သမုဒ်ဧရာ-ချီ ရတု
၁။ သမုဒ်ဧရာ၊ မြစ်ငါးဖြာမှ၊ ဆုံလှာလည်ဝိုက်၊ ရစ်၍ဆိုက်မှ[၁]၊ လိုက်လိုက်ဖြိုးဖြိုး၊ ဖြန့်မိုးစကြာ၊ အဝါဟူးဟူး၊ နေထက်ထူးသား[၂]၊ ပန်းဦးမဉ္ဇူ၊ ဆက်လှူသဘင်၊ မြသိတင်ဟု၊ ကျွန်းခွင်ပျံ့မွှေး၊ လေသွန်ပြေးသည်၊ ညီထွေးနောင့်နည်း၊ တမျှတည်းကို၊ သာဖြည်းပျံ့ပျူး၊ လျှောက်ပါဦးအံ့၊ အမူးအမော်၊ ညှိုးယော်ခွေပျောင်း၊ မဖြစ်တောင်းတည့်[၃]၊ ရှင်နှောင်းနွဲ့ညို၊ ယုံမည်ကိုမျှ၊ သံချိုဟမြွက်၊ ရိပ်မည်ခက်ခဲ့[၄]၊ ကိုးချက်နာရီ၊ နွဲ့မှီစက်ပါး[၅]၊ လရထားသည်။ ။ နဂါးနီးပြန်ခဲ့တကား။
၂။ ကမုဒ်ရွှေကြာ၊ ထပ်တရာမှ[၆]၊ ရောက်လာပြိုင်ဘော်၊ နှိုင်းဆသော်လည်း[၇]၊ တွေးခေါ်မည်ပင်၊ လူမျိုးထင်လိမ့်၊ မြသွင်လိုလို၊ ရွှေကိုယ်ရှိမ်းရှိမ်း၊ ပြစ်ယိမ်းကင်းနေ[၈]၊ သွယ်ခွေရွက်ညို့၊ ဖြူမြိတ်စို့လည်း၊ နားသို့ညွတ်ညွတ်[၉]၊ မလွှတ်လောက်သေး၊ ထွန်းရိပ်ပြေးရှင့်[၁၀]၊ မုလေးစပယ်၊ နံ့ကြွယ်ကြိုင်ဖြည်း၊ မိန့်မည်နည်းခဲ့၊ နတ်လည်းနိုးခဲ[၁၁]၊ ခဝဲပွင့်သော်၊ ရိုက်ဆော်ကျူးဖြား[၁၂]၊ မကြားအောင်မျှ၊ ကြာမောလှ၏၊ ပန်းရဆန်းသာ[၁၃]၊ စိတ်မှာဖြေခက်၊ ဝါရက်ဝယ်ပင်[၁၄]၊ စုံလျှင်ခန့်ရည်၊ လျှောက်ပါသည်ကို၊ သွန်းကြည်စံလှော်၊ နှောင်းစွန်မြော်သည်[၁၅]။ ။ နားတော်ငြီးပြန်ခဲ့တကား။
၃။ တမုတ်ပြေဝါ၊ စိမ်းပြာညိုမြ၊ ခြယ်စုံလှသို့[၁၆]၊ ညွန့်ပမမြန်း၊ ထွေထွေစွန်းသား[၁၇]၊ ရေပန်းမြစ်ဆိပ်[၁၈]၊ ပွင့်မျောရိပ်က၊ နတ်အိပ်ခဲ့သေး၊ ရင်းမာမွှေး၍၊ ငှက်ကျေးနှုန်းပုံ၊ ပျော်ချင်တုံလည်း၊ ပေါင်းရုံမျှရက်[၁၉]၊ လင့်မည်ခက်ခဲ့၊ သည်ထက်ကြာဘိ၊ မေ့ဘွယ်ရှိ၏၊ မျက်စိစိတ်ပျံ့၊ မကြိုးဝံ့တည့်[၂၀]၊ နူးညံ့သာချို၊ ဆိုသည်ပီပီ၊ နှင့်မညီသော်၊ ကုံးသီမြဝတ်၊ လွှတ်မလွှတ်ကို၊ ချစ်ထွတ်တင်ထား၊ သနားပါအောင်၊ လက်ဆောင်အသက်၊ နှင်းဆက်ပါချင်[၂၁]၊ ဝါလုံးစင်သည်။ ။ လွမ်းအင်ကြီးပြန်ခဲ့တကား။
မူကွဲ
[ပြင်ဆင်ရန်]- ↑ ရစ်၍ဆိုက်သား [လ]
- ↑ နေထက်ထူးမျှ [လ]
- ↑ ညှိုးယော်ခွေခေါက်၊ မလျှောက်စတောင်း [ရ]
- ↑ ရိပ်ခြည်ခက်ခဲ့ [မ] [လ]
- ↑ နွှဲမှီစက်ပါး [လ]
- ↑ ချပ်တရာမှ [လ]
- ↑ သခင်သော်လည်း [မ]
- ↑ ပြစ်ယိမ်းနေနေ [လ]
- ↑ နားသို့သွယ်ညွှတ် [လ]
- ↑ ယွန်းရိပ်ပြေးရှင့် [လ]
- ↑ နတ်လည်းနိုးဆဲ [ရ] [မ]
- ↑ ရိုက်ဆော်မိုးသား [ရ] [မ] [လ]
- ↑ ပန်းလျဆန်းသာ [လ]
- ↑ ဝါရက်ဝယ်ဝင် [လ]
- ↑ နှောင်းစွန်းမျှော်သည် [လ]
- ↑ ချည်စုံလှသို့ [လ]
- ↑ တွေးတွေးစွန်းသား [မ]
- ↑ ရေပန်းမြစ်ထိပ် [လ]
- ↑ ဆောင်းရုံမျှရက် [ရ] [မ]
- ↑ မစဝံ့တည့် [ရ]
- ↑ နှင်းဆက်ချင်ချင် [လ]
မှတ်ချက်
- မန္တလေးတက္ကသိုလ်ကျောင်း၊ သုတေသနအဖွဲ့၊ အုပ်ချုပ်သူ 'ဦးကိုလေး' (ကျောင်းအုပ်ကြီး) ပုံနှိပ်ထုတ်ဝေပြီး မောင်ချမ်းမြ (မဟာဝိဇ္ဇာ) တည်းဖြတ်သောစာစဉ် (၂)၊ နတ်သျှင်နောင်ဆို ရတုများမှ ... မြန်မာ့ကြက်သရေတိုက်ထုတ် စာအုပ်မူ ကို မူတည်ရေးသားထားပါသည်။
- [ရ] - ရန်ကုန် ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်ထုတ် စာအုပ်မူ
- [မ] - မန္တလေး ဟံသာဝတီပိဋကတ်တိုက်ထုတ် စာအုပ်မူ
- [လ] - မန္တလေးမြို့၊ မြောက်ပြင်၊ လုံးတော်ကျောင်းတိုက် ပေမူ (နတ်သျှင်နောင်ရတုပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီစာအုပ်တိုက်ထုတ်စာအုပ်၏ မူတည် ရတု)
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |