သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု
၁။ သုန္ဒရီပရိဗိုဇ်မ ဝတ္ထု
အဘူတဝါဒီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုန္ဒရီအမည်ရှိသော ပရိဗိုဇ်မကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သုန္ဒရီပရိဗိုဇ်မ စွပ်စွဲခြင်း
တိတ္ထိကြီးတို့ တိုင်ပင်ကြပုံ
မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအား လည်းကောင်း၊ ငါးစင်းသော မြစ်ကြီးတို့၏ ကြီးစွာသော ရေအလျဉ်နှင့်တူသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်လတ်သည်ရှိသော် ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရရှိကုန်သော တစ်ပါးသော တိတ္ထိတို့သည် နေထွက်သောအခါ၌ ပိုးစုန်းကြူးတို့ကဲ့သို့ အရောင်မရှိကုန်သည်ဖြစ်၍ တစ်ပေါင်းတည်း စည်းဝေးကြပြီးလျှင် “ငါတို့သည် ရဟန်းဂေါတမ၏ ပွင့်ထွန်းပေါ်ပေါက်လာသော အခါမှစ၍ ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရ ရှိကြရကုန်၏။ တစ်စုံတစ်ယောက်သောသူသည် ငါတို့၏ ရှိသောအဖြစ်မျှကိုလည်း မသိ၊ အဘယ်သူနှင့် အတူတကွ တစ်ပေါင်းတည်းဖြစ်၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကိုဖြစ်စေလျက် ထိုရဟန်းဂေါတမအား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့ဖွယ်ကို ဖြစ်စေပြီးလျှင် လာဘ်ပူဇော်သက္ကာရကို ကွယ်ပျောက်စေရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြလေကုန်၏။
သုန္ဒရီပရိဗိုဇ်မကို အသုံးချ
ထိုသို့တိုင်ပင်လတ်သောအခါ ထိုတိတ္ထိတို့အား ဤသို့သောအကြံသည် ဖြစ်လေ၏။ “သုန္ဒရီပရိဗိုဇ်မနှင့် အတူတကွ တစ်ပေါင်းတည်းဖြစ်၍ တတ်နိုင်ကြကုန်လတ္တံ့”ဟု ပြောဆိုကြပြီးလျှင် ထိုတိတ္ထိတို့သည် တစ်နေ့သ၌ တိတ္ထိတို့၏ ကျောင်းအရံသို့ဝင်လာ၍ ရှိခိုးလျက်နေသော သုန္ဒရီပရိဗိုဇ်မကို စကားမပြောမဆိုဘဲ နေကြလေကုန်၏။ ထိုသုန္ဒရီပရိဗိုဇ်မသည် အဖန်တလဲလဲ စကားဆိုပါသော်လည်း စကားတုံ့ပြန် ပြောဆိုခြင်းကိုမရသောကြောင့် “အရှင်ကောင်းတို့ကို တစ်စုံတစ်ယောက်သောသူသည် စင်စစ် ညှဉ်းဆဲအပ်ကုန်သလော”ဟု မေးမြန်းလေ၏။ “နှမ- ငါတို့ကို ညှဉ်းဆဲ၍ ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရ ရှိသည်တို့ကိုပြုလျက် သွားလာလှည့်လည်နေသော ရဟန်းဂေါတမကို သင်-မမြင်သလော”ဟု ဆိုကုန်သည်ရှိသော် “တပည့်တော်မသည် ဤအရာ၌ အဘယ်အမှုကို ပြုလုပ်ခြင်းငှာ သင့်ပါသနည်း”ဟု မေးလေ၏။ “နှမ- သင်သည် အလွန်အဆင်းလှ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ ရဟန်းဂေါတမသို့ အကျော်အစောမဲ့ကိုတင်၍ များစွာသော လူအပေါင်းကို သင်၏စကားကို ယူစေသဖြင့် ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရရှိအောင် ပြုလော့”ဟု ဆိုကြကုန်၏။
ဘုရားသခင်အား သုန္ဒရီစွပ်စွဲပုံ
ထိုသုန္ဒရီပရိဗိုဇ်မသည် တိတ္ထိတို့စကားကို ကြားရလျှင် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ဖဲသွားပြီးလျှင် ထိုအခါမှစ၍ ပန်း,နံ့သာ, နံ့သာပျောင်း, ပရုတ်, ဆောင်းမေးခါးသီး အစရှိသည်တို့ကိုယူလျက် ညချမ်းအခါ လူများအပေါင်း၏ မြတ်စွာဘုရားတရားတော်ကို နာကြား၍ မြို့သို့ဝင်လာသောအခါ၌ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွားသဖြင့် “အဘယ်အရပ်သို့ သင်သွားမည်နည်း”ဟု မေးအပ်သည်ရှိသော် “ရဟန်းဂေါတမ၏အထံသို့ သွားပါအံ့၊ ငါကား ရဟန်းဂေါတမနှင့် အတူတကွ တစ်ခုတည်းသော ဂန္ဓကုဋိ၌ နေ၏”ဟု ဆိုပြီးလျှင် အမှတ်မရှိ တစ်ခုသော တိတ္ထိတို့၏ကျောင်းအရံ၌ နေသဖြင့် နံနက်စောစောသာလျှင် ဇေတဝန်ကျောင်းတော် လမ်းခရီးသို့သက်၍ သာဝတ္ထိမြို့သို့ ရှေးရှုသွား၏။ “သုန္ဒရီပရိဗိုဇ်မ အဘယ်အရပ်သို့ သင်-သွားသနည်း”ဟု မေးအပ်သည်ရှိသော် “ရဟန်းဂေါတမနှင့် အတူတကွ တစ်ခုတည်းသော ဂန္ဓကုဋိ၌နေသဖြင့် ထိုရဟန်းဂေါတမကို ကိလေသာကာမ မွေ့လျော်ခြင်းဖြင့် မွေ့လျော်ပြီးလျှင် ထွက်လာခဲ့ရပါသည်”ဟု ပြောဆို၏။
သုန္ဒရီကိုသတ်၍ ဂန္ဓကုဋိအနီးပစ်ထားခြင်း
ထိုအခါ တိတ္ထိတို့သည် သုန္ဒရီပရိဗိုဇ်မကို နှစ်ရက်,သုံးရက်လွန်သောအခါ သေသောက်ကြူးတို့အား အသပြာတို့ကိုပေး၍ “သွားကြကုန်လော့၊ သုန္ဒရီပရိဗိုဇ်မကိုသတ်ပြီးလျှင် ရဟန်းဂေါတမ၏ ဂန္ဓကုဋိအနီး ပန်းအမှိုက်အကြား၌ ပစ်ထား၍ လာကြကုန်လော့”ဟု ဆိုကြလေကုန်၏။ ထိုသေသောက်ကြူးတို့သည် တိတ္ထိတို့ဆိုတိုင်း ပြုလုပ်ကြလေကုန်၏။
ကောလာဟလလွှင့်
ထိုသို့သတ်ပြီးနောက် တိတ္ထိတို့သည် “သုန္ဒရီပရိဗိုဇ်မကို မမြင်ကြရကုန်”ဟု အုတ်အုတ်ကျက်ကျက်ပြု၍ ပသေနဒီ ကောသလမင်းကြီးအား ပြောကြားကြလေသောကြောင့် “အဘယ်အရပ်၌ အသင်တို့ ယုံမှားရှိကြကုန်သနည်း”ဟု မေးလေ၏။ “ဤနေ့၌ ဇေတဝန်ကျောင်းတော်၌နေ၏။ ထိုဇေတဝန်ကျောင်းတော်၌ သုန္ဒရီပရိဗိုဇ်မ၏အကြောင်းကို ငါတို့ မသိကြကုန်”ဟု တိတ္ထိတို့ဆိုကြကုန်သောကြောင့် “ထိုသို့ဖြစ်မူ သွားကြလေကုန်၊ သုန္ဒရီပရိဗိုဇ်မကို စူးစမ်းရှာဖွေကြကုန်လော့”ဟု မင်းကြီးခွင့်ပြုအပ်သည်ရှိသော် မိမိ၏အလုပ်အကျွေးတို့ကိုခေါ်၍ ဇေတဝန်ကျောင်းတော်သို့သွားပြီးလျှင် စူးစမ်းရှာဖွေကြကုန်သည်ရှိသော် ပန်းမှိုက်အကြား၌ မြင်ရ၍ ညောင်စောင်းသို့တင်သဖြင့် မြို့သို့ဝင်ပြီးလျှင် “ရဟန်းဂေါတမ၏ တပည့်တို့သည် “ဆရာပြုအပ်သော မကောင်းမှုကို ဖုံးလွှမ်းကြကုန်အံ့”ဟု သုန္ဒရီပရိဗိုဇ်မကိုသတ်၍ ပန်းမှိုက်အကြား၌ ပစ်ထားကြကုန်၏”ဟု မင်းကြီးအား ပြောကြားကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် “ထိုသို့ဖြစ်မူ သွားကြလေကုန်။ မြို့ကို လှည့်လည်လေကြကုန်လော့”ဟု မိန့်ဆိုလေ၏။ တိတ္ထိတို့သည် မြို့လမ်းခရီးမတို့၌ “သာကီဝင်မင်းသားဖြစ်သော ရဟန်းတို့၏အမှုကို ကြည့်ရှုကြကုန်လော့”ဟု ဤသို့အစရှိသော စကားတို့ကိုဆိုပြီးလျှင် တစ်ဖန် မင်းကြီး၏ နန်းတော်တံခါးသို့ လာကြလေကုန်၏။
သုန္ဒရီအလောင်း သုသာန်၌အစောင့်ချထား
မင်းကြီးသည် သုန္ဒရီပရိဗိုဇ်မ၏ အလောင်းကောင်ကို သူကောင်ပစ်ရာ သုသာန်တစပြင်၌ ငြမ်းစင်ထက်သို့ တင်ထားပြီးလျှင် စောင့်ရှောက်စေ၏။ သာဝတ္ထိပြည်၌နေသော သူတို့သည် အရိယသာဝကတို့ကို ဖယ်ထား၍ များသောအားဖြင့် သာကီဝင်မင်းသားတို့၏အမှုကို ကြည့်ရှုကြကုန်လော့၊ ဤသို့အစရှိသော စကားတို့ကိုဆို၍ မြို့တွင်း၌လည်းကောင်း၊ မြို့ပ၌လည်းကောင်း၊ တောအုပ်တို့၌လည်းကောင်း ဆဲရေးကုန်လျက် လှည့်လည်သွားလာကြကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ထိုသို့ဖြစ်မူ သင်ချစ်သားတို့သည် လူတို့ကို ဤသို့ဆိုကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ယော စာပိ ကတွာ န ကရောမိစာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊
နိဟီနကမ္မာ မနုဇာ ပရတ္ထ။
အဘူတဝါဒီ၊ မဟုတ်မမှန် ပြောဆိုစွပ်စွဲလေ့ရှိသောသူသည်လည်းကောင်း။ ယော၊ အကြင်သူသည်။ ကတွာ၊ မကောင်းမှုပြုလျက်။ န ကရောမီတိ၊ ငါမပြုဟု။ အာဟ၊ ဆို၏။ သောစာပိ၊ ထိုသူသည်လည်းကောင်း။ နိရယံ၊ ငရဲသို့။ ဥပေတိ၊ ရောက်၏။ ဥဘောပိ၊ နှစ်ယောက်လည်း ဖြစ်ကုန်သော။ နိဟီနကမ္မာ၊ ယုတ်မာသော မကောင်းမှုကံ ရှိကြကုန်သော။ တေ မနုဇာ၊ ထိုသူတို့သည်။ ပေစ္စပရတ္ထ၊ နောက်၌ဖြစ်သော တမလွန်ဘဝ၌။ သမာ၊ ငရဲဒုဂ္ဂတိ အားဖြင့် အဖြစ်ချင်း တူမျှကြကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
သုန္ဒရီသတ်သူကို စုံစမ်းရန်
ပသေနဒီ ကောသလမင်းကြီးသည် “သုန္ဒရီမအား တစ်ပါးသောသူတို့ သတ်အပ်သည်အဖြစ်ကို သိအောင် စုံစမ်းကြရမည်”ဟု မင်းချင်း ယောက်ျားတို့ကိုစေလွှတ်လေ၏။
အရက်မူး ကျွဲခိုးပေါ်
ထိုအခါ ထိုသေသောက်ကြူးတို့သည် ထိုတိတ္ထိတို့ပေးသော အသပြာတို့ဖြင့် သေအရက်ကို သောက်ကုန်လျက် အချင်းချင်း ခိုက်ရန်ငြင်းခုံခြင်းကို ပြုကြလေကုန်၏။ တစ်ယောက်သောသူသည် တစ်ယောက်သောသူကို “သင်သည် သုန္ဒရီပရိဗိုဇ်မကို တစ်ချက်တည်းဖြင့်သာလျှင် သတ်၍ ပန်းညှက်အကြား၌ ထားသဖြင့် ထိုသို့သတ်ခြင်းကြောင့်ရသော အသပြာတို့ဖြင့် သေအရက်ကို သောက်ဘိ၏။ သောက်နိုင်သည် ဖြစ်ပါစေ ဖြစ်ပါစေ”ဟု ဆိုလေ၏။ မင်းချင်းယောက်ျားတို့သည် ထိုသေသောက်ကြူးတို့ကို ဖမ်းပြီးလျှင် မင်းကြီးအား ပြကြလေကုန်၏။ ထိုအခါ ထိုသေသောက်ကြူးတို့ကို မင်းကြီးသည် “သင်တို့ သတ်လေသလော”ဟု မေးစစ်လေ၏။ “အရှင်မင်းကြီး- မှန်လှပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “အဘယ်သူတို့က သတ်ခိုင်းဘိသနည်း”ဟု မေးစစ်ပြန်လေ၏။ “အရှင်မင်းကြီး- သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့က သတ်ခိုင်းအပ်ပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် တိတ္ထိတို့ကိုခေါ်၍ မေးစစ်လေ၏။ တိတ္ထိတို့သည် ထိုသေသောက်ကြူးတို့ အတူသာလျှင် လျှောက်ဆိုကြလေကုန်၏။ “ထိုသို့ဖြစ်မူ သွားကြကုန်၊ သင်တို့သည် ဤသို့ဆိုကုန်လျက် မြို့ကို လှည့်လည်ကြကုန်လော့၊ “ဤသုန္ဒရီပရိဗိုဇ်ကို ရဟန်းဂေါတမအား ကျေးဇူးမဲ့ ကဲ့ရဲ့ဖွယ်အပြစ်ကို တင်လိုသဖြင့် ငါတို့သည် သတ်အပ်ပါသည်။ ရဟန်းဂေါတမ၏ တပည့်သားတို့အား အပြစ်မရှိပါ။ ငါတို့အားသာလျှင် အပြစ်ရှိပါသည်”ဟု ဆို၍ လှည့်လည်ကြရမည်”ဟု အမိန့်ချလေ၏။ ထိုတိတ္ထိတို့သည် မင်းကြီးဆိုတိုင်း ပြုကြရလေကုန်၏။ မလိမ္မာသော များစွာသော လူအပေါင်းသည် ထိုအခါမှ ယုံကြည်၏။ တိတ္ထိတို့သည်လည်းကောင်း၊ သေသောက်ကြူးတို့သည်လည်းကောင်း သူသတ်ယောက်ျားတို့ သတ်သောအပြစ်ဒဏ်သို့ ရောက်ကြရရှာလေကုန်၏။ ထိုအခါမှစ၍ မြတ်စွာဘုရားတို့အား များစွာသော ပူဇော်သက္ကာရသည် ဖြစ်လေ၏။