မာတိကာသို့ ခုန်သွားရန်

သာကေတဇာတ် -၁

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၆၈။ သာကေတဇာတ်
3665ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၆၈။ သာကေတဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ဣတ္ထိဝဂ်

၈။ သာကေတဇာတ်

နှစ်ဦးကုန်သော ပုဏ္ဏား ပုဏ္ဏေးမတို့၏လက်၌ ဘဝပေါင်း တထောင့်ငါးရာတို့ပတ်လုံး မြတ်စွာဘုရားအလောင်း ကြီးရဘူးသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယသ္မိံ မနော နိဝိသတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာကေတဇာတ်ကို သာကေတမြို့ကိုအမှီပြု၍ အဉ္ဇနအမည်ရှိသောဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းခြံရံလျက် သာကေတမြို့သို့ ဆွမ်းအလို့ငှာဝင်တော်မူသောအခါ၌ တယောက်သော သာကေတမြို့၌နေသော အိုမင်းသောပုဏ္ဏားသည် မြို့မှအပသို့သွားသည်ရှိသော် မြို့တံခါးအတွင်း၌ မြတ်စွာဘုရားကိုမြင်၍ ခြေတော်ရင်း၌ဝပ်ပြီးလျှင် ဖမျက်တို့၌မြဲစွာကိုင်၍ ချစ်သား ချစ်သားတို့မည်သည်ကား အမိအဘတို့အိုမင်းသောကာလ၌ လုပ်ကျွေးအပ်ကုန်သည်မဟုတ်လော၊ အဘယ်ကြောင့် ဤမျှလောက်သောကာလပတ်လုံး ငါတို့အား ကိုယ်ကိုမျှမပြသနည်း၊ ငါသည် ရှေးဦးစွာ မြင်ရသည်ဖြစ်၏။ သင်၏အမိကို မြင်စိမ့်သောငှါ လာလှည့်ဟု မြတ်စွာဘုရားကိုပင့်၍ မိမိ၏အိမ်သို့သွား၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားအိမ်သို့ ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ သံဃာနှင့်တကွနေတော်မူ၏။ ပုဏ္ဏေးမသည်လည်း လာလတ်၍ မြတ်စွာဘုရားခြေတော်ရင်း၌ဝပ်၍ ချစ်သား ဤမျှလောက်သောကာလပတ်လုံး အဘယ်အရပ်၌နေသနည်း၊ သားတို့မည်သည်ကား မိဘကို အိုမင်းသောကာလ၌ လုပ်ကျွေးအပ်ကုန်သည် မဟုတ်လောဟု ငိုကြွေး၏။ သားသ္မီးတို့ကိုလည်း လာလှည့်ကြကုန်၊ အစ်ကိုကြီးကို ရှိခိုးကြလောဟု ဆို၍ ရှိခိုးစေ၍ နှစ်ယောက်ကုန်သော ပုဏ္ဏားပုဏ္ဏေးမတို့သည် နှစ်သက်သောစိတ်ရှိကုန်သည်ဖြစ်၍ ကြီးသောအလှူကိုပေးကုန်၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စကိုပြီးစ၍နှစ်ယောက်လည်းဖြစ်ကုန်သောသူတို့အား ဇရာသုတ်ကိုဟောတော်မူ၏။

ထိုသုတ်ကို ဟောတော်မူသည်၏အဆုံး၌ နှစ်ယောက်လည်း ဖြစ်ကုန်သော ပုဏ္ဏား, ပုဏ္ဏေးမတို့သည် အနာဂါမိ ဖိုလ်၌တည်ကုန်၏။ မြတ်စွာဘုရားသည် နေရာမှထတော်မူ၍ အဉ္ဇနမည်သော ဥယျဉ်သို့သာလျှင် ကြွတော်မူ၏။ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ပုဏ္ဏားသည် မြတ်စွာဘုရား၏ အဘသည် သုဒ္ဓေါဒနမင်းကြီးတည်း အမိသည် မဟာမာယာတည်းဟု သိ၏။ သိလျက်လျှင် ပုဏ္ဏေးမနှင့်ကကွ မြတ်စွာဘုရားကို ငါတို့သားဟူ၍ ဆို၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူ၏။ အကြောင်းများအသို့နည်းဟု စကားကိုဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူ၍ ရဟန်းတို့ နှစ်ယောက်လည်းဖြစ်ကုန်သော ပုဏ္ဏားပုဏ္ဏေးမတို့သည် မိမိတို့၏ သားကိုသာလျှင် သားဟူ၍ဆိုကုန်၏။ ဤသို့မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဤပုဏ္ဏားသည် မပြတ်လျှင် ဘဝငါးရာတို့ပတ်လုံး ငါ၏အဘဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ဘထွေးဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ဘကြီးဖြစ်ဘူးပြီ။ ထိုပုဏ္ဏေးမသည်လည်း မပြတ်လျှင် ဘဝငါးရာတို့ပတ်လုံး ငါ၏အမိဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ မိထွေးဖြစ်ဘူးပြီ၊ ဘဝငါးရာတို့ပတ်လုံး ငါ၏ မိကြီးဖြစ်ဘူးပြီ၊ ဤသို့လျှင် ငါဘုရားသည် ဘဝတထောင့်ငါးရာတို့ပတ်လုံး ပုဏ္ဏား၏လက်၌ကြီး၏။ ဘဝတထောင့်ငါးရာတို့ပတ်လုံး ပုဏ္ဏေးမ၏လက်၌ကြီး၏ဟု ဘဝသုံးထောင်တို့ကို ဟောတော်မူ၍-

၆၈။ ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပီ ပသီဒတိ။
အဒိဋ္ဌပုဗ္ဗကေ ပေါသေ၊ ကာမံ တသ္မိမ္ပိ ဝိဿသေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၆၈။ အဒိဋ္ဌပုဗ္ဗကေ၊ ဤဘဝ၌ ရှေးက မမြင်ဘူးသော ယသ္မိံ ပေါသေ၊ အကြင်ပုဂ္ဂိုလ်၌။ မနော၊ စိတ်သည်။ နိဝိသတိ၊ တည်၏။ စိတ္တံ၊ စိတ်သည်။ ပသီဒတိ စာပိ၊ ကြည်လည်း ကြည်ညို၏။ တသ္မီမ္ပိ ပေါသေ၊ ထိုပုဂ္ဂိုလ်၌ လည်း။ ကာမံ၊ စင်စစ်။ အနုဘူတပုဗ္ဗသိနေဟေနေဝ၊ ရှေး၌ဖြစ်သော ချစ်ခြင်းဖြင့်သာလျှင်။ ဝိဿသေ၊ အကျွမ်းဝင်၏။

ဇာတ်ပေါင်း... ဤသို့လျှင် မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ပုဏ္ဏားသည်၎င်း၊ ပုဏ္ဏေးမသည်၎င်း ထိုအခါ ထိုသူနှစ်ယောက်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သားဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပုဏ္ဏားမောင်နှံ၊ သူတို့ထံ၊ ဖန်ဖန် ကြီးခဲ့သည်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သာကေတဇာတ်သည် ပြီး၏။

*****