မာတိကာသို့ ခုန်သွားရန်

သာရိပုတ္တတ္ထေရဝတ္ထု -၂

ဝီကီရင်းမြစ် မှ

အရဟန္တဝဂ်

၆။ အရှင်သာရိပုတြာမထေရ်ဝတ္ထု

ပထဝိသမောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရှင်သာရိပုတြာအား ရိုက်မှုဖြင့် စွဲဆိုခြင်း

တစ်ပါးသောအခါ အရှင်သာရိပုတြာမထေရ်သည် ဝါကျွတ်လတ်သဖြင့် ဒေသစာရီ ဖဲသွားလိုရကား မြတ်စွာဘုရားကို ပန်ကြား၍ ရှိခိုးပြီးလျှင် မိမိ၏အခြံအရံနှင့်တကွ ထွက်သွားတော်မူလေ၏။ ထိုမှတစ်ပါး များစွာကုန်သော ရဟန်းတို့သည်လည်း မထေရ်သို့ အစဉ်လိုက်ပို့ကြကုန်၏။ မထေရ်မြတ်သည် အမည်,အမျိုး,အစွမ်းအားဖြင့် ထင်ရှားကုန်သော ရဟန်းတို့ကို အမည်,အမျိုး,အစွမ်းအားဖြင့် ပြောကြား၍ ပြန်သွားဆုတ်နစ်စေလေ၏။ အမှတ်မရှိ အမည်,အမျိုး,အစွမ်းအားဖြင့် မထင်ရှားသော ရဟန်းတစ်ပါးသည်ကား “ငါ့ကိုလည်း အမည်,အမျိုး,အစွမ်းအားဖြင့် ချီးမြှောက်လျက် ပြောဆို၍ ပြန်သွားဆုတ်နစ်စေပါမူကား ကောင်းလေစွတကား”ဟု ကြံစည်အောက်မေ့လေ၏။ မထေရ်မြတ်သည် များစွာသော ရဟန်းသံဃာအပေါင်း၏အကြား၌ ထိုရဟန်းကို မမှတ်သားမိဘဲ ရှိလေ၏။ ထိုရဟန်းသည် “အခြားသောရဟန်းတို့ကဲ့သို့ ငါ့ကို မချီးမြှောက်”ဟု ကြံအောက်မေ့၍ မထေရ်၌ ရန်ငြိုးဖွဲ့ လေ၏။ မထေရ်၏ ဒုကုဋ်စွန်းသည်လည်း ထိုရဟန်း၏ကိုယ်ကို ထိမိခဲ့လေ၏။ ထို့ကြောင့်လည်း ရန်ငြိုးဖွဲ့သည်သာလျှင်တည်း။

“ယခုအခါ မထေရ်သည် ကျောင်းဥပစာကို လွန်မြောက်သည် ဖြစ်လတ္တံ့”ဟု သိရသဖြင့် ထိုရဟန်းသည် ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်ကို အရှင်သာရိပုတြာသည် ရှင်တော်မြတ်ဘုရားတို့၏ အဂ္ဂသာဝကတစ်ပါး ဖြစ်၏ဟု ထောင်လွှားလျက် နားရွက်ကို ရိုက်ခွဲသကဲ့သို့ ပုတ်ခတ်ပြီးလျှင် မတောင်းပန်ဘဲသာလျှင် ဒေသစာရီ ဖဲသွားပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ ဘုရားရှင်သည် အရှင်သာရိပုတြာမထေရ်ကို ခေါ်စေတော်မူ၏။ ထိုခဏ၌ ရှင်မောဂ္ဂလာန်မထေရ်သည်လည်းကောင်း၊ အရှင်အာနန္ဒာမထေရ်သည်လည်းကောင်း ဤသို့ ကြံစည်ကြကုန်၏။ “ဤရဟန်း၏ ရန်ငြိုးဖွဲ့သည့်အဖြစ်ကို ဘုရားရှင် မသိသည်မဟုတ်၊ ငါတို့၏ အဂ္ဂသာဝက နောင်တော်ကြီးကို ခြင်္သေ့သံကဲ့သို့ ရဲရင့်စွာ မြတ်သောစကားကိုဆိုခြင်းငှာ အလိုတော်ရှိသည်ဖြစ်လတ္တံ့၊ ထို့ကြောင့် ပရိသတ်ကို စည်းဝေးစေကြကုန်စို့အံ့”ဟု ကြံစည်ကြ၍ ရှင်မောဂ္ဂလာန်၊ ရှင်အာနန္ဒာတို့သည် သံကောက်(သော့) လက်စွဲကုန်လျက် ပရိဝုဏ်ကျောင်းငယ် တံခါးတို့ကိုဖွင့်၍ “အရှင်တို့- ထွက်ကြပါကုန်လော့၊ ယခုအခါ အရှင်သာရိပုတြာသည် ဘုရားမျက်မှောက် မကြောက်မရွံ့သောစကားကို ဆိုတော်မူလတ္တံ့”ဟု တိုက်တွန်းသဖြင့် များစွာသော ရဟန်းသံဃာအပေါင်းကို စည်းဝေးစေတော်မူကြလေကုန်၏။ အရှင်သာရိပုတြာမထေရ်သည်လည်း ကြွလာ၍ ဘုရားရှင်ကိုရှိခိုးလျက် နေလေ၏။

အရှင်သာရိပုတြာ ဥပမာ(၉)ပါးဖြင့် လျှောက်ထားပုံ

ထိုအခါ အရှင်သာရိပုတြာကို မြတ်စွာဘုရားသည် ထိုအကြောင်းကိုမေးတော်မူ၏။ အရှင်သာရိပုတြာသည် “ဤရဟန်းကို တပည့်တော် မပုတ်ခတ်ရပါဘုရား”ဟု မလျှောက်ထားမူ၍ မိမိဂုဏ်ကျေးဇူးနှင့် စပ်သောစကားကို ဆိုလိုသဖြင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အကြင်ရဟန်းအား ကိုယ်၌ ကာယဂတာသတိသည် အဖန်တလဲလဲ ရှေးရှုထင်ရှားသည် ဖြစ်ခဲ့ငြားအံ့၊ ထိုရဟန်းသည် ဤသာသနာတော်၌ အမှတ်မရှိ တစ်စုံတစ်ယောက်သော သီတင်းသုံးဖော်ကို ထိခိုက်ပြစ်မှားမိလျှင် အပြစ်ကို မစွန့်မူ၍ အပြစ်တန်းလန်း ခရီးဒေသစာရီ ဖဲသွားနိုင်ပါအံ့နည်း”ဟု လျှောက်ထားပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဥပမာမည်သည် မဟာပထဝီမြေကြီး၌ သန့်ရှင်းစင်ကြယ်သောဝတ္ထုကိုလည်း စွန့်ပစ်ကြပါကုန်၏။ မစင်ကြယ်သောဝတ္ထုကိုလည်း စွန့်ပစ်ကြပါကုန်၏။” ဤသို့ အစရှိသောနည်းဖြင့် မိမိ၏ မြေနှင့်တူစွာ စိတ်ရှိသည့်အဖြစ်ကိုလည်းကောင်း ရေ, မီး, လေ, ခြေသုတ်စရာအဝတ်စုတ်, ဒွန်းစဏ္ဍားသတို့သား, ဦးချိုကျိုးသော နွားလားဥဿဘနှင့်တူစွာ စိတ်ရှိသည့်အဖြစ်ကိုလည်းကောင်း၊ မြွေကောင်ပုပ် စသည်တို့အလား မိမိ၏ကိုယ်ဖြင့် ငြီးငွေ့သည့်အဖြစ်ကိုလည်းကောင်း၊ ဝါးလုံးဖျားသို့တက်သော “မေဒကထာလိကာ”မည်သော လုလင်ကဲ့သို့ (ဤအကြောင်းကို မဟာဝဂ္ဂသံယုတ်၊ သတိပဋ္ဌာန၊ နာလန္ဒဝဂ်၊ ကိုးခုမြောက်သုတ်၌ ဟောထား၏။) မိမိ၏ကိုယ်ကို သတိမကင်း ဆောင်ယူခြင်းကိုလည်းကောင်း ထင်ရှားစွာ ဖော်ပြလျှောက်ထားလေ၏။

(ဤကိုးပါးသော ဥပမာတို့ဖြင့် မထေရ်မြတ်သည် မိမိ၏ဂုဏ်ကျေးဇူးကို ဆိုလတ်သည်ရှိသော် ကိုးပါးသောနေရာတို့၌ပင် ရေအဆုံးရှိသည်ကိုပြု၍ မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။ ခြေသုတ်စရာအဝတ်စုတ်၊ ဒွန်းစဏ္ဍားသတို့သား၊ မေဒကထာလိကာ ဥပမာကို ဆောင်သောကာလ၌ ပုထုဇဉ်ရဟန်းတို့သည် မျက်ရည်တို့ကို ကောင်းစွာထားခြင်းငှာ (ဆည်ခြင်းငှာ) မတတ်နိုင်ကြကုန်။ ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂသည် ထင်စွာဖြစ်လေ၏။)

စွပ်စွဲသောရဟန်း တောင်းပန်ခြင်း

အရှင်သာရိပုတြာမထေရ်သည် မိမိ၏ဂုဏ်ကျေးဇူးကို ဆိုစဉ်ပင်လျှင် စွပ်စွဲသောရဟန်း၏ ကိုယ်အလုံး၌ ပူလောင်ခြင်းသည် ဖြစ်လေ၏။ ထိုရဟန်းသည် ထိုခဏ၌ပင်လျှင် ဘုရားရှင်၏ ခြေတော်တို့၌ဝပ်၍ မိမိ၏ စွပ်စွဲမိသောအပြစ်ကို ထင်ရှားစွာဖော်ပြ၍ အပြစ်ကို လျှောက်ကြားတောင်းပန်လေ၏။ မြတ်စွာဘုရားသည် အရှင်သာရိပုတြာကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတြာ- ဤရဟန်း၏ဦးခေါင်းသည် ခုနစ်စိတ်မကွဲမီ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော ဤရဟန်းအား သည်းခံစေလော့၊ ကန်တော့ခံလေလော့”ဟု မိန့်တော်မူလေ၏။ မထေရ်သည် ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်သည် ထိုအရှင်မြတ်အား သည်းခံပါ၏။ ဘုရားတပည့်တော်အားလည်း အကယ်၍ အပြစ်ရှိသည်ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် အရှင်မြတ်သည်လည်း တပည့်တော်၏အပြစ်ကို သည်းခံစေသတည်း”ဟု လျှောက်ဆိုလေ၏။ ရဟန်းတို့သည် “ငါ့ရှင်တို့- ယခုအခါ မထေရ်မြတ်ပြုအပ်သော နှိုင်းယှဉ်စရာ ဥပမာကင်းသော ဂုဏ်ကျေးဇူးကို ကြည့်ရှုကြကုန်လော့။ ဤသို့သဘောရှိသော မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲသော ရဟန်း၏အပေါ်၌ အနည်းငယ်မျှလည်းဖြစ်သော အမျက်ငယ်ကိုလည်းကောင်း၊ အမျက်ကြီးကိုလည်းကောင်း မပြုမူ၍ မိမိကိုယ်တိုင်ပင် ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီကာ ကန်တော့သေး၏”ဟု ပြောဆိုကြကုန်၏။ ဘုရားရှင်သည် ထိုစကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား-- ဤမည်သောစကား ပြောဆိုကြပါသည်ဘုရား”ဟု နားတော်လျှောက်သော် “ချစ်သားရဟန်းတို့- သာရိပုတြာနှင့် တူကုန်သောသူတို့အား အမျက်ငယ်ကိုလည်းကောင်း၊ အမျက်ကြီးကိုလည်းကောင်း ဖြစ်စေခြင်းငှာ မတတ်ကောင်း၊ ချစ်သားရဟန်းတို့- သာရိပုတြာ၏စိတ်သည် မဟာပထဝီမြေကြီးနှင့် တူ၏။ တံခါးခုံနှင့်လည်း တူ၏။ ကြည်သောရေရှိသော ရေအိုင်နှင့်လည်း တူ၏”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၉၅] ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခီလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါ ဣဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပထဝိသမော၊ မြေကြီးနှင့် တူသည်ဖြစ်၍လည်းကောင်း။ ဣန္ဒခီလုပမော၊ တံခါးတိုင်နှင့် တူသည်ဖြစ်၍လည်းကောင်း။ နော ဝိရုဇ္ဈတိ၊ မဆန့်ကျင်။ ဝါ၊ လျော်ခြင်းလည်းမဖြစ်, မလျော်ခြင်းလည်း မဖြစ်။ တာဒိ၊ လောကဓံတရား ရှစ်ပါးတို့ကြောင့် မတုန်မလှုပ် ပကတိသဘောရှိ၏။ သုဗ္ဗတော၊ ကောင်းသောအကျင့်ရှိ၏။ အပေတကဒ္ဒမော၊ ကင်းသော ညွန်ရှိသော။ ရဟဒေါ ဣဝ၊ ရေအိုင်ကဲ့သို့။ ပသန္နော၊ ကြည်လင်သောစိတ်ရှိ၏။ တာဒိနော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ သံသာရာ၊ သုဂတိဒုဂ္ဂတိတို့၌ ကျင်လည်ခြင်းတို့သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ကိုးထောင်သော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။

ရှင်သာရိပုတြာမထေရ်ဝတ္ထုပြီး၏။