မာတိကာသို့ ခုန်သွားရန်

သုခုမတက္ကသိုလ်

ဝီကီရင်းမြစ် မှ
သုခုမတက္ကသိုလ်
by တင်မိုး
3917သုခုမတက္ကသိုလ်တင်မိုး

ရေပြာ ရွှေကြာ ဝေဆာမွှေးသပ၊
ရွှေညာကျေးက တက္ကသိုလ်ရှင့် ...။
ပုဏ္ဏမာ ဂုဏ်ဝါ စုံစွာကျင်း၊
ဘုံပါလင်းတဲ့ တက္ကသိုလ် ....။
ကမ္ဘာတုန် စာစုံ အညာဂုဏ်ပျို့တဲ့၊
ရတနာပုံမြို့က တက္ကသိုလ် ...။
နံ့သာမွှေးမြ ပန်းတခက်လို၊
အညာကျေးက မန်းတက္ကသိုလ် ....။
နေခြည်အစောင်း...
လေပြည်လောင်းတော့...
ဆွေမဒီအပေါင်းက လမ်းလျှောက်လာ၊
ရေနီမြောင်းက လွမ်းလောက်စရာလေ့ ...။
တိမ်တန်းဆင်လို့ ရီပြာပြာ၊
စိန်ပန်းပင်တို့ နီတျာတျာ ....။
ကျောင်းအဝင်လမ်းက ကျက်သရေ၊
ထနောင်းပင်တန်းက အခက်ဝေရှင့် .... ။
ရှမ်းရိုးမက မြူခိုးဝေရင်၊
လွမ်းမိုးကျလို့ ပူမျိုးထွေသရှင် ... ။
ဆရာတပည့် လက်ညီစွာငယ်၊
ကမ္ဘာသိတဲ့ တက္ကသီလာရယ် ... ။
အနုအလှတို့ မက်သကို
သုခုမမြို့ တက္ကသိုလ်လေ့ .... ။
မေခပင်းတို့ ဘက်ညီညာ၊
ရွှေခြေကျဉ်းတို့ တက္ကသီလာတော့....။
မေလွမ်းယောင်လို့ တ တဲ့အခါနော်
ရွှေမန်းဆောင်သို့ ကြွခဲ့ပါတော်၊
လောကီ့အပေါင်းကို ခွါပါချင်လျှင်၊
ဗောဓိကျောင်းသို့ လာပါရှင် ... ။
အလို ... ဖရက်ရှာကလေး ...
ရက်ကြာမနှေးစေနှင့်၊
အထက်အညာကျေး တက္ကသိုလ်မကိုဋ်ဆီမှ၊
ရွှေညာသူ ပျိုဖြူတသိုက်ကယ်တို့၊

အမျှော်စိုက်ကာ ရွှင်ချိုချိုပ၊
သပြေညို အောင်ညွန့်ပန်းတွေနဲ့၊
လက်ကမ်းကာ ကြိုနှင့်မယ်လေး ... ။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.