သိဒ္ဓတ္ထဘုရားရှင်
၁၉။ သိဒ္ဓတ္ထဗုဒ္ဓဝင်
[ပြင်ဆင်ရန်]ဓမ္မဒဿီဘုရားရှင် ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ဘုရားမပွင့်သည့် သုညကမ္ဘာ တစ်ထောင့်ခုနစ်ရာ ခြောက်ကမ္ဘာ လွန်မြောက်ပြီးသောအခါ ဘုရားတစ်ဆူသာပွင့်သည့် သာရ ကမ္ဘာ ပေါ်ပေါက်ခဲ့သည်။ ထိုသာရကမ္ဘာ သည် ဤဘဒ္ဒကမ္ဘာမှပြန်၍ရေသော် ကိုးဆယ့်လေးကမ္ဘာ အထက်၌ဖြစ်ခဲ့၏။ ထိုသာရကမ္ဘာတွင် လူတို့၏သက်တမ်း တစ်သိန်းတမ်း၌ သိဒ္ဓတ္ထ ဘုရား ပွင့်တော်မူခဲ့သည်။
သိဒ္ဓတ္ထဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်တော်မူရန် ချိန်တန် သင့်မြတ်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် ဝေဘာရ နေပြည်တော် ဥဒေနမင်းကြီး၏ တောင်ညာစံဒေဝီ၊ အဂ္ဂမဟေသီ သုဖဿာ အမည်ရှိသော မိဖုရားခေါင်ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်း တော်မူခဲ့ သည်။ ဆယ်လစေ့မြောက် အချိန်ကာလရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော် မင်းသားကို ဝီရိယအမည်ရှိသော ဥယျာဉ်တော်ကြီး၌ မီးရှူးသန့်စင် ဖွားမြင်တော် မူခဲ့၏။ အလောင်းတော်မင်းသား ပဋိသန္ဓေနေ တော်မူသောအခါ၊ ဖွားမြင် တော် မူသောအခါတို့၌ နိမိတ်ကြီးများထင်ခဲ့သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ် လေ့ရှိသည့် ဓမ္မတာအတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။ အလောင်းတော်မင်းသား ဖွားမြင်တော်မူ သောအခါ သူခပ်သိမ်းတို့ ပြုလုပ်အပ်သော အမှုကြီးငယ်နှင့် တောင့်တအပ်သော အကျိုးတရားတို့သည် အောင်မြင်ပြီး စီး ခြင်းသို့ ရောက်ခဲ့ကြကုန်သောကြောင့် ဆွေမျိုးများက အလောင်းတော်မင်းသားကို “သိဒ္ဓတ္ထမင်းသား” ဟု အမည်မှည့်ခေါ်ခဲ့ကြကုန်၏။
ထီးနန်းစိုးစံတော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သိဒ္ဓတ္ထမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ်တော်သို့ ရောက်သောအခါ သောမနဿဒေဝီ မိဖုရားနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ၊ ရာသီနှင့် လိုက်အောင် ဆောက်လုပ်ထား သော ကောကရွှေနန်းဆောင်၊ သုပ္ပလ ရွှေနန်းဆောင်၊ ကောကနဒရွှေနန်းဆောင် တည်းဟူသော နန်းပြာသာဒ် သုံးဆောင်တို့၌ သောမနဿဒေဝီ မိဖုရား အမှူးရှိသော ရံရွေတော် လေးသောင်းရှစ်ထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ခြင်းကို ခံယူလျက် အနှစ်တစ်သောင်းတို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ အနုပမမင်းသား ဖြစ်ခဲ့၏။
တောထွက်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ထီးနန်းစည်းစိမ်ကို ခံစားတော် မူနေစဉ် နတ်တို့ဖန်ဆင်း ပြခဲ့သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော် မူခဲ့၏။ သောမန ဿဒေဝီ မိဖုရားကြီးမှ သားတော် အနုပမ မင်းသားကို ဖွားမြင်တော်မူသောအခါ ဝါဆိုလပြည့်နေ့၌ ရွှေထမ်းစင်စီးပြီ တောထွက်တော် မူခဲ့သည်။ ဝီရိယဥယျာဉ်တော်သို့ ရောက်လေလျှင် မင်းဝတ်တန်းဆာတို့ကို ပယ်စွန့်၍ ဗြဟ္မာကြီးလှူဒါန်းသော ကြာသင်္ကန်း ဖြင့် ရဟန်းပြုတော်မူခဲ့သည်။ အလောင်းတော် မင်းသား ရဟန်းပြုသည်ကို အတုလိုက် အားကျကာ ကုဋေ တစ်သိန်းမျှသော ယောက်ျားတို့လည်း ရဟန်းပြုခဲ့ကြကုန်၏။ အလောင်းတော်သည် ထိုရဟန်း တို့နှင့် အတူအကွ ဒုက္ကရစရိယခေါ် ကျင့်နိုင်ခဲသော အကျင့်တော်မြတ်ကို ဆယ်လကြာအောင် ကျင့် တော်မူခဲ့သည်။ ဘုရားဖြစ်မည့် ကဆုန်လပြည့် နေ့ဝယ် အသဒိသ ပုဏ္ဏားရွာ သုနေတ္တာ အမည်ရှိ သော ပုဏ္ဏေးမပျို၏ လှူဒါန်းအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင် တော်မူလျက် ထိုအရပ်ရှိ ဆီးတောကြီးအတွင်း၌ နေခိုတော်မူခဲ့သည်။
ဘုရားဖြစ်တော်မူခြင်း
[ပြင်ဆင်ရန်]ဆီးတောကြီးအတွင်း၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သော်အခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွါ၍ မဟာဗောဓိပင်ရှိရာသို့ တစ်ပါးတည်းကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ ဝရုဏအမည်ရှိသော မုယောခင်းစောင့် လှူဒါန်းသည့်မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့ကာ မဟာဗောဓိ(မဟာလှေကား)ပင်သို့ ရောက်တော်မူလေလျှင် မြက်ရှစ်ဆုပ်ကို မဟာဗောဓိ (မဟာလှေကား)ပင်အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် အတောင်လေးဆယ် ပမာဏ ရှိသော အပရာဇိတပလ္လင်တော်ပေါ်ပေါက် တော်မူခဲ့၏။ အလောင်းတော်သည် ထိုအပရာဇိတ ပလ္လင်တော် ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူပြီး အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက် တည်တော်မူကာ တရားအား ထုတ် တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ ဘုရားဖြစ်တော်မူခဲ့သည်။
ဓမ္မစကြာတရားဦးကို ဟောတော်မူခြင်း
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့သည်။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော်မူပြီး တရား ဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှု့တော်မူ လေလျှင် ကိုယ်တော်မြတ်နှင့်အတူ လိုက်ပါရဟန်း ပြုခဲ့ကြ သော ကုဋေတစ်သိန်းသော ရဟန်းတို့ကို မြင်တော်မူခဲ့သည်။ ဘုရားရှင်သည် ထိုရဟန်းများရှိရာ မဟာဗောဓိ ပင်မှ တစ်ဆယ့် ရှစ်ယူဇနာ ကွာဝေးသော မိဂဒါဝုန်တောသို့ ကောင်းကင်ခရီးဖြင့် ခဏချင်းကြွသွားတော် မူခဲ့၏။ မိဂဒါဝုန် တောသို့ ရောက်တော်မူသောအခါ ထိုရဟန်းတော် ကုဋေတစ်သိန်းကို အမှူးထား၍ တရားနာရန် လာ ရောက်ကြကုန် သော လူနတ်ဗြဟ္မာသတ္တဝါတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြား တော်မူမြဲ ဖြစ်သော ဓမ္မစက္က ပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ တရားတော် ဆုံးသောအခါ ကုဋေတစ်သိန်းသော သတ္တဝါတို့ မဂ်ဖိုလ် တရား ထူးကို ရခဲ့ကြကုန်၏။
ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း
[ပြင်ဆင်ရန်]ဂေါတမဘုရား အလောင်းတော်သည် သုရသေနမြို့တွင် ဝေဒကျမ်းတို့၌ ကမ်းတစ်ဖက် ရောက်တတ် မြောက်သည့် မင်္ဂလမည်သော ပုဏ္ဏားဖြစ်ခဲ့၏။ အလောင်းတော် ပုဏ္ဏားသည် ၎င်းင်းပိုင် ကုဋေပေါင်း များစွာသော ဥစ္စာတို့ကို ကိုးကွယ်ရာမဲ့သူ စသည်တို့အား စွန့်ကြဲ လှူဒါန်းခဲ့ပြီး ရှင်ရသေ့ ဝတ်ခဲ့၏။ ရှင်ရသေ့သည် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ထက်မြက် သောတန်ခိုး အာနုဘော်နှင့် ပြည့်စုံခဲ့သည်။ တစ်နေ့သော် လောက၌ သိဒ္ဓိတ္ထဘုရားရှင် ပွင့်တော်မူကြောင်း ကြားသိရ၍ ဘုရားရှင် ထံ ချဉ်းကပ်ခဲ့၏။ ဘုရားရှင်၏ တရားတော်ကို ကြားနာရသောအခါ လွန်စွာ ကြည်ညိုလှသဖြင့် ဇမ္ဗုသပြေပင်မှ အသီးများကို ဆောင်ယူခဲ့၍ ဘုရားရှင်နှင့်တကွ တပည့်သံဃာ ကုဋေကိုး ဆယ် တို့အား ဇမ္ဗုသပြေသီးတို့ဖြင့် လုပ်ကျွေးကာ နှစ်သိမ့်စေခဲ့သည်။ ထိုအခါ သိဒ္ဓတ္ထဘုရားရှင်က “ဤမင်္ဂလ ရသေ့သည် ဤကမ္ဘာမှ ကိုးဆယ့် လေးကမ္ဘာသို့ ရောက်သောအခါ ဘဒ္ဒကမ္ဘာ၌ ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ် စကားမိန့်ကြားတော်မူခဲ့၏။ ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြားရလေလျှင် အလောင်းတော် မင်္ဂလ ရသေ့သည် ဝမ်းမြောက် ဝမ်းသာ ဖြစ်လျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည် ခဲ့လေသည်။
သိဒ္ဓတ္ထဘုရားရှင်၏ တပည့်သာဝကများ
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရားရှင်၏(အဂ္ဂသာဝက) မြတ်သောတပည့်အစုံတို့မှာ အရှင်သမ္ဗလမထေရ်နှင့် အရှင်သုမိတ္တမထေရ် တို့ဖြစ်ကုန်၍ အလုပ်အကျွေး ရဟန်းတော်မှာ အရှင်ရေဝတ မထေရ်ဖြစ်ခဲ့သည်။ အရှင်မ သီဝလာထေရီနှင့် အရှင်မ သုရာမာထေရီတို့သည် ဘုရားရှင်၏(အဂ္ဂသာဝိကာ)မြတ်သော တပည့်မ တို့ ဖြစ်ခဲ့ကုန်ပြီး ပွင့်တော်မူရာ ဗောဓိပင်မှာ မဟာလှေကားပင်ဖြစ် ခဲ့၏။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့သည် သုပ္ပိယသူဌေးနှင့် သမုဒ္ဒသူဌေးတို့ ဖြစ်ခဲ့ကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေးဒါယိကာမများမှာ ရမ္မာဥပါသိကာမနှင့် သုရမ္မာ ဥပါသိကာမတို့ ဖြစ်ခဲ့ ကြသည်။ သိဒ္ဓတ္ထ ဘုရားရှင်၏ အရပ်တော်သည် အတောင်ခြောက်ဆယ် မြင့်တော်မူခဲ့၍ ပူဇော် ဖွယ်ရာ စီမံထားသော ရတနာတိုက်ကြီးနှင့် တူတော်မူကာ တစ်သောင်း သောလောကဓါတ်၌ တင့်တယ်တော်မူခဲ့၏။
(ဓမ္မာဘိသမယ)တရားပွဲကြီးများ
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရားရှင်၏ မိဂဒါဝုန်တော၌ ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုတော်မူခဲ့ကြသည့် ကုဋေ တစ်သိန်းသော ရဟန်းတော်တို့ကို အမှူးထား၍ ဓမ္မစကြာတရားဦးကို ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိ သမယ)တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေ တစ်သိန်းသော သတ္တဝါတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင် ခဲ့ကြကုန်၏။ ထို့နောက် အခါတစ်ပါးဝယ် သိဒ္ဓတ္ထဘုရားရှင် သည်ဘီမရထမင်း၏ ပင့်ဖိတ် ချက်အရ ဘီမရထမြို့သို့ ကြွသွား တော်မူပြီးလျှင် မြို့တော်၏ အလယ်၌ တင့်တယ် ခမ်းနားစွာ စီမံထားသော မင်းကွန်း၌ သီတင်းသုံး နေတော်မူလျက် သာယာနာပျော်ဖွယ်ကောင်းသော ဘုရားရှင်၏ အသံတော်ဖြင့် ဟောတော် မူသော တရားပွဲသည် ဒုတိယအကြိမ်မြောက်(ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် သိဒ္ဓတ္ထဘုရားရှင်သည် ဖွားတော်မူရာ ဝေဘာရမြို့ တော်သို့ ကြွသွားတော်မူခဲ့၍ ခမည်းတော်ဥဒေနမင်းကြီး အမှူးပြုသော ဆွေတော်မျိုးတော် တို့၏ အစုအဝေး၌ ဗုဒ္ဓဝင် ဒေသနာ တော်ကို ဟောတော် မူခဲ့သော တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိ သမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော သတ္တဝါတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ခဲ့ကြ၏။
သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရားရှင်လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်းအဝေးကြီး သုံးကြိမ် ဖြစ် ခဲ့သည်။ အမရမြို့တော်၌ သိဒ္ဓတ္ထဘုရားရှင်၏ (အဂ္ဂသာဝက)တပည့်မြတ်အလောင်းအလျာ ဖြစ်ကြကုန်သော သမ္ဗလမင်းသားနှင့် သုမိတ္တမင်းသား ညီနောင်နှစ်ဦးတို့သည် အတူအကွ မင်းပြုခဲ့ ကြကုန်၏။ ထိုအခါ သိဒ္ဓတ္ထဘုရားရှင်သည် ထိုမင်းနှစ်ဦးတို့၏ မဂ်ဖိုလ်ရ ကြောင်း ရှေးကောင်းမှု ကံကို မြင်တော်မူ၍ ထိုမင်းနှစ်ပါး အတူတကွ နန်းစိုက်ရာ အမရမြို့တော်သို့ ကြွသွားခဲ့သည်။ မြို့တော်အလယ်၌ ဆင်းသက်တော်မူ၍ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် တန်ဆာဆင်အပ်သော ခြေဖဝါးတော် တို့ဖြင့် ခြေတော်ရာ ပါဒစေတီတို့ကို ချထားခဲ့ကာ အမရဥယျာဉ်တော်သို့ ကြွသွား တော်မူခဲ့ပြီး ကျောက်ဖျာအပြင်ဝယ် သီတင်းသုံးနေတော်မူခဲ့သည်။ ထိုအခါ ညီနောင်မင်း နှစ်ပါးတို့သည် ခြေတော်ရာကို ဖူးမြင်ခဲ့ရ၍ ဘုရားရှင် သီတင်း သုံးရာ မင်းဥယျာဉ်တော်သို့ အခြံအရံ ပရိသတ်တို့နှင့်တကွ ချဉ်းကပ် ခဲ့ကြကုန်၏။ ဘုရားရှင်သည် ထိုမင်းနှစ်ပါး အမှူးထား၍ တရားဟောတော် မူခဲ့ရာ မင်းနှစ်ပါးနှင့်တကွ အခြံအရံ ပရိသတ်တို့သည် သဒ္ဓါတရား ဖြစ်ပွားခဲ့ကြ၍ ရဟန်းပြုခဲ့ကြပြီး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေသည်။ ထိုကုဋေတစ်ရာသော ရဟန်း တို့၏ အလယ်၌ သီတင်းသုံးတော်မူလျက် ဘုရားရှင်သည် ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့၏။
ထို့နောက် ဘုရားရှင်သည် ဝေဘာရမြို့တော် ဆွေတော်မျိုးတော်တို့အား ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော် မူပြီး သည်၏အဆုံး၌ ရဟန်းပြုခဲ့ ကြကုန်သော ကုဋေကိုးဆယ်သော ရဟန်းတို့၏ အလယ် ၌ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့ပြန်သည်။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။
ထို့နောက်တစ်ဖန် သုဒဿန ကျောင်းတိုက် ကြီးတွင် စုဝေးမိကြကုန်သော ကုဋေရှစ်ဆယ်သော ရဟန်းတို့၏ အလယ်၌ ဘုရားရှင်သည် သီတင်း သုံးတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့ပြန်သည်။ ထိုအစည်းအဝေးသည် တတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရားရှင်သည် အနှစ်တစ်သိန်းတို့ကာလပတ်လုံး လောက၌ တည်နေတော်မူလျက် သတ္တဝါ အနန္တတို့ကို ကယ်မ စောင့်ရှောက်တော်မူခဲ့၏။ ဘုရားရှင်သည် တပည့်သာဝကတို့အား ပြန့်ပြောသော ကိုယ်တော်ရောင် ဉာဏ်တော် ရောင်တို့ကို ပြလျက် တပည့်သာဝကတို့ကို မဂ်ဖိုလ်တရား ကားကား စွင့်စွင့် ပွင့်စေတော်မူခဲ့ပြီး တပည့်သာဝက များနှင့်အတူ ပရိနိဗ္ဗာန် ပြုတော်မူခဲ့၏။
စေတီတည်ထားကိုးကွယ်ကြခြင်း
[ပြင်ဆင်ရန်]သိဒ္ဓတ္ထဘုရားရှင်သည် အနောမဥယျာဉ်တော်ကြီး၌ ပရိနိဗ္ဗာန် ပြုတော် မူခဲ့သည်။ ထိုဥယျာဉ်တော် ကြီးအတွင်း၌ပင် စေတီတော်ကို တည်ထား ကိုးကွယ်တော်မူခဲ့ကြရာ စေတီတော်သည် လေးယူဇနာတိုင်တိုင် မြင့်တော်မူခဲ့၏။ သက်တော် ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ် မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္န ဓါတ်တော်ကို ထိုစေတီအတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီ တော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။