်းခြောက်မောင်းမဲသောစကားကို ဆိုတော်မူ၏။
မဒ္ဒီဒေဝီသည် မင်းကြီးစကားကိုကြားနာလျှင် “အရှင်မင်းကြီး။ စိတ်အထူး ရှိတော်မမူလင့်။ အကျွန်ုပ် လျှောက်ပါအံ့။ နာတော်မူဦးလော့။ ယခုညဉ့် မိုးသောက်ထက အိပ်မက်မကောင်းမြင်သည်မှာလျှင် အကျွန်ုပ်စိတ်က တကြောင့်ကြကြနှင့်ပင် သစ်သီးသစ်မြစ်အလို့ငှာ တောသို့ သွားရပါသည်။ တောသို့ရောက်လျှင်လည်း ထိုညဉ့်ကမြင်မက်သော အိပ်မက်ကိုသာ အောက်မေ့မိသဖြင့် စိတ်နေမကောင်းရှိ၍၊ သစ်သီးသစ်မြစ်တို့ကို ရသမျှ တန်လောက်ရုံဆွတ်ယူပြီးလျှင် အလျင်တဆော နေစောစောကပင် ပြန်မည်အကြံနှင့် မြန်မြန်ထက်ထက် လုံ့လပြုပါစဉ်၊ ဤမြေကြီးသည်လည်း ပြင်းထန်စွာ တုန်လှုပ်လျက်၊ သားငှက်တို့သည်လည်း သောင်းသောင်းညံညံ ကြော်သံဟစ်ကြွေး ပြေးခုန်မြူးထူးသဖြင့် တစ်တောလုံး ပဲ့တင်ထပ်မျှသောအသံ ဖြစ်၏။”
“ထိုသို့ သားငှက်တို့၏ အုတ်အုတ်ကျက်ကျက်သောအသံကို အရှင်မင်းကြီး ကြားတော် မမူပါသလော။ ဤအရပ်၌ အကျွန်ုပ်တို့နေသည်မှာ ၇-လ ရှိပြီ။ ယနေ့ကဲ့သို့ တစ်ရံတစ်ခါမျှ မတွေ့မကြိမ်စဘူး တွေ့ကြိမ်ရသဖြင့် တစ်ယောက်အထီးတည်း တောနက်ထဲ၌ ကိုးကွယ်ရာမရ ပြင်းစွာထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ အကျွန်ုပ်သည် မြေသို့ရှေးရှုဝပ်လျက်လည်းကောင်း၊ အထက်ကောင်းကင်သို့ မျှော်လျက်လည်းကောင်း၊ အရပ် ၈-မျက်နှာတို့ကို လက်ယာရစ်လှည့်လျက်လည်းကောင်း၊ ဤ၁၀-ပါးသောအရပ်မျက်နှာတို့ကို အသီးအသီး လက်အုပ်ချီ၍ ရှိခိုးလျက် “ငါ့လင်, ငါ့သားတို့ကို ဤသစ်, ကျား, ခြင်္သေ့, ဝံ, အောင်း အစရှိသော သားရဲငှက်ရဲတို့သည် မညှဉ်းဆဲသည် ဖြစ်ပါစေသတည်း။ ငါ့လင်,ငါ့သားတို့သည် သားရဲငှက်ရဲတို့၏အန္တရာယ်မှ လွတ်ကင်းပါစေသတည်း”ဟု ဆုတောင်းပါ၏။”
“ထိုကြောက်မက်ဖွယ်များသည် နေ့တိုင်းထက်ထူး၍ မြူးထူးတွန်မြည်သော သားရဲငှက်ရဲတို့အသံကို ကြားရတိုင်း မိုးသောက်ထက မြင်မက်သောအိပ်မက်ကို အောက်မေ့မိသဖြင့် နေမဝင်မီ စောစောကပင် သင်္ခမ်းသို့ပြန်လို၍ အသီးသီးသောသစ်ပင်တို့ကို ဆွတ်ချူးအံ့သောငှာ ချဉ်းကပ်တုံပါသော်လည်း အကျွန်ုပ်ချဉ်းကပ်တိုင်း ပင်လုံးညွတ်အောင် သီးလျက်ပင်လည်း တစ်လုံးမျှမသီးသကဲ့သို့ ထင်ရ၏။ အသီးမသီးသော သစ်ပင်တို့သည်လည်း အသီး သီးသကဲ့သို့ထင်ရ၏။ ထိုသို့ ထင်ယောင်ထင်မှား သွားလာလှည့်လည်၍သာလျှင် ငြိုငြင်ဆင်းရဲစွာ သစ်သီးသစ်မြစ်တို့ကိုရှာရ၍၊ ရသမျှနှင့် ပြန်တော့မည်ဟုပြုစဉ် မကောင်းသောနိမိတ်တို့သည် အကျွန်ုပ်အား ထင်လာ၏။”
အဘယ်သို့ ထင်လာသနည်းဟူမူကား အကျွန်ုပ်လက်၌ မြဲစွာဆုပ်အပ်သော တံချူသည် လက်မှလွတ်၍ ကျ၏။ လက်ဝဲပခုံးဖြင့်လွယ်သော သစ်သီးခြင်းတောင်းသည်လည်း ပခုံးမှ လွတ်၍လျှောကျ၏။ ထိုသို့သော ပုဗ္ဗနိမိတ်တို့ကို မြင်ရသောအကျွန်ုပ်အား ပြင်းစွာသောစိုးရိမ်ခြင်းတို့သည် ထပ်လောင်းပြန်သည်ဖြစ်၍ အရပ် ၁၀-မျက်နှာကိုရှိခိုးလျက် နေမဝင်မီကပင် ဤကျောင်းသင်္ခမ်းသို့ လာပါသည်ကို ခြင်္သေ့, ကျား, သစ်၊ ဤသားရဲ ၃-ကောင်တို့သည် လမ်းခရီးကို ပိတ်ဆီးဝန်းရံ၍နေသောကြောင့် ဝင်္ကပါတောင်တံခါးသို့ ရောက်ခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍၊ ထိုသားရဲတို့ တစ်ပါးသို့လွှဲရှောင်သွားပြီးမှ လာရသဖြင့် ယနေ့သည် နေ့တိုင်းထက်သာလွန်၍ မိုးချုပ်ပေသည်။ အကျွန်ုပ်အား အရှင့်သား စိတ်နှလုံးမသက်သာ ရှိတော်မမူပါလင့်။ သည်းခံတော်မူပါ”ဟု လျှောက်၏။
(တောသားတောငှက်တို့ နေ့တိုင်းထက်ထူး၍ မြူးထူးမြည်ကြွေးသည့်အသံကား ဘုရားလောင်းသည် သားတော် သမီးတော်တို့ကို လှူတော်မူသောအခါ ဟိမဝန္တာတောအလုံး ပဲ့တင်ထပ်မျှ အုတ်အုတ်ကျက်ကျက်ဖြစ်သော အသံပင်တည်း။)
ဘုရားလောင်းသည် ထိုရှေးဦးစွာဆိုသောစကားနှင့် နောက်ကို ထိုညဉ့်ပတ်လုံး နေအရုဏ်တက်သည်တိုင်အောင် တစ်ခွန်းသောစကားကိုမျှ မဒ္ဒီမိဖုရားအား ပြန်၍မဆို၊ ဆိတ်ဆိတ်သာနေဘိ၏။
ထိုအခါ မဒ္ဒီမိဖုရားသည် စိတ်၏ပင်ပန်းခြင်းဖြစ်၍ အထူးထူးအပြားပြားသောစကားဖြင့် ဤသို့ ငိုမြည်တမ်းပြန်၏။
“ဆံကျစ်ထုံးလျက် ရသေ့အသွင်ဖြင့် ရွာသူတို့၏အကျင့်မှကြဉ်၍ ဗြဟ္မစရိယဟုဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်လျက် ဝတ် ၅-ပါးနှင့် ပြည့်စုံသောတပည့်သည် ဆရာကိုလုပ်ကျွေးသကဲ့သို့ လင်ဖြစ်သောမင်းကြီးအား ငါသည် ခြေဆုပ်ခြင်း, လုံ့လထကြွပြုခြင်း စသည်ဖြင့် လုပ်ကျွေး၏။ သားသမီးတို့အားလည်း မဆင်းရဲစေရမူ၍ ကောင်းစွာမွေးကျွေး၏။”
“ငါ၏ ရင်သွေးရင်နှစ် ချစ်သမီး,ချစ်သားတို့။ သင်တို့ အဘယ်မှာ နေကြကုန်သနည်း။ မိခင်ထံ လာပါကုန်လော့။ မိခင်သည် သင်တို့ ငတ်မွတ်ဆင်းရဲမည်ကို စိုးသောကြောင့် ညဉ့်နေ့မဆို သွားလာလှည့်လည်၍ သစ်သီးသစ်မြစ် ရှာရ၏။ တောမှ မိခင်ပြန်ရောက်လျှင်လည်း နေ့တိုင်း နေ့တိုင်း ပန်းမောသည် မရှိ။ ချစ်သား ချစ်သမီးတို့အား ရွှေအဆင်းနှင့်တူသော နနွင်းဥကိုသွေး၍၊ ရေချိုးပြီးလျှင် ကသယ်မှုန့် ပြုစိမ့်သောငှာ ပေး၏။ သား,သမီးတို့ ကစားစိမ့်သောငှာ ဥသျှစ်သီးမှည့်ကိုလည်း မိခင် ဆောင်ခဲ့၏။ ဤဥသျှစ်သီးဖြင့် ချစ်သား ချစ်သမီးတို့ ကစားလေကုန်လော့။ သားသမီးတို့ သုံးဆောင်စေခြင်းငှာ ကြာစွယ်ကြာရင်းတို့ကိုလည်းကောင်း၊ ဝတ်ဆံနှင့်တကွသော ကြာနားတောင်းကိုလည်းကောင်း၊ ပျားမွဲအရသာကဲ့သို့ ချိုစွာသော ကုက္ကိုသီးကိုလည်းကောင်း မိခင် ဆောင်ခဲ့၏။ ချစ်သားချစ်သမီးတို့။ လာလှည့်ကုန်၍ ခမည်းတော်မင်းနှင့်အတူ သုံးဆောင်ကြကုန်လော့။”
“သိဝိရာဇ်တိုင်းသူတို့၏ သခင်ဖြစ်တော်မူသော အရှင်မင်းကြီး။ အကျွန်ုပ် ရေကန်မှဆောင်ယူခဲ့သော ဤပဒုမ္မာကြာကို သားတော်ဇာလီအား ပေးတော်မူပါလော့။ ဤကြာညိုပန်းကို သမီးတော်ကဏှာဇိန်အား ပေးတော်မူပါလော့။ ထိုပန်းတို့ကို ပန်ဆင်စေလျက် သားတော်သမီးတော်တို့ကို သာယာစွာသောသီချင်းသံဖြင့်သီ၍ က,စိမ့်သောငှာ ခေါ်တော်မူပါလော့။”
“အရှင်မင်းကြီး။ သားသမီးတို့ကို မြင်လို၏။ ရှိလျှင် ပြတော်မူပါလော့။ သားသမီးရှိလျက်ဖြစ်မူ အဘယ့်ကြောင့် အကျွန်ုပ်ကို ပူဆွေးခြင်းဖြင့်နှိပ်စက်၍ အသက်ဆုံးအောင် ပြုတော်မူဘိသနည်း။”
“အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို ခမည်းတော်မင်းကြီး ပြည်မှနှင်ထုတ်၍ ဤတောအရပ်၌ သားသမီးနှင့်တကွ နေကြရသည်ရှိသော် ချမ်းသာမကွဲ ဆင်းရဲအတူ ဆိုးတူကောင်းဖက် စုံမက်ချစ်ခင်သော အကြင်လင်နှင့် မယားဖြစ်ပါလျက် အရှင်မင်းကြီးသည် ကျွန်မ မဒ္ဒီအား “သားသမီးတို့ကို မမြင်ရစေသတည်း”ဟု ကျိန်ဆဲတော်မူယောင်ကဲ့သို့ ကျွန်ုပ် ထင်၏တကား”ဟု မဒီဒေဝီသည် အထူးထူးအပြားပြား သနားဖွယ်ငိုမြည်တမ်းသော်လည်း မိဖုရားနှင့် တစ်ခွန်းသောစကားကိုမျှ ဖက်ပြိုင်ပြန်လှန်၍ မပြော၊ ဆိတ်ဆိတ်သာလျှင် ဘုရားလောင်းသည် နေတော်မူ၏။
မဒ္ဒီဒေဝီသည် ဘုရားလောင်း တစ်ခွန်းသောစကားကိုမျှ ပြန်၍မပြော နေလေသော် ပြင်းစွာတုန်လှုပ်လျက် ဘုရားလောင်း၏ထံမှ ထခဲ့၍ ထိုညဉ့်ပတ်လုံး လ၏အရောင်ဖြင့်သွား၍ ရှေး၌ သားငယ်သမီးငယ်တို့ ကစားဖူးသောအရပ်တို့၌ ရှာ၏။ ထိုထိုသော သစ်ပင်ရင်းသို့ ရောက်သည်ရှိသော် “ဤသပြေပင်ရိပ်ကား ငါ့သားငါ့သမီးတို့ ကစားမြဲ အရိပ်တည်း။ ဤယင်းရည်းပင်, ရေဥနှဲပင်, ညောင်ကြတ်ပင်, ပညောင်ပင်, ညောင်ဗုဒ္ဓဟေပင်, ပိန္နဲပင်, သီးပင် ဤပန်းပင်တစ်ပင်ရင်းတို့၌ မရှိခဲ့တကား”ဟု ငိုကြွေးလျက်၊ “ဤမည်သော သစ်ပင်ရင်းတို့၌ ငါ့သားငါ့သမီးတို့ ကစားမြဲတည်း။ ထိုသစ်ပင်ရင်းတို့၌ ငါ့သားငါ့သမီးတို့ကို မမြင်ရခဲ့တကား”ဟု ငိုကြွေးလျက် မြစ်ဆိပ်သို့သွားပြန်၍၊
“ဤမြစ်သည် ချမ်းမြအေးကြည်သောရေ ရှိ၏။ ငါ့သား,သမီးတို့ ကစားမြဲတည်း။ ယခု မမြင်ရပါတကား”ဟု မြည်တမ်း၍ တောင်ထိပ်သို့ တက်ပြန်၏။
“ထိုတောင်ထိပ်၌ ဤမည်သောပန်းတို့ကို ငါ့သားငါ့သမီးတို့သည် ဆွတ်ယူ၍ ပန်ဆင်ကုန်မြဲတည်း။ ယခု မမြင်ရပါတကား။ ဤမည်သောသစ်သီးတို့ကို ဆွတ်ချူ၍ စားကုန်မြဲတည်း။ ဤသစ်ပင်တို့၌ မရှိခဲ့တကား”ဟု ငိုကြွေးလျက်၊ တောင်ထိပ်မှ ဆင်းသက်ခဲ့၍ ကျောင်းသင်္ခမ်းသို့ရောက်ပြန်လျှင် “ဤအရုပ်ကား ငါ့သားငါ့သမီးတို့ကစားသော ဆင်ရုပ် , မြင်းရုပ်, နွားလားရုပ်တို့တည်း။ ထိုအရုပ်တို့ဖြင့် ကစားမြဲဖြစ်လျက် ယခု မရှိခဲ့တကား”ဟု လှည့်လည်ငိုကြွေး၏။
ထိုအခါ မဒ္ဒီဒေဝီမိဖုရား ငိုကြွေးသံဖြင့်လည်းကောင်း၊ သွားလာသော ခြေသံဖြင့်လည်းကောင်း သားငှက်တို့သည် လန့်ထိတ်၍ ခုန်ပြေးပျံဝဲကြကုန်၏။ ထိုသားငှက်တို့ကို မြင်တိုင်းမြင်တိုင်းလျှင် မဒ္ဒီဒေဝီသည် ဤသို့ ငိုကြွေး၏။
“ဤရွှေသမင်, ဒရယ်, ယုန်, ဝံပိုင် တောသားအပေါင်းတို့နှင့် ငါ့သား,ငါ့သမီးတို့သည် အတူကစားကုန်၏။ ယခု မမြင်ရခဲ့တကား။ ဤရွှေဟင်္သာ, ကြိုးကြာ, ဥဒေါင်း အစရှိသောငှက်တို့နှင့် ငါ့သား,ငါ့သမီးတို့သည် ရှေး၌အတူ ကစားမြဲတည်း။ ယခု မမြင်ရခဲ့တကား”ဟု ငိုကြွေး၍၊ ကျောင်းသင်္ခမ်းမှ တစ်ဖန်ထွက်လျက် တောအုပ်သို့ဝင်ပြန်၍၊ ထိုထိုသောအရပ်တို့ကို မျှော်ကြည့်ပြီးလျှင်-
“အပွင့်အသီးတို့ဖြင့် တန်ဆာဆင်အပ်သော ဤတောအုပ်သည် အလွန်မွေ့လျော်ဖွယ်ရှိ၏။ ဤတောအုပ်၌ ငါ့သား,ငါ့သမီးတို့သည် ရှေး၌ ကစားကုန်မြဲတည်း။ ယခု မမြင်ရတကား”ဟုငိုကြွေးလျက် ရေကန်သို့ သွားပြန်၍၊
“ဤရေကန်သည် ဟင်္သာ, စက္ကဝက်, ဝမ်းဘဲငှက်တို့ဖြင့် ယှက်သန်းမြူးပျံ ကျူးသံရင့်အေးလျက် မွှေးကြိုင်ရနံ့ သင်းသင်းပျံ့သော ဟင်းရမ်း, ကတောက်, မျောက်လှေကူးနှင့် အထူးထူးသော ကြာညို, ကြာဖြူ, ကြာပုဏ္ဍရိက် ကြာတံဆိပ်, ကြာပဒုမ္မာတို့သည် ပျားပိတုန်းတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သည်ဖြစ်၍ အလွန်မွေ့လျော်ဖွယ်ရှိ၏။ ဤရေကန်ဝယ် ငါ့သားငါ့သမီးတို့ ရှေး၌ ကစားရွှင်မြူးကြမြဲတည်း။ ယခု မမြင်ရခဲ့တကား”ဟု ငိုကြွေးမြည်တမ်းလျက် ထိုထိုသောအရပ်သို့ လှည့်လည်၍ရှာပါသော်လည်း သားငယ်,သမီးငယ်များကို မမြင်ခဲ့ရသော်၊ တစ်ဖန် ဘုရားလောင်းအထံသို့ သွားပြီးလျှင် ညှိုးနွမ်းသောမျက်နှာဖြင့် မှိုင်တွေကာနေသော ဘုရားလောင်းမျက်နှာကို မြင်၍ ဤသို့ လျှောက်ပြန်၏။
“အရှင်မင်းကြီး။ အရှင်မင်းကြီးသည် နေ့တိုင်းမူ ထင်းကိုပေါက်ခွဲခြင်း, ရေကိုဆောင်ယူခြင်း, မီးမယ်ဖျူး၌ မီးညှိခြင်း ဤ၃-ပါးသောကိစ္စကို ပြုမြဲတည်း။ ယခုကား တစ်ခုခုသောကိစ္စကိုမျှ မဆောင်ဘဲ အဘယ့်ကြောင့် ညှိုးနွမ်းသောမျက်နှာဖြင့် ပညာမရှိသူကဲ့သို့ စိုးရိမ်တော်မူဘိသနည်း။ အရှင်မင်းကြီး၏အမူအရာကို အကျွန်ုပ် မနှစ်သက်။ အရှင်မင်းကြီး။ အကျွန်ုပ်အား မင်းကြီးနှင့်တူ၍ ချစ်ခင်သောသူမည်သည် မရှိ။ မင်းကြီးကိုသာလျှင် ကိုယ်ထက်လွန်၍ ချစ်၏။ ထိုသို့ ချစ်ခင်ကြင်နာလှသောမင်းကြီးနှင့် အတူတကွ ပေါင်းဖော်ရသောအကျွန်ုပ်သည် တောအရပ်၌ ဆင်းရဲပင်ပန်းစွာ သစ်သီးသစ်မြစ်ရှာရသော်လည်း မင်းကြီးမျက်နှာကိုမြင်ရသဖြင့် ပင်ပန်းခြင်း ဆင်းရဲဟူသမျှ ပျောက်၍ ပျော်ရွှင်ငြိမ်းချမ်းခြင်း ဖြစ်မြဲတည်း။ ယခုမူကား ချစ်လှစွာသော အရှင့်မျက်နှာကို မြင်ရတုံသော်လည်း စိတ်ပင်ပန်းခြင်း ဆင်းရဲမပျောက်ဘဲ စိုးရိမ်ခြင်း, ပူဆွေးခြင်းသာလျှင် ဖြစ်ခဲ့၏။ ထိုသို့ အကျွန်ုပ်ဖြစ်ရခြင်းသည် သားသမီးတို့ကိုမမြင်ရ၍ မေးလျှောက်သည်ဖြစ်လျက်၊ မမြွက်မပြန် အရှင်မင်းကြီး နေတော်မူဘိသောကြောင့် ပူဆွေးခြင်းဖြစ်ရ၏”ဟု မြည်တမ်းငိုကြွေးသော်လည်း ဘုရားလောင်းသည် မတုန်မလှုပ်သာလျှင် နေဘိ၏။
ထိုသို့ စကားမပြောမဆိုဘဲ ဘုရားလောင်းနေသည်ရှိသော် မဒ္ဒီဒေဝီသည် လှင်ကန်ဖြင့် ပုတ်ခတ်အပ်သော ကြက်မကဲ့သို့ ပြင်းပြစွာတုန်လှုပ်လျက် မိမိသွားမြဲသောအရပ်သို့ သွား၍၊ တစ်ဖန် လာပြန်သဖြင့် ဤသို့ ငိုကြွေးမေးလျှောက်ပြန်၏။
“အရှင်မင်းကြီး။ ယခု သားငယ်များကို အကျွန်ုပ် မမြင်ရခဲ့တကား။ အဘယ်သူသည် ဆောင်ယူလေအပ်သနည်း။ သေလေကုန်သလော။ ကျီး,ဥသြ ငှက်မျှတို့ကိုလည်း ယခု မမြင်ရခဲ့တကား။ သားငယ်သမီးငယ်တို့သည် သေခဲ့ယောင်တကား”ဟု ငိုကြွေးငြားသော်လည်း ဘုရားလောင်းသည် တစ်ခွန်းသောစကားကိုမျှ မဆို။ ထိုသို့ မင်းကြီးနေပြန်သဖြင့်၊ မဒ္ဒီဒေဝီသည် ထိုထိုသောအရပ်သို့ သွားလေပြန်၍ လျင်မြန်ခြင်းဖြင့် လှည့်လည်မွှေနှောက်လျက် တစ်ညဉ့်ပတ်လုံး ရှာဖွေ၏။
(ထိုတစ်ညဉ့်ပတ်လုံး ၃-ကြိမ်တိုင်အောင် မဒ္ဒီမိဖုရားသွားသောခရီးကို ချင့်တာသည်ရှိသော် ၁၅-ယူဇနာအတိုင်းအရှည်ခန့် ရှိ၏။)
ထိုညဉ့် မိုးသောက်၍ နေအရုဏ်တက်လတ်သော် မဒ္ဒီဒေဝီသည် ဘုရားလောင်းအထံသို့လာ၍ ပြင်းစွာသော ငိုကြွေးခြင်းဖြင့် ဤသို့ ငိုကြွေး၏။
“အရှင်မင်းကြီး။ အကျွန်ုပ်သည် တောသို့လည်းကောင်း၊ တောင်ထက်သို့လည်းကောင်း၊ ကျောက်ဂူ, ကမ်းပါးပြတ်, ချောက်, ထုံးအိုင်, ရေကန်, မြစ်ဆိပ်, သစ်ပင်ရင်းတို့ကိုလည်းကောင်း၊ တစ်ညဉ့်ပတ်လုံး လှည့်လည်၍ ရှာပါတုံသော်လည်း သားသမီးတို့ကို မမြင်မတွေ့ဖြစ်ခဲ့၏။ အကျွန်ုပ်သားသမီးများသည် မချွတ်လျှင် သေချေပြီထင်၏”ဟု ငိုကြွေး၍၊ ထိပ်ထက် လက်စုံချီလျက်လျှင် ရွှေငှက်ပျောပင်ကို အရင်းကဖြတ်သကဲ့သို့ မတ်တတ်ပင် မိန်းမောမူးဝေ၍ ဘုရားလောင်းခြေရင်း၌ လဲလေ၏။
ထိုအခါ ဘုရားလောင်းသည် “မဒ္ဒီဒေဝီ သေခဲ့ပြီ"ဟူသောအမှတ်ဖြင့် ပြင်းစွာတုန်လှုပ်လျက်၊ “ငါ၏ မြောက်သားမဒ္ဒီသည် ငါတို့နေရပ် နေပြည်တော်မဟုတ်ဘဲ လူမရှိသောတောကြီးထဲ၌ သေခဲ့ပြီ။ အကယ်၍ ငါတို့ စေတုတ္တရာရွှေပြည်တော်နေရပ်၌ သေခဲ့သည်ဖြစ်မူ များစွာသော ဆွေမျိုးသားချင်း မှူးမတ်အပေါင်းတို့ဖြင့် ခြံရံလျက် စေတတိုင်း, သိဝိတိုင်း၊ ဤတိုင်းကြီး ၂-တိုင်းသည် အုတ်အုတ်ကျက်ကျက် တုန်လှုပ်ခြင်းဖြစ်ရာ၏။ ယခုမူကား တောအရပ်၌ ငါတစ်ယောက်တည်း အသို့ ပြုပါရအံ့နည်း”ဟု ပြင်းပြစွာ ပူဆွေးစိုးရိမ်ခြင်းဖြစ်ရာ၏။ နောက်မှ စိတ်ကိုသိမ်းဆည်းလျက် သတိကိုဖြစ်စေ၍ “မဒ္ဒီသည် စင်စစ်ပင် သေပြီလော”ဟု နေရာမှထပြီးလျှင် မဒ္ဒီဒေဝီ၏ရင်ပေါ်၌ လက်ကိုထား၍၊ ထွက်သက်ဝင်သက် အငွေ့ ရှိသေးသောအဖြစ်ကို သိလတ်သော် ရွှေကရားဖြင့် ရေကိုဆောင်ယူ၍ ၇-လပတ်လုံး ကတိကဝတ်ဖြင့် ကိုယ်လက်နှီးနှောခြင်းသို့ မရောက်စဖူးသော်လည်း စိုးရိမ်ခြင်း ပြင်းပြစွာနှိပ်စက်အပ်သဖြင့် ရသေ့ရဟန်းအဖြစ်ကို မှတ်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍၊ ပြည့်သော မျက်ရည်ရှိလျက် လက်၂-ဘက်ဖြင့် မဒ္ဒီဒေဝီ၏ဦးခေါင်းကို အဖြည်းအသာချီပြီးလျှင် ပေါင်ပေါ်၌ထား၍၊ ရေဖြင့်ဖျန်းဆွတ်၍ မဒ္ဒီဒေဝီ၏ မျက်နှာကိုလည်းကောင်း၊ ရင်ကိုလည်းကောင်း သုံးသပ်လျက်ရှိတော်မူ၏။
မဒ္ဒီဒေဝီသည် အတန်ငယ်ကြာမှ သတိရလေသော် အရှက်အကြောက်ကိုဖြစ်စေလျက် ထပြီးလျှင် ဘုရားလောင်းကို ရှိခိုး၍ “အရှင့်သား။ အကျွန်ုပ်၏သားသမီးတို့သည် အဘယ်သို့ သွားလေကုန်သနည်း”ဟု မေးလျှောက်၏။
ထိုအခါ ဘုရားလောင်းသည် “မဒ္ဒီမိဖုရား။ ငါသည် သားသမီးတို့ကို အလှူခံရောက်လာသော ပုဏ္ဏားအိုတစ်ယောက်အား ကျွန်အလို့ငှာ လှူလိုက်၏”ဟု ပြန်ကြားပေ၏။
ထိုစကားကိုကြားလျှင် မဒ္ဒီဒေဝီသည် “အရှင့်သား။ အရှင့်သားသည် သားသမီးတို့ကို ပုဏ္ဏားအားလှူပြီးလျှင် အကျွန်ုပ် တစ်ညဉ့်ပတ်လုံး မေးလျှောက်လျက် ငိုကြွေးခြင်းပြင်းစွာ ထိုမှဤမှ လူးလာပြန်ခေါက် သား၂-ယောက်ကြောင့် ပင်ပန်းစွာသော အကျွန်ုပ်အား အဘယ့်ကြောင့် မကြားမဆို နေတော်မူဘိသနည်း”ဟု ဆို၏။
ထိုစကားကို ကြားလျှင် ဘုရားလောင်းသည် “မဒ္ဒီဒေဝီ။ သင့်အား အစစွာက ငါ မကြားဘဲနေသည်ကား ငါသို့သောယောက်ျားစင်လျက် သားသမီးနှင့်ကွေကွင်းရသဖြင့် စိုးရိမ်ခြင်းဆင်းရဲ ဖြစ်တုံသေး၏။ မိန်းမတို့မည်သည် ကိုယ်,စိတ် နူးညံ့သည်ဖြစ်၍ သင့်အားမချုပ်နိုင်သဖြင့် နှလုံးအသည်း ကွဲရာ၏။ ထို့ကြောင့် ငါ မကြားသတည်း။”
“မဒ္ဒီဒေဝီ၊ ယမန်နေ့နံနက်ကပင်လျှင် ဆင်းရဲငြိုငြင်စွာ ဖုန်းတောင်းယာစကာဖြစ်သော ပုဏ္ဏားသက်ကြီးအိုတစ်ယောက်သည် ဤကျောင်းသင်္ခမ်းသို့ အလှူခံရောက်လာ၏။ ထိုပုဏ္ဏားသက်ကြီးအိုအား သားသမီးတို့ကို ကျွန်အလို့ငှာ လှူလိုက်ပေ၏။ သင် စိုးရိမ်ခြင်းမရှိပါလင့်။ သက်သာရာ ဖြစ်စေလော့။ သားသမီးတို့မျက်နှာကို မရှုတုံလင့်။ ငါ့မျက်နှာကိုသာ ရှုတုံလော့။ ငိုကြွေးခြင်းကို မပြုလင့်။ ထိုပုဏ္ဏားသည် ငါ့တို့သားသမီးကို ဆောင်လေသည်ရှိသော် ငါတို့ခမည်းတော်ကြားသဖြင့် ငါတို့ကို ပြည်သို့ခေါ်လတ္တံ့။ ပြည်သို့ရောက်သောအခါ အနာမရှိ ချမ်းသာစွာ သားသမီး, ကျွန်အခြွေအရံ, ရွှေ, ငွေ, စပါးအစရှိသော သက်ရှိသက်မဲ့ စည်းစိမ်ဥစ္စာတို့ကို ရပြန်လတ်၍ အတူတကွ ငါတို့ နေရအံ့သတည်း။”
“မဒ္ဒီဒေဝီ။ သူတော်ကောင်းတို့သည် မြတ်သောဝတ္ထုကို လိုချင်တောင့်တသည်ရှိသော် သားသမီးကိုလည်းကောင်း၊ မိမိရင်ကိုခွဲလျက် နှလုံးသည်းပွတ်ကိုပင်သော်လည်းကောင်း ထုတ်ယူ၍ တောင်းလာသော ယာစကာတို့အား ပေးရာ၏။ သင်သည် အလွန်မြတ်လှစွာသော သားသမီးအလှူကို နှစ်သက်ဝမ်းမြောက်လော့”ဟု ဆိုတော်မူ၏။
ထိုစကားကိုကြားလျှင် မဒ္ဒီဒေဝီသည် “အရှင်မင်းကြီး။ အကျွန်ုပ်သည် ၁၀-လပတ်လုံး ဝမ်းဖြင့်ဆောင်၍ ဖွားမြောက်လတ်သော် နေ့တိုင်း ၃-ကြိမ် ၃-ကြိမ် ရေချိုးပြီးလျှင် နံ့သာပျောင်းလိမ်းဆင်လျက် နို့ရည်ဖြင့် ရင်ခွင်ပေါ်၌ မွေးကျွေးသုတ်သင်ခြင်းဖြင့် ကြီးစေအပ်သော သားသမီးတို့ကို အရှင်မင်းကြီးသည် ဝန်တိုခြင်းဖြင့် နှိပ်စက်တတ်သောပုဏ္ဏားအား လှူခြင်းကို ဝမ်းမြောက်ပါ၏။ လှူတော်မူပြီးသော အရှင်မင်းကြီးသည် တွန့်တိုခြင်းမရှိ စိတ်ကို ကြည်စေတော်မူပါလော့။ ထို့ထက်အလွန်လည်း အဖန်တလဲလဲ အလှူပေးရသည် ဖြစ်ပါစေသတည်း”ဟု အနုမောဒနာပြု၏။
ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် “မဒ္ဒီဒေဝီ။ သင် အဘယ့်ကြောင့် “စိတ်ကို ကြည်စေပါလော့”ဟု ဆိုဘိသနည်း။ အကယ်၍ ငါသည် သားသမီးကိုလှူ၍ စိတ်ကိုကြည်စိမ့်သောငှာ မတတ်နိုင်သည် ဖြစ်အံ့။ ငါ့အား ဤသို့သော အံ့ဖွယ်သရဲတို့သည် မဖြစ်ကုန်ရာ”ဟု အလုံးစုံမြေတုန်လှုပ်ခြင်း, ပဲ့တင်ထပ်ခြင်း အစရှိသော အံ့ဖွယ်သရဲတို့ကိုချဲ့ဖွင့်၍၊ “လှူသောအခါ ဖြစ်သည့်အတိုင်း ငါ့စိတ်နှလုံးသည် ရွှင်ပြုံးစွာရှိ၏”ဟု မဒ္ဒီမိဖုရားအား ပြန်ကြားပေ၏။
ထိုအခါ မဒ္ဒီမိဖုရားသည် အံ့ဖွယ်သရဲကို ချီးမွမ်းလျက် ထိုအလှူကို အနုမောဒနာပြုလို၍ ဤသို့ဆို၏။
“အရှင်မင်းကြီးအား ဤမြေကြီးသည်လည်း ပဲ့တင်ထပ်မျှ ဖြစ်၏။ အရှင်မင်းကြီး ကျေးဇူးသတင်း ကျော်စောခြင်းသည်လည်း အထက်နတ်ပြည်တိုင်အောင် နှံ့၍တက်၏။ ထက်ဝန်းကျင်သော အရပ်မျက်နှာမှလည်း မိုးအခါမဟုတ်ဘဲ လျှပ်စစ်နွယ်တို့သည် ပြိုးပြိုးပြက် ထွက်ကုန်၏။ တောင်ပြိုသောအသံ, ကမ်းပါးပြတ်၍ ချောက်သို့ကျသောအသံကဲ့သို့လည်း တစ်တောလုံး ထင်ကုန်၏။ နာရဒနတ်, ပဗ္ဗတနတ်, ဣန္ဒနတ်, သောမနတ်, ယာမနတ်, ဝေဿဝဏ်နတ်၊ ဤနတ်မင်းတို့သည်လည်း မိမိတို့ဗိမာန်တံခါးဝ၌ ရပ်ကုန်လျက် “ဝေဿန္တရာမင်းကြီးသည် မြတ်သောအလှူကို လှူသတတ်”ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုကုန်၏။ သိကြားအမှူးရှိသော တာဝတိံသာ နတ်တို့သည် လည်းကောင်း၊ ဗြဟ္မာတို့သည်လည်းကောင်း ဝမ်းမြောက်ဝမ်းသာ သာဓုကောင်းချီး ပေးကြကုန်၏။ အရှင်မင်းကြီးဆိုတိုင်း အမှန်ပင်တည်း”ဟု မဒ္ဒီမိဖုရားသည် မင်းကြီးစကားအတိုင်း ပြန်၍ချီးမွမ်းလျက်နေ၏။