သင်္ဂါမာဝစရဇာတ်
ဒုကနိပါတ်-အသဒိသဝဂ်
၂။ သင်္ဂါမာဝစရဇာတ်
မင်းနန်ချွတ်ခဏ်း နှင့် ဆုံးမလွယ်သောဆင်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သင်္ဂါမာဝစရော သူရော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသင်္ဂါမာဝစရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ရှေးဦးစွာ ကြွတော် မူခြင်းဖြင့် ကပိလဝတ်ပြည်တော်သို့ ကြွတော်မူ၍ ညီတော်ငယ်ဖြစ်သော နန္ဒမင်းသားကို ရဟန်းပြု၍ ကပိလဝတ်ပြည်မှ ထွက်တော်မူ၍ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူ၍ နေတော်မူသည်ရှိသော် အရှင်နန္ဒသည် မြတ်စွာဘုရား၏ သပိတ်တော်ကိုယူ၍ မြတ်စွာဘုရားနှင့်တကွ နန်းတော်မှ ထွက်သောကာလ၌ နန္ဒမင်းသားသည် မြတ်စွာဘုရားနှင့် တကွ လိုက်လေ သတတ်ဟုကြား၍ ထက်ဝက်အားဖြင့် ဖြီးအပ်ကုန်ပြီးသော ဆံရှိကုန်လျက် လေသွန်ပြတင်းပေါက်ကြားဖြင့် မျှော်လိုက်၍ အရှင်သားတော် လျင်မြန်စွာသာလျှင် ပြန်လည်တော်မူခဲ့ပါလော့ဟု ဇနပဒကလျာဏီမှာလိုက်သောစကားကို အစဉ်အောက်မေ့လျက် လူ၏အဖြစ်ကို တမော့မော့မျှော်သော လည်ရှိသည်ဖြစ်၍ မမွေ့မလျော်ခြင်းကြောင့် ဖက်ရွက်ရော်ကဲ့သို့ အလွန်ဖျော့တော့သောအဆင်း, အကြောပြိုင်းပြိုင်းကိုယ်ရှိသည်ဖြစ်၏။
မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ အကယ်၍လျှင် ငါသည် နန္ဒကို အရဟတ္တဖိုလ်၌ တည်စေရမူကား ကောင်း၏။ ဤသို့ ကြံတော်မူ၍ ထိုနန္ဒထေရ်၏နေရာပရိဝုဏ်သို့ ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာတော်၌ နေတော်မူလျက် နန္ဒ ဤသာသနာတော်၌ မွေ့လျော်ပါ၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ဇနပဒကလျာဏီ၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မမွေ့မလျော်ပါဟု လျှောက်၏။ နန္ဒ ဟိမဝန္တာသို့ လှည့်လည် သွားလာဘူး၏လောဟု မေးတော်မူ၏။ အရှင်ဘုရား မသွားဘူးပါဟု လျှောက်၏။ နန္ဒ ထိုသို့တပြီးကား သွားကြကုန်အံ့၊ ဤသို့ မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်အား တန်ခိုးသည် မရှိ၊ အကျွန်ုပ် အသို့သွားနိုင်ပါအံ့နည်းဟု လျောက်၏။ မြတ်စွာဘုရားသည် နန္ဒ ငါ၏ တန်ခိုးအစွမ်းအားဖြင့် သင့်ကို ဆောင်အံ့ဟု မိန့်တော်မူပြီးလျှင် နန္ဒမထေရ်ကို လက်၌ကိုင်တော်မူ၍ ကောင်းကင်သို့ ပျံကြွတော်မူသည်ရှိသော် ခရီးအကြား၌ တခုသော မီးလောင်ရာအပြင်၌ မီးလောင်ငုတ်တွင် နေသော ပြတ်သာ နား, နှာခေါင်း, မြီးထူးရှိသော မီးလောင်သော အမွေးရှိသော အပေါ်ရေစုတ်သည်ဖြစ်၍ အတွင်းရေမျှသာရှိသော နီသာအဆင်းဖြင့် ထက်ဝန်းကျင်လွှမ်းအပ်သော တခုသောမျောက်မကိုမြင်၍ နန္ဒ တခုသော မျောက်မကို ရှုလောဟု ပြတော်မူ၏။ အရှင်ဘုရား မြင်ပါ၏ဟု နားတော်လျှောက်သည်ရှိသော် မျက်စိအားဖြင့် ကောင်းစွာ ကြည့်ရှုခြင်းကို ပြုလော့ဟု မိန့်တော်မူ၏။
ထို့နောင် နန္ဒမထေရ်ကိုဆောင်၍ ယူဇနာခြောက်ဆယ်ရှိသော ဆေးဒါန်းမြင်းသီလာအပြင်ကို၎င်း အနောတတ်အိုင်အစရှိကုန်သော အိုင်ကြီးခုနစ်အိုင်တို့ကို၎င်း မြစ်ကြီးငါးစင်းတို့ကို၎င်း ရွှေတောင် ငွေတောင် ပတ္တမြားတောင်တို့ဖြင့် တန်ဆာဆင်အပ်သော တပါးမကများသော မွေ့လျော်ဘွယ်ရှိသော ဟိမဝန္တာတောင်ကို၎င်းပြ၍ နန္ဒ တာဝတိံသာနတ်ပြည်ကို မြင်ဘူး၏လောဟု မေးတော်မူ၍ ရှင်ဘုရား မမြင်ဘူးပါဟု နားတော်လျှောက်သည်ရှိသော် နန္ဒ လာလှည့် သင့်အား တာဝတိံသာ နတ်ပြည်ကို ငါပြအံ့ဟု မိန့်တော်မူပြီးလျှင် ထိုတာဝတိံသာနတ်ပြည်သို့ဆောင်၍ ပဏ္ဍုကမ္ဗလာကျောက်နေရာ၌ နေတော်မူ၏။ သိကြားနတ်မင်းသည် နတ်ပြည်နှစ်ထပ်တို့၌ နတ်တို့၏ အပေါင်းနှင့်တကွ လာလတ်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ နှစ်ကုဋေငါးသန်း အရေ အတွက်ရှိသော ပရိသတ်အပေါင်း ခြံရံအပ်ကုန်သော ငါးရာကုန်သော ခိုခြေအဆင်းနှင့်တူကုန်သော နတ်သ္မီးတို့သည်လည်း လာလတ်ကုန်၍ ရှိခိုးကုန်လျက်လျောက်ပတ်နေကုန်၏။ မြတ်စွာဘုရားသည် အရှင်နန္ဒကို ငါးရာကုန်သော နတ်သ္မီးတို့ကို ကိလေသာ၏ အစွမ်းအားဖြင့် အဖန်တလဲလဲ ကြည့်စေ၏။ နန္ဒ ခိုခြေအဆင်းနှင့် တူကုန်သော ဤနတ်သီးတို့ကို သင်သည် မြင်၏လောဟု မိန့်တော်မူ၍ အရှင်ဘုရား မြင်ပါ၏ဟု နားတော်လျှောက်သည်ရှိသော် နန္ဒ ထိုနတ်သ္မီးတို့သည် တင့်တယ်ကုန်သလော၊ ထိုသို့ မဟုတ်မူကား ဇနပဒကလျာဏီသည် တင့်တယ်သလော ဤသို့ မေးတော်မူ၏။ အရှင်ဘုရား ဇနပဒကလျာဏီကိုထောက်၍ မီးလောင်၍ စုတ်ပြတ်သော မျောက်မသည် မတင့်တယ်သကဲ့သို့ ဤအတူသာလျှင် ဤနတ်သ္မီးတို့ကို ထောက်၍ ဇနပဒကလျာဏီသည် မတင့်တယ်ပါ။ ဤသို့ နားတော် လျှောက်သည်ရှိသော် နန္ဒ ယခုအခါ၌ အသို့ ပြုလတ္တံ့နည်း။ ဤသို့ မိန့်တော်မူ၏။ အရှင်ဘုရား အဘယ် ကောင်းမှုကံကိုလျှင် ပြုကုန်၍ ဤနတ်သ္မီးတို့ကို ရကုန်အံ့နည်း။ ဤသို့ နားတော်လျှောက်သည်ရှိသော် နန္ဒ ရဟန်းတရားကို ကျင့်ကုန်၍ ရကုန်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤနတ်သ္မီးတို့ကိုရစိမ့်သောငှါ အရှင်ဘုရားသည် အကယ်၍ဝန်ခံအံ့၊ အကျွန်ုပ်သည် ရဟန်းတရားကို ကျင့်ပါအံ့ဟု နားတော် လျှောက်သည်ရှိသော် နန္ဒ အားထုတ်လော့၊ ငါသည် သင့်အား ဝန်ခံ၏ဟု မိန့်တော်မူ၏။ ဤသို့ နန္ဒမထေရ်သည် နတ်အပေါင်းတို့၏အလယ်၌ မြတ်စွာဘုရားကို ဝန်ခံစေ၍ အရှင်ဘုရား အလွန် ကြာမြင့်ခြင်းကို ပြုတော်မမူပါလင့်၊ ထလော့ သွားကြကုန်အံ့၊ အကျွန်ုပ်သည် ရဟန်းတရားကို ကျင့်အံ့ဟု လျှောက်၏။ မြတ်စွာဘုရားသည် ထိုနန္ဒကို ဆောင်၍ ဇေတဝန်ကျောင်းတော်သိုသာလျှင် ပြန်တော်မူ၏။ နန္ဒမထေရ်သည် ရဟန်းတရားကို ကျင့်အံ့သောငှါအားထုတ်၏။
မြတ်စွာဘုရားသည် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာကိုခေါ်တော်မူ၍ သာရိပုတ္တရာ ငါ၏ ညီတော်ငယ်ဖြစ်သော နန္ဒသည် တာဝတိံသာနတ်ပြည်ဝယ် နတ်အပေါင်းတို့၏အလယ်၌ နတ်သ္မီးတို့၏ အကြောင်းကြောင့် ငါ့ကို ဝန်ခံစေ၏ဟု ရှင်သာရိပုတ္တရာအား ကြားတော်မူ၏။ ထိုသို့သော အကြောင်းဖြင့်သာလျှင် မဟာမောဂ္ဂလာန်မထေရ်အား၎င်း မဟာကဿပမထေရ်အား၎င်း အနုရုဒ္ဓါမထေရ်အား၎င်း တရားဘဏ္ဍာစိုးဖြစ်သော အာနန္ဒာမထေရ်အား၎င်း ဤသို့သောအစဉ်ဖြင့် အသီတိသာဝကတို့အား၎င်း များသောအားဖြင့် အသီတိသာဝကတို့မှ ကြွင်းကုန်သော ရဟန်းတို့အား၎င်း ကြားတော်မူ၏။ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် နန္ဒမထေရ်သို့ကပ်၍ ငါ့သျှင်နန္ဒ သင်သည် တာဝတိံသာနတ်ပြည်ဝယ် နတ်အပေါင်းတို့၏အလယ်၌ နတ်သ္မီးတို့ကို ရလိုသောကြောင့် ရဟန်းတရားကိုကျင့်အံ့ဟူ၍ မြတ်စွာဘုရားကို ဝန်ခံစေသည်ဟု ကြားရသည်ကား မှန်သလောဟု ဆို၍ နတ်သ္မီးတို့၏ အကျိုးငှါ ရဟန်းတရားကို သင်သည်ကျင့်သည်ဖြစ်လတ်သော် သင်၏ မြတ်သော သီတင်းကိုသုံးခြင်းသည် မိန်းမတို့နှင့်စပ်သည်ဖြစ်၍ ကိလေသာကိုမှီသည် မဟုတ်တုံလော၊ ထိုသင်အား မိန်းမတို့၏ အကျိုးငှါ အခအားဖြင့် အမှုကိုပြုသော အမှုကိုလုပ်သော ယောက်ျားနှင့်တကွ အဘယ်မှာလျှင် ထူးအံ့နည်းဟု နန္ဒမထေရ်ကို ရှက်စေ၏။ အရှိန်အဝါမဲ့သည်ကို ပြု၏။ ထိုသို့သောအကြောင်းဖြင့် အလုံးစုံလည်းဖြစ်ကုန်သော အသီတိ သာဝကတို့သည်၎င်း ကြွင်းကုန်သော ရဟန်းတို့သည်၎င်း ထိုအရှင်နန္ဒကိုရှက်စေကုန်၏။
ထိုနန္ဒမထေရ်သည် စင်စစ် မသင့်မလျော်သည်ကို ငါသည် ပြုအပ်၏ဟု ရှက်ခြင်းကြောင့်၎င်း ထိတ်လန့်ခြင်းကြောင့်၎င်း လုံ့လကို လွန်စွာအားထုတ်၍ ဝိပဿနာကိုပွား၍ အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားထံကပ်လေ၍ အရှင်ဘုရား အကျွန်ုပ်သည် အရှင်ဘုရားတို့၏ ဝန်ခံတော်မူခြင်းကို ဖြေပါ၏ဟု လျောက်၏။ မြတ်စွာဘုရားသည်လည်း နန္ဒ အကြင်အခါ၌ကား သင်သည် အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုအခါ၌သာလျှင် ငါသည် ဝန်ခံခြင်းမှ လွတ်၏ဟု မိန့်တော်မူ၏။ ထိုအကြောင်းကို သိကုန်၍ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ နန္ဒမထေရ်သည် အလွန်လျှင် ဆုံးမခြင်းငှာ ခံ့ပေ၏။ တကြိမ်တည်းသောအဆုံးအမဖြင့်သာလျှင် အရှက်အကြောက်ကိုဖြစ်စေ၍ ရဟန်းတရားကိုအားထုတ်၍ အရဟတ္တဖိုလ်သို့ရောက်၏။ ဤစကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် နန္ဒသည် ဆုံးမခြင်းငှါ ခံ့သည်မဟုတ်သေး၊ ရှေး၌လည်း နန္ဒသည် ဆုံးမခြင်းငှါ ခံ့သည်သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်ဆရာတို့၏အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဆင်ဆရာတို့၏ အတတ်၌ အပြီးသို့ရောက်၍ ဗာရာဏသီမင်း၏ ပြည်နီးချင်းဖြစ်သော မင်းတပါးကို ခစားလေ၏။ ထိုဘုရားလောင်းသည် ထိုမင်း၏ မင်္ဂလာဆင်ကို ကောင်းစွာသင်သည်ကိုပြု၍ တတ်စေ၏။ ထိုမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟူ၍ ဘုရားလောင်းကိုယူ၍ မင်္ဂလာဆင်ကိုစီး၍ များစွာသော စစ်သည်ဖြင့် ဗာရာဏသီပြည်သို့သွား၍ ခြံရံလျက် ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လောဟု ဗာရာဏသီမင်းအား အမှာစာကို ပို့စေ၏။ ဗြဟ္မဒတ်မင်းသည် စစ်ထိုးခြင်းကို ပေးအံ့ဟူ၍ တံတိုင်း တံခါးပစ္စင် တံခါးမုတ်တို့၌ ဗိုလ်ပါအပေါင်းကို တက်စေ၍ စစ်ထိုးခြင်းကို ပေး၏။ ပြည်နီးချင်းမင်းသည် မင်္ဂလာဆင်ကို ချပ်ဖြင့်ဖုံးလွှမ်း၍ မိမိသည်လည်း ချပ်ကိုဝတ်၍ မြတ်သော ဆင်ကျောက်ကုန်း၌ စီးလျက် ထက်စွာသော ချွန်းတောင်းကိုစွဲ၍ မြို့ကိုဖြို၍ ရန်သူကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ပြည်ကို လက်သို့ရောက်သည်ကို ပြုအံ့ဟု ဆင်ကို မြို့သို့ရှေးရှုသွားစေ၏။ ထိုမင်္ဂလာဆင်သည် ပွဲလျှက်ပူတို့ကို၎င်း အထူးထူး အပြားပြားရှိကုန်သော လက်နက်တို့ကို၎င်း လွှတ်ကြကုန်သော သူတို့ကို မြင်၍ သေဘေးမှကြောက်ရကား ကပ်အံ့သောငှါ မဝံ့သည်ဖြစ်၍ နောက်သို့ ဆုတ်၏။ ထိုအခါ၌ ထိုမင်္ဂလာဆင်ကို ဆင်ဆရာသည်ကပ်၍ အမောင် သင်သည် ရဲရင့်သောဆင်တည်း၊ စစ်မြေပြင်ကို နှိပ်နင်းသွားတတ်သော ဆင်တည်း၊ ဤသို့သဘောရှိသောအရပ်၌ ဆုတ်ခြင်းမည်သည်ကား သင့်အား မလျောက်ပတ်ဟု ဆို၍ ဆင်ကို ဆုံးမလိုရကား-
ကိံ နု တောရဏမာသဇ္ဇ၊ ပဋိက္ကမသိ ကုဉ္ဇရ။
တောရဏာနိ စ မဒ္ဒိတွာ၊ ခိပ္ပံ ပဝိသ ကုဉ္ဇရ။
ဟူသော ဤနှစ်ဂါထာကို ဆို၏။
၆၃။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ တွံ၊ သင်သည်။ သင်္ဂါမာဝစရော၊ စစ်မြေပြင်ကို နှိပ်နင်း၍ သွားတတ်၏။ သူရော၊ ရဲရင့်၏။ ဗလဝါ၊ ခွန်အားရှိ၏။ ဣတိ၊ ဤသို့။ ဝိဿုတော၊ ကျော်စောသော ဆင်တည်း။ တောရဏံ၊ တံခါးပေါင်သို့။ အာသဇ္ဇ၊ ရောက်၍။ ကိံ နု ပဋိက္ကမသိ၊ အဘယ်ကြောင့် ဆုတ်ဘိသနည်း။
၆၄။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ ပလိဃံ၊ တံခါးကျည်ပေါင်ကို။ ခိပ္ပံ၊ လျင်မြန်စွာ။ ဩမဒ္ဒ၊ အောက်သိုချလော့။ ဧသိကာနိစ၊ တံခါးတိုင်တို့ကိုလည်း။ အဗ္ဗဟ၊ နုတ်လော့။ တောရဏာနိ စ၊ တံခါးပေါင်တို့ကိုလည်း။ မဒ္ဒိတွာ၊ နင်း၍။ ခိပ္ပံ၊ လျင်မြန်စွာ၊ ပဝိသ၊ ဝင်လော့။
မင်္ဂလာဆင်တော်သည် ထိုစကားကိုကြား၍ ဘုရားလောင်း၏ တကြိမ်တည်းသော အဆုံးအမဖြင့်သာလျှင်ပြန်၍ တံခါးတိုင်ကို နှာမောင်းဖြင့် ရစ်၍ မှိုတို့ကို နှုတ်သကဲ့သို့ နုတ်၍ တံခါးပေါင်ကိုနင်း၍ တံခါးကျည်ကို ချ၍ မြို့တံခါးကိုဖောက်၍ မြို့သို့ဝင်၍ ပြည်ကိုယူ၍ ပေး၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နန္ဒသည် ထိုအခါ မင်္ဂလာဆင် ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆင်ဆရာဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
ဝဋ်နှောင်အကန့်၊ ဆုံးမခံ့ ပြတ်အံ့ မြဲသေချာ
နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သင်္ဂါမာဝစရဇာတ်သည် ပြီး၏။
*****