မာတိကာသို့ ခုန်သွားရန်

သုပ္ပါရကဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၃။ သုပ္ပါရကဇာတ် (၉)
3940ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၆၃။ သုပ္ပါရကဇာတ် (၉)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဧကာဒသကနိပါတ်

၉။ သုပ္ပါရကဇာတ်

သစ္စာသီလတန်ခိုးဖြင့် အသက်ဘေးမှ ချမ်းသာခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် ပညာပါရမီကို အကြောင်းပြု၍ ဥမ္မုဇ္ဇန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုပ္ပါရကဇာတ်ကို ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့။ တစ်နေ့သ၌ ညချမ်းသောအခါဝယ် မြတ်ဘုရား၏ တရားဟောတော်မူခြင်းငှာ ထွက်ခြင်းကို ငံ့လင့်ကုန်သော ရဟန်းတို့သည် တရားသဘင်၌နေ၍ ငါ့ရှင်တို့အံ့ဖွယ်ရှိပေစွ၊ သဗ္ဗညူ မြတ်စွာဘုရားသည် ကြီးသောပညာရှိ၏။ မြေကြီးအထုနှင့်တူသော ပညာရှိ၏။ ရွှင်သောပညာ ရှိတော်မူ၏။ လျင်သောပညာ ရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ အလုံးစုံသောတရားကို ထိုးထွင်း၍သိသောပညာ ရှိတော်မူ၏။ ထိုထိုအရာ၌ ဥပါယ်တံမျဉ် ပညာနှင့် ပြည့်စုံတော်မူ၏။ ကြီးကျယ်ပြန့်ပြောသော မြေကြီးအထုနှင့်တူသော ပညာနှင့် ပြည့်စုံတော်မူ၏။ မဟာသမုဒ္ဒရာကဲ့သို့ နက်နဲသော ပညာနှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်ကဲ့သို့ ပြန်ပြောသော ပညာနှင့် ပြည့်စုံတော်မူ၏။ ထိုစကားသည် မှန်၏။ ဇမ္ဗူဒိပ်ကျွန်း အလုံး၌ဖြစ်သော ပညာတို့သည် ဘုရားသခင်ကိုလွန်၍ သိခြင်းငှာ စွမ်းနိုင်သောသူ မည်သည်မရှိ။ သမုဒ္ဒရာ၌ ထကုန်သော လှိုင်းတံပိုးတို့သည် ကမ်းကိုမလွန်နိုင်ကုန်၊ ကမ်းသို့ရောက်၍သာလျှင် ပျောက်ကုန်ဘိသကဲ့သို့ တစ်စုံတစ်ယောက်သော ပညာရှိသည် မြတ်စွာဘုရားကို မလွန်နိုင်၊ မှတစြါာဘုရား၏ ခြေတော်ရင်းသို့ ရောက်ကုန်သော် ပျောက်ပျက်ကုန်သည်သာတည်း ဟု မြတ်စွာဘုရား၏ များမြတ်သော ပညာပါရမီတော်ကို ချီးမွမ်းကုန်လျက် နေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူ၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပပါကုန်သည် ဟု ရွှေနားတော် လျှောက်ကုန်သော် ရဟန်းတို့ သင်တို့ဆရာ ငါဘုရားသည် ယခုမှသာလျှင် ပညာရှိသည်မဟုတ်၊ ရှေးဖြစ်သော ပညာမရင့်သေးသောအခါ၌လည်း ပညာရှိတော်မူ၏။ မျက်မမြင်ဖြစ်လျှက်လည်း သမုဒ္ဒရာရေအမှတ်ဖြင့် ဤသမုဒ္ဒရာဝယ် ဤမည်သောရတနာ ရှိသည်၏အဖြစ်ကို ငါသိ၏ ဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ၌ ကုရုတိုင်း၌ ကုရုမည်သောမင်းသည် မင်းပြု၏။ ကုရုကစ္ဆမည်သော သင်္ဘောဆိပ်ရွာသည် ရှိ၏။ ထိုအခါဝယ် ဘုရားလောင်းသည် ကုရုကစ္ဆသင်္ဘောဆိပ်၌ သင်္ဘောသူကြီးသား ဖြစ်၏။ ကြည်ညိုဖွယ်ရှိ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ဘုရားလောင်းအား သုပ္ပါရက ဟူသော အမည်ကို မှည့်ကုန်၏။

သင်္ဘောသူကြီး

ထိုသတို့သားသည် များသော အခြံအရံဖြင့်ကြီးသည်ဖြစ်၍ တစ်ဆယ့်ခြောက်နှစ် ရှိသောအခါ၌လျှင် သင်္ဘောသူကြီး အတတ်၌ ပြီးခြင်းသို့ရောက်၍ အခါတစ်ပါး၌ အဖလွန်သဖြင့် သင်္ဘောသူကြီးဖြစ်၍ သင်္ဘောသွားသောအမှုကို ပြု၏။ ပညာနှင့်ပြည့်စုံ၏။ ထိုဘုရားလောင်းသည် စီးအပ်သော သင်္ဘောသည် ပျက်စီးခြင်းမည်သည်မရှိ။

ရာဖြတ်အရာရှိ

ထိုဘုရားလောင်းအား အခါတစ်ပါး၌ ဆားငန်ရေဖြင့် ခတ်မိသည်ဖြစ်၍ မျက်စိနှစ်ဖက်တို့သည် ပျက်ကုန်၏။ ဘုရားလောင်းသည် ထိုအခါမှစ၍ သင်္ဘောသူကြီး ဖြစ်သော်လည်း သင်္ဘောသွားသောအမှုကို မပြုမူ၍ မင်းကိုမှီ၍ အသက်မွေးအံ့ဟု ကြံ၍ မင်းသို့ကပ်၏။ ထိုအခါ မင်းသည် ထိုဘုရားလောင်းကို ရာဖြတ်အရာ၌ထား၏။ ထိုဘုရားလောင်းသည် ထိုအခါမှစ၍ မင်း၏ ဆင်ရတနာ, မြင်းရတနာ, ပုလဲဥစ္စာနှစ် ပတ္တမြားအစရှိသည်တို့ကို အဖိုးဖြတ်၏။ ထိုအခါဝယ် တစ်နေ့သ၌ မင်း၏ မင်္ဂလာဆင်တော်သည် ဖြစ်လတ္တံ့ ဟု မျက်စဉ်းတောင်ထွတ်နှင့်တူသော ဆင်တစ်စီးကို ဆောင်ခဲ့ကုန်၏။ ထိုဆင်ကိုမြင်၍ မင်းသည် သုခမိန်ပညာရှိအား ပြလေကုန် ဟု ဆို၏။ ထိုအခါ ထိုဆင်ကို သုပ္ပါရက သုခမိန်အထံသို့ ဆောင်ယူကုန်၏။ ထိုသုခမိန်သည် လက်ဖြင့် ဆင်၏ကိုယ်ကို သုံးသပ်၍ ဤဆင်သည် မင်္ဂလာဆင်ဖြစ်ခြင်းငှာ မလျောက်ပတ်၊ ဤဆင်သည် နောက်ခြေနိမ့်၏။ ဤဆင်ကို အမိသည် ဖွားသောအခါ နောက်ခြေဖြင့်ခံခြင်းငှာ မတတ်နိုင်၊ ထို့ကြောင့် မြေ၌ကျ၍ နောက်ခြေနိမ့်၏ ဟု ဆို၏။ ဆင်ကိုယူ၍ လာသောသူတို့ကိုမေးလျှင် ထိုသူတို့သည် သုခမိန်ဆိုသည့်အတိုင်း မှန်ပေ၏ ဟု ဆို၏။ ထိုအကြောင်းကို မင်းသည်ကြား၍ နှစ်သက်သည်ဖြစ်၍ ထိုသုခမိန်အား ရှစ်သပြာတို့ကို ပေးစေ၏။ တစ်ဖန် တစ်နေ့သ၌ မင်း၏ မင်္ဂလာမြင်းတော်သည် ဖြစ်လတ္တံ့ ဟု မြင်းတစ်စီးကို ဆောင်ယူခဲ့ကုန်၏။ ထိုမြင်းကိုလည်း ပညာရှိထံသို့ ပို့စေ၏။ ထိုသုခမိန်လည်း မြင်းကို လက်ဖြင့်သုံးသပ်၍ ဤမြင်းသည် မင်္ဂလာမြင်းဖြစ်ခြင်းငှာ မထိုက်။ ဤမြင်း၏ အမိသည် ဖွားသောနေ့၌ သေသောကြောင့် အမိနို့ရည်ကိုမရ၍ ကောင်းစွာမကြီးရ၊ နို့ မျက်၏ ဟု ဆို၏။ ထိုသုခမိန်စကားသည် မှန်သည်သာတည်း။ ထိုအကြောင်းကိုကြား၍ မင်းသည် အလွန်နှစ်သက်၍ ရှစ်သပြာတို့ကို ပေးစေ၏။

ထိုအခါဝယ် တစ်နေ့သ၌ မင်း၏ မင်္ဂလာရထားသည် ဖြစ်လတ္တံ့ ဟု ရထားကို ဆောင်ခဲ့ကုန်၏။ ထိုရထားကိုလည်းမင်းသည် သုခမိန်၏ အထံသို့ ပို့စေ၏။ ထိုသုခမိန်သည် ရထားကို လက်ဖြင့်သုံးသပ်၍ ဤရထားသည် အခေါင်းရှိသောသစ်ဖြင့် ပြုလုပ်သောကြောင့် မင်းအား မလျောက်ပတ် ဟု ဆို၏။ ထိုသုခမိန်၏စကားသည် မှန်၏။ မင်းသည် ထိုစကားကိုကြား၍ ရှစ်သပြာတို့ကိုသာ ပေးစေ၏။

ထိုအခါ၌ မင်းအား များသောအဖိုးထိုက်သော ကမ္ဗလာရတနာကို ဆောင်ခဲ့ကုန်၏။ ဤကမ္ဗလာကိုလည်း သုခမိန်အားသာလျှင် ပို့စေကုန်၏။ ထိုသုခမိန်သည် ကမ္ဗလာတို့ကိုလည်း လက်ဖြင့် သုံးသပ်၍ ဤကမ္ဗလာဝယ် တစ်ခုသော အရပ်၌ ကြွက်ခဲရာသည် ရှိ၏ ဟု ဆို၏။ သုတ်သင်သည်ရှိသော် ထိုကြွက်ခဲရာကိုမြင်၍ မင်းအား လျှောက်ကုန်၏။ မင်းသည်ကြား၍ အလွန်နှစ်သက်၍ ရှစ်အသပြာတို့ကိုသာ ပေးစေ၏။

(ဤအရာတွင် ငါးရာငါးဆယ် ဇာတ်အကျဉ်း စကားပြေကို စီရင်သော ဆရာမူကား အသပြာဝက်ပေးသည်။ မင်းကိုလည်း ဒွန်းစဏ္ဍားမျိုး ဖြစ်သည်ဟု ဆို၏။ မဏိကုဏ္ဍလ ဆရာဆိုသည်ကာ နှစ်သပြာပေးသည်။ မင်းကိုလည်း ဆတ္တာသည် အမျိုးဟု ဆို၏။ စကားပြေဆရာ၏ စကားကို ဆင်ခြင်အပ်၏။ )

ထိုသုခမိန်သည် ကြံ၏။ ဤမင်းသည် ဤသို့သဘောရှိကုန်သောအံ့ဖွယ်တို့ကိုမြင်လျက် ရှစ်သပြာတို့ကိုသာ ပေးစေ၏။ ဤမင်းသည် ဆတ္တာသည်တို့၏ ပေးခြင်းတည်း၊ ဆတ္တသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါ့အား ဤသို့သောမင်းအား ခစားသဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ မိမိနေရာသို့သာလျှင် သွားအံ့ ဟု ကြံ၍ ထိုသုခမိန်သည် ကုရုကစ္ဆ သင်္ဘောဆိပ်သို့သာလျှင် ပြန်ခဲ့၏။ သုခမိန်သည် ထိုသင်္ဘောဆိပ်၌ နေတတ်သော် ကုန်သည်တို့သည် သင်္ဘောကို စီရင်၍ ထိုသုပ္ပါရက သုခမိန်ကို သင်္ဘောသူကြီး ပြုကုန်အံ့ ဟု တိုင်ပင်ကြကုန်၏။ သုပ္ပါရက သုခမိန်သည် စီးသောသင်္ဘောသည် မပျက်နိုင်၊ ထိုသုခမိန်သည် ပညာရှိ၏။ ဥပါယ်တံမျဉ်၌ လိမ္မာ၏။ မျက်စိမမြင်သော်လည်း ထိုသုခမိန်သည် ငါတို့ထက် မြတ်၏ ဟု ထိုသုခမိန်သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့၏ သင်္ဘောသူကြီး ဖြစ်တော်မူပါ ဟု ဆို၏။

ငါသည် မျက်စိမမြင်၊ အဘယ်သို့လျှင် သင်္ဘောသူကြီးအမှုကို ပြုရအံ့နည်းဟု ဆိုလတ်သော် သခင် မျက်စိပင် မမြင်သော်လည်း သခင်သည်သာလျှင် အကျွန်ုပ်တို့ထကျ မြတ်၏ ဟု အဖန်တလဲလဲ တောင်းပန်သည်ရှိသော် အမောင်တို့ ကောင်းပြီ၊ အမော်တို့သည် ကြားသောမှတ်ဖြင့် သင်္ဘောသူကြီး ဖြစ်အံ့ ဟု ဆို၍ ထိုသူတို့၏ သင်္ဘောကို တက်စီး၏။ သဘောသည် မဟာသမုဒ္ဒရာသို့ ပြေးလေ၏။ သင်္ဘောသည် ခုနစ်ရက်တို့ပတ်လုံး ဘေးမရှိ သည်ဖြစ်၍ သွားလေ၏။ ထို့နောက် နှောင့်ယှက်သော လေဖြစ်လတ်သည်ရှိသော် ခရီးလွဲ၍ သင်္ဘောသည် လေးလတို့ပတ်လုံး ပကတိ မဟာသမုဒ္ဒရာအပြင်၌ သွား၍ ခုရမာလိမည်သာ သမုဒ္ဒရာသို့ ရောက်လေ၏။

ဘာသမုဒ္ဒရာနည်း

ထိုခုရမာလိ သမုဒ္ဒရာ၌ ငါးတို့သည် လူနှင့်တူသော ကိုယ်ရှိသည် ဖြစ်၍လျှင် သင်ဓုန်းသွားနှင့်တူသော နှာခေါင်းရှိသည်ဖြစ်၍ ပေါ်ခြင်းငုပ်ခြင်းကို ပြုကုန်၏။ ကုန်သည်တို့သည် ထိုငါးတို့ကိုမြင်၍ ဘုရားလောင်းအား ထိုသမုဒ္ဒရာ၏ အမည်ကို မေးလိုကား -

၁၀၈။ ဥမ္မုဇ္ဇန္တိ နိမုဇ္ဇန္တိ၊ မနုဿာ ခုရနာသိကာ၊
သုပ္ပါရကံ တံ ပုစ္ဆာမ၊ သမုဒ္ဒေါ ကတမော အယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၀၈။ ပဏ္ဍိတ၊ ပညာရှိ။ သုပ္ပါရကံ၊ သုပ္ပါရကအမည်ရှိသော။ တံ၊ သင်ပညာရှိကို။ ပုစ္ဆာမ၊ ငါတို့ မေးပါကုန်အံ့။ ခုရနာသိကာ၊ သင်မုန်းသွားနှင့်တူသော နှာခေါင်းရှိကုန်သော။ မနုဿာ၊ လူတို့သည်။ ဥမ္မုဇ္ဇန္တိ၊ ပေါ်လည်း ပေါ်ကုန်၏။ နိမုဇ္ဇန္တိ၊ ငုပ်လည်းငုပ်ကုန်၏။ အယံ၊ ဤသမုဒ္ဒရာကား။ ကတမော၊ အဘယ်မည်သာ။ သမုဒ္ဒေါ၊ သမုဒ္ဒရာနည်း။

ခုရမာလိသမုဒ္ဒရာ

ဤသို့ သင်္ဘောသားတို့သည် မေးအပ်သော ဘုရားလောင်းအား မိမိ၏ သင်္ဘောကျမ်းနှင့် ညီညွတ်နှီးနှော၍-

၁၀၉။ ကုရုကစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ။
နာဝါယ ဝိပ္ပနဋ္ဌာယ၊ ခုရမာလီတိ ဝုစ္စတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၀၉။ တာတ၊ အမောင်တို့။ ကုရုကစ္ဆာ၊ ကုရုကစ္ဆ သင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စာကို ရှာလေ့ရှိကုန်သော။ ဝါဏိနံ၊ ကုန်သည်တို့၏။ နာဝါယ၊ သင်္ဘောသည်။ ဝိပ္ပနဋ္ဌာယ၊ အရပ်တစ်ပါးသို့ သွားသည်ရှိသော်။ အယံ၊ ဤသမုဒ္ဒရာကို။ ခုရမာလီတိ၊ ခုရမာလိသမုဒ္ဒရာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ထိုသမုဒ္ဒရာ၌ ဝဇီရစိန်ကျောက်မျိုးသည် များ၏။ ဘုရားလောင်းသည် အကယ်၍ ဤသမုဒ္ဒရာသည် ဝဇိရသမုဒ္ဒရာတည်းဟု ထိုသူတို့အား ကြားအံ့၊ လောဘကြီးသဖြင့် များစွာသော ဝဇီရစိန်ကျောက်တို့ကိုယူ၍ သင်္ဘောကို နစ်စေကုန်လတ္တံ့၊ ထိုသင်္ဘောသားတို့အား မကြားမူ၍ သင်္ဘောကို ရပ်စေ၍ ဥပါယ်တံမျဉ်ဖြင့် ကြိုးလွန်တို့ကို ကိုင်၍ ငါးဖမ်းသောအဟန်ဖြင့် ကွန်ပိုက်ကိုချစေ၍ ဝဇီရ စိန်ကျောက်ဥစ္စာနှစ်ကိုဆယ်ယူ၍ သင်္ဘော၌ထည့်၍ တစ်ပါးသော အဖိုးနည်းထိုက်သော ဥစ္စာကို စွန့်စေ၏။ ထိုသဘောသည် ဝဇိရသမုဒ္ဒရာကိုလွန်၍ ရှေ့မှ အဂ္ဂိမာလိ အမည်ရှိသော သမုဒ္ဒရာသို့ ရောက်လေ၏။

ဘာသမုဒ္ဒရာနည်း

ထိုအဂ္ဂိလိသမုဒ္ဒရာသည် တောက်ပသော မီးပုံကြီးနှင့် တူ၏။ မွန်းတည့်နေနှင့် တူ၏။ အရောင်ကိုလွှတ်လျက် တည်၏။ ဤသို့ သဘောရှိသော သမုဒ္ဒရာသည် အဘယ်သမုဒ္ဒရာနည်းဟု ကုန်သည် သင်္ဘောသားတို့သည် ဘုရားလောင်းကို မေးလိုရကား-

၁၁၀။ ယထာ အဂ္ဂီဝ သူရိယောဝ၊ သမုဒ္ဒေါ ပဋိဒိဿတိ။
သုပ္ပါရကံ တံ ပုစ္ဆာမ၊ သမုဒ္ဒေါ ကတမော အယံ။

ဟူသော တတိယဂါထာကို ဆို၏။

၁၁၀။ ပဏ္ဍိတ၊ ပညာရှင်။ သုပ္ပါရကံ၊ သုပ္ပါရကအမည်ရှိသော။ တံ၊ အရှင့်ကို။ ပုစ္ဆာမ၊ မေးပါကုန်အံ့။ ယထာ၊ ဥပမာမည်သည်ကား။ အဂ္ဂီဝ၊ မီးပုံကြီးကဲ့သို့။ သူရိယောဝ၊ မွန်းတည့်နေကဲ့သို့။ ယော သမုဒ္ဒေါ၊ အကြင်သမုဒ္ဒရာသည်။ ပဋိဒိဿတိ၊ ထင်၏။ အယံသမုဒ္ဒေါ၊ ဤသမုဒ္ဒရာသည်။ ကတမော၊ အဘယ်မည်သော သမုဒ္ဒရာနည်း။

အဂ္ဂိမာလိသမုဒ္ဒရာ

ဘုရားလောင်းသည်လည်း ထိုသင်္ဘောသားတို့အား ပြောကြားလိုရကား-

၁၁၁။ ကုရုကစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ။
နာဝါယ ဝိပ္ပနဋ္ဌာယ၊ အဂ္ဂိမာလီတိ ဝုစ္စတိ။

ဟူသော အခြားသော ဤဂါထာကို ဆို၏။

၁၁၁။ တာတ၊ အမောင်တို့။ ကုကစ္ဆာ၊ ကုရုကစ္ဆာသင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စာကို ရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ နာဝါယ၊ သင်္ဘောသည်။ ဝိပ္ပနဋ္ဌာယ၊ အရပ်တစ်ပါးသို့ သွားသည်ရှိသော်။ အယံ၊ ဤသမုဒ္ဒရာကို။ အဂ္ဂိမာလီတိ၊ အဂ္ဂိမာလိ သမုဒ္ဒရာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဤသမုဒ္ဒရာ၌ ရွှေသည် များ၏။ ထိုဘုရားလောင်းသည် ရွှေကိုယူစေ၍ လှေသင်္ဘော၌ ထည့်စေ၏။

ဘာသမုဒ္ဒရာနည်း

သင်္ဘောသည် ထိုအဂ္ဂိမာလိသမုဒ္ဒရာကိုလည်း လွန်ခဲ့၍ နို့ရည်နို့ဓမ်းကဲ့သို့ ထွန်းတောက်ပသော ဒဓိမာလိ အမည်ရှိသော သမုဒ္ဒရာသို့ ရောက်လေ၍ ထိုသမုဒ္ဒရာကို ကုန်သည်တို့သည် ဘုရားလောင်းအား မေးလိုရကား-

၁၁၂။ ယထာ ဒဓိဝ ခီရံဝ၊ သမုဒ္ဒေါ ပဋိဒိဿသိ။
သုပ္ပါရကံ တံ ပုစ္ဆာမ၊ သမုဒ္ဒေါ ကတမော အယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၂။ ပဏ္ဍိတ၊ ပညာရှင်။ သုပ္ပါရကံ၊ သုပ္ပါရကအမည်ရှိသော။ တံ၊ အရှင့်ကို။ ပုစ္ဆာမ၊ မေးပါကုန်၏။ ဒဓိ ဣဝ၊ နို့ဓမ်းရည်ကဲ့သို့။ ခီရံ ဣဝ၊ နို့ရည်ကဲ့သို့။ ယော သမုဒ္ဒေါ၊ အကြင် သမုဒ္ဒရာသည်။ ပဋိဒိဿတိ၊ ထင်၏။ အယံ သမုဒ္ဒေါ၊ ဤသမုဒ္ဒရာကား။ ကတမော၊ အဘယ်သမုဒ္ဒရာနည်း။

ခီရမာလိသမုဒ္ဒရာ

ဘုရားလောင်းသည် ထိုသမုဒ္ဒရာအမည်ကို ကြားလိုရကား-

၁၁၃။ ကုရုကစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ။
နာဝါယ ဝိပ္ပနဋ္ဌာယ၊ ခီရမာလီတိ ဝုစ္စတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၃။ တာတ၊ အမောင်တို့။ ကုရုကစ္ဆာ၊ ကုရုကစ္ဆ သင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စာကို ရှာကုန်သော။ ဝါဏီဇာနံ၊ ကုန်သည်တို့၏။ နာဝါယ၊ သင်္ဘောသည်။ ဝိပ္ပနဋ္ဌာယ၊ အရပ်တစ်ပါးသို့ သွားသည်ရှိသော်။ အယံ၊ ဤသမုဒ္ဒရာကို။ ခီရမာလီတိ၊ ခီရမာလိသမုဒ္ဒရာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ထိုသမုဒ္ဒရာ၌ကား ငွေသည် များ၏။ ဘုရားလောင်းသည် ထိုငွေတို့ကိုလည်း ဥပါယ်တံမျဉ်ဖြင့် ယူစေ၍ သင်္ဘော၌ ထည့်စေ၏။

ဘာသမုဒ္ဒရာနည်း

သင်္ဘောသည် ထိုသမုဒ္ဒရာကိုလည်း လွန်၍ စိမ်းသော သမန်းမြက်နှင့်တူသော စပါးကောင်းနှင့်တူသော ထွန်းပသော စိမ်းညိုသော အဆင်းရှိသော ကုသမာလိ အမည်ရှိသာ သမုဒ္ဒရာသို့ ရောက်လေ၍ ထိုကုန်သည်တို့သည် ဘုရားလောင်းကို မေးလိုကား-

၁၁၄။ ယထာ ကုသောဝ သဿောဝ၊ သမုဒ္ဒေါ ပဋိဒိဿတိ။
သုပ္ပါရကံ တံ ပုစ္ဆာမ၊ သမုဒ္ဒေါ ကတမော အယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၄။ ပဏ္ဍိတ၊ ပညာရှိ။ သုပ္ပါရကံ၊ သုပ္ပါရက အမည်ရှိသော။ တံ၊ အရှင့်ကို။ ပုစ္ဆာမ၊ မေးပါကုန်၏။ ယထာ၊ ဥပမာမည်သည်ကား။ ကုသောဝ၊ သမန်းမြက်ကဲ့သို့လည်းကောင်း။ သဿောဝ၊ ကောက်ကဲ့သို့လည်းကောင်း။ ယော သမုဒ္ဒေါ၊ အကြင်သမုဒ္ဒရာသည်။ ပဋိဒိဿတိ၊ ထင်၏။ အယံ သမုဒ္ဒေါ၊ ဤသမုဒ္ဒရာသည်။ ကတမော၊ အဘယ်သမုဒ္ဒရာနည်း။

ကုသမာလိသမုဒ္ဒရာ

ထိုသို့ မေးအပ်သော ဘုရားလောင်းသည် ထိုကုန်သည်တို့အား ပြောကြားလိုရကား-

၁၁၅။ ကုရုကစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ။
နာဝါယ ဝိပ္ပနဋ္ဌာယ၊ ကုသမာလီတိ ဝုစ္စတိ။

ဟူသောဤဂါထာကိုဆို၏။

၁၁၅။ တာတ၊ အမောင်တို့။ ကုရုကစ္ဆာ၊ ကုရုကစ္ဆသင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စာကိုရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ နာဝါယ၊ သင်္ဘောသည်။ ဝိပ္ပနဋ္ဌာယ၊ အရပ်တစ်ပါးသို့ သွားသည်ရှိသော်။ အယံ၊ ဤ သမုဒ္ဒရာကို။ ကုသူမာလီတိ၊ ကုသမာလိ သမုဒ္ဒရာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ထိုသမုဒ္ဒရာ၌ ပတ္တမြားညိုဟုဆိုအပ်သော မြကျောက်ညိုရတနာသည် များ၏။ ဘုရားလောင်းသည် ထိုမြကျောက်ညို ရတနာကိုလည်း ဥပါယ်တံမျဉ်ဖြင့် ယူစေ၍ သင်္ဘော၌ ထည့်စေ၏။

ဘာသမုဒ္ဒရာနည်း

သင်္ဘောသည် ထိုသမုဒ္ဒရာကိုလွန်၍ ကျူးတောကဲ့သို့ ဝါးတောကဲ့သို့ ထင်သော နဠမာလိအမည်ရှိသော သမုဒ္ဒရာသို့ ရောက်လေ၍ ကုန်သည်တို့သည် ထိုသမုဒ္ဒရာ၏ အမည်ကိုလည်း ထိုဘုရားလောင်းအား မေးလိုရကား-

၁၁၆။ ယထာ နဠောဝ ဝေဠူဝ၊ သမုဒ္ဒေါ ပဋိဒိဿတိ။
သုပ္ပါရကံ တံ ပုစ္ဆာမ၊ သမုဒ္ဒေါ ကတမော အယံ။

ဟူသော ဤဂါထာကိုဆို၏။

၁၁၆။ ပဏ္ဍိတ၊ ပညာရှင်။ သုပ္ပါရကံ၊ သုပ္ပါရကအမည်ရှိသော။ တံ၊ သင်ပညာရှင်ကို။ ပုစ္ဆာမ၊ မေးပါကုန်၏။ ယထာ၊ ဥပမာကား။ နဠောဝ၊ ကျူတောကဲ့သို့။ ဝေဠူဝ၊ ဝါးတောကဲ့သို့။ ယော သမုဒ္ဒေါ၊ အကြင်သမုဒ္ဒရာသည်။ ပဋိဒိဿတိ၊ ထင်၏။ အယံ သမုဒ္ဒေါ၊ ဤသမုဒ္ဒရာသည်။ ကတမော၊ အဘယ်သမုဒ္ဒရာနည်း။

နဠမာလိသမုဒ္ဒရာ

ထိုသင်္ဘောသားတို့အား ထိုသမုဒ္ဒရာ၏အမည်ကို ကြားလိုရကား ဘုရားလောင်းသည်-

၁၁၇။ ကုရုကစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ။
နာဝါယ ဝိပ္ပနဋ္ဌာယ၊ နဠမာလီတိ ဝုစ္စတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၇။ တာတ၊ အမောင်တို့။ ကုရုကစ္ဆာ၊ ကုရုကစ္ဆသင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စာကို ရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ နာဝါယ၊ သင်္ဘောသည်။ ဝိပ္ပနဋ္ဌာယ၊ အရပ်တစ်ပါးသို့ သွားသည်ရှိသော်။ အယံ၊ ဤသမုဒ္ဒရာကို။ နဠမာလီတိ၊ နဠမာလိသမုဒ္ဒရာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ထိုသမုဒ္ဒရာ၌ကား မသာရဂလ်-ဟု ဆိုအပ်သော ကျောက်မျက်ရွဲ, ပြယိုးယား, ဝင်သဝဏ် ကျောက်မျိုးတို့သည် များ၏။ ဘုရားလောင်းသည် ထိုကျောက်မျိုးတို့ကိုလည်း ဥပါယ်တံမျဉ်ဖြင့် ယူစေ၍ သင်္ဘော၌ ထည့်စေ၏။

ဘာသမုဒ္ဒရာနည်း

ကုန်သည် သင်္ဘောသားတို့သည် နဠမာလိသမုဒ္ဒရာကိုလွန်၍ ဗလဝမုခမည်သော သမုဒ္ဒရာကို မြင်ကုန်၏။ ထိုဗလဝမုခမည်သော သမုဒ္ဒရာ၌ ရေသည် ငင်၍ငင်၍ ထက် ဝန်းကျင် အထက်အဖို့ဖြင့် တတ်၏။ ထို ထက်ဝန်းကျင် အထက်အဖို့ဖြင့် တက်သည်ရှိသော် ရေသည် ထက်ဝန်းကျင် အထက်အဖို့ဖြင့် ကမ်းပါးပြတ် ကြီးစွာသော ဇလုပ်တွင်းကဲ့သို့ ထင်၏။ လှိုင်းတံပိုးသည် ထလတ်သော် တစ်ဖက်မှ ထက်ဝန်းကျင် အထက်အဖို့ဖြင့် ကမ်းပါးပြတ်နှင့်တူ၏။ ကြောက်ဖွယ်ကို ဖြစ်စေတတ်သော အသံသည်ဖြစ်၏။ ထိုအသံသည် နားအုံတို့ကို ဖွင့်သကဲ့သို့ နှလုံးကိုခွဲသကဲ့သို့ ဖြစ်၏ယ ထိုဗလဝါမုခ သမုဒ္ဒရာကိုမြင်၍ ကြောက်လန့်သည်ဖြစ်၍ ကုန်သည်တို့သည် မေးလိုရကား-

၁၁၈။ မဟဗ္ဘယော ဘိံသနကော၊ သဒ္ဒေါ သုယျတိမာနုသော။
ယထာ သောဗ္ဘော ပပါတောဝ၊ သမုဒ္ဒေါ ပဋိဒိဿတိ။
သုပ္ပါရကံ တံ ပုစ္ဆာမ၊ သမုဒ္ဒေါ ကတမော အယံ။

ဟူသောဤဂါထာကိုဆို၏။

၁၁၈။ ပဏ္ဍိတ၊ ပညာရှင်။ မဟဗ္ဘယော၊ များသောဘေး ရှိ၏။ ဘိံသနကော၊ ကြောက်မက်ဖွယ်ရှိသော။ အမာနုသော၊ ဘီလူးသံနှင့်တူသော။ ဝါ-၊ ပြင်းထန် ကြီးကျယ်လှစွာသော။ သဒ္ဒေါ၊ အသံကို။ သုယျတိ၊ ကြား၏။ သုပ္ပါရကံ၊ သုပ္ပါရက အမည်ရှိသော။ တံ၊ အရှင့်ကို။ ပုစ္ဆာမ၊ မေပါကုန်၏။ ယထာ၊ ဥပမာမည်သည်ကား။ သောဗ္ဘော ဣဝ၊ ဇလုပ်ကြီး ထုံးအိုင်ကြီးကဲ့သိုလည်းကောင်း။ ပပါတော ဣဝ၊ ကမ်းပါးပြတ်ကဲ့သို့လည်းကောင်း။ ယော သမုဒ္ဒေါ၊ အကြင်သမုဒ္ဒရာသည်။ ပဋိဒိဿတိ၊ ထင်၏။ အယံ သမုဒ္ဒေါ၊ ဤသမုဒ္ဒရာသည်။ ကတမော၊ အဘယ်သမုဒ္ဒရာနည်း။

ဗလဝမုခသမုဒ္ဒရာ

ဗလဝမုခသမုဒ္ဒရာသည် ထေရာဋ္ဌကထာ၌ လာသော အပြောကျယ်သော ဝဲလည်သကဲ့သို့ လည်၍ကျသော ဗလဝမုခ သမုဒ္ဒရာလည်းရှိ၏။ ဤသုပ္ပါရဇာတ်၌လာသော ကျယ်စွာသော ဇလုတ်တွင်း၌ကျသကဲ့သို့ကျသော ဗလဝမုခ သမုဒ္ဒရာလည်းရှိ၏။ ထိုနှစ်ပါးတို့တွင် အပြော ကျယ်သော ဝဲလည်သကဲ့သို့လည်၍ကျသော ဗလဝမုခ သမုဒ္ဒရာသည်ကား အဝီစိငရဲသူတို့၏ ကံကြောင့် ငရဲတံခါးမသည် ပိတ်တုံပွင့်တုံဖြစ်၍ ပွင့်သောအခါ၌ အဝီစိငရဲမီးလျှံသည် ထွက်ပြေး၍ ကျယ်သော တစ်ယူဇနာ အလျားအနံရှိသော သမုဒ္ဒရာအောက်အပြင်ကို လောင်၍ သမုဒ္ဒရာရေသည် ခုံလောက်၌ အိုးဆူသကဲ့သို့ ဆူသဖြင့် ဝဲလည်သကဲ့သို့လည်၍ ကြောက်မက်ဖွယ်သော အသံကိုဖြစ်စေလျက် ကျ၏။ ကျယ်စွာသော ဇလုပ်တွင်း၌ ကျသကဲ့သို့ကျသော ဗလဝါမုခ သမုဒ္ဒရာကား ရေကိုငင်၍ ထက်ဝန်းကျင် အထက်အဖို့ဖြင့်တက်၍ ချောက်ကမ်းပါးပြတ်၌ ကျသကဲ့သို့ကျ၍ ကျယ်စွာသော ဇလုပ်တွင်း၌ ကျဘိသကဲ့သို့ ထင်၏။ တံပိုး၏အဟုန်ဖြင့် ရေသည် ထန်စွာပြေး၍ စကြဝဠာတံတိုင်းကို ခတ်မိသဖြင့် တစ်ယူဇနာ နှစ်ယူဇနာတိုင်အောင် ဆန်တက်ပြီးလျှင် တစ်ဖန်ပြန်၍ မဟာသမုဒ္ဒရာ၌ ကျ၏။ ထိုကျရာ၌ ကြီးစွာသော နရက်ချောက်ကဲ့သို့ဖြစ်၍ နားအုံပွင့်အံ့သကဲ့သို့လည်းကောင်း၊ နှလုံးကွဲအံ့ဘိသကဲ့သို့ လည်းကောင်း၊ ကြောက်မက်ဖွယ်သော အသံကို ဖြစ်စေ၏။ ထိုနှစ်ပါးသော သမုဒ္ဒရာတို့တွင် ဤသင်္ဘောသားတို့သည် နောက်၌ပြအပ်သော ဗလဝါမုခ သမုဒ္ဒရာသို့ ရောက်၍ ကြောက်မက်ဖွယ်သော အသံကိုကြားလျှင် ဘုရားလောင်းအား မေးကုန်၍ ပြောကြားလိုသော ဘုရားလောင်းသည်-

၁၁၉။ ကုရုကုစ္ဆာ ပယာတာနံ၊ ဝါဏိဇာနံ ဓနေသိနံ။
နာဝါယ ဝိပ္ပနဋ္ဌာယ၊ ဗလဝမုခါတိ ဝုစ္စတိ။

ဟူသော ဤဂါထာကိုဆို၏။

၁၁၉။ တာတ၊ အမောင်တို့။ ကုရုကစ္ဆာ၊ ကုရုကစ္ဆသင်္ဘောဆိပ်မှ။ ပယာတာနံ၊ သွားကုန်သော။ ဓနေသိနံ၊ ဥစ္စာကို ရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ နာဝါယ၊ သင်္ဘောသည်။ ဝိပ္ပနဋ္ဌာယ၊ အရပ်တစ်ပါးသို့သွားသည်ရှိသော်။ အယံ၊ ဤသမုဒ္ဒရာကို။ ဗလဝါမုခါတိ၊ ဗလဝါမုခသမုဒ္ဒရာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဘုရားလောင်းသည် ဤဂါထာဖြင့် ထိုသမုဒ္ဒရာ၏ အမည်ကိုကြား၍ အမောင်တို့ ဤဗလဝါမုခ သမုဒ္ဒရာသို့ ရောက်ကုန်သော သူတို့သည် ပြန်ခြင်းငှာ မတတ်နိုင်ကုန်၊ ဤသို့ ဗလဝါမုခသမုဒ္ဒရာသည် ရောက်သောသင်္ဘောများကို နစ်စေ၍ ပျက်စီးခြင်းသို့ ရောက်စေ၏ ဟု ဆို၏။ ထိုသဘောကိုလည်း ခုနှစ်ရာသော သင်္ဘောသားတို့သည် တက်စီးကုန်၏။ ထိုအလုံးစုံသော သင်္ဘောသား ခုနစ်ရာတို့သည် သေဘေးမှကြောက်ကုန်၍ တစ်ပြိုင်နက်လျှင် အဝီစိငရဲ၌ခံရသော သူတို့ကဲ့သို့ အလွန်သနားဖွယ်ရှိသော ငိုကြွေးမြည်တမ်းသံကို လွှတ်ကုန်၏။ ဘုရားလောင်းသည်လည်း ငါ့ကိုထား၍ ငါမှတစ်ပါးသောသူသည် ထိုသင်္ဘောသားတို့၏ ချမ်းသာသောအဖြစ်ကို ပြုခြင်းငှာ စွမ်းဆောင်နိုင်သော သူမည်သည်မရှိ။ သစ္စာပြုသဖြင့် ထိုသင်္ဘောသားတို့၏ ချမ်းသာခြင်းကိုပြုအံ့ ဟု ကြံတော်မူ၍ ထိုသင်္ဘောသားတို့ကိုခေါ်၍ အမောင်တို့ လျင်မြန်စွာ နံ့သာရေဖြင့် ငါ့ကိုချိုးစေ၍ ပုဆိုးသစ်တို့ကို ဝတ်စေ၍ ရေဖြင့်ပြည့်သော ရွှေခွက်ကိုစီရင်၍ သင်္ဘောဦး၌ ထားကြကုန် ဟု ဆို၏။ ထိုသင်္ဘောသားတို့သည် လျင်မြန်စွာ ဘုရားအလောင်း မိန့်တော်မူတိုင်း ပြုကုန်၏။

သစ္စာဆို၍ ကယ်တင်ခြင်း

ဘုရားလောင်းသည်လည်း လက်နှစ်ဖက်တို့ဖြင့် ရေပြည့်သော ရွှေခွက်ကိုကိုင်၍ သင်္ဘောဦး၌ရပ်လျက် သစ္စာကိုပြုလိုရကား-

၁၂၀။ ယတော သရာမိ အတ္တာနံ၊ ယတော ပတ္တောသ္မိ ဝိညုတံ။
နာဘိဇာနာမိ သဉ္စိစ္စ၊ ဧကာပါဏမ္ပိ ဟိံသိတံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိံ နာဝါ နိဝတ္တတု။

ဟူသော ဤဂါထာကိုဆို၏။

၁၂၀။ ယတော၊ အကြင်အခါမှ။ ပဋ္ဌာယ၊ စ၍။ အတ္တာနံ၊ မိမိကိုယ်ကို။ သရာမိ၊ အောက်မေ့မိ၏။ ယတော၊ အကြင်အခါ၌။ ပဋ္ဌာယ၊ စ၍။ ဝိညုတံ၊ သိကြားလိမ္မာသော အဖြစ်သို့။ ပတ္တော၊ ရောက်သည်။ အသ္မိ၊ ဖြစ်၏။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍။ သဉ္စိစ္စ၊ သေစေလိုသော စေတနာ ရှိသည်ဖြစ်၍။ ဧကပါဏမှိ၊ တစ်ယောက်သော သတ္တဝါကိုမျှလည်း။ ဟိံသိတံ၊ ညှဉ်းဆဲဖူးသည်ကို။ နာဘိဇာနာမိ၊ မသိစဘူး။ ဧတေန သစ္စဝဇ္ဇေန၊ ဤသို့မှန်သော သစ္စာစကားကြောင့်။ နဝါ၊ သင်္ဘောသည်။ သောတ္ထိံ၊ ချမ်းသာစွာ။ နိဝတ္တတု၊ ပြန်စေသတည်း။

ဘုရားလောင်းသည် မြက်ဝါးခြမ်းစိပ်ကို အစပြု၍ သူတစ်ပါးဥစ္စာကို မယူစဘူး၊ လောဘ၏ အစွမ်းဖြင့် သူမယားကို မကြည့်စဘူး၊ မမှန်သော စကားကို မဆိုစဘူး၊ မြက်ဖျားဖြင့်လည်း သေရည်သေရက် မသောက်စဘူး၊ ဤသို့ ငါးပါးသော သီလ၏အစွမ်းဖြင့် သစ္စာပြု၏။ သစ္စာကို ပြုပြီး၍ ရေပြည့်သော ရွှေခွက်မှရေကို သင်္ဘောဦး၌ သွန်းလောင်း၏။ လေးလတို့ပတ်လုံး အရပ်တစ်ပါးသို့ ပြေးသွားသော သင်္ဘောသည် ပြန်၍ တန်ခိုးကြီးသောသူသည် သွားသကဲ့သို့ သစ္စာ၏ အာနုဘော်ဖြင့် တစ်နေ့ချင်းလျှင် ကုရုကစ္ဆ သင်္ဘောဆိပ်သို့ ရောက်လေ၏။ ရောက်ပြီး၍ ကြည်း၌လည်း ရှစ်ဥဿဘ အတိုင်းအရှည်ရှိသော အရပ်သို့ ပြေး၍ သင်္ဘောသူကြီးအိမ်၌သာလျှင် တည်၏။ ဘုရားလောင်းသည် ထိုကုန်သည်တို့အား ရွှေ ငွေ ပတ္တမြား သန္တာ ပုလဲ့ ဝဇီရစိန်တို့ကို ခွဲဝေ၍ ပေး၏။ ဤမျှသော ရတနာတို့ဖြင့် သင်တို့အား တန်ပြီ၊ တစ်ဖန် သမုဒ္ဒရာသို့ မဝင်ကြကုန်လင့် ဟု ထိုသင်္ဘောသားတို့အား အဆုံးအမကိုပေး၍ အသက်ထက်ဆုံး အလှူပေးခြင်း အစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ရှေး၌လည်း ငါဘုရားသည် မြတ်သော ပညာရှိတော်မူသည်သာတည်းဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ သုပ္ပါရကသုခမိန်၏ ပရိသတ်တို့သည် ငါဘုရားပရိသတ် ဖြစ်လာ၏။ သုပ္ပါရက သုခမိန်သည်ကား ငါဘုရားဖြစ်တော်မူ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရှိအား၊ ဆည်းကပ်ငြား၊ ကြီးပွားတိုးတက်လာ

ကိုးခုမြောက်သော သုပ္ပါရကဇာတ်သည် ပြီး၏။

*****