သုဇာတဇာတ် -၁
တိကနိပါတ်-ပဒုမဝဂ်
၉။ သုဇာတဇာတ်
နှုတ်ချိုကျိုး
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ဟိ ဝဏ္ဏေန သမ္ပန္နာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဇာတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေး၏ချွေးမ, ဓနဉ္စယသူဌေး၏ သ္မီး, ဝိသာခါ၏ ညီမဖြစ်သော သုဇာတာကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသုဇာတာသည် များစွာသော အခြံအရံဖြင့် အနာထပိဏ်သူဌေး၏ အိမ်ကိုပြည့်စေလျက် ဝင်သတတ်၊ ငါကား ဆွေကြီး မျိုးကြီး သ္မီးတည်းဟု မာနဖြင့်ခိုင်မာ၏။ အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ ယောက္ခမဝတ် လင်ဝတ်တို့ကို မပြု၊ အိမ်သူအိမ်သားကို ခြိမ်းချောက်သည်ဖြစ်၍ ရိုက်ပုတ်လျက် လှည့်လည်၏။ ထိုအခါ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် ငါးရာကုန်သော ရဟန်းတို့ဖြင့်ခြံရံလျက် အနာထပိဏ်သူဌေး၏ အိမ်သို့ကြွ၍ နေတော်မူ၏။ အနာထပိဏ်သူဌေးကြီးသည် တရားနာလိုသည်ဖြစ်၍ မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်၍ရှိခိုး၍ နေ၏။ ထိုခဏ၌ သုဇာတာသည် ကျွန်အမှုလုပ်တို့နှင့် ခိုက်ရန်တွေ့၏။ သဗ္ဗညူ မြတ်စွာဘုရားသည် တရားဟောတော်မူ၍လျှင် ဤအသံကား အဘယ်အသံနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား တယောက်သော အမျိုး ချွေးမသည် ရိုသေခြင်းရှိ၊ ထိုအမျိုးချွေးမအား ယောက္ခမဝတ် လင်ဝတ်သည် မရှိ၊ သဒ္ဓါကြည်ညိုခြင်းမရှိ၊ နေ့ညဉ့်ပတ်လုံး ခိုက်ရန်ပြုလျက် သွား၏ဟု သူဌေးကြီးသည် နားတော်လျောက်၏။ ထိုသို့ တပြီးကား ထိုအမျိုး ချွေးမကိုခေါ်ကုန်လော့ဟု ဘုရားမိန့်တော်မူ၏။ ထိုအမျိုးချွေးမသည် လာ၍ ရှိခိုး၍ တင့်အပ်လျောက်ပတ်စွာနေ၏။
ထိုအခါ သုဇာတာကို မြတ်စွာဘုရားသည် သုဇာတာ ယောက်ျား၏ မယားတို့သည် ခုနစ်ယောက် ရှိကုန်၏။ ထိုခုနစ်ယောက်တို့တွင် သင်သည် အဘယ်မယားနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီး သော အရှင်ဘုရား အကျဉ်းအားဖြင့် ဟောအပ်သော တရား၏အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ ဟောတော်မူပါကုန်လော့ဟု လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုသို့တပြီးကား ချသော နားရှိသည်ဖြစ်၍ နာလော့ဟု မိန့်တော်မူ၏။
၁။ သုဇာတာ အကြင်မယားသည် တပါးသော ယောက်ျားတို့၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မိမိလင်အား ပြစ်မှားသောစိတ်ရှိ၏။ အကျိုး စီးပွားမဲ့ကို အလိုရှိ၏။ ဥစ္စာဖြင့် ဝယ်အပ်သော ကျွန်ကဲ့သို့ မထေမဲ့မြင်ပြု၏ သတ်အံ့သောငှါ လုံ့လပြု၏။ ဤသို့ သဘောရှိသော ထိုမယားကို သူသတ်နှင့်တူသော မယားဟူ၍ ဆိုအပ်၏။
၂။ အကြင်မယားသည် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းကိုပြု၍ ဥစ္စာရ၏။ ထိုဥစ္စာကို အနည်းငယ်မျှသော်လည်း ခိုးယူခြင်းငှါ မယားသည် အလိုရှိ၏။ ထိုမယားကို ခိုးသူနှင့်တူသော မယားဟူ၍ ဆိုအပ်၏။
၃။ အကြင်မယားသည် အမှုလုပ်လေ့မရှိ ပျင်းရိ၏။ အစားကြူး၏။ ကြမ်းကြုတ်၏။ အမျက်ထွက်တတ်၏။ မကောင်းသဖြင့် ဆိုတတ်၏။ လုပ် ဆောင်ကုန်သော သူတို့ကို နှိပ်စက်၍ ဆိုတတ်၏။ ထိုသို့ သဘောရှိသော မယားကို အရှင်နှင့်တူသော မယားဟူ၍ ဆိုအပ်၏။
၄။ အကြင်မယားသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် လင်၏အကျိုးစီးပွားကို အလိုရှိ၏။ အမိသည် သားကို စောင့်သကဲ့သို့ လင်ကိုစောင့်၏။ လင်သည် ဆည်းပူးသော ဥစ္စာကို စောင့်၏။ ထိုသို့ သဘောရှိသော မယားကို အမိနှင့်တူသော မယားဟူ၍ ဆိုအပ်၏။
၅။ အကြင်မယားသည် နှမကြီး နှမငယ်သည် မောင်၌ ရိုသေခြင်းရှိသကဲ့သို့ မိမိလင်၌ ရိုသေခြင်းရှိ၏။ လင်၏အလိုသို့ လိုက်၏။ ထိုသို့ သဘောရှိသော မယားကို နှမနှင့်တူသော မယားဟူ၍ ဆိုအပ်၏။
၆။ အကြင်မယားသည် လင်ကိုမြင်၍ ကြာမြင့်စွာသော ကာလမှလာသော အဆွေခင်ပွန်းကိုမြင်၍ ဝမ်းမြောက်ဝမ်းသာရှိ၏ ဝမ်းမြောက်၏။ သီလနှင့် ပြည့်စုံ၏။ လင်ကို လုပ်ကျွေးတတ်၏။ ထိုသို့သဘောရှိသော မယားကို အဆွေ ခင်ပွန်းနှင့်တူသော မယားဟူ၍ ဆိုအပ်၏။
၇။ အကြင်မယားသည် မိမိလင်သည် သတ်ခြင်းဒဏ်ဖြင့် ခြိမ်းချောက်အပ်သည်ရှိသော် လင်အား အမျက်မထွက်၊ သည်းခံ၏။ လင်၏အလိုသို့ လိုက်၏။ ထိုသို့သဘောရှိသော မယားကို ကျွန်မနှင့်တူသော မယားဟူ၍ ဆိုအပ်၏။ (ဤကား မယားအပြား ခုနစ်ပါးတည်း)
သုဇာတာ ယောက်ျား၏ မယားတို့သည် ခုနစ်ယောက်တို့တည်း၊ ထိုခုနစ်ယောက်တို့တွင် သူသတ်နှင့်တူသောမယား ခိုးသူနှင့်တူသောမယား အရှင်နှင့်တူသောမယားတို့သည် ငရဲ၌ ဖြစ်ကုန်၏။ ဤမှတပါး လေးယောက်ကုန်သော မယားတို့သည် နိမ္မာနရတိ နတ်ပြည်၌ ဖြစ်ကုန်၏ဟု ဟောတော်မူ၏။ ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် ခုနစ်ယောက်ကုန်သော မယားတို့ကို ပြတော်မူစဉ်လျှင် သုဇာတာသည် သောတာပတ္တိဖိုလ်၌ တည်၏။ သုဇာတာ သင်သည် ဤခုနစ်ယောက်ကုန်သော မယားတို့တွင် အဘယ် မယားနည်းဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် ကျွန်မနှင့်တူသော မယားတည်းဟု မြတ်စွာဘုရားကို ရှိခိုး၍ ကန်တော့၏။ ဤသို့ သဗ္ဗညူမြတ်စွာဘုရားသည် သုဇာတာမည်သော သူဌေးချွေးမကို တကြိမ်တည်းဖြင့်သာလျှင် ဆုံးမတော်မူ၍ ဆွမ်း ဘုဉ်းပေးပြီးသည်ရှိသော် ဇေတဝန် ကျောင်းတော်သို့ကြွတော်မူ၍ ရဟန်းအပေါင်းသည် ဝတ်ကို ပြအပ်သည်ရှိသော် ဂန္ဓကုဋိသို့ ဝင်တော်မူ၏ တရားသဘင်၌လည်း ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် တကြိမ်တည်းဖြင့်သာလျှင် သုဇာတာမည်သော သူဌေးချွေးမကို ဆုံးမ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏ဟု မြတ်စွာဘုရား၏ ကျေးဇူးစကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် သုဇာတာကို တကြိမ်တည်းသော အဆုံးအမဖြင့် ဆုံးမအပ်သည် မဟုတ်သေး၊ ရှေး၌လည်း သုဇာတာကို တကြိမ်တည်းသော အဆုံးအမဖြင့်သာလျှင် ဆုံးမအပ်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီမင်း၏ မိဖုယားကြီး ဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ကိုသင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၍ တရားသဖြင့် မင်းပြု၏။ ထိုဘုရားလောင်း၏ မယ်တော်သည် အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ ဆဲရေးကြိမ်းမောင်းတတ်၏။ ဘုရားလောင်းသည် မယ်တော်အား အဆုံးအမကို ပေးလို၍လည်း အကြောင်းမရှိဘဲ ဆိုခြင်းငှါ မသင့်ဟု နှလုံးသွင်း၍ ထိုမယ်တော်အား ဆုံးမအံ့သောငှာ တခုသော ဥပမာကို ကြည့်လျက်သွား၏။ ထိုအခါ တနေ့သ၌ ဥယျာဉ်သို့ မင်းသွားသည်ရှိသော် မယ်တော်သည်လည်း သားနှင့်အတူလျှင်လိုက်၏။ ထိုအခါ လမ်းအကြား၌ တီတီတွတ်ငှက်သည် မြည်၏။ ဘုရားလောင်း၏ ပရိသတ်တို့သည်လည်း ထိုအသံကိုကြား၍ နားကိုပိတ်၍ အို ကြမ်းကြုတ်သောငှက် ရုန့်ရှင်းသော အသံရှိသောငှက် သင်မမြည်လင့်ဟု ဆိုကြကုန်၏။ ဘုရားလောင်းသည် ကချေသည်အပေါင်း ခြံရံလက် မယ်တော်နှင့်တကွ ဥယျာဉ်သို့ လှည့်လည်သည်ရှိသော် ကောင်းစွာပွင့်သော တခုသော အင်ကြင်းပင်၌နားလျက် တခုသောဥဩသည် သာယာစွာသောအသံဖြင့် မြည်၏။ လူများသည် ထိုဥဩ၏ သာယာစွာသော အသံဖြင့်ဟစ်၍ လက် အုပ်ချီ၍ သိမ်မွေ့သောစကားရှိသောငှက် ပြေပြစ်သော စကားရှိသောငှက် နူးညံ့သော စကားရှိသောငှက် မြည်ဦးလော့ဟု လည်ကိုမော့၍ နားထောင်၍ ကြည့်လျက် ရပ်၏။
ထိုအခါ ဘုရားလောင်းသည် ထိုအကြောင်းနှစ်ပါးကိုမြင်၍ ယခုမယ်တော်ကို သိစေခြင်းငှါ တတ်ကောင်း၏ဟု ကြံ၍ မိခင် လမ်းအကြား၌ တီတီတွတ်ငှက် အသံကိုကြား၍ လူများသည် အသို့နည်း၊ ဤအသံကို မမြည်လင့် ဤအသံကို မမြည်လင့်ဟု နားတို့ကိုပိတ်၏။ ကြမ်းကြုတ်သော စကားမည်သည်ကို တစုံတယောက်သောသူသည် မနှစ်သက်ဟု ဆိုလို၍-
ခရာ ဝါစာ ပိယာ ဟောတိ၊ အသ္မိံ လောကေ ပရမှိ စ။
ကောကိလံ သဏှဘာဏေန၊ ဗဟူနံ ပါဏိနံ ပိယံ။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။
ဟူသော ဤဂါထာတို့ကို ဆို၏။
၅၅။ အမ္မ၊ မိခင်။ ဝဏ္ဏေန၊ အဆင်းနှင့်။ သမ္ပန္နာ၊ ပြည့်စုံစေကာမူ၊ မဉ္ဇုကာ၊ သာယာသောအသံ ဖြစ်စေကာမူ။ ပိယဒဿနာ၊ ချစ်ဘွယ်သောအသံ ဖြစ်စေကာမူ။ ယာ ဝါစာ၊ အကြင်စကားသည်။ ခရာ၊ ကြမ်းသည်။ ဟောတိ၊ ဖြစ်၏။ သာ ဝါစာ၊ ထိုစကားကို။ အသ္မိံ လောကေ စ၊ ဤလောက၌၎င်း။ ပရမှိ စ၊ တမလွန် လောက၌၎င်း။ န ပိယာ၊ မချစ်အပ်။
၅၆။ ကာဠိံ၊ မည်းသော။ ဒုဗ္ဗဏ္ဏံ၊ အဆင်းမလှသော။ တိလကာဟတံ၊ မှဲ့မည်းစွဲသော။ သဏှဘာဏေန၊ သိမ်မွေ့သောတွန်သံကြောင့်။ ဗဟူနံ ပါဏီနံ၊ များစွာကုန်သော သတ္တဝါတို့သည်။ ပိယံ၊ ချစ်အပ်သော။ ဣမံ ကောကိလံ၊ ဤဥဩကို။ ပဿသိ နနု၊ မြင်၏ မဟုတ်လော။
၅၇။ တသ္မာ၊ ထိုကြောင့်။ သခိလဝါစော၊ သိမ်မွေ့သောစကားရှိသည်။ အဿ၊ ဖြစ်ရာ၏။ မန္တဘာဏီ၊ ပညာဖြင့် ဆိုလေ့ရှိသော။ အနုဒ္ဓတော၊ မပျံလွင့်သောသူသည်။ အတ္ထဉ္စ၊ အနက်ကို၎င်း။ ဓမ္မဉ္စ၊ ပါဠိကို၎င်း။ ဒီပေတိ၊ ပြ၏။ တဿ၊ ထိုသူ၏။ ဘာသိတံ၊ စကားသည်။ မဓုရံ၊ ချို၏။
ဤသို့ ဘုရားလောင်းသည် ဤဂါထာတို့ဖြင့် မယ်တော်အား တရား ဟော၍ မယ်တော်ကို သိစေ၏။ ထိုအခါမှစ၍ မယ်တော်သည် အကျင့်နှင့် ပြည့်စုံ၏။ ဘုရားလောင်းသည်လည်း မယ်တော်ကို တကြိမ်တည်းဖြင့်သာလျှင် အဆုံးအမဖြင့် မာနမရှိသည်ကိုပြု၍ ကံအားလျော်စွာ လား၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ သုဇာတာသည် ထိုအခါ ငါ၏မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
နှုတ်ကြမ်းမောက်စွာ၊ မဲ့မေတ္တာ၊ ချိုသာပြေပြစ် လူတိုင်းချစ်
ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဇာတဇာတ်သည် ပြီး၏။
*****