မာတိကာသို့ ခုန်သွားရန်

သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု

ဝီကီရင်းမြစ် မှ
3935ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၇။ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဗာလဝဂ်

၇။ သုပ္ပဗုဒ္ဓလူနူဝတ္ထု

စရန္တိ ဗာလာ ဒုမ္မေဓာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သုပ္ပဗုဒ္ဓမည်သော လူနူကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားခုနစ်ပါးဆောင် သေအောင်မမွဲခြင်း

သုပ္ပဗုဒ္ဓလူနူ၏ ဝတ္ထုကား ဥဒါန်းပါဠိတော်၌ လာသည်သာလျှင်တည်း။ ထိုအခါ သုပ္ပဗုဒ္ဓလူနူသည် ပရိသတ်အစွန်၌ ထိုင်နေလျက် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ပြီးလျှင် မိမိရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားလိုသည်ဖြစ်၍ ပရိသတ်အလယ်၌ သက်ဝင်ခြင်းငှာ မစွမ်းနိုင်သည်ဖြစ်ရကား များစွာသော လူအပေါင်းသည် ဘုရားရှင်ကိုရှိခိုးကာ လိုက်သွားပြီးမှ ပြန်လည်ဆုတ်နစ်လာသောကာလ၌ ကျောင်းတော်သို့ သွားလေ၏။ ထိုခဏ၌ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် “ဤသုပ္ပဗုဒ္ဓလူနူသည်ကား မြတ်စွာဘုရား၏ သာသနာတော်၌ မိမိရအပ်သော ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြုခြင်းငှာ အလိုရှိ၏”ဟု သိမြင်သဖြင့် “ထိုသုပ္ပဗုဒ္ဓလူနူကို စုံစမ်းဦးအံ့”ဟု သွားရောက်ပြီးလျှင် ကောင်းကင်၌ ရပ်တည်လျက်သာလျှင် ဤသို့ ပြောဆိုလေ၏။ “အို..သုပ္ပဗုဒ္ဓ- သင်သည် လူ့လောက၌ ဆင်းရဲလှသော ဒုက္ခိတသတ္တဝါဖြစ်ပေသည်၊ တောင်းခံမှ စားသောက်ရသော အထီးကျန်သောသူ ဖြစ်ပေသည်၊ ငါသည် သင့်အား အပိုင်းအခြား အဆုံးမရှိသော ပစ္စည်းဥစ္စာကို ပေးကမ်းပေအံ့၊ ဘုရားသည် ဘုရားမဟုတ်, တရားသည် တရားမဟုတ်, သံဃာသည် သံဃာမဟုတ်, ငါ့အား ဘုရားဖြင့် အကျိုးမရှိ, ငါ့အားတရားဖြင့် အကျိုးမရှိ, ငါ့အား သံဃာဖြင့် အကျိုးမရှိဟူ၍ ဆိုပါလေလော့”ဟု ပြောဆိုလေ၏။ ထိုအခါ သိကြားမင်းကို သုပ္ပဗုဒ္ဓလူနူသည် “အသင်ကား အသူဖြစ်လေဘိသနည်း”ဟု မေးမြန်းပြောဆိုလေ၏။ “ငါကား သိကြားမင်းတည်း”ဟု ပြန်ပြောသဖြင့် “အလွန်မိုက်ကန်းလှသဖြင့် အရှက်ကင်းပသော သိကြာမင်း- သင်သည် ငါနှင့်အတူတကွ စကားပြောဆိုခြင်းငှာ မသင့်တင့် မလျောက်ပတ်သော သဘောရှိသူ ဖြစ်ပေ၏”ဟု ဆိုပြီးလျှင် “အသင်သည် ငါ့ကို မကောင်းသော အလားရှိသောသူ ဟူ၍လည်းကောင်း, သူဆင်းရဲ ဟူ၍လည်းကောင်း, အထီးကျန်သူဟူ၍လည်းကောင်း ပြောဆိုဘိ၏၊ ငါသည်ကား မကောင်းသော အလားရှိသောသူ မဟုတ်၊ လူဆင်းရဲ မဟုတ်၊ အထီးကျန်သောသူ မဟုတ်၊ ငါသည် ချမ်းသာခြင်းသို့ ရောက်သောသူဖြစ်၏၊ ပစ္စည်းဥစ္စာ များစွာ ကြွယ်ဝသောသူ ဖြစ်၏။

သဒ္ဓါဓနံ သီလဓနံ၊ ဟိရိ ဩတ္တပ္ပိယံ ဓနံ။
သုတဓနဉ္စ စာဂေါ စ၊ ပညာ ဝေ သတ္တမံ ဓနံ။
ယဿ ဧတေ ဓနာ အတ္ထိ၊ ဣတ္ထိယာ ပုရိသဿ ဝါ။
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။

ယံ သဒ္ဓါဓနဉ္စ၊ ရတနာသုံးပါး ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်းလက္ခဏာရှိသော သဒ္ဓါတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ သီလဓနဉ္စ၊ စာရိတ္တ,ဝါရိတ္တ သီလ တည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ ဟိရိဓနဉ္စ၊ မကောင်းမှုမှ ရှက်ခြင်းလက္ခဏာရှိသော ဟိရီတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ ဩတ္တပ္ပိယဉ္စ၊ မကောင်းမှုမှ ထိတ်လန့်ခြင်းလက္ခဏာရှိသော ဩတ္တပ္ပ တည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ သုတဓနဉ္စ၊ သူတော်တရား အကြားအမြင်များခြင်း သုတတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယော စာဂေါ စ၊ ချီးမြှောက်ပေးကမ်း စွန့်ကြဲခြင်း စာဂတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ဝေ ဧကန္တေန၊ စင်စစ်အားဖြင့်။ သတ္တမံ၊ ခုနစ်ခုမြောက်ဖြစ်သော။ ယံ ပညာ ဓနဉ္စ၊ ယထာဘူတ သဘာဝကို သိစွမ်းနိုင်သော ပညာတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ဧတေ ဓနာ၊ ထိုဥစ္စာတို့သည်။ ယဿာ ဣတ္ထိယာ ဝါ၊ အကြင်မိန်းမအား လည်းကောင်း။ ယဿ ပုရိဿ ဝါ၊ အကြင်ယောင်္ကျားအားလည်းကောင်း။ အတ္ထိ သန္တိ၊ ရှိကုန်၏။ တံ ဣတ္ထိံ ဝါ၊ ထိုမိန်းမကိုလည်းကောင်း။ တံ ပုရိသံ ဝါ၊ ထိုယောက်ျားကိုလည်းကောင်း။ အဒလိဒ္ဒေါတိ၊ မဆင်းရဲသော များသော ဥစ္စာရှိသောသူ ဟူ၍သာလျှင်။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည်။ အာဟု၊ မိန့်ဆိုတော်မူကြလေကုန်ပြီ။ တဿ၊ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံသော ယောက်ျား,မိန်းမ၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းကို။ အမောဃံ၊ အချည်းနှီး မဟုတ်။ သဖလန္တိ၊ အကျိုးရှိသော အသက်ရှည်ခြင်းဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည်။ အာဟု၊ မိန့်ဆိုတော်မူကြလေကုန်ပြီ။

ဤဆိုအပ်ခဲ့ပြီးသော ခုနစ်ပါးအပြားရှိသော အရိယာ သူတော်ကောင်းတို့၏ ဥစ္စာတို့သည် ငါ့အား ထင်ရှားရှိကုန်၏။ အကြင်သူတို့အား ဤခုနှစ်ပါးသော ဥစ္စာတို့သည် ရှိကုန်၏။ ထိုသူတို့ကို ဘုရားတို့သည်လည်းကောင်း၊ ပစ္စေကဗုဒ္ဓါအစရှိကုန်သော အရိယာသူတော်ကောင်း အပေါင်းတို့သည်လည်းကောင်း သူဆင်းရဲဟူ၍ မိန့်ဆိုတော်မမူကြကုန်”ဟု သိကြားမင်းကို ပြောဆိုလေ၏။

သုပ္ပဗုဒ္ဓ နွားဝှေ့ခြင်း အတိတ်ကံ

သိကြားမင်းသည် ထိုသုပ္ပဗုဒ္ဓလူနူ၏ တရားစကားကို ကြားနာရသဖြင့် သုပ္ပဗုဒ္ဓလူနူကို လမ်းခရီးအကြား၌ စွန့်ထားခဲ့၍ မြတ်စွာဘုရား၏အထံတော်သို့ သွားရောက်ချဉ်းကပ်ပြီးလျှင် အလုံးစုံသော ထိုမိမိပြောသောစကား၊ သုပ္ပဗုဒ္ဓ ပြန်ပြောသော စကားကို လျှောက်ကြားလေ၏။ ထိုအခါ သိကြားမင်းကို မြတ်စွာဘုရားသည် “ဒကာတော်သိကြားမင်း- ဒကာတော်ကဲ့သို့သော သိကြားတို့၏ အရာသည်လည်းကောင်း၊ အထောင်သည်လည်းကောင်း သုပ္ပဗုဒ္ဓလူနူကို ဘုရားသည် ဘုရားမဟုတ်ဟူ၍လည်းကောင်း၊ တရားတော်သည် တရားမဟုတ်ဟူ၍လည်းကောင်း၊ သံဃာတော်သည် သံဃာတော် မဟုတ်ဟူ၍လည်းကောင်း ပြောဆိုစိမ့်သောငှာ မစွမ်းနိုင်သည်သာတည်း”ဟု မိန့်တော်မူလေ၏။ သုပ္ပဗုဒ္ဓလူနူသည်လည်း မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်၍ မြတ်စွာဘုရားနှင့်တကွ ပဋိသန္ဓာရစကား ပြောကြားပြီးသည်ရှိသော် ဝမ်းမြောက်ဝမ်းသာ ရအပ်သော တရားဂုဏ်ထူးကို လျှောက်ကြားပြီးလျှင် နေရာမှထ၍ ဖဲသွားလေ၏။ ထို့နောက် ဖဲသွား၍ မကြာမြင့်မီသာလျှင် ထိုသုပ္ပဗုဒ္ဓလူနူကို ပျိုမြစ်နုနယ် ငယ်သောသားရှိသော နွားမသည် ဇီဝိတိန္ဒြေမှ ချသတ်လေ၏။

(ထိုနွားမသည်ကား ပကတိသော နွားမ,မဟုတ်၊ တစ်ယောက်သော ဘီလူးမသည် ပုက္ကုသာတိမင်း, ဗာဟိယဒါရုစီရိယ, တမ္ဗဒါဌိက ခိုးသူသတ်, သုပ္ပဗုဒ္ဓလူနူဟူသော ဤလေးယောက်သောသူတို့၏ တစ်ရာ,တစ်ရာစီလောက်တိုင်အောင် ခန္ဓာကိုယ်အတ္တဘောတို့ကို နွားမအယောင်ဆောင်၍ ဇီဝိတိန္ဒြေမှ ချသတ်ဖူးလေသတတ်။ ထိုလေးယောက်သောသူတို့သည် ရှေးလွန်လေပြီးသောအခါ သူဌေးသားလေးယောက်ဖြစ်ကြ၍ ပြည်ကြီးကျက်သရေဖြစ်သော တစ်ယောက်သော ပြည့်တန်ဆာမကို ဥယျာဉ်သို့ဆောင်၍ နေ့အဖို့ပတ်လုံး စည်းစိမ်ချမ်းသာကို မွေ့လျော်စွာ ခံစားပြီးလျှင် ညချမ်းသောကာလ၌ ဤသို့ပြောကြား တိုင်ပင်ကြကုန်၏။ “ဤအရပ်ဒေသ၌ ငါတို့မှတစ်ပါး အခြားသောသူသည် တစ်စုံတစ်ယောက်မျှမရှိ၊ ဤမိန်းမအား ငါတို့ပေးအပ်သော အသပြာတစ်ထောင်နှင့် ဝတ်ဆင်သော အလုံးစုံသော တန်ဆာကိုယူ၍ ဤပြည့်တန်ဆာမိန်းမကို သတ်ပြီးမှ သွားကြကုန်စို့အံ့”ဟု ပြောကြားတိုင်ပင်ကြကုန်၏။ ထိုပြည့်တန်ဆာမသည် သူဌေးသားလေးယောက်တို့၏ တိုင်ပင်ပြောဆိုသောစကားကို ကြားရလျှင် “ဤသူတို့ကား အရှက်မရှိကုန်စွ၊ ငါနှင့်အတူတကွ မွေ့လျော်ပျော်ပါးပြီး၍ ယခုအခါ ငါ့ကိုသတ်ခြင်းငှာ အလိုရှိကြကုန်၏။ ထိုသူတို့အား ပြုအပ်သောအမှုကို သိရပေတော့အံ့”ဟု ကြံဆင်ခြင်ပြီးမှ ထိုပြည့်တန်ဆာမသည် ထိုသူဌေးသားတို့ သတ်အပ်သည်ရှိသော် “ငါသည် ဘီလူးမဖြစ်၍ ဤသူလေးယောက်တို့ ငါ့ကို သတ်ကုန်သကဲ့သို့ပင် ငါသည်လည်း ထိုသူတို့ကိုသတ်ခြင်းငှာ စွမ်းနိုင်သည် ဖြစ်ရပါလို၏”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ ထိုအကျိုးဆက်ဖြင့် ဤသူလေးယောက်တို့ကို ဘီလူးမက သတ်လေဘိသတည်း။)

များစွာသော ရဟန်းတို့သည် ထိုသုပ္ပဗုဒ္ဓလူနူ၏ သေလွန်ခြင်းကို မြတ်စွာဘုရားအား လျှောက်ကြား၍ “ထိုသုပ္ပဗုဒ္ဓ၏ လားရာဂတိကား အဘယ်ပါနည်း၊ အဘယ်အကြောင်းကြောင့် နူနာစွဲသည်အဖြစ်သို့ ရောက်ရပါလေသနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ မြတ်စွာဘုရားသည် သောတာပတ္တိဖိုလ်သို့ရောက်၍ ထိုသုပ္ပဗုဒ္ဓလူနူ၏ တာဝတိံသာနတ်ပြည်၌ ဖြစ်ကြောင်းကိုလည်းကောင်း၊ “တဂရသိခီ အမည်ရှိသော ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို တွေ့မြင်၍ တံတွေးဖြင့်ထွေးလျက် မရိုမသေ ပြစ်မှားသောအမှုကို ပြုမိသောကြောင့် ရှည်ကြာစွာသော ကာလပတ်လုံး ငရဲ၌ကျက်ပြီးမှ ကံအကျိုးအကြွင်း၏ အစွမ်းအားဖြင့် ဤယခုဘဝ၌ နူနာစွဲကပ်ခြင်း ရောက်ရလေ၏”ဟု ထိုအကြောင်းကို မိန့်ကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့ ဤသတ္တဝါတို့သည် မိမိ,မိမိအလို့ငှာ ခါးစပ်ပြင်းထန်သောအကျိုးကို ရစေတတ်သော အကုသိုလ်ကံကို ပြုကြကုန်လျက် ကျင်လည်ကုန်ဘိသည်”ဟု အနုသန္ဓေကို စပ်တော်မူ၍ ထိုထက်အလွန်ဖြစ်သော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၆၆] စရန္တိ ဗာလာ ဒုမ္မေဓာ၊ အမိတ္တေနေဝ အတ္တနာ။
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

ဗာလာ၊ မျက်မှောက်တမလွန် နှစ်တန်သောအကျိုးကို မသိသဖြင့် မိုက်မဲတွေဝေကြကုန်သော။ ဒုမ္မေဓာ၊ ပညာမဲ့သောသူတို့သည်။ အမိတ္တေနေဝ၊ ရန်သူနှင့်တူသော။ အတ္တနာ၊ မိမိကိုယ်ဖြင့်။ ဝါ၊ အမိတ္တေနေဝ အတ္တနာ၊ မိမိကိုယ်လျှင် ရန်သူရှိသည်ဖြစ်၍။ ပါပကံ၊ ယုတ်မာသော။ ကမ္မံ၊ အကုသိုလ်ကံတရားကို။ ကရောန္တာ၊ ပြုကြကုန်လျက်။ စရန္တိ၊ ကျင်လည်ကြကုန်၏။ ယံ၊ ယင်းအကုသိုလ်ကံတရားသည်။ ကဋုကပ္ဖလံ၊ ခါးစပ်ကျင်နာ မခံသာအောင် ဆင်းရဲသောအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုပ္ပဗုဒ္ဓလူနူဝတ္ထု ပြီး၏။