မာတိကာသို့ ခုန်သွားရန်

သုဇာတဗုဒ္ဓဝင်

ဝီကီရင်းမြစ် မှ
3922မဟာဗုဒ္ဓဝင် — ၁၂- သုဇာတဗုဒ္ဓဝင်မင်းကွန်းဆရာတော်

၄၁၃

၁၂-သုဇာတဗုဒ္ဓဝင်

     သုမေဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် လူတို့၏ အသက်တမ်း အနှစ် (၉၀၀၀၀) ကိုးသောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ အသက် ကိုးသောင်းတမ်းသို့ ရောက်သောအခါ သုဇာတမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ဆင်းသက်ကာ သုမင်္ဂလနေပြည်တော် ဥဂ္ဂတအမည်ရှိသော မင်းကြီး၏ ပဘာဝတီ အမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်သို့ရောက်သောအခါ ဖွားမြင်တော်မူ၏။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကုန်၏။)

အမည်မှည့်သောနေ့၌ အမည်မှည့်ကြမည့် ပညာရှိတို့သည် အလောင်းမင်းသား ဖွားမြင်သောအခါ ဇမ္ဗူဒိပ် တကျွန်းလုံးတွင် လူအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြခြင်းကို အစွဲပြုကာ သုဇာတမင်းသားဟူ၍ အမည်မှည့်ကြလေကုန်သည်။

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် သုဇာတမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) သိရိရွှေနန်းဆောင်၊ (၂) ဥပသိရိရွှေနန်းဆောင်၊ (၃) နန္ဒရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သိရိနန္ဒာဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၂၃ဝဝဝ) နှစ်သောင်း သုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး



၄၁၄

ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၉ဝဝဝ) ကိုးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     အလောင်းတော် သုဇာတမင်းသားသည် ထီးနန်း စိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး၍ သိရိနန္ဒာဒေဝီ မိဖုရားကြီးမှ ဥပသေန အမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ ဟံသဝဟမည်သော မင်္ဂလာမြင်းတော်ကိုစီး၍ တောထွက်ပြီးလျှင် ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ တကုဋေသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။

ဘုရားဖြစ်တော်မူခြင်း

     သုဇာတမြတ်စွာဘုရား အလောင်းတော်သည် ထိုတကုဋေသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ကိုးလကြာအောင် ကျင့်ပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် သိရိနန္ဒနမြို့နေ သိရိနန္ဒနသူဌေး၏သမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သုနန္ဒအမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (ကြခတ်ဝါး)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၃၃) သုံးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်ပယ်နှင်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။



၄၁၅

တရားပွဲကြီး သုံးကြိမ်

     သုဇာတ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ကြခတ်ဝါး)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည့် (အဂ္ဂသာဝကအလျာ) ကိုယ်တော်မြတ်၏ (ဖတူမိကွဲ ဖြစ်သည့်) သုဒဿန ညီတော်မင်းသားနှင့် ပုရောဟိတ်၏သား သုဒေဝလုင်တို့ကို မြင်တော်မူ၍ ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူကာ သုမင်္ဂလမြို့၏အနီး သုမင်္ဂလမင်းဥယျာဉ်ကြီးသို့ သက်ဆင်းတော်မူပြီးလျှင် ဥယျာဉ်မှူး ကို စေလွှတ်၍ မိမိ၏ညီတော် သုဒဿနမင်းသားနှင့် ပုရောဟိတ်၏သား သုဒေဝလုင်တို့ကို ခေါ်စေပြီးလျှင် ထိုသူနှစ်ယောက်တို့ကို အဦးထား၍ တရားနာရန် လာရောက်ကြသော နတ်လူတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေရှစ်ဆယ်သော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်သည်။

(ဤကား ရှေးဦးအစ ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် သုဇာတ မြတ်စွာဘုရားသည် သုဒဿနဥယျာဉ်တော် တံခါးအနီး အင်ကြင်းပင်၏အပါး၌ ရေမီးအစုံအစုံဖြစ်သော တန်းခိုးပြာဋိဟာကို ပြတော်မူလျက် တိတ္ထိတို့ကို နှိမ်နင်းတော်မူပြီးလျှင် သိကြားနတ်မင်း၏ စံနေရာ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ ဝါဆိုတော်မူကာ နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရားကို ဟောကြားတော်မူ၏။



၄၁၆

ထိုအဘိဓမ္မာ တရားပွဲကြီးမှာ သုံးသန်း ခုနစ်သိန်းသော နတ်ဗြဟ္မာတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်သည်။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် သုဇာတ မြတ်စွာဘုရားသည် သုမင်္ဂလမြို့တော် ခမည်းတော်မင်းကြီးအထံသို့ ကြွသွားတော်မူ၏။ ထိုအခါ ခြောက်သန်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     သုဇာတမြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီး သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ သုဇာတမြတ်စွာဘုရားသည် သုဓမ္မဝတီမြို့အနီး သုဓမ္မအမည်ရှိသော ဥယျာဉ်ကြီး၌ ဆည်းကပ် ရောက်လာကြကုန်သော လူအပေါင်းတို့အား တရားဟောတော်မူပြီးလျှင် ယောက်ျားပေါင်း ခြောက်သန်းတို့ကို ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန်းဖြစ်စေပြီး ထိုရဟန်းတို့၏အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် သုဇာတ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူသည်ရှိသော် ငါးသန်းသော ရဟန်းတို့၏ အစည်းအဝေးကြီး ဖြစ်လေသည်။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)



၄၁၇

တတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် “ဘုရား၏ညီတော် သုဒဿနမင်းသားသည် မြတ်စွာဘုရားအထံ၌ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်ပြီ”ဟူသော သတင်းကောင်းကြားရ၍ အတုလိုက် (အားကျ)ကာ “ငါတို့လည်း ရဟန်းပြုကုန်အံ့”ဟု လာရောက်ကြသော ယောက်ျားပေါင်း လေးသိန်းတို့ကို လက်ျာတော်ရံ သုဒဿန မထေရ်မြတ်သည် ခေါ်ဆောင်ကာ သုဇာတ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ မြတ်စွာဘုရားသည် ထိုသူတို့အား တရားဟောပြီးလျှင် ဧဟိဘိက္ခု ရဟန်းဖြစ်စေ၍ အင်္ဂါလေးပါးရှိသော ထိုရဟန်းတို့အစည်းအဝေး၌ ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း စကြာမင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် စကြာမင်းဖြစ်၍ “လောက၌ မြတ်စွာဘုရားပွင့်ပြီ”ဟူသော သတင်းကို ကြားရလျှင် မြတ်စွာဘုရားထံ ဆည်းကပ်၍ တရားတော်ကို ကြားနာပြီးခါ ဘုရားအမှူးရှိသော သံဃာတော်အား ရတနာခုနစ်ပါးတို့နှင့်တကွ ထီးနန်း စည်းစိမ်ကြီးကို လှူတော်မူကာ မြတ်စွာဘုရား အထံတော်၌ ရဟန်းပြုတော်မူ၏။ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ နေကြကုန်သော လူအပေါင်းတို့သည် အရာမ်စောင့် (ကပ္ပိယ) ပြုလုပ်ကြပြီးလျှင် တိုင်းပြည်မှထွက်သမျှ အခွန်အတုတ်ကို ယူဆောင်ပေါင်းစုကာ ဘုရားအမှူးရှိသော သံဃာတော်အား အမြဲပင် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးကို ဆက်ကပ် လှူဒါန်းကြကုန်၏။



၄၁၈

     ထိုအခါ သုဇာတမြတ်စွာဘုရားသည် အလောင်းတော်ကို “နောက်အခါ၌ ဂေါတမအမည်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာ မြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     သုဇာတ မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရလျှင် အလောင်းတော် သူမြတ်သည် လွန်စွာ မိမိစိတ်ကိုကြည်လင်စေလျက် ဆယ်ပါးသော ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံအစွာ ဆောက်တည်တော်မူလေသည်။

     သုဇာတ မြတ်စွာဘုရား၏ သာသနာ့ဝန်ထမ်း ရဟန်းပြု၍ အလောင်းတော်သူမြတ်သည် သုတ်ဝိနည်းတို့နှင့်တကွ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော်ကို ကမ်းဆုံးရောက် သင်ကြား တတ်မြောက်တော်မူပြီးလျှင် မြတ်စွာဘုရားသာသနာတော်ကို တင့်တယ်စေခဲ့လေပြီ။

     (လျောင်းခြင်းကို လုံးဝမပြုပဲ) ထိုင်ခြင်း ရပ်ခြင်း စင်္ကြံသွားခြင်း တည်းဟူသော ဣရိပုထ် သုံးပါးတို့၌ မမေ့မလျော့ ဗြဟ္မဝိဟာရ ဘာဝနာတရား ပွါးများ အားထုတ်တော်မူလျက် သမာပတ်ရှစ်ပါးတွင်မက အဘိညာဉ်ငါးပါးတို့၏ အထွတ်အထိပ်သို့ရောက်ကာ အသက်အဆုံးမှာ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်တော်မူလေပြီ။

မြို့တော်စသည်ကို ပြဆိုချက်

     သုဇာတ မြတ်စွာဘုရား၏ ဖွားတော်မူရာမြို့တော်မှာ သုမင်္ဂလမြို့တော်ဖြစ်၍ ခမည်းတော်မှာ ဥဂ္ဂတမင်းကြီး, မယ်တော်မှာ ပဘာဝတီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၉၀၀၀) ကိုးထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ သိရီစံနန်းတင်, ဥပသိရီစံနန်းတော်, နန္ဒစံနန်းတော်တို့ ဖြစ်ကုန်၏။



၄၁၉

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ (၂၃၀၀၀) နှစ်သောင်း သုံးထောင်သော မောင်းမမိဿံ အခြံအရံရှိသည့် သိရီနန္ဒာဒေဝီ မိဖုရားကြီး ဖြစ်ပြီးလျှင် သားတော်မှာ ဥပသေနမင်းသား ဖြစ်သည်။

     နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ မြင်းယာဉ်ဖြစ်၍ ကိုးလကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ သုဒဿနမထေရ်နှင့် သုဒေဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ နာရဒမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာအစုံမှာ နာဂါထေရီမနှင့် နာဂသမာလာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ကြခတ်ဝါးပင်ဗောဓိ ဖြစ်လေသည်။

(ထိုကြခတ်ဝါးပင်သည် တခဲနက် ထူထဲပြည့်သိပ်သော ပင်စည် အသားရှိ၏။ အရွက်များစွာထွက်သဖြင့် နေပြောက်ထိုးနိုင်ရန် အပေါက်မရှိပေ၊ ထိုဝါးပင်သည် ရှုချင်ဖွယ်ရာ စိတ်ထဲမှာ မွေ့လျော်နှစ်သက်စေနိုင်အောင် ဖြောင့်မတ် လုံးပတ်လည်း ကြီးမားလှပေ၏၊ ပင်ရင်းမှ ဝါးတလုံးတည်း တိုးပွါးမြင့်တက်ကာ ထိုဝါးတလုံးထည်းမှ တဖန် အခက်များခွဲဖြာ၍ ကောင်းစွာ ဖွဲ့စည်းထားသော ဒေါင်းမြီးစည်းပမာ လွန်စွာ တင့်တယ်လှပေ၏၊ ထိုဝါးပင်မှာ ဆူးများ လုံးဝမရှိသည့်ပြင် အခေါင်းလည်း များစွာမကျယ် (ပါသည်ဆိုရုံမျှ) အခက်များသည် အရပ်လေးမျက်နှာ ပျံ့နှံ့ကာ တခက်နှင့်တခက် မကျဲသည့်အတွက် နှစ်သက်ဖွယ်ရာ အေးချမ်းပြည့်သိပ်သော အရိပ်နှင့်လည်း ပြည့်စုံပေ၏။)

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သုဒတ္တသူဌေးနှင့် စိတ္တသူဌေးတို့ ဖြစ်ကြ၍ မြတ်သောအလုပ်အကျွေး ဒါယိကာမတို့မှာ သုဘဒ္ဒါဥပါသိကာနှင့် ပဒုမာဥပါသိကာတို့ ဖြစ်ကြသည်။

          သုဇာတမြတ်စွာဘုရား၏ ကိုယ်အရပ်တော်မှာ အတောင် (၅၀) ငါးဆယ် မြင့်တော်မူလျက် အလုံးစုံ ကောင်းမြတ်သော အခြင်းအရာ အလုံးစုံသော ရူပကာယ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံပေ၏။



၄၂၀

     သုဇာတမြတ်စွာဘုရား၏ (အတုမရှိသော ရှေးဘုရားတို့၏ကိုယ်တော်ရောင်နှင့်သာ တူသည့်) ကိုယ်တော်ရောင်သည် ထက်ဝန်းကျင် အရပ်မျက်နှာတို့သို့ အလိုတော်ရှိသမျှ ထိုမှဤမှ ထွက်ကြွကွန့်မြူးပေ၏၊ နှိုင်းရှည်ခြင်းငှာ မတတ်နိုင်ပေ၊ တစုံတခုနှင့်မျှ အတူမရှိပဲ နှိုင်းခိုင်းဖွယ်ဥပမာကို လွန်မြောက်ပေ၏။

     သုဇာတ မြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     သမုဒြာ၌ တအိအိ တရွရွ ထကြွနေသော လှိုင်းတံပိုးသည် ဆန်းကြယ်သကဲ့သို့၎င်း, ကောင်းကင်၌ ပြိုးပြိုးပြက်ပြက် တလက်လက် ထွန်းပနေကြသော နက္ခတ်ကြယ်တာရာအပေါင်းတို့သည် ဆန်းကြယ်ကုန် သကဲ့သို့၎င်း၊ ထို့အတူပင်လျှင် သုဇာတမြတ်စွာဘုရား၏ သာသနာတော်သည် ရဟန္တာအရှင်မြတ်တို့ဖြင့် တင့်တယ် ဆန်းကြယ်လှပေ၏။

သံဝေဂ

အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသည့် ထိုသုဇာတ မြတ်စွာဘုရားသည်၎င်း, အတုမရှိသော ထိုဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်သာရမရှိ အချည်းနှီးသာ ဖြစ်ကုန်တကား..။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်မြင်တော်မူသော သုဇာတမြတ်စွာဘုရားသည် သိလာရာမအမည်ရှိသော အရာမ်ကြီးအတွင်း၌



၄၂၁

ပရိနိဗ္ဗာန် စံလွန်တော်မူ၏။ ထိုအရာမ်၌ပင်လျှင် (ရှေးဆိုအပ်ပြီးသည့်အတိုင်း) တည်ထားအပ်သော သုဇာတ မြတ်စွာဘုရား၏ စေတီတော်မြတ်ကြီးသည် သုံးဂါဝုတ် အမြင့်ရှိလေသည်။

သုဇာတဗုဒ္ဓဝင် ပြီး၏။

**********