မာတိကာသို့ ခုန်သွားရန်

သန္တကာယတ္ထေရဝတ္ထု

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၉။ သန္တကာယတ္ထေရဝတ္ထု
3607ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ် — ၉။ သန္တကာယတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၉။ သန္တကာယမထေရ် ဝတ္ထု

သန္တကာယောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သန္တကာယအမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခြင်္သေ့ဘဝမှ ဝင်စားသောရဟန်း

ထိုသန္တကာယမထေရ်အား လက်ခြေလှုပ်ရှားခြင်းသည် မဖြစ်သတတ်။ ကိုယ်၏ ကွန့်မြူးခြင်းမှကင်းသော ငြိမ်သက်သော အတ္တဘောသည်သာလျှင် ရှိသည်ဖြစ်လေ၏။

(ထိုမထေရ်သည်ကား ခြင်္သေ့ဘဝမှလာသော မထေရ်ဖြစ်သတတ်)

ခြင်္သေ့တို့သည် တစ်နေ့မျှ စားကျက်ကိုယူပြီးလျှင် (အစာရှာပြီးလျှင်) ငွေဂူ, ရွှေဂူ, သန္တာဂူတို့တွင် တစ်ခုခုသောဂူသို့ ဝင်၍ ဆေးဒန်းမြင်းသီလာအပြင် ဆေးဒန်းမှုန့်တို့၌ ခုနစ်ရက်ပတ်လုံးအိပ်၍ ခုနစ်ရက်မြောက်သောနေ့၌ ထသဖြင့် အိပ်ရာအရပ်ကို ကြည့်ရှုလတ်သော် အမြီး၏လည်းကောင်း, နားရွက်တို့၏လည်းကောင်း, လက်ခြေတို့၏လည်းကောင်း, တုန်လှုပ်သောကြောင့် ဆေးဒန်းမြင်းသီလာ အမှုန့်တို့ ဖရိုဖရဲပြွမ်းသည့်အဖြစ်ကို အကယ်၍ မြင်ရကုန်သည်ဖြစ်အံ့။ “သင့်အား ဤတုန်လှုပ်ခြင်းအမှုသည် ဇာတ်အားဖြင့်လည်းကောင်း, အနွယ်အားဖြင့်လည်းကောင်း, မလျောက်ပတ်လေစွ”ဟု တစ်ဖန် ခုနစ်ရက်ပတ်လုံး အစာမစားဘဲ အိပ်ကြကုန်၏။ ဆေးဒန်းမြင်းသီလာမှုန့်တို့၏ ဖရိုဖရဲပြွမ်းသောအဖြစ် မရှိမူကား “သင်အား ဤသို့ တုန်လှုပ်ခြင်းကင်းသော ဖြစ်ခြင်းသည် အမျိုးအနွယ်တို့အား လျောက်ပတ်ပေ၏”ဟု နေရာဂူမှ ထွက်တဲ့၍ တင့်တယ်စံပယ်ပြီးလျှင် တူရူအရပ် အထောင့်အရပ်တို့ကို အစဉ်အတိုင်း ကြည့်ရှုသဖြင့် သုံးကြိမ်တိုင်အောင် ခြင်္သေ့အသံကိုဟောက်၍ ကျက်စားခြင်းအလို့ငှာ ဖဲသွားကြကုန်သတတ်၊ ဤရဟန်းသည် ဤသို့သဘောရှိသော ခြင်္သေ့ဘဝမှလာသော ရဟန်းဖြစ်ပေ၏။ ထိုရဟန်း၏ ကိုယ်ငြိမ်သက်သော အကျင့်ကိုမြင်ကြ၍ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် သန္တကာယမထေရ်နှင့်တူသော ရဟန်းကို မမြင်စဖူးပါ။ ဤသန္တကာယမထေရ်၏ နေထိုင်ရာအရပ်၌ လက်၏ လှုပ်ခြင်းသည်လည်းကောင်း၊ ခြေ၏ လှုပ်ခြင်းသည်လည်းကောင်း၊ ကိုယ်၏ ကွန့်မြူးခြင်းသည်လည်းကောင်း၊ မရှိပါဘုရား”ဟု နားတော်လျှောက်ကြလေကုန်၏။ ထိုရဟန်းတို့ လျှောက်သောစကားကို ကြားတော်မူရလျှင် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား သန္တကာယ မထေရ်ကဲ့သို့ ကိုယ်စသည်တို့ဖြင့် ငြိမ်သက်ခြင်း ရှိသည်သာလျှင်ဖြစ်ရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၇၈] သန္တကာယော သန္တဝါစော၊ သန္တဝါ သုသမာဟိတော။
ဝန္တလောကာမိသော ဘိက္ခု၊ ဥပသန္တောတိ ဝုစ္စတိ။

သန္တကာယော၊ ပါဏာတိပါတစသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သော ကိုယ်ရှိသော။ သန္တဝါစော၊ မုသားဆိုခြင်း စသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သော နှုတ်ရှိသော။ သန္တဝါ၊ အဘိဇ္ဈာစသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သော စိတ်ရှိသော။ သုသမာဟိတော၊ ကောင်းစွာထားအပ်သော ကိုယ်,နှုတ်,နှလုံး, စိတ်ရှိသော။ ဝန္တလောကာမိသော၊ မဂ်လေးတန်ဖြင့် ထွေးအန်ပြီးသော လောကာမိသရှိသော။ ဘိက္ခု၊ ရဟန်းကို။ ဥပသန္တောတိ၊ ကိုယ်တွင်း၌ ရာဂစသည် ငြိမ်းအေးပြီးသော ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုသန္တကာယမထေရ်သည် အရဟတ္တဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

သန္တကာယမထေရ်ဝတ္ထု ပြီး၏။