သိမ်မျိုးစုံမဟာဋီကာ/သင်္ကရဒေါသအတိဂမ္ဘီရဋီကာ
ခဏ္ဍသိမ် မဟာသိမ်တို့ကြား၌ စိုက်ထားအပ်သော သီမန္တရိက်၌ ရှိသော ရဟန်းသည် ခဏ္ဍသိမ် မဟာသိမ်တို့မှာ ကမ္မဝါစာဖြင့် ဖွဲ့အပ်သော ကပ္ပိယဘူမိ-ဖြစ်သည်နှင့် ၎င်းတို့၌ ကံကိုမဖျက်ဆီးနိုင်သော်လည်း မိမိတည်ရာ ဂါမခေတ်၌ ကံပြုသော ရဟန်းတို့၏ကံကို ဖျက်ဆီးနိုင်သည်။ ထိုကြောင့် မဟာဝါ အဋ္ဌကထာ (၃၂၄။)၌ -
ဂါမခေတ္တေ ဌတွာ ကမ္မံ ကရောန္တာနံ ပန သီမန္တရိကာယ ဌိတာကောပေန္တိ -ဟု မိန့်အပ်ကုန်၏။
ဥဒကုက္ခေပသိမ်၌ တစ်ဘက်မှ တစ်ဘက်တွင် သစ်ပင်ထောက်မှာ ဗဒ္ဓသိမ်နည်းတူ။
နဒီနှင့် ဂါမ ဗဒ္ဓတို့စပ်သော အရာ၌ ရေ-ကမ်းနှစ်ရပ် စပ်၍ တည်သော သစ်ပင် သစ်တုံး တံတား ကြိုးနွယ် စသည်တို့၏ ရေမှ အထက်၌တည်သော အဖို့သည် ဂါမနှင့်စပ်အံ့၊ ဂါမသာ ဖြစ်၏။ ဗဒ္ဓနှင့်စပ်အံ့၊ ဗဒ္ဓသက်သက်သာ ဖြစ်၏။ နဒီနှင့်မရော။ ထို့ ကြောင့် ၎င်းအဋ္ဌကထာ (၃၃၅။) ၌ -
ဗဟိ နဒီတီရေ ဇာတရုက္ခဿ အန္တောနဒိယံ ပဝိဋ္ဌသာခါယ ဝါ ပရောဟေ ဝါ နာဝံ ဗန္ဓိတွာ ကမ္မံ ကာတုံ န ဝဋ္ဋတိ- ဟု မိန့်၏။ ထိုစကားရပ်ဖြင့် ရေ ရေလွှမ်းရာ အရပ်သည် ကမ်းနှင့် မစပ်ပြီး ရေအရပ်၌ တည်သောသစ်ပင်၊ တံတား စသည် မြစ်သမုဒ္ဒရာ ဇာတဿရဖြစ်ကြောင်း ကမ်းနှင့် စပ်၍တည်သော ဝတ္ထုဟူသမျှသည် ဂါမ ဗဒ္ဓ ဖြစ်ကြောင်း ပြတော်မူသည်။
ထိုကြောင့် ရေ၌တည်သော လှေ စသည်ကို ကြိုးလွန်စသည်တို့ဖြင့် ကမ်းတွင် တစ်ခုခု၌ ဖွဲ့ချည်အံ့၊ ဗဒ္ဓချင်း ဥဒကုက္ခေပချင်းစပ်ရာ၌ တစ်သိမ်တည်းစပ်၏-ဟု ဆိုရသကဲ့သို့ မဆိုသင့်။ လှေတိုင်အောင်သော အရပ်သည် ဂါမ၌ ဖွဲ့ချည်အံ့၊ ဂါမသာ။ ဗဒ္ဓ၌ဖွဲ့ချည်အံ့ ဗဒ္ဓသာ သက်သက်ဖြစ်၏။ ဋီကာတို့၌မူ ဗဒ္ဓချင်း ဥဒကုက္ခေပချင်း စပ်သကဲ့သို့ တစ်သိမ်တည်းစပ်၏ဟု ဆို၏။ အဋ္ဌကထာနှင့်မညီ။
ထိုကြောင့် ရေ-ကမ်း နှစ်ရပ် စပ်၍တည်သော သစ်ပင် သစ်တုံး တံတားတို့၏ အနီး၌ ကံပြုအံ့၊ ကမ်း၏အနီး၌ ကံပြုသော ရဟန်း၏သိမ်သည် ကမ်းထက်သို့ တစ်ဆံချည်ဖျားမျှ မတက် သက်သက်ရေ၌သာ တည်သည်။ ထို့ကြောင့်-ရေကမ်းနှစ်ရပ် စပ်၍တည်သော သစ်,စသည်တို့၏အနီးတွင် ကံပြုရာ၌ ရေမှပေါ်နေသော သစ်ပင် သစ်တုံး တံတားတိုင်ကို မထိမကိုင်အံ့။ ထိုရေပေါ်၌ တင်သောသစ်ပင် စသည်တို့ကြောင့် သင်္ကရဒေါသ-ဖြစ်လေသလောဟု ယုံမှားသင်္ကာဘွယ်မရှိ။
ထိုကြောင့် ၄င်းအဋ္ဌကထာ၌ -
အန္တောနဒိယံ ဗဒ္ဓအဋ္ဋကေပိ အန္တောနဒိယံ ဇာတရုက္ခေပိ ဌိတေဟိ ကာတုံ ဝဋ္ဋတိ။ သစေ ပန ရုက္ခဿ သာခါ ဝါ တတော နိက္ခန္တပါရောဟော ဝါ ဗဟိနဒီတီရေ ဝိဟာရသီမာယ ဝါ ဂါမသီမာယ ဝါ ပတိဋ္ဌိတော, သီမံ ဝါ သောဓေတွာ သာခံ ဝါ ဆိန္ဒိတွာ ကမ္မံ ကာတဗ္ဗံ -ဟူ၍ လည်းကောင်း။ သစေ အန္တောနဒိယံယေဝ သေတု ဝါ သေတုပါဒါ ဝါ, သေတုမှိ ဌိတေဟိ ကမ္မံ ကာတုံ ဝဋ္ဋတိ။ သီမံ သောဓေတွာ ကာတဗ္ဗံ။ အထ သေတုပါဒါ အန္တော, သေတု ပန ဥဘိန္နမ္ပိ တီရာနံ ဥပရိအာကာသေ ဌိတော, ဝဋ္ဋတိ။ (မဟာဝါအဋ္ဌကထာ၊ ၃၃၅။) ဟူ၍ ၄င်းဘွင့်သတည်း။
ထိုစကားမှန်၏ -
မြစ်တွင်း၌တည်သော ငြမ်း သစ်ပင် တံတားတို့သည် ဂါမ ဗဒ္ဓတို့နှင့် တစ်စုံတစ်ခုသော ဝတ္ထုနှင့်စပ်သော်သာ သင်္ကရဒေါသဖြစ်ကြောင်းကို ပြတော်မူသည်။ သစ်ပင်စသော အချို့သော ဂါမ ဗဒ္ဓသိမ်တို့၏ အနီး၌တည်ရုံမျှဖြင့် သင်္ကရဒေါသဖြစ်ကြောင်း ပြတော်မမူ။ ထိုကြောင့် ရေမှပေါ်လာသော အရပ်နှင့် မစပ်မထိက၊ သင်္ကရဒေါသမရှိဟု နိဿံသယအားဖြင့် မှတ်အပ်၏။