သိမ်မျိုးစုံမဟာဋီကာ/သိမ်နိမိတ်ကြားပုံ
ထို့နောင် သိမ်သမုတ်မည့် သံဃာအများတွင် ဗဟုဿုတပညဝန္တ ပိဋကတ္တယပါရဂူဂုဏ်၊ အာစရိယလဒ္ဓေါပဒေသဂုဏ်၊ သီမာဗန္ဓန ဟတ္တမုဋ္ဌိဂုဏ်ထူးရှိလှသော သက်တော် သိက္ခာတော် အကြီးဆုံးသော မဟာထေရ်ကြီးတစ်ပါးက ပဌမံ နိမိတ္တာ ကိတ္တေတဗ္ဗာ -အစရှိသော မဟာဝါ ပါဠိတော်စကားအရ အရှေ့မျက်နှာရှိ နိမိတ်စောင့်ပုဂ္ဂိုလ် အနီးသွား၍ လည်းကောင်း၊ မိမိနေရာ သံဃာအလယ်က နေ၍လည်းကောင်း “ ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ” ဟု ပါဠိဘာသာဖြင့် မေးသောအခါ- နိမိတ်စောင့်ပုဂ္ဂိုလ်က နိမိတ်ရှိရာ အရပ်၌ဖြစ်စေ သိမ်တွင်း သံဃာ့အလယ်၌နေ၍ ဖြစ်စေ၊ “ဥဒကံ ဘန္တ”ဟု ပါဠိဘာသာဖြင့် ဖြေကြားအပ်၏။ ထို့နောင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ဟတ္ထပါသ်တွင်းဖြစ်လျှင် “ဣဒံ ဥဒကံ နိမိတ္တံ"ဟု ပါဠိဘာသာဖြင့် တဖန်ကြားအပ်၏။ (ဤကား မဂဓဘာသာဖြင့် ကြားပုံတည်း။)
ထို့နောင်ဝိနည်းဓိုရ်ပုဂ္ဂိုလ်က“ပုရတ္ထိမာယ၊ ယခုသမုတ်အပ်လတ္တံ့ သော ဤသိမ်၏ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။ ကိံ နိမိတ္တံ။ တောင်, ကျောက်, တော, သစ်, မဂ်, ဝမ်, ရေ, မြစ်အားဖြင့် ရှစ်ပါးကုန်သော နိမိတ်တို့တွင် အဘယ်နိမိတ်နည်း”ဟု မိဿကအားဖြင့် မေးအပ်၏။
နိမိတ်စောင့်ပုဂ္ဂိုလ်က-“ဘန္တေ၊ အရှင်ဘုရား။ ပုရတ္ထိမာယ၊ ယခုသမုတ်အပ်လတ္တံ့ သော ဤသိမ်၏ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။ (လိုက်စပ်သည်) ဥဒကံ၊ ရှစ်ပါးသော နိမိတ်တို့တွင် ရေ နိမိတ်ပါဘုရား”ဟု ဖြေကြားအပ်၏။
ထို့နောင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ဟတ္ထပါသ်တွင်းဖြစ်လျှင် “ဣဒံဥဒကံ၊ ဤရေသည်။ ပုရတ္ထိမာယ၊ ယခုသမုတ်အပ်လတ္တံ့ သော ဤသိမ်၏ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။ (နှစ်ပုဒ်လိုက်စပ်သည်) နိမိတ္တံ၊ နိမိတ်တည်း”ဟု တဖန်ကြားအပ်၏။ (ဤကား မိဿကအားဖြင့် နိမိတ်ကြားပုံတည်း။
ထို့ နောင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်က“ယခု သမုတ်အပ်လတ္တံ့ ဤသိမ်၏ အရှေ့အရပ်မျက်နှာ၌ ရှစ်ပါးသော နိမိတ်တို့တွင် အဘယ်နိမိတ်နည်း” ဟု မြန်မာဘာသာအားဖြင့် မေးအပ်၏။
ထို့နောင် နိမိတ်စောင့် ပုဂ္ဂိုလ်က“ယခု သမုတ်အပ်လတ္တံ့ ဤသိမ်၏ အရှေ့အရပ် မျက်နှာ၌ ရှစ်ပါးသော နိမိတ်တို့တွင် ရေနိမိတ်ပါ ဘုရား”ဟု မြန်မာဘာသာအားဖြင့် ဖြေကြားအပ်၏။
ထို့နောင်ဝိနည်းမိုရ်ပုဂ္ဂိုလ်က“ဤရေသည် ယခုသမုတ်အပ်လတ္တံ့ ဤသိမ်၏ အရှေ့အရပ်မျက်နှာ၌ နိမိတ်တည်း” ဟု မြန်မာဘာသာ အားဖြင့် တဖန်ကြားအပ်၏ (ဤကား မြန်မာဘာသာအားဖြင့် နိမိတ်ကြားပုံတည်း။)
ထို့နောင် လက်ယာရစ် အရှေ့တောင်ထောင့် မျက်နှာသို့ သွား၍ လည်းကောင်း၊ သိမ်တွင်း သံဃာအလယ်၌နေ၍ လည်းကောင်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်က “ပုရတ္ထိမာယ အနုဒိသာယ ကိံ နိမိတ္တံ"ဟု မေး၊ နိမိတ်စောင့်ပုဂ္ဂိုလ်က“ဥဒကံ ဘန္တေ ”ဟု ဖြေကြား၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်က “ဣဒံ ဥဒကံ နိမိတ္တံ။ ဧတံ ဥဒကံ နိမိတ္တံ"ဟု ရှေ့အတိုင်း လျော်ရာတဖန်ကြား။ (မိဿက မြန်မာ ကြားပုံကို ရှေ့နည်းမှီ၍ သိလေ။)
ထို့နောင် ဝိနည်းဓိုရ်က တောင်အရပ်ကို ငဲ့၍ “ဒက္ခိဏာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ"ဟု ဖြေ။ ဝိနည်းဓိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ”။ "ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။
ထို့နောင် အနောက်တောင်ထောင့်ကို မျက်နှာမူ၍ ဝိနည်းဓိုရ်က “ဒက္ခိဏာယ အနုဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ့”ဟု တဖန်ကြား။
ထို့နောင် အနောက်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ပစ္ဆိမာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။
ထို့နောင် အနောက်မြောက်ထောင့်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ပစ္ဆိမာယ အနုဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။
ထို့နောင် မြောက်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ဥတ္တရာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။
ထို့နောင် အရှေ့မြောက်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ဥတ္တရာယ အနုဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။
ထို့နောင် အရှေ့အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။
ဤသို့ပဌမဆုံးကြားသော နိမိတ်ကို အဆုံးသတ် ထပ်၍မကြားခဲ့လျှင် ခဏ္ဍနိမိတ္တာသိမ်ဖြစ်၍ နိမိတ္တဝိပတ္တိဖြစ်ရကား ကံပျက်၏။ (ဤကား နိမိတ် ရှစ်ပါးထား၍ ငါတို့ကျေးဇူးရှင် မိုင်းခိုင်းဆရာတော်ဘုရားကြီး စသော ဆရာတော်ဘုရားကြီးတို့ နိမိတ်ကြားပုံတည်း)
ဤသို့ ကြားခြင်းသည် ဥပလက္ခဏနည်း နိဒဿနနည်းရေးသည်။ တီဏိ ပန အာဒိံ ကတွာ ဝုတ္တပကာရာနံ နိမိတ္တာနံ သတေနာပိ ဗဒ္ဓါ ဟောတိ-စသော အဋ္ဌကထာနှင့်အညီ ဤ နိမိတ်ရှစ်ပါးလုံး မထားပဲ အယုတ်ဆုံး သုံးလုံး၊ လေးလုံးသော်လည်းကောင်း၊ အများအားဖြင့် အရာမကသော်လည်းကောင်း နိမိတ်ထား၍ ကြားကောင်း၏။
ခင်မကန်ဆရာတော်ဘုရားကြီးကား သိမ်သမုတ်ရာ သုံးပတ် သာလှည့်၍ ကြားသည်။ ယခု တို့လက်ထက်မူကား ရံခါ ခုနစ်ကြိမ် ကြား၏၊ ရံခါ ကိုးကြိမ် ကြား၏။ ငါတို့ သာသနဇောတိကာရာမ သိမ်ကို သမုတ်စဉ်က ကိုးကြိမ်ပင် ကြားသတည်း။ ယင်းသို့ ကိုးကြိမ်ကြားခြင်းသည် “ နိမိတ္တာနိ သကိံ ကိတ္တိတာနိပိ ကိတ္တိတာနေဝ ဟောန္တိ” အစရှိသော မဟာဝါ အဋ္ဌကထာနှင့်အညီ တစ်ကြိမ်သာ ကြားသော်လည်း အပ်၏ဟု ဆိုသော စကားနှင့် လွန်လွန်းသကဲ့သို့ ရှိ၏။ သို့သော် ဤသီမာဗန္ဓနခန်း၌ နိမိတ္တဝိပတ္တိသည် အင်္ဂါတစ်ပါး ပါနေရကား၊ ဒဠှီကမ္မထိရဘာဝ , သုကမ္မဖြစ်ခြင်း အကျိုးရှိရကား များ၍မလွန်နိုင်၊ ထာဝရကံကြီး ဖြစ်ပေသည်ဟု သဘောရ၍ ဤသို့ကြားသည်ဟုမှတ်လေ။
ဝိမတိဝိနောဒနီ၌ လှည့်ပတ်၍ ကြားမှမဟုတ်။ တစ်ခုသော သံဃာ့အလယ်က လည်၍ကြားသော်လည်း ကောင်းပါ၏။ မဟာ သိမ် သမုတ်သောအခါ လှည့်ပတ်၍ မကြားနိုင်။ တစ်ခုသော နေရာကနေ၍ ကြားရသည်ကို ထောက်ရမည်ဟုဆို၏။ သင့်ပါ၏။ နိမိတ်ကြားရာ ဟတ္ထပါသ်တွင်းဖြစ်လျှင်“ဧတံ ဥဒကံ နိမိတ္တံ"ဟု မဆိုရ “ဣဒံ ဥဒကံ နိမိတ္တံ"သာဆိုရမည်။ ပဉ္စင်းခံရာ၌ ဟတ္ထပါသ်တွင်း ရဟန်းလောင်းရှိရာ “အယံ နာဂေါ" (၁၂) တောင်ဝေး၍ ဟတ္ထပါသ်အတွင်း မရှိသောအခါ၊ “အယံ နာဂေါ”မပါသည်ကိုလည်းကောင်း၊ အဓိဋ္ဌာန်တင်ရာ ဟတ္ထပါသ်တွင်းမှာ “ဣမံ စီဝရံ” ဟတ္ထပါသ်တွင်း မဟုတ်ခဲ့လျှင် “ဧတံ စီဝရံ”ဆို၍ အဓိဋ္ဌာန်တင်ရသည်ကိုလည်းကောင်း ထောက်ရသည်ဟု ရှေးဆရာတော်ဘုရားကြီးများ မိန့်ကြ၏။
ဣမ -သဒ္ဒါပါလျှင် အနီး။ ဧတ -သဒ္ဒါပါလျှင် မနီးမဝေး၊ တ-သဒ္ဒါ ပါလျှင် အဝေးဟုဆိုသော သဒ္ဒါဆရာတို့ စကားသည် နေရာဌာနတိုင်း မဟုတ်ပေရာ။ သိမ်နုတ်ကမ္မဝါစာ စသည်တို့၌ ထိုသိမ်ပေါ်မှာ တည်နေလျက်“တံ သီမံ သမုဟနေယျ”ဟု ဘုရားဟောတော်မူချေသည် ။ “ဣဒံ ဥဒကံ နိမိတ္တံ” ဆိုကြခြင်းသည် မကြာမြင့်သေး။ ရှေးကဆရာတော်ကြီးများ “ဧတံ ဥဒကံ နိမိတ္တံ” ချည်းဆိုကြသည် ဟူ၍လည်း ဆရာတော်ကြီးများ မိန့်ကြ၏။ ယုတ္တိ အာဂုံ နှစ်မျိုးလုံး ရှိကြပေသည်ချည်း ဖြစ်သည်။ သို့သော် ငါတို့အထက်က သိမ်နိမိတ်ကြားနည်း ရေးခဲ့သည်မှာ ကျေးဇူးရှင်ဆရာတော်ကြီးများ နိမိတ်ကြားပုံကို ကိုယ်တိုင်လက်တွေ့ဖြစ်၍ သဘောလည်း သင့်လှသည်နှင့် နောက်သားတို့ နယဂ္ဂါဟပြုရန် ရေးလိုက်သည်။ (ဤသို့သာ မှန်သည်ဟု ("လိပ်ခဲတင်းလင်း" မဆိုလို။)
သိမ်နိမိတ်ကြားရာ၌ ယာယ ကာယစိ ဘာသာယ -ဟု ဆိုသော ကြောင့် မဂဓဘာသာသက်သက် မြန်မာဘာသာသက်သက် ကြားခြင်းသာ ကောင်း၏။ မိဿက -ကြားခြင်းကား မကောင်းဟု ပထမစလင်း ဆရာတော် ဦးကလျာဏ မိန့်ဖူးကြောင်း ကျေးဇူးရှင် ကျီဝန်ဆရာတော် မိန့်ဖူး၏။ သို့သော် ငါတို့ကျေးဇူးရှင် ဆရာတော်များကား မိဿက-ကြားသည်ကို ထောက်၍ ၎င်းစလင်းဆရာတော်ကြီး စကားကို အားရနှစ်သက်ပုံ မရလေ။
ဤနိမိတ်ကြားခန်း၌ အဘယ်အရပ်ကမဆို စ၍ကြားကောင်း၏။ ယခုရေးခဲ့သည်ကား ကျေးဇူးရှင် ဆရာတော်ကြီးများ ကြားပုံထုံးကိုသာ ရေးသည်။ သိမ်နိမိတ်မေးမြန်းရာ၌ ဝိနည်းဓိုရ် ရဟန်းသာ မေးမြန်းရသည်။ သိမ်တွင်းကလည်း နေရမည်။ နိမိတ်စောင့်ပုဂ္ဂိုလ် မှာ လူဖြစ်စေ ရဟန်းဖြစ်စေ သာမဏေဖြစ်စေ ဖြေကြားခြင်းငှာ အပ်ကြောင်း မဟာဝါအဋ္ဌကထာ သာဓက ပြခဲ့ပြီ။ ယင်းနိမိတ်စောင့် ပုဂ္ဂိုလ်မှာ သိမ်တွင်းက နေသည်ဖြစ်စေ သိမ်ပက နေသည်ဖြစ်စေ အပ်ပါ၏။ အချို့သောနေရာ၌ သိမ်နိမိတ်ကြားပုံ မဂဓဘာသာ သက်သက်ချည်း ရေးခဲ့၏။ မိသာက ဘာသာ၊ မြန်မာဘာသာ ပြန်၍ ကြားပုံကို ပထမနည်းအတိုင်း ချဲ့ထွင်၍ သိရာ၏။
ကြွင်းသော ကျောက်နိမိတ်စသည် ကြားပုံတို့ကိုလည်း ဉာဏ်ဖြင့်စိတ်ဖြာ၍ နိမိတ်ကိုထောက်၍ ပါဠိ မြန်မာ ပြန်ဆို၍ ကြားကြရာ၏။ ဤ၌ကား အများလုပ်ထုံးကိုသာ သာသနာစဉ်လိုလားလျက် ဆရာတော်ကြီးတို့၏ သိမ်သမုတ်ပုံကို မတွေ့ရသောကြောင့် လည်းကောင်း၊ တွေ့ရသော်လည်း မမှတ်မိသောကြောင့် လည်းကောင်း ကျကျနန လိုလားသော သူတော်ကောင်းပညာရှိနောက်သားတို့ ဤအလုပ်ကို တွေ့ရလျှင် မလုပ်တတ်သည်မရှိရအောင် သာသနာကျေးဇူးပြုလို ထွန်းကားစေလိုလှသဖြင့် ခပ်ကျယ်ကျယ်ရေးသားလိုက်သည်။
အမှန်လိုလား ရှေးနည်းများကို လိုက်စား၍ သာသနာချီးမြှောက်လိုသော စိတ်ကောင်း သဘောကောင်း မွေးမြူမိသော ပုဂ္ဂိုလ်တို့မှာ ဘယ်မျှကျေးဇူးများမည်ကို မနှိုင်းဆနိုင်အောင် ရှိပေရာသည်။ မိမိ သံသယ ရှိသောအရာ လိုလားနေသောအရာ တစ်ခုသော်လည်းကောင်း တစ်ဝါကျသော် လည်းကောင်း၊ စကားတစ်ခွန်းသော် လည်းကောင်းသိရလျှင်ပင် ငါတို့မှာ ကျမ်းရေးကျိုး နပ်လောက်လေပြီ။ အများသူတပါး သံသယဖျောက်နိုင်ပါမူကား ဆိုဖွယ်ရာ မရှိတော့ချေ။
ငါတို့ရေးသားသော ကျမ်းများမူကား ဘယ်ဝါဒကိုမှ အမှန်ချည်းလည်းမယူ၊ အမှားချည်းလည်းမယူ၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ပါဠိအဋ္ဌကထာ ဋီကာရှေ့နောက် ညှိနှိုင်း၍လည်းကောင်း၊ ဆရာတော်ကြီးများဝါဒကို အသီးသီး လက်ပေါ်တင်ထား ပတ္တမြားကဲ့သို့ စေ့စေ့စပ်စပ် တိုင်းထွာနှိုင်းဆ၍လည်းကောင်း ရေးသည်ကို စာသွားကိုကြည့်သဖြင့် ပညာရှိတို့ သိနိုင်လိမ့်မည်။ ဝိနည်းအဋ္ဌကထာကြီးရေးနည်း။ ကင်္ခါဝိတရဏီ အဋ္ဌ ကထာရေးနည်း ဟူ၍နှစ်မျိုးရှိရာ ကင်္ခါဝိတရဏီ အဋ္ဌကထာရေးနည်း ရေးသည်ကို သိနိုင်ရာသည်။
နိမိတ်ကြား ဋီကာပြီး၏။