သိမ်မျိုးစုံမဟာဋီကာ/အဋ္ဌကထာ ဆရာတော်တို့ ရေးလိုရင်း အာဘောဂကို ပြခန်း
ဋီကာတို့အလို ပိဏ္ဍတ္ထကား အခွန်မရသော်လည်း ဤအရပ်သည် ဂါမဖြစ်စေဟု မင်း မှူးမတ် စသည်တို့ နယ်ပိုင်းခြားစဉ်ကပင် အခွန်မရရာ မြေအရပ်၏လည်း ဂါမ အမည်ရပြီး ဖြစ်သောကြောင့် ယင်းအခွန်မရရာ မြေအရပ်၏လည်း ဂါမသီမ ဝေါဟာရ ဖြစ်သည်ဟု ဆိုလိုသတည်း။
ယင်းဋီကာဆရာတော်တို့ အာဘော်ကျ အဋ္ဌကထာရေးရသော် -
ယတ္တကံ ပဒေသံ ဧတ္တကော ဘူမိဘာဂေါ ဂါမော ဟောတူတိ ရာဇာ ပရိစ္ဆိန္ဒတိ။ အယံ ပဒေသော အပ္ပါ ဝါ ဟောတု မဟန္တော ဝါ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတိ၊
ဟု လိုရင်းမူလ ပါဒကဖြစ်သော အဋ္ဌကထာ ဆရာတော် အလိုတော်ကို မုချဆတ်ဆတ် နီတတ္ထ သိနိုင်ရာသတည်း။
ထိုကြောင့် ယင်းမင်း ပိုင်းခြားက ပကတိဂါမ ဖြစ်၏ဟု မိမိဆို အပ်ပြီးသော သာဓျစကားကို ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ ဟူသော အဋ္ဌကထာ သာဓကစကားဖြင့် ပြီးစေသတည်း။
ဝိနယဝိနိစ္ဆယဋီကာမှာလည်း အခွန်ကိုမစည်းကြပ်မီကာလ ရှေးအဖို့ကပင် အယံ ပဒေသော ဂါမာ ဟောတု မင်းစသည်တို့ ပိုင်းခြားကြောင်းကို သိအပ်၏။ ထိုစကားမှန်၏။ အခွန်သီး နယ်သီးနှစ်ရပ်တို့တွင် အခွန်မသီးမီ နယ်သီးကြောင်း၊ နယ်သီးဖြစ်စဉ်ကပင် တစ်ခုသော ဂါမခေတ် ဂါမသိမ်ဖြစ်ကြောင်းကို ပြတော်မူလိုသောကြောင့်ပင် ယတ္တကေ - စသော ရှေးအဋ္ဌကထာဝါကျကိုသာ သာဓက မမူ၊ ယမ္ပိ ဧကသ္မိံ - စသော နောက် အဋ္ဌကထာ ဝါကျကိုလည်း သာဓကမူသတည်း။
ယင်းသို့ ပထမနယ်သီးပြီးနောက် ဒုတိယ အခွန်သီးသောအခါ ဤမင်းပိုင်းခြားအပ်သော အရပ်ကား ဤဂါမ၏ခေတ်ဟု အပိုင်းအခြား အများထင်ရှားသည်ကို နှလုံးထား၍ အဋ္ဌကထာ ဆရာတော်သည် ရွာစားတို့ အခွန်ရခြင်းဖြင့် ယေဘုယျနည်း မှတ်၍ ပြတော်မူသတည်းဟု မှတ်အပ်၏။